ပြိုင်ဆိုင်သူပေါ်လာခြင်း
Vol. 6 Ch. 57
ဤယနေ့တွင်ကား စုချန်းတယောက် ခါတိုင်းကဲ့သို့ လေ့ကျင့်ခန်းပြုလုပ်ရာမှ ပြန်လာ၏။ ကျောပေါ်တွင်လည်း သွားခေါဝက်ဝံဘီလူးတကောင်ကို ထမ်းထားလိုက်သေး၏။ သူ့ကိုယ်ခန္ဓာတခုလုံးတွင် ဝက်ဝံသွေးများ စွန်းပေလျက်ရှိပြီး သူ့လက်ထဲတွင်ကား သွေးများပေကျံနေသော ကောင်းကင်ဝံပုလွေဓားကို ကိုင်စွဲထားလေသည်။ ကောင်းကင်ဝံပုလွေဓားသည် အနက်ရောင်မျဉ်းကြောင်းဓားကဲ့သို့ ပြင်ပခွန်အားများ ကုန်ဆုံးခြင်း မရှိသောကြောင့် နောက်ပိုင်းတွင် စုချန်း မကြခဏ အသုံးပြုလေရှိသော ဓားဖြစ်သည်။
စုချန်း ပြန်အလာကိုတွေ့သည်နှင့် လီရှုက ဝမ်းမြောက်ဝမ်းသာပင် ဆီးကြိုနှုတ်ဆက်လိုက်သည်။
"ဟာ ဆရာလေးတောင် ပြန်လာပြီပဲ"
"ဟုတ်တယ်ဗျို့"
စုချန်းက ခေါင်းညိတ်ရင်း သူ့ကျောပေါ်ရှိ ဝက်ဝံဘီလူးကြီးကို ဆွဲယူကာ မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာပြီး မြေကြီးတခုလုံး တုန်ခါသွားတော့သည်။
"ဒီမှာတော့ အစစ အရာရာ အဆင်ပြေပါတယ် ဆရာလေး တခုကလွဲပြီးတော့ပေါ့..."
ဤနေရာအရောက်တွင် လီရှု၏စကားက ခေတ္တရပ်တန့်သွား၏။
စုချန်းက မေးလိုက်သည်။
"ဘယ်တခုလဲဗျ"
လီရှုက ဖြေလိုက်သည်။
"ဝံပုလွေဓားတုန်းကလိုပဲ ဒီနေလည်း ဝိုင်ဖိုးနဲ့အသားဖိုး ပေးမသွားတဲ့လူ ရှိနေတယ် ဆရာလေး"
စုချန်း၏ မျက်ခုံးအစုံက အပေါ်သို့ မြင့်တက်သွား၏။
"နောက်ထပ် ဝံပုလွေဓားတယောက် ထပ်ပေါ်လာပြန်ပြီပေါ့ ဟုတ်လား"
လီရှုက အလျင်အမြန်ပင် ဖြေရှင်းလိုက်သည်။
"ဟာ မဟုတ်ဘူးဆရာလေး မဟုတ်ဘူး ဒီတယောက်ကတော့ တကယ်ကို ပိုက်ဆံမရှိတာ"
ပြောပြောဆိုဆို သူက တနေရာကို လက်ညိုးထိုးပြလိုက်၏။ စုချန်းက လီရှု ညွှန်ပြသော နေရာကို လှမ်းကြည့်လိုက်ရာ လူတယောက်သည် ခေါင်းကို လက်ဖြင့်အုပ်ကာ ထောင့်တခုအတွင်းသို့ တကိုယ်လုံး ဝင်တိုးတော့မတတ် ကျုံ့ကျုံ့လေး ထိုင်နေ၏။ စုချန်းက အပြေးတပိုင်း လှမ်းသွားရင်း ထိုလူ၏ တင်ပါးကို ခြေထောက်ဖြင့်ကန်ကာ အမိန့်ပေးလိုက်သည်။
"ဟေ့ အကောင် ထစမ်း ဘာအခုမှ ကြောက်ချင်ယောင်ဆောင်နေတာလဲ"
ထိုလူက စုချန်း၏ အမိန့်ကို နာခံရင်း ဖြေးညှင်းစွာ ထရပ်လိုက်သည်။ ထိုလူ ထရပ်လိုက်သည်ကိုကြည့်ရင်း စုချန်း ရုတ်တရက် လန့်ဖြတ်သွား၏။ မြတ်စွာဘုရား။ ရှည်လိုက်သည့်အရပ်ပေတကား။ ဝံပုလွေဓားသည်လည်း အတော်လေးအရပ်ရှည်သော လူစားမျိုးဖြစ်သည်။ သို့သော် စုချန်းရှေ့တွင် မတ်တပ်ရပ်နေသော လူထွားကြီးနှင့် နှိုင်းယှဉ်လိုက်လျင် ဝံပုလွေဓားသည် ထိုလူ၏ ပုခုံးမျှသာ ရှိပေလိမ့်မည်။ စုချန်းအတွက်မူကား ပြောနေရန်ပင်မလို။ ရင်ညွှန်ာခန့်သာလျင် ရှိလေတော့သည်။
ထိုလူကိုကြည့်ရသည်မှာ စုချန်းရှေ့တွင် ကျောက်ဆောင်ငယ်တခု လာရောက်စိုက်ထူထားသည်နှင့်သာ တူနေတော့သည်။ ထိုလူကိုကြည့်ရင်း စုချန်း အလိုလို စိတ်ဖိစီးလာ၏။
သို့ရာတွင် ဤမျှကြီးထွားသန်မာသော လူကြီးသည် စုချန်းရှေ့တွင် အလွန် ရိုသေလေးစားသော အမူအရာနှင့် မတ်တပ်ရပ်လျက်ရှိသည်။ သူ့လည်ပင်းများမှာကား အတွင်းသို့ ကျုံ့ဝင်လျက် ရှိ၏။ သူ့ခန္ဓာကိုယ်မှာကား အလွန်မာသော ကျောက်ဆောင်ကျောက်သားနှင့်သာ တူလှသည်။ လီရှုသည် ထိုလူအား အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဟန်ဖြင့် ရိုက်ပုတ်မောင်းပုတ် လုပ်လျက်ရှိသည်။ လူထွားကြီးမှာကား လီရှု၏ ထုရိုက်ခြင်းကို အနည်းငယ်မျှ တုံ့ပြန်မှု မပြု။ ပို၍ ထူးခြားသည်မှာ ထိုလူထွားကြီး၏ မျက်နှာဝယ် ကြောက်လန့်ခြင်း၊ နာကျင်ခြင်း၊ အသနားခံခြင်း စသည့်အမူအရာများသည် စုတ်တံနှင့် ရေးဆွဲထားသကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နေရခြင်း ဖြစ်သည်။
အနီလူထွားကြီး၏ ကြမ်းတမ်းလှသော အသားအရေ၊ ကြံခိုင်လှသောရင်အုပ်၊ အပြစ်ကင်းလှသောမျက်နှာကိုကြည့်ရင်း စုချန်းတယောက် နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့လေပြီ။
ဤလူထွားကြီးသည်ကား ရိုးရိုးလူမဟုတ်။ တောင်ရိုးကမ်းပါးမျိုးစိတ်များထဲမှ တဦးပေတည်း။
___________________×××_______________×××______
တောင်ရိုးကမ်းပါးမျိုးစိတ်များ။
တောင်ရိုးကမ်းပါးမျိုးစိတ်များဟူသည် လူသားမျိုးစိတ်များကဲ့သို့ အသိညဏ်ရှိ မျိုးစိတ်များ ဖြစ်သည်။ အနှီ တောင်ရိုးကမ်းပါးမျိုးစိတ်များတွင် အလွန် ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းသော အတိတ်သမိုင်းကြောင်းကို ပိုင်ဆိုင်ထား၏။ ၎င်းတို့သည် စတင်ဖြစ်တည်လာစတွင် အလွန် ဖွံ့ဖြိုးတိုးတက်ခဲ့ဖူးကြောင်း အငြင်းပွားစရာမရှိ။
သို့ရာတွင် ၎င်းတို့၏ အားနည်းချက်မှာ ရုပ်ပိုင်းဆိုင်ရာ အလွန်ကြံ့ခိုင်သန်စွန်းသလောက် မူလစွမ်းအင်များကို အာရုံခံရာတွင်ကား အထူးတလည် အားနည်းလွန်းခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်ရိုးကမ်းပါးမျိုးစိတ်များသည် မူလစွမ်းအင်ကို စုပ်ယူစုဆောင်းရာတွင်လည်းကောင်း၊ ပြန်လည်အသုံးပြုရာတွင် အလွန် ခက်ခဲနေလေ့ရှိ၏။ သို့သော် ထိုမျှလောက်သော အခက်အခဲနှင့် တောင်ရိုးကမ်းပါးမျိုးစိတ်များသည် မူလစွမ်းအင်ကို သုံးစွဲရန် နည်းလမ်းမရှိဟုဆိုပါက မှားပေလိမ့်မည်။
မည်သို့ဆိုစေ တောင်ရိုးကမ်းပါး လူ့ဘီလူးကြီးများအနေနှင့် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူရာတွင် အခြား အသိညဏ်ရှိ မျိုးစိတ်များထက် ပို၍ ကြာမြင့်သည်မှာကား အမှန်ပင်။ ယေဘုယျအားဖြင့် လူသားမျိုးစိတ်များအတွက် ချီစုဆောင်းခြင်းနယ်ပယ်သို့ရောက်ရှိရန် ငါးနှစ်ခန့်သာ ကြာမြင့်သော်လည်း တောင်ရိုးကမ်းပါးမျိုးစိတ်များအတွက်မူကား ဆယ့်ငါးနှစ်မျှအထိ အချိန်ယူရလေသည်။ တဖန် လူသားများအနေနှင့် ချီစုဆောင်းခြင်းနယ်ပယ်မှ သွေးဆူပွက်ခြင်းနယ်ပယ်သို့ရောက်ရှိရန် ဆယ်နှစ်မျှ ယူရသောအချိန်တွင် တောင်ရိုးကမ်းပါးမျိုးစိတ်များအတွက် အနှစ်သုံးဆယ်အထိ အချိန်ယူရရှာသည်။
လူသားမျိုးစိတ်များအတွက် ချီစွမ်းအားနယ်ပယ် ၇နယ်ပယ်အထိ ရှိပြီး ထူးချွန်ထက်မြက်သော လူသားတယောက်သည် အမြင့်ဆုံး သတ္တမနယ်ပယ်အထိ ရောက်ရှိနိုင်သော်လည်း တောင်ရိုးကမ်းပါးမျိုးစိတ်များသည်ကား စတုတ္တနယ်ပယ်ဖြစ်သော အလင်းတုန်ခါခြင်းနယ်ပယ်ကိုပင် တခါမျှ မမြင်ဖူးကြရှာ။ သူတို့အတွက် အမြင်ဆုံးရောက်ရှိနိုင်သော နယ်ပယ်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အထိသာ ဖြစ်လေ၏။
တောင်ရိုးကမ်းပါးမျိုးစိတ်များသည် အသိညဏ်ရှိသော်လည်း ညဏ်ရည်ညဏ်သွေးက ညံ့ဖျင်းလှပေရာ လူသားများကဲ့သို့ အလွယ်တကူ သင်ယူနိုင်စွမ်း မရှိကြရှာ။ ညဏ်ရည်ညဏ်သွေး ညံ့ဖျင်းသည့်နည်းတူ မူလစွမ်းအင်ကိုလည်း အသုံးချနိုင်စွမ်းမရှိလေရာ ထိုမျိုးစိတ်များထဲမှ ထူးချွန်ထက်မြက်သူဟူ၍ တခါမျှပင် မပေါ်ပေါက်လာဖူး။ ထို့ကြောင် အနှီလူ့ဘီလူးကြီးများအတွက် သန်မာကြီးထွားလွန်းသည် ၎င်းတို့၏ ကိုယ်ကာယမှလွဲ၍ မည်သည့်အကာအကွယ်မျှ မရှိရှာ။
ဤတချက်သည်ပင် တောင်ရိုးကမ်းပါးမျိုးစိတ်များကို ပျက်စီးခြင်းငါးပါးဆိုက်စေသော အကြောင်းတရား ဖြစ်လေတော့သတည်း။ ထိုအချက်ကြောင့်ပင် တောင်ရိုးကမ်းပါးမျိုးစိတ်များသည် ၎င်းတို့တည်ရှိမှုမှ သွေဖယ်၍ ထူထူးခြားခြား အောင်မြင်မှုဟူ၍ တကြိမ်တခါမျှပင် မရစဖူး။
မူလကမ္ဘာကြီး၏ ကြီးမားသော မျိုးစိတ်ငါးစိတ်ဖြစ်ကြသော လူသားမျိုးစိတ်၊ လူပျံတော်မျိုးစိတ်၊ ပင်လယ်လူသားမျိုးစိတ်၊ ဝိညာဏ်မျိုးစိတ်နှင့် သတ်ဖြတ်သူမျိုးစိတ်များ အားလုံးလိုလို၌ ကိုယ်ပိုင်သမိုင်းကြောင်းနှင့် ကိုယ်ပိုင်အောင်မြင်မှုအသီးသီး ပိုင်ဆိုင်ခဲ့ဖူးကြ၏။ ထိုသမိုင်းကြောင်းအတွက်လည်း သူတို့အားလုံး ဂုဏ်ယူခဲ့ဖူးကြ၏။ ယခုအချိန်တွင် ထိုမျိုးစိတ်များ အားလုံးလိုလို၌ ကိုယ်ပိုင် ပိုင်နယ်နယ်မြေအသီးသီးကို ပိုင်ဆိုင်နိုင်ခဲ့ကြလေပြီ။ ယုတ်စွအဆုံး အစိမ်းရောင်မျိုးစိတ်များနှင့် လျှို့ဝှက်ဆန်းကြယ်မျိုးစိတ်များကဲ့သို့သော ပျောက်ကွယ်လုလု မျိုးစိတ်များသည်ပင် တချိန်က အလွန်အင်အားကောင်းခဲ့ဖူးပြီး အောင်မြင်မှုအမျိုးမျိုးကို ပိုင်ဆိုင်ခဲ့ဖူးကြ၏။
သို့သော် တောင်ရိုးကမ်းပါးမျိုးစိတ်များ၏ဘဝသည်ကား ကွဲပြားခြားနားလှသည်။ သူတို့၏ သမိုင်းကြောင်းတလျှောက်တွင် မည်သည့်အောင်မြင်မှုမျိုးကိုမှ မရရှိဘူးသလို မည်သည့် ပိုင်နက်နယ်မြေမျိုးမျှကိုလည်း မပိုင်ဆိုင်ဖူး။ သူတို့၏ စုတ်ချာလှသော သမိုင်းကြောင်းတလျှောက်ဝယ် အရေးတယူ ထုတ်ပြောစရာဟူ၍ ဘိုးစဉ်ဘောင်စဉ် အခြားမျိုးစိတ်အသီးသီး၏ ကျွန်ပြုခံရသည့်အကြောင်းမျှသာ ရှိကြကုန်၏။
တောင်ရိုးကမ်းပါးမျိုးစိတ်များသည် တချိန်က သားရဲသတ္တဝါဆိုးများ၏ ကျေးကျွန်များ ဖြစ်ခဲ့ဖူး၏။ တဖန် ၎င်းတို့ကို အာကင်နစ်လူမျိုးများက ထပ်မံကျွန်ပြုကြပြန်သည်။ နောက်ဆုံးတွင်ကား ၎င်းတို့သည် လူသားများ၏ ကျွန်အဖြစ် ကျရောက်ခဲ့တော့သည်။ မှန်ပေ၏။ လက်ရှိခေတ်ကာလတွင်ကား တောင်ရိုးကမ်းပါးလူ့ဘီလူးကြီးများသည် လူသားများ၏ ကျေးကျွန်များသာ ဖြစ်ကြကုန်၏။
လူ့ဘီလူးကြီးများတွင် ကာကွယ်စောင့်ရှောက်သူ မရှိသော်လည်း ၎င်းတို့၏ ကြီးမားသော ကိုယ်ကာယကြောင့် ခအလုပ်ကြမ်းများ ခိုင်းစေရာတွင်ကား အလွန် အသုံးဝင်လှ၏။ ယေဘုယျအားဖြင့် တောင်ရိုးကမ်းပါးမျိုးစိတ်ဝင် တယောက်သည် များပြားလှသော လူအုပ်ကြီးကို သူတယောက်တည်းနှင့် လှဲသိပ်နိုင်စွမ်း ရှိပေသည်။
အမှန်တော့ တောင်ရိုးကမ်းပါး မျိုးစိတ်များကဲ့သို့ပင် အခြား ညဏ်ရည်နိမ့်မျိုးစိတ်များလည်း ရှိနေသေး၏။ ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော မျိုးစိတ်ကြီးငါးစိတ်တို့ထဲမှ တခုခုနှင့် ဆက်စပ်လက်တွဲကာ ရှင်သန်နေထိုင်ရန် ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ကြမ်းတမ်းလှသော လောကကြီးဝယ် အသက်ရှင်နေထိုင်ရန်မှာ ခက်ခဲလှသည်ဖြစ်ရာ အဆိုပါ အခြား ညဏ်ရည်နိမ့်မျိုးစိတ်များသည် ယခုအခါ မတွေ့ရတော့သလောက် ရှားပါးသွားခဲ့လေပြီ။
ကေလဟာလများအရ လောင်စန်းနိုင်ငံတော်ကြီးဝယ် တောင်ရိုးကမ်းပါးမျိုးစိတ်များနှင့် လမင်းစန္ဒာမျိုးစိတ်များကဲ့သို့သော ရှားပါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မသွားစေရန် စနစ်တကျ ကြည့်ရှုစောင့်ရှောက်ရန်နှင့် လိုအပ်သော အကာအကွယ်များ ပေးနိုင်စေရန် တောင်းဆိုနေကြသည်ဟူ၏။ တပ်မတော်သည်လည်း ၎င်းတို့၏ ခြေလျင်တပ်များကို အသွင်ပြောင်းရန် ကြိုးစားရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရလေရာ ရဲဘော်သစ်များနှင့် အခြားအဆင့်များနေရာတွင် လူ့ဘီလူးကြီးများကို ဝင်ရောက်အမှုထမ်းစေ လိုလားလျက်ရှိသည်။ ထိုမျှသာမကသေး အသေခံတပ်ဖွဲ့တွင်လည်း လမင်းစန္ဒာမျိုးစိတ်များ၏ အထောက်အပံ့ကို အကြီးအကျယ် လိုအပ်လျက်ရှိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကစ၍ လူသားများအတွက် အရာရာတိုင်းသည် ပို၍လွယ်ကူလာပြီး အပေါင်းလက္ခဏာဆောင်လာ၏။ ရာသီဥတုကောင်းမွန်လာခြင်းကြောင့် သီးနှံများ အထွက်တိုးလာ၏။ သားရဲသတ္တဝါဆိုးကြီးများ၏ အရေအတွက် ပို၍ လျော့နည်းလာခြင်းကြောင့် လူသားတို့၏ဘဝသည် ပို၍ ပျော်ရွှင်ဖွယ်ရာ ကောင်းလာ၏။ ယခင်ကကဲ့သို့ သေခြင်းတရားကို မျက်နှာချင်းဆိုင်ရန် လူသားများစွာ မလိုအပ်တော့။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် စုချန်းသည် တောင်ရိုးကမ်းပါး လူ့ဘီလူးကြီးတဦးနှင့် လာရောက်ဆုံတွေ့နေရခြင်းဖြစ်သည်။ ဤမျိုးစိတ်ဝင်တဦးနှင့် ယခုကဲ့သို့ မထင်မှတ်ပဲ ဆုံတွေ့ရလိမ့်မည်ဟု စုချန်းအနေနှင့် တခါမျှ မမျှော်လင့်ဖူး။
ထိုလူ၏ ပုံစံကို ကြည့်ရသည်မှာ ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားသည်နှင့် တူလှသည်။ ၎င်းသည် ထိုနေရာတွင်ပင် ငူငူကြီး မတ်တပ်ရပ်နေရင်း စုချန်းကို စိုက်ကြည့်နေရှာ၏။ ထို့နောက် သူက ရှိုးတိုးရှန့်တန့်နိုင်သော ဟန်ပန်နှင့် စုချန်းကို တောင်းပန်လိုက်သည်။
"တောင်း....တောင်းပန်ပါတယ်ဗျာ....ကျ...ကျွန်တော့မှာ ပိုက်ဆံ တကယ်မရှိလို့ပါ"
စုချန်းက မေးလိုက်သည်။
"မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင် ဘာကြောင့် ဝင်စားတာတုန်းကွ"
ထိုလူက တိုးညှင်းသောအသံနှင့် ပြောလိုက်သည်။
"ကျွန်တော် ဗိုက်အရမ်းဆာနေလို့ပါ ခင်ဗျာ"
ထိုအခါ စုချန်းက သူ့ရှေ့တွင် ရပ်နေသော လူထွားကြီးကို စေ့စေ့စပ်စပ်နှင့် အကဲခတ်ကြည့်လိုက်၏။ လူထွားကြီးသည် သာမာန်လူနှင့် တူလှသော်လည်း သူ့နဖူးမှာ အလွန်ကျယ်ပြန့်လှပြီး မျက်ခုံးမွှေးသာမက မျက်နှာတခုလုံး မည်သည့် အမွှေးအမြှင်မှ ပေါက်ရောက်ဟန်မရှိပဲ ပြောင်ရှင်းလျက်ရှိသည်။ သူ၏ အသားအရောင်မှာကား ထူးထူးဆန်းဆန်းပင် အပြာနှင့်အဖြူ ရောစပ်ထားသည့် အသားအရောင်မျိုး ဖြစ်သည်။ ခြုံငုံ၍ ပြောရလျင် ဤလူထွားကြီးကို ကြည့်ခြင်းအားဖြင့် တောင်ရိုးကမ်းပါးမျိုးစိတ်တယောက်သည် မည်သို့သော ပုံပန်းသွင်ပြင်မျိုးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်သာနိုင်သလို ၎င်းတို့သည် လူသားများနှင့် မည်သည့်နေရာများတွင် ကွဲပြားလျက်ရှိကြောင်း သိသာစေနိုင်၏။
ထို့နောက် စုချန်းက မေးလိုက်သည်။
"ဗိုက်ဆာတယ်ဆိုတိုင်း သူများဆိုင်မှာ ဒီအတိုင်း ဝင်စာရသလား မင်းဘာကြောင့် အလုပ်မရှာတာလဲ"
စုချန်း၏စကားကိုကြားလိုက်သည်နှင့်တပြိုင်နက် တောင်ရိုးကမ်းပါး လူ့ဘီလူးကြီး၏မျက်နှာတွင် စိတ်ညစ်ညူးခြင်း၊ ဒေါသထွက်ခြင်း စသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"ကျုပ်ရှာတယ် ဒါပေမဲ့ သူတို့က ကျုပ်ကို အလုပ်မပေးကြဘူးဗျ"
စုချန်း အတော်လေး အံ့သြသွား၏။ သူက မေးလိုက်သည်။
"ဘယ်လိုကွ မင်းကို အလုပ်မပေးကြဘူး ဟုတ်လား"
စုချန်း အံ့သြသည်မှာလည်း အပြစ်ဆိုစရာတော့မရှိ။ အကြောင်းမှာ တောင်ရိုးကမ်းပါးမျိုးစိတ်ဝင် လူ့ဘီလူးကြီးများသည် အပြင်အား အလွန်ကောင်းမွန်ကြရာ ခက်ခဲကြမ်းတမ်းသော အလုပ်များနှင့် အထူးပင် သင့်လျော်၏။ သူတို့အားလုံးသည် အစေခံကောင်းများ ဖြစ်ကြသည်။ သူတို့သည် တခါတရံတွင် မိုက်မဲသော အပြုအမူများကို ပြုလုပ်လေ့ရှိသော်လည်း ၎င်းကိုသည်းညည်းခံပြီး သင်ပြပေးပါက ကျုံးနွံစွာ နာခံလေ့ရှိကြ၏။ သူတို့ကို အစေခံအဖြစ်ထားရန် အထူးတလည် စဉ်းစားစရာဟူ၍ အစားကြီးလွန်းသော ပြသနာသာ ရှိသည်။ သို့သော် အမှန်တကယ် တွေးကြည့်လျင် ၎င်းမှာလည်း ပြသနာတော့ မဟုတ်လှ။ သူတို့ကဲ့သို့ စားသောက်နိုင်သော ချီစွမ်းအားပညာရှင် သုံးယောက်ထက်စာလျင် သူတို့ကို အစေခံအဖြစ် ထားရှိခိုင်းစေခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ထို့ကြောင့် တောင်ရိုးကမ်းပါး လူ့ဘီလူးကြီးများသည် အလွန်တရာ ခိုင်းစေ၍ကောင်းသော အစေခံများအဖြစ် ယခုတိုင် ချီးကျူးခံနေရဆဲဖြစ်သည်။ လက်ရှိခေတ်ကာလမှာ ထိုကဲ့သို့ အစေခံကောင်းများ အလွန်ရှားပါးသည့် ကာလမျိုးပင် မဟုတ်ပါလား။
ထိုစဉ် ဘေးနားတွင် ရပ်နေသော လီရှုက ရှင်းပြလိုက်သည်။
"သူ့နာမည်က သံမဏိလို့ခေါ်တယ် ဆရာလေး ဒီကောင်ကြီးက အစောပိုင်းတုန်းကတော့ လက်မဲကြီးရဲ့ အစေခံပါ လွန်ခဲ့တဲ့သုံးရက်က ဒီကောင်ကြီးရဲ့ ပေါ့လျော့မှုကြောင့် ကုန်စည်တချို့ ပျောက်ဆုံးသွားတယ် သူ့သခင်လည်း အတော်လေးဒေါသထွက်သွားတယ်လို့ကြားတယ် သိပ်မကြာဘူး ဒီကောင်ကြီး မောင်းထုတ်ခံရတော့တာပဲ ဆိုးတာက သူ့သခင်လက်မဲကြီးဟာ ဒီကောင့်ကို မောင်းထုတ်တဲ့အပြင် ဘယ်သူမှ သူ့ကို အလုပ်ပေးခွင့်မပြုဘူး ပျော်ရွှင်ခြင်းချောက်နက်ကလည်း ထွက်ခွာခွင့်မပြုဘူးလို့ ရာဇသံပေးလိုက်သေးတယ် ခင်ဗျ"
စုချန်း အံ့သြသွား၏။ သူက မေးလိုက်သည်။
"ဒီတော့ လက်မဲကြီးရဲ့ ရည်ရွယ်ချက်က ဒီကောင်ကြီးကို အစာငတ်ပြီး သေစေချင်တာပေါ့ ဟုတ်လား"
လီရှုက ခေါင်းညိတ်လိုက်သည်။
"သိပ်မှန်တာပေါ့ဆရာလေး"
စုချန်းက မေးလိုက်သည်။
"နေစမ်းပါအုံးဗျ လက်မဲကြီးတယောက် ဒီလောက်တောင် ဒေါသထွက်ရအောင် ပျောက်ဆုံးသွားတာက ဘာပစ္စည်းတွေမို့လို့လဲ"
လီရှု၏မျက်နှာတွင် ထူးဆန်းသောအမူအရာတချို့ ပေါ်ပေါက်လာ၏။
"စားစရာတချို့၊ ဝိုင်နဲ့ ဟင်းသီးဟင်းရွက်တွေပါ ဆရာလေး"
စုချန်း မျက်မှောင်ကုတ်သွား၏။
"ဘာ စားစရာ၊ ဝိုင်နှင့် ဟင်းသီးဟင်းရွက်တွေ ဟုတ်လား"
လီရှုက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။
"မှန်ပါတယ်ဆရာလေး သူတို့တွေ နောက်ထပ် ဝိုင်အရက်ဆိုင်တဆိုင် ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်"
နောက်ဆုံးတော့ စုချန်းအတွက် ပြိုင်ဘက် ပေါ်ပေါက်လာခဲ့ပေပြီ။ ကြိုတင်မျှော်လင့်ပြီးသားဖြစ်၍ စုချန်း အနည်းငယ်မျှ မအံ့သြချေ။ သူ၏စီးပွားရေးသည် အလွန်ကောင်းမွန်နေသည်ဖြစ်ရာ ပုံတူကူးချမည့်သူ ပေါ်ပေါက်လာသည်မှာ အံ့သြစရာမရှိ။ ဤနေရာတွင် နတ်ဆိုးမျက်နှာတယောက်သာ ဆိုင်ဖွင့်လှစ်နိုင်သည်ဟူသော စည်းကမ်းမျိုး မရှိလေရာ အခြားသူများလည်း တူညီသောဆိုင်မျိုးကို ဖွင့်လှစ်နိုင်ခွင့်ရှိသည်သာ။ ထို့ကြောင့် နောင်အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပိုမိုခက်ခဲလာမည်ဟု စုချန်း ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။
လွန်ခဲ့သောတလအတွင်း ပျော်ရွှင်ခြင်းချောက်နက်အတွင်းသို့ လူများပိုမိုရောက်ရှိလာသည်ဟု ဆိုနိုင်သော်လည်း ထိုလူများအားလုံးမှာ ခြောက်ရာ ခုနှစ်ရာထက် မပိုချေ။ တဖန် ထိုလူများအားလုံး၏ သုံးပုံတပုံခန့်သည် ငွေကြေးတတ်နိုင်သူများမဟုတ်သလို ငွေဖြုန်းနိုင်စွမ်းလည်း မရှိလှ။ ထိုအထဲမှ လေးပုံတပုံမှာလည်း မိမိအတွက် လိုအပ်သော ပစ္စည်းများကို အရန်သင့် ယူဆောင်လာရာ စုချန်း၏ဆိုင်ကို မှီခိုခြင်းမရှိပြန်။ ထို့ကြောင့် တဝက်မပြည့်တပြည့်မျှသော လူများသာ ဤနေရာတွင် ငွေများသုံးစွဲကြကုန်၏။ ငွေသုံးကြသည်ဟုသာ ဆိုရသော်လည်း အများစုမှာကား စနစ်တကျ တိုင်းထွာသုံးစွဲကြသည် ဖြစ်ကြကုန်၏။ လူတိုင်းသည် ဝံပုလွေဓားကဲ့သို့ အလွန်အကြူး သောက်စားပျော်ပါးနေကြသည်မဟုတ်။
ဤမျှ နည်းပါးသော လူဦးရေကို သုံးသပ်ကြည့်လျင် စုချန်း၏ စီးပွားရေးသည် ထင်သလောက်မကောင်းဟု ယူဆဖွယ်ရာ ရှိသည်။ သို့သော် စုချန်း၏ အမြတ်အစွန်းများမှာကား ရုတ်တရက် လျော့ပါးသွားခြင်း မရှိသေး။ အကြောင်းမှာ သူ့အမြတ်အစွန်းများသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းရှိ ဈေးကွက်တခုလုံးကို လက်ဝါးကြီးအုပ်ထားခြင်းနှင့် ရုတ်တရက် ပေါ်ပေါက်လာသော အကျိုးအမြတ်များဟူသော ဒေါက်တိုင်ကြီးနှစ်တိုင်ပေါ်တွင် ရပ်တည်ထားခြင်းကြောင့် ဖြစ်သည်။
အမှန်တော့ စုချန်း၏ စီးပွားရေးသည် တလခန့် ဝုန်းခနဲ ထိုးတက်အောင်မြင်သွားပြီးသည့်နောက်တွင် မသိမသာ ကျဆင်းစပြုလာခဲ့ပြီဖြစ်သည်။ သူရောင်းချနေသော ပစ္စည်းအများစုသည် တခါဝယ်ထားလျင် လုံလောက်ပြီဖြစ်လေရာ နောက်ထပ် ဖောက်သည်အသစ်များ မရရှိတော့ခြင်းဟူသော အချက်ကြောင့် စုချန်း၏ စီးပွားရေးလုပ်ငန်းသည် စတင် ထိခိုက်စ ပြုလာခဲ့ခြင်းပင်။ ယခုတဖန် ပြိုင်ဖက်တယောက် ပေါ်ပေါက်လာ၍ ဤဒေသ၏ စီးပွားရေးလုပ်ငန်းများကို တယောက်တည်း လက်ဝါးကြီးအုပ်ထားခွင့် မရှိတော့ပြန်လေရာ သူ့အမြတ်အစွန်းများသည် အကြီးအကျယ် လျော့နည်းသွားပေတော့မည်။
"ဆရာလေး"
စုချန်းသည် တစုံတရာကို စိုးရိမ်ကြောင့်ကြဟန်ဖြင့် ဂနာမငြိမ်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၍ လီရှုက သတိပေးဟန်ဖြင့် ခေါ်လိုက်သည်။ အမှန်တော့ စုချန်းသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။ မူလကပင် သူသည် ချမ်းသာကြွယ်ဝလိုသူသည် မဟုတ်။ ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ဗျစ်ရည်ဆိုင်နှင့် အထွေထွေပစ္စည်းအရောင်းဆိုင် လာရောက်ဖွင့်လှစ်ထားခြင်း၏ ရည်ရွယ်ချက်ကိုက သူ့အနေနှင့် ကိုယ်ခန္ဓာစွမ်းအားစုဆောင်းရာတွင် အခြားသူများ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိစေရန် တဖက်လှည့်နှင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ကုန်စည်များ ပို့ဆောင်နေရခြင်းသည်ပင် သူ့အတွက် လေ့ကျင့်ရန် အခွင့်အရေး ဖြစ်သည်။
ဤနေရာတွင် နောက်ထပ် ငွေရှာခွင့်မရှိတော့လျင်လည်း ပြသနာတော့မရှိ။ သူ့အနေနှင့် ထိုကိစ္စကို အလွယ်တကူ စွန့်လွှတ်လိုက်ရုံသာ။ လေတိုက်၍ ကြွေကျလာသောအသီးဟူသည် အမြဲတစေ ရရှိနိုင်သောအရာမဟုတ်မှန်း သူ ကောင်းကောင်း သိရှိထားသည် မဟုတ်ပါလား။ သို့သော်ငြားလည်း လီရှု၏ မျှော်လင့်တကြီး စောင့်စားနေဟန်ရှိသော အမူအရာကိုကြည့်ရင်း သူက ခေတ္တမျှ စဉ်းစားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် ဤနေရာတွင် နောက်ထပ်တလခန့် နေထိုင်ရပေအုံးမည်။ ဤကိစ္စကို လက်မြောက်အရှုံးပေးရန် အချိန်စောနေသေး၏။ ထို့နောက် စုချန်းက ပြောလိုက်သည်။
"ကျုပ်အနေနဲ့ လက်မဲကြီးကို စကားပြောဖို့တော့ လိုလာပြီထင်တယ်"
အမှန်တော့ စီးပွားရေးဟူသည် တယောက်နှင့်တယောက် စကားပြောဆိုခြင်း၊ အပေးအယူ အညှိအနှိုင်းများ ပြုလုပ်ခြင်း စသည့်လုပ်ငန်းများအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ အလွန်များပြားသော စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားသည့် မျိုးနွယ်စုသခင်လေးတယောက်အနေနှင့် စုချန်းတယောက် ထိုသဘောတရားကို ကောင်းကောင်းကြီး နားလည်ထား၏။
လီရှုက မေးလိုက်သည်။
"ဆရာလေး ဘာတွေများ ပြောဖို့ စဉ်းစားထားသလဲ လက်မဲကြီးဆိုတဲ့လူက အလွယ်တကူ အပေးအယူ လုပ်လို့ရတဲ့ လူစားမျိုးတော့ မဟုတ်ဘူးဗျ တကယ်လို့ ဆရာလေးကစပြီး သူ့ဆီကိုသွားမယ်ဆိုရင် ဒီကောင့်စိတ်ထဲမှာ ဆရာလေးတော့ အသနားခံဖို့လာပြီလို့ ယူဆပြီး ကောင်းကောင်းကြီး ငွေညှစ်တော့မှာပဲ"
စုချန်းက မသိမသာ ပြုံးလိုက်သည်။ ထို့နောက် သူက ငြိမ်သက်စွာ မတ်တပ်ရပ်နေသော သံမဏိကို ကြည့်ရင်း ပြောလိုက်၏။
"ဒါဆိုလဲ သူ့ကိုကျုပ်ဆီလာအောင် လုပ်ရတော့မှာပေါ့ ဒီကောင်ကြီး ကျုပ်ဆီမှာ အကြွေးရှိတယ်မလား ဒီတော့ သူ့အကြွေးတွေကျေသွားတဲ့အထိ ဒီဆိုင်မှာ အလုပ်ကြမ်း လုပ်ခိုင်းပေတော့"
လီရှုက အလွန်တရာ ကျုံးနွံစွာ အမိန့်နာခံလိုက်၏။
"ကောင်းပါပြီ ဆရာလေးခင်ဗျာ"