စေ့စပ်ညှိနှိုင်းခြင်း
Vol. 6 Ch. 58
ညကော လျင်မြန်စွာပင် ဆိုက်ရောက်လာခဲ့ချေပြီ။ မီးအိမ်များ၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တခုလုံး ထူးခြားစွာ လှပနေ၏။
ကြယ်ခူးဆွတ်သူဗျစ်ရည်ဆိုင်၏ အပြင်ဘက်တွင် ကြီးမားသော အနီရောင်မီးအိမ်ကြီးများ လှပစွာ ချိတ်ဆွဲထား၏။ ထိုမီးအိမ်များမှ ဖြာကျနေသော အလင်းရောင်များသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် ပင်ပန်းကြီးစွာနှင့် လုပ်ကိုင်နေကြရသော သတ္တုတူးဖော်ရေးသမားများအား "လာကြလော့ အနားယူကြလော့ ဝိုင်သောက်ရင်း အပန်းဖြေကြလော့"ဟု ဖိတ်ခေါ်နေသကဲ့သို့ ထင်ရသည်။ သိပ်မကြာမီပင် ဖောက်သည်များ တယောက်ပြီးတယောက် ဝင်လာကြသည်ဖြစ်ရာ ဆိုင်အတွင်း၏ စားသောက်သံစကားပြောသံများနှင့် ဆူညံပွက်လောရိုက်စ ပြုလာတော့သည်။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် တောနက်အတွင်းဝယ် အမဲလိုက်ခြင်း၊ လေ့ကျင့်ခြင်းပြီးသည်နှင့် ဆိုင်၏ ထောင့်တထောင့်တွင် ငြိမ်သက်စွာ ထိုင်လျက်ရှိပေလိမ့်မည်။ သူသည် လဖက်ရည်ကို တစိမ့်စိမ့်နှင့် အရသာခံကာသောက်ရင်း သောက်စားပျော်ပါးနေကြသော ဧည့်သည်များကို ငေးမောကြည့်ရှုနေပေလိမ့်မည်။ လူအများ တွေးထင်ကြသည်မှာ စုချန်းသည် သီးခြားနေတတ်သူ၊ လျှို့ဝှက်ဆန်းကြယ်သူဖြစ်ပြီး ဆိုင်အတွင်းရှိ ထူးခြားသော အခြေအနေများကို အကဲခတ်နေသည်ဟူ၏။ အမှန်တော့ မဟုတ်ချေ။ သူသည် နေရာတွင် ငြိမ်သက်စွာထိုင်ရင်း ဝိညဏ်မျက်လုံးကို လေ့ကျင့်နေခြင်း ဖြစ်သည်။
သုံးလတာမျှ တစိုက်မတ်မတ် လေ့ကျင့်ပြီးနောက် စုချန်းသည် ဝိညဏ်မျက်လုံးကို အသုံးပြုရာတွင် ပို၍ ကျွမ်းကျင်လာခဲ့၏။ ထိုကာလအတွင်း စုချန်း သတိထားမိလာသည်မှာ သူ့မျက်လုံးများသည် ဝိညဏ်မျက်လုံး၏ စွမ်းအင်ကို ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိသော်လည်း ဝိညဏ်မျက်လုံးကြောင့ သူ့မျက်လုံးများ၏ ဆင့်ကဲပြောင်းလဲမှုသည်ကား ပို၍ မြန်ဆန်လာခဲ့ခြင်းပင်။တနေ့တွင် စုချန်းသည် မရည်ရွယ်ပဲ သူ့ဧည်သည်များထဲမှတယောက်ကို အမှတ်မထင် စမ်းသပ်မိရာမှာ ဝိညဏ်မျက်လုံးသည် သူ့ပကတိမျက်လုံးအစုံ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းထားကို ပို၍လျင်မြန်လာစေရန် အကူအညီပေးနိုင်ကြောင်း သတိထားမိလာခြင်း ဖြစ်သည်။
သူသည် လင်ချီးနှင့် အသက်လုပွဲဆင်နွှဲချိန်တွင် ပထမဆုံးအနေနှင့် အလင်းရောင်ကို ပြန်မြင်ခွင့်ရရှိခဲ့၏။ ကျောက်စိမ်းမျက်လုံးမျောက်ဝံနှင့် တိုက်ခိုက်ချိန်တွင် မူလစွမ်းအင်အလင်းမှုန်များကို ထပ်မံမြင်တွေ့ခွင့်ရခဲ့ပြန်သည်။ သူ့မျက်လုံးများ ထူးခြားသော ပြောင်းလဲမှုတစုံတရာ ဖြစ်ပေါ်လာတိုင်း အလွန်အားကောင်းသော လှုံ့ဆော်မှုတခုကြောင့်သာဖြစ်နေကြောင်း စုချန်း သတိထားမိလာ၏။
ဤသည်မှာ တိုက်ဆိုင်မှုကြောင့် ဟုတ်ပုံမရပဲ သူ့ဦးနှောက်အတွင်းတွင် တည်ရှိနေသည့် စိတ်ဝိညာဏ်နှင့် ဦးနှောက်၏ ပြတင်းပေါက်ဟု တင်စားခံရသော မျက်လုံး၏ အကြားဝယ် ဆက်စပ်မှုတစုံတရာ ရှိနေ၍သာ ဖြစ်လိမ့်မည်ဟု စုချန်းက ယူဆလိုက်၏။ စိတ်ဝိညာဏ်ကို နှိုးဆပေးခြင်းသည် မျက်လုံး၏ ဖွံဖြိုးတိုးတက်မှုကို တနည်းတဖုံ မြန်ဆန်စေပုံရ၏။
ဝိညာဏ်မျက်လုံးအသုံးပြုခြင်းသည် အထက်ပါ စဉ်းစားတွေးခေါ်ချက်ကို တနည်းတဖုံ အတည်ပြုပေးရာ ရောက်နေ၏။ စုချန်းသည် ဝိညာဏ်မျက်လုံးမူလစွမ်းအင်ကို ထပ်ခါထပ်ခါ လေ့ကျင့်နေလေရာ သူ့မျက်လုံးများ၏ တိုးတက်မှုမှာလည်း အထူးပင် မြန်ဆန်လာတော့သည်။ ဤအတောအတွင်းဝယ် သူ့အနေနှင့် စွမ်းရည်ပိုင်းဆိုင်ရာတွင် အထူးတလည် တိုးတက်မှုမရှိသော်လည်း သူ့ကိုယ်တွင်း၌ မူလစွမ်းအင်စီးကြောင်းတခု လှည့်ပတ်သွားလာနေကြာင်း သိသိသာသာပင် မြင်နိုင်စွမ်းရှိလာ၏။
၎င်းအမြင်အာရုံသည် တချိန်က ကုချိန်းလွှာ၏ အခန်းထဲတွင် သူမြင်တွေ့ခဲ့ရသည့် အမြင်အာရုံနှင့် ထပ်တူထပ်မျှ တူညီ၏။ လူတယောက်၏ ကိုယ်ခန္ဓာအတွင်းဝယ် လှည့်ပတ်နေသော ချီစွမ်းအင်လမ်းကြောင်းကို မြင်တွေ့နိုင်ခြင်း။ သို့သော် ယခုတကြိမ် မြင်တွေ့ရသည့်အမြင်အာရုံသည် ပို၍ကြည်လင်၏။ ပို၍ပြတ်သား၏။ ပို၍ထင်ရှား၏။ သူမြင်တွေ့နေရသော စွမ်းအင်လမ်းကြောင်းသည် ချီစွမ်းအားပညာရှင်များ၌သာ ကွက်၍ မြင်တွေ့နေရသည် ဖြစ်လေရာ ၎င်းမှာ ချီစွမ်းအင်လမ်းကြောင်းဖြစ်ကြောင်း အထူးတလည် ပြောပြနေရန် မလိုတော့။
သို့သော်ငြားလည်း အဆိုပါ စွမ်းရည်ကြောင့် သူ့အတွက် မည်သည့်အကျိုးကျေးဇူး ဖြစ်ပေါ်လာမည်မှန်း စုချန်း ဂဃနဏမသိ။ ထို့ပြင် သူ့အမြင်အာရုံသည် တဖက်လူ၏ အဝတ်အစားများကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိလေရာ ္ဆက်လက်တိုးတက်ရန် လိုအပ်နေသေးသည်ဟု စုချန်းက ယူဆနေလေသည်။ သို့သော် ထိုအကြောင်းအရာကို သူ အနည်းငယ်မျှ စိတ်မပူ။ အကြောင်းမှာ သူ့မျက်လုံးသည် ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်နေခဲ့လေရာ ထူးခြားသော စွမ်းရည်များ ဆက်လက်ပေါ်ပေါက်လာမည်ဟု စုချန်းက ယုံကြည်ထားလေသည်။
စုချန်းသည် ဝိညာဏ်မျက်လုံးကို အသုံးပြုပြီး အခန်းထောင့်တွင်ထိုင်နေသော ကြွက်ကလေးကို ဆယ့်တစ်ကြိမ်မြောက် စိုက်ကြည့်လိုက်၏။ စုချန်း၏ မကြာခဏ စမ်းသပ်ခြင်းကို ခံနေရသော ကြွက်ကလေးသည် တဖြည်းဖြည်း မှိုင်တွေငေးမောလာပုံရသည်။ ဆယ့်နှစ်ကြိမ်မြောက်တွင်ကား ကြွက်ကလေးခမျာ ခံစားနိုင်တော့ပုံမရ။ အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးတခုကို ထမ်းထားရဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ တဆက်တည်းမှာပင် ၎င်း၏ ကိုယ်ခန္ဓာတခုလုံးသည် တဆတ်ဆတ်တုန်ခါလာပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပစ်လဲကျကာ သေဆုံးသွားတော့သည်။ စိတ်ဝိညာဏ်ကို ထပ်ခါထပ်ခါ တိုက်ခိုက်ခံရခြင်းသည် ဦးနှောက်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေပြီး နောက်ဆုံးတွင် သေသည်အထိ ဖြစ်သွားနိုင်၏။
စုချန်းသည် ကြွက်ကလေး၏ အလောင်းကိုကြည့်ရင်း တိုးတိတ်စွာ ပြောလိုက်သည်။
"အင်း....လောကကြီးမှာအကြွင်းမဲ့ မှန်ကန်တဲ့အရာရယ်လို့မရှိဘူး ဒီလိုပဲ အရာရာတိုင်းဟာလည်း မျှော်လင့်ထားသလို ဖြစ်ချင်မှ ဖြစ်လာတတ်တာမျိုး ဒါကိုက လောကကြီးရဲ့ သဘာဝပဲထင်ပါရဲ့လေ"
ဝိညာဏ်မျက်လုံးကို ဆယ့်နှစ်ကြိမ်တိုင်တိုင် အသုံးပြုပြီးနောက် စုချန်းခမျာ အတော်လေး မောပန်းသွား၏။ သူသည် မျက်လုံးများကို မှိတ်ရင်း တိတ်ဆိတ်စွာ အနားယူနေလိုက်သည်။
"ဟေ့ နတ်ဆိုးမျက်နှာ"
စုချန်း၏ နောက်ကျောမှနေ၍ အက်ကွဲကြမ်းရှသော ခေါ်သံ ထွက်ပေါ်လာ၏။ လက်မဲကြီး၏ အသံမှန်း စုချန်း ချက်ချင်း သိလိုက်သည်။ လက်မဲကြီးသည် အသားအလွန်မဲပြီး ကိုယ်ခန္ဓာမှာလည်း အရိုးပဒေသာနှင့် တူနေ၏။ သူ့အရေပြားမှာကား ရှုံ့တွခွေလိပ်နေသည်။ ၎င်း၏ ပုံစံကို ကြည့်ရသည်မှာ မည်သို့မျှ အင်အားကြီးမားဟန်မတူ။ သို့သော် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် လက်မဲကြီးကို မည်သူမျှ အထင်မသေးရဲချေ။
လက်မဲကြီးသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အမြဲတမ်းလိုလို သွေးဆာနေသော လူစားမျိုးဖြစ်သည်။ ပျော်ရွှင်ခြင်းချောက်နက်အတွင်း ၎င်းရောက်လာပြီး တိုတောင်းလှသော အချိန်ကာလလေးအတွင်းဝယ် လက်မဲကြီးသည် မူလချီစွမ်းအားရှင်နှစ်ယောက်အပါအဝင် စုစုပေါင်း လူခြောက်ဦးတိတိကို သတ်ဖြတ်ခဲ့ပြီးလေပြီ။ အလွန် စိတ်တိုတတ်ခြင်း၊ အလွယ်တကူ လူသတ်ခြင်း စသော အချက်များကြောင့် လက်မဲကြီးကို လူတိုင်း ကြောက်ရွံ့ကြ၏။
လက်မဲကြီး၏ ခေါ်သံကို စုချန်း အနည်းငယ်မျှ အဖက်မလုပ်ချေ။ သူက နောက်ကိုပင် လှည့်မကြည့်ပဲ ကြိုက်သည့်နေရာတွင် ဝင်ထိုင်နိုင်သည် ဟူသော သဘောနှင့် လက်ကိုဝေ့ယမ်းပြလိုက်သည်။ ပမာမခန့်နိုင်လှသော စုချန်း၏ အပြုအမူကြောင့် လက်မဲကြီး ထောင်းခနဲ ဒေါသထွက်သွား၏။ သူ့စိတ်ထဲတွင် စုချန်း၏ ဇက်ကို တခါတည်း ဓားနှင့်ပိုင်းလိုသော ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် သူ့အနေနှင့် တဖက်သား မည်သို့တုံ့ပြန်လာမည်ကို မသိနိုင်သေးသလို မည်သို့သော အကျိုးဆက်များ ပေါ်ပေါက်လာမည်ကိုလည်း မမှန်းဆနိုင်သေး။ ထိုအခါ လက်မဲကြီးသည် ဒေါသကိုထိန်းကာ စုချန်း၏ နောက်စေ့ကိုကြည့်ရင်း ခေတ္တ ငေးငိုင်စဉ်းစားနေ၏။
ထိုသို့ စဉ်းစားနေခြင်းကပင် စုချန်းအား အရှုံးပေးလိုက်သည်နှင့် တူလှသည်။
ထို့နောက်သူသည် စုချန်းဘေးနားရှိ လွတ်နေသော ခုံတခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ဒီမယ် နတ်ဆိုးမျက်နှာ မင်း ဒီလိုတော့ မတရားမလုပ်သင့်ဘူး"
"ကျုပ် ဘာလုပ်လို့လဲ"
စုချန်းက ခေါင်းကိုငဲ့ရင်း မေးလိုက်သည်။ နတ်ဆိုးမျက်နှာဖုံးနောက်ကွယ်ရှိ မဲနက်သော မျက်ဝန်းအစုံတွင် အေးစက်သော အလင်းရောင်တချို့ကို လက်မဲကြီး မြင်တွေ့လိုက်ရ၏။
လက်မဲကြီးက သူမကျေမနပ်ဖြစ်နေသောအရာကို စုချန်းအား ရှင်းပြလိုက်သည်။
"ဘာလုပ်လို့လဲ ဟုတ်လား မင်းနှယ် မေးမှမေးတတ်ပလေတယ် သံမဏိဆိုတာ ကျုပ်ရဲ့ အိမ်မွေးခွေးပဲ ကျုပ် နဂိုစဉ်းစားထားတာက ဒီကောင့်ကို ရက်အနည်းငယ်လောက် အပြစ်ပေးပြီးရင် ပြန်ခေါ်ဖို့ပဲ ဒါပေမဲ့ မင်းက ကျုပ်ရဲ့ခွင့်ပြုချက်မရပဲ သံမဏိကို ကြားဖြတ်ခေါ်ထားလိုက်တယ် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းအနေနဲ့ ကျုပ်ကို နည်းနည်းပါးပါး ရှင်းပြသင့်တယ်များ မထင်ဘူးလား"
လက်မဲကြီး၏စကားကိုကြားရသောအခါ စုချန်းက အားရပါးရ ရယ်မောလိုက်သည်။
"ရက်အနည်းငယ်လောက် အပြစ်ပေးပြီးရင် သူ့ကိုပြန်ခေါ်မယ် ဟုတ်လား ဘာကိုပြန်ခေါ်မှာလဲ အလောင်းကိုလား ဟား ဟား ဟား"
စုချန်း၏ ရိသဲ့သဲ့စကားကြောင့် လက်မဲကြီး ဒေါသထွက်သွားသည်။ သူက အံကြိတ်ကာ ပြောလိုက်သည်။
"ဒီကောင် သေသွားရင်တောင် ကျုပ်ပိုင်ဆိုင်တဲ့ပစ္စည်း ဖြစ်နေတုန်းပဲကွ"
ထိုအခါ စုချန်းက သူ့ကိုယ်ခန္ဓာကို လက်မဲကြီးဖက်သို့ အနည်းငယ်လှည့်ရင်း ပြောလိုက်၏။
"ခင်ဗျား သံမဏိကို တကယ် ပြန်လိုချင်သလား ရတယ်လေ ပြသနာမရှိဘူး ဒီကောင် စားထားသောက်ထားတာတွေကို ခင်ဗျားစိုက်ပေးမယ်ဆိုရင် သူ့ကို ပြန်ခေါ်သွားနိုင်တယ်"
လက်မဲကြီးက မေးလိုက်သည်။
"ဘယ်လောက်လဲ"
စုချန်းက
"သိပ်မများပါဘူး အဆင့်နိမ့်မူလကျောက်တုံး တထောင့်နှစ်ရာတိတိပဲ ကျသင့်ပါတယ်"
မထင်မှတ်သော ဈေးနှုန်းကြောင့် လက်မဲကြီး ဒေါသအိုးပေါက်ကွဲသွားခဲ့လေပြီ။ ထိုအခါ သူက စိတ်မထိန်းနိုင်တာ့ပဲ စုချန်းကို အော်ကြီးဟစ်ကျယ်နှင့် ဆဲဆိုလိုက်တော့သည်။
"ခွေးမသား မင်း မိုက်ရိုင်းလှချည်လား"
လက်မဲကြီး၏ ဆဲဆိုသံသည် အလွန်ကျယ်လောင်လှပေရာ ဆိုင်အတွင်း ရောက်ရှိနေသော ဧည့်သည်များ အားလုံးလိုလိုက ပြူးတူးပြဲတဲနှင့် ဝိုင်းဝန်းကြည့်ရှုကုန်ကြ၏။ ထိုအခါကျမှ လက်မဲကြီးသည် ခုံပေါ်တွင် ငြိမ်သက်စွာ ပြန်ထိုင်ပြီး စုချန်းကို အစိမ်းလိုက်ဝါးစားမတတ် စိုက်ကြည့်နေတော့သည်။
စုချန်းက စကားဆက်သည်။
"သူ မနေ့ညက ဒီမှာ စားသောက်ခဲ့တယ် ခင်ဗျားအနေနဲ့ ဝံပုလွေဓားကိုတော့ မမေ့လောက်သေးဘူးထင်တယ် ကျုပ်အစတည်းက ပြောပြီးသား ကျုပ်ဆိုင်မှာ စည်းကမ်းတခုရှိတယ် ဘယ်သူဘယ်ဝါမဆို ကျုပ်ဆီက ပစ္စည်းတခု ချေးငှားထားပြီဆိုရင် ညတိုင်းညတိုင်း အဆတစ်ရာစီ အတိုးတက်သွားမယ်လို့ ခင်ဗျားလူ သံမဏိလည်း ဒီအတိုင်းပဲပေါ့"
လက်မဲကြီးက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"မင်းက ကျုပ်ကို ခြိမ်းခြောက်နေတာလား"
စုချန်းက ခေါင်းခါလိုက်၏။
"ကျုပ် လူတွေကို မခြိမ်းခြောက်တတ်ဘူး ခုလည်း ခင်ဗျားကို ခြိမ်းခြောက်နေတာမဟုတ်ဘူး အမှန်တရားကို ပြောပြနေတာ ခင်ဗျားအနေနဲ့ သူ့အကြွေးတွေကို ရှင်းပေးနိုင်ရင် ခုတခါတည်း သူ့ကို ပြန်ခေါ်သွားလို့ရတယ် ဒီလိုမှမဟုတ်ရင်တော့ သူ့ကို ဒီမှာပဲ ထားခဲ့ရလိမ့်မယ် အကြွေးကျေတဲ့အထိ သူ့ကို အလုပ်လုပ်ခိုင်းရမယ်"
လက်မဲကြီးက မေးလိုက်သည်။
"တတိယရွေးချယ်စရာ မရှိတော့ဘူးလား"
စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။
"နည်းလမ်းတခုတော့ ကျန်သေးတယ် ဘာလဲဆိုတော့ ခင်ဗျား ဖွင့်မဲ့ဆိုင်ကို ပိတ်လိုက်မယ်ဆိုရင်တော့ ကျုပ်က သူ့ကို ပြန်ပေးလိုက်မယ်"
စုချန်း၏ စကားကြောင့် လက်မဲကြီး မျက်လုံးပြူးသွား၏။ အတန်ကြာမှ သူက လက်နှစ်ဖက်ကိုမြောက်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။
"ဟား ဟား ဟား လက်စသတ်တော့ မင်းက ဒီလိုကိုး ဒီစကားပြောချင်လို့ ငါ့ကို ဒီမှာ စောင့်နေတာပေါ့ ဟုတ်လား မင်းလူကြားထဲကို နောက်တကြိမ်ပြန်ထွက်လာလို့ ငါ့မှာတော့ အံ့သြနေခဲ့တာကွ တကယ်တော့ မင်းက ငါ့လူကို ရည်ရွယ်ချက်ရှိရှိ ခေါ်ထားတယ် ပြီးရင် ငါ့ကိုအကျပ်ကိုင်ပြီး ဆိုင်ပိတ်ခိုင်းမယ်ပေါ့လေ ဟုတ်ရဲ့လား"
စုချန်းက လက်မဲကြီး၏မေးခွန်းကို တိုက်ရိုက်မဖြေပါ။ သူက ပြောလိုက်၏။
"ပျော်ရွှင်ခြင်းချောက်နက်အတွင်းမှာရှိတဲ့ လူဦးရေဟာ များတယ်ဆိုပေမဲ့ တကယ်တမ်း သုံးသပ်ကြည့်ရင် ဒီဝယ်လိုအားက ဆိုင်တဆိုင်စာအတွက်လောက်ပဲ ရှိတယ်ဆိုတာကို တွေ့ရလိမ့်မယ် တကယ်လို့ ဒီနေရာမှာ ဆိုင်နှစ်ဆိုင် ပြိုင်တူဖွင့်ခဲ့ရင် အကျိုးအမြတ် နည်းသွားလိမ့်မယ် ဒီလိုလုပ်လို့ ဘယ်သူမှအကျိုးမရှိဘူးဗျ "
"မင်း ဘာပဲပြောပြော ကျုပ်ဂရုမစိုက်ဘူး ဒီနေရာမှာ မင်း ဆိုင်ဖွင့်နိုင်သလို ကျုပ်လည်းဖွင့်နိုင်တယ် မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် ကျုပ်ဆိုင်ကို ပိတ်သွားအောင် လုပ်ကြည့်လေ"
ဤနေရာအရောက်တွင် လက်မဲကြီးက စကားကို ခေတ္တရပ်တန့်ပြီး ရယ်မောလိုက်၏။ ထို့နောက် သူက စကားဆက်ပြန်သည်။
"ဝံပုလွေဓားနဲ့ ပိုင်ဖန်းတို့လင်မယားကို သတ်လိုက်တာနဲ့ မင်းကို လူတိုင်းက ကြောက်တယ်ထင်နေရင်တော့ မင်းအထင် မှားနေပြီကွ"
စုချန်းက သက်ပြင်းချလိုက်၏။
"ကျုပ်အနေနဲ့ ပျော်ရွှင်ခြင်းချောက်နက်မှာ တသက်လုံးနေဖို့ မရည်ရွယ်ထားဘူး ဒါကြောင့်မို့လို့ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ကြွယ်ဝလာအောင် လုပ်ခဲ့တာပဲ ကျန်တဲ့ ပျော်ရွှင်ခြင်းချောက်နက်အတွင်းမှာရှိတဲ့ လူတိုင်းဟာလည်း ကျုပ်လို အချိန်တိုအတွင်း ချမ်းသာကြွယ်ဝလိုတဲ့လူတွေချည်းပဲ ဒါပေမဲ့ ဒီလူတွေထဲက တချို့ကတော့ သူတို့ဆန္ဒအတိုင်း ချမ်းသာကြွယ်ဝကုန်ကြတယ် တချို့ကတော့ ဘာအောင်မြင်မှုမှမရပဲ ကျရှုံးကုန်ကြတယ် ဒီမယ် လက်မဲကြီး ကျုပ်တခုပြောမယ် သေသေချာချာ နားထောင် ခင်ဗျားအနေနဲ့ ကျုပ်ကိုယှဉ်ပြိုင်ပြီး ဒီနေရာမှာ ဆိုင်ဖွင့်မယ်ဆိုရင် ကျုပ်မှာ တားပိုင်ခွင့်မရှိတာတော့ အမှန်ပဲ ဒါပေမဲ့ ကျုပ်ဟာ ဝံပုလွေဓားလို လူမိုက်တော့မဟုတ်ဘူးဗျ ခင်ဗျား ဆိုင်ဖွင့်ပြီဆိုတာနဲ့ ကျုပ်ဆိုင်ကပစ္စည်းတွေကို ဈေးလျှော့ပြီး ရောင်းပေးမှာပဲ"
လက်မဲကြီး၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။
"ဟာ မင်း ဒီလိုတော့ မလုပ်သင့်ဘူး ဒီလိုလုပ်လို့ မင်းမှာ ဘာအကျိုးရှိမှာလဲ"
စုချန်းက ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဘာကြောင့်မလုပ်ရမှာလဲ ကျုပ်အနေနဲ့ ခင်ဗျားကိုယှဉ်ပြိုင်ဖို့ ဘာမဆိုလုပ်ခွင့်ရှိနေတာပဲလေ လွန်ခဲ့တဲ့တလလောက်တုန်းက ကျုပ်ဆိုင်ဟာ မူလကျောက်တုံး တသောင်းလောက်ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ် ဒါပေမဲ့ ခင်ဗျားလည်း သိမှာပါ တချို့ပစ္စည်းတွေဟာ ထပ်ခါထပ်ခါ ဝယ်နေစရာမလိုဘူး တကြိမ်ဝယ်ထားရုံနဲ့ လုံလောက်တယ် ဒါကြောင့်မို့လို့ ခုနောက်ပိုင်းမှာ ကျုပ်ရဲ့စီးပွားရေးလုပ်ငန်းက သုံးဆယ်ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတယ် အရောင်းအဝယ်ကလည်း မူလကျောက်တုံး ခြောက်ထောင်နဲ့ ခုနှစ်ထောင်ဝန်းကျင်ပဲရှိတော့တယ် ဒါတောင် ဒီနေရာမှာ ကျုပ်တို့ရဲ့ပြိုင်ဆိုင်မှုကို ထည့်မတွက်ထားသေးဘူး ကျုပ်တွက်ထားသလောက် ခင်ဗျား ဆိုင်ဖွင့်လိုက်ပြီဆိုတာနဲ့ ကျုပ်ရဲ့အမြတ်အစွန်းက မူလကျောက်တုံးသုံးထောင်ဝန်းကျင်လောက်ပဲ ရှိတော့မယ် ဒါဟာ ဈေးချမရောင်းရသေးတဲ့ အခြေအနေပဲ ဒီတော့ ဈေးချရောင်းလိုက်ရင် ဘယ်လောက်အထိ ဖြစ်သွားနိုင်မလဲ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ပေတော့"
လက်မဲကြီးတယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။ စကားတခွန်းမျှ မဟနိုင်ရှာတော့။ သူ နဂိုစဉ်းစားထားသည်မှာ ဆိုင်စဖွင့်သည်နှင့် စုချန်းထံမှ ဖောက်သည်များအား ဆွဲဆောင်ရန် စုချန်းပစ္စည်းများထက် ဆယ်ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချပေးရန် ဖြစ်သည်။ သို့သော် ကြည့်ရသည်မှာ စုချန်းသည်လည်း ဤအတိုင်း ထိုင်နေမည်မဟုတ်ကြောင်း သိသာထင်ရှားနေခဲ့လေပြီ။ စုချန်း၏တုံ့ပြန်မှုက ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟုကား လက်မဲကြီး လုံးဝမျှော်လင့်မထား။ ဆိုင်စဖွင့်သည်နှင့် ၎င်းသည်လည်း ၎င်း၏ပစ္စည်းများကို အနိမ့်ဆုံးအထိချ၍ ရောင်းချရန် ဆုံးဖြတ်ထားခဲ့လေပြီ။
စုချန်းက စကားဆက်သည်။
"အဓိပ္ပါယ်က လာမဲ့လအတွင်းမှာ မူလကျောက်တုံး နှစ်ထောင်ဖိုးလောက် အရောင်းအဝယ်ဖြစ်ရင်ကို အတော်လေး ကံကောင်းတဲ့သဘောပဲ ဒီလောက်ပမာဏလေးကို ကျုပ်က ဂရုစိုက်မယ်ထင်သလား ကဲ လက်မဲကြီး ဒီလိုအခြေအနေမျိုးနဲ့သာ ကြုံတွေ့ရမယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ"
လက်မဲကြီးက ခေတ္တစဉ်းစားဟန်ပြုပြီး ပြောလိုက်၏။
"ဒီလောက် အရင်းအနှီး အများကြီး ကျုပ်မစိုက်ထုတ်နိုင်ဘူးဆိုတော့ ကျုပ်ပြိုင်ဘက်ကို သင်ခန်းစာပေးဖို့ပဲ လုပ်ရတော့မှာပေါ့"
ကျင့်စဉ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသော သူတို့နှစ်ယောက်လုံးလိုလိုသည် အမှန်တကယ်တော့ စီးပွားရေးသမားစိတ်ရှိကြသည်မဟုတ်။ သူတို့၏သဘောသဘာဝသည် ဓားနှင့်လှံနဲ့သွေးထွက်သံယိုများအတွင်း၌သာ ရှိနေ၏။ ထို့ကြောင့် ကြီးမားသော ပြသနာမျိုးတစုံတရာ ပေါ်ပေါက်လာလျင် ၎င်းတို့အနေနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို သေးငယ်သော ပြသနာမျိုးနှင့် ကြုံတွေ့လာလျင်ကား စိတ်လိုက်မာန်ပါ လုပ်တတ်သော သဘောသဘာဝတွင် ရှိနေ၏။ ထို့ကြောင့် တစုံတယောက်သည် အခြားတယောက်၏ငွေရှာနိုင်စွမ်းကို ထိခိုက်လာလျင် နှစ်ဦးစလုံးလိုလိုပင် ငွေကြေးကို ဂရုစိုက်တော့မည်မဟုတ်။ ပြသနာကို တခြားနည်းလမ်းနှင့် ဖြေရှင်းရန် ကြိုးစားတော့မည်သာဖြစ်သည်။
လက်မဲကြီး၏စကားကိုကြားလိုက်ရသောအခါ စုချန်းက တဟားဟား ရယ်မောရင်း ပြောလိုက်၏။
"သိပ်မှန်တာပေါ့ ကျုပ်လည်း ခင်ဗျားလိုပဲ စဉ်းစားနေတာ ဟား ဟား ဟား"
ထိုအခါ လက်မဲကြီးက ပြောလိုက်သည်။
"မင်းအနေနဲ့ စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ ငါ့ကို စည်းရုံးရပြီလို့တော့ မထင်လိုက်နဲ့ ဘာပဲဖြစ်ဖြစ် မင်းရောငါရော တဖက်နဲ့တဖက် အရှုံးပေးချင်စိတ်ပေါက်လာအောင် ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား "
ထိုအခါ စုချန်းက ပြောလိုက်သည်။
"ခင်ဗျားအနေနဲ့ အချိန်နည်းနည်းလောက် နောက်ဆုတ်လိုက်တာနဲ့ ကျုပ်တို့နှစ်ယောက်လုံး ပိုက်ဆံရှာနိုင်လိမ့်မယ်ဗျ ကျုပ်ပြောမယ် သေချာနားထောင် ခင်ဗျားဖွင့်မဲ့ဆိုင်ကို အခုမဖွင့်နဲ့ တလတိတိနောက်ဆုတ်ပြီးမှဖွင့်လိုက် အဲဒီအချိန်ကျရင် ကျုပ်က ကျုပ်ဆိုင်ကို ခင်ဗျားလက်
ထဲထည့်ပြီး ဒီကနေ အပြီးအပိုင် ထွက်ခွာသွားမယ်"
လက်မဲကြီးက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
"မဖြစ်နိုင်ဘူး မင်းသိတဲ့အတိုင်း ငွေကြယ်သတ္တုက ရှာရဖွေရတာ တဖြည်းဖြည်း ခက်ခဲလာပြီ ဆိုလိုတာက ဒီနေရာမှာ သတ္တုသိပ်မကျန်တော့ဘူးလို့ ဆိုလိုတာပဲ ဒီတော့ ငါမှန်းထားတာသာ မှန်ခဲ့ရင် ပျော်ရွှင်ခြင်းချောက်နက်ထဲမှာ နောက်ထပ် ရက်ပေါင်းငါးဆယ်လောက်ပဲ လူရှိတော့မယ်"
စုချန်းက ဈေးညှိုလိုက်သည်။
"နှစ်ဆယ့်ငါးရက်ထားဗျာ"
လက်မဲကြီးက မျက်မှောင်ကုတ်ရင်း စဉ်းစားလိုက်၏။
"ကျုပ်အတွက် အတော်လေး နစ်နာနေတယ်ကွ ငွေကြယ်သတ္တုနည်းလာလေလေ လူတွေ ငွေရှားလာလေလေပဲ လူတွေ ငွေရှားလာတာနဲ့အမျှ သူတို့ဝယ်မဲ့ပစ္စည်းကလည်း တဖြည်းဖြည်း နည်းလာတော့မယ် အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး တကယ်လို့များ တယောက်ယောက်က ငါနဲ့ယှဉ်ပြိုင်ဖို့ ကြိုးစားလာရင်ကော"
စုချန်းက ခေတ္တမျှစဉ်းစားရင်း ပြောလိုက်သည်။
"ဒါလည်း ဟုတ်တာပဲဗျ ကျုပ် နည်းနည်း ထပ်လျှော့လိုက်မယ် နှစ်ဆယ်နှစ်ရက်ဆိုရင်ကောဗျာ"
လက်မဲကြီးက ငြင်းဆန်လိုက်သည်။
"ဆယ့်ငါးရက်ပဲကွ ကျုပ်မှာထားတဲ့ ကုန်ပစ္စည်းတွေက ရောက်နေပြီ ကျုပ်က နက်ဖြန်လောက် ဆိုင်ဖွင့်မယ် မှန်းထားတာ ဒါကြောင့် မင်းကို ဆယ့်ငါးရက်ထက် ပိုမပေးနိုင်ဘူး တချို့အရာတွေက သိပ်နောက်ကျလို့ မကောင်းဘူးလေကွာ"
စုချန်းက
"ခင်ဗျား ဝယ်ထားတဲ့ကုန်တွေကို စိတ်မပူနဲ့ ကျုပ် ပြန်ဝယ်ပေးမယ် ရက်နှစ်ဆယ်ဗျာ ဒါ ကျုပ်ရဲ့ နောက်ဆုံးစကားပဲ"
လက်မဲကြီးက
"ဆယ့်ရှစ်ရက်ပဲ ပေးနိုင်မယ်ကွ ဒါ ကျုပ်ရဲ့နောက်ဆုံးစကားပဲ"
စုချန်းက
"ဒါဆိုရင် သံမဏိကို ကျုပ်ယူမယ်"
လက်မဲကြီးက
"ယူကွာ မင်းနဲ့ကျုပ်နဲ့ သဘောတူညီမှုရပြီလို့ ယူဆလိုက်မယ်"