သတ္တုတူးဖော်ခြင်း
Vol. 6 Ch. 59
လက်မဲကြီးနှင့် စုချန်းသည် အတန်ကြာ စေ့စပ်ဆွေးနွေးပြီးနောက် သဘောတူညီချက်အချို့ ရရှိခဲ့လေရာ မဟာမိတ်များအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြ၏။ သို့မှသာ လာမည့်နေ့ရက်တွင် ပြသနာအသစ်များ ထပ်မံမပေါ်ပေါက်လာစေရန် ရှောင်လွှဲနိုင်မည် မဟုတ်ပါလား။
ဆယ့်ရှစ်ရက်အကြာတွင်ကား စုချန်းသည် ၎င်း၏ စီးပွားရေးလုပ်ငန်းများ အားလုံးကို လက်မဲကြီးအား လွှဲပြောင်းရန် အစစအရာရာ စီမံဆောင်ရွက်ခဲ့ပြီးလေပြီ။ ဆိုင်တွင် သူ့အတွက် အထူးအထွေ လုပ်စရာဟူ၍ မရှိတော့။ သို့သော် စုချန်းသည် သူ မထွက်ခွာမီ ငွေကြယ်သတ္တုရိုင်းများနှင့် မူလကျောက်တုံးများကို အကြိမ်ရေအတော်များများ ဈေးတင်၍ အရောင်းအဝယ် ပြုလုပ်ခဲ့၏။ ၎င်းကိုကြည့်ရင်း လက်မဲကြီးက အတော်လေး မကျေမနပ်ဖြစ်နေ၏။ စုချန်း၏ လုပ်ရပ်က နောင်တချိန် သူ့စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုတစုံတရာ ရှိလာနိုင်သည် မဟုတ်ပါလား။
စုချန်းအနေနှင့် အထူးတလည် ပြသနာမဖြစ်ပွားလိုတော့ရာ ကျန်းယွမ်လျောင့်ထံမှရရှိခဲ့သော လေဟာနယ်လက်စွပ်အား လက်မဲကြီးကို လက်ဆောင်ပေးလိုက်၏။ လက်မဲကြီးတွင် ပစ္စည်းများ သိုလှောင်ရန် လေဟာနယ်လက်စွပ် မရှိလေရာ စုချန်း၏ လက်ဆောင်ကို မြင်သောအခါ အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရှာ၏။ သူက လက်စွပ်ကို နားလည်မှုနှင့် လက်ခံလိုက်လေသည်။
နောက်ဆုံးတွင် စုချန်းတယောက် ထွက်ခွာမည့်နေ့ရက်သို့ ရောက်ရှိလာခဲ့ချေပြီ။ ထိုအခါ လူယုံတော်လီရှုသည် စုချန်းအနီးသို့ ချည်းကပ်လာပြီး မရဲတရဲနှင့် မေးလိုက်သည်။
"ဆရာလေး ခု ဘယ်ကိုများသွားဖို့ စီစဉ်ထားသေးလဲခင်ဗျာ"
စုချန်းက ဖြေလိုက်သည်။
"ကျုပ်အနေနဲ့ အနီရောင်တောင်ကြောမှ ဆယ့်ငါးရက် ဒါမှမဟုတ် ဒီထက် ရက်နည်းနည်းလောက် ပိုပြီးနေအုံးမယ်လို့ တွေးထားတယ်ဗျ အခြေခံအားဖြင့် ကျုပ်ရဲ့မူလရည်မှန်းချက်က ပြည့်စုံသွားပြီဆိုတော့ သတ္တုတွင်းတွေဖက်ကို တချက်လှည့်ပြီး ကံစမ်းမလားလို့ စဉ်းစားနေတယ်"
ထိုအခါ လီရှုက ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်လည်း ဆရာလေးနဲ့ လိုက်ချင်ပါတယ်ခင်ဗျာ"
စုချန်းက လီရှုကို စိုက်ကြည့်လိုက်၏။
"ဟာ ခင်ဗျား တကယ်ပဲ ကျုပ်နဲ့လိုက်ချင်တာလား"
လီရှုက ဆုံးဖြတ်ချက်ချပြီးသောဟန်ပန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခါ စုချန်းက ထပ်မံမေးမြန်းလိုက်၏။
"ခင်ဗျားမှာ တွယ်တာစရာ တခြားမိသာစုဝင်တွေ မရှိတော့ဘူးလားဗျ"
လီရှု၏မျက်နှာပေါ်တွင် စိတ်မကောင်းဖြစ်သော အမူအရာများ ပေါ်ပေါက်လာ၏။
"ကျွန်တော်ဟာ ဘာမိသားစု ဘာတွယ်တာစရာမှမရှိတဲ့ ဥတလုံးတကောင်ကြွက်ပါခင်ဗျာ တကယ်လို့ မိသားစုသာရှိမယ်ဆိုရင် ဒီလောက် အန္တရာယ်များတဲ့ ပျော်ရွှင်ခြင်းချောက်နက်လိုနေရာမျိုးကို ကျွန်တော် လာမှာမဟုတ်ပါဘူး"
စုချန်းက ခေတ္တစဉ်းစားရင်း ပြောလိုက်သည်။
"အင်း ဟုတ်ပေသားပဲ ခင်ဗျား ဘယ်လုပ်ပါ့မလဲ"
နှစ်လခန့် အတူတကွ နေထိုင်ပြီး စုချန်းသည် လီရှုအကြောင်းကို ယခင်ကထက် ပို၍နားလည်စပြုလာ၏။ ဤလူသည် စာရေးစာဖတ်နိုင်ရုံသာမက ညဏ်ရည်အလွန်ထက်မြက်သူဖြစ်သည်။ ညဏ်ကောင်းသူပီပီ အရာရာကို ကြိုတင်မျှော်တွေးနိုင်စွမ်းလည်း ရှိ၏။ ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး ရည်မှန်းချက်မြင့်မြင့်မားမား ထားတတ်သော လီရှုကဲ့သို့ လူစားမျိုးသည် အသွားနှစ်ဖက်ရှိသောဓားနှင့်တူ၏။ အကိုင်အတွယ်မတတ်ပါက မလိုလားအပ်သော ပြသနာမျိုး ပေါ်ပေါက်လာတတ်၏။ စုချန်းအနေနဲ့ ထိုလူစားမျိုး၏ သဘောသဘာဝကို ကြိုတင်သိရှိထားပြီး အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်ပါက ထိုလူစားမျိုးသည် အလွန်တရာ အသုံးဝင်သော လက်နက်ကောင်းသဖွယ် ဖြစ်လာပေလိမ့်မည်။
လက်ရှိအချိန်တွင် စုချန်း၌ မင်ချူးနှင့် ကျူးဟုန်တို့နှစ်ယောက်သာ ကျွန်ယုံတော်များအဖြစ် ရှိနေသေး၏။ ထိုနှစ်ယောက်၏ စွမ်းရည်မှာ ပြောပလောက်အောင် မထက်မြက်လှသော်လည်း သစ္စာကား အလွန်ရှိ၏။ သူတို့နှစ်ယောက်လုံးသည် စုချန်းက သေဆိုလျင် ချက်ချင်းပင် လဲသေလိုက်ကြမည့် လူစားမျိုးများ ဖြစ်သည်။
သို့သော် ခေါင်းဆောင်တယောက်သည် လူများကို အသုံးပြုရာတွင် သစ္စာတရားတခုတည်းကို မူတည်၍ စဉ်းစားရန်မသင့်ချေ။ အထူးသဖြင့် ရည်မှန်းချက်ကြီးမားသော ခေါင်းဆောင်တယောက်အတွက် လက်အောက်ငယ်သား၏ အင်အားနှင့် စွမ်းရည်သည် သူတို့အပေါ် သစ္စာရှိခြင်းထက် ပို၍အရေးကြီးနေတတ်၏။ အဘယ်ကြောင့်ဆိုသော် ပင်ကိုယ်အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းတယောက်သည် လက်အောက်ငယ်သားတယောက် မည်သည့်အတွေးအခေါ် မည်သည့်နည်းလမ်းမျိုး အသုံးပြုစေကာမူ နိုင်နိုင်နင်းနင်း ချုပ်ကိုင်ထားနိုင်မည်ဟု ယုံကြည်ချက် ရှိနေသောကြောင့်ပင်။ ထိုကဲ့သို့သော ခေါင်းဆောင်မျိုးသည် ပါရမီရှိသော လက်အောက်ငယ်သားများကို ကြောက်ရွံ့ခြင်းမရှိပဲ ဝမ်းမြောက်ဝမ်းသာပင် လက်ခံကြ၏။ မြေတောင်မြှောက်ပေးကြ၏။ သူတို့ အမှန်တကယ် စိုးရိမ်သောအရာမှာ ပါရမီရှင် လက်အောက်ငယ်သားများမဟုတ်။ ဆန့်ကျင်ဘက်အုပ်စုများကိုသာ ဖြစ်လေသည်။
စုချန်းသည်လည်း ထိုကဲ့သို့ ခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ သူ့အနေနှင့် လီရှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ၎င်း၏ အကောင်းဆုံး အရည်အချင်းများကို ထုတ်ယူအသုံးချနိုင်မည်ဟု ယုံကြည်ထား၏။ ယခုအခါ လီရှုက သူ့နောက်သို့ လိုက်ပါလိုသည်ဟု ပြောလာသောအခါ သူက မဆိုင်းမတွပင် လက်ခံလိုက်တော့သည်။
အဓိပ္ပါယ်မှာ စုချန်းက လီရှုကို စုမျိုးနွယ်စုခြံဝင်းသို့ ခေါ်ဆောင်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤနေရာတွင် စုချန်းအတွက် စိတ်ပူရမည်မှာ လီရှုက သူ့ဆရာနတ်ဆိုးမျက်နှာသည် စုမျိုးနွယ် စတုတ္ထသခင်လေး စုချန်းဖြစ်နေကြောင်း သိသွားမည့်အရေးနှင့် စုချန်းသည် မျက်မမြင်မဟုတ်ကြောင်း သိရှိသွားနိုင်ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စုချန်းအနေနှင့် တသက်လုံး မျက်မမြင်တယောက်အဖြစ် ဟန်ဆောင်ထားရန်မှာကား မဖြစ်နိုင်။ လက်တလော ဟန်ဆောင်ထားနိုင်ရန်ကား လီရှုကို အဖြစ်မှန်ပြောပြပြီး နှုတ်ပိတ်ထားရန်သာရှိသည်။ ထိုအခါ လီရှုသည် အမှန်တရားကို သိထားသော ဒုတိယမြောက်လူ ဖြစ်လာပေလိမ့်မည်။
အတန်ကြာ စဉ်းစားတွေးတောပြီးနောက် စုချန်းက ပြောလိုက်သည်။
"နက်ဖြန်ကျရင် ကုန်စည်တွေ သိမ်းဆည်းဖို့ လက်မဲကြီးရဲ့လူတယောက် ဒီကိုလာလိမ့်မယ် အဲဒီအခါကျရင် ခင်ဗျားကို အနီရောင်တောင်ကြောရဲ့အပြင်ထိရောက်အောင် အစောင့်အရှောက်တွေနဲ့ လိုက်ပို့ပေးဖို့ ကျုပ်ကမှာလိုက်မယ် တောင်ကြောနယ်နိမိတ်ရဲ့ပြင်ပကိုရောက်တာနဲ့ ခင်ဗျားက မြောက်ပိုင်းမြို့တော် စစ်မှန်သောကျောက်စိမ်းနန်းတော်ကို သွားပါ အဲဒီမှာ တန်ကျင်းဆိုတဲ့လူတယောက် ရှိလိမ့်မယ် သူ့ကိုတွေ့ရင် ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြောပြလိုက်ပါ သူက ခင်ဗျားကို ဂရုစိုက်ပေးပါလိမ့်မယ်"
လီရှုက ရိုသေစွာ အမိန့်နာခံလိုက်၏။
"ကျွန်တော် နားလည်ပါပြီ ခင်ဗျာ"
စုချန်းအနေနှင့် အရာရာကို ခရေစေ့တွင်းကျ ရှင်းပြမနေတော့။ တန်ကျင်း၏ အတွေ့အကြုံနှင့် လီရှု၏ ညဏ်ရည်ညဏ်သွေးအရ ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ်ရှင်းပြရန်မလိုဟု သူက ယူဆထားလေသည်။
___________________×××______________×××________
လီရှုအတွက် နောက်ကြောင်းအေးသည်နှင့် စုချန်းသည် သံမဏိကိုခေါ်ကာ ဥမင်လှိုဏ်ခေါင်းများရှိရာဖက်သို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။ သံမဏိသည် ယခုအခါ စုချန်း၏ တပည့်တယောက် ဖြစ်လာခဲ့လေပြီ။
တချိန်က အလွန်လှပသည်ဟု နာမည်ကျော်ကြားသော ပျော်ရွှင်ခြင်းချောက်နက်သည်ကား လူသားတို့၏ လောဘကြောင့် ရုပ်ဆိုးအကျည်းတန်ကာ မြင်လေသမျှ တွင်းများ၊ မြောင်းကြီးများ၊ တူးဆွရာများနှင့်သာ ပြည့်နှက်နေ၏။ စွန့်ပစ်ထားသော ကျောက်တုံးအပိုင်းအစများနှင့် သတ္တုတွင်းဟောင်းများ ပြည့်နှက်နေသော ပတ်ဝန်းကျင်သည် တချိန်က အလွန်သာမောဖွယ်ရာ ရှုမျှော်ခင်းကြီး တည်ရှိခဲ့သည်ဟု ထင်ရက်စရာမရှိတော့။ ပျော်ရွှင်ခြင်းချောက်နက်သည် ညစ်ပတ်ပြီး ပရမ်းပတာဖြစ်နေသော ကျောက်မိုင်းတွင်းကြီးအဖြစ်သို့ အချိန်အနည်းငယ်အတွင်းဝယ် ပြောင်းလဲသွားခဲ့လေပြီတည်း။
ဤကျောက်မိုင်းအတွင်း အကောင်းဆုံး သတ္တုကြောနေရာများကို ချီစွမ်းအားပညာရှင်များက အပိုင်စီးထားကြ၏။ အလယ်အလတ်အဆင့်ရှိနေရာများကိုမူကား သိုင်းသမားအုပ်စုများက အပိုင်စီးထားကြ၏။ သူတို့၏ တဦးချင်းအင်အားသည် သိပ်မကြီးမားလှသော်လည်း အုပ်စုငယ်လေးများဖွဲ့ကာ မိမိတို့ပိုင်ဆိုင်မှုကို ကာကွယ်ရန် ကြိုးစားနေကြကုန်၏။ သတ္တုအထွက်နည်းလှသည့်နေရာတချို့သာ ထိုလူတို့၏ ရန်မှ ကင်းလွတ်ခွင့် ရရှိကြပြီး အင်အားအနည်းပါးဆုံးလူတချို့သာ ကံစမ်းသည့်သဘောနှင့် တူးဖော်လျက် ရှိကြလေသည်။
စုချန်း ရွေးချယ်လိုက်သောနေရာမှာ ထိုကဲ့သို့သော နေရာများထဲမှ တနေရာဖြစ်သည်။
အဆိုပါ တည်နေရာသည် ချိုင့်ဝှမ်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး စွန့်ပစ်ထားသော သတ္တုတွင်းဟောင်းနေရာဖြစ်သည်။ ၎င်းကို တောင်ပိုင်း ကျင်းအမှတ်ဆယ့်လေးဟု ခေါ်ဆိုကြ၏။ ကျင်းအမှတ်ဆယ့်လေး အလားအလာအကောင်းဆုံးသော အနေအထားကို ရောက်ခဲ့စဉ်က ကီလိုဂရမ်ထောင်နှင့်ချီသော ငွေကြယ်သတ္တုရိုင်း အမြောက်အများကို တူးဖော်ရရှိခဲ့ကြ၏။ ထိုအချိန်က အနည်းဆုံး အုပ်စုလေးစုခန့်သည် ကျင်းအမှတ်ဆယ့်လေးကိုရရှိရန် တိုက်ပွဲများ ဆင်နွဲခဲ့ကြသည်ဟူ၏။ နောက်ပိုင်းတွင် သတ္တုတူးဖော်ရေးလုပ်ငန်း တဖြည်းဖြည်းကျယ်ပြန့်လာပြီးနောက် ဤနေရာရှိ သတ္တုများမှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့၏။ သတ္တုမရှိသည့်နောက် သတ္တုတူးဖော်ရေးသမားများသည်လည်း စွန့်ခွာကုန်ကြရာ ကျင်းအမှတ်ဆယ့်လေးသည် စွန့်ပစ်ခံ သတ္တုတွင်းဟောင်းကြီးတခု ဖြစ်လာတော့သည်။
ဤယနေ့တွင်ကား ဤနေရာကို ဖြတ်သွားကြသူ လမ်းသွားလမ်းလာတချို့နှင့် တခါတရံ ကံများလိုက်ခဲ့လျင် ငွေကြယ်သတ္တုရိုင်းတစွန်းတစ ရနိုင်နိုးနိုး ကံလာစမ်းနေကြသော သတ္တုတူးဖော်ရေးသမားတချို့မှလွဲ၍ အမှတ်ဆယ့်လေးကျင်းဟောင်း၏ ပတ်ဝန်းကျင်တွင် လူအများကြီး မတွေ့ရှိတော့။
စုချန်းတယောက် ဤကဲ့သို့ အချိန်အခါမျိုးကိုမှရွေး၍ ဤနေရာသို့ရောက်လာရသည့် တခုတည်းသော အကြောင်းရင်းမှာ သူ၏ကုသိုလ်ကံကို စမ်းသပ်လို၍ ဖြစ်သည်။
ကျန်သော သတ္တုတွင်းနေရာအသီးသီးတွင် နေရာဦးထားသူ အသီးသီး ရှိကြကုန်၏။ တဖန် ထိုနေရာများသည် အလွန်ရှင်းလင်းပြတ်သားစွာ နယ်နိမိတ်ခွဲခြားထားလေရာ သင့်အနေနှင့် ထိုနေရာများသို့သွား၍ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ခွင့်ပြုချက်ရှိရန် လိုအပ်လေသည်။ ထိုမျှသာမကသေး ထိုနေရာများသို့ သွားမည့်သူသည် အငြင်းပွားမှုတစုံတရာ ဖြစ်ပေါ်လာပါက အသတ်မခံရစေရန် ကြိုတင်ပြင်ဆင်ပြီးမှ သွားသင့်၏။
စုချန်းအနေနှင့် အတတ်နိုင်ဆုံး လူမသတ်လို။ ဝံပုလွေဓားကို သူ သတ်ခဲ့ခြင်းမှာလည်း ခွန်အားကိုပြသလို၍မဟုတ်ပဲ မိမိကို ခုခံကာကွယ်ရန်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးဝယ် နေရာတိုင်းတွင် ခွန်အားနှင့် လက်သီးသည်သာ အဓိကဟုဆိုသော်လည်း စည်းမျဉ်းစည်းကမ်း၊ ထုံးတမ်းစဉ်လာများသည်လည်း သူ့နေရာနှင့်သူ အရေးကြီးသည်သာဖြစ်သည်။
စုချန်းသည် သိပ်မကြာမီ ဤနေရာမှ စွန့်ခွာသွားတော့မည် ဖြစ်လေရာ ပြသနာကို မီးခွက်ထွန်း၍ မရှာလိုတော့။ လက်ရှိအချိန်တွင် ပြသနာမရှာလိုသူတယောက်အနေနှင့် အရည်အသွေး အလွန်ညံ့ဖျင်းသော မိုင်းတွင်းဟောင်းများဆီသို့သာ သွားသင့်လေသည်။ ထို့ကြောင့် စုချန်းသည် သူ၏ ကံတရားကိုစမ်းသပ်ရန် တချိန်က ငွေကြယ်သတ္တုရိုင်းများ အလွန်ပေါကြွယ်ဝခဲ့သော ဤနေရာကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သတ္တုတွင်းဟောင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် စုချန်းအား ဆီးကြိုနှုတ်ဆက်လိုက်သည်မှာ အမှောင်ထု ဖြစ်သည်။ သာမာန်အမှောင်ထုမျိုးတော့ မဟုတ်။ အလွန်နက်ရှိုင်းလှသည့် အမှောင်ထုမျိုးပင်။ စုချန်း၏ရင်ထဲတွင် တချိန်က မျက်မမြင်ဘဝကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
မျက်မမြင်ဘဝနှင့် သုံးနှစ်တိုင်တိုင် နေခဲ့ဖူးသူတယောက် ဖြစ်လေရာ ဤကဲ့သို့သော အမှောင်ထုမျိုးမှာ စုချန်းနှင့် သိပ်မစိမ်းလှ။ သို့တိုင်အောင် ဤနေရာသို့အရောက် သူသည် ရေထဲတွင်ရောက်နေသော ငါးတကောင်ကဲ့သို့ ခံစားချက်မျိုူး တဖွားဖွား ပေါ်ပေါက်လာတော့သည်။
စုချန်းသည် ခံစားချက်များကို မြိုသိပ်ရင်း သတ္တုတွင်း၏ အလယ်အူကြောင်းအတိုင်း ဖောက်လုပ်ထားသည့် လမ်းအတိုင်း လှမ်းဝင်သွား၏။ ပတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင် မှောင်နေသော်လည်း သူသည် အရာရာကို အတိုင်းသာ မြင်နေရသည့်ပမာ သက်တောင့်သက်သာနှင့် လှမ်းဝင်သွားခြင်း ဖြစ်သည်။ အသင့်ယူဆောင်လာသော ကျောက်သလင်းမီးအိမ်ကို ယခုအချိန်ထိ သူမသုံးသေး။ သို့သော် စုချန်း၏ နောက်တွင် ကပ်လျက်ပါလာသော သံမဏိတယောက်မှာမူကား မကြုံစဖူးသော မြေအနေအထားကြောင့် တဖုန်းဖုန်း တဒိုင်းဒိုင်းနှင့် လဲကျနေရှာသည်။
လမ်းကြောအတိုင်း နှစ်မိုင်ခန့် လျှောက်အပြီး စုချန်းက နံရံတခုရှေ့တွင် မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
"ဒီနေရာမှာ စလုပ်ကြမယ်ဗျို့"
"ကောင်းပါပြီ သခင်"
ပြောပြောဆိုဆို သံမဏိသည် သံအကောင်းစားနှင့် ပြုလုပ်ထားသော ပေါက်ချွန်းကို ပင့်ကာမြောက်ကာနှင့် နံရံကို စတင်ထုရိုက်တော့သည်။ တောင်ရိုးကမ်းပါး မျိုးနွယ်ဝင်တယောက် ဖြစ်သည်နှင့်အညီ သံမဏိသည် အလွန်တရာ ကျန်းမာသန်စွမ်းပြီး အပြင်အား အထူးကောင်းမွန်၏။ အပြင်အား တနည်းအားဖြင့် သာမာန်အကြမ်းစား ခွန်အားအရာတွင် သံမဏိ၏ ခွန်အားသည် စုချန်းထက်ပင် သာသေးသည်ဟု ဆိုနိုင်သည်။ နံရံကို တချက်ထုရိုက်လိုက်တိုင်း များပြားလှသော ကျောက်သားအပိုင်းအစများ တဖွားဖွား ပြုတ်ကျလာ၏။ သူတယောက်တည်း၏ လုပ်အားနှုန်းသည် သာမာန်အလုပ်သမားများ၏ လုပ်အားနှုန်းထက် အဆပေါင်းများစွာ သာလွန်နေတော့သည်။
မြေကြီးအောက်သို့ တဖွားဖွားနှင့် ပြုတ်ကျနေသော ကျောက်သားအပိုင်းအစတိုင်းကို စုချန်းက ဂရုတစိုက်နှင့် စစ်ဆေးလိုက်၏။ ကျောက်သားများအကြားဝယ် ကပ်ညိနေတတ်သော ငွေကြယ်သတ္တုရိုင်းများကို ရှာဖွေရသည်မှာ အတော်လေး လွယ်ကူသော လုပ်ငန်းဖြစ်သည်။ မှောင်ကြီးမဲကြီးထဲတွင် ငွေကြယ်သတ္တုများသည် အလင်းရောင်တချို့ တောက်ပနေလေ့ရှိရာ မည်သို့မျှ မှားနိုင်ဖွယ်ရာမရှိ။ သန့်စင်သော သတ္တုရိုင်း မည်မျှပမာဏအထိ ရရှိနိုင်မည် ဟူသည်မှာကား ကံတရားအတိုင်းသာ ဖြစ်လေသည်။ စုချန်းသည် သံမဏိလက်ချက်ကြောင့် ပြုတ်ကျလာသော ကျောက်သားတိုင်းကို ဂရုတစိုက်နှင့် စစ်ဆေးကြည့်နေ၏။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ယခုအချိန်ထိ မည်သည့်အလင်းရောင်မျှ မတွေ့ရ။
တနာရီခန့် တစိုက်မတ်မတ် တူးဖော်ပြီးနောက် စုချန်းတို့ ဆရာတပည့်နှစ်ယောက်သည် ဝိရိယ၏အကျိုးကို စတင်ခံစားရလေပြီ။ ၎င်းမှာ ကျောက်သားကျောက်စိုင်များအကြားမှ ပြုတ်ကျလာသော ငွေကြယ်သတ္တုရိုင်းအချို့ကို စုချန်း စတင်တွေ့ရှိလိုက်ရသောကြောင့်ပင်တည်း။
သတ္တုအရိုင်းတုံးသည် လက်သီးဆုပ်အရွယ်ခန့်သာရှိပြီး မျက်နှာပြင်တခုလုံးကို ငွေရောင်အစက်အပြောက်များနှင့် ဖုံးလွှမ်းထား၏။ အနေအထားအရ သူရရှိလိုက်သည့် အရိုင်းတုံးတွင် ပါဝင်မည့် သတ္တုပမာဏမှာ သိပ်မများလောက်ဟု စုချန်းက ယူဆလိုက်သည်။ လက်ရှိခေတ်တွင် ကျောက်သားများနှင့် ပူးကပ်နေတတ်သည့် သန့်စင်သော ငွေကြယ်သတ္တုတို့ကို များများစားစား ခွဲထုတ်နိုင်စွမ်း မရှိသေး။
ရရှိလာသော အရိုင်းတုံးကို လက်ထဲတွင် ဆကြည့်ရင်း စုချန်းက စိတ်ပျက်လက်ပျက်နှင့် ရယ်မောလိုက်သည်။
"ဟား ဟား ဟား ထင်ထားတာထက်တောင် အတော်လေး ဆိုးနေတဲ့ နေရာပဲ ဒီမှာ ဆက်နေလို့တော့ ဘာမှ ထူးလာမဲ့ပုံမပေါ်ဘူး ကျုပ်တို့ နေရာပြောင်းပြီး စမ်းကြည့်ကြတာပေါ့"
ထို့နောက် စုချန်းသည် သံမဏိကိုခေါ်ရင်း ထိုနေရာမှ ထွက်ခွာလာခဲ့၏။ ထိုအချိန်မှစ၍ သူတို့နှစ်ယောက်သည် မိုင်းတွင်းတလျှောက် ဖောက်လုပ်ထားသော လမ်းများအတိုင်း ရည်ရွယ်ချက်မဲ့စွာ သွားလာရင်း တူးဖော်နေကြတော့သည်။ တရက်တာကုန်ဆုံးသွားပြီးနောက် စုချန်းသည် သူရရှိထားသော ငွေကြယ်သတ္တုရိုင်းများအားလုံးကို စနစ်တကျ ရေတွက်ထုပ်ပိုးလိုက်၏။ သူရရှိထားသော ပမာဏမှာ သိပ်မများလှသော်လည်း လက်သင့်ခံနိုင်သော အနေအထားဖြစ်သည်။ ဤနေရာသို့ သူရောက်လာသည်မှာ အနီရောင်ပြစ်ဒဏ်ကာလ ကုန်ဆုံးသည်အထိ အချိန်ဖြုန်းရင်း ကံစမ်းရန် ဖြစ်သည်။ ထို့ကြောင့် ရရှိလာသော သတ္တုရိုင်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူ့အတွက် ပြသနာမဟုတ်။
မည်သို့ဆိုစေ နောက်ဆုံးတွင်ကား သူသည် သံမဏိ၏ အလုပ်လုပ်နိုင်စွမ်းကို ကြိတ်၍ ချီးကျူးမိတော့သည်။ ၎င်းတယောက်တည်း၏ တနေ့တာလုပ်အားသည် သာမာန်လူသုံးဦး၏ တနေ့တာလုပ်အားနှင့် ညီမျှနေသည် မဟုတ်ပါလား။ အကြောင်းမှာ သံမဏိ၏ အလုပ်လုပ်နိုင်စွမ်းကြောင့် စုချန်းအတွက် မြေကြီးပေါ်သို့ ပြုတ်ကျလာသော ကျောက်သားများကိုသာ စစ်ဆေးရန် လိုအပ်တော့ရာ လူသက်သာသကဲ့သို့ အချိန်များစွာ ပိုလာ၏။ ထို့ကြောင့် စုချန်းအဖို့ ကျန်သော အားလပ်ချိန်များတွင် ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းကို ဆက်လက်လေ့ကျင့်နိုင်ခဲ့လေသည်။ ၎င်းမှာ သံမဏိ၏ အရည်အချင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် စုချန်းအဖို့ ရရှိသော သတ္တုပမာဏ အလွန်နည်းသော်လည်း သက်တောင့်သက်သာရှိပြီး လွတ်လပ်ပေါ့ပါးသော ခံစားချက်များကို ဒင်ပြည့်ကျပ်ပြည့် ခံစားနေရတော့၏
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် တူးဖော်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် သံမဏိကိုခေါ်ပြီး ထွက်ခွာလာခဲ့၏။ လုပ်ငန်းခွင်နေရာသို့ရောက်သည်နှင့် သံမဏိသည် လက်စွဲတော် ပေါက်ချွန်းကြီးကိုကိုင်ကာ အလုပ်စတော့သည်။ ၎င်းသည် ခွန်အားအလွန်ကြီးမားလှသည်ဖြစ်ရာ ပေါက်ချွန်းထိချက်တိုင်းဝယ် မြောက်များလှစွာသော ကျောက်ဆိုင်ကျောက်သားများနှင့် မြေသားများ ပြုတ်ကျလာနေ၏။ ထိုအခိုက်မှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနက်ကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံး ဖုန်မှုန့်များနှင့် ဖုံးလွှမ်းသွားတော့သည်။
ဖုန်မှုန့်များစဲသွားသည်နှင့် ဆရာတပည့်နှစ်ဦးသည် အသံထွက်ပေါ်ရာနေရာကို ပြူးပြဲကြည့်လိုက်ကြ၏။ အလွန်ကြီးမားကျယ်ပြန့်သော နေရာကွက်လပ်ကြီးတခုသည် သူတို့နှစ်ဦးအား ဆီးကြိုလျက် ရှိလေသည်။
မြတ်စွာဘုရား။ သံမဏိ၏ နောက်ဆုံးပေါက်ချွန်းထိချက်သည် တခြားကမ္ဘာတခု၏ ဝင်ပေါက်ကို ဖွင့်လိုက်မိလေသလား။ ကယ်တော်မူပါ။