နွားချေးပိုး
Vol. 6 Ch. 60
ကျောက်သလင်းမီးအိမ်မှ ထွက်ပေါ်နေသော အလင်းတန်းများကြောင့် မြင်ကွင်းတခုလုံးကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရ၏။ ၎င်းမှာ အလွန်ကြီးမားကျယ်ဝန်းသော နေရာကွက်လပ်ကြီးတခု ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ကမ္ဘာမြေအောက်ဆီမှ တိုးထွက်လာသော တောင်ကြီးတလုံးနှင့် တူနေပြန်၏။ ကြီးမားကျယ်ဝန်းသော ကွက်လပ်ကြီး၏အလယ်ဗဟိုတွင် ချိုင့်ကြီးတချိုင့် ဖြစ်ပေါ်နေပြီး အဆိုပါချိုင့်ကြီးအတွင်း အရိုးစုတချို့ကိုလည်း စုချန်းတို့ တွေ့မြင်နေရလေသည်။ ၎င်းအရိုးစုများသည် သားရဲတိရိစ္ဆာန်များ၏ အရိုးပေလော၊ သို့တည်းမဟုတ် လူသားများ၏ အရိုးပေလော ဟူသည်ကိုတော့ မြင်ကွင်းကန့်သတ်ချက်ကြောင့် ခွဲခြားရန် ခက်လှ၏။
စုချန်းက အတွင်းသို့လျှောက်ဝင်ရင်း ပြောလိုက်သည်။
"ကျုပ်တို့တော့ ဘယ်သူမှမရောက်ဖူးသေးတဲ့ နေရာတနေရာကို ရောက်လာကြပြီနဲ့တူတယ်ဗျို့"
"ကျွန်တော်လဲ ဒီလိုပဲထင်ပါတယ် သခင် ဒါပေမဲ့ ဒီနေရာကိုကြည့်ရတာ ဘာတန်ဖိုးမှ ရှိမယ်မထင်ပါဘူးဗျာ"
သံမဏိက ရိုးရိုးရှင်းရှင်းပင် သူ၏ ထင်မြင်ယူဆချက်ကို ပြောလိုက်၏။
"ခင်ဗျားပြောတာ ဟုတ်မယ်မထင်ဘူးဗျ"
စုချန်းက ကျောက်သလင်းမီးအိမ်ကို ကိုင်ကာ နံရံများကို အကဲခတ်ရင်း ပြောလိုက်သည်။ တနေရာအရောက်တွင် သူက နံရံကို လက်ညိုးထိုးရင်း သံမဏိကို အမိန့်ပေးလိုက်၏။
"ကိုင်း အဲဒီနေရာကို တူးကြည့်စမ်းဗျာ"
သံ်မဏိကား အလွန်အမိန့်နာခံတတ်သူဖြစ်သည်။ သူက ပေါက်ချွန်းကိုကိုင်ရင်း စုချန်းညွှန်ပြသော နံရံဆီသို့ လျှောက်သွားလိုက်၏။ သိပ်မကြာမီပင် တူးသံဆွသံများသည် နံရံများကို ပဲ့တင်ရိုက်ခတ်ရင်း ပြန်လည်ထွက်ပေါ်လာတော့သည်။ တူး၍ဆွ၍ မကြာမီပင် သံမဏိသည် ငွေကြယ်သတ္တုရိုင်းတချို့ ရရှိအောင် ကြိုးစားနိုင်ခဲ့၏။ ဤတကြိမ်ရရှိခဲ့သော အရိုင်းတုံးမှာကား အလွန်အရည်အသွေးကောင်းလှကြောင်း မည်သူမဆို အလွယ်တကူ ပြောနိုင်လောက်၏။ အကြောင်းမှာ ၎င်း အရိုင်းတုံးသည် အလွန်ဖြူဖွေးသော အလင်းရောင်များ တောက်ပနေသောကြောင့်ပင်။
သံမဏိတယောက် အလွန် စိတ်ဓာတ်တက်ကြွသွား၏။ သူက ယခင်ကထက်ပို၍ အားသွန်ခွန်စိုက်နှင့် အလုပ်လုပ်တော့သည်။ သိပ်မကြာမီ နောက်ထပ် သတ္တုအပိုင်းအစတချို့ကို ထပ်မံတွေ့ရှိလိုက်ရပြန်၏။ ဆရာတပည့်နှစ်ဦးမျာ အလွန် ဝမ်းသာအားရ ဖြစ်နေကြ၏။ အလားအလာမှာ အထူးပင် ကောင်းမွန်လျက် ရှိနေသည် မဟုတ်ပါလား။
အပြင်ဘက် ကျောက်သားအလွှာကို ထွင်းဖောက်ပြီးသည့် နောက်တွင်ကား ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးနှင့် တည်ရှိနေကြသော ငွေကြယ်သတ္တုများကို သူတို့နှစ်ယောက်လုံး တွေ့ရှိလိုက်ရတော့သည်။ တနာရီခန့်အကြာ သူတို့စုဆောင်းမိသော သတ္တုများသည် ယခင်ရက်များက သူတို့ရရှိခဲ့သော သတ္တုများ အားလုံးပေါင်းထားသည်ထက်ပင် များနေသေး၏။ ဤနေရာတွင် ရှိနေသောငွေကြယ်သတ္တုများမှာကား များပြားရုံတင်မက အလွန် သန့်စင်၏။ စုချန်းက သတ္တုရိုင်းတတုံးကို ကောက်ယူရင်း ခန့်မှန်းလိုက်သည်။ သူ့လက်ထဲရှိ သတ္တုအရိုင်းတုံးဝယ် ငွေကြယ်သတ္တု အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့်တော့ ရှိပေလိမ့်မည်။
အရိုင်းတုံးတတုံးဝယ် ငွေကြယ်သတ္တု သုံးဆယ်ရာခိုင်နှုန်း ပါဝင်နေကတည်းတော်ရုံတန်ရုံ အရည်အသွေးမျိုးမဟုတ်။ တကဲ့ ထိပ်တန်းအရိုင်းတုံးမှန်း သိသာထင်ရှားနေ၏။ အရိုင်းတုံး၏ အရည်အသွေးကိုကြည့်ရင်း စုချန်းကိုယ်တိုင် မှင်သက်အံ့သြမိတော့သည်။ ထိုအခိုက်မှာပင် မြေကြီးက ရုတ်တရက် တုန်ခါသွား၏။ တုန်ခါမှုမှာ အထူးတလည် မပြင်းထန်လှ။ မသိမသာ တုန်ခါသွားခြင်းမျိုးသာဖြစ်သည်။ သို့သော် အဆိုပါတုန်ခါမှုကို စုချန်းနှင့် သံမဏိတို့နှစ်ယောက်လုံး သိသိသာသာ ခံစားလိုက်ရ၏။
မြေငလျင်တခုများ လှုပ်ရမ်းခြင်းပေလား။ ဤသို့သာဆိုလျင် အရာဝတ္တုများအားလုံးသည် တပြေးညီ တုန်ခါနေပေလိမ့်မည်။ မြေကြီးက နောက်တကြိမ် ထပ်မံတုန်ခါသွားပြန်သည်။ ဤတကြိမ်တွင်ကား တုန်ခါမှုသည် မြေငလျင်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်မှန်း စုချန်းတယောက် ကျကျနန သဘောပေါက်လိုက်၏။ အကြောင်းမှာ တုန်ခါမှုသည် ပို၍ ပြင်းထန်လာပြီး ဦးတည်ရာလမ်းကြောင်းတခုအတိုင်း ရွေ့လျားလာသောကြောင့်ပင်။
အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် စုချန်းတယောက် ဝုန်းခနဲ နောက်သို့ခုန်ဆုတ်လိုက်၏။ သူ့ကိုယ်ခန္ဓာသည် ဖက်ရွက်လေးတခုပမာ လေထဲသို့ လွင့်ထွက်သွား၏။ ထိုအခိုက်မှာပင် သူ မူလရပ်နေခဲ့သော နေရာသို့ အလွန်ကြီးမားလှသော အစွယ်ကြီးနှစ်ချောင်းက ထိုးစိုက်လာကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။ အကယ်၍ သူသာ လက်မတင်လေး နောက်ကျသွားပါက ထိုအစွယ်နှစ်ချောင်း၏ ထိုးစိုက်မှုကြောင့် သူ့ကိုယ်ခန္ဓာသည် နှစ်ပိုင်းပြတ်သွားပေလိမ့်မည်။
ကောက်ရိပ်ဓားပမာ ထက်မြက်ချွန်မြနေဟန်တူသော အစွမ်နှစ်ချောင်းသည် လေထဲသို့ ဝုန်းခနဲ တိုးထွက်လာ၏။ အစွယ်များ လေထုကို ဖြတ်သန်းသွားသည်အချိန်တွင် ကြောက်မက်ဖွယ်ရာ အသံနက်ကြီးများ ပေါ်ပေါက်လာသည်။ ထိုအခါမှ စုချန်း သဘောပေါက်လိုက်သည်။ ကြောက်မက်ဖွယ် အစွယ်နှစ်ချောင်းသည် မိုးပေါ်မှကျလာခြင်းမဟုတ်။ မြေကြီးအောက်မှ တိုးထွက်လာခြင်းပေတကား။
တဆက်တည်းမှာပင် မြေကြီးများ ဖွာခနဲဖြစ်သွားပြီး မြေအောက်မှ အလွန်ကြီးမားသော မေးရိုငေါငေါကြီးတခု တိုးထွက်လာ၏။ အနှီမေးရိုးကို ဤအတိုင်း မြင်တွေ့နေရသည်ကပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ၎င်း၏ပါးစပ်အတွင်းဝယ် ချွန်ထက်နေသော သွားများနှင့် ပြည့်နှက်နေပြီး မကြာခန အကျိအချွဲများကို မှုတ်ထုတ်နေရာ ထိုအကျိအချွဲများကြောင့် ကျောက်စိုင်ကျောက်သားများပင် အရည်ပျော်ကျနေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ စုချန်း ကနဦး မြင်တွေ့လိုက်ရသော အစွယ်နှစ်ချောင်းမှာ ၎င်း၏ မေးရိုးအတွင်းမှ တိုးထွက်နေခြင်းဖြစ်သည်။ ၎င်း၏ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေသည့်အချိန်တွင်ကား အသံမျိုးစုံ ထွက်ပေါ်နေ၏။
အနှီ စက်ဆုပ်ရွံရှာဖွယ်ရာ သတ္တဝါသည် မြေအောက်မှ တဖြည်းဖြည်း တွားရင်း မြေပေါ်သို့ တိုးထွက်လာ၏။ ကြောက်မက်ဖွယ်ရာ မေးရိုးများ၊ ချွန်မြနေသည့်သွားများနှင့် ကြီးမားလှသော အစွယ်ကြီးနှစ်ချောင်းအပြင် ၎င်း၏ နောက်ကျောပိုင်းတွင် ထူထဲမာကျောသော အခွံမာတခုရှိနေ၏။ အခွံမာအပေါ်တွင်ကား တောင်ပံများ အသီးသီး ရှိနေကြသည်။
ပုံသဏ္ဍန်အရ ယုံမှားသံသယဖြစ်နေစရာ မလိုတော့။ အနှီသတ္တဝါကြီးသည်ကား နွားချေးပိုးကြီးတကောင်ပင် ဖြစ်လေတော့သတည်း။ သို့သော်ငြားလည်း ဤမျှကြီးမားလှသော နွားချေပိုးမျိုးကို စုချန်းတသက်နှင့်တကိုယ် မမြင်ဖူး။ ၎င်း၏ပါးစပ်သည် လူတယောက်ကို အသာအယာ မြိုချနိုင်ဟန်ရှိပြီး သံမဏိကိုပင် ပြားပြားဝပ်သွားအောင် ပြုလုပ်နိုင်မည့်သဘောတွင် ရှိ၏။
"ဘာလဲဟ ဘာကောင်ကြီးလဲ"
စုချန်း၏ပါးစပ်မှ အံ့သြတကြီးနှင့် ရေရွတ်သံပေါ်လာ၏။ သံမဏိတယောက်မှာလည်း ပါးစပ်အဟောင်းသားနှင့် ဖြစ်နေခဲ့လေပြီ။
ထိုအခါ စုချန်းသည် လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားကို ဖြေးညှင်းစွာ ဆွဲထုတ်ပြီး ကြောက်စရာ ပိုးမွှားကောင်ကြီးရှိရာသို့ ညွှန်ပြလိုက်၏။ သို့သော် နွားချေးပိုးကောင်ကြီး၏ နောက်ထပ်လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောအခါ စုချန်းတယောက် စကားမပြောနိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ အကြောင်းမှာ အနှီသတ္တဝါသည် စုချန်းတို့နှစ်ယောက်ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် သဘောမထားပဲ ငွေကြယ်သတ္တုရိုင်းများအတွင်းသို့ခုန်ဝင်ကာ ၎င်း၏ ကြီးမားလှသော ပါးစပ်ကိုဖွင့်ရင်း အားရပါးရ စားသောက်နေသောကြောင့်ပင်။
နွားချေးပိုးကောင်ကား အစားကြီးလှ၏။ မကြာသေးမီကမှ သံမဏိတယောက် ကြိုးစားပမ်းစား တူးဖော်ထားသော သတ္တုအရိုင်းတုံးများကိုပင် ချမ်းသာမပေးပဲ တဂျိုးဂျိုးတဂျွတ်ဂျွတ်နှင့်မြည်အောင် ဝါးစားပစ်လိုက်၏။
"လက်စသတ်တော့ ဒီကောင်ကြီးက ငါတို့ကို ရန်ရှာဖို့လာတာမှ မဟုတ်ဘူး အစားငမ်းပြီး ရောက်လာတာကိုး"
နွားချေးပိုးကောင်ကြီး ရောက်လာသည့် အကြောင်းတရားကို စုချန်း နားလည်သဘောပေါက်သွားလေပြီ။ ငွေကြယ်သတ္တုရိုင်းများသည် အလွန်အဖိုးတန်သည်ဟု ဆိုသော်လည်း သူ့အသက်နှင့်စာလျင်ကား ဖွဲနှင့်ဆန်ကွဲဟုသာ စုချန်းက သဘောထား၏။ မြင်တွေ့နေရသည့်အတိုင်း နွားချေးပိုးကောင်ကြီးက သူတို့အား ဂရုမစိုက်သည်ကို မြင်တွေ့ရသောအခါ စုချန်းက သက်ပြင်းကို ကြိတ်၍ချလိုက်၏။
နွားချေးပိုးကောင်ကြီး၏ အဆင့်အတန်းမှာ နှယ်နှယ်ရရ မဟုတ်။ ၎င်း၏ကိုယ်ခန္ဓာပေါ်တွင် အလွန်သိပ်သည်းလှသော မူလစွမ်းအင်များကို စုချန်း အတိုင်းသားတွေ့မြင်နေရ၏။ ၎င်း၏ သိပ်သည်းဆမှာလည်း သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင် သုံးယောက်၏ မူလစွမ်းအင် သိပ်သည်းဆထက် မနိမ့်လှ။ ဤသို့သုံးသပ်နိုင်သည်မှာ သူ့မျက်လုံး၏ စွမ်းရည်အသစ်ကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် စုချန်းသည် တဖက်လူ၏ မူလစွမ်းအင် သိပ်သည်းမှုကို မြင်ရုံနှင့် ထိုလူ၏ ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းမှုအခြေအနေကို မှန်ကန်စွာ ကောက်ချက်ချနိုင်ခဲ့ပြီ ဖြစ်သည်။
ဤသို့ ခန့်မှန်းနိုင်ခြင်းသည် တိုက်ပွဲဝင်ရာတွင် အသုံးမတည့်သော်လည်း တဖက်လူ၏ အရည်အချင်းကို ကြိုတင်ခန့်မှန်းနိုင်သဖြင့် အချည်းနှီး အရည်အချင်းမျိုးကား မဟုတ်။
နွားချေးပိုးကောင်ကြီး၏ အဆင့်အတန်းသည် သွေးဆူပွက်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာအတွင်းဝယ် ရှိလိမ့်မည်ဟု စုချန်းက ခန့်မှန်းလိုက်သည်။ သူ့အနေနှင့် ဤကဲ့သို့သော သတ္တဝါမျိုးနှင့် တိုက်ခိုက်ရန် ဆန္ဒမရှိလှသည်ကတော့ အမှန်ပင်။
ထိုအခိုက်မှာပင် အတော်လေး ဒေါသထွက်နေဟန်ရှိသည့် အသံတသံ ပေါ်ထွက်လာ၏။
"အသုံးမကျတဲ့ အမှိုက်သရိုက်ကောင် အစာမြင်တာနဲ့ ကိုယ့်ရဲ့ မူလရည်ရွယ်ချက်ကို မေ့သွားပြန်ပြီ ဟုတ်လား ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတာ မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး မင်းရဲ့ အသုံးမကျတဲ့ ဦးနှောက်က သတ္တုတွေ စားဖို့လောက်ပဲ သိတယ် ထွီ"
စကားသံနှင့်အတူ အမှောင်ထုအတွင်းမှ လူတယောက် ထွက်ပေါ်လာ၏။ သိပ်မကြာမီ ထိုလူသည် သလင်းကျောက်မီးအိမ်၏ အလင်းရောင်အောက်သို့ ရောက်ရှိလာသည်။ ထိုလူသည် တကိုယ်လုံး အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာသည်လည်း အမှောင်ရိပ်အတွင်းသို့ ကျရောက်နေလေရာ ပုံသဏ္ဍန်ကို ကွဲကွဲပြားပြား မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည်။ သို့သော် အတော်လေး အိုမင်းရင့်ရော်နေသူ တယောက်မှန်းကား သိသာလှ၏။
ထိုလူ၏ လက်ထဲတွင်ကား သစ်သားတောင်ဝှေးတချောင်းကို ကိုင်စွဲထား၏။ တောင်ဝှေးထိပ်တွင် မီးတောက်နေသကဲ့သို့ နီရဲသော အဖိုးတန်ကျောက်မျက်တလုံးကို တပ်ဆင်ထားလေသည်။ ထိုလူ၏ကိုယ်ခန္ဓာမှ အမှောင်ထုနှင့် အတိတ်နမိတ်မကောင်းသော အငွေ့အသက်များ ပေါ်ထွက်နေ၏။ ထိုလူ၏ ပုံစံမှာလည်း အသူတရာနက်ရှိုင်းလှသော ချောက်နက်ကြီးအတွင်းဝယ် အကျဉ်းကျနေသော အထီးကျန်ဝိညာဏ်နတ်ဆိုးတကောင်နှင့် တူလှသည်။
ထိုလူကိုကြည့်ရင်း စုချန်း၏ရင်ထဲတွင် မသိမသာ လှုပ်ရှားသွား၏။
နွားချေးပိုးကောင်ကြီး၏ရှေ့သို့ရောက်သည်နှင့် အဖိုးကြီးသည် လမ်းလျှောက်ခြင်းကိုရပ်တန့်ပြီး စုချန်းကိုကြည့်ရင်း အေးစက်သောလေသံနှင့် ပြောလိုက်သည်။
"ဒီနေရာရဲ့ ဝင်ပေါက်ကို လူတွေ သိသွားမှစိုးလို့ ငါ့မှာ အတော်လေး ခက်ခက်ခဲခဲနှင့် ပိတ်ဆို့ခဲ့ရတယ် ခုတော့ မင်းရဲ့ လောဘတကြီး တူးဆွမှုကြောင့် ဝင်ပေါက် ပွင့်သွားခဲ့ရပြီ ချမ်းသာကြွယ်ဝခြင်းဟာ မင်းရဲ့မျက်လုံးကို ကန်းသွားစေနိုင်တယ်ဆိုတာ သိရဲ့လား ဒီကနေ့ ဒီနေရာကို ရောက်လာတဲ့အတွက် မင်းအနေနဲ့ ပြန်လမ်းမရှိတော့ဘူး"
အခြေအနေမှာ မဟန်တော့။ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်မည့် အနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။ စုချန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး တိမ်တိုက်ခြေလှမ်းဖိနပ်များကို တိတ်ဆိတ်စွာ နှိုးဆွလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"အဖိုး ကျွန်တော်ဟာ မမျှော်လင့်ပဲ ဒီနေရာကို ရောက်ရှိလာခဲ့သူပါ တကယ်လို့ ဒီနေရာဟာ အဖိုးရဲ့ပိုင်နက်ဆိုရင်လည်း ကျွန်တော့ကို ခွင့်လွှတ်ပါ ကျွန်တော် ပြန်ထွက်သွားပါ့မယ်"
အဖိုးအိုက အသံမထွက်ပဲ ရယ်မောလိုက်သည်။
"ပြန်ထွက်သွားမယ် ဟုတ်လား အပြင်ကိုရောက်တာနဲ့ ဒီနေရာအကြောင်း တခြားလူတွေကို လိုက်ပြောတော့မယ်ဆိုတာ ငါမသိဘူးများ မှတ်နေလား"
"ကျွန်တော့အနေနဲ့......"
စုချန်း၏စကားမှာ အဆုံးသတ်ခွင့် မရလိုက်ပါ။ အဖိုးအိုက စကားဖြတ်ကာ ဒေါသတကြီးနှင့် အော်ဟစ်လိုက်ခြင်းကြောင့် ဖြစ်သည်။
"ကတိပေးပါမယ်တို့ ကျိန်ဆိုပြပါ့မယ်တို့ ပြောမလို့မဟုတ်လား တိတ်စမ်း မင်းတို့လူသားတွေဟာ ဘာရည်ရွယ်ချက်မှမရှိပဲ အလကားနေရင်း ကတိတလုံးကို အလွယ်တကူ ပေးနေကြတာပဲ အတိတ်မှာ မင်းတို့တတွေဟာ ဒီကတိတွေကို အလွယ်တကူ ချိုးဖောက်ခဲ့တာကို သမိုင်းက သက်သေပြပြီးသား မင်းတို့တတွေဟာ ယုံကြည်ဖို့မသင့်တဲ့ မျိုးစိတ်တွေပဲ"
အထက်ပါ စကားလုံးများကို ကြားလိုက်ရသောအခါ စုချန်း အတော်လေး စိတ်ပျက်သွား၏။ ပြောပုံဆိုပုံအရ အဖိုးကြီးသည် လူသားတယောက် ဟုတ်ပုံမရ။ ထိုအခိုက်မှာပင် စုချန်းက တစုံတရာကို သတိထားမိလိုက်သည်။ ၎င်းမှာ အဖိုးကြီး၏အရပ်သည် သူ့ထက် အတော်လေး ပုနေခြင်းပင်။ အဖိုးကြီး၏ အရပ်သည် စုချန်း၏ ပုခုံးစွန်းမျှသာ ရှိ၏။ ဤအချက်သည် ယေဘုယျအားဖြင့် မထူးဆန်းဟု ဆိုနိုင်သော်လည်း ကနဦး အဖိုးကြီးပြောဆိုခဲ့သော စကားများနှင့် ဆက်စပ်လိုက်သောအခါ ဤအဖိုးကြီးသည် သချာပေါက် စုချန်းတို့ လူသားမျိုးစိတ်များထဲမှ မဟုတ်မှန်း သိသာနေခဲ့လေပြီ။
အဖိုးကြီးနှင့် အရွယ်အစားတူမည့် မျိုးစိတ်ဟူ၍ မည်သည့်မျိုးစိတ်များ ရှိလေသနည်း။ စုချန်း မတွေးတတ်တော့။
စုချန်း မှတ်မိသလောက် မျိုးစိတ်အတော်များများသည် လူသားများထက် အရပ်ရှည်ပြီး ကြမ်းတမ်းကြသည်သာ။ လမင်းစန္ဒာမျိုးစိတ်များသည် ရှည်လျားကြသလို တောင်ပေါ်နေမျိုးစိတ်များသည်လည်း အရပ်ရှည်ကြ၏။ တောင်ရိုးကမ်းပါးမျိုးစိတ်များသည်ကား မာကျောကြံ့ခိုင်ကြ၏။ သတ်ဖြတ်သူမျိုးစိတ်များသည်ကား ရက်စက်ကြမ်းကြုတ်ကြပြီး လူပျံတော်မျိုးစိတ်များသည်ကား ပျံသန်းနိုင်သော အတောင်များကို ပိုင်ဆိုင်ထားကြ၏။ ဝိညာဏ်မျိုးစိတ်များသည်ကား အကောင်အထည်ဟူ၍ မရှိကြ။ ပင်လယ်လူသားမျိုးစိတ်များကိုမူကား ဖော်ပြရန် ခဲယဉ်းလှသည်။ မူလကမ္ဘာကြီး၏ အသိညဏ်ရှိ မျိုးစိတ် လေးဆယ့်ခြောက်မျိုးအနက် လူသားများကဲ့သို့ ကိုယ်ခန္ဓာသေးငယ်သော မျိုးစိတ်ဟူ၍ လက်တဆုပ်စာခန့်သာ ရှိလေသည်။
ဤသို့ဆိုလျင် ဤအဖိုးကြီးသည် လက်သမားမျိုးစိတ်များထဲမှ တယောက်ပင် ဖြစ်နေမည်လော။ မဖြစ်နိုင်ဟုတော့ ယတိပြတ်ပြော၍မရ။
စုချန်းခမျာ သူ့အတွေးကို အဆုံးသတ်အောင် တွေးခွင့်မရလိုက်။ အကြောင်းမှာ အဖိုးကြီးသည် သူ့လက်ထဲရှိ သစ်သားတုတ်ကိုမြောက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းကြောင့် ဖြစ်သည်။
"ဟေ့ လူသားမျိုးနွယ် သေဖို့သာပြင်ပေတော့ ငါ့ရဲ့ မီးလျံလက်နက်ကို မြည်းစမ်းကြည့်စမ်းဟေ့"
သူ့စကားဆုံးသည်နှင့် လေထုအတွင်းဝယ် စက်လုံးပုံသဏ္ဍန် ကြီးမားသော မီးတောက်မီးလျံ အစုအဝေးတခုသည် ဝုန်းခနဲပေါ်လာကာ စုချန်းဆီသို့ တဟုန်ထိုး ပျံ့လွင့်လာတော့သည်။ ရုတ်တရက်မို့ စုချန်း လန့်ဖြတ်သွား၏။ သို့သော် ကျေးဇူးတင်စရာကောင်းသည်မှာ သူသည် အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ မီးတောက်မီးလျံအလုံးကြီး ပေါ်လာသည်နှင့်တပြိုင်နက် စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အသုံးပြုကာ လေထုအတွင်း ပျံသန်းရင်း ရှောင်တိမ်းလိုက်၏။ မီးလုံးကြီးသည် စုချန်း မူလမတ်တပ်ရပ်နေသော မြေပြင်ကို ဝုန်းခနဲထိမှန်ကာ မီးလျံများ ပတ်ဝန်းကျင်တခုလုံးသို့ ပျံ့နှံ့သွား၏။
အဖိုးအိုသည် စုချန်း၏တုံ့ပြန်မှု ဤမျှအထိ လျင်မြန်လိမ့်မည်ဟု မျှော်လင့်မထား။ သူ၏ ပထမဆုံးတိုက်ခိုက်မှု လွဲချော်သွားသည်နှင့် အဖိုးအိုသည် ချက်ချင်းပင် သစ်သားတုတ်ကိုဝေ့ယမ်းကာ နောက်ထပ် မီးလုံးတလုံး ပစ်လွှတ်တိုက်ခိုက်လိုက်ပြန်၏။ စုချန်းကလည်း အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိ။ အဖိုးအို၏ တိုက်ခိုက်မှုကို မြွေခြေလှမ်းကွက်များ အသုံးပြုကာ ထပ်မံရှောင်တိမ်းလိုက်ပြန်သည်။ ထိုသို့ ရှောင်တိမ်းနေရင်းမှ သူက အလွန် အံ့သြနေသော လေသံနှင့် အော်ဟစ်ပြောဆိုလိုက်၏။
"လက်စသတ်တော့ အဖိုးက အာကင်နစ်လူမျိုးထဲက ကြွင်းကျန်ရစ်တဲ့ လူတယောက်ပဲကိုး"
အဖိုးအိုကား စုချန်း၏စကားကို တုံ့ပြန်ခြင်းမရှိ။ နောက်ထပ် မီးလုံးတလုံးနှင့် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။