← Chapters

အာကင်နာမျိုးစိတ်၏ ကြွင်းကျန်သူ ၂

Vol. 7 Ch. 62

အာကင်နာမျိုးစိတ်၏ ကြွင်းကျန်သူ ၂

Vol. 7 Ch. 62

အာကင်နာအဖိုးအိုသည်ကား အလွန်အိုမင်းနေခဲ့ပေပြီ။ ထို့ပြင် အာကင်နာမျိုးစိတ်ဟူသည် အပြင်ခွန်အား ချိနဲ့သူများဖြစ်လေရာ မူလကတည်းက သူ့တွင် သွားအတော်များများ မရှိရှာတော့။ သံမဏိ၏ လက်သီးချက်နောက်တွင်ကား အဖိုးအို၏ နောက်ဆုံးကြွင်းကျန်ရစ်သော သွားများပါ ကျိုးပဲ့သွားကြကုန်၏။

အဖိုးအိုသည် ဒေါသထွက်လွန်း၍ တကိုယ်လုံး တုန်ယင်နေ၏။ သူက သံမဏိကိုကြည့်ရင်း ဆဲဆိုလိုက်သည်။

"ခွေးမသား မင်းတို့မျိုးစိတ်ကများ ငါ့ကိုထိရဲတယ် ဟုတ်လား ငါက အဆင့်မြင့်မျိုးစိတ်ကွလာတာကွ မိုက်ရိုင်းစုတ်ပဲ့တဲ့ ခွေးမသား ဒီအတွက် မင်း သေကိုသေရမယ်"

တဆက်တည်းမှာပင် အဖိုးအိုသည် သူ့လက်ထဲရှိ မှော်တောင်ဝှေးကို မြှောက်ရင်း သံမဏိရှိရာသို့ ညွှန်လိုက်၏။ အာကင်နာအဖိုးအို၏ မှော်တောင်ဝှေးအစွမ်းမှာကား အံ့မခန်းပင်။ သံမဏိ၏ ပတ်ပတ်လည်တွင် မီးတောက်မီးလျံများ ပေါ်ပေါက်လာပြီး ၎င်း၏ ကိုယ်ခန္ဓာတခုလုံးသည် မီးလျံများထဲတွင် နစ်မြုပ်သွားတော့သည်။

"အား"

သံမဏိ၏ နာကျင်စွာ အော်ဟစ်သံ ပေါ်ပေါက်လာသည်။ သို့သော် အင်မတန် ခေါင်းမာပြီး သတ္တကောင်းပုံရသော အနှီ လူ့ဘီလူးကြီးသည် ခေါင်းကိုမော့ကာ အဖိုးအိုထံသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့လေရာ မီးတောက်မီးလျံများသည် သံမဏိကိုသာမကပဲ အဖိုးအိုကိုပါ ဖုံးလွှမ်းသွားတော့သည်။

"ခွေးမသား လွှတ်လိုက်စမ်း"

အဖိုးအိုသည် ကြောက်လန့်တကြားနှင့် အော်ဟစ်ဆဲဆိုလိုက်သည်။ မီးတောက်မီးလျံများသည် သူ့ကိုပါ တောက်လောင်လျက်ရှိလေရာ သူ့အနေနှင့် မူလစွမ်းအင်မီးလျံများကို ရုတ်သိမ်းရန်မှတပါး အခြားမရှိတော့။ သို့ရာတွင် သံမဏိကား အဖိုးအို၏ လက်ကို ဆက်လက်ဆုပ်ကိုင်ထား၏။ တောင်ရိုးကမ်းပါးအနွယ်အဝင်တယောက်ပီပီ ၎င်းသည် ချီစွမ်းအားစုဆောင်းသည့်နယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးး။ သို့သော် အပြင်ခွန်အားမဗကား ကြောက်ခမန်းလိလိ ကြီးမားလှလေရာ အဖိုးအိုကို လွတ်ထွက်မသွားစေရန် ချုပ်ကိုင်ထားနိုင်၏။ ၎င်းသည် အဖိုးအိုကို အပြင်းအထန် လုံးထွေးသတ်ပုတ်တော့သည်။

အဖိုးအို၏မျက်နှာတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာ၏။ သူက ပြောလိုက်သည်။

"တယ်လဲသနားစရာကောင်းတဲ့ ပိုးမွှားလိုကောင်ပဲ ဒီလောက်နဲ့ ငါ့ကို ဒုက္ခပေးနိုင်မယ်များ ထင်နေတာလား"

အဖိုးအို၏စကားအတိုင်းပင် တစုံတရာသည် သူ့လက်များကို ဖမ်းချုပ်ရန် ကြိုးစားလာကြောင်း သံမဏိ တွေ့ရှိလိုက်ရသည်။ ထိုတစုံတရာမှာ တခြားတော့မဟုတ်။ လေထုအတွင်းမှ ရေဘဝဲကဲ့သို့ စွမ်းအင်လှိုင်းတခုပင် ဖြစ်သည်။ ရေဘဝဲသဏ္ဍန် စွမ်းအင်လှိုင်းသည် သံမဏိ၏လက်များကို ရစ်ပတ်ကာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သံမဏိသည်လည်း ခေသူတော့မဟုတ်။ ဝမ်းခေါင်းသံကြီးနှင့် ဒေါသတကြီးအော်ဟစ်ကာ စွမ်းအင်လှိုင်းထံမှ သူ့လက်အစုံကို ပြန်လည်ဆွဲယူရန် အကြောက်အကန် ကြိုးစားတော့သည်။

သာမာန် ခွန်အားနှင့် မူလစွမ်းအင်တို့၏ စီးချင်းထိုးပွဲဖြစ်သည်။ သို့သော် အံ့သြစရာကောင်းလှအောင် သံမဏိသည် အတော်လေး ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေ၏။ ထိုအခါ အဖိုးအိုက အနည်းငယ် အံ့သြသင့်သွားဟန်နှင့် ပြောလိုက်၏။

"အော် မင်းကိုကြည့်ရတာ သိပ်မဆိုးဘူးပဲ ဒါပေမဲ့ ဒီလောက်နဲ့ကတော့ ငါ့လက်က ဘယ်လွတ်ပါ့မလဲကွာ ဟဲ ဟဲ ဟဲ"

သူက ထူးဆန်းသောအမူအရာနှင့် ရယ်မောလိုက်ပြီး လက်ချောင်းများကို တဖြတ်ဖြတ် လှုပ်ရှားလိုက်၏။ ထိုအခါ လေထုအတွင်းမှ များပြားလှသော စွမ်းအင်လှိုင်းများ ထပ်မံပေါ်ပေါက်လာကာ သံမဏိ၏ တကိုယ်လုံးအား ဖုံးလွှမ်းသွားတော့သည်။ ထိုစွမ်းအင်လှိုင်းများသည် သံမဏိ၏ လက်များကိုသာမက ခြေထောက်များကိုပါ ရစ်ပတ်ကာ ၎င်း၏ကိုယ်ခန္ဓာအား အစိတ်စိတ် အမွှာမွှာ ဖြစ်သွားစေရန် ကြိုးစားနေ၏။ လူတယောက်အား လေးဘက်လေးတန်မှ မြင်းလေးကောင်နှင့် ဆွဲဖြဲသကဲ့သို့သော အခြေအနေမျိုး ဖြစ်သည်။ သံမဏိကား မည်သို့မျှ မတတ်နိုင်တော့။ အဖိုးအို၏ လက်ခုပ်ထဲမှရေဘဝသို့ ရောက်ရှိသွားခဲ့လေပြီ။

အဖိုးအိုသည် သံမဏိ၏အဖြစ်ကိုကြည့်ရင်း အေးစက်သော လေသံနှင့် ပြောလိုက်၏။

"မင်းကို အထင်ကြီးတဲ့အနေနဲ့ ငါ့စွမ်းအားတွေကို လိုအပ်တာထက် ပိုသုံးထားပေးတယ် ဒီလိုသေရတာ မင်းအနေနဲ့ ဂုဏ်တောင်ယူရအုံးမယ် ငါ့သွားတွေအတွက် ဒီနေရာမှာပဲ သွေးမြေကျသွားစေရမယ် ကဲ သေဖို့သာပြင်ထားပေတော့ ငမိုက်သား"

အဖိုးအိုသည် စကားဆုံးသည်နှင့် ပြုံးလိုက်သည်။ ထိုအခိုက်မှာပင် လေထုအတွင်းမှ အေးစက်သော အလင်းတန်းတခုသည် အဖိုးအိုထံသို့ ပျံ့လွင့်လာ၏။ အဖိုးအိုသည် ချက်ချင်းပင် မူလစွမ်းအင် အကာအကွယ်ကို နှိုးဆွလိုက်၏။ ပျံ့လွင့်လာသောအရာသည် အကာအကွယ်ကိုထိရင်း ပြုတ်ကျသွားတော့သည်။

ထိုအရာမှာ စုချန်းပစ်လွှတ်လိုက်သော အဆိပ်မြားတချောင်းပင် ဖြစ်သည်။ ပိုးကောင်ကြီး၏တိုက်ခိုက်မှုကို အပြင်းအထန် ရှောင်တိမ်းနေရသော စုချန်းသည် သံမဏိ၏ အသက်အန္တရာယ်ကို မြင်တွေ့ရသောအခါ မနေသာတော့ပဲ အဆိပ်မြားတချောင်းကို ပစ်လွှတ်လိုက်ခြင်းပင်။ မိမိ၏လက်နက် ပစ်မှတ်ကို မထိသည်ကိုမြင်သောအခါ စုချန်းက သက်ပြင်းကိုကြိတ်၍ချလိုက်၏။ အမှန်တော့ သူ့အနေနှင့် ယခုထက်ပို၍ အချိန်နည်းနည်းသာ စောင့်ဆိုင်းနိုင်ခဲ့လျင် အဖိုးအိုကို အနိုင်ရလောက်သည့် အခွင့်အရေးမျိုး ရလောက်ဖွယ်ရာ ရှိနေ၏။

သို့သော် အခွင့်အရေး စောင့်သည့် အချိန်ပိုင်းအတွင်းဝယ် သံမဏိတယောက် အသက်ပျောက်သွားဖွယ်ရာ ရှိ၏။ သို့သော် စုချန်းသည် တိုက်ပွဲတွင် အနိုင်ရရန် မိမိ၏လူတယောက်ကို စတေးမည့် လူစားမျိုးမဟုတ်။ သို့သော် လက်ရှိအနေထားသည် တမျိုးတဖုံ ပြောင်းလဲသွားခဲ့ပြီဖြစ်လေရာ အဖိုးအိုကို အနိုင်ရရန်ကိစ္စမှာ မဖြစ်နိုင်စရာ မဟုတ်တော့ဟု ယူဆဖွယ်ရာ ရှိနေသည်။

အမှန်အတိုင်း ဆိုရလျင် စုချန်းနှင့်သံမဏိ၏ နှစ်ယောက်ပေါင်းအင်အားသည် အဖိုးအိုနှင့် နွားချေးပိုးကောင်ကြီး၏ပြိုင်ဖက်များ ဖြစ်လောက်သည့် အဆင့်မျိုးတွင် မရှိချေ။ နွားချေးပိုးကောင်သည် အလွန်အင်အားကောင်းလှသည် ဖြစ်လေရာ တဦးချင်း တိုက်ခိုက်ရလျင်ပင် စုချန်းအဖို့ အနိုင်ရရှိရန် မဖြစ်နိုင်။ ကျေးဇူးတင်စရာကောင်းသည်မှာ ပိုးကောင်းကြီးသည် အင်အားကောင်းသလောက် အလွန်နှေးလှသည်။ ထိုအတွက်ကြောင့် စုချန်းတယောက် သက်သာနေခြင်း ဖြစ်သည်။ သို့သော် အဖိုးအိုသာ ပါလာလျင်ကား စုချန်းအဖို့ အနှေးနှင့်အမြန် အသက်ပျောက်သွားမည်သာတည်း။

ထိုအချိန်တွင် အဖိုးအိုသည် လေထဲရှိ စွမ်းအင်ရေဘဝဲလှိုင်းများကို ထပ်မံအသက်သွင်းလိုက်ပြန်သည်။ စွမ်းအင်လှိုင်းများသည် သံမဏိအားရစ်ပတ်ကာ လေထုအတွင်းသို့ ခေါ်ဆောင်သွား၏။ အဖိုးအိုသည် လူသတ်ခြင်းနှင့် ယဉ်ပါးနေပုံရ၏။ သူသည် သံမဏိအား အလွယ်တကူပင် သတ်ဖြတ်ရန် ကြံစည်နေခဲ့လေပြီ။

တဖက်တွင်လည်း နွားချေးပိုးကောင်ကြီးသည် အစွယ်ကြီးနှစ်ချောင်းကို မြောက်ကာပင့်ကာနှင့် စုချန်းကို သတ်ဖြတ်ရန် ကြိုးစားနေလေ၏။ လက်ရှိအနေအထားမှာ တောင်မင်းကိုမြောက်မင်းမကယ်နိုင်ဆိုသကဲ့သို့ ဖြစ်နေလေရာ သံမဏိ၏အသက်မှာ စက္ကန့်ပိုင်းအတွင်း သေဆုံးရပေတော့မည်။ ၎င်းကိုကြည့်ရင်း စုချန်းတယောက် ပူလောင်စွာ ခံစားလိုက်ရသည်။ သံမဏိသည် သူ့တပည့်ဖြစ်သည်။ ဤလူ့ဘီလူးကြီးအတွက် သူ့တွင် တာဝန်ရှိနေသည် မဟုတ်ပါလား။

စဉ်းစားစမ်း စုချန်း။ စဉ်းစားစမ်း။ လက်ရှိ အခြေအနေဆိုးကြီးမှ လွတ်မြောက်ရန် နည်းလမ်းတချို့တလေများ ရှိနေမလား။ စဉ်းစားစမ်း။

ထိုအချိန်တွင် နွားချေးပိုးကောင်ကြီးသည် စုချန်းဆီသို့ တရှိန်ထိုးပြေးဝင်လာပြန်၏။ ထိုအခါ စုချန်းက လျင်မြန်စွာ ရှောင်တိမ်းပေးလိုက်လေရာ ၎င်း၏ဦးခေါင်းသည် ကျောက်ဆောင်ကိုသာ ထိုးဆောင့်မိတော့သည်။ ကျောက်သားများ ပဲ့ကြွေကုန်ပြီး ငွေကြယ်သတ္တုတချို့ လွင့်စင်ကျလာ၏။ မြေကြီးပေါ်သို့ ပြုတ်ကျလာသော သတ္တုခဲကို မြင်သည်နှင့် ပိုးကောင်ကြီးသည် တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ပြီး အဆိုပါ သတ္တုခဲကို အငမ်းမရ ဝါးမြိုလိုက်၏။

အဆိုပါမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် စုချန်း၏မျက်လုံးထဲတွင် အလင်းရောင်တချို့ ဝင်းလက်သွား၏။ ဟုတ်ပေပြီ။ အစားကြူးခြင်းသည် ဤသတ္တဝါ၏ အားနည်းချက်ပေတည်း။ ထိုအခါ စုချန်းက လေဟာနယ်လက်စွပ်အတွင်းမှ ပစ္စည်းတချို့ကို ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းများမှာ တခြားတော့မဟုတ်။ သန့်စင်ထားသော ထိပ်တန်းအရည်အသွေးရှိ ငွေကြယ်သတ္တုတချို့ပင် ဖြစ်သည်။။

သတ္တုအနံ့ရသည်နှင့် နွားချေးပိုးကောင်ကြီးသည် ကြောက်မက်ဖွယ်ရာ အသံကြီးနှင့် ဟိန်းဟောက်လိုက်၏။ တိုက်ပွဲအတွင်း သူ့အခွံမာများပေါ်သို့ ဆယ်ကြိမ်ထက်မနည်းသော ဓားချက်များ ကျရောက်ခဲ့ပြီးဖြစ်သော်လည်း ပိုးကောင်းကြီးသည် ဤကဲ့သို့သောအသံနှင့် မဟိန်းဟောက်ဖူး။ ယခုတော့ ထူးထူးခြားခြား ဟိန်းဟောက်အသံပြုနေခဲ့လေပြီ။

"မင်းကြည့်ရတာ ဒါတွေကို စားချင်နေပုံရတယ် ဟုတ်လား"

စုချန်းက အော်ဟစ်မေးမြန်းလိုက်၏။ ထိုအခါ ပိုးကောင်ကြီးသည် သခင်ရှေ့တွင် ကြုံ့ကြုံ့လေး ထိုင်နေသော ခွေးတကောင်ပမာ ထိုင်ချလိုက်ရင်း တအစ်အစ်နှင့် အသံပြုနေ၏။

"ရော့ အဲဒီမှာ သွားစားပေတော့"

စုချန်းက သူ့လက်ထဲရှိ ငွေကြယ်သတ္တုရိုင်းများကို ခပ်လှန်းလှမ်းသို့ လွှင့်ပစ်လိုက်၏။ ပိုးကောင်ကြီးသည် ချက်ချင်းပင် သတ္တုအပိုင်ၤးအစများနောက်သို့ ပြေးလိုက်သွားတော့သည်။ ထိုအဖြစ်ကိုမြင်သောအခါ အာကင်နာအဖိုးအိုသည် ဒေါသအိုးပေါက်ကွဲကာ အော်ဟစ်ဆဲဆိုတော့၏။

"ဟေ့ အသုံးမကျတဲ့ အကောင် တိရိစ္ဆာန်ကောင် ပြန်လာခဲ့စမ်း"

သို့သော် အစားမက်သော ပိုးကောင်ကြီးသည်ကား သခင်လုပ်သူ၏အမိန့်ကို ဂရုမစိုက်တော့ပဲ စားစရာများနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့လေပြီ။

အဘယ်ကြောင့်ပေနည်း။ အကြောင်းမှာ အဖိုးအိုသည် အနှီ ငွေကြယ်သတ္တုစားတတ်သော နွားချေပိုးကောင်ကြီးကို လေ့ကျင့်ရာတွင် မပြီးဆုံးသေးချေ။ ထို့ကြောင့် တခါတရံတွင် သတ္တဝါကြီး၏ အစာစားလိုသော ဆန္ဒသည် လုပ်ဆောင်ရမည့် တာဝန်ကို ကျော်လွန်သွားတတ်၏။ အကယ်၍ ထိုငွေကြယ်သတ္တုများသည် သာမာန်အရည်အသွေးမျိုးသာဆိုလျင် စုချန်းအနေနှင့် ပိုးကောင်ကြီးကို ဆွဲဆောင်၍ ရကောင်းမှရပေလိမ့်မည်။ ယခုတွင်ကား အလွန်သန့်စင်ပြီး ထိပ်တန်းငွေကြယ်သတ္တုများ ဖြစ်နေကြလေရာ ပိုးကောင်ကြီးအတွက် နတ်သုဒ္ဒါတမျှ အရသာရှိသော ခဲဖွယ်ဘောဇဉ်များ ဖြစ်နေကြကုန်၏။

"သေစမ်း"

အဖိုးအိုက အားမလိုအားမရနှင့် ကျိန်ဆဲလိုက်သည်။ အခြေအနေမှာ သူ့အတွက် အလားအလာ မကောင်းတော့မှန်း သိသာနေခဲ့လေပြီ။ လက်ရှိ သူလုပ်နိုင်သောအရာမှာ ငမိုက်သား တပည့်ကျော်ကြီး စားသောက်၍ ပြီးဆုံးသည့်အချိန်ထိ ကြံ့ကြံ့ခံထားရန်သာ ရှိပေတော့သည်။ ထိုအခါ သူသည် သံမဏိအား ချုပ်နှောင်ထားသော စွမ်းအင်လက်တံများကို ပို၍တင်းကျပ်အောင် ပြုလုပ်လိုက်ပြီး ကျန်ရှိသော စွမ်းအင်တချို့ကို အကာအကွယ်အသစ်တခု ဖန်တီးထားလိုက်၏။

ထိုအချိန်တွင် စုချန်းသည် အဖိုးအို၏ အနီးသို့ ရောက်ရှိနေခဲ့လေပြီ။ သူက ညာဖက်လက်တွင် ကိုင်ထားသော ဓားကို လှပစွာ ဝေ့ယမ်းလိုက်၏။ အလင်းရောင်တချက် ဝင်းလက်သွားပြီး သံမဏိအား ထက်ခြမ်းခွဲစေရန် ကြိုးစားနေသော စွမ်းအင်လက်တံကြီးများသည် အပိုင်းပိုင်း ပြတ်ကုန်ကြ၏။ သံမဏိ၏ ကြီးမားသော ကိုယ်ခန္ဓာသည်လည်း မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာပြီး သတိမေ့သွားတော့သည်။ စုချန်း၏ နောက်ထပ်ပစ်မှတ်ကား အဖိုးအိုပင် ဖြစ်၏။

သူက ညာဖက်လက်ရှိဓားကို ဝေ့ယမ်းလိုက်ရာ လိပ်ပြာလွင့်သွားစေလောက်သည့် မိုးခြိမ်းသံကဲ့သို့ အသံများ ဖြစ်ပေါ်လာ၏။ ထိုအခိုက်မှာပင် သူ၏ ဘယ်ဖက်လက်တွင် အနက်ရောင်မျဉ်းကြောင်းဓား ပြန်လည်ပေါ်ပေါက်လာသည်။ ဓားရောင်များ ဝင်းလက်သွား၏။ စုချန်းသည် ဓားနှစ်လက်ကို တပြိုင်တည်း ဝေ့ယမ်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

အဖိုးအိုသည် အံကိုတင်းတင်းကြိတ်ရင်း တကိုယ်လုံးကို စွမ်းအင်လှိုင်းများနှင့် ကာကွယ်ထား၏။ တဆက်တည်းမှာပင် မြောက်များလှစွာသော အလင်းမြားများကို ပစ်လွှတ်လိုက်တော့သည်။

နှစ်ဖက် တိုက်ခိုက်မှုသည် လေထဲမှာပင် ထိပ်တိုက်တွေ့ဆုံမိပြီး ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံကြီးထွက်ပေါ်လာ၏။ အဖိုးအို၏ စွမ်းအင်အကာအကွယ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သူ့ကိုယ်ခန္ဓာမှ သွေးများငေါက်ခနဲ ပန်းထွက်လာ၏။ စုချန်း၏ နီလာခရမ်းဝတ်စုံမှာလည်း အလင်းမြားဒဏ်ကြောင့် ကျိုးပဲ့သွားတော့သည်။ တဆက်တည်းမှာပင် များပြားလှသော အလင်းမြားများသည် စုချန်း၏ အကာအကွယ်ကင်းမဲ့နေသော ရင်ဝသို့ စိုက်ဝင်ကုန်ကြလေရာ ၎င်း၏ ပါးစပ်မှ သွေးများပွက်ခနဲ အန်ထုတ်လိုက်၏။ အပိုဆုအနေနှင့် နံရိုးနှစ်ချောင်းပင် ကျိုးသွားသေးတော့သည်။ ပြင်းထန်သော ဒဏ်ရာများကြောင့် စုချန်း၏မျက်လုံးများသည် ပြာဝေလာကြကုန်၏။ သူ့အနေနှင့် သတိလစ်မသွားစေရန် အံကြိတ်တင်းခံထားရတော့သည်။

ထို့နောက် ရန်သူတော်ကြီးနှစ်ယောက်သည် မဟန်နိုင်ကြတော့ပဲ မြေကြီးပေါ်သို့ တပြိုင်တည်း လဲပြိုကုန်ကြ၏။ ထိုအချိန်တွင် နွားချေးပိုးကောင်ကြီးသည် ငွေကြယ်သတ္တုများကို စားသောက်ပြီးစီး၍ တိုက်ပွဲဘက်သို့ ပြန်လည်ခေါင်းလှည့်လာ၏။

"သူ့ကိုမြန်မြန်သတ်လိုက်စမ်း"

အဖိုးအိုက အော်ဟစ်အမိန့်ပေးလိုက်၏။ သို့သော် စုချန်းလက်ထဲတွင် ကိုင်ထားသောအရာများကို မြင်လိုက်ရသောအခါ အဖိုးအို စိတ်ပျက်လက်ပျက် ဖြစ်သွားပြန်၏။ အကြောင်းမှာ စုချန်း၏လက်ထဲတွင် ကိုင်ထားသောအရာမှာ ငွေကြယ်သတ္တုရိုင်း အပိုင်းအစ သုံးခု ဖြစ်နေသောကြောင့်ပင်။ ထို့နောက် စုချန်းက သတ္တုအပိုင်းအစသုံးခုကို အရှိန်ပြင်းပြင်းနှင့် ပစ်လွှတ်လိုက်၏။ ငွေကြယ်သတ္တုအပိုင်းအစသုံးခုသည် လေထဲတွင် လမ်းကြောင်းသုံးမျိုးခွဲပြီး ပျံ့လွင့်သွားလေရာ ပိုးကောင်ကြီးသည် ခွေးသားပေါက်လေးပမာ သတ္တုအပိုင်းအစများနောက်သို့ ပြေးလွှားလိုက်ပါသွားတော့သည်။

ထိုအခါ စုချန်းက အဖိုးအိုကို ထေ့လိုက်၏။

"ကဲ အခုတော့ နောက်တကြိမ် ခင်ဗျားနဲ့ကျုပ်နဲ့ပဲ ကျန်ခဲ့ပြန်ပြီ"

တဆက်တည်းမှာပင် စုချန်းသည် အံကိုတင်းတင်းကြိတ်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဓားနှစ်လက်ကို ဝေ့ယမ်းကာ အဖိုးအိုဆီသို့ ခုန်ဝင်လိုက်တော့သည်။ အဖိုးအိုသည် စုချန်း၏တိုက်ခိုက်မှုကို အမာအမာချင်း တုံ့ပြန်ရန် ခွန်အားမရှိတော့။ ၎င်းသည် လှိုင်းတခုပမာ ရုတ်တရက် ပျောက်ကွယ်သွားပြီး စုချန်း၏နောက်ကျောတွင် ပြန်ပေါ်လာ၏။ သို့သော် ထိုအဖြစ်အပျက်ကို စုချန်း ကြိုတင်မျှော်လင့်ပြီးသားဖြစ်သည်။ သူသည် ဓားများကို အဝေးသို့ ပစ်လိုက်ပြီး မီးလျံအဝေးရောက်လက်နက်ကို ဆွဲထုတ်ကာ အဖိုးအိုအား အလွန်လျင်မြန်သော အရှိန်အဟုန်နှင့် ပစ်ချလိုက်တော့သည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံသုံးချက် ထွက်ပေါ်လာပြီး ပစ်ခတ်မှုသုံးကြိမ်စလုံးသည် အဖိုးအိုအား ကျကျနနပင် ထိမှန်သွားတော့သည်။ ဒဏ်ရာများမှာ သိပ်မပြင်းထန်လှဟု ဆိုနိုင်သော်လည်း အဖိုးအို၏ကိုယ်ခန္ဓာမှာ အတော်လေးး အားနည်းနေခဲ့ပြီ ဖြစ်လေရာ ထိုဝေဒနာများကို ကြံ့ကြံ့ခံနိုင်ဖွယ်ရာ မရှိတော့။

ထိုအခါ အဖိုးအိုသည် နာကျင်စွာ အော်ဟစ်ရင်း သူ့အိမ်မွေးတိရိစ္ဆန်ကြီး ရှိနေသောဘက်သို့ ဦးတည်ကာ သုတ်ခြေတင်တော့သည်။ စုချန်းကလည်း လက်မနှေးချေ။ အနက်ရောင်မျဉ်းကြောင်းဓားကို ဆွဲကောက်လိုက်ပြီး အဖိုးအို၏ နံဘေးသို့ ပြေးကပ်လိုက်၏။ အမှန်တော့ အဖိုးအို၏လုပ်ရပ်သည် ရိုးရှင်းလှသော လှည့်ကွက်တခုသာ ဖြစ်သည်။ ၎င်းသည် စုချန်း ပြေးလိုက်လာသည်နှင့် ချက်ချင်းပင် နောက်ပြန်လှည့်ကာ မှော်တောင်ဝှေးကိုမြောက်ရင်း မီးလုံးကီးများနှင့် ပစ်ခတ်ရန် ဟန်ပြင်လိုက်၏။

သွားပြီ။ မထင်မှတ်ပဲ ဒုက္ခရောက်ပေတော့မည်။ အဖိုးအို၏ လုပ်ရပ်ကြောင့် စုချန်း ထိတ်လန့်သွား၏။ သူဝတ်ဆင်ထားသော နီလခရမ်းဝတ်စုံမှာလည်း ကျိုးပဲ့သွားပြီဖြစ်လေရာ မည်သည့်အကာအကွယ်မျှ မပေးနိုင်တော့။ တဖန် ထိုမီးလုံးများကို ရှောင်တိမ်းရန်မှာလည်း အချိန်မရတော့သလို ခုခံရန်မှာလည်း ကြီးမားသောဒဏ်ရာများကြောင့် စွမ်းအင်မပြည့်ဝတော့။

အဖိုးအို၏ပိရိလှသော ထောင်ချောက်ကြောင့် စုချန်း သေရပေတော့မည်။ လူဆိုသည်မှာ သေဘေးနှင့်ကြုံလာသောအခါ မထင်မှတ်သော စွမ်းအားများ ရုတ်တရက် ပေါ်ပေါက်လာတတ်၏။ ယခုလည်း ဤအတိုင်းပင်။ ကြောက်မက်ဖွယ်ရာ အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ စုချန်း မျက်လုံးပြူးသွား၏။ သူက ချက်ချင်းပင် ဝိညာဉ်မျက်လုံးကို အသုံးပြုလိုက်တော့သည်။

ဝိညာဉ်မျက်လုံးကြောင့် အဖိုးအို၏ ဦးခေါင်းအတွင်း၌ ပြင်းထန်သော နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး မျက်လုံးများ ပြာဝေသွား၏။ သူ၏ အငိုက်ဖမ်းတိုက်ခံရန်အကြံမှာလည်း ပျက်ပြားသွား၏။ ထိုအခိုက်အတန့်မှာပင် အဖိုးအို၏လက်ကောက်ဝတ်သည် အနက်ရောင်မျဉ်းကြောင်းဓား၏လက်ချက်ကြောင့် ပြတ်တော့သွားတော့သည်။

အဖိုးအို၏တကိုယ်လုံးသည် နတ်ပူးသကဲ့သို့ တုန်ယင်နေ၏။ သူက မြေကြီးပေါ်သို့ ပြုတ်ကျသွားသော လက်ပြတ်ကြီးကို သွေးရူးသွေးတန်းနှင့် ငုံ့ကြည့်လိုက်သည်။ ထို့နောက် အဖိုးအိုသည် ငွေကြယ်သတ္တုများကို အငမ်းမရ စားသောက်နေသော နွားချေးပိုးကောင်ကြီးကို လှမ်းကြည့်ကာ စုချန်းကို မုန်းတီးသော အမူအရာနှင့် စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

"ငါသာ အချိနည်းနည်း ပိုရခဲ့ရင် မင်း သေနေလောက်ပြီး အခုတော့...."

သူ့စကားမှာ အဆုံးသတ်ခွင့် မရလိုက်ပါ။ ဓားရောင်တချက် ဝင်းလက်သွားပြီး သူ့ဦးခေါင်းသည် အရင်းမှနေ၍ ပြတ်တောက်သွားလေတော့သတည်း။

All Chapters