ဆုတံဆိပ်များ
Vol. 7 Ch. 63
အဖိုးအို သေဆုံးသွားသည်နှင့် စုချန်းသည် ဓားကိုသိမ်းပြီး မြေကြီးပေါ်တွင် ခြေပစ်လက်ပစ်နှင့် ထိုင်ချလိုက်၏။ ဤတပွဲကား နိုင်သည်ဆိုသော်လည်း အထိနာလှ၏။ သူ့တွင် ကြီးမားလှသော ဒဏ်ရာများရခဲ့သလို အင်အားအတော်ပင် ကုန်ခန်းသွားခဲ့လေပြီ။
ထိုစဉ် အဖိုးအို၏အလောင်းကောင်မှ ကြယ်ကဲ့သို့ အလင်းမှုန်များ တိုးထွက်လာသည်ကို စုချန်း မြင်တွေ့လိုက်ရ၏။ အခြားတော့မဟုတ်။ မူလစွမ်းအင် အလင်းစက်မှုန်များပင် ဖြစ်လေသည်။ သူက ခေတ္တမျှ တွေဝေသွားသော်လည်း လက်အစုံကို မြှောက်ရင်း စွမ်းအင်အလင်းမှုန်များကို စုပ်ယူလိုက်၏။ ဤအသက်လုတိုက်ပွဲသည် စုချန်းအား ခွန်အား၏တန်ဖိုးကို သိမြင်စေခဲ့လေပြီ။
လုံလောက်သောအင်အားမရှိပဲ မည်သူမျှ အန္တရာယ်များကြားတွင် ကြာကြာအသက်မရှင်နိုင်။ မည်သည့်နေရာမှ ရသောစွမ်းအင်ပင်ဖြစ်ပါစေ၊ မူလစွမ်းအင်သည် မူလစွမ်းအင်သာဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့လေပြီ။ အမြင့်ဆုံးသောစွမ်းအင်သည် မျိုးစိတ်များအပေါ်တွင် မူမတည်ပဲ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်နေ၏။
ထိုအချိန်တွင် အစားမက်သော ပိုးကောင်ကြီးသည် စုချန်း လွှင့်ပစ်သော ငွေကြယ်သတ္တုအပိုင်းအစများကို စားသောက်၍ မူလနေရာသို့ ပြန်လာနေခဲ့ပေပြီ။ စုချန်းသည် ပိုးကောင်ကြီးအား သတိဝိရိယနှင့် စောင့်ကြည့်နေ၏။ အနှီသတ္တဝါသည် အဖိုးအိုသေဆုံးသွားသည်ကို တွေ့ရသောအခါ သူတို့ကို အန္တရာယ် ပြုမပြု မည်သူမျှ အတိအကျ ပြောနိုင်သည်မဟုတ်။
ထိုအချိန်တွင် စုချန်း၏ဒဏ်ရာများသည် လျင်လျင်မြန်မြန်ပင် သက်သာလာ၏။
ရက်စက်ကြမ်းကြုတ်ဟန်တူသော ပိုးကောင်ကြီးသည် အနီးသို့ရောက်သောအခါ အဖိုးအို၏အလောင်းကို သူ့ဦးခေါင်းနှင့် တွန်းထိုးကြည့်၏။ မည်သည့် တုံ့ပြန်မှုမှ မရသောအခါ ၎င်းသည် တဖက်သို့ လှည့်ထွက်သွားရင်း အိပ်ပျော်သွားတော့သည်။ စုချန်းကို ဖုတ်လေသည့်ငပိ ရှိသည့်ဟုပင် ယူဆပုံမရ။ ထိုဖြစ်ရပ်ကို မြင်သောအခါ စုချန်းခမျာ စကားမပြောနိုင်တော့ပဲ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် အတော်လေး စိတ်သက်သာရသွားသည်ကတော့ အမှန်ပင်။ လက်ရှိတွင် သူ အနားယူရန် အရေးတကြီး လိုအပ်နေခဲ့ပြီ မဟုတ်ပါလား။ ထိုအခါ သူက ကျိုးနေသော အရိုးတို့ကို ပြန်ဆက်ရင်း ဆေးတချို့သာက်ကာ ငြိမ်းချမ်းစွာ အနားယူနေလိုက်တော့သည်။ အနားယူသည်ဟုသာ ဆိုရသော်ကား အိပ်မပျော်လေရာ စုချန်း၏ခေါင်းထဲတွင် တိုက်ပွဲစဉ်တခုလုံးကို မျက်ဝါးထင်ထင် ပြန်လည်မြင်ယောင်လာ၏။
သူ ပူပူနွေးနွေးသတ်ဖြတ်ခဲ့သော အဖိုးအိုသည် မူလစွမ်းရည် ခြောက်မျိုးမှ ခုနှစ်မျိုးအထိ တတ်ကျွမ်းထား၏။ သို့မဟုတ် ထိုထက်ပင် ပိုနိုင်သေးသည်။ ထို့ကြောင့် သူအင်အားမှာ ပေါ့သေးသေးတော့မဟုတ်။ ဤအဆင့်ရှိသော ပုဂ္ဂိုကြီးတယောက်ကို စုချန်း ခေါင်းဖြတ်နိုင်ခဲ့သည်မှာ အကြောင်းတရား သုံးချက်ကြောင့်သာ ဖြစ်၏။
ပထမတချက်မှာ မူလကိရိယာများကြောင့် ဖြစ်သည်။ မူလကိရိယာငါးမျိုးသည် စုချန်းအား မြင့်မားသော စွမ်းအားများကို ပေးစွမ်းခဲ့၏။ အဖိုးကြီးတွင်ကား မှော်တောင်ဝှေးတချောင်းသာရှိ၏။ အဆိုပါ မှော်တောင်ဝှေးသည် မီးလုံးများ ပစ်ခတ်တိုက်ခိုက်သော မူလစွမ်းရည်ကိုသာ တို့မြှင့်ပေးနိုင်သော အထောက်အကူပြု ပစ္စည်းဖြစ်သည်။ သို့သော် အဖိုးကြီး အသုံးပြုခဲ့သော စွမ်းရည်များမှာ မီးလုံးပစ်ခတ်သော မူလစွမ်းရည်တမျိုးတည်းမဟုတ်။ ၎င်းသည် အဖိုးကြီး တိုက်ပွဲရှုံးရသော ပထမ အကြောင်းတရားပင် ဖြစ်သည်။
ဒုတိယတချက်မှာ ရှေးဟောင် အာကင်နာနည်းစနစ်များသည် အနီးကပ်တိုက်ပွဲများအတွက် ရည်ရွယ်ထားသည်မဟုတ်။ ထိုအခါ စုချန်း အနီးသို့ရောက်အောင် တိုးကပ်လာသောအခါတိုင်း အဖိုးကြီးခမျာ အတော်လေး ဒုက္ခများသွားလေ့ရှိသည်။ တဖန် သူတို့တိုက်ပွဲဖြစ်သောနေရာမှာ လှိုဏ်ဂူအတွင်း၌ဖြစ်နေလေရာ မြေအနေအထား ကန့်သတ်ချက်ရှိနေ၏။ စုချန်း၏ အနီးကပ် တိုက်ခိုက်မှုတိုင်းကို အဖိုးကြီးခမျာ ရှောင်တိမ်းရန် ခက်ခဲနေရလေသည်။
တတိယတချက်မှာကား သံမဏိ၏ တည်ရှိမှုနှင့် နွားချေးပိုးကောင်ကြီး၏ အစားကြူးမှုတို့ဖြစ်သည်။ ထိုအချက်ကြောင့် အဖိုးကြီးသည် စုချန်းအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းပင်။
အထက်ပါ သုံးချက်ကြောင့် အဖိုးကြီးခမျာ ခေါင်းနှင့်ကိုယ် အိုးစားကွဲခဲ့ရခြင်းဟု ဆိုနိုင်သော်လည်း အရေးအကြီးဆုံး အချက်မှာ ပိုးကောင်ကြီး၏ အားနည်းမှုဟု ဆိုနိုင်၏။ အမှန်ားဖြင့် စုချန်းသည် ပိုးကောင်ကြီး၏ အစားကြူးမှုကို စကတည်းက သတိထားမိခဲ့သော်လည်း အဖိုးအိုကိုသာ တောက်လျှောက် အာရုံစိုက်နေခဲ့သောကြောင့် ထိုအချက်ကို မျက်စေ့လျှမ်းခဲ့ရ၏။ အကယ်၍ ထိုအချက်ကိုသာ နောက်ဆုံးအချိန်ထိ သတိမပြုခဲ့လျင် လက်ရှိ သေဆုံးနေမည့်သူမှာ စုချန်းပင် ဖြစ်ပေလိမ့်မည်။
ဤတချက်ကို ကြည့်ရုံနှင့် တိုက်ပွဲတခုအတွင်း ဝင်ရောက်တိုက်ခိုက်နေရသူသည် စိတ်ကို ရှင်းရှင်းလင်းလင်း ထားရှိရန် မဖြစ်မနေ လိုအပ်ကြောင်း သိသာနေခဲ့ပေပြီ။ သေလုမြောပါး အခြေအနေမျိုးနှင့် ကြုံနေရသည့်တိုင် ကြောက်စိတ်မမွှန်ပဲ စိတ်ကြည်လင်နေ၍သာ ပိုးကောင်ကြီး၏ အားနည်းချက်ကို ရှာတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။ သူ စိတ်ကြည်နေ၍သာ ထောင်ချောက်မိခါနီးဆဲဆဲတွင် ဝိညာဉ်မျက်လုံးကို အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် တိုက်ပွဲတခုတွင် အနိုင်ရရှိရန် ခွန်အားအရာမှာ အရေးကြီးသော်လည်း စိတ်ပိုင်းဆိုင်ရာကိုလည်း မေ့ထား၍မရကြောင်း စုချန်း သဘောပေါက်လိုက်သည်။
အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာများသည် တိုက်ပွဲအတွင်း စုချန်းရရှိခဲ့သော အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်ကြကုန်၏။ တနည်းအားဖြင့် ထိုအတွေ့အကြုံများသည် လျှောက်လှမ်းရမည့် အနာဂတ်အတွက် မရှိမဖြစ် လိုအပ်သော အရာများဟုလည်း ဆိုနိုင်သည်။ တိုက်ပွဲတခုပြီးတိုင်း ပြန်လည်သုံးသပ်ခြင်းအားဖြင့် အမှားများကို ပို၍မြင်လာကာ သူ့အနေအထားသည်လည်း တဖြည်းဖြည်း ပို၍တိုးတက်လာမည် ဖြစ်သည်။
မည်မျှကြာအောင် အနားယူလိုက်သည်မသိ။ ဒဏ်ရာမှ နာကျင်မှု အတော်လေး လျော့နည်းလာ၏။ ထိုအခါ သူက ထထိုင်လိုက်ပြီး အဖိုးအို၏ အလောင်းဆီသို့ လျှောက်သွားလိုက်သည်။ ယခုအချိန်ထိ ကွဲကွဲပြားပြား မမြင်ရသာ အာကင်နာအဖိုးအို၏ မျက်နှာကို စုချန်းက စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
မြတ်စွာဘုရား။ အဖိုးအို၏မျက်နှာတခုလုံးမှာ မယုံနိုင်စရာ အရေးအကြောင်းများနှင့် ပြည့်နှက်နေရာ မျောက်အိုကြီးတကောင်နှင့်ပင် တူနေသေးတော့သည်။ အိုမင်းရင့်ရောလှသော အာကင်နာအဖိုးအိုပင် ဖြစ်သည်။ ဤအချက်မှာလည်း အံ့သြစရာတော့မဟုတ်။ အာကင်နာမျိုးစိတ်များတွင် မည်သည့်အခါမျှ ကိုယ်ခန္ဓာအပြင်ပိုင်း ကြံ့ခိုင်ရေးကို ပြုစုပျိုးထောင်သော နည်းစနစ်များ ပိုင်ဆိုင်ခဲ့ဖူးသည်မဟုတ်။ သူ့ရှေ့တွင်ရှိသော အဖိုးကြီးသည်လည်း ဘဝတလျှောက်လုံး ရှုပ်ထွေးသော မူလစွမ်းရည်များနောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်နေခဲ့ကြောင်း သူ့ပုံစံကို ကြည့်ရုံနှင့် မြင်သာ၏။
လူသားများနှင့် နှိုင်းစာလျင် ၎င်း၏မျက်လုံးများသည် အပြာရောင်သန်းနေ၏။ ကြည့်ရသည်မှာ ထိုအချက်သည်ပင်လျင် လူသားနှင့် အာကင်နာများအကြား သိသာထင်ရှားသော ကွဲပြားခြားနားချက် ဖြစ်ပုံရသည်။ သို့ရာတွင် ဒုတိယမျက်လုံးတစုံကိုကား မမြင်တွေ့ရလေရာ ဤတချက်သည် ကောလဟလသာ ဖြစ်ပေလိမ့်မည်။
မှော်တောင်ဝှေးကို ဘေးဘက်တွင်ချထားရင်း စုချန်းက အဖိုးအို၏ကိုယ်ခန္ဓာကို လှန်လှောကြည့်လိုက်၏။ မည်သည့်အရာမျှ မရှိ။ အိတ်မရှိသလို သိုလှောင်ရေးလက်စွပ်လည်းမရှိ။ စုချန်း အတော်လေး စိတ်ပျက်သွား၏။ သို့သော် တစုံတရာကို တွေးမိပြီး စုချန်း အတော်လေး စိတ်သက်သာရသွားသည်။ သတ္တုစားသော ပိုးကောင်ကြီးကို လေ့ကျင်ရန်ကြိုးစားနေသော ကာလအတွင်း မည်သည့်ပစ္စည်းကိုမျှ မယူလာခြင်းသည် အကောင်းဆုံးသောနည်းလမ်းပင် မဟုတ်ပါလား။
ဤသို့ဆိုလျင်...
ထိုအခါ စုချန်းက ပတ်ဝန်းကျင်တခုလုံးကို စေ့စေ့စပ်စပ် အကဲခတ်လိုက်၏။ အာကင်နာအဖိုးအိုသည် အမှောင်ရိပ်သန်းနေသော နေရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုနေရာကို လေ့လာစူးစမ်းရပေလိမ့်မည်။ သို့သော် စုချန်းက လုပ်စရာရှိသည်ကို မလုပ်မှီ သံမဏိ၏ အနေအထားကို အကဲခတ်လိုက်သည်။ သကောင့်သား၏ အနေအထားမှာ အထူးတလည် စိုးရိမ်စရာတော့ မရှိလှ။ မေ့မျောနေခြင်းသာ ဖြစ်လေ၏။
ထို့နောက်တွင်ကား စုချန်းသည် မီးအိမ်ကိုကိုင်ရင်း လမ်းအူကြောင်းလေးအတိုင်း လျှောက်လာခဲ့၏။ မီးအိမ်၏ အလင်းရောင်သည် အမှောင်ကိုခွင်း၍ ထွက်ပေါ်လာ၏။ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် စုချန်း အံ့သြသွားသည်။ အကြောင်းမှာ သူတို့ရောက်ရှိနေသော ဂူ၏ အခြားတဖက်တွင် နောက်ထပ် ဂူပေါက်တခုကို တွေ့ရှိလိုက်ရသောကြောင့်ပင်တည်း။ ကြည့်ရသည်မှာ ထိုဂူပေါက်သည် အာကင်နာအဖိုးအို နေထိုင်သောနေရာ ဖြစ်ပေလိမ့်မည်။ ဤသို့ဆိုလျင် အဖိုးအိုပိုင်ဆိုင်သော ပစ္စည်းများမှာလည်း ထိုဂူအတွင်း၌ ရှိရမည်မှာ မလွဲဧကန်ပင်တည်း။
မှန်ပေ၏။ ဂူအတွင်းဝယ် ပစ္စည်းအမြောက်အများ ရှိနေသည်။ သေရေးရှင်ရေးအတွက် အလွန်အသုံးဝင်သော ပစ္စည်းများမှအပ စုချန်းကို အဓိက ဆွဲဆောင်နေသည်မှာ အလွန်ကြီးမားသော လက်သမားသုံးခုံရှည်ကြီးတလုံးပင် ဖြစ်သည်။ ခုံရှည်ကြီးပေါ်တွင် ပုံစံအမျိုးမျိုးသော ဖလားများ၊ ထူးဆန်းသော ပုလင်းများအပြင် စမ်းသပ်ချက်မှတ်စုများနှင့် ရှုပ်ပွနေ၏။
စုချန်း၏စိတ်ဝင်စားမှုကား အထွပ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။ သူက ထိုပစ္စည်းများထဲမှ တခုကို အမှတ်တမဲ့နှင့် ကောက်ယူဖတ်ရှုလိုက်၏။ နွားချေးပိုးကောင်ကြီးကို ထိန်းသိမ်းရန်နှင့် လေ့ကျင့်ရန် နည်းလမ်းများအား မှတ်တမ်းတင်ထားသော မှတ်စုပေတည်း။
"အင်း ဒီတော့ မင်းကို သတ္တုစားပိုးကောင်လို့ ခေါ်ရမှာပေါ့လေ"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ အာကင်နာအဖိုးအို၏ မှတ်စုအရ ပိုးကောင်ကြီး၏အမည်နာမအား သူ တွေ့ရှိခဲ့ရလေပြီ။ မည်သို့ဆိုစေ သတ္တုစားပိုးကောင်ကြီးသည် ယခုအချိန်ထိ သူ့ကို အနှောင့်အယှက် မပေးသေးလေရာ စုချန်းက အဖိုးအို၏ မှတ်စုများကို စတင်ဖတ်ရှုလိုက်တော့သည်။
အာကင်နာအဖိုးအို၏ မှတ်စုများမှာ များပြားလှသည့်အပြင် ရေးထားပုံကလည်း ရှင်းရှင်းလင်းလင်းမရှိပဲ ရှုပ်ထွေးနေ၏။ အဖိုးအိုသည် တချို့နေရာများတွင် ၎င်း၏ အတွေ့အကြုံအပေါ် အခြေခံ၍ ရေးသားထားပြီး တချို့နေရာများတွင်ကား အမှတ်တရများကို ရေးသားထားခြင်း ဖြစ်သည်။ ဖတ်ရသည်မှာ မလွယ်သော်လည်း စုချန်း ကြိုးစားဖတ်ရှုနေ၏။ စာအုပ် တအုပ်ပြီးတအုပ် ဖတ်ရှုလိုက်သည့်အချိန်တွင်ကား စုချန်းတယောက် အတော်အတန် နားလည်သဘောပေါက်စ ပြုလာတော့သည်။
အောရစ်....
( အမှန်က အောရစ်ချ် ဖြစ်မယ် ဒါပေမဲ့ နောက်က ချ် အသတ်က စိတ်ထဲမှာ အနောက်တိုင်းဝတ္တုခံစားချက်မျိုး ခံစားလိုက်ရလို့ ချ် ဖြုတ်ပီး အောရစ်လို့ ရေးလိုက်တယ်။ စကားချပ်)
မှန်ပေ၏။ အဖိုးအို၏ နာမည်မှာ အောရစ်ဖြစ်သည်။ အောရစ်သည် အမှန်တကယ်ပင် ကြွင်းကျန်ရစ်သော အာကင်နာမျိုးစိတ်ဝင် တဦး ဖြစ်၏။ အာကင်နာနိုင်ငံတော်ကြီး နိဌိတံသွားပြီးနောက်ပိုင်း တခြားမျိုးနွယ်စုများက သူတို့ကို ဆက်လက်တည်ရှိခွင့် မပြုကြတော့။ ထို့ကြောင့် အာကင်နာမျိုးစိတ်ဝင်တဦးဖြစ်သော်လည်း အောရစ်တွင် အမွှေအနှစ်ဟူ၍ များများစားစား မရှိ။
ငယ်ဘဝတုန်းက အောရစ်သည် မိဘများနှင့်အတူ လှည့်လည်သွားလာရင်း တခြားမျိုးစိတ်ဝင်များက သူ့မိဘများအား ဖမ်းဆီးသွားခဲ့၏။ အောရစ်တယောက်သာ ကံကောင်းထောက်မစွာ လွတ်မြောက်နိုင်ခဲ့ရှာသည်။ နောက်ဆုံးတွင်ကား သူသည် အာကင်နာလူမျိုး အကြွင်းအကျန်တယောက် ဖြစ်လာခဲ့တော့သည်။ ယခု မူလစွမ်းရည်များကို ထုတ်ဖော်အသုံးပြုနိုင်ရသည့် အကြောင်းမှာကား သူသည် ကံကောင်းထောက်မစွာ ရှေးဟောင်အာကင်နာနည်းစနစ်များကို ရေးသားထားသော စာအုပ်တအုပ်ကို ရရှိခဲ့ခြင်းကြောင့် ဖြစ်၏။
မှတ်စုစာအုပ်ထဲတွင် ရေးသားထားသော အကြောင်းအရာများကို ဖတ်ရှုရင်း ထိုအချက်ကို စုချန်း သတိထားမိလိုက်၏။ ထိုအခါ စုချန်းက အခန်းတခုလုံးကို စေ့စေ့စပ်စပ်နှင့် ရှာဖွေလိုက်ရာ အခန်းထောင့်တခုတွင် ဖွက်ထားသော သားရေစာလိပ်ခွေတခုကို တွေ့လိုက်ရသည်။ ဤသားရေလိပ်ကား အောရစ်၏ မှတ်စုတွင် ရေးထားသည့် အာကင်နာကျင့်စဉ် စာလိပ်ခွေပင် ဖြစ်ရပေလိမ့်မည်။ သားရေစာခွေသည် ဟောင်းနွမ်းလှပြီဖြစ်လေရာ တချက်မှားသွားသည်နှင့် တစစီ ပဲ့ကြွေသွားမည့်ဟန် ပေါ်နေသည်။ သူက စာခွေကို ဂရုတစိုက်နှင့် ဖွင့်လိုက်၏။
သို့သော် အထဲတွင် ရေးသားထားသည့် စာများကို မြင်ရသောအခါ စုချန်း၏နှလုံးသားတခုလုံး ပင်လယ်သမုဒ္ဒရာကြီးထဲတွင် နစ်မြပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အကြောင်းမှာ ထိုစာများအားလုံးကို ရှေးဟောင်းအာကင်နာဘာသာစကားနှင့် ရေးသားထားခြင်းကြောင့် ဖြစ်သည်။ ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုသကဲ့သို့ ဖြစ်ရလေပြီ။ စုချန်းအနေနှင့် တန်ကျင်းထံတွင် ရှေးဟောင်အာကင်နာဘာသာစကားကို သင်ယူဖူးသည်ဟု ဆိုရသော်လည်း အချိန်ကာလက တိုလှပေရာ သူ တတ်ကျွမ်းထားသမျှလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။
တဆက်တည်းမှာပင် ဤစာများကို တန်ကျင်းကိုယ်တိုင် ဘာသာပြန်ရန်ပင် အတော်မလွယ်လှဟု စုချန်းက တွေးလိုက်မိသည်။ ပညာခန်းဆိုသည်မှာ အခြားအရာများနှင့် တူသည်မဟုတ်။ တချက်ကလေး မှားသွားသည်နှင့် အကျိုးဆက် ကြီးမားလှသည် မဟုတ်ပါလား။
အထူးအထွေ လုပ်စရာမရှိတော့ရာ စာခွေကိုသိမ်းဆည်းပြီး အဖိုးအိုအောရစ်၏ မှတ်စုများကို စုချန်းက ဆက်လက်ဖတ်ရှုလိုက်၏။
သားရေစာခွေအတွင်း၌ မည်သည့်အရာများကို ရေးသားထားသည်ဖြစ်စေ ထိုစာခွေကို ရရှိခဲ့ကတည်းက အောရစ်သည် ထိုနည်းစနစ်များအတိုင်း လေ့ကျင့်ခဲ့၏။ သို့သော် အာကင်နာမျိုးစိတ်များအား အခြားမျိုးစိတ်များက လက်သင့်မခံတော့ခြင်းကြောင့် သူ့အနေနှင့် အမြဲတစေ ပြေးလွှားနေရလေ့ရှိရာ သူ၏ ကျင့်စဉ်အဆင့်အတန်းမှာကား အတော်ပင် ဆိုးဝါးလှ၏။ ကြည့်ရသည်မှာ အောရစ်၏ ဘဝတလျှောက်လုံး ပြေးလွှားပုန်းအောင်းရင်းနှင့်သာ အချိန်ကုန်ခဲ့ပုံရပြီး ကောင်းကောင်းလေ့ကျင့်နိုင်ပုံမရ။ ထို့ကြောင့်ပင် အသက်ကြီးသလောက် ကိုယ်ခန္ဓာစွမ်းအားအဆင့်က အတော်လေး နိမ့်ပါးနေခြင်း ဖြစ်သည်။
တဖန် အောရစ်တွင် သင်ပြပေးမည့် ဆရာမရှိခဲ့သလို စွမ်းအင်စုဆောင်းရန် သင့်လျော်သော ပတ်ဝန်းကျင်နှင့် ထိုက်သင့်သော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ခဲ့ပုံမရ။ ကျင့်စဉ်လမ်းကြောင်းတွင် သူ့အတွက် တခုတည်းသာ လမ်းပြမြေပုံမှာ သားရေစာခွေအတွင်းရှိ နည်းစနစ်များသာ ဖြစ်ပုံရသည်။ အထက်ပါ အာကင်နာနည်းစနစ်များအပြင် စာခွေအတွင်းဝယ် အာကင်နာ သက်ရှိပုံစံပြောင်းလဲခြင်း နည်းစနစ်တမျိုးကိုလည်း ရေးမှတ်ထားသေး၏။
အာကင်နာသက်ရှိပုံစံပြောင်းလဲခြင်းနည်းစနစ်ဆိုသည်မှာ အထူးအာကင်နာနည်းစနစ်တချို့နှင့် အာကင်နာမျိုးစိတ်များ၏ အသိပညာများ ပေါင်းစပ်ပြီး အခြားသက်ရှိပုံစံများကို ၎င်းတို့ကျေးကျွန်များအဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ နည်းစနစ်သည် အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်က အလွန် ထင်ရှားသော နည်းလမ်းဖြစ်ပြီး ထိုနည်းလမ်းကြောင့်ပင် အာကင်နာနိုင်ငံတော် ပြိုကွဲခဲ့ရခြင်းဟု ဆိုသော်ရ၏။
အခြားသက်ရှိပုံစံများအား အလွဲသုံးစားလုပ်ခြင်းနှင့် မရိုးမသား ပြောင်းလဲစေခြင်းတို့သည် အခြား ညဏ်ရည်မြင့်မျိုးစိတ်များအားလုံးအပေါ် နာကျင်မှုများ၊ ခါးသီးမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့် နောက်ဆုံးတွင် အခြားမျိုးစိတ်များ အားလုံးက အာကင်နာတို့အပေါ် မုန်းတီးခဲ့ကြသည်။ တခေတ်တခါမှ အာကင်နာနိုင်ငံတော်ကြီးကို မူလသတ္တဝါဆိုးကြီးများက ပျက်စီးစေခဲ့သလို နောက်ဆုံး ပေါ်ထွန်းခဲ့သော အာကင်နာနိုင်ငံတော်ကိုလည်း တခြား ညဏ်ရည်မြင့်မျိုးစိတ်များအားလုံး မဟာမိတ်ဖွဲ့၍ ပြုတ်ကျစေခဲ့၏။
အာကင်နာမျိုးစိတ်များ ကျူးလွန်ခဲ့သည် မရေမတွက်နိုင်သော မကောင်းမှုများအနက် အာကင်နာ သက်ရှိပုံစံပြောင်းလဲခြင်းနည်းစနစ်မှာ နံပါတ်တစ် အကြီးမားဆုံး မကောင်းမှုဟု ဆိုနိုင်၏။ မည်သို့ဆိုစေ အာကင်နာများ အသုံးပြုခဲ့သော အဆိုပါ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းကြောင့် တခြားမျိုးစိတ်များအနေနှင့် သူတို့၏ လောကကြီးနှင့် ဘဝအပေါ် ထားရှိသော အမြင်များကို ပြန်လည်ဆန်းစစ်စေခဲ့၏။ အကျိုးဆက်မှာကား ပိုမိုလွယ်ကူသော ကိုယ်ခန္ဓာစွမ်းအား စုဆောင်းခြင်းနည်းလမ်းများ၊ ကျင့်စဉ်စခန်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤအဖြစ်ကြောင့် ၎င်းတို့၏ အဖွဲ့အစည်း အသီးသီးသည်လည်း တဟုန်ထိုး တိုးတက်လာတော့သည်။
အောရစ်သည် အာကင်နာ သက်ရှိပုံစံပြောင်းလဲသည့် နည်းစနစ်ကို အသုံးပြုရန် မဝံ့ရဲခဲ့သလို သားရဲသတ္တဝါဆိုးများကိုလည်း အသုံးမချနိုင်ခဲ့ချေ။ သားရဲသတ္တဝါဆိုးများ၏ ခေါင်းဆောင်သည် မိမိတို့ထဲမှ တကောင်အား အခြားသူများ အသုံးမချနိုင်စေရန် အလွန်ဝေးကွာသော နေရာမှပင် ပြန်လည်ခေါ်ယူနိုင်စွမ်းရှိ၏။ ထို့ကြောင့် အဖိုးအိုအောရစ်အတွက် ရွေးချယ်စရာဟူ၍ ပိုးကောင်ကြီးများသာ ကျန်တော့သည်။
အောရစ်သည် နေရာအနှံ့ လှည့်လည်သွားလာနေရင်း သတ္တုစားပိုးကောင်ကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ကာလတွင် လက်သည်းခွံမျှ အရွယ်အစားရှိသော ပိုးကောင်ကိုပင် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲ၏။ မူက အောရစ်သည် တွေ့ရှိခဲ့သမျှ သတ္တုစားပိုးကောင်များကို ချန်မထားပဲ သတ်ပစ်ခဲ့သည်သာ။ သို့သော် အတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အမျှ အောရစ်တယောက် ကိုယ်ပိုင်သတ္တုစား ပိုးကောင်တကောင်ကို စမ်းသပ် ဖန်တီးနိုင်ခဲ့တော့သည်။ သို့သော်ငြားလည်း သူ၏ စမ်းသပ်ချက်များတွင် အားနည်းချက်တော့ ရှိနေသေးသည်သာ။
မူလက အောရစ်မျှော်မှန်းထားသည်မှာ ပိုးကောင်ကြီး၏ သတ္တုများ စားသောက်ရသည်ကို အလွန်ကြိုက်နှစ်သက်သော ဆန္ဒကို အသုံးပြုပြီး ၎င်းကို ထိန်းချုပ်လေ့ကျင့်ပေးရန် ဖြစ်သည်။ သို့သော် အောရစ်၏ မျှော်လင့်ချက်မှာ မပြည့်ဝခဲ့။ ပိုးကောင်ကြီးသည် ၎င်း၏ဆန္ဒကို ယနေ့အချိန်ထိ မထိန်းချုပ်နိုင်သေးသည့်အပြင် သတ္တုဆာလောင်သော အာသီသမှာလည်း တနေ့တခြား တိုးပွားလာ၏။ ထိုထက်ပို၍ဆိုးသောပြသနာမှာ ၎င်းသည် သူတပါးနှင့် တိုက်ခိုက်ရသည်ကို အလွန် ပျင်းရိနေခြင်းပင်။
သတ္တုစားပိုးကောင်၏ ပျင်းရိသော သဘာဝမှာ အတော်လေး ဆိုးဝါးလှသည်။ ၎င်းသည် အလွန်ကြောက်စရာကောင်းသော အစွယ်များကို ပိုင်ဆိုင်ထားသော်လည်း ထိုအစွယ်များကို သတ္တုအစိုင်အခဲများ ကော်ထုတ်သော နေရာမှအပ အခြားနေရာများတွင် အသုံးချရန် ဆန္ဒမရှိလှ။ ၎င်း၏အရေခွံမှာလည်း အလွန်ထူထဲလှပေရာ မည်သူက သူ့ကို ထုရိုက်စေကာမူ ၎င်းအနေနှင့် လေချွန်ပြသကဲ့သို့ ယူဆပေလိမ့်မည်။
အောရစ်အဖိုးအိုသည် သတ္တုစားပိုးကောင်၏ ပျင်းရိသော သဘာဝကို ပြုပြင်နိုင်ရန်နှင့် တိုက်ပွဲဝင်စွမ်းရည်ကို တိုးမြင့်နိုင်စေရန် နည်းလမ်းပေါင်းများစွာကို စဉ်းစားနေခဲ့၏။ ထိုအခြေအနေတွင် စုချန်း ရောက်ရှိလာခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သန့်စင်သော ငွေကြယ်သတ္တုရိုင်းတချို့နှင့်ပင် စုချန်းက ပိုးကောင်ကြီး၏ တိုက်ပွဲဝင်စိတိဓာတ်ကို လမ်းကြောင်းပြောင်းနိုင်ခဲ့သည်။
"အင်း ဒီအတိုင်းဆိုရင်တော့ သိပ်မဆန်းဘူးပဲဆိုရမှာပေါ့"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ့သခင် သေဆုံးသွားမှန်း သိသိကြီးနှင့် လက်စားချေရန် မကြိုးစားပဲ ထောင့်တထောင့်တွင် အိပ်ပျော်သွားခြင်းကိုကြည့်လျင် ပိုးကောင်ကြီးသည် သူတပါးနှင့် တိုက်ခိုက်ရန် မည်မျှပျင်းရိမှန်း သိသာနေ၏။ ဒဏ်ရာများ ပျောက်ကင်းသွားလျင် ထိုပိုးကောင်ကြီးကို သတ်ပစ်ရန် စုချန်းက တွေးထားသော်လည်း လက်ရှိတွင်ကား ထိုအကြံကို စွန့်လွှတ်လိုက်၏။ အောရစ်၏ လေ့ကျင့်မှုသာ မရှိခဲ့လျင် ပိုးကောင်ကြီးသည် သူ၏ မူလသဘာဝကို အလျင်အမြန်ပင် ပြန်လည်ရရှိသွားပေလိမ့်မည်။ ၎င်းသည် လူသားများအတွက် အန္တရာယ်ပြုမည့် သတ္တဝါမျိုး မဟုတ်လေရာ အထူးတလည် ဖြေရှင်းရန် မလိုအပ်တော့။
သားရေစာလိပ်ကို သိမ်းဆည်းပြီးနောက် စုချန်းက နေရာတခုလုံးကို ထပ်မံ မွှေနှောက်လိုက်၏။ သို့သော်ငြားလည်း ပိုးကောင်အိတ်တခုမှလွဲ၍ အခြား မည်သည့်အရာမျှ မရှိ။ အောရစ်သည် သတ္တုစားပိုးကောင်ကြီးကို လေ့ကျင့်ရန် သူ့တွင်ရှိသမျှ အရင်းအမြစ်များအားလုံးကို အသုံးပြုခဲ့ပြီးပုံရသည်။ ပိုးကောင်အိတ်ဆိုသည်မှာကား ပိုးကောင်များကို ထိန်းသိမ်းရာတွင် အသုံးပြုနိုင်ပြီး ၎င်းအိတ်အတွင်းဝယ် ပိုးကောင်သည် အစားအသောက် အနည်းငယ်နှင့် ရက်ပေါင်းများစွာ နေနိုင်၏။ တနည်းအားဖြင့် ၎င်းသည် ဆောင်းခိုသည်နှင့် အလားသဏ္ဍန်တူပေသည်။ ၎င်း၏တန်ဖိုးမှာလည်း အလည်အလတ်အဆင့်ရှိ လေဟာနယ်လက်စွပ်တကွင်းနှင့် ညီလေရာ စုချန်းက ထိုအိတ်ကို သိမ်းယူလိုက်၏။
တဖန် စုချန်းသည် ခေတ္တမျှ စဉ်းစားပြီး အောရစ်၏ မှတ်စုများနှင့် စမ်းသပ်ကိရိယာများကို သိမ်းယူလိုက်ပြန်သည်။ အဆိုပါ မှတ်စုများသည် အောရစ် ဘဝတသက်တာ စုဆောင်းခဲ့သော အတွေ့အကြုံများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဤမှတ်စုများကို အလဟသ ထားခဲ့ရမည်မှာ နှမြောစရာကောင်းလှသည် မဟုတ်ပါလား။
စုချန်းသည် အသက်ငယ်သေး၏။ သူ၏လက်ရှိအသက်အရွယ်အရ မူလကိရိယာများအပေါ် မက်မောခြင်းနှင့် ကျန့်စဉ်ခန်းများအပေါ် အလေးပေးခြင်းမှာ အမှန်တော့ ဖြစ်သင့်သည့် ကိစ္စတခုသာ ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းအာကင်နာနည်းစနစ်များသည် ကောက်ကျစ်သော နည်းလမ်းများ ဖြစ်သော်လည်း သူ့အသက်အရွယ်အရ က်မောခွင့် ရှိသည်သာ။ တဖက်တွင်လည်း စုချန်းသည် တန်ကျင်း၏လက်အောက်တွင် ပညာသင်ကြားခဲ့သည့်အပြင် သတ္တုစားပိုးကောင်တကောင်၏ အင်အားကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့ပြီး ဖြစ်သည်။ ထိုနှစ်ချက်သည် သူ့ကို အတော်လေး ဗဟုသုတ တိုးပွားစေ၏။
တနေ့ကျလျင် ဤလူငယ်သည် သူ့ခွန်အားကို မည်သည့်နည်းလမ်းအပေါ် အခြေခံ၍ တည်ဆောက်သွားမည်ကို မည်သူ သိနိုင်မည်နည်း။ လက်ရှိခေတ်တွင် သွေးဗီဇဟူသည် ခွန်အား၏ ပြယုဂ်ဖြစ်ပြီး သွေးဗီဇထုတ်ယူကိရိယာများနှင့် သွေးဝိညာဉ်ဆေးဝါးများမှာကား အသိပညာ၊ ဗဟုသုတ၏ ထုတ်ကုန်များသာ ဖြစ်ကြလေသတည်း။