အသစ်ရှာဖွေတွေ့ရှိချက်များ
Vol. 7 Ch. 64
မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်နှင့် သူသည် လှိုဏ်တခုအတွင်းဝယ် လဲလှောင်းလျက်ရှိနေကြောင်း သံမဏိ တွေ့ရှိလိုက်ရသည်။ မလှမ်းမကမ်းတွင် ကျောက်သလင်းမီးအိမ်က မှိတ်တုတ်မှိတ်တုတ် လင်းလက်လျက်ရှိသည်။ စုချန်းက သူ့ဆီသို့ ဦးတည်လျက် လျှောက်လာ၏။
"မင်း နိုးနေပြီကိုး သက်သာရဲ့လား"
စုချန်းက မေးလိုက်သည်။ သံမဏိက ကမန်းကတန်း ထထိုင်ရင်း နောက်စေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။
"အိပ်ယာက သေးနေတယ်ခင်ဗျ"
သံမဏိ၏စကားကြောင့် စုချန်းက ရယ်မောလိုက်၏။
"ဟား ဟား ဟား နည်းနည်းပါးပါးတော့ နာတာကျင်တာ ရှိမှာပေါ့ မင်းရဲ့ကြွက်သားတချို့က ဒဏ်ရာရကုန်တာကိုး ကျေးဇူးတင်စရာကောင်းတာက မင်းရဲ့ ဒဏ်ရာတွေက သိပ်မပြင်းထန်လှဘူး ပြင်ပခွန်အားက မူလစွမ်းအင်ကို အန်တုနိုင်တာ ဒီတခါ ကျုပ် ပထမဦးဆုံး မြင်ဖူးတာပဲ မဆိုးဘူး မင်း တော်တယ်လို့ ပြောရမယ်"
သံမဏိက ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်၏။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ထောာင့်တထောင့်တွင် လဲလျောင်းနေသော တစုံတရာကို မြင်လိုက်၏။ ထိုတစုံတရာမှာ သတ္တုစားပိုးကောင်ကြီးမှန်း သတိထားမိသောအခါ သံမဏိတယောက် အိပ်ယာမှ ကြောက်လန့်တကြားနှင့် ခုန်ထမိတော့သည်။ စုချန်းက သံမဏိအား လက်ကာရင်း ရှင်းပြလိုက်၏။
"စိတ်မပူနဲ့ကွ သူ မင်းကို ဘာမှမလုပ်စေရဘူး"
အရိုးစွဲနေသော အလေ့အကျင့်အရ အပြင်ဘက်တွင် အတန်ကြာလှည့်ပတ်နေပြီး ပိုးကောင်ကြီးသည် ထိုနေရာသို့ အလိုအလျောက် ပြန်ရောက်လာခြင်း ဖြစ်သည်။ သံမဏိက ပြန်လည်ထိုင်ချလိုက်သည်။ သို့သော် စုချန်း စကားကြောင့်သာ ထိုင်ရ၏။ သိပ်တော့ စိတ်ချဟန်မတူ။ ထိုအခါ စုချန်းက ပုလင်းငယ်တလုံးကို ဆွဲထုတ်ရင်း သံမဏိကို ပေးလိုက်သည်။
"ပုလင်းထဲမှာပါတဲ့ဆေးကို သောက်လိုက်ရင် မင်းရဲဒဏ်ရာတွေ အလျင်အမြန်ပဲ သက်သာပျောက်ကင်းသွားလိမ့်မယ် တခုတော့ရှိတယ် ဘေးထွက်ဆိုးကျိုးအနေနဲ့ ရက်အနည်းငယ်လောက် အားနည်းနေတာမျိုး ဒါမှမဟုတ် ဝမ်းလျှောတာမျိုးလောက်တော့ ခံစားရမယ် ဘာပဲဖြစ်ဖြစ် တအားကြီးတော့ မဆိုးပါဘူး"
"ကောင်းပါပြီဗျာ"
သံမဏိက ခေါင်းညိတ်လိုက်၏။ သံမဏိ၏ အမိန့်နာခံတတ်ဟန်ရှိသော ပုံစံကိုကြည့်ရင်း စုချန်းက မေးလိုက်သည်။
"မင်း ဘာကြောင့် ကျုပ်အတွက် တိုက်ခိုက်ပေးတာလဲ"
သံမဏိက ရိုးရိုးသားသားပင် ဖြေလိုက်သည်။
"သခင်က ကျွန်တော့ရဲ့သခင်လေ ကိုယ့်သခင်အတွက် ကိုယ်တိုက်ခိုက်ပေးရမှာပေါ့"
စုချန်းက ရှင်းပြလိုက်၏။
"ဒါပေမဲ့ မင်းက ကျုပ်ရဲ့ ကိုယ်ရံတော်မဟုတ်ဘူးလေ အစေခံ တိုက်ခိုက်ရေးဆိုတာ မင်းရဲ့ တာဝန်မှမဟုတ်တာ ကျုပ်သေသွားပြီဆိုရင် မင်းအနေနဲ့ သွားချင်ရာသွားလို့ရနေပြီပဲ"
သံမဏိက ခေါင်းကိုတွင်တွင် ခါယမ်းလိုက်သည်။
"ဒါတွေ ကျွန်တော် နားမလည်ဘူးသခင် ကျွန်တော့အနေနဲ့ လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာပါပဲ"
စုချန်းက မေးလိုက်သည်။
"ဒါဆိုရင် မင်းမှာ တခြား ဘာအကြောင်းပြချက်မှ မရှိဘူးပေါ့ ဥပမာ ကျုပ်လိုသခင်မျိုးကို သဘောကျတာ ဒါမှာမဟုတ် ကျုပ်ဟာ မင်းအပေါ် လက်မဲကြီးထက် ပိုပြီး ကောင်းကောင်းဆက်ဆံတာ ဒါမှမဟုတ် တခြားတခုခုပေါ့"
သံမဏိက ခေါင်းခါယမ်းလိုက်ပြန်သည်။
"ကျွန်တော့မှာ သခင်လေးယောက် ရှိခဲ့ဖူးပါတယ် ကျွန်တော့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ သခင်တယောက်တည်း မဟုတ်ပါဘူး ခင်ဗျာ ကျွန်တော့ရဲ့ ဒုတိယသခင်ဟာဆိုရင် အမျိုးသမီးတယောက် ဖြစ်ပြီးတော့ ကျွန်တော့အပေါ် ကောင်းကောင်း ဆက်ဆံပါတယ် သူမဟာ အလွန်ကြင်နာတတ်ပြီး ကျွန်တော့ကို တခါမှ အလုပ်မခိုင်းပါဘူးခင်ဗျာ အမြဲလိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်"
စုချန်းက အားရပါးရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား တကယ့်ကောင် လူတွေကို ဘယ်လိုသဘောကျအောင် ပြောရမယ်ဆိုတာ မသိသေးဘူးပဲ ဆိုစမ်းပါအုံး မင်းရဲ့သခင်မက ဘာကြောင့်မင်းကိုထပ်ပြီး မလိုချင်ရတော့တာလဲဆိုတာ"
သံမဏိ၏မျက်နှာတွင် နာကျင်သော အရိပ်အယောင်တချို့ ဖြတ်ပြေးသွား၏။ သူက ပြောလိုက်သည်။
"သူမက ကျွန်တော့ကို မလိုချင်တော့တာ မဟုတ်ပါဘူးခင်ဗျာ သူမ သေသွားတာပါ တိုက်ပွဲတခုရဲ့အလယ်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူတယောက်ဟာ သူမရဲ့နောက်ကျောကို ဓားနဲ့ထိုးသွားခဲ့တာပါ"
စုချန်းက ပြောလိုက်သည်။
"ကြားရတာ စိတ်မကောင်းပါဘူးကွာ"
ထို့နောက်တွင်ကား သံမဏိသည် အတိတ်ကို သတိရလာဟန်ဖြင့် ခေါင်းကိုငုံ့ကာ ငြိမ်သက်စွာ ထိုင်နေ၏။ သူ၏သနားစရာကောင်းလှသော ပုံစံကို မြင်တွေ့ရသောအခါ စုချန်း၏နှလုံးသားသည် မသိမသာ လှုတ်ခတ်သွား၏။ ထိုအခါ သူက ပြောလိုက်သည်။
"မင်း စစ်သားတယောက် ကိုယ်ရံတော်တယောက် ဖြစ်ချင်သလား ကျုပ်အတွက် တိုက်ပွဲတွေကို စွမ်းစွမ်းတမံ တိုက်ပေးမဲ့ လူတယောက် ဖြစ်ချင်သလား"
သံမဏိ ကြက်သေသေသွား၏။ သူက ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့မှာ ဘာစွမ်းအင် မရှိဘူးလေ သခင်"
စုချန်းက
"ကျုပ် သင်ပေးမှာပေါ့ကွ"
သံမဏိက မရဲတရဲနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ သခင် ကျွန်တော်ဟာ အလွန် ညံထိုင်းတယ်ၤ ပြီးခဲ့တဲ့ သခင်သုံးယောက်လုံး ကျွန်တော့ကို သင်ပေးဖို့ ကြိုးစားဖူးကြတယ် ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မသင်နိုင်ခဲ့ပါဘူးခင်ဗျာ"
စုချန်းက မေးလိုက်ပြန်သည်။
"မင်း တိတိကျကျ ပြောမှရမယ် ကောင်းကောင်း မသင်ယူနိုင်တာလား ဒါမှမဟုတ် လုံးဝကို သင်လို့မရတာလား"
သံမဏိက အတန်ကြအောင် စဉ်းစားပြီးမှ ပြောလိုက်၏။
"ကြည့်ရတာတော့ ကောင်းကောင်း မသင်ယူနိုင်တာ ဖြစ်မယ်သခင် တောင်ရိုးကမ်းပါး မျိုးနွယ်စုတွေဟာ မူလစွမ်းအင်စုပ်ယူရာမှာ အလွန်နှေးကြသလို စွမ်းအားအဆင့်တက်ရာမှာလည်း အလွန်ကြာမြင့်ကြပါတယ်"
ထိုအခါ စုချန်းက
"ဘယ်လောက်ပဲနှေးနှေးပေါ့လေ မင်းမှာ သင်ယူနိင်စွမ်းတော့ ရှိတယ်ဆိုပါတော့"
စုချန်း၏စကားကို ကြားသောအခါ သံမဏိက ခေါင်းကိုငုံ့ရင်း မပွင့်တပွင့် ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်တော် မသင်ချင်ပါဘူးသခင် ကျွန်တော်ဟာ တိုက်ပွဲတွေကို မုန်းတယ် လူသတ်ရတာကိုလည်း မကြိုက်ပါဘူး ခင်ဗျာ"
မထင်မှတ်သောစကားကို ကြားလိုက်ရ၍ စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ အတန်ကြာ စဉ်းစားပြီးမှ သူက စကားစသည်။
"မင်းမှန်တယ် လူသတ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး ဒါပေမဲ့ သင့်တင်လျောက်ပတ်တဲ့ အင်အားရှိမှ မင်းရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်မဲ့အပြင် လူသတ်ခြင်းကိုလည်း ရှောင်ရှားနိုင်မယ် မင်းအနေနဲ့ ခွန်အားမကြီးမားလာချင်ဘူးလား မင်းရဲ့သခင်မအတွက် လက်တုံ့မပြန်ချင်ဘူးလား"
သံမဏိ၏ ဦးခေါင်းသည် ရုတ်တရက် မော့လာ၏။ သူ့မျက်လုံးအစုံတွင် ယုံကြည်မှုများနှင့် တောက်ပနေ၏။ သို့သော် တခနအကြာ တက်ကြွနေသော စိတ်ဓာတ်သည် တဖန်ပြန်၍ မှေးမှိန်သွားပုံရသည်။ ထို့နောက် သူက ညှိုးငယ်သော လေသံနှင့် ပြောလိုက်၏။
"ကျွန်တော် သူ့ကို မနိုင်ဘူးသခင် ဒီလူဟာ အလွန် အင်အားကြီးမားတယ် သခင်လည်း သူ့ကို မနိုင်လောက်ဘူး နောက်ဆုံး ကျွန်တော်တို့နှစ်ယောက် ပေါင်းလိုက်မယ်ဆိုရင်တောင် သူ့ကို မနိုင်လောက်ပါဘူးခင်ဗျာ"
ထိုအခါ စုချန်းက သံမဏိ၏ပုခုံးကို ဆုပ်ကိုင်ရင်း နှစ်သိမ့်လိုက်၏။
"လောကကြီးမှာ ဘယ်အရာမှ တသမတ်တည်းမရှိဘူးကွ မင်းဘာမှ စိတ်မပူနဲ့ ကျုပ်မှာ မင်းရဲ့ စွမ်းအားစုဆောင်းရာမှာ လျင်မြန်လာဖို့ နည်းလမ်းတွေရှိတယ်"
သံမဏိက အံ့သြသင့်စွာနှင့် ခေါင်းမော့ကြည့်လိုက်၏။ သူ မြင်တွေ့လိုက်ရသည်မှာ ယုံကြည်မှုပြည့်ဝဟန်ရှိသော စုချန်း၏ မျက်လုံးများ ဖြစ်သည်။ နှလုံးသားအတွင်းဝယ် နွေးထွေးသော ခံစားချက်တမျိုး ဖြစ်ပေါ်လာပြီး သံမဏိ စိတ်ဓာတ်တက်ကြွလာတော့သည်။ ထို့နောက် သူက ခေါင်းကို ဖြေးညှင်းစွာ ညိတ်ပြလိုက်တော့သည်။
"ကောင်းပါပြီ သခင် ကျွန်တော်ဟာ သခင့်ရဲ့ တပ်သားတယောက် လုပ်ပါတော့မယ် ကျွန်တော် ဘာလုပ်ရမလဲသာ ပြောပါ"
"ဟေ..အခုလား"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဝမ်းနည်းပါတယ်ကွာ မင်းရဲ့သခင် အမျိုးသမီးက မင်းကို အလုပ်မလုပ်ခိုင်းပေမဲ့ ကျုပ်ကတော့ အဲဒီလောက်အထိ မရက်ရောနိုင်လို့ ခိုင်းရမှာပဲဟေ့ ဒီဂူထဲမှာရှိတဲ့ ငွေကြယ်သတ္တုရိုင်းတွေကိုတူးပြီး အပြင်ထုတ်နိုင်ဖို့ ကူညီစမ်းပါအုံးကွာ ဒါတွေပြီးရင်တော့ ကျုပ်တို့ပြန်ကြတာပေါ့ ဟိုရောက်မှပဲ မင်းနဲ့ကျုပ်နဲ့ အတူတကွ လေ့ကျင့်ကြမယ် ဟုတ်ပြီလား"
သံမဏိက သူ၏ကြီးမားလေးလံသော ဦးခေါင်းကို ညိတ်ပြလိုက်၏။
"ကောင်းပါပြီသခင်"
နောက်လာမည့်နေရက်များမှစ၍ သံမဏိတယောက် ကြိုးစားပမ်းစား တူးဖော်နေတော့သည်။ ထိုဂူသည် သတ္တုစားပိုးကောင်ကြီး နေထိုင်သောဂူဖြစ်သော်လည်း ၎င်း၏ဆာလောင်မှုနှင့် အစားအသောက်မှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ ၎င်းသည်ဗိုက်ဝသည်နှင့် ဆက်လက်စားသောက်ခြင်းမရှိတော့ရာ လှိုဏ်ဂူအတွင်း တည်ရှိနေသော သတ္တုရိုင်းပမာဏအရ လူသားများအတွက် တူးဖော်စရာ များစွာကျန်ရှိနေသေး၏။ တနည်းဖြင့် ပိုးကောင်ကြီး၏လောဘသည် လူသားများကို မမှီဟု ဆိုရမည်။ လူဆိုသည်က သတ္တုရှာတွေ့နေသရွေ့ အကန့်အသတ်မရှိ တူးဖော်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် သံမဏိတူးဖော်ရန် ငွေကြယ်သတ္တုများစွာ ဂူအတွင်း၌ ကျန်ရှိနေသေး၏။ ဤအခြေအနေတွင် သတ္တုစားပိုးကောင်ကြီးက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာ၏။ အိပ်ယာမှနိုးသည်နှင့် ဆာလောင်လာတတ်ဟန်ရှိသော အနှီ ပိုးကောင်ကြီးသည် အမြဲတမ်းလိုလို ပြေးလွှားလာတတ်ပြီး သူတို့တူးဖော်ထားသော သတ္တုရိုင်းများကို လာရောက်စားသောက်တတ်၏။ သူ ဝလင်အောင် စားသောက်ပြီးသည်နှင့် ပြန်လည် အိပ်စက်ရန် ထွက်ခွာသွားပြန်သည်။
သံမဏိတယောက် ပင်ပင်ပန်းပန်း တူးဖော်ထားရသော သတ္တုရိုင်းအတော်များများမှာ ပိုးကောင်ကြီး၏လက်ချက်ကြောင့် ကုန်ခန်းသွားရရှာသည်။ ထိုပြသနာကိုဖြေရှင်းရန် စုချန်းက လေဟာနယ်လက်စွပ်ကို သံမဏိအားပေးကာ ငွေကြယ်သတ္တုရိုင်း တွေ့သည်နှင့် ထိုလက်စွပ်အတွင်း ထည့်သွင်းသိမ်းဆည်းရန် မှာကြားထားလ်ုက်၏။
သူ့အတွက် မည်သည့်စားစရာမှ မတွေ့သောအခါ ပိုးကောင်ကြီးသည် သံမဏိအားလှည့်ပတ်ကာ အသံတအီအီပြုရင်း ပြေးလွှားနေတတ်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ သံမဏိကို အန္တရာယ်ပြုရန်မဟုတ်ပေ။ အစာတောင်းခြင်းသာဖြစ်သည်။ ထိုအခါမျိုးတွင် ၎င်းသည် သခင့်ထံပါး အစာတောင်းတတ်သော ခွေးတကောင်နှင့် အလွန်တူနေတတ်၏။ သံမဏိမှာ သနားကြင်နာတတ်သူဖြစ်လေရာ မကြာခနဆိုသလို စုချန်းမသိအောင် ငွေကြယ်သတ္တုရိုင်း အပိုင်းအစ၊ အပဲ့အကြွေများကို ပိုးကောင်ကြီးအား တိတ်တဆိတ် ကြွေးမွေးလေ့ရှိ၏။ ထိုမျှလှသော ပမာဏနှင့် သတ္တုအလွန်ကြိုက်သော ပိုးကောင်ကြီးခမျာ အဘယ်မှာ အာသာပြယ်မည်နည်း။ ထိုအတွက် ရလဒ်မှာကား ၎င်းသည် ခွေးတကောင်ပမာ သံမဏိ၏နောက်သို့ တကောက်ကောက်နှင့် လျှောက်လိုက်နေခြင်းပင် ဖြစ်သည်။
ထိုအဖြစ်အပျက်များအားလုံးကို စုချန်းသိသော်လည်း အရေးမစိုက်နိုင်သေး။ လက်ရှိတွင် သူအလွန် အလုပ်ရှုပ်နေ၏။ ပုံမှန်လေ့ကျင့်မြဲ မူလစွမ်းရည်များ မလေ့ကျင့်သည့်အချိန်တွင် သူသည် အောရစ်ရေးသားခဲ့သော မှတ်စုများကို ဖတ်ရှုလေ့လာ၏။ တဖက်တွင်လည်း သားရေလိပစာခွေပေါ်ရှိ စာများကို ဖတ်ရှုနားလည်စေရန် ကြိုးစားအားထုတ်နေရလေသည်။
အောရစ် ရေးသားမှတ်တမ်းတင်ခဲ့သော အသိပညာများသည် မည်သည့် အဖွဲ့အစည်း၊ မည်သည့်နေရာသို့မှ ပျံနံ့ခြင်း မရှိသေးသည့် ပညာရပ်များဖြစ်သည်။ သူ၏ရေးသားချက်များကို ကြည့်ရုံနှင့် သူတဦးတည်း၏ အတွေ့အကြုံများပေါ်တွင် အခြေခံပြီး ရိုးရှင်းစွာ ရေးသားထားကြောင်း မြင်သာ၏။ သို့သော်ငြားလည်း ထိုအချက်ကြောင့်ပင် စုချန်းအတွက် ထိုပညာများကို နားလည်ရန် လွယ်ကူခဲ့လေသည်။
အောရစ်သည် နကန်းတလုံးမျှ မတတ်ကျွမ်းသည့်ဘဝမှ အာကင်နာနည်းစနစ်များကို တီးမိခေါက်မိလာအောင် သူ မည်သို့လေ့လာခဲ့ရကြောင်း အသေးစိတ် ရေးသားထားသည်။ အကယ်၍ ရှုပ်ရှုပ်ထွေးထွေးနှင့် ပညာရှင်ဆန်ဆန်သာ ရေးထားပါက စုချန်းအနေနှင့် နားလည်ဖို့မလွယ်လှ။ ယခု အောရစ်၏ ရေးသားချက်များမှကား တဦးတည်း၏ စဉ်းစားတွေးတောပုံနှင့် တိုးတက်မှုနှေးကွေးရသည့် အကြောင်းတို့ကို ရေးသားထားလေရာ စုချန်းအဖို့ ဖတ်ရသည်မှာ အများကြီး လွယ်ကူသွားတော့သည်။
အောရစ်၏ ရေးသားချက်များကို ဖတ်ရှုရင်း ရှေးဟောင်းအာကင်နာနည်းစနစ်များအပေါ် စုချန်းက ၎င်း၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ယှဉ်ထိုးသုံးသပ်ကြည့်နေ၏။ အောရစ်ကလည်း နားလည်လွယ်သော အသုံးအနှုံးများကိုသာ အများစု အသုံးပြုထားခြင်းဖြစ်လေရာ စုချန်းတယောက် ရှေးဟောင်း အာကင်နာနိုင်ငံတော်ကြီးအကြောင်းကို အတွင်းကျကျ နားလည်လာတော့သည်။ အနှီ နိုင်ငံတော်သည်ကား နှစ်ပေါင်းသုံးသောင်းကျော်တိုင်အောင် တည်တံ့နိုင်ခဲ့ပြီး မရေမတွက်နိုင်လောက်အောင် အရေးကြီးသော ရှာဖွေမှုများနှင့် တီထွင်မှုများ ပြုလုပ်နိုင်ခဲ့သည့် အံ့ချီးဖွယ် နိုင်ငံတော်ကြီးပေတကား။
လထဲရှိမူလစွမ်းအင်တို့ကို အရွေ့စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သော ပျံသန်းနေသည် မူလနတ်ဆိုးရုပ်သေးရုပ်အမည်ရှိ ပစ္စည်းတမျိုး၊ အလွန်ရှားပါးသော သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာနှင့် အာကင်နာ သက်ရှိပုံစံပြောင်း နည်းစနစ်များ၊ အခြားရှေးဟောင်းအာကင်နာနည်းစနစ်များအားလုံးကို အာကင်နာမျိုးစိတ်တို့ တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိခေတ်ကာလ လူသားများ ရှင်သန်နေကြသည့် သွေးဗီဇစနစ်သည်လည်း အာကင်နာနိုင်ငံတော်ကြီး၏ သုတေသနလုပ်ငန်းများမှ ဆင်းသက်လာသော အငိုင်းအခက်များသာ ဖြစ်ကြကုန်၏။
အထက်ပါအတိုင်း စဉ်းစားတွေးတောမိသောအခါ စုချန်း တကိုယ်လုံး သွက်သွက်ခါအောင် တုန်ယင်လာ၏။ အာကင်နာတို့သည် ပါရမီရှင်များ ပေတကား။ သို့သော် တန်ဖိုးမဖြတ်နိုင်သော တီထွင်မှုများသည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျောက်ဆုံးသွားခဲ့ရသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာပင်။ ယခုတွင်ကာ ထိုအောင်မြင်မှုများကို အာကင်နာတို့ကိုယ်တိုင် ပြောပြခဲ့လျင်ပင် ယခင် ဂုဏ်ကျက်သရေ၊ အထင်ကြီးလေးစားမှုတို့ကို ပြန်ရနိုင်ဖွယ်ရာ မရှိတော့။
အားလပ်နေသော အချိန်များတွင်ကား စုချန်းက သံမဏိကို ခေါ်ယူကာ ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်းကို သင်ကြားပေး၏။ အများသူငါ ပြောကြသည်မှာ တောင်ရိုးကမ်းပါး လူမျိုးများဟူသည်မှာ အလွန်တရာ ညဏ်ထိုင်းလှပြီး ၎င်းတို့၏ ဦးနှောက်မှာလည်း ကျောက်စိုင်ကျောက်သားများနှင့်သာ ပြည့်နှက်နေသည်ဟူ၏။ ထိုစကား မှန်ကန်ကြောင်း ယခုတော့ စုချန်း လက်ခံရမည့်ပုံပင်။ ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်းကို ကောင်းစွာလေ့ကျင့်နိုင်ရန် သံမဏိခမျာ လေးရက်နှင့်လေးညတိုင်တိုင် အချိန်ယူခဲ့ရရှာ၏။
နှိုင်းယှဉ်၍ပြောရလျင် ထိုနည်းလမ်းကို လေ့ကျင့်နိုင်ရန် စုချန်းအဖို့ တညမျှသာ အချိန်ယူခဲ့ရ၏။ ထို့ကြောင့် သံမဏိသည် သာမာန်လူတယောက်၏ တဝက်မျှပင် လက်ခံသင်ယူနိုင်စွမ်းမရှိဟု ဆိုရမည်။ သို့သော် ထိုတချက်ကြောင့်ပင် တောင်ရိုးကမ်းပါးမျိုးစိတ်ဟူသည် လောကတွင် သစ္စာအရှိဆုံးမျိုးစိတ် ဖြစ်လာစေခဲ့ခြင်းဖြစ်သည်။
အားနည်းချက်နှင့် အားသာချက်ဟူသည်မှာ အမြဲတမ်း ဒွန်တွဲနေသော အရာမျိုးဖြစ်သည်။ လောကတွင် ပြီးပြည့်စုံသော လူမျိုးဟူ၍ မရှိ။ ထို့အတူပင် လူတယောက်သည် ညဏ်ရည်အလွန်မြင့်ပါက ထိုသူကို ရာနှုန်းပြည့် သစ္စာရှိစေရန် မျှော်လင့်ခြင်းမှာ ရူးမိုက်နေသည်နှင့် အတူတူပင်။ အထက်ပါအတိုင်း စဉ်းစားတွေးတောရင်း စုချန်းတယောက် နှစ်ထောင်းအားရ ဖြစ်နေ၏။
ဤယနေ့တွင်လည်း စုချန်းသည် အောရစ်၏မှတ်စုများကို လေ့လာဖတ်ရှုနေ၏။ ထိုအခိုက်မှာပင် သံမဏိ၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဟေ့ မလာနဲ့ မင်း ဒါကို စားလို့မရဘူးကွ"
အသံကိုကြားသည်နှင့် စုချန်းက ချက်ချင်းပင် အပြင်ကို ထွက်ကြည့်လိုက်ရာ သံမဏိသည် ငွေကြယ်သတ္တုအပိုင်းအစတခုကို လက်တွင် မြောက်ကိုင်ရင်း နောက်သို့ တရွေ့ရွေ့ဆုတ်နေကြောင်း တွေ့လိုက်ရ၏။ သတ္တုစားပိုးကောင်ကြီးသည် အနှီသတ္တုကို သံမဏိလက်မှ အငမ်းမရ လိုက်လုနေ၏။ ၎င်းတို့ သံမဏိကို ထိခိုက်စေလိုသော ရည်ရွယ်ချက် မရှိသော်လည်း ထက်မြက်လှသော အစွယ်ကြီးနှစ်ချောင်းက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သံမဏိခမျာ နောက်သို့ တလစပ် ဆုတ်ပေးနေရရှာသည်။
စုချန်းက မေးလိုက်သည်။
"ဘာလို့ လက်စွပ်ထဲ မထည့်လိုက်တာလဲ"
သတ္တုရိုင်းကို လက်စွပ်အတွင်း ထည့်ထားပါက ပိုးကောင်ကြီးမှာ အနံ့ခံနိုင်စွမ်းမရှိတော့လေရာ ဤကဲ့သို့ ပြသနာမျိုး ပေါ်ပေါက်လာစရာ မရှိတော့။
"လက်စွပ်က ပြည့်နေပါပြီသခင် ကျွန်တော် ဒီသတ္တုရိုင်းကို တခြားနေရာမှာ သိမ်းအုံးမလို့ပဲ ဒါပေမဲ့ ချက်ချင်းလိုလို ဒီကောင်ကြီး ရောက်လာပြီး လိုက်လုနေတာပါပဲ"
ထိုအခါ စုချန်းက
"အဲဒါဆိုလဲ သူ စားပါစေကွာ"
ငွေကြယ်သတ္တုရိုင်းသည် အဖိုးတန်သည်မှန်သော်လည်း စုချန်းအနေနှင့် သံမဏိကို ဒုက္ခရောက်စေလိုသော ဆန္ဒအလျင်းမျှပင် မရှိ။ ထိုအခါ သံမဏိသည် စုချန်း၏စကားအတိုင်း ငွေကြယ်သတ္တုအပိုင်းအစကို လွှင့်ပစ်လိုက်၏။ သတ္တုအပိုင်းအစသည် လှပသောမျဉ်းကြောင်းတကြောင်းပမာ လေထဲတွင် ပျံသန်းသွားလေသည်။ သတ္တုစားပိုးကောင်ကြီးသည် လေကျင့်ထားသော ခွေးတကောင်ပမာ သတ္တုအပိုင်းအစ မြေပေါ်သို့မကျမှီမှာပင် တရှိန်ထိုး ပြေးဟပ်လိုက်တော့သည်။
မိမိ စားသောက်လိုသောအရာကို စားသောက်လိုက်ရ၍ စိတ်ကျေနပ်သွားသောဟန်ဖြင့် သတ္တုစားပိုးကောင်ကြီးသည် ၎င်း၏ကိုယ်ခန္ဓာကို ဂူနံရံဖြင့် ပွတ်တိုက်လိုက်၏။ တဖန် ချောင်ကောင်းကောင်းတနေရာတွင် အားရပါးရ မစင်စွန့်ပြန်သည်။ ထို့နောက်တွင်ကားအိပ်စက်တော့မည့်ဟန်ဖြင့် ထွက်ခွာသွားလေသည်။ ၎င်းအနေနှင့် ယခုအချိန်တွင် သံမဏိကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် ထင်ပုံမရတော့။
သတ္တစားပိုးကောင်သည် သက်ရှိပင်ဖြစ်၍ အစာစားပြီးသည်နှင့် မစင်လည်းစွန့်ပေလိမ့်မည်။ ၎င်းမှာ မည်သို့မျှ မထူခြားသော ကိစ္စဖြစ်သည်။ တဖန် မူလကတည်းက အောရစ်သည် သတ္တုစားပိုးကောင်ကြီးအား မစင်စွန့်ရာတွင် ဂူထောင့်ချိုးနေရာများတွင်သာ စွန့်စေရန် သင်ပေးထားပြီးဖြစ်လေရာ ထိုပြသနာကို စုချန်းတို့အနေနှင့် ပူစရာမလိုလှ။ ကိစ္စဝိစ္စများပြီးသည်နှင့် စုချန်းသည် ဂူအတွင်းသို့ ပြန်ဝင်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် ပိုးကောင်ကြီး၏ မစင်ပုံအတွင်းမှ ထူးခြားသာ အလင်းရောင်တချို့ ပေါ်ထွက်နေကြောင်း တွေ့ရှိလိုက်ရသည်။
စုချန်း အလွန် အံ့သြသင့်သွား၏။ ထို့နောက် သူက စိတ်ဝင်တစားနှင့် ကြည့်ရှုလိုက်သည်။
သတ္တုစားပိုးကောင်ကြီးသည် အမြဲတစေ များပြားလှသော ငွေကြယ်သတ္တုများကို စားသောက်လေ့ရှိရာ သူ့မစင်ပုံမှာ အနံ့မပြင်းလှ။ မစင်ပုံတခုလုံးသည်လည်း မာကျောသော အစိုင်အခဲများနှင့်သာ ပြည့်နှက်နေပြီး မြေကြီးတချို့နှင့် ရောနှောနေ၏။ စုချန်းက ချက်ချင်းပင် မစင်ပုံ၏ မာကျောသော အပြင်ခွံကို ရိုက်ခွဲလိုက်သည်။ မစင်ပုံ၏အတွင်း၌ကား အလွန်တောက်ပသော ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေလေသည်တကား။ ၎င်းသည် ငွေကြယ်သတ္တုနှင့် တူလှသည်။ သို့သော် ငွေကြယ်သတ္တုများထက် ပို၍ တန်ဖိုးကြီးမားပုံရနေ၏။
"မြတ်စွာဘုရား ငွေကြယ်အဆီခဲတွေပါလား"
စုချန်း အံသြတသင့်နှင့် အော်ဟစ်လိုက်၏။ ငွေကြယ်အဆီခဲ ဟူသည်မှာ ငွေကြယ်သတ္တုရိုင်း အများအပြားကို ထိပ်တန်းအရည်အသွေးရှိ သတ္တုအဖြစ်သို့ ပြန်လည်သန့်စင်ရာတွင် ပေါ်ထွက်လာတတ်သော အရာတမျိုးဖြစ်သည်။ ၎င်းကို အဆင့်မြင့်မူလကိရိယာများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး အဆိုပါ ကိရိယာများ မူလစွမ်းအင် အသုံးချနိုင်သည့်ပမာဏ တိုးမြင့်လာအောင် ပြုလုပ်ပေးနိုင်၏။ ၎င်းသည် တန်ဖိုးအလွန်ကြီးမားလှပေရာ စုချန်းကဲ့သို့သော မူလချီစွမ်းအားပညာရှင်တယောက်အနေနှင့် ထိုပစ္စည်းမျိုးကို အသုံးပြုနိုင်ဖို့ဝေးစွ၊ မြင်ဖူးရန်ပင် ခဲယဉ်းလှသည်ဟု ဆိုရမည်။
သတ္တုစားပိုးကောင်ကြီးအနေနှင့် ထိုသတ္တုမျိုးကို ထုတ်လုပ်နိုင်လိမ့်မည်ဟု စုချန်း တခါမှ မမျှော်လင့်ဖူး။ ထိုအခိုက်မှာပင် သူ့အာရုံထဲသို့ အတွေးတခု ရုတ်ချည်းဝင်လာ၏။ ဤအဖြစ်အပျက်သည် ကံကောင်းမှုပေလော၊ သို့တည်းမဟုတ် ပုံမှန်ဖြစ်နေကျပေလော။
အတွေးနှင့်အတူ စုချန်း ရင်ခုန်လာ၏။ သူက ချက်ချင်းပင် သူ့ရှေ့ရှိ မစင်ပုံကြီးတခုလုံးကို ရိုက်ခွဲရှာဖွေလိုက်သည်။ ဤတကြိမ်တွင်ကား မည်သည့် ငွေကြယ်အဆီအနှစ်မျှ မတွေ့ရတော့။ ထိုအခါ သူက ခေါင်းကိုမော့ရင်း အမှောင်တွင်းသို့ ခုန်ဝင်လိုက်၏။ ထိုနေရာတွင် သတ္တုစားပိုးကောင်ကြီး၏ မစင်ပုံ အများအပြားပင် ရှိနေ၏။ စုချန်း အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိ။ မစင်ပုံများကို တပုံပြီးတပုံ ရိုက်ခွဲရှာဖွေလိုက်သည်။ အတန်ကြာသောအခါ နောက်ထပ် ငွေကြယ်အဆီအနှစ်တခုကို စုချန်း ရရှိလိုက်ပြန်သည်။ ထိုအဆီအနှစ်ကို စုချန်းက ဂရုတစိုက် ကြည့်ရှုလိုက်သည်။ တဖြတ်ဖြတ် လင်းလက်တောက်ပနေသော ထိုအဆီအနှစ်သည် ပထမတခုထက် သေးငယ်သော်လည်း စုချန်း၏ မျက်လုံးထဲတွင်ကား စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့လေပြီ။
သံမဏိသည်ကား ယခုအချိန်ထိ စုချန်း၏ လုပ်ရပ်ကို နားလည်ပုံမရ။ သူက ဇဝေဇဝါနှင့် မေးလိုက်သည်။
"သခင်....သခင် ဘာတွေများလုပ်နေတာတုန်း"
သူ့ခမျာ သတ္တုစားပိုးကောင်ကြီး၏မစင်ပုံများအပေါ် စုချန်း အလွန်အမင်း စိတ်ဝင်စားနေခြင်းကို မည်သို့မျှ နားလည်ပုံမရ။
"သိပ်တော့မများဘူး"
စုချန်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ တဆက်တည်းမှပင် သူက သံမဏိကို လှည့်ရင်းပြောလိုက်သည်။
"အလုပ်အသစ်တခု ပေါ်လာပြီကွ ဒါကို မင်းကို လုပ်စေချင်တယ်"
သံမဏိက မေးလိုက်၏။
"ဘာအလုပ်များလဲသခင်"
"ဒီမစင်ပုံတွေကို တူးထုတ်ဖို့ပဲ"
စုချန်းက ဖြေလိုက်၏။