ကျွန်ပြုခြင်းစာလွှာ
Vol. 7 Ch. 65
ကျန်ရှိသော အချိန်များသည် စုချန်းနှင့် သံမဏိသည် လှိုဏ်ဂူတခုလုံးကို လှည့်လည်သွားလာရင်း သတ္တုစားသတ္တဝါကြီး၏ မစင်ပုံများကို တခုပါမကျန်အောင် လိုက်လံရှာဖွေစစ်ဆေးကြ၏။ အမှန်တော့ မစင်ပုံအနည်းငယ်ခန့်ကို ရှာဖွေစစ်ဆေးပြီးတိုင်း ငွေကြယ်အဆီအနှစ်တခုစီ တွေ့ရှိရလေရာ အခြေအနေမှာ သိပ်မဆိုးလှဟု ဆိုရမည်။
နေ့တဝက်ခန့်အကြာတွင်ကား ရှိရှိသမျှ မစင်ပုံများအားလုံးကို ရိုက်ခွဲခဲ့ပြီးလေပြီ။ လှိုဏ်ဂူတခုလုံးတွင် မည်သည့်မစင်ပုံမျှ မကျန်မှန်း သေချာအောင် စစ်ဆေးပြီးမှ သူတို့နှစ်ယောက်က အလုပ်ကို ရပ်နားလိုက်ကြ၏ နောက်ဆုံးတွင်ကား စုချန်းပိုင်ဆိုင်သည့် ငွေကြယ်အဆီအနှစ်သည် လက်သည်းခွံလောက်ရှိသော ပမာဏမှ ကလေးတယောက်၏ ဦးခေါင်းအရွယ်အစားအထိ တိုးပွားလာခဲ့တော့သည်။
ဤမျှများပြားသော ငွေကြယ်အဆီအနှစ်တို့ကို ပိုင်ဆိုင်လိုက်ရသည့်အတွက် စုချန်း၏စိတ်ထဲတွင် ယစ်မူးသော ခံစားချက်များ ပေါ်ပေါက်လာ၏။ အပြင်လောကတွင် သစ်ကြားသီးအရွယ် ငွေကြယ်အဆီအနှစ်တတုံးသည် အဆင့်နိမ့်မူလကျောက်တုံး ငါးထောင်ခန့် တန်ဖိုးရှိ၏။ စုချန်းလက်ထဲရှိ ငွေကြယ်အဆီအနှစ်မှာ သစ်ကြားသီး သုံးလုံးမှ လေးလုံးစာခန့် ရှိ၏။ အဓိပ္ပါယ်မှာ ၎င်းသည် မူလကျောက်တုံးနှစ်သောင်းခန့် တန်ဖိုးရှိသည်ဟူသော သဘောပင်ဖြစ်သည်။
"မင်းဟာ ငွေလုပ်တဲ့စက်ဖြစ်နေလိမ့်မယ်လို့ ငါတခါမှ မထင်ဖူးဘူး"
အိပ်ပျော်နေသော သတ္တုစားပိုးကောင်ကြီးကိုကြည့်ရင်း စုချန်းက ပြောလိုက်၏။
ငွေကြယ်အဆီအနှစ်ခဲ စစ်ထုတ်သော လုပ်ငန်းစဉ်သည် အတော်လေးရှုပ်ထွေး၏။ လုပ်ငန်းစဉ်တလျှောက်တွင် ငွေကြယ်သတ္တုရိုင်း အများအပြားကို လေးဆယ်ချိုး တချိုးနှင့် လောင်ကျွမ်းစေနိုင်သဖြင့် ၎င်း၏တန်ဖိုးမှာ အထူးပင် မြင့်မားနေခြင်း ဖြစ်သည်။ စုချန်းအနေနှင့် သတ္တစားပိုးကောင်ကြီး ငွေကြယ်သတ္တုရိုင်း မည်မျှပမာထိ စားသုံးနိုင်သည်ကို သေသေချာချာ မသိပါ။ သို့သော် အတော်များများ စားသုံးနိုင်မှန်းတော့ သတိထားမိ၏။
သတ္တုစားသတ္တဝါကြီး၏ အစာစားသောက်နှုန်းမှာ ကြီးမားလှပြီးတနေ့လျင် သတ္တုအရိုင်းတုံးဆယ့်ငါးကီလိုဂရမ်အထိ စားသောက်နိုင်ပြီး ထိုအထဲမှာ ငါးရာခိုင်နှုန်းမှာ သန့်စင်သော ငွေကြယ်သတ္တုများ ဖြစ်သည်။ ဤနှုန်းထားအရဆိုလျင် ပိုးကောင်ကြီးသည် တနေ့လျင် သန့်စင်သော ငွေကြယ်သတ္တု ကီလိုဝက်အထိ စားသုံးခဲ့ပြီးဖြစ်သည်ဟု ဆိုနိုင်၏။ အောရစ်၏ ရေးသားချက်အရ သတ္တုစားသတ္တဝါကြီးသည် ဤဂူအတွင်းတွင် ရက်ပေါင်း ၂၇၀ သို့မဟုတ် ထိုထက်ပို၍ နေထိုင်ခဲ့ပြီးဖြစ်သည် ဟူ၏။ ဤသို့ဆိုလျင် ပိုးကောင်ကြီးသည် ငွေကြယ်သတ္တုစုစုပေါင်း ကီလို ၂၀၀နီးပါးမျှ စားသောက်ခဲ့ပြီးပြီဟု တွက်ချက်နိုင်လေသည်။ထို့ကြောင့် စုချန်း စုဆောင်းရရှိသော ငွေကြယ်အဆီအနှစ်သည် ကလေးဦးခေါင်းအရွယ်မျှသာရှိသော်လည်း ဆယ်ကီလိုမျှ ရှိလိမ့်မည်ဟု တွက်ဆရသည်။ နှစ်ဆယ်အချိုး တစ်ဖြစ်နေ၍ လေးဆယ်အချိုး တစ်ထက်တော့ သာနေသည်က အမှန်ပင်။
ဤတွက်ချက်မှုမှာ အကြမ်းဖျင်းသာဖြစ်ရာ တိကျသည်ဟုတော့ မဆိုနိုင်။ ကနဦးနေ့ရက်များတွင် ပိုးကောင်ကြီးအနေနှင့် သတ္တုအရိုင်းတုံးများ ယခုထက်ပို၍ စားသောက်ခဲ့သည်လည်း ဖြစ်နိုင်သေး၏။
အမှန်တော့ ငွေကြယ်အဆီအနှစ်ခဲများကို သူတွေ့ရှိခဲ့ရသည့် အဓိက အကြောင်းတရားမှာ သူသည် ပိုးကောင်ကြီးကို အလွန်သန့်စင်သော ငွေကြယ်သတ္တု အပိုင်းအစ လေးခု ကျွေးမွေးခဲ့၍သာ ဖြစ်ပေမည်။ သူ ကျွေးမွေးခဲ့သော သန့်စင်သည့် ငွေကြယ်သတ္တုပမာဏသည် ပိုးကောင်ကြီး တောက်ၤလျှောက်စားသောက်ခဲ့သော ပမာဏထက်စာလျင် များနေသေး၏။ အကြောင်းမှာ ၎င်း အမြဲစားသောက်ခဲ့သော အရာများသည် အရိုင်းတုံးများ ဖြစ်နေသောကြောင့်ပင်တည်း။ ထို့အတွက်ကြောင့်ပင်လျင် သတ္တုစားပိုးကောင်ကြီး နောက်ဆုံး စွန့်ထုတ်ခဲ့သော မစင်ပုံကြီးဝယ် စုချန်း သတိပြုမိလောက်သည့် ငွေကြယ်အဆီအနှစ်ခဲ ပါဝင်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျင် စုချန်းသည်လည်း အောရစ်ကဲ့သို့ပင် ပုန်းကွယ်နေသော ရတနာပစ္စည်းကို မျက်စေ့လျှမ်းမိပေလိမ့်မည်။
ဤအတိုင်းသာဆိုလျင် ပိုးကောင်ကြီးအား သန့်စင်သော ငွေကြယ်သတ္တုများ ပိုမိုကျွေးမွေးပါက သူ့အနေနှင့် ငွေကြယ်အဆီအနှစ်ခဲများ ပိုမိုရရှိနိုင်သည် မဟုတ်ပါလား။ ဤသို့သာဆိုလျင် ပြောင်းလဲနိုင်သော နှုန်းထားကို ပို၍တွက်ဆနိုင်လာဖွယ်ရာရှိသည်။
စုချန်း တစုံတရာကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ရက်များတွင် သတ္တုစားပိုးကောင်ကြီး၏ အစာစားနှုန်းက သိသိသာသာ မြင့်တက်လာကြောင်း သူ သတိထားမိ၏။ ထိုအခါ သူက သံမဏိအား ပိုးကောင်ကြီးကို စနစ်တကျ ချိန်တွယ်ထားသော သန့်စင်သည့် ငွေကြယ်သတ္တုများသာ ကျွေးမွေးရန် အမိန့်ပေးလိုက်သည်။ သတ္တုစားပိုးကောင်ကြီးကား ဝဝလင်လင် စားသောက်ရသဖြင့် အလွန်တရာ ပျော်ရွှင်နေ၏။ သူနှင့် သံမဏိကြားမှ ခင်မင်ရင်းနှီးမှုမှာလည်း တဖြည်းဖြည်း တိုးလာခဲ့လေသည်။
ထို့နောက်တွင်ကား စုချန်းသည် သုံးရက်လုံးလုံး ပိုးကောင်ကြီး မစင်စွန့်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။ သို့သော် ပိုးကောင်ကြီးကား မစင်မစွန့်သည့်အပြင် အစာစားနှုန်းပါ လျော့နည်းလာ၏။ စုချန်းကား အတော်လေး အံသြသင့်သွားသည်။ လေးရက်မြောက်နေ့တွင် ပိုးကောင်ကြီး ပို၍ အားနည်းလာ၏။ သံမဏိက အစားအစာများ ကျွေးမွေးသည့်တိုင် မစားပဲ ငြင်းဆန်နေခဲ့လေပြီ။
စုချန်း ပို၍ စိတ်ပူလာ၏။ သူ့အနေနှင့် အမှားတခု ပြုလုပ်နေမိပြီဖြစ်ကြောင်း သတိထားမိလာသည်။
ဤယနေ့ညတွင်ကား သတ္တုစားပိုးကောင်ကြီးသည် ထောင့်တထောင့်တွင် ထိုင်နေ၏။ သူပုံစံမှာ တစုံတရာကို အားစိုက်နေကြောင်း သိသာပေသည်။ အတန်ကြာသော် ပိုးကောင်ကြီးသည် သူ့အခွံမာကြီးနှင့် ဂူနံရံကို တဘုန်းဘုန်းဆောင့်ရင်း နာကျင်စွာ အော်ဟစ်ငြီးတွားနေရှာ၏။
အဆိုပါ မြင်ကွင်းကို ကြည့်လိုက်မှ ပြသနာကို စုချန်း နားလည်သဘောပေါက်သွား၏။ လက်စသတ်တော့ ကိုယ့်ဆရာ ဝမ်းချုပ်နေခြင်းပါကလား။ ညဝက်ခန့် အပြင်းအထန် အားစိုက်ပြီးသကာလ ပိုးကောင်ကြီးသည် ငွေရောင်တောင်ပနေသော မစင်ခဲတချို့ကို စွန့်ထုတ်နိုင်လိုက်၏။ ၎င်းကိုချိန်ကြည့်သောအခါ အံ့သြသင့်ဖွယ်ရာ နှစ်ကီလိုဂရမ်တိတိ ရှိနေသည်ကို တွေ့ရ၏။ သံမဏိက ချက်ချင်းပဲ အနှီငွေကြယ်အဆီအနှစ်ခဲကို လက်စွပ်အတွင်းတွင် သိမ်းထားလိုက်လေသည်။
ဤအတိုင်းဆိုလျင် ပိုးကောင်ကြီး ဝမ်းချုပ်နေသည်မှာ အံ့သြင့်စရာ မဟုတ်တော့။ ဤစမ်းသပ်ချက်ကြောင့် စုချန်း အချက်နှစ်ချက်ကို သဘောပေါက်လိုက်၏။ ပထမတချက်မှာ ပိုးကောင်ကြီး၏ ငွေကြယ်အဆီအနှစ် ပြောင်းလဲမှုနှုန်းထားသည် နှစ်ဆယ်နှစ် အချိုး တစ် ခန့်ဖြစ်နေ၍ သူမူလမှ်းဆထားသည်ထက် မဆိုစလောက်ခန့်သာ လျော့နည်းပေသည်။ ဒုတိယတချက်မှာ ပမာဏများများ ပြောင်းလဲနိုင်ခြင်းသည်လည်း ပမာဏနည်းနည်းပြောင်းလဲနိုင်ခြင်းကဲ့သို့ပင် ဆိုးဝါးသည်သာ။ အကြောင်းမှာ ဝမ်းချုပ်ခြင်းကြောင့် ပိုးကောင်ကြီး သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
ကောင်းကင်ဝံပုလွေဓားနှင့် အနက်ရောင်မျဉ်းကြောင်းဓားကဲ့သို့သော ဓားမြတ်များသည်ပင် သတ္တုစားပိုးကောင်ကြီးအား မသတ်ဖြတ်နိုင်သော်လည်း ဝမ်းချုပ်သည့်ဒဏ်ကြောင့် သူ့ခမျာ သေလုနီးပါးဖြစ်သွားခဲ့၏။ အများသူငှာ ကြောကြားနေကျ စကားတခွန်းဖြစ်သည့် ဤကမ္ဘာကြီးသည် အလွန်ဆန်းကြယ်သည်ဟူသောစကားမှာ မှန်ပေ၏။
ထိုကနေ့မှစ၍ စုချန်းသည် ပိုးကောင်ကြီး၏ ပုံမှန်အစားအသောက်နှင့် သန့်စင်သော ငွေကြယ်သတ္တုတို့ိုသာ ရောနှော၍ ကျွေးတော့သည်။ ထိုအခါ သတ္တုစားပိုးကောင်ကြီးသည် တဖြည်းဖြည်း ပြန်လည်သန်စွမ်းလာပြီး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ၏။
မည်သည့်အလုပ်မျှမရှိသောအခါ စုချန်းသည် သတ္တုစားပိုးကောင်ကြီးသာ ငွေကြယ်သတ္တုများ စားသုံးပြီး ငွေကြယ်အဆီခဲများ စွန့်ထုတ်နိုင်စွမ်းရှိပါက မည်သည့်အတွက်ကြောင့် အခြားသတ္တုများကို ဤကဲ့သို့ မလုပ်နိုင်ရမည်နည်းဟု တွေးတောနေတတ်လေသည်။ အဆိုပါ ယူဆတွေးတောချက်ကို အနာဂတ်တွင် ပြန်လည်စမ်းသပ်ပိုင်ခွင့်ကို သူ့အနေနှင့် ပိုင်ဆိုင်ထားခဲ့လေပြီ။ ထိုသို့ စမ်းသပ်နိုင်ရာ အနှီ ငွေထုတ်စက်ကို သူနှင့်တပါတည်း ယူဆောင်သွားနိုင်ရန် အရေးကြီးနေ၏။
ကျေးဇူးတင်စရာကောင်းသည်မှာ အောရစ်သည် သတ္တုစားပိုးကောင်ကြီးအား မည်သို့ ထိန်းချုပ်ရမည်မှန်း ချန်ထားရစ်ခဲ့၏။ အောရစ် ပြောကြားထားသည့် ကျေးကျွန်ပြုခြင်းစာလွှာကိုသာ အသုံးပြုလိုက်ပါက အသုံးပြုခံရသော သတ္တဝါ၏ နှလုံးသားထဲတွင် ဤပုဂ္ဂိုလ်သည် သူ့သခင်ဖြစ်ကြောင်း ထာဝရ မှတ်သားသွားပေလိမ့်မည်။ ထို့နောက်တွင်ကား ၎င်းသည် သခင်၏အမိန့်ကို အတိုင်းအတာတခုအထိ လိုက်နာလုပ်ဆောင်နိုင်ပေလိမ့်မည်။
တဖန် ကျေးကျွန်ပြုခြင်းစာလွှာဟူသည်မှာ အထူးတလည် ခက်ခဲလှသည်မဟုတ်။ စုချန်းအနေနှင့် အချိန်တိုအတွင်း သခင်တယောက် ဖြစ်လာပေလိမ့်မည်။
ဆယ့်တစ်ရက်မြောက်နေ့တွင်ကား လှိုဏ်ဂူအတွင်းရှိ ငွေကြယ်သတ္တုရိုင်းများအားလုံးကို သူတို့ တူးဖော်ခဲ့ပြီးလေပြီ။ ထိုအတောအတွင်းဝယ် စုချန်းသည်လည်း အောရစ်၏ မှတ်စုများကို အမြဲမပြတ် လေ့လာဖတ်ရှုနေခဲ့ရာ အဖိုးကြီး၏ အတွေ့အကြုံနှင့် ဗဟုသုတများကို အတော်လေး တီးမိခေါက်မိသည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီဟု ဆိုရမည်။ သူတို့အနေနှင့် ဤဂူထဲတွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့။
ဂူအတွင်းမှ မထွက်ခွာမီလေးတွင်ပင် စုချန်းက အဖြူရောင် စာလိပ်တခုကို ဆွဲထုတ်လိုက်၏။ ၎င်းစာလိပ်ကို သားရဲသတ္တဝါဆိုးတကောင်၏ အရေပြားနှင့် ပြုလုပ်ထားပြီး အထဲတွင် ကျွန်ပြုခြင်းအဆောင်လက်ဖွဲ့တခု ရေးထိုးထားလေသည်။ ထိုအခါ သူက သတ္တုစားပိုးကောင်ကြီးကို ညွှန်ပြရင်း အနှီ စာလိပ်ကို နှိုးဆွလိုက်တော့သည်။ ဤပညာရပ်သည် အောရစ်မှတ်စုများထဲမှ စုချန်း လေ့လာထားသော ရှေးဟောင်းအာကင်နာပညာရပ်တခုပင် ဖြစ်လေသည်။
ယနေ့ခေတ်လူများသည်ကား ပို၍ ရိုးရှင်းလွယ်ကူသော အဆောင်လက်ဖွဲ့ပုံစံများကိုသာ အသုံးပြူကြ၏။ မူလအဆောင်လက်ဖွဲ့များကိုလည်း မူလစွမ်းအင်ကို သိုမှီးနိုင်သည့် အထူးပြုလုပ်ထားသော စာရွက်များနှင့် ပြုလုပ်ထားလေ့ရှိကြလေသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ၎င်းတို့သည် ပိုမို၍ ထုတ်လုပ်ရလွယ်ကူပြီး တကြိမ်တည်းတွင် အများအပြား ထုတ်လုပ်နိုင်သောကြောင့်ပင် ဖြစ်သည်။ ရလဒ်အနေနှင့်ကား လက်ရှိ စုချန်း အသုံးပြုရန် ကြိုးစားနေသည့် အာကင်နာနည်းစနစ်လောက် မကောင်းသည့်အပြင် ထိန်းချုပ်ခံသတ္တဝါကိုလည်း နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ရန် မသေချာလှပေ။
စုချန်းကား အလုပ်စပေပြီ။ သူ့အနေနှင့် သတ္တုစားသတ္တဝါကြီးကို သူ့ကျေးကျွန်အဖြစ် ခိုင်းစေနိုင်ရန် ကြိုးစားရပေတော့မည်။
"ဖောင်း"
စုချန်း ထုတ်ယူလိုက်သည့် ကျေးကျွန်ပြုခြင်းစာလိပ်သည် သတ္တုစားပိုးကောင်ကြီး၏ ကိုယ်ခန္ဓာနှင့် ထိမိသည်နှင့် အထက်ပါအတိုင်း ပေါက်ကွဲသံ ခပ်သဲ့သဲ့ပေါ်လာကာ မီးခိုးရောင်ပြာများ ဖြစ်ကုန်ကြ၏။ ပိုးကောင်ကြီးကား ကျွန်ပြုခြင်းကို တွန်းလှန်နေခဲ့ပေပြီ။ အလွန် သန်မာသော သက်ရှိပုံစံတချို့သည် ကျေးကျွန်ပြုခြင်းစာလိပ်ကို တွန်းလှန်နိုင်သော အစွမ်းသတ္တိများ ရှိကြ၏။ သဘောတရားအရ ပို၍ သန်မာလေလေ ထိုသတ္တဝါများကို ကျွန်ပြုရန် ပို၍ခက်လေလေပင်တည်း။ စုချန်း၏ ခွန်အားမှာလည်း ပိုးကောင်ကြီးကို မည်သို့မျှ မယှဉ်နိုင်လေရာ သူ၏ စာလိပ်တခုလုံး ပေါက်ကွဲသွားသည်မှာ သိပ်မဆန်းဟုပင် ဆိုရမည်။
စုချန်း အတော်လေး မကျေမနပ် ဖြစ်သွား၏။ သူက နောက်ထပ် စာလိပ်နှစ်လိပ် ထပ်မံ ဖန်တီးလိုက်ပြန်သည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ အဟောသိကံသာ ဖြစ်သွားရရှာ၏။ စုချန်းတယောက် အတော်လေး ကြံရာမရ ဖြစ်သွားသည်။ အကြောင်းမှာ အောရစ်သည် စာလိပ်လေးလိပ်သာ ချန်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုဆိုလျင် စာလိပ်တလိပ်သာ ကျန်တော့သည်။ ပြသနာတော့ တက်လေပြီ။
နောက်ဆုံး စာလိပ်တလိပ်ကိုကိုင်ရင်း စုချန်းခမျာ အတော်လေး ချီတုံချတုံ ဖြစ်နေခဲ့ရလေပြီ။ ဤတလိပ်သာ အလကားဖြစ်သွားလျင် သူ့အနေနှင့် နောက်ထပ် အခွင့်အလမ်း မရှိတော့။ ထိုအခိုက်မှာပင် အခြေအနေကို နားလည်သဘောပေါက်နေသော သံမဏိက ပြောလိုက်သည်။
"သခင် ကျွန်တော် စမ်းကြည့်ရမလား ခင်ဗျာ"
"မင်းက......."
စုချန်း အတော်လေးအံ့သြသွား၏။ သံမဏိက စိုးရိမ်ပူပန်သော ဟန်ပန်ဖြင့် သူ့စိတ်ကူးကို ရှင်းပြလိုက်သည်။
"ဟာ အထင်မလွဲပါနဲ့ သခင် အထင်မလွဲပါနဲ့ ဒီကောင်ကြီးကို သခင့်ဆီက လုယူချင်တဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူးခင်ဗျာ ဒီကောင့်ကိုကြည့်ရတာ ကျွန်တော့ရဲ့စကားကို ပိုများ နားထာင်မလားလို့ပါ"
သံမဏိ၏စကားကြောင့် စုချန်း အားရပါးရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား မထင်ပါဘူးကွ တကယ်လည်း မင်းပြောတာ မှန်ပါတယ်"
ထို့နောက် သူက ကျွန်ပြုခြင်းစာလိပ်ကို သံမဏိအား လှမ်းပေးရင်း ပြောလိုက်သည်။
"ရော့ စမ်းကြည့်ဟေ့"
သံမဏိက စာလိပ်ကို လှမ်းယူရင်း စုချန်းကို ပြောလိုက်သည်။
"သခင် သိပါတယ်နော် ဒါသာ အောင်မြင်သွားရင် ဒီကောင်ကြီး ကျွန်တော့စကားပဲ နားထာင်တော့မယ်ဆိုတာ"
စုချန်းက သံမဏိ၏ စိုးရိမ်ပူပန်မှုကို သဘောပေါက်ဟန်ဖြင့် နှစ်သိမ့်လိုက်ပြန်သည်။
"ဒါကို မင်း စိတ်ပူစရာမလိုဘူး စမ်းသာစမ်း"
ထိုအခါ သံမဏိက အသက်ကို ပြင်းပြင်းရှုရင်း စာလိပ်ကို သတ္တုစားပိုးကောင်ကြီး၏ ကျောပြင်ပေါ် တင်လိုက်တော့သည်။ အင်အားအရာတွင် သံမဏိသည် စုချန်းထက် များစွာနိမ့်၏။ သို့သော် ဤတကြိမ်တွင်ကား စာလိပ်သည် မည်သည့် ထူးခြားချက်မျိုးမှ ဖြစ်ပါ်မလာတော့။ ထိုအစား ပိုးကောင်ကြီးသည် ခေါင်းကို အနည်းငယ်မော့ကာ သံမဏိကိုကြည့်ရင်း မသဲမကွဲ ငြီးငြူလိုက်တော့သည်။ တဆက်တည်းမှာပင် ကျွန်ပြုခြင်းစာလွှာသည် ပိုးကောင်ကြီး၏ ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း စုချန်းက ဝမ်းသာအားရ ပြောလိုက်သည်။
"မင်းအတွက် ငါ ဂုဏ်ယူတယ်ဟေ့ ဒီတခေါက်မှာတော့ မင်းက ငါ့ထက် သန်မာသွားပြီ"
ထိုအခါ သံမဏိက စုချန်း၏ရှေ့တွင် ဒူးထောက်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သခင်ဟာ ကျွန်တော့ရဲ့ ထာဝရသခင် ဖြစ်နေမှာပါ ခင်ဗျာ"