တရားဝင်စီးပွားရေးလုပ်ငန်း
Vol. 7 Ch. 67
သတ္တုစားပိုးကောင်ကြီးအား လက်ခံရရှိပြီးသည်နှင့် သံမဏိသည် ၎င်းကို ပိုးကောင်အိတ်အတွင်းသို့ ထည့်၍သိမ်းဆည်းလိုက်၏။ ပိုးကောင်အိတ်အား စုချန်းက သံမဏိကို အပိုင်ပေးလိုက်ပြီဖြစ်သည်။ လုပ်စရာရှိသည်တို့ကို လုပ်ဆောင်ပြီးသည်နှင့် သူတို့နှစ်ယောက်သည် သတ္တုတွင်းဟောင်းအား အတူတကွ စွန့်ခွာလာခဲ့ကြလေသည်။ လွန်ခဲ့သော ဆယ်ရက်နှင့်စာလျင် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် လူဦးရေများစွာ လျော့နည်းသွားခဲ့ပြီဖြစ်သည်။ တူးဖော်ရရှိသော ငွေကြယ်သတ္တုရိုင်းပမာဏကလည်း လျော့နည်းလာခဲ့ပြီဖြစ်လေရာ လူအများ စိတ်ပျက်ပြီး စွန့်ခွာကုန်ကြသည်မှာလည်း သိပ်တော့မဆန်းလှ။
လက်မဲကြီး၏ စီးပွားရေးလုပ်ငန်းများမှာလည်း သိသိသာသာပင် ယုတ်လျော့လာ၏။ ပို၍ဆိုးသည်မှာ လက်မဲကြီးအတွက် ပြိုင်ဘက်အသစ်တယောက် ပေါ်လာခြင်းဖြစ်သည်။ ထိုလူသည် လက်မဲကြီးနှင့်အပြိုင် ဆိုင်အသစ်များ ဆောက်လုပ်ခဲ့၏။ သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် အနည်းငယ်မျှပင် မတည့်ကြလေရာ သိပ်မကြာမီပင် တိုက်ပွဲများ ဖြစ်ပေါ်လာဖွယ်ရာ ရှိနေ၏။
စုချန်းသည် သံမဏိကိုခေါ်ပြီး ပျော်ရွှင်ခြင်းချောက်နက်အတွင်းမှ လျှို့ဝှက်စွာ ထွက်ခွာလာခဲ့၏။ ရှည်လျားလှသော အိမ်ပြန်ခရီးကား စတင်ခဲ့လေပြီတည်း။ အနီရောင်ပြစ်ဒဏ်ကာလ ပြီးဆုံးရန် လေးရက်တိုင်တိုင်လိုသေးရာ စုချန်းအနေနှင့် အလျင်မလိုလှ။ လမ်းခရီးတလျှောက် သတ္တဝါဆိုးများအား အမဲလိုက်ရင်း စိတ်အေးလက်အေးနှင့် ခရီးဆက်လာခဲ့၏။ သူတဦးတည်းရှိစဉ်ကပင် ဆန္ဒရှိသလို သွားလာနိုင်ခဲ့လေရာ ယခု အဖော်နှစ်ဦးပါလာသောအခါ ပို၍ပင် စိတ်ပူဖွယ်ရာမရှိတော့။ သတ္တုစားပိုးကောင်ကြီး၏ အမူအကျင့်မှာ ခန့်မှန်းရခက်သော်လည်း ထိုကိစ္စကို စုချန်းက အထူးတလည် စိတ်မပူပေ။
စုချန်းတို့ သုံးဦးသားသည် တဖြည်းဖြည်း ခရီးဆက်လာခဲ့၏။ ဤနေရာသည် အတော်လေး တောနက်သော်လည်း အဆင့်နိမ့်သားရဲသတ္တဝါဆိုးများကိုသာ တောက်လျှောက် တွေ့ရှိနေရလေသည်။ စုချန်းနှင့် သံမဏိသည် ထိုသတ္တဝါဆိုးများကို အလွယ်တကူပင် အနိင်ယူနိုင်ခဲ့၏။
သံမဏိသည် သတ္တဝါဆိုးတကောင်၏ အရေခွံကို ခွာယူရန် ဟန်ပြင်လိုက်၏။ ထိုအခါ စုချန်းက သံမဏိကို ဟန့်တားရင်း ပြောလိုက်သည်။
"ခနနေအုံးကွ ကျုပ်ပြောသလို လိုက်လုပ်ကြည့်စမ်း မင်းလက်ကို ဒီနေရာမှထား...မဟုတ်သေးဘူးကွ လက်ကိုအောက်နည်းနည်းနှိမ့် ဟုတ်ပြီ အဲဒီအတိုင်းထား ပြီးရင်း မင်း လေ့ကျင့်နေတဲ့ ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်းကို နှိုးဆွလိုက်ပေတော့ အာရုံစိုက်ထားဟေ့ မင်းကိုမင်း စွမ်းအင်တွေကို စုပ်ယူနေတယ်လို့ မြင်ယောင်ထား ရှုထားဟေ....ဆက်ရှု......ဆက်ရှု....."
နောက်ဆုံးတွင်ကား မူလစွမ်းအင်အလင်းစက်မှုန်များသည် သံမဏိ၏ ကိုယ်ခန္ဓာအတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်သွားတော့သည်။ ဤသည်မှာပင် သံမဏိ၏ စွမ်းအားစုပ်ယူခြင်း မြန်ဆန်စေရန် စုချန်းက ကူညီပေးမည်ဟု ကတိပေးထားသော အကြောင်းအရာပင် ဖြစ်သည်။ သူ့မျက်လုံးများသည် မူလစွမ်းအင်အလင်းမှုန်များကို မြင်နိုင်စွမ်းရှိလေရာ သူ့အတွက်သာမက အခြားသူများကို ကူညီရာတွင်လည်း အထူးပင် အသုံးဝင်၏။
ဆယ်ရက်သို့မဟုတ် ထိုထက်ပို၍ လေ့ကျင့်လိုက်လျင် သံမဏိသည် ပြေးနေသောဖား စုပ်ယူခြင်းနည်းလမ်းကို အထူးပင် ကျွမ်းကျင်လာပေလိမ့်မည်။ သို့သော် သံမဏိ၏ စုပ်ယူနိုင်စွမ်းသည် စုချန်းထက်စာလျင် တဝက်ခန့် လျော့နည်းနေသေး၏။ တောင်ရိုးကမ်းပါးမျိုးစိတ်ဟူသည် မူလစွမ်းအင်နှင့် အလွန်ကင်းဝေးလှသည့် မျိုးစိတ်ၤများဖြစ်၍ သံမဏိ၏ အနေအထားမှာ ဤမျှ ဆိုးဝါးနေခြင်းဖြစ်ကြောင်း စုချန်းက ကောင်းစွာနားလည်ထား၏။ စုချန်း ခန့်မှန်းရသလောက် သာမာန်လူနှင့်၎င်းတို့အကြား ကွာခြားချက်မှာ အနည်းဆုံး နှစ်ဆခန့် ရှိပေလိမ့်မည်။ ၎င်းတို့၏ သင်ယူနိုင်စွမ်းသည် သာမာန်လူများထက် နှစ်ဆခန့် လျော့နည်းနေသည် ဖြစ်လေရာ မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်းနှင့် စုပ်ယူနိုင်စွမ်းမှာလည်း နှစ်ဆခန့် လျော့နည်းနေမည်ဖြစ်၍ ၎င်းတို့၏ တိုးတက်မှုနှေးကွေးပုံကို အထူးတလည် အံ့သြသင့်နေစရာ အကြောင်းမရှိတော့။
သို့ရာတွင် စုချန်းကာ အနည်းငယ်မျှ လက်မလျော့။ သူသည် ကိုယ်တိုင်လည်း လေ့ကျင့်မှုမပြတ်သလို သံမဏိအားလည်း ဆက်လက် လေ့ကျင့်ပေးနေ၏။ သံမဏိအတွက် အချိန်ပေးနေရသဖြင့် စုချန်း၏ တိုးတက်မှုမှာ အနည်းငယ် လျော့နည်းသွား၏။ သို့သော် ၎င်းမှာ အခိုက်အတန့်မျှသာ ဖြစ်လေသည်။ နောက်ရက်များတွင်လည်း စုချန်းသည် သတ္တဝါဆိုးတကောင်ကို သတ်ပြီးတိုင်း စွမ်းအင်အလင်းစက်မှုန်များအား သံမဏိ စုပ်ယူနိုင်စေရန် အကူအညီပေးခဲ့၏။
သံမဏိ၏ သင်ယူနိုင်စွမ်းမှာ နှေးကွေးလှသော်လည်း သူသည် လူပြိန်းတယောက်တော့မဟုတ်။ စုချန်းနှင့် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့၏။ စုချန်းက တနေရာကို ညွှန်ပြလိုက်သည်နှင့် သံမဏိသည် ထိုနေရာတွင် လက်ကိုထားပြီး လေ့ကျင့်တော့သည်။ သူသည် စုချန်း၏ အမိန့်ကို တသွေမတိမ်းနာခံကာ အဆက်မပြတ် လေ့ကျင့်နေခဲ့၏။
ဤသို့ အမိန့်နာခံကာ လေ့ကျင့်ခဲ့ခြင်းကြောင့် ချက်ချင်းပင် အကျိုးထူးလာ၏။ သူ၏ အခြေခံစွမ်းအားများ တဟုန်ထိုး တိုးတက်လာကြောင်း သံမဏိတယောက် သိရှိခံစားနေရလေသည်။ ယခုဆိုလျင် သံမဏိသည် နတ်ၤဘုရားကိုယ်ထည် အဆင့်ခုနှစ်အလွှာမှ အဆင့်ရှစ်အလွှာထိ ရောက်ရှိလာခဲ့ပေပြီ။ အဆိုပါ ဖြစ်ရပ်သည် သံမဏိအား အထူးပင် စိတ်လှုပ်ရှားစေခဲ့၏။
ထိုအခါ စုချန်းက သံမဏိကို သတိပေးလိုက်သည်။
"ဒါဟာ လျှို့ဝှက်ချက်နော် ဒီကိစ္စကို မင်းနဲ့ကျုပ်နဲ့ ကြားမှာပဲထား ဟုတ်ပြီလား"
သံမဏိက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်၏။
"စိတ်ချပါ သခင် ဘယ်သူမှမသိစေရပါဘူး ခင်ဗျာ"
စုချန်းက သံမဏိ၏ ရင်ဘတ်ကိုပုတ်ရင်း ပြောလိုက်၏။
"သိပ်ကောင်းတယ် ကျုပ် မင်းကို ယုံပါတယ်ကွာ"
လေးရက်လွန်မြောက်သောနောက်တွင်ကား စုချန်းသည် သံမဏိကိုခေါ်ကာ အနီရောင်တောင်ကြောမှ ထွက်ခွာလာခဲ့၏။ ဤတကြိမ်တွင်ကား သူ နောက်မကျတော့။ စုချန်းအား စောင့်ကြိုရန် တာဝန်ယူထားသည့် စုမျိုးနွယ်စုမှ အစေခံနှစ်ယောက်သည် စုချန်းနှင့်အတူ လူ့ဘီလူးကြီးတဦး ပါလာသည်ကို တွေ့ရသောအခါ အလွန်အမင်း အံ့သြင့်ကုန်ကြ၏။ သူတို့အဘယ်မှာ မအံ့သြပဲ နေပါမည်နည်း။ မျက်စေ့ကန်းနေသော စတုတ္ထသခင်လေးသည် အနီရောင်တောင်ကြောအတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သည့်တိုင် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည် မဟုတ်ပါလား။
စုချန်းက သူတို့ကို ဂရုမစိုက်ပါ။ အစောပိုင်းကပင် သူ့မျိုးနွယ်စုနှင့် သူ့အဆင့်အတန်း၊ သူ့မျက်လုံးများအကြောင်းကို သံမဏိအား ခရေစေ့တွင်းကျ ရှင်းပြထားခဲ့ပြီး ဖြစ်လေရာ စုချန်းအနေနှင့် ထိုအကြောင်းကိုစိတ်ပူရန် မလိုတော့။ သူက အိန္ဒြေရရပင် မြင်းရထားပေါ်သို့ လှမ်းတက်လိုက်၏။ သို့သော် သံမဏိလိုက်တက်သည့်အခါတွင်ကား အလေးချိန်ကြောင့် မြင်းရထားတစီးလုံး တုန်ခါသွားတော့သည်။ ရထားကိုဆွဲရင် ကထားသောမြင်းလေးကောင်သည် သံမဏိ၏ လေးလံလှသော ခန္ဓာကိုယ်ကို နိုင်နင်းဟန်မတူ။ ထိုအခါ မြင်းရထားမောင်းသမားသည် ကြိမ်တံကို ဝင့်ကာ မြင်းများကို ဆဲဆိုရိုက်နှက်တော့သည်။ ထိုအခါမှ မြင်းရထားသည် အိပဲ့အိပဲ့နှင့် စတင်လှုပ်ရှားလာတော့သည်။ အစေခံနှစ်ယောက်မှာကား အံသြလွန်း၍ စကားပင် မပြောနိုင်တော့။ သူတို့စဉ်းစားနေသည်မှာ မျက်မမြင်သခင်လေးသည် အနီရောင်တောင်ကြားတွင် ရှင်သန်ခွင့်ရရန် ဤလူ့ဘီလူးကြီးကို အမှီသဟဲ လုပ်လာခဲ့ပုံရသည် ဟူ၏။
ထိုအတွက် စုချန်းအနေနှင့် ဖြေရှင်းနေစရာ အကြောင်းမရှိ။ လူဆိုသည်မှာ ၎င်းတို့ လက်ခံနိုင်လောက်ဖွရာ အဖြများကို အမြဲတစေ ရှာဖွေနေတတ်သည် မဟုတ်ပါလား။
မြင်းရထားသည် ကျောက်စိမ်းနန်းတော်သို့ ဦးတည်၍ ထွက်ခွာလာခဲ့၏။ ဆိုင်ရှေ့သို့ မရောက်မီမှာပင် လီရှုနှင့် တန်ကျင်းတို့နှစ်ယောက် တစုံတရာကို ဆွေးနွေးတိုင်ပင်နေကြကြောင်း စုချန်း မြင်တွေ့လိုက်သည်။ စုချန်း ရောက်ရှိလာသည်ကို မြင်တွေ့သောအခါ ပထမဦးစွာ သူတို့နှစ်ဦးလုံးလိုလို အံ့သြသင့်သွား၏။ စုချန်းနှင့်အတူ သံမဏိကိုပါ မြင်တွေ့လိုက်ရသောအခါ သူက တစုံတရာကို နားလည်သဘောပေါက်ဟန်ဖြင့် စုချန်းကို အလျင်အမြန် ဖေးမရင်း ပြောလိုက်သည်။
"သခင်လေး ဂရုစိုက်ပါ သခင်လေးက မမြင်ရဘူးဆိုတော့ ချော်လဲနိုင်တယ် ဒီက တပည့်ကျော်လီရှုရဲ့ လက်ကို ကိုင်ပြီး ဆင်းပါ ခင်ဗျာ"
စုချန်း ကြိတ်၍ ပြုံးလိုက်သည်။ အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြုမူဆက်ဆံတတ်သောနေရာတွင် လီရှုသည် သံမဏိထက် များစွာ သာလွန်လှကြောင်း မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။
လီရှုသည် စုချန်းအား ဖေးမရင်း အခန်းတွင်းသို့ ခေါ်ဆောင်လာခဲ့၏။ တန်ကျင်းက အခန်းတွင်းရှိ တခြားသူများအားလုံးကို မောင်းထုတ်လိုက်လေသည်။ ထို့နောက် သံမဏိမှအပ သူတို့သုံးဦးလုံးသည် ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။ သံမဏိမှာမူကား ထိုင်ခုံတွင်မထိုင်ပဲ စုချန်း၏နောက်တွင် မတ်တပ်ရပ်နေ၏။
တန်ကျင်းအနေနှင့် သံမဏိ၏ အကြောင်းကို လီရှုထံမှ ကြားဖူးပြီးသားဖြစ်လေရာ အံ့သြသင့်နေခြင်းမရှိချေ။ တခနအကြာ သူတို့အားလုံးသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးကို တယောက်တလှည့် ပြောပြကြလေသည်။
ကျောက်စိမ်းနန်းတော်သို့ လီရှုရောက်လာပြီး စကားအနည်းငယ် ပြောဆိုမိရုံနှင့် ဤသူသည် ညဏ်ကောင်းပြီး သိမြင်လွယ်သူမှန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။ ထိုအခါ တန်ကျင်းသည် ရှေးဟောင်းပစ္စည်း ရာဖြတ်လုပ်ငန်း၏ အခြေခံတချို့ကို လီရှုအား စတင်သင်ကြားပေးတော့သည်။ လီရှုကလည်း စုချန်းတယောက် ပျော်ရွှင်ခြင်းချောက်နက်အတွင်းဝယ် မည်သည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ရှင်းပြလိုက်ရာ တန်ကျင်းခမျာ မအံ့သြပဲ မနေနိုင်တော့။
စုချန်းကလည်း သူတို့နှစ်ယောက်အား သတ္တုကျင်းဟောင်းအတွင်း၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရှင်းပြလိုက်၏။ ထူးခြားဆန်းကြယ်လှသော အဖြစ်အပျက်များကို နားထောင်ရင်း လီရှုနှင့် တန်ကျင်းမှာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေရှာ၏။ စုချန်း ရရှိခဲ့သော ရှေးဟောင်းသားရေစာလိပ်အကြောင်း ပြောပြလိုက်သောအခါ တန်ကျင်းက ၎င်းကို အလွန် ဂရုကြီးစွာနှင့် ဖွင့်ကြည့်လိုက်၏။ စာလိပ်ပေါ်တွင် ရေးသားထားသော စာများကို မြင်တွေ့ရသောအခါ တန်ကျင်းတယောက် အထိတ်တလန့်နှင့် ထအော်လိုက်၏။
"ဟာ!! ဒါ...ဒါ...ရှားပါးရှေးဟောင်းကျမ်းစာလိပ်ပါလား တကယ်ပဲ ရှားပါးရှေးဟောင်းကျမ်းစာလိပ်ဖြစ်နေတာကိုး နှစ်ပေါင်းတသောင်း ကြာခဲ့တာတောင် ဒီစာလိပ်ကို ကောင်းကောင်းထိမ်းသိမ်းထားနိုင်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ဖူးဘူး အာကင်နာနိုင်ငံတော်ကြီးဟာ အလွန် ထွန်းကားခဲ့သလို ဒီစာလိပ်ဟာလည်း အင်မတန် ရှားပါးတဲ့ပစ္စည်းပဲ သခင်လေး"
သူ့သခင်လေး ယူလာသော ပစ္စည်းသာမဟုတ်ခဲ့ ဤစာလိပ်ကို တန်ကျင်းတယောက် ချက်ချင်းပင် ကောက်ယူသိမ်းဆည်းမိပေလိမ့်မည်။ သို့သော် သူသည် အလွန်သစ္စာရှိသူ ဖြစ်လေရာ သခင်လေး၏ ပစ္စည်းကို လက်ဖျားနှင့်ပင် ထိလိမ့်မည်မဟုတ်။ စာလိပ်ပေါ်ရှိစာသားတချို့ကို ဘာသာပြန်ကြည့်ပြီး တန်ကျင်းက ပြောလိုက်သည်။
"ဒီနည်းစနစ်တွေကို လေ့ကျင့်တဲ့နေရာမှာ နည်းနည်းလေး မှားသွားတာနဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် တခြားအကြောင်းအရာတွေနဲ့ ပြန်ပြီးချိန်ထိုးကြည့်ဖို့တော့ လိုအုံးမယ် သခင်လေး"
တန်ကျင်း၏ အဆိုပြုချက်ကို စုချန်းက ငြင်းပယ်ရန်မရှိ။ သူက ပြောလိုက်၏။
"အကြောင်းကြောင်းကြောင့် သိပ်မကြာလှတဲ့ အနာဂါတ်မှာ ကျွန်တော့အနေနဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တချို့ကို ရလာဖွယ်ရှိတယ် ဒီတော့ ကျွန်တော်တို့အားမှပဲ ဒီစာလိပ်ကို အုပ်ချုပ်ရေးမှုးကြီးနဲ့အတူ လေ့လာကြတာပေါ့ လောလောဆယ် ဒီထက်အရေးကြီးတာတခုရှိတယ် ဒီမှာကြည့်"
ပြောပြောဆိုဆို သူက ငွေကြယ်အဆီအနှစ်ခဲကို ထုတ်၍ပြသလိုက်၏။ ထိုငွေကြယ်အဆီအနှစ်ခဲကိုမြင်သည်နှင့် တန်ကျင်းနှင့်လီရှုတို့နှစ်ယောက်လုံး နေရာမှ ထခုန်မိမတတ် စိတ်လှုပ်ရှားကုန်ကြ၏။ ငွေကြယ်သတ္တုကို အလွန်တန်ဖိုးရှိသော သတ္တုအဖြစ် သတ်မှတ်နိုင်ပါက ငွေကြယ်အဆီအနှစ်ခဲကို ထိပ်တန်းရတနာတပါးဟု သတ်မှတ်နိုင်ပေသည်။ ဤမျှကြီးမားသည့် ငွေကြယ်အဆီခဲကို ရောင်းချလိုက်ပါက မြောက်ပိုင်းမြို့တော် နေရာတချို့ကို ဝယ်ယူနိုင်သည့် ငွေကြေးပမာဏမျိုး ရရှိနိုင်ပေလိမ့်မည်။
သို့သော် စုချန်း၏ရည်ရွယ်ချက်မှာ ကြွယ်ဝချမ်းသာလိုခြင်းမဟုတ်မှန်း တန်ကျင်း ကောင်းစွာ သဘောပေါက်ထား၏။ ထို့ကြောင့် သူက မေးလိုက်သည်။
"ဒီတော့ သခင်လေးက ဒီပစ္စည်းတွေကို စွမ်းအားစုဆောင်းဖို့ အရင်းအမြစ်အဖြစ် သုံးချင်သလား"
လိမ္မာပါးနပ်သူတယောက်နှင့် စကားပြောဆိုရာတွင် အထူးတလည် အားထုတ်စရာ မလိုလှ။ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကျွန်တော်ဟာ ရရှိလာသမျှ ငွေကြေးတွေကို ကျွန်တော့ရဲ့ တိုက်ပွဲဝင်စွမ်းရည် တိုးတက်လာဖို့ တနည်းမဟုတ် တနည်းနဲ့ အသုံးပြုခဲ့တယ် ခုလည်း ဒီငွေတချို့ကို တခြားသတ္တုတချို့ ဝယ်ယူရမှာ အသုံးပြုမယ်လို့ တွေးထားတယ် ကျန်တာကိုတော့ မူလကျောက်တုံးတွေနဲ့ လှဲလှယ်မယ်"
တန်ကျင်း အံ့သြသွား၏။
"ဒီတော့ သခင်လေးက အခြေခံစွမ်းအင်ကို တိုးမြင့်စေတဲ့ ဆေးပင်ဆေးမြစ်တွေနဲ့ ဆေးဝါးတချို့ မဝယ်တော့ဘူးလား"
စုချန်း ခေါင်းခါယမ်းလိုက်၏။ မူလစွမ်းအင်အလင်းစက်မှုန်များကို မြင်တွေ့နိုင်စွမ်းရှှိသဖြင့် သူ့အနေနှင့် တိုက်ပွဲဝင်ခြင်းဖြင့် စွမ်းအင်စုဆောင်းနိုင်စွမ်း ရှိနေခဲ့ပြီဖြစ်သည်။ သူ့အတွက် မည်သည့် ဆေးဝါးဆေးပင်မျိုးမှ မလိုအပ်တော့။ မူလကျောက်တုံးများမှာကား ဆေးဝါးများနှင့် ကွဲပြား၏။ ၎င်းတို့ကို အလှဲအလှယ်အနေနှင့် အသုံးချနိုင်သလို မူလစွမ်းအင်များ ပြန်လည်ဖြည့်တင်းရာတွင်လည်း သုံးနိုင်၏။ ၎င်းစွမ်းအင်မှာလည်း မူလစွမ်းရည်များကို အသုံးချရာတွင် မရှိမဖြစ် လိုအပ်သည့် စွမ်းအင်များဖြစ်သည်။
တစုံတယောက်သည် မူလစွမ်းအင်ကို မှန်မှန်ကန်ကန် ထိန်းချုပ်လိုလျင် ထိုစွမ်းအင်ကို တည်ငြိမ်စွာ နှိုးဆွနိုင်ရန်နှင့် လေ့ကျင့်ထားရန် လိုအပ်၏။ သို့သော် မူလစွမ်းအင်ဟူသည်မှာ လေ့ကျင့်ရန် ကန့်သတ်ချက်ရှိသော အရာမျိုးဖြစ်သည်။ ထို့ကြောင့် အချိန်ပေးရ၏။
မူလကျောက်တုံးတတုံးရရှိရန် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်သည် တနေ့လုံး ဖြည့်သွင်းရလေ့ရှိသည်။ တနည်းအားဖြင့် ၎င်းကျောက်တုံးတတုံးသည် ချီစွမ်းအားပညာရှင်တယောက် တနေ့တာ လေ့ကျင့်ရသည့် စွမ်းအင်ပမာဏနှင့် ညီမျှသည်ဟု ဆိုနိုင်လေသည်။ ထို့ကြောင့် မူလကျောက်တုံး တတံးချင်းစီသည် တနေ့တာ လေ့ကျင့်ရမည့် အချိန်ကို ရှုံ့ပေးနိုင်၏။ ယခင်က စုချန်းသည် မူလကျောက်တုံးများကို အသုံးပြု၍ လေ့ကျင့်ခဲ့ဖူးသော်လည်း ထိုစဉ်က ငွေကြေးမလုံလောက်၍ သူ၏လေ့ကျင့်မှုမှာ အကန့်အသတ်နှင့်သာ ရှိခဲ့သည်။ ယခုတွင်ကား သူသည် ငွေကြေးလုံလောက်ခဲ့ပြီဖြစ်လေရာ အကန့်အသတ်မရှိ လေ့ကျင့်နိုင်ပေတော့မည်။
မူလစွမ်းအင်အလင်းစက်မှုန်များကို မြင်နိုင်ခဲ့ကတည်းက စုချန်းသည် သူ၏စည်းစိမ်ဥစ္စာများကို တိုက်ခိုက်ရေးစွမ်းရည်အတွက်သာ အသုံးပြုရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။ အခြားတဖက်တွင်ကား သူသည် မူလစွမ်းရည်များနှင့် မူလကိရိယာများဝယ်ယူရန် မူလကျောက်တုံးများ လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ငွေကြယ်အဆီအနှစ်ခဲများအပြင် ဝံပုလွေဓားထံမှ ယူလာခဲ့သည် ထာဝရရှင်သန်ခြင်းဆေးမြစ်များကိုပါ ရောင်းချရမည်ဖြစ်သည်။
ရသမျှငွေထဲမှတချို့ကို သူ့အနေနှင့် သတ္တုတချို့ဝယ်ယူရန် အသုံးပြုရပေလိမ့်မည်။ အကြောင်းမှာ မည်သည့်သတ္တုကိုမဆို သတ္တုစားသတ္တဝါကြီးက အဆီခဲများအဖြစ် ပြောင်းလဲပေးနိင်စွမ်း ရှိမရှိ စမ်းသပ်ကြည့်ရန်ဖြစ်သည်။
စုချန်း၏စကားကို ကြားလိုက်ရသောအခါ တန်ကျင်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။
"ဒီလောက်များတဲ့ ငွေကြယ်အဆီအနှစ်ခဲတွေကိုသာ မူလကျောက်တုံးနဲ့ လှဲလှယ်မယ်ဆိုရင် မြောက်ပိုင်းမြို့တော်မှာတော့ မဖြစ်နိုင်ဘူး သခင်လေး တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တောင် ဈေးအရမ်းအနှိမ်ခံရလိမ့်မယ်"
ပမာဏများလာသည်နှင့်အမျှ တန်ဖိုးလျော့နည်းသွားမည်မှာ သဘာဝသာဖြစ်သည်။ စုချန်းက မေးလိုက်၏။
"ဒီတော့ အုပ်ချုပ်ရေးမှုးကြီး ဆိုလိုတာက..."
တန်ကျင်းက ရှင်းပြလိုက်၏။
"သခင်လေးအနေနဲ့ ဈေးကောင်းကောင်းရချင်ရင် ကောင်းကင်နတ်ဘုရားနန်းတော်ကို သွားရလိမ့်မယ်ဗျ"
ဤနေရာတွင် ကောင်းကင်နတ်ဘုရားနန်းတော်ဟူသော အဓိပ္ပါယ်ကို အနည်းငယ် ရှင်းပြပေအံ့။ မြောက်ပိုင်းမြို့တော်သည် တောင်သုံးလုံးဒေသ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ကောင်းကင်နတ်ဘုရားနန်းတော်ဟူသည်ကား တောင်သုံးလုံးဒေသကြီးတခုလုံး၏ မြို့တော်ပင် ဖြစ်သည်။ အကယ်၍ မြောက်ပိုင်းမြို့တော်သည် ဆင်ခြေဖုံးရပ်ကွက်တခုမှ ဆင်းရဲသားကလေးငယ်တယောက်ဟုဆိုပါက ကောင်းကင်နတ်ဘုရားနန်းတော်သည် ချမ်းသာကြွယ်ဝသော မိသားစုတစုမှ သခင်လေးတယောက်နှင့်တူ၏။ တနည်းအားဖြင့် မြို့နှစ်မြို့၏ အနေအထားမှာ နှိုင်းယှဉ်၍မရအောင် ကွာခြားလှသည်ဟု ဆိုရမည်။
တန်ကျင်း၏စကားမှာ မှန်ပေ၏။ ထိုနေရာ၌သာဆိုလျင် စုချန်း၏ ငွေကြယ်အဆီအနှစ်များသည် မုချဈေးကောင်းရပေလိမ့်မည်။
ထို့နောက်တွင်ကား သူတို့လေးယောက်သည် အခြားအကြောင်းအရာများကို ဆက်လက်ဆွေးနွေးကြပြန်သည်။ သို့သော် အကြံသစ် စိတ်ကူးသစ်များကို မကြခန ထုတ်ဖော်ပြောဆိုသူနှစ်ယောက်မှာ စုချန်းနှင့်တန်ကျင်း ဖြစ်နေဆဲသာတည်း။ လီရှုသည် လူသစ်တယောက်သာ ဖြစ်လေရာ သူ့အနေနှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိ။ သံမဏိအဖို့မှာကား ပြောစရာပင်မလို။ သူ့အနေအထားသည် ထိုင်၍ နားထောင်နေရန်သာဖြစ်၏။
ဆုံးဖြတ်ချက်ကား ထွက်လာလေပြီ။ ထိုအခါ စုချန်းက ပြောလိုက်သည်။
"ကဲ အားလုံး သဘောတူဆုံးဖြတ်တဲ့အတိုင်း လာမဲ့ရက်အနည်းငယ်ကျရင် ကျွန်တော် ကောင်းကင်နတ်ဘုရားနန်းတော်ကို သွားမယ် ဒီမတိုင်င်မှာ လီရှုက အဲဒီမြို့ရဲ့ မြေအနေအထားတွေကို အကဲခတ် ထောက်လှမ်းထားပါ လောလောဆယ်တော့ ကျွန်တော် အိမ်ကိုပြန်အုံးမယ် အမေကို တွေ့ချင်လှပြီဗျ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ကျွန်တော့ကို လှမ်းသတင်းပို့ပါ ဟုတ်ပြီလား"
ပြောပြောဆိုဆို စုချန်းက နေရာမှ ထရပ်လိုက်၏။ တန်ကျင်းနှင့် လီရှုသည် အလိုက်တသိပင် စုချန်းကို တံခါးဝအထိ လိုက်ပို့ကြလေသည်။ စုချန်း ထွက်ခွာသွားသည်ကို ငေးမောကြည့်နေရင်း တန်ကျင်းက တီးတိုးရေရွတ်လိုက်သည်။
"အင်း သခင်လေးဟာ အချိန်တိုအတွင်းမှာပဲ ရင့်ကျက်လာခဲ့ပြီကိုး"
လီရှုက သက်ပြင်းချရင်း ထောက်ခံလိုက်သည်။
"သိပ်မှန်တာပေါ့ခင်ဗျာ အင်မတန် လျှို့ဝှက်သလောက် ပြတ်သားရက်စက်တတ်တဲ့ နတ်ဆိုးမျက်နှာဆိုတဲ့ ပုဂ္ဂိုလ်ဟာ အသက် ဆယ့်ခြောက်နှစ်တောင် မရှိသေးတဲ့ စုမျိုးနွယ်စုရဲ့ မျက်မမြင်စတုတ္ထသခင်လေးဖြစ်နေမယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး"
ထိအခါ တန်ကျင်းက မိုးကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်လေသည်။
"ဘာပဲပြောပြော ဒီနှစ်ကုန်ရင်တော့ သူ ဆယ့်ခြောက်နှစ် ပြည့်ပြီပေါ့လေ"
ထိုအခါ လီရှုက မေးလိုက်၏။
"နှစ်ကုန်ရင်တော့ စုမျိုးနွယ်စုရဲ့ အကဲဖြတ်ပြိုင်ပွဲကို ခါတိုင်းလိုပဲ ကျင်းပအုံးမှာမလား အုပ်ချုပ်ရေးမှုးကြီး"
စကားအဆုံးတွင်ကား သူတို့နှစ်ယောက်သည် တယောက်မျက်နှာတယောက်ကြည့်ရင်း အားရပါးရ ရယ်မောလိုက်ကြ၏။ ဤတကြိမ်တွင်လည်း စုခေါ့ကျိတယောက်သည် သားဖြစ်သူ အနိုင်ရစေရန် အရင်းအနှီး ကြီးကြီးမားမားထုတ်၍ ယှဉ်ပြိုင်လာဖွယ် ရှိနေသည်။ အမှန်တကယ်တော့ လာမည့်နှစ်ကုန်ပြိုင်ပွဲသည် အထူးတလည် အဓိပ္ပါယ် မရှိလှတော့။ ဤပြိုင်ပွဲသည် ပုန်းအောင်းနေသော နဂါးကျောင်းတော်မှ ကျောင်းသားများ လက်ခံခြင်း မပြုမီ နောက်ဆုံးပြိုင်ပွဲဖြစ်သည်။ထို့ကြောင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ထပ်ရစရာဟူ၍ စိမ်းလန်းစိုပြေပန်းမြတ်မာလာအဆီတပုလင်းသာ ရနိုင်ဖွယ်ရာရှိတော့၏။ အထူးတလည် မက်မောစရာ မကောင်းလှတော့။
သို့သော် စုခေါ့ကျိအနေနှင့် မီးကုန်ယမ်းကုန် ယှဉ်ပြိုင်လာမည်ကတော့ သေချာနေ၏။ အကြောင်းမှာ ဒေါသနှင့် လက်တုံ့ပြန်လိုသော ဆန္ဒကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် စုခေါ့ကျိအနေနှင့် သာမာန် အနိုင်ရလိုသော ဆန္ဒမျိုး မဟုတ်တော့ပဲ စုချန်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေရန် ကြိုးစားလာတော့မည်မှာ မလွဲဧကန်ပေတည်း။