အရှုံးပေးခြင်းနှင့် အရှုံးမပေးခြင်း
Vol. 7 Ch. 67
စုချန်း ပြန်ရောက်သောအခါ ထုံးစံအတိုင်း စုမျိုးနွယ်စုတခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြပြန်သည်။ မျက်မမြင်တယောက် အနီရောင်တောင်ကြောမှ နှစ်ကြိမ်တိုင်တိုင် ဘေးမသီရန်မခ ပြန်လာသည်ကိုမှ မအံ့သြလျင် တခြားအဘယ်မှာ အံ့သြစရာ ရှိတော့မည်နည်း။ နောက်ဆုံးတွင်ကား အစေခံနှစ်ဦးနည်းတူ ကျန်မျိုးနွယ်စုဝင်များသည်လည်း စုချန်းတယောက် ဤတကြိမ် ဘေးမသီရန်မခ ပြန်လာနိုင်ရုံမက ပေးအပ်သော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ သံမဏိကြောင့်ပင် ဖြစ်လိမ့်မည်ဟု တညီတညွတ်တည်း ယူဆကြကုန်၏။
စုချန်းသည် သူ့မိခင်နှင့် တွေ့ဆုံရန် အပြေးတပိုင်းနှင့် ဝင်လာခဲ့၏။ သို့သော် လမ်းခုလတ်တွင်ပင် စုချိန်းနှင့် ရင်ဆိုင်တိုးမိတော့သည်။
စုချိန်းသည် ယခင်ကထက်ပို၍ ကျန်းမာသန်စွန်းနေဟန်ပါ်၏။ ၎င်း၏ ကိုယ်ဟန်အနေအထားမှာလည်း အလွန် ကြံ့ခိုင်နေဟန်ရှိပြီး နတ်ဘုရားကိုယ်ထည်ထိပ်ဆုံးအလွှာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီမှန်း သိသာနေလေသည်။ သိပ်မကြာလှသော အနာဂတ်တွင် စုချိန်းတယောက် ချီစုဆောင်းခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်သွားနိုင်ဖွယ်ရာ ရှိ၏။ စုချန်း ထွက်ခွာသွားပြီးကတည်းက စုချိန်းတယောက် အပြင်းအထန် လေ့ကျင့်နေခဲ့ဟန် ပေါ်၏။
"စုချန်း!!"
စုချန်းတယောက် ဘေးမသီရန်မခ ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်နှင့် စုချိန်း၏ မျက်လုံးသည် အမုန်းတရားများနှင့် မီးဝင်းဝင်းတောက်နေ၏။ စုချန်း၏လက်အောက်တွင် နှစ်ကြိမ်တိုင်တိုင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်း သူတို့နှစ်ယောက်ကြားရှိ ညီအစ်ကိုသံယောဇဉ်ဟူသည် ပျောက်ဆုံးသွားခဲ့လေပြီ။ သူတို့နှစ်ဦးကြား ကျန်ရှိသည့် တခုတည်းသောအရာမှာ အမုန်းတရားသာ ဖြစ်လေတော့သည်။
စုချန်းသည် စုချိန်း၏အသံကို နားစွင်ဟန်ဖြင့် ခေါင်းကို အနည်းငယ် ငဲ့လိုက်၏။ ထို့နောက် သူက ရယ်မောလိုက်သည်။
"အော် ဒုတိယသခင်လေးပဲကိုး နေလိုထိုင်လို့ကောကောင်းရဲ့လား"
စုချိန်းက သွားကြားထဲမှ ထွက်လာသောအသံနှင့် ပြောလိုက်၏။
"သိပ်မကောင်းဘူး ဒီရက်ပိုင်းထဲမှာ ငါနေ့တိုင်းဆုတောင်းနေမိတယ် မင်း အနီရောင်တောင်ကြောကနေ အသက်မသေပဲ ပြန်ရောက်လာဖို့ကိုပေါ့ ဒါမှ...."
ထိုစဉ် စုချန်းက စကားကို ရုတ်တရက် ဖြတ်ပြောလိုက်၏။
"ငါ့ကို ဆုံးမချင်လို့ အသက်မသေပဲ ပြန်ရောက်လာစေဖို့ ဆုတောင်းနေတယ်ပေါ့ ဟုတ်လား မင်းမှာ ဒီလိုအတွေးမျိုးရှိမယ်ဆိုတာ ငါ အစောကြီးကတည်းက သိတယ် ဘာလဲ ခွန်အားလေးနည်းနည်းတိုးလာတာနဲ့ သိပ်ပြီး ယုံကြည်မှုတိုးနေတယ်ထင်ပါ့ ဒါပေမဲ့ ကံမကောင်းတာက.."
စုချန်းက စကားကို ဆုံးအောင်ဆက်မပြောပဲ သိမ်မွေ့စွာ ပြုံးလိုက်၏။ သူ၏ အပြုံးမှာ အဓိပ္ပါယ်ဖော်ရခက်ပြီး ထူးဆန်းလှသည်။ သို့သော် ထိုအပြုံးကို စုချိန်း ကောင်းစွာရင်းနှီးနေ၏။ နောက်ဆုံးအကြိမ် မိမိအား ပြင်းထန်စွာ မရိုက်နှက်ခင်ကလည်း စုချန်း ထိုကဲ့သို့ ပြုံးခဲ့ဖူးကြောင်း စုချိန်း ကောင်းကောင်းကြီးမှတ်မိလေသည်။ စင်မြင့်တိုက်ပွဲတွင် နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်စဉ်ကလည်း စုချန်း ထိုကဲ့သို့ ပြုံးခဲ့ဖူးပြန်၏။
အခြေအနေမကောင်းတော့မှန်း စုချိန်း သဘောပေါက်လိုက်ပေပြီ။ သူက တိုက်ပွဲဝင်ရန် မီးလျံကျားလက်သီးကို ချက်ချင်း ဖော်ထုတ်လိုက်၏။ သို့သော် အံ့သြစရာကောင်းလှအောင်ပင် စုချန်းကား တုပ်တုပ်မျှပင် မလှုပ်။ ထိုအစား သူက အလွန်တရာ ပျင်းရိငြီးငွေ့သောဟန်ပန်ဖြင့် သံမဏိကို အမိန့်ပေးလိုက်လေသည်။
"သံမဏိ သူ့ကို ဒူးထောက်လာအောင် နည်းနည်း ပညာပေးလိုက်စမ်းကွာ"
"ကောင်းပါပြီ သခင်"
စုချန်း၏အမိန့်အတိုင်း သံမဏိသည် သူ၏ကြီးမားသော လက်ကြီးများနှင့် စုချိန်းကို ဖမ်းချုပ်လိုက်တော့သည်။
ခွေးမသား ငါအသင့်ပြင်ထားတာနဲ့ မင်းက ငါ့ကို မတိုက်ခိုက်ရဲတော့ဘူးမလား....
အတွေးနှင့်အတူ စုချိန်းက သံမဏိ၏ လက်နှစ်ဘယ်ကို လက်မြှောက်ရင်း ခုခံကာကွယ်လိုက်သည်။ ထိုအခိုက်မှာပင် သံမဏိ၏ လက်ကြီးနှစ်ဖက်သည် စုချိန်း၏ လက်မောင်းများပေါ်သို့ ကျရောက်လာ၏။ ပြင်းထန်သော ဖိအားကို စုချိန်း မည်သို့မျှ မခံနိုင်။ ရိုးစင်းလှသော ရိုက်ချက်တချက်တည်းနှင့် စုချိန်းတယောက် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားတော့သည်။ အပြင်အားချင်းသာ နှိုင်းယှဉ်ရလျင် ချီစုဆောင်းခြင်နယ်ပယ်သို့ရောက်ရှိနေပြီး လေအလျင်တွင်းပန်းများပွင့်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားသော စုချန်းပင်လျင် သံမဏိကို မယှဉ်နိုင်။ စုချိန်းအဖို့ အဘယ်မှာ ခံနိုင်မည်နည်း။
တကွက်တည်းနှင့် အနိုင်ရလိုက်သော်လည်း သံမဏိကား အနည်းငယ်မျှ ဝမ်းသာဟန်မတူ။
"သခင်လေးက ဒူးထောက်ခိုင်းတာ မြေပေါ်မှာ အိပ်ခိုင်းတာ မဟုတ်ဘူးကွ"
ပြောပြောဆိုဆို သံမဏိသည် စုချိန်းကို ဆွဲထူရင်း ၎င်း၏ တံကောက်ကွေးကို ဆောင့်တွန်းလိုက်လေ၏။ ထိုအခါ စုချိန်းသည် မည်သို့မျှ မားမားမရပ်နိုင်တော့ပဲ မြေကြီးပေါ်သို့ ဒူးထောက်လျက် ထိုင်ကျသွားတော့သည်။
စုချန်း!!!!!
စုချိန်းသည် စုချန်းကို မုန်းတီးစွာစိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။ ထိုအခါ စုချန်းက သိမ်မွေ့သောလေသံနှင့် ပြောလိုက်သည်။
"ငါ မင်းကို တခုပြောပြမယ် ဒီတခေါက် အနီရောင်တောင်ကြောခရီးစဉ်မှာလည်း ငါဟာ တိမ်တိုက်လင်းနို့ရဲ့သွေးဗီဇကို မရခဲ့ပြန်ဘူး"
စုချန်း၏စကားကြောင့် စုချိန်း၏နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ ပြင်းထန်စွာတောက်လောင်နေသော အမျက်ဒေါသ၏ နေရာတွင် အကြောက်တရားများက အစားထိုးဝင်ရောက်စ ပြုလာလေသည်။
စုချန်း ဆိုလိုသည်မှာ...
ထို့နောက် စုချန်းက စကားဆက်ပြန်သည်။
"အစီအစဉ်အတိုင်းသာဆိုရင် ငါ့အနေနဲ့ အဲဒီကို နောက်တခေါက် ပြန်သွားဖို့ပဲ"
စုချိန်း၏တကိုယ်လုံး အေးစက်သွား၏။ အကြောင်းမှာ စုချန်း၏ ဆိုလိုရင်းကို သူ လုံးဝဥသုံ နားလည်သဘောပေါက်သွားသောကြောင့်ဖြစ်သည်။ စုချန်း ဆိုလိုသည်မှာ..ငါ့အနေနဲ့ ပြန်သွားချင်ရင် လွယ်လွယ်လေးပဲ မင်းကို အရိုးကျိုးအောင် နောက်တကြိမ် ရိုက်နှက်လိုက်ရုံပဲ ဟုဆိုလိုနေခြင်းဖြစ်သည်။ ဤတကြိမ်တွင် စုချိန်း၏ ဒေါသများသည် မီးခိုးငွေ့ပမာ အငွေ့ပျံသွားခဲ့လေပြီ။ သူ့တွင်ကျန်ရှိသော ခံစားချက်မှာ ပြင်းထန်စွာကြောက်လန့်ခြင်းသာ ဖြစ်လေသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ စုချန်း၏လေသံသည် ချက်ချင်းပြောင်းလဲသွား၏။
"ဒါပေမဲ့ မင်း ကံကောင်းသွားတယ် လတ်တလောမှာ ကိစ္စတချို့ရှိနေလို့ အဲဒီကို ငါ ပြန်မသွားနိုင်သေးဘူး ဒီတော့ ဒူးထောက်တောင်းပန်တယ်လို့ယူဆပြီး ဒီနေ့ဖြစ်တဲ့ကိစ္စကို ကျေအေးပေးလိုက်မယ် ဒါပေမဲ့ ကောင်းကောင်းတော့နေကွ မင်းသာ ကောင်းကောင်းမနေပဲ ငါ့ကို ရန်လာစမယ်ဆိုရင်တော့ ငါလုပ်စရာရှိတာတွေကို ခနထားပြီး မင်းကိစ္စကို အရင်ရှင်းရမှာပဲ"
စုချိန်းခမျာ ကြောက်လန့်တုန်လှုပ်လွန်း၍ စကားပင်ဟဟ မပြောနိုင်ရှာတော့။ စုချိန်း၏ပုံစံကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။
"ဟား ဟား ဟား သူရဲကောင်းကြီးက စကားတောင်မပြောနိုင်တော့ပါလားကွ ဒါဆိုလည်း သဘောတူတယ်လို့ပဲ ငါယူဆလိုက်မယ်"
ပြောပြောဆိုဆို သူက လက်ကို ဝေ့ယမ်းပြလိုက်ရာ သံမဏိက စုချိန်းကို လွှတ်ပေးလိုက်လေသည်။ ထိုအခါ စုချန်းက စုချိန်းဆီသို့ လျှောက်သွားရင်း ၎င်း၏ပါးကို မထီမဲ့မြင်နှင့် ပုတ်ကာ ပြောလိုက်၏။
"ဒုက္ခမရောက်ချင်ရင် ငါနဲ့ ခပ်ကင်းကင်းနေတော့ ဟုတ်ပြီလား"
စကားဆုံးသည်နှင့် စုချန်းသည် ထိုနေရာမှ ထွက်ခွာသွား၏။ သနားစရာ စုချိန်းသည်ကား စုချန်း၏ကျောပြင်ကို ငေးကြည့်ကာ စိတ်ရှုပ်ထွေးလျက် ကျန်ရစ်ခဲ့ရှာသည်။ ထိုအခိုက်မှာပင် ထောင့်ချိုးတနေရာမှ စုခေါ့ကျိ ပေါ်ထွက်လာ၏။ သူက စုချိန်းကို မြင်သောအခါ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
"သား...မင်းနဲ့ ဟိုကောင်နဲ့ ရန်ဖြစ်ပြန်ပြီလား ဖေဖေ့ကိုပြောစမ်း ဒီကောင် မင်းကို ဘာလုပ်သွားပြန်ပြီလဲ ဒီတခါတော့ ဒီကောင့်ကို လုံးဝ ခွင့်မလွှတ်တော့ဘူး"
စုချိန်းက ဖခင်ဖြစ်သူကို မှိုင်တွေငေးမောစွာ စိုက်ကြည့်ရင်း ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူးအဖေ ဘာမှမဖြစ်ပါဘူး"
"ဘာကွ ဘာမှမဖြစ်ပါဘူး ဟုတ်လား"
ပြောပြောဆိုဆို စုခေါ့ကျိက သားဖြစ်သူ၏ တကိုယ်လုံးကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ မည်သည့်ဒဏ်ရာမျှ ရရှိသည့်ဟန်မပေါ်မှ စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းတချက်ချရင်း ပြောလိုက်၏။
"ဘာမှမဖြစ်ဘူးဆိုတော့ ကောင်းတာပေါ့ ကဲကဲ အရင်ဆုံး အဖေတို့ ပြန်ကြရအောင် မင်းက နတ်ဘုရားကိုယ်ထည် အဆင်ကိုးအလွှာကို ရောက်ရှိနေပြီဆိုပေမဲ့ စုချန်းကတော့ နတ်ဘုရားကိုယ်ထည်အဆင့်ကုန်နေပြီ ခုချိန်မှာ မင်း သူနဲ့တိုက်ခိုက်လို့ ဘာအကျိုးမှမရှိဘူး အဖေလူတချို့ကို ဆက်သွယ်ပြီး သားအတွက် ဆေးတချို့ဝယ်ထားတယ် ဒါတွေသုံးစွဲပြီးရင်တော့ သားရဲ့အင်အားက ပိုပြီး တိုးပွားလာလိမ့်မယ် အဲဒီအချိန်ကျမှ အဖေတို့ သူ့ကို ပညာကောင်းကောင်းပေးကြတာပေါ့"
"အဖေ"
စုချိန်းက ရုတ်တရက် မေးလိုက်၏။
"ပြောလေ သား"
စုခေါ့ကျိက ဖြေလိုက်သည်။
"သားတို့ သူနဲ့ အတိုက်အခံ မလုပ်လို့ မရဘူးလားအဖေ သား သူနဲ့ မတိုက်ခိုက်ချင်တော့ဘူး"
စုချိန်းက တိုးညှင်းစွာ ပြောလိုက်၏။
"ဘာကွ!!!!!"
စုခေါ့ကျိ မှင်သက်သွား၏။ သူက သားဖြစ်သူကို တခါမှ မမြင်ဖူးသကဲ့သို့ ငေးကြည့်လိုက်၏။ စုချိန်း၏ မျက်နှာမှာ ညှိုးငယ်နေသည်။ ကြောက်ရွံ့တုန်လှုပ်ဟန်များ အတိုင်းသား ပေါ်လွင်နေသည်။ စုချိန်းက ငိုကြွေးရင်း စကားဆက်သည်။
"သားတို့မှ သူ့ကိုမနိုင်တာ သား မတိုက်ခိုက်ချင်တော့ဘူး အဖေ"
သားဖြစ်သူ၏အရှုံးပေးစကားကြောင့် စုခေါ့ကျိ ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူ့စိတ်ထဲတွင် တစုံတယောက်ကို သတ်ဖြတ်လိုစိတ်များ ပေါ်လာတော့သည်။ သူက စုချိန်းကို စူးရှစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းလိုသားမျိုးကြောင့် ငါ ဘယ်လောက်ထိ စိတ်ပျက်သွားတယ် ထင်သလဲ"
ပြောပြာဆိုဆို စုခေါ့ကျိသည် ဒေါသကို မထိန်းနိုင်တော့ပဲ စုချိန်း၏ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
"အဖေ"
ပြင်းထန်သောရိုက်ချက်ကြောင့် စုချိန်း၏ကိုယ်ခန္ဓာသည် စက္ကူဖြူတရွက်ပမာ လေထဲသို့လွင့်ထွက်သွား၏။ စုချိန်း၏ အော်သံကို စုခေါ့ကျိက ဂရုမစိုက်ချေ။ သူက အေးစက်စွာ ပြောလိုက်သည်။
"စုချန်းဟာ မျက်မမြင်တယောက်ပဲ ပြီးတော့ ဘယ်တော့မှ လက်မလျှော့ရဘူးဆိုတဲ့စကားကို မင်း သိတယ်မလား ခု မင်းကိုကြည့်စမ်း မင်းမှာ ဘာရည်မှန်းချက်မှ မရှိတဲ့အပြင် မျက်မမြင်တယောက်ကိုတောင် ကြောက်လန့်နေတယ် ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့ သားလဲလို့ မင်းကိုငါ တခါတည်း သတိပေးလိုက်မယ် ဒါပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ နောက်တခါ ဒီစကားမျိုးပြောလာရင် မင်းကိုငါ ခွင့်မလွှတ်ဘူး"
ပြောစရာရှိသည်တို့ကို ပြောပြီးသည်နှင့် စုခေါ့ကျိသည် တခါတည်း ထွက်ခွာသွား၏။ ထိုနေရာတွင် စုချိန်းတယောက်တည်းသာ မတ်တပ်ရပ်၍ ကျန်ရစ်ခဲ့ရှာသည်။ ပတ်ဝန်းကျင်တခုလုံးမှာကား ပကတိအတိုင်း တိတ်ဆိတ်လျက် ရှိလေ၏။
_______________×××_____________×××__________
ထို့နောက် စုချန်းသည် မိခင်ဖြစ်သူအား လှပခြင်းနန်းဆောင်တွင် သွားရောက်တွေ့ဆုံ၏။ ရက်ပေါင်းတစ်ရာခန့်ကြာပြီးနောက် တန်ဟွားယွီ၏ ပုံစံမှာ အတော်လေး ညှိုးနွှမ်းနေဟန်ပေါ်ပေသည်။ မိခင်ရှေ့သို့ရောက်သည်နှင့် စုချန်းက မြေကြီးပေါ်တွင် ဒူးထောက်ရင်း နှုတ်ခွန်းဆက်လိုက်၏။
"ရက်စက်တဲ့သား ရောက်ပါပြီ အမေ...အမေကို အကြာကြီး စိတ်ပူစေခဲ့တာ သားရဲ့အမှားပါခင်ဗျာ"
တန်ဟွားယွီက အလွန်အားနည်းသော ဟန်ပန်ဖြင့် ပြောလိုက်၏။
"သား ကောင်းကောင်းမွန်မွန် ပြန်ရောက်လာတာကို တွေ့ရတာနဲ့တင် အမေရောဂါတဝက် သက်သာသွားပါပြီကွယ် ကဲ မတ်တပ်ရပ်ပြီး အမေ့ဆီလာပါအုံး သား"
စုချန်းက မိခင်ဖြစ်သူထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။ တန်ဟွားယွီသည် သူမ၏ လက်ချောင်းများနှင့် စုချန်း၏ မျက်နှာကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။ သူမ၏ မျက်လုံးများတွင်ကား နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချစ်ခြင်းမေတ္တတရားများနှင့် ပြည့်လျှမ်းနေ၏။ ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် နေရာတွင်ထိုင်ကာ စကားများ ပြောမဆုံးပေါင်တောသုံးထောင် ပြောဆိုနေကြလေသည်။ စုချန်း ပြောပြနေစဉ်အချိန်အတွင်းဝယ် တန်ဟွားယွီက မကြာခန မေးခွန်းထုတ်နေလေ့ရှိ၏။ စုချန်းကလည်း အနီရောင်တောင်ကြောတွင် ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်တို့အား ရှင်းလင်းပြောကြားလိုက်၏။
သူသည် တောအုပ်အတွင်းဝယ် သံမဏိနှင့်တွေ့ဆုံခဲ့ပုံ၊ ၎င်းကို မထင်မှတ်ပဲ ကယ်ဆယ်မိပုံ၊ ၎င်းသည် အလွန်တရာ သစ္စာရှိလှပုံနှင့် သူ့ခရီးစဉ်သည် ၎င်းကြောင့် ပို၍လွယ်ကူသွားပုံတို့ကို မိခင်ဖြစ်သူအား ခရေစေ့တွင်းကျ ရှင်းပြလိုက်သည်။ ထို့နောက်တွင်ကား သူသည် ပျော်ရွှင်ခြင်းချောက်နက်အတွင်းတွင် ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအကြောင်းကို ဆက်လက်ပြောပြပြန်သည်။ တဖန် ပျော်ရွှင်ခြင်းချောက်နက်အတွင်းရှိလူများသည် စိတ်ရင်းကောင်းကြောင်း၊ ခင်မင်ဖွယ်ရာကောင်းကြောင်းနှင့် တယောက်နှင့်တယောက် ယိုင်းပင်းကူညီကြကြောင်း ပြောပြပြန်၏။ နောက်ဆုံးတွင် စုချန်းသည် လှိုဏ်ဂူအတွင်း၌ အဖိုးကြီးတဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုအဖိုးကြီးသည် အလွန် နွေးထွေးကြင်နာတတ်ကြောင်း၊ သူ့အား ဆေးတမျိုးတီထွင်၍ ကုသပေးခဲ့ကြောင်း၊ ထိုဆေးကြောင့်ပင် သူ့မျက်လုံးသည် ပြန်လည်ကောင်းမွန်လာပြီး အလင်းရောင်တချို့ကို မြင်လာရကြောင်း ပြောပြလိုက်၏။
စုချန်း နောက်ဆုံးပြောပြလိုက်သည့်စကားကြောင့် တန်ဟွားယွီခမျာ အလွန်စိတ်လှုပ်ရှားပျော်ရွှင်သွားတော့သည်။ စုချန်းက ယခုအချိန်တွင် အလင်းရောင်တချို့ကို မြင်တွေ့ရပြီဖြစ်ကြောင်း၊ အဖိုးအိုက သူ့မျက်လုံးများ ပြန်လည်ကောင်းမွန်လာရန် အချိန်အနည်းငယ် ယူရအုံးမည်ဟု မှာလိုက်ကြောင်း၊ မည်သို့ဆိုစေ သူ့မျက်လုံးများ ပြန်ကောင်းလာတော့မည်မှာ သေချာနေပြီဖြစ်ကြောင်း ဆက်လက်ပြောပြလိုက်သောအခါ တန်ဟွားယွီတယောက် ပျော်လိုက်သည်မှာ ဆိုဖွယ်ရာပင်မရှိတော့။
ထိုအခါ သူမက ထိုအကြောင်းအရာအား စုချန်းအန်ကို သွားရောက်ပြောပြရန် ဟန်ပြင်လိုက်၏။ စုချန်းက လက်မခံပါ။ သူက ချက်ချင်းပင် ဟန့်တားလိုက်သည်။ သူ့အနေနှင့် ထိုသတင်းအချက်အလက်ကို တခြားလူများအား အသိမပေးလိုသေးပါ။ သူက မိခင်ဖြစ်သူအား ရှင်းပြလိုက်၏။
"ဒီနှစ်တွေအတွင်းမှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို အချိန်အတိုင်းအတာတခုထိ သိမ်းဆည်းထားတာဟာ အင်မတန်အကျိုးများမှန်း သားသိလာခဲ့ပြီအမေ"
တန်ဟွားယွီ နှုတ်ဆိတ်သွား၏။ စက္ကန့်ပေါင်းများစွာကြာမှ သူမက စကားဆက်သည်။
"သားက သားအဖေကို မုန်းနေတုန်းပဲထင်တယ် ဟုတ်ရဲ့လား"
စုချန်း သိမ်မွေ့စွာ ပြုံးလိုက်၏။
"မဟုတ်ပါဘူးအမေ မမုန်းပါဘူး သားအနေနဲ့ တချိန်က သူချခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ တူညီတဲ့ ဆုံးဖြတ်ချက်မျိုး ချဖို့ကြိုးစားနေတာပါ"
"တူညီတဲ့ဆုံးဖြတ်ချက်မျိုး ဟုတ်လား သား"
စုချန်း၏ ဆိုလိုရင်းကို တန်ဟွားယွီ မည်သို့မျှ နားလည်နိုင်စွမ်း မရှိပါ။ စုချန်းက တခွန်းချင်း ပြောလိုက်သည်။
"သူ ကျွန်တော့အပေါ် လက်လျှော့ခဲ့တာ ကြာပါပြီအမေ"