ငါးစာ
Vol. 7 Ch. 69
နောက်ရက်များတွင်ကား စုချန်းသည် မူလကိရိယာများအား ညတစ္ဆေကို ပြန်လည်ပေးအပ်ပြီးနောက် ယခင်ပြုမူနေကျ လုပ်ငန်းစဉ်နှစ်ခုကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်တော့သည်။ နေ့လည်နေ့ခင်းတွင် သူသည် စစ်မှန်သော ကျောက်စိမ်းနန်းတော်သို့သွားရောက်၍ တန်ကျင်းထံတွင် ရှေးဟောင်းစာပေကျမ်းဂန်များနှင့် ရှေးဟောင်းပစ္စည်းများအားလေ့လာခြင်းအား သင်ယူ၏။ ညပိုင်းတွင်ကား သူသည် အိမ်သို့ပြန်၍ မူလစွမ်းရည်များအား ကျားကုတ်ကျားခဲ အားထုတ်ပြန်သည်။
အားလပ်သောအချိန်များတွင်ကား သူသည် သတ္တုစားပိုးကောင်ကြီးအား သတ္တုများကျွေးမွေးရန် သံမဏိအား တခုတ်တရ မှာကြားလေ့ရှိသည်။ နောက်ပိုင်းတွင်ကား စုချန်း လျင်မြန်စွာ သတိထားမိလာသည်မှာ ပိုးကောင်ကြီးသည် မည်သည့်သတ္တုကိုမဆို စားသုံးသော်လည်း ထိုသတ္တု၏ အဆီအနှစ်ခဲများကိုမူကား အခါမလပ် ထုတ်ပေးနေသည်မဟုတ်။
ယေဘုယျအားဖြင့် စုချန်းသည် စုစုပေါင်း သတ္တုဆယ့်ရှစ်မျိုးအထိ စမ်းသပ်ကြည့်ခဲ့ပြီးလေပြီ။ ထိုအထဲမှ သုံးမျိုးသာ အဆီအနှစ်ခဲများ ထွက်လာ၏။ သို့သော် ထိုသတ္တုများ၏တန်ဖိုးသည် ငွေကြယ်သတ္တုနှင့် မတူညီ၍ ပြောင်းလဲမှုနှုန်းထားမှာလည်း အနည်းအကျဉ်းတော့ ကွဲပြားခြားနားကြသည်သာ။ တဖက်တွင်လည်း သတ္တုစားပိုးကောင်ကြီးသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အလားသဏ္ဍန် တူညီ၏။ ၎င်း၏ အစာစားသောက်နှုန်းမှာ ကန့်သတ်ချက်ရှိလေရာ ပြောင်းလဲပေးနိုင်သော ပမာဏမှာလည်း မဆိုစလောက်မျှသာ ဖြစ်သည်။ အနည်းငယ်သော ပမာဏကိုပင် ဖြည်းဖြည်းချင်း စုဆောင်းသွားရပေလိမ့်မည်။
ဤအတောအတွင်းဝယ် စုအိမ်တော်မှာ မကြုံစဖူးလောက်အောင် ငြိမ်းချမ်းနေ၏။ စုချန်းအား ခွေးတကောင် ကြောင်တမြီးမျှပင် လာရောက်နှောင့်ယှက်သူမရှိ။
မည်သူမျှ မနှောင့်ယှက်ဝံ့တော့ကြောင်းကို မင်ချူး၏ ဒဏ်ရာဒဏ်ချက်ကင်းစင်သော ကိုယ်ခန္ဓာက သက်သေပြနေ၏။ စုချန်း အစွမ်းပြလိုက်ကတည်းက မင်ချူးကို မည်သူမျှ မထိပါးရဲတော့ချေ။ ထို့နောက်တွင်ကား စုခြံဝင်းအတွင်းဝယ် စုချန်း၏ စကားတခွန်းက တောမီးပမာ ပျံနှ့ံ့လာ၏။ ထိုစကားမှာ "ငါဟာ ခုချိန်ထိ တိမ်တိုက်လင်းနို့ရဲ့ သွေးဗီဇကို မရသေးဘူး ဒါကြောင့် တတိယအကြိမ်မြောက် ပြန်သွားရကောင်း ပြန်သွားနိုင်တယ်" ဟူ၍ ဖြစ်သည်။ မည်သူမျှ စုချန်း အနီရောင်တောင်ကြောသို့ ပြန်သွားမည့်ကိစ္စတွင် ဓားစာခံ မဖြစ်လိုတော့။
"မျိုးဆက်သစ် တရာကျော်လောက်ရှိပြီး ကြီးမားတဲ့ စုအိမ်တော်ဟာ ဘာမဟုတ်တဲ့ မျက်မမြင်တယောက်ကြောင့် ကသောင်းကနင်း ဖြစ်နေရတယ်လို့ ပြန်တွေးကြည့်ရင် အတော်ရှက်စရာကောင်းတယ် အသုံးမကျလိုက်တာကွာ"
စုခေါ့ကျိတယောက် နေရာတွင်ထိုင်ရင်း ခေါင်းကိုယမ်းခါကာ ပြောလိုက်သည်။ သူ့ဘေးနားရှိ အကြံပေးတန်မှာကား မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိဟန်ဖြင့် အေးတိအေးစက်နှင့် ထိုင်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ပြန်တွေးလိုက်ရင်တော့ ဘာမှ အံ့သြစရာ မရှိပါဘူးခင်ဗျာ စုမျိုးနွယ်နဲ့ စုအိမ်တော်ဟာ ခေါင်းဆောင်ကြီးတယောက်တည်းကပဲ တည်ထောင်ခဲ့တာ ဖြစ်သလို သက်တမ်းအားဖြင့်လည်း သိပ်မကြာသေးဘူး ကျွန်တော်တို့ရဲ့ နောက်ခံအင်အားက အတော်လေး နည်းပါးတယ်ဆိုတာ ဘာမှ မထူးဆန်းတဲ့ ကိစ္စပါ"
"နောက်ခံအင်အား နည်းပါးတယ် ချို့တဲ့တယ် ဟုတ်လား သိပ်မှန်တာပေါ့ကွာ ကျုပ်တို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် လာမဲ့နှစ် နဂါးကျောင်းတော်ရဲ့ဝင်ခွင့်ကို မေ့ထားလို့ရပြီ"
ခွန်အားအရ နှိုင်းယှဉ်လျင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ စုမျိုးနွယ်ခေါင်းဆောင် စုချန်းချဲ့ကို မျိုးနွယ်စုကြီး လေးစုတွင် ခေါင်းဆောင်နေရာထား၍ သတ်မှတ်နိုင်၏။ သို့သော် နောက်ခံအင်အားအရ နှိုင်းယှဉ်လျင်ကား စုအိမ်တော်သည် ကျန်အိမ်တော်လေးမျိုးထက် များစွာ နိမ့်ကျနေ၏။ တနည်းအားဖြင့် သူတို့သည် မကြာသေးခင်ကမှ ကျိကျိတက် ချမ်းသာလာသော အိမ်ထောင်စုတခုနှင့်တူနေလေရာ သူ့တို့ကိုအခြားသူများနှင့် နှိုင်းယှဉ်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
ခေါင်းဆောင်ကြီး စုချန်းချဲ့သည် မျိုးနွယ်စုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန် ကြိုးစားသော်လည်း တညတည်းနှင့် ဖြေရှင်း၍မရနိုင်သော ပြသနာ အများအပြား ရှိနေဆဲသာ ဖြစ်သည်။ တဖန် အိမ်တော်၏ သက်တမ်း တိုတောင်းလှပေရာ မျိုးနွယ်စု၏ တတိယမျိုးဆက်များအတွက် ပညာစဉ်အဆင့်မြှင့်ရာတွင် လုံလောက်သော အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်စွမ်း မရှိပေ။ မျိုးနွယ်စု တတိယမျိုးဆက်များအနက် စုချန်းသည် ပါရမီဟု လူအများက သတ်မှတ်ထားသော်လည်း ၎င်းသည် ယခုအချိန်ထိ မျက်မမြင်တယောက် ဖြစ်နေဆဲပင်။ မျက်လုံးကန်းသွားသည့်တိုင် စုချန်းသည် မျိုးနွယ်စု၏ အခြေခံထောက်ပံ့မှုများကို စွန့်လွှတ်လိုစိတ် မရှိလေရာ သူ့အားမယှဉ်နိုင်သော အခြားကလေးများအတွက် အားကိုးရာမဲ့သော ခံစားချက်များကို ဖြစ်ပေါ်စေလေသည်။
ထိုအခါ အကြံပေးတန်က စကားစသည်။
"လင်မျိုးနွယ်စုဟာ ကုမျိုးနွယ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတာကို တွေ့ရတယ် ခုဆိုရင် ကုချိန်းလွှာဟာ လင်မျိုးနွယ်စုရဲ့ သားရဲဥယျဉ်ကို ရောက်ရှိနေပြီ သူမ ဘာလုပ်နေတယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ အဲဒီမှာ ရောက်နေတာ အချိန်အတော်လေး ကြာခဲ့ပြီမို့ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတခု ရှိနေတာတော့ သေချာတယ် နောက်တချက်က လင်မျိုးနွယ်စုရဲ့ အလားအလာအရှိဆုံး မျိုးဆက်သစ်တွေဟာလည်း ပျောက်ၤဆုံးနေတာ တနှစ်လောက်ရှိပြီ ထပ်ပြောရရင် ဟီမျိုးနွယ်စုနဲ့ လင်မျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေဟာ ခုနောက်ပိုင်း နှစ်နှစ်လောက်မှာ အတော်လေး ခန့်မှန်းရခက်တယ် အထူးသဖြင့် ဟီမျိုးနွယ်စုဟာ ခုနောက်ပိုင်း ဘာတွေလုပ်နေမှန်းကို မသိရဘူး နောက်ဆုံးရထားတဲ့သတင်းအရတော့ လင်မျိုးနွယ်စုက လင်ချိန်းယွင်ဟာ အိမ်တော်ကို ပြန်လာနေပြီလို့ ဆိုပါတယ်"
ဆိုးဝါးလှသော သတင်းများက စုခေါ့ကျိ၏ စိတ်ခံစားချက်ကို ပို၍ဆိုးဝါးလာစေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျန်တဲ့မျိုးနွယ်စု သုံးစုဟာ ဘယ်သူ့ဘယ်သူမှ နောက်ကျန်မနေရစ်ချင်တဲ့အတွက် လာမဲ့နှစ် နဂါးကျောင်းတော်ဝင်ခွင့် ရရှိအောင် အသည်းအသန် ကြိုးပမ်းအားထုတ်နေကြပြီ ငါတို့မျိုးနွယ်စုမှာတော့ မျက်မမြင်တယောက်က ထိပ်ဆုံးနေရာကို ရောက်နေတယ် သူ့ကိုလည်း ဘယ်သူမှ မယှဉ်နိုင်ဘူးဖြစ်နေတယ် ဒါဟာ တကယ်တော့..."
ထိုအခါ အကြံပေးတန်က စဉ်းစဉ်းစားစားနှင့် ပြောလိုက်၏။
" ဆေးဝါးတွေ သုံးစွဲပြီးလို့ စုချိန်းရဲ့အင်အားတွေ တိုးပွားလာပြီး စုချန်းကို အနိုင်ရခဲ့တယ်ဆိုရင်တောင် သူဟာ တခြားမျိုးနွယ်စုသုံးစုရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးဘူးလို့ ကျွန်တော်က ယူဆထားပါတယ်ခင်ဗျာ"
စုခေါ့ကျိ၏ မျက်နှာက ရှုံ့မဲ့သွား၏။
"လာမဲ့ နဂါးကျောင်းတော်တိုက်ပွဲမှာ ကျုပ်တို့ စုမျိုးနွယ်စုအနေနဲ့ ဘာအောင်မြင်မှုမှမရပဲ မရှုမလှ ရှုံးနိမ့်မယ်လို့ ခင်ဗျားက ပြောချင်နေတာလား"
အကြံပေးတန်က
"ကျွန်တော် ဆိုလိုတာက စုမျိုးနွယ်စုအနေနဲ့ ဒီအချိန်မှာ လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို မလုပ်ခဲ့ရင် လာမဲ့ နဂါးကျောင်းတော်တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်စရာတောင် မလိုတော့ပါဘူးခင်ဗျာ"
စုခေါ့ကျိ တုန်လှုပ်သွား၏။ တစုံတခုကို စဉ်းစားမိသွားဟန်ပေါ်သည်။ ထို့နောက် သူက ခေါင်းကိုမော့ရင်း တီးတိုးရေရွတ်လိုက်သည်။
"ငါတကယ်ပဲ ဒီလိုလုပ်သင့်ရဲ့လား..."
အကြံပေးတန်က တလုံးတပါဒမျှ ဝင်မပြောပဲ စုခေါ့ကျိကို ငြိမ်သက်စွာ စိုက်ကြည့်နေ၏။ အကြံပေးသည့်အတိုင်း စုခေါ့ကျိ မလွဲမသေ လိုက်လုပ်မည်ဟု အကြံပေးတန် ယုံကြည်ထားသည်။ အတန်ကြာ လေးလေးနက်နက် စဉ်းစားပြီးနောက် စုခေါ့ကျိက ဖနောင့်တချက်ပေါက်ရင်း ပြောလိုက်၏။
"ခင်ဗျားမှန်တယ် နဂါးကျောင်းတော်တိုက်ပွဲကာလမှာ မျိုးနွယ်စုလေးစုလုံးဟာ အပြန်အလှန် စောင့်ကြည့်နေကြတယ် ဒီတော့ ကျုပ်တို့ရဲ့ အာရုံတွေအကုန်လုံးကို စုချန်းတယောက်တည်းအပေါ်မှာပဲ ထားလို့မရဘူး ဒါကြောင့် အခွင့်အရေးကို အမိအရ အသုံးချဖို့ ကျုပ်အဖေကို ပြောရမယ် ဘာကြီးပဲဖြစ်နေပါစေ....လာမဲ့ပွဲမှာ ကျုပ်တို့ အရှုံးခံလို့မရဘူးဗျ"
_______________×××______________×××___________
ရက်ပေါင်းများစွာကြာသောအခါ လီရှုတယောက် ကောင်းကင်နတ်ဘုရားနန်းတော်မှ ပြန်လည်ရောက်ရှိလာ၏။ သူနှင့်အတူ သတင်းအချက်အလက်တချို့ ပါလာလေသည်။
လီရှု ယူဆောင်သွားခဲ့သော ငွေကြယ်အဆီခဲနမူနာများအား ဆိုင်အတော်များများက ဝယ်ယူရန် စိတ်ဝင်စားကြ၏။ အပြီးသတ်နှစ်ဆိုင်ကို ရွေးချယ်ခြင်းမပြုမီ လီရှုသည် ဆိုင်အတော်များများနှင့် စကားပြောဆိုကြည့်ခဲ့၏။ ထိုဆိုင်များထဲမှတဆိုင်မှာ ရတနာတထောင်နန်းတော်ဖြစ်ပြီး ကောင်းကင်နတ်ဘုရားနန်းတော်တွင် ထိပ်တန်းဆိုင်ကြီးတဆိုင် ဖြစ်သည်။ မှန်ကန်သောဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်ဟု နာမည်ရသော ဆိုင်ကြီးလည်းဖြစ်သည်။ ငွေကြယ်အဆီအနှစ် ဆယ့်ငါးကီလိုအတွက် အနည်းဆုံး အဆင့်နိမ့်မူလကျောက်တုံး ၂၈၀၀၀၀ထိ ပေးလေ့ရှိသဖြင့် အတော်လေး အဆင်ပြေသော ဈေးနှုန်းဟု ဆိုရပေလိမ့်မည်။
ငွေကြယ်အဆီအနှစ်၏ ပြောင်းလဲမှု စံသတ်မှတ်ချက်မှာ ၄၀ချိုး ၁ချိုး (ငွေကြယ်သတ္တု လေးဆယ်ကီလိုလျင် ငွေကြယ်အဆီခဲ တစ်ကီလို) ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းတခုတည်းအပေါ် အခြေခံ၍ တွက်ချက်လျင် ငွေကြယ်အဆီခဲ ကီလိုဝက်အတွက် အဆင့်နိမ့်မူလကျောက်တုံး ရှစ်ထောင်ကျသင့်မည် ဖြစ်သည်။ တဖန် ငွေကြယ်သတ္တုသန့်စင်ရာတွင် အခြားတန်ဖိုးရှိ ဘေးထွက်ပစ္စည်းများလည်း ထွက်ရှိလာလေရာ ငွေကြယ်အဆီခဲ ကီလိုဝက်တွင် အဆင့်နိမ့်မူလကျောက်တုံး တသောင်းခန့်အထိ ကျသင့်သွား၏။
သို့သော် ၎င်းသည် ကာလပေါက်ဈေးသာ ဖြစ်သည်။ စီးပွားရေးသဘောတရားအရ အမှန်တကယ် ရတနာတထောင်နန်းတော်မှ ဝယ်ယူသော ဈေးနှုန်းမှာကား ထိုထက်နည်းပေ၏။ သို့တိုင်အောင် ငွေကြယ်သတ္တု၏ ရှားပါးမှုကြောင့်သာ ဤမျှ မြင့်မားသော ဈေးနှုန်းကို ရရှိခြင်းဖြစ်သည်။ အကယ်၍ အခြားပစ္စည်းတမျိုးသာဆိုလျင် ရတနာတထောင်နန်းတော်အနေနှင့် ကာလပေါက်ဈေး၏ ထက်ဝမျှသာ ပေးချေပေလိမ့်မည်။ ဤနေရာတွင် ချွင်းချက်တခုတေတာ့ရှိ၏။ ပစ္စည်းရောင်းမည့်သူသည် မူလကျောက်တုံး ငါးသောင်းကျော်ဖိုးအထိ များများစားစား ရောင်းမည်ဆိုလျင် သူတို့အနေနှင့် ဆယ့်ငါးကီလိုအတွက် မူလကျောက်တုံး ၃၀၀၀၀၀အထိ ပေးချေမည်ဖြစ်ကြောင်း ရတနာတထောင်နန်းတော်က လီရှုအား မှာကြားလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မူလကျောက်တုံး ၂၈၀၀၀၀ဟူသော ဈေးနှုန်းမှာ အမြင့်ဆုံးဈေးနှုန်း မဟုတ်သော်လည်း သင့်တင့်လျောက်ပတ်သော ဈေးနှုန်း ဖြစ်နေသည်ကတော့ အမှန်ပင်။
ရတနာတထောင်နန်းတော်နှင့် မတူပဲ ဈေးအများဆုံးပေးသော ဆိုင်တဆိုင်မှာ ရွှေရောင်နာမတော်အလုပ်ရုံဟု အမည်ရသော ဆိုင်ပင်ဖြစ်သည်။ ထိုဆိုင်မှာ သိပ်မကြီးလှသော်လည်း စီးပွားရေးကောင်းပုံတော့ရ၏။ အကြောင်းမှာ သူတို့၏ အဖွင့်ဈေးက မူလကျောက်တုံး ၄၀၀၀၀၀ ဖြစ်နေခြင်းကြောင့်ပင်။
သူတို့၏ ပြောစကားအရ ကာလပေါက်ဈေးမှာ ကာလပေါက်ဈေးသာဖြစ်ကြောင်း၊ သူတို့အနေနှင့် ငွေကြယ်အဆီအနှစ်ဟူ၍ မတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ဈေးနှုန်းဟူသည်မှာ ဝယ်သူ၏ လိုအပ်ချက်အရ မြင့်တတ်လာတတ်ကြောင်း၊ မူလကျောက်တုံး ၄၀၀၀၀၀နှင့် ဝယ်သောလည်း ထိုထက်သာသော ဈေးနှုန်းနှင့် အချိန်မရွေး ရောင်းချ၍ရနိုင်ကြောင်း စုချန်းတို့ သိရှိရသည်။
လီရှု၏ စကားကိုနားထောင်ရင်း စုချန်းတယောက် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက မေးလိုက်သည်။
"လီရှု ရွှေရောင်နာမတော်အလုပ်ရုံက ယုံကြည်လို့ရပါ့မလား"
အံ့သြစရာကောင်းလောက်အောင်ပင် လီရှုက ချက်ချင်း ဖြေကြားလိုက်၏။
"မယုံရပါဘူးသခင်လေး"
"ဘာကြောင့်လဲ ရှင်းပြစမ်းပါအုံး"
လီရှုက ရှင်းပြလိုက်၏။
"ကောင်းကင်နတ်ဘုရားနန်းတော်မှာ နေထိုင်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော့အနေနဲ့ ရွှေရောင်နာမတော်အလုပ်ရုံရဲ့အကြောင်းကို စုံစမ်းခဲ့ပါတယ် မြို့တော်ရဲ့ အဆင့်မြင့်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်ပေမဲ့ သူတို့ရဲ့ စီးပွားရေးအခြေအနေကတော့ ဆိုးဝါးလှပါတယ် မြို့တော်ရဲ့ ဘယ်ထိပ်တန်းမိသားစုနဲ့မှလည်း တစုံတရာ ဆက်စပ်နေတာမျိုး မရှိပါဘူးခင်ဗျ ဒါက ဘာကိုပြနေသလဲဆိုတော့ သူတို့ဆိုင်မှာ အခြေမခိုင်ဘူး ကျောထောက်နောက်ခံအင်အား မကောင်းဘူးလို့ ဆိုလိုတာပါ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တော့လည်း ဘယ်သူမှ ခြေခြေမြစ်မြစ် မပြောပြနိုင်ကြဘူး ဒါကြောင့် အမှန်တိုင်း ပြောရရင် ဒီလိုဆိုင်မျိုး ဒီလိုဈေးနှုန်းမျိုးနဲ့ အရောင်းအဝယ်လုပ်ရမှာ အင်မတန် အန္တရာယ်များပါတယ် ခင်ဗျာ"
ထိုအခါ စုချန်းက မေးလိုက်၏။
"ဒါနဲ့များ ခင်ဗျားက သူတို့သတင်းကို ဘာကြောင့် ကျုပ်ဆီ ယူလာတာလဲ"
လီရှုက
"ဈေးနှုန်းကြောင့်ပါ သူတို့ပေးတဲ့ဈေးနှုန်းက မူလကျောက်တုံး တသိန်းကျော်လောက် ပိုများနေပါတယ်"
မူလကျောက်တုံးများ၏ တန်ဖိုးကို မည်သို့သတ်မှတ်မည်နည်း။ သာမာန်လူများအတွက် တသိန်းဟူသောပမာဏသည် တသန်းနှင့်ညီ၏။ အဆင့်နိမ့်ချီစွမ်းအားပညာရှင်များအတွက်မူ တသိန်းသာဖြစ်သည်။ အလယ်အလတ်အဆင့် ချီစွမ်းအားပညာရှင်များအတွက်မူကား ထိုပမာဏသည် ထောင်ဂဏန်းမျှသာ တန်ဖိုးရှိပေတော့သည်။ ထိပ်တန်းအဆင့် ချီစွမ်းအားပညာရှင်များအတွက်မူ ထိုပမာဏသည် ပြောပလောက်စရာမဟုတ်တော့။ ဆယ်ဂဏန်းမျှသာ တန်ဖိုးရှိတော့၍ဖြစ်သည်။ ထိပ်ဆုံးသို့ရောက်ရှိပြီးသော ချီစွမ်းအားပညာရှင်များသည်ကား ထိုပမဏကို အိမ်သာသုံးစက္ကူမျှသာ သဘောထားပေလိမ့်မည်။
စုချန်းသည် အဆင့်နိမ့်မူလစွမ်းအားပညာရှင် အဆင့်၌သာ ရှိသေးပြီး လီရှုမှာမူကား ချီစွမ်းအားပညာရှင်ပင်မဟုတ်။ မည်သို့ပင်ဖြစ်စေ ထိုပမာဏမှာ သေးငယ်သော ပမာဏမဟုတ်ပေရာ လစ်လျူရှု၍တော့မရ။ သူ့အနေနှင့် မည်သို့သော သံသယမျိုး ရှိနေစေကာမူ စုချန်းအား ပြန်လည်သတင်းပို့ရန် တာဝန်ရှိ၏။ နောက်တချက်မှာ လီရှုသည် အဆုံးအဖြတ်ပေးနိုင်သည့် လူစားမျိုးမဟုတ်။
နောက်ဆုံးတွင် လီရှု၏ သတင်းပို့ချက်ကို နားထောင်ရင်း စုချန်းမှာ အတော်လေး ဆုံးဖြတ်ရခက်နေတော့သည်။အတန်ကြာ စဉ်းစားပြီးနောက် သူက စကားစသည်။
"အကြောင်းတိုက်ဆိုင်လို့ တခါက ယန့်ဝူရွှန်း ကျုပ်ကို လိမ်ဖို့ကြိုးစားတာကို သတိရလာတယ်ဗျို့ အဲဒီတုန်းက သူမဟာ ပစ္စည်းအတုသုံးမျိုးကိုသုံးပြီး ကျောက်စိမ်းနန်းတော်က ရွှေစင်နှစ်ထောင်ကို လိမ်ညာပြီး ယူဖို့လုပ်ခဲ့တာပေါ့ တကယ်လို့ ကျုပ်သာ ဟန်ဆောင်ထားတာမဟုတ်ပဲ အမှန်တကယ် မျက်လုံးကန်းနေခဲ့ရင် သူတို့လိမ်ညာတာ ခံခဲ့ရလောက်ပြီ ဒီဖြစ်ရပ်ကနေ ကျုပ် ဘာသင်ခန်းစာ ရခဲ့သလဲ ခင်ဗျားသိလား အရမ်းဆွဲဆောင်မှုရှိတဲ့ ငါးစာမျိုး မြင်နေရပြီဆိုရင် ဒီဖြစ်ရပ်ကြီးတခုလုံးဟာ လိမ်ညာမှုဖြစ်ဖို့ သေချာနေပြီဆိုတဲ့ သင်ခန်းစာပဲ ဒါကြောင့် ရွှေရောင်နာမတော်အလုပ်ရုံက ပေးတဲ့ဈေးနှုန်းဟာ ပေါက်ဈေးထက်တောင် ပိုနေတယ်ဆိုတော့ ရှင်းပါတယ်... ဒီလူတွေ ကျုပ်တို့ကို လိမ်ဖို့ကြိုးစားနေတာပဲ"
ထိုအခါ လီရှုက ပြောလိုက်၏။
"သခင်လေးဟာ အင်မတန် လိမ္မာပါးနပ်ပါပေတယ် ဒီလူတွေ လိမ်တယ်လို့ ယူဆရင်လည်း ကျွန်တော်တို့အနေနဲ့ ရတနာတထောင်နန်းတော်နဲ့ပဲ အရောင်းအဝယ် ပြုလုပ်ကြတာပေါ့ အမှန်အတိုင်းပြောရရင် ရတနာတထောင်နန်းတော်ကပေးတဲ့ ဈေးနှုန်းကလည်း မဆိုးပါဘူး အတော်လေး မျှတပါတယ်"
စုချန်း ပြုံးလိုက်၏။
"ဒီလူတွေ လိမ်နေတာပဲလို့ ပြောလိုက်တာနဲ့ သူတို့နဲ့ အရောင်းအဝယ် မလုပ်ဘူးလို့ မဆိုလိုဘူးလေဗျာ"
"ဗျာ"
လီရှု ကြောင်အန်းအန်းဖြစ်သွားသည်။ လီရှု၏ပုံစံကိုကြည့်ရင်း စုချန်းတယောက် အားရပါးရ ရယ်မောလိုက်၏။
"ပျော်ရွှင်ခြင်းချောက်နက်မှာ နှစ်လနေထိုင်ခဲ့တဲ့ ကာလအတွင်း ကျုပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အတော်လေး အဆင်ပြေခဲ့တယ်ဆိုတာ ခင်ဗျား သိပြီးသားပါ ဒါပေမဲ့ သပိတ်ဝင်အိတ်ဝင်လို့ သတ်မှတ်နိုင်တဲ့ အနေအထားမျိုးကတော့ နှစ်ကြိမ်ပဲ ရှိခဲ့ဖူးတယ် ပထမတကြိမ်က လှိုဏ်ဂူထဲမှာ အဖိုးကြီးအောရစ်ကို သတ်ခဲ့တဲ့အကြိမ်ပဲ ဒုတိယအကြိမ်ကတော့ ခင်ဗျားကိုယ်တိုင် ကြုံခဲ့ပါတယ် ဝံပုလွေဓားတို့ ညီအစ်ကိုတွေကို မတတ်သာပဲ သတ်လိုက်ရတဲ့အကြိမ်ပဲ ဥပမာအနေနဲ့ပြောရရင် ကောင်းကင်ဝံပုလွေဓား တလက်နဲ့တင် မူလကျောက်တုံး တသောင်းလောက် တန်နေပြီဗျာ ကဲ...."
လီရှု၏ စိတ်ထဲတွင် တိတ်တခိုး ကျိန်ဆဲမိတော့သည်။
သခင်လေးကသာ အဲဒီဓား မူလကျောက်တုံး တသောင်တန်တယ် ပြောတာ အဲဒီတုန်းကကျတော့ ဝံပုလွေဓားကို မူလကျောက်တုံး ငါးရာပဲ ပေးခဲ့တယ်.....
ထိုစဉ် စုချန်းက မေးလိုက်၏။
"ခင်ဗျား ကျုပ်ပြောနေတာကို သဘောပေါက်ရဲ့လား"
လီရှုက
"သခင်လေး ဆိုလိုတာ....အန္တရာယ်ကြားထဲမှာ ငွေရှာဖို့ ပိုလွယ်တယ်လို့များ...."
ထိုအခါ စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်၏။
"တကယ်လို့ တစုံတယောက်ကသာ ကျုပ်တို့ကို လှည့်ဖြားဖို့ ကြိုးစားနေမယ်ဆိုရင် ကျုပ်တို့အနေနှင့် ပြန်တိုက်ခိုက်လို့ မရဘူးလား ခွေးတောင်မှ ချောင်ပိတ်အရိုက်ခံရရင် ပြန်ကိုက်တတ်သေးတာပဲဗျ စွမ်းအင်လမ်းကြောင်းပေါ်ကို တစိုက်မတ်မတ် လျှောက်လမ်းနေတဲ့ ကျုပ်လိုလူတယောက်ကကော ကိုယ့်အသက်ကို ကာကွယ်ခွင့် မရှိဘူးလား ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို လုယူဖို့ ကြိုးစားလာသူတွေကို ဆုံးမခွင့်မရှိဘူးလား ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့် မရှိဘူးလား ဒီလိုသာမဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်ရဲ့ အားထုတ်မှုတွေအားလုံးက သဲထဲရေသွန်လိုက်သလိုပဲပေါ့ ကျန်တဲ့လူတွေနဲ့ ကျုပ်ဟာ အတူတူပဲ ဖြစ်သွားမှာပေါ့"