← Chapters

အရိပ်တပ်ဖွဲ့

Vol. 7 Ch. 70

အရိပ်တပ်ဖွဲ့

Vol. 7 Ch. 70

တစုံတယောက်က သူ၏ငွေကြယ်အဆီအနှစ် ဆယ့်ငါးကီလိုကို ဖြတ်ခုတ်ရန် ကြံစည်နေသည်ဟု သိထားသော်လည်း စုချန်းသည်ကား အနည်းငယ်မျှ စနိုးစနောင့်ဖြစ်ခြင်း မရှိ။ ဒုတိယမြောက်နေ့တွင် စုချန်းနှင့် လီရှုသည် ကောင်းကင်နတ်ဘုရားနန်းတော်သို့ အတူတကွ ထွက်ခွာလာခဲ့ကြလေသည်။ မြို့တော်သို့ရောက်သည်နှင့် လီရှုသည် ရွှေရောင်နာမတော်အလုပ်ရုံ၏ အုပ်ချုပ်ရေးမှုးနှင့်တွေ့ဆုံကာ အရောင်းအဝယ်ကိစ္စများကို ထပ်မံညှိနှိုင်းပြန်သည်။

ဤတကြိမ်တွင်ကား စုချန်း၏ ညွှန်ကြားချက်အရ သူက မူလကျောက်တုံး ၄၅၀၀၀၀အထိ တိုးမြှင့်တောင်းဆိုလိုက်၏။ အချိန်အတန်ကြာအောင် အကြိတ်အနယ် ဆွေးနွေးပြီးနောက် တဖက်က စိတ်မပါလက်မပါသော ပုံစံမျိုးပြုကာ သဘောတူလိုက်၏။ ထိုအခိုက်မှာပင် တဖက်လူသည် သူတို့ကို ငွေပေးလိုသော ဆန္ဒမရှိမှန်း လီရှု သဘောပေါက်လိုက်၏။ ငွေအမှန်တကယ် ချေရန် ဆန္ဒမရှိသူများသာ ဤမျှလောက်သော အချိန်အတွင်းဝယ် သဘောတူပေလိမ့်မည်။ ထို့နောက် သူတို့သည် နောက်ထပ်လဝက်ခန့်အကြာ ရွှေရောင်နာမတော်အလုပ်ရုံ၌ပင် အလဲအလှယ်ပြုလုပ်ရန် သဘောတူလိုက်ကြ၏။

သို့သော် ထိုနေ့ညမှာပင် စုချန်းသည် သူပိုင်ဆိုင်သော ငွေကြယ်အဆီအနှစ်များကို ရတနာတထောင်နန်းတော်တွင် မူလကျောက်တုံး ၂၅၀၀၀၀နှုန်းထားနှင့် ရောင်းချပစ်လိုက်၏။ သူ့အနေနှင့် မူလကျောက်တုံး ၃၀၀၀၀၀အထိ တိုး၍တောင်းခွင့်ရှိသော်လည်း စုချန်းက မူလကျောက်တုံး၂၅၀၀၀၀နှင့်သာ ရောင်းချလိုက်၏။ အကြောင်းရင်းမှာ စရတနာတထောင်နန်းတော်မှ ပေးအပ်လာသော အထူးအခွင့်အရေးတရပ်ကြောင့် ဖြစ်သည်။ ထိုအခွင့်အရေးမှာ စုချန်းသာ နောက်ထပ် မူလကျောက်တုံး ငါးသောင်းဖိုး ရောင်းချပေးပါက ရတနာတထောင်နန်းတော်မှ စုချန်းအား ချေးငွေ ၂၀၀၀၀၀ထုတ်ပေးမည်ဟူသော အခွင့်အရေးဖြစ်သည်။ သို့သော် စုချန်းက ထိုအခွင့်အရေးကို မယူသေးပဲ ရတနာနန်းတော်မှ ပစ္စည်းတမျိုးသာ ဝယ်ယူ၍ ပြန်လာခဲ့၏။

မြောက်ပိုင်းမြို့တော်သို့ရောက်သည်နှင့် စုချန်းသည် သူ၏ မူလကျောက်တုံးများနှင့် ကုန်ပစ္စည်းများကို သယ်ဆောင်ပြီး ညတစ္ဆေကို လိုက်ရှာတော့၏။ ညတစ္ဆေသည် စုချန်းကို တွေ့သည်နှင့် အနည်းငယ် စိတ်ပျက်သော အမူအရာနှင့် ပြောဆိုလိုက်သည်။

"ဟေ့ မင်း ဘာလို့ ငါ့ကို လိုက်ရှာနေပြန်တာတုန်း ဒီတခါ ရှာတာ ငါ့ဆီက မူလကိရိယာတွေ ထပ်ငှားပြီး အနီရောင်တောင်ကြောကို နောက်တခေါက် ပြန်သွားဖို့တော့ မဟုတ်ဘူးထင်တယ်"

စုချန်းက ရယ်မောလိုက်၏။

"ဟား ဟား ဟား ကျွန်တော် အနီရောင်တောင်ကြောကိုသွားဖို့ အလျင်မလိုသေးပါဘူးဗျာ ဒါပေမဲ့ ခင်ဗျားဆီက မူလကိရိယာတွေကိုတော့ နောက်တခေါက် ပြန်ငှားရလိမ့်မယ်"

ညတစ္ဆေ၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွား၏။ ထိုအခါ စုချန်းက လက်နှစ်ဖက်ကို မြှောက်ရင်း ပြောလိုက်၏။

"စိတ်လျှော့ပါဗျာ စိတ်လျှော့ပါ ဒီတခေါက်က ကျွန်တော် ငှားရမ်းခပေးမယ်လေဗျာ ဒါဆိုရင် ခင်ဗျားအနေနဲ့ မငှားပေးနိုင်ဘူးလား"

ညတစ္ဆေ၏ အမူအရာက အတော်လေး စိတ်သက်သာရသွားဟန် ပေါ်လာ၏။ ထို့နောက် သူမက ပြောလိုက်သည်။

"ပြောကြည့်ပါအုံး မင်းက ဘယ်လောက်များ ပေးနိုင်မလဲ"

စုချန်းက ဖြေလိုက်သည်။

"နေ့တိုင်း အဆင့်နိမ့် မူလကျောက်တုံး ၂၀၀စီ ပေးမယ်ဗျာ ကျွန်တော် လိုချင်တာက မီးလျံအဝေးရောက်လက်နက်ရယ် စစ်သုံးဓားရယ် နီလာခရမ်းဝတ်စုံရယ်ပဲ ဖိနပ်ကတော့ ကျွန်တော့အတွက် မလိုတော့ဘူး"

အမှန်တော့ ညတစ္ဆေ၏ တိမ်တိုက်ခြေလှမ်းဖိနပ်သည် အတော်လေး ဟောင်းနွမ်းနေခဲ့ပြီဖြစ်သည်။ ထို့ပြင် စုချန်းကလည်း နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး ဖြစ်လေရာ ထိုဖိနပ်သည် တကြိမ်ထက်တကြိမ် အက်ကွဲရန် ပိုမိုနီးကပ်လာခဲ့ပေပြီ။ မည်သည့်အချိန်တွင် ပျက်စီးသွားမည်ကို မည်သူများ သိနိုင်အံ့နည်း။ ထို့ကြောင့်ပင် စုချန်းက ထိုဖိနပ်ကို နောက်တကြိမ် မငှားရမ်းတော့ပဲ ကျန်ပစ္စည်းသုံးမျိုးကိုသာ ငှားရမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤနေရာတွင် မီးလျံလက်နက် အဝေးရောက်လက်နက်ကို ငှားရမ်းရသည့်အကြောင်းမှာ ထိုလက်နက်သည် တိကျမှုမရှိသော်လည်း မထင်မှတ်သော အချိန်တွင် အသုံးပြုပါက ရန်သူကို အလစ်ငိုက်ဖမ်းနိုင်သောကြောင့် ဖြစ်သည်။

မူလကိရိယာသုံးမျိုးအတွက် တရက်ငှားရမ်းခကို မူလကျောက်တုံးနှစ်ရာအထိ ပေးထားခြင်းမှာ မနည်းလှပါ။ ထိုအခါ ညတစ္ဆေ၏မျက်နှာသည် အတော်လေး ပြေလျော့လာ၏။ ထို့နောက် သူမက ပြောလိုက်သည်။

"အင်း ဈေးကတော့ သိပ်မဆိုးပါဘူး ငါတို့ စဉ်းစားအုံးမယ်"

စုချန်း၏လိုလားချက်မှာ မဆုံးသေးပါ။ သူက စကားဆက်၏။

"မပြီးသေးဘူး ကျွန်တော့အနေနဲ့ လူတချို့ ငှားဖို့လိုအုံးမယ်ဗျ"

ညတစ္ဆေ၏မျက်လုံးများက နောက်တကြိမ် ပြုူးကျယ်သွားပြန်သည်။ သူမက မေးလိုက်၏။

"လူတွေ...ဟုတ်လား...လူငှားပြီး ဘာလုပ်မလို့လဲ မင်း ဘာတွေ ဖြစ်ချင်နေတာလဲ လူတွေငှားရတာ လွယ်တယ်များ ထင်နေသလား"

စုချန်းက ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်၏။

"သူတို့အတွက်လည်း ကျွန်တော်ပေးမယ် သာမာန်ဈေးနှုန်းထက် ရှစ်ဆအထိ ပေးမယ်ဗျာ"

ညတစ္ဆေ၏ပါးစပ်မှာ ချက်ချင်း ပိတ်သွား၏။ မူလကျောက်တုံးဟူသည် မူလချီစွမ်းအားပညာရှင်တိုင်း ဖန်တီးနိုင်သောအရာဖြစ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာ ရည်ညွှန်းတန်ဖိုးကို ကိုယ်စားပြုနေသော အရာတမျိုးဖြစ်သည်။

ဥပမာအနေနှင့် အဝါရောင်ကြယ်ဆယ်လုံး အဆင့်ရှိ ချီစုဆောင်းခြင်းနယ်ပယ်ရှိ မူလချီစွမ်းအားပညာရှင်တိုင်းသည် တနေ့လျင် မူလကျောက်တုံးတတုံး ဖန်တီးနိုင်၏။ ထို့ကြောင့် ၎င်း၏ရည်ညွှန်းတန်ဖိုးမှာ မူလကျောက်တုံး တတုံးသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအဆင့်ရှိ မူလချီစွမ်းအားပညာရှင်တယောက်ကို ငှားရမ်းမည်ဆိုပါက အနည်းဆုံး မူလကျောက်တုံးတတုံး ပေးရပေလိမ့်မည်။ ထိုသို့သာ မရရှိလျင် အနှီ ချီစွမ်းအားပညာရှင်သည် သာမာန်ကျောက်တုံးတတုံးကိုသာ မူလကျောက်တုံးအဖြစ် အသွင်ပြောင်းနေပေလိမ့်မည်။ အဘယ်ကြောင့် တခြားလူတယောက်အတွက် အလုပ်လုပ်နေအုံးမည်နည်း။

ဤသည်မှာပင် ရည်ညွှန်းတန်ဖိုး၏ အဓိပ္ပါယ် ဖြစ်လေသည်။

မူလချီစွမ်းအားပညာရှင်တယောက်ကို ငှားရမ်းရသည်မှ လွယ်သည်မဟုတ်။ သင့်အနေနှင့် တယောက်ယောက်ကို ငှားရမ်းရန် ရည်ရွယ်ပါက ထိုသူ၏ မူလတန်ဖိုးထက် ဆပွား၍ပေးရန် လိုအပ်၏။ ထိုသူ၏ ရည်ညွှန်းတန်ဖိုးထက် ပို၍ မပေးပဲ အနှီ မူလစွမ်းအားပညာရှင်သည် သင့်အတွက် အလုပ်လုပ်ပေးမည်မဟုတ်။ ဤနေရာတွင် ရည်ညွှန်းတန်ဖိုးထက် ဘယ်နှစ်ဆပေးမည်နည်းဟူသော မေးခွန်းကလည်း ရှိနေသေး၏။ ဤသို့ငှားရမ်းရာတွင် တချို့သည် နှစ်ဆပိုပေး၍ ငှားရမ်းလေ့ရှိပြီး တချို့မှာ အကန့်အသတ်မရှိသော အနေအထားထိ ပေး၍ ငှားရမ်းလေ့ရှိသည်။

စုချန်း၏စကားမှာကား ရှင်းနေ၏။ သူ့အနေနှင့် ရှစ်ဆအထိ ပို၍ပေးမည်ဟု ပြတ်သားစွာ ပြောဆိုပြီး ဖြစ်သည်။ ထိုတန်ဖိုးမှာ သိပ်မများလှသော်လည်း နည်းတော့မနည်းပေ။ ယေဘုယျအားဖြင့် သာမာန်ဟု ဆိုနိုင်၏။ ရှင်သန်ခြင်းနန်းတော်သည် ချမ်းသာကြွယ်ဝသဖြင့် မူလကျောက်တုံး ထောင်ဂဏန်းလောက်ကို ဂရုမစိုက်ဟု ဆိုနိုင်သော်လည်း စီးပွားရေးသည် စီးပွားရေးသာဖြစ်သည်။ ငွေအနည်းငယ်မျှဟူ၍ ဂရုမစိုက်သူသည် မည်သည့်အခါမျှ ချမ်းသာကြွယ်ဝလာမည်မဟုတ်ပေ။ ဤနေရာတွင် ထပ်ဖြည့်၍ပြောရလျင် မည်သည့်အနေအထားမျိုး ဖြစ်နေစကာမူ သူတို့အနေနှင့် စုချန်းအပေါ် အတတ်နိုင်ဆုံး ပြေလည်စွာဆက်ဆံလို၏။

စုချန်း၏စကားကို ကြားလိုက်ရသည်နှင့် ညတစ္ဆေ၏လေသံက ချက်ချင်းပြောင်းလဲသွား၏။ သူမက မေးလိုက်သည်။

"ဒီတော့ မင်းက ဘယ်လိုလူစားမျိုးတွေ ငှားရမ်းချင်တာလဲ"

စုချန်းက

"ကျွန်တော့အနေနဲ့ အနည်းဆုံး သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်နဲ့ အဆင့်မြင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်သုံးယောက်တော့လိုမယ်"

ညတစ္ဆေက

"မင်းရဲ့ပြိုင်ဘက်က ဘယ်သူမို့လို့လဲ ဘယ်လောက်တောင် အင်အားကောင်းနေလို့လဲ"

"ရွှေရောင်နာမတော်အလုပ်ရုံလို့ပြောတာပဲ သူတို့အင်အားတော့ ကျွန်တော်လဲ အတိအကျ မသိဘူးဗျ"

ညတစ္ဆေက

"ဒီတော့ အဆင့်မြင့် ချီစွမ်းအားပညာရှင် သုံးယောက်နဲ့ သွေးဆူပွက်ခြင်းနယ်ပယ်ရောက်နေတဲ့ ပညာရှင်နှစ်ယောက် လိုတယ်လို့ မင်း ဘာကြောင့် သုံးသပ်လိုက်တာလဲ"

ထိအခါ စုချန်းက ခရေစေ့တွင်းကျ ရှင်းပြလိုက်၏။

"ကျွန်တော့အနေနဲ့ သူတို့အဖွဲ့အစည်းရဲ့ ဇစ်မြစ်ကို ဘာတခုမှ မသိထားဘူးဗျ ဘယ်လောက်ထိတောင် မသိထားဘူလဲဆိုရင် သူတို့အဖွဲ့အစည်းအတွင်းမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်က ဘယ်နှစ်ယောက်၊ အလင်းတုန်ခါခြင်းနယ်ပယ်က ဘယ်နှစ်ယောက်၊ ကုန်ကုန်ပြောရရင်ဗျာ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်က ဘယ်နှစ်ယောက် ဆိုတာမျိုးတောင် ဘာတခုမှ မသိထားဘူး ဒါပေမဲ့ သူတို့မှာ ဒီလိုလူတွေ မရှိဘူးလို့လဲ ပြောလို့မရဘူး ဒီတော့ ကျွန်တော်က လိုရမယ်ရ ကြိုပြင်ထားတဲ့သဘောပဲ"

ညတစ္ဆေက မေးလိုက်သည်။

"မင်းက ဘာဖြစ်လို့ သူတို့နဲ့ တိုက်ခိုက်ချင်ရတာလဲ"

စုချန်းက

"ကျွန်တော့ရဲ့ ကုန်ပစ္စည်းတချို့ကို ဒီလူတွေ အလကားယူဖို့ ကြံစည်နေလို့"

ညတစ္ဆေက

"မင်း သူတို့ဆီမှာ သွားမရောင်းရင် ရသားပဲ"

စုချန်းက

"ခေါင်းရှောင်တယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲဗျ"

ညတစ္ဆေက အေးစက်သော လေတချို့ကို အားရပါးရ ရှုသွင်းလိုက်၏။ အတန်ကြာမှ သူမက ပြောလိုက်သည်။

"ကောင်းပြီလေ ငါပြန်ပြီး သူတို့နဲ့ ဆက်သွယ်လိုက်မယ်"

စုချန်းက ပုခုံးတွန့်လိုက်၏။ ညတစ္ဆေ အဆင်ပြေသလိုလုပ်ပါ ဟူသော သဘောဖြစ်သည်။ ဤတကြိမ်တွင်ကား ညတစ္ဆေတယောက် သုံးရက်တိတိ ပျောက်ဆုံးနေ၏။ သုံးရက်အကြာတွင် သူမ ပြန်ရောက်လာ၏။ ခရီးရောက်မဆိုက်ပင် စုချန်းကိုတွေ့သည်နှင့် သူမက ပြောလိုက်သည်။

"မင်းပြောတဲ့ဆိုင်က လီမင်းတန်ဆိုတဲ့ ပုဂ္ဂိုလ် ပိုင်ဆိုင်တဲဆိုင်ပဲ"

စုချန်းက

"ဘာဗျ လီမင်းတန် ဟုတ်လား"

ညတစ္ဆေက ရှင်းပြလိုက်၏။

"ဟုတ်တယ် အရိပ်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်ပဲ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ထိုင်ချရင်း တီတိုးရေရွတ်လိုက်သည်။

"ဒါဆို တကယ်ပဲ ဒီလူဖြစ်နေတာပေါ့လေ"

ကောင်းကင်နတ်ဘုရားနန်းတော်တွင် အရိပ်ဟု နာမည်ရသော တောင်ကြီးတတောင်ရှိ၏။ အနှီတောင်ကြီးတတောင်လုံးသည် သစ်တောများနှင့် ဖုံးလွှမ်းနေ၏။ တောင်၏တဖက်ခြမ်းသည် အနက်ရောင်ထင်းရှုးတောအုပ်နှင့် ဆက်စပ်နေပြီး အခြား တဖက်ခြမ်းတွင်ကား အနီရောင်တောင်ကြောနယ်မြေ တည်ရှိလေသည်။ တောနက်လှသဖြင့် တောပုန်းဓားပြများ ခိုအောင်းလေ့ရှိသည်မှာထုံးစံပင် ဖြစ်သည်။

အရိပ်တောင်တဝိုက်တွင် ခိုအောင်းနေကြသော တောပုန်းဓားပြအဖွဲ့ကိုကား အရိပ်တပ်ဖွဲ့ဟု လူအများက ခေါ်ဆိုကြ၏။ အရိပ်တပ်ဖွဲ့တွင် ခန့်မှန်းခြေ လူသုံးရာခန့်အထိ ပါဝင်နေပြီး ထိုအဖွဲ့၏ ခေါင်းဆောင်မှာကား လီမင်းတန်ပင် ဖြစ်လေ၏။

ရိုးရိုး လီမင်းတန်တော့မဟုတ်။ ဗိုလ်ချုပ် လီမင်းတန် ဖြစ်သည်။ ရူနှမ်းနှမ်းပုဂ္ဂိုလ်သည် သူ့နာမည်၏ ရှေ့တွင် ဗိုလ်ချုပ်ဟု နာမဝိသေသန တပ်၍ ခေါ်စေ၏။ မနူးမနပ် ဓားပြ သုံးရာကျော်ခန့်ကို ကွပ်ကဲရရုံနှင့် သူ့ကိုသူ ဗိုလ်ချုပ်ဟု ခေါ်ဝေါ်စေခြင်းမှာ အလွန် ရယ်မောဖွယ်ရာ ကောင်းနေသော်လည်း ဓားပြတို့၏လောကတွင်ကား ဤကိစ္စသည် မထူးဆန်း။ လီမင်းတန်အား ဗိုလ်ချုပ်ဟုမခေါ်ပဲ ဘုရင်ကြီးဟု ခေါ်လျင်လည်း ထိုကိစ္စအား မည်သည့်ဓားပြမှ အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူတို့အဖို့ ထိုအခေါ်အဝေါ်ကို တပါးသူများအား ခြောက်လှန့်ရန်အတွက်သာ အသုံးပြုကြခြင်းကြောင့်ဖြစ်သည်။ သာမာန်လီမင်းတန်အစား ဗိုလ်ချုပ်လီမင်းတန်ဟူသော အမည်ကို ကြားလိုက်ရုံသည် တော်ရုံတန်ရုံလူသည် တုန်လှုပ်ခြောက်ခြားသွားပေလိမ့်မည်။ ထို့နောက်တွင်ကား ၎င်းတို့၏ ငွေကြေးများနှင့် ကောက်ပဲသီးနှံများကိုအလွယ်တကူ ထုတ်ပေးကြပေလိမ့်မည်။

အရိပ်တပ်ဖွဲ့တွင် ခေါင်းဆောင်လေးယောက်ရှိ၏။ နံပါတ်တစ်ခေါင်းဆောင်မှာ လီမင်းတန်ဖြစ်၍ ဒုတိယမှာ လျုယွမ်ဖြစ်သည်။ တတိယလူမှာ လီချီးဖြစ်၍ သူ့ကို အရိပ်တပ်ဖွဲ့၏ ဦးနှောက်ဟု တင်စားခေါ်ဝေါ်ကြ၏။ စတုတ္ထမှာကား လီမင်းချွန်ဖြစ်၍ သူသည် လီမင်းတန်၏ အမွှာညီဖြစ်သည်။ လီမင်းတန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အလယ်အလတ်အလွှာသို့ ရောက်ရှိပြီး ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး ကျန်သုံးယောက်အနက် နှစ်ယောက်မှာ သွေးဆူပွက်ခြင်းနယ်ပယ် အလတ်အလတ်အလွှာတွင်ရှိပြီး ကျန်တယောက်မှာ ချီစုဆောင်းခြင်းနယ်ပယ် ထိပ်ဆုံးအလွှာတွင် ရှိ၏။ ခေါင်းဆောင်လေးယောက်ထဲတွင် အင်အားနည်းသူဟူ၍ တယောက်မျှ မပါပေ။ ပို၍ အရေးကြီးသည်မှာ သူတို့သည် ကောင်းကင်နတ်ဘုရားနန်းတော်ရှိ ထိပ်တန်းမျိုးနွယ်စုတုနှင့် နီးကပ်သော ဆက်ဆံရေးရှိနေသည်ဟူသောသတင်း ဖြစ်သည်။

ထို့ကြောင့်ပင် အရိပ်တပ်ဖွဲ့များအနေနှင့် ယခုအချိန်ထိ လွတ်လပ်စွာ တည်ရှိနေနိုင်ခြင်း ဖြစ်သည်။ ရွှေရောင်နာမတော် အလုပ်ရုံသည် အမဲဖျက်ရမည့် သားကောင်များရှာဖွေရန် အရိပ်တပ်ဖွဲ့၏ ကင်းထောက်စခန်းဖြစ်သည်။ ယခုတကြိမ်တွင်ကား သူတို့သည် စုချန်းကို ရှာဖွေတွေ့ရှိခဲ့လေပြီ။

ထိုစဉ် ညတစ္ဆေက စုချန်းးကို အထင်သေးသော ဟန်ပန်နှင့်ကြည့်ရင်း ပြောလိုက်သည်။

"မင်း ငှားထားတဲ့လူတွေကိုသာ တကယ်ငှားပေးလိုက်ရင် သူတို့ကို လီမင်းတန်လက်ထဲ အပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်"

စုချန်းက လက်ကာပြရင်း ပြောလိုက်သည်။

"တဖက်လူတွေ ဒီလောက် အင်အားကြီးလိမ့်မယ်ဆိုတာ ကျွန်တော် ဘယ်လိုလုပ် ကြိုသိပါ့မလဲဗျ"

ထိုအခါ ညတစ္ဆေက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်၏။

"တောက်တီးတောက်တဲ့ ပြောနေတာတွေကို ရပ်လိုက်စမ်း ဟိုအဖွဲ့အကြောင်းကို စုံစမ်းဖို့ တဖက်လှည့်နဲ့ ငါတို့ကို အသုံးချခဲ့တာ ငါမသိဘူးလို့များ မင်းထင်နေတာလား"

စုချန်းသည် သတင်းအချက်အလက်များ ရယူရန် သူတို့ကြားဆက်ဆံရေးကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း ညတစ္ဆေ ကောင်းစွာ သဘောပေါက်၏။ ရွှေရောင်နာမတော်အလုပ်ရုံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရန် လျှို့ဝှက်အဖွဲ့အနေနှင့် အတော်လေး ကြိုးစားခဲ့ရသည် မဟုတ်ပါလား။

စုချန်း အံ့သြသွား၏။ သူက ညတစ္ဆေကို မထိတထိနှင့် စလိုက်သည်။

"တယ်ဟုတ်ပါလား ပြီးခဲ့တဲ့ တခေါက်ကထက်စာရင် ခင်ဗျားကို ကြည့်ရတာ ညဏ်ပိုကောင်းလာပုံရတယ်"

ညတစ္ဆေ ဒေါသအိုး ပေါက်ကွဲသွားလေပြီ။ သူမက စိတ်ဆိုးမာန်ဆိုးနှင့် စုချန်းကို ခုန်ကန်ထည်ၤ့လိုက်၏။ စုချန်းကလည်း စုချန်းပင် ဖြစ်သည်။ သူက သူမ၏ ကန်ချက်ကို ရှောင်တိမ်းရင်း ထပ်မံ စနောက်လိုက်ပြန်သည်။

"မျက်မမြင်ဒုက္ခိတတယောက်ကို အနိုင်ကျင့်ရတာ ခင်ဗျား မရှက်ဘူးလားဗျ"

"မင်းရဲ့လှုပ်ရှားပုံကို ကြည့်ရတာတော့ မျက်ကန်းတယောက်နဲ့ နည်းနည်းမှမတူပါလား"

ညတစ္ဆေကလည်း ပြန်လည်ခွန်းတုံ့ပြန်ရင်း တိုက်စစ်ဖွင့်လိုက်၏။ တောက်ပသော အလင်းရောင်တန်းတခုက စုချန်းဆီသို့ တိုးဝင်လာလေသည်။ စုချန်းက မျက်လုံးကို မှိတ်ထားရင်း ခြေလှမ်းလေးလှမ်းတိတိ လှမ်းလိုက်၏။ ခြေတလှမ်းလှမ်းပြီးတိုင်း သူ၏ ကိုယ်ခန္ဓာသည် လှုပ်ခါသွားသကဲ့သို့ ထင်ရသည်။ ညတစ္ဆေ၏ တိုက်ခိုက်မှုများမှာ သဲထဲရေသွန်သာ ဖြစ်သွားရရှာ၏။

ညတစ္ဆေ အတော်လေး အံ့သြသွား၏။ သူမက အော်ဟစ်မေးမြန်းလိုက်သည်။

"ဟာ တယ်လဲ ကြီးကျယ်ခမ်းနားလိုက်တဲ့ ခြေလှမ်းကွက်တွေပါလား စုမျိုးနွယ်မှာ ဒီလိုခြေလှမ်းကွက်တွေရှိတယ်လို့ ငါတခါမှ မကြားဖူးဘူး"

စုချန်းက ညတစ္ဆေ၏ မေးခွန်းကို မဖြေပဲ ဘယ်ညာအစုံ တိုက်ကွက်တကွက်ကို ဖော်ထုတ်လိုက်သည်။ သူ၏ ဘယ်ဖက်လက်မှ စုမျိုးနွယ်မူပိုင် မီးလျံကျားလက်သီးကွက်ကို ဖော်ထုတ်လိုက်ပြီး ညာဖက်လက်မှ မိုးကြိုးဓားတိုက်ကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ စုချန်းသည် ထိုသိုင်းကွက်နှစ်ကွက်လုံးကို မျက်လုံးမှိတ်လျင် ဖော်ထုတ်အသုံးပြုလိုက်ခြင်းပင်။ မျက်လုံးများ ပြန်လည်ကောင်းမွန်နေခဲ့ပြီ ဖြစ်သော်လည်း ယခင် မျက်မမြင်ဘဝမှ တိုက်ပွဲဝင် စွမ်းရည်များကား အနည်းငယ်မျှပင် ယုတ်လျော့မသွားသေးချေ။

မိုးကြိုးဓားတိုက်ကွက်ကြောင့် ပတ်ဝန်းကျင်တခုလုံး မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ညတစ္ဆေကလည်း ခေသူတော့မဟုတ်။ သူမက စုချန်း၏ တိုက်ခိုက်မှု နှစ်ခုလုံးကို လှပစွာ ရှောင်တိမ်းလိုက်၏။ ထို့နောက် သူမက အထိတ်တလန့်နှင့် အော်ဟစ်လိုက်သည်။

"လက်စသတ်တော့ မင်းက ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီပေါ့ ဟုတ်လား"

စုချန်း ရယ်မောလိုက်၏။

"ဟား ဟား ဟား ဒါကို ခင်ဗျား သိထားပြီးသားလို့ ကျွန်တော်က ထင်နေတာ"

ပြောပြောဆိုဆို စုချန်းက လက်ဖဝါးကို ဓားတလက်ပုံသဏ္ဍန် ပြုလုပ်လိုက်၏။ ထို့နောက် ဒူးများကို ကွေးညွတ်ကာ လေထဲသို့ ဝုန်းခနဲ ခုန်တက်လိုက်တော့သည်။ လေအလျင်တွင် ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာ နည်းစနစ်၏ ခွန်အားနှင့် စွမ်းရည်ကို ဖွင့်ထုတ်ပြသလိုက်ခြင်းပင်တည်း။ထို့နောက်တွင်ကား စုချန်းနှင့် ညတစ္ဆေတို့သည် လေထဲမှာတွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်မိကြတော့သည်။ တကြိမ်တွင်ကား ညတစ္ဆေထံမှ ထွက်ပေါ်လာသော မူလစွမ်းအင်လှိုင်းများကြောင့် စုချန်း မတတ်သာတော့ပဲ နောက်ဆုတ်ပေးလိုက်ရ၏။ သူ့ကိုယ်ခန္ဓာသည် နတ်ပူးသကဲ့သို့ ယိမ်းယိုင်သွားသော်လည်း မည်သည့် နာကျင်မှုမျှ ခံစားမိပုံမရ။ ၎င်းကိုကြည့်ရင်း ညတစ္ဆေတယောက် မအံ့သြပဲ မနေနိုင်တော့။

"တယ်ဟုတ်ပါလား အချိန်တိုအတွင်းမှာ လေအလျင်တွင်ပန်းများပွင့်ခြင်းနည်းစနစ်ကို ဒီအဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီပေါ့"

လေးလမျှသော ကာလတိုအတွင်းတွင် ဤအဆင့်ထိ ရောက်အောင်လေ့ကျင့်နိုင်ခြင်းမှာ အံ့သြသင့်ဖွယ်ရာ ကောင်းလှ၏။ နတ်ဘုရားတို့၏ အမြန်နှုန်းဟုပင် တင်စားပြောဆိုနိုင်ပေသည်။ လေးလတာကာလအတွင်း တရက်မျှ မပျက်ကွက်ပဲ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့ခြင်းကြောင့် ရရှိလာသော အကျိုးဆက်ကြောင့်သာ ဤအနေအထားကို စုချန်း ရောက်ရှိလာခြင်း ဖြစ်၏။

ထိုအခါ စုချန်းက ပြောလိုက်၏။

"ခုဆိုရင် ကျွန်တော့ရဲ့ အဆင့်ကို ခင်ဗျား သိသွားပြီ အရိပတပ်ဖွဲ့ရဲ့ အင်အားကိုလည်း ခင်ဗျား သိသင့်သလောက် သိနေပြီ ဒီတော့ ဘယ်လိုလူတွေ ငှားရမ်းသင့်တယ်ဆိုတာ တွက်ချက်ပြီး ကျွန်တော့အတွက် သင့်တော်မဲ့ လူတချို့ ငှားရမ်းပေးလို့ ရပြီထင်တယ် ဘယ့်နှယ်လဲဗျ"

ညတစ္ဆေက

"ငါတို့မှာ အရိပ်တပ်ဖွဲ့ကို ယှဉ်ပြိုင်နိုင်မယ့် လူမျိုးတွေ ရှိမယ်လို့ မင်း ဘာကြောင့် ထင်နေရတာလဲ ငါတို့မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရောက်နေတဲ့ ချီစွမ်းအားပညာရှင်တွေ မရှိပါဘူး ဆိုရင်ကော မင်း ဘာလုပ်မလဲ"

စုချန်းက ညတစ္ဆေ၏ စကားကို လက်မခံပါ။ သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

"ဟေ့ ဟေ့ ခင်ဗျား ကျွန်တော့ကို ဒီလိုတော့ အရူးလာမလုပ်နဲ့ ခင်ဗျားတို့ အဖွဲ့အစည်းဟာ ကျွန်တော့ကို မူလကိရိယာလေးမျိုးကိုတောင် လက်လွတ်စပယ်နဲ့ ငှားရမ်းနိုင်တယ် ဒီပစ္စည်းတွေကိုလည်း အမှိုက်သရိုက်လို့ပဲ ခင်ဗျားတို့က သဘောထားတယ် ဒီလို ကြီးမားတဲ့အဖွဲ့အစည်းမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်က ပညာရှင် တယောက်တောင် မရှိဘူးဆိုတာ ယုတ္တိမတန်ဘူး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဓွန့်ရှည်စေချင်ရင် ရိုးရိုးသားသား ဆက်ဆံစမ်းပါဗျ"

စုချန်း၏စကားကြောင့် ညတစ္ဆေ၏ ကိုယ်ခန္ဓာမှာ ဆတ်ခနဲ တုန်လှုပ်သွား၏။ သူမက စုချန်းကို စိုကကြည့်ရင်း ပြောလိုက်သည်။

"ပူးပေါင်းဆောင်ရွက်မှု ဟုတ်လား...မင်းက ငါတို့ိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်တယ်လို့ ဆိုလိုတာလား"

"ခင်ဗျားရဲ့ စကား မှားနေတယ် ခင်ဗျားတို့ကသာ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးရမှာ"

ထို့နောက် သူက တခွန်းချင်း ပြောလိုက်လေသည်။

"လင်ချီးနေရာမှာ အစားထိုးဖို့ ကျွန်တော့ထက် အရည်အချင်း ပြည့်မှီတာ ဘယ်သူများ ရှိသေးလို့လဲ"

(ဤနေရာတွင် စကားစပ်မိ၍ ချီစွမ်းအားပညာရှင်တယောက် ဖြတ်သန်းးရမည့် နယ်ပယ်များကို အနည်းအကျဉ်း ရှင်းပြသွားပါမည်။ ချီပညာရှင်တယောက်အနေနှင့် ဖြတ်သန်းရမည့် နယ်ပယ် ၇မျိုး ရှိ၏။ ထိုနယ်ပယ်များကို မူလစွမ်းအင် မည်မျှ စုဆောင်းနိုင်သည်ဟူသော အချက်အပေါ်တွင် မူတည်ပြီး ခွဲခြားထားခြင်း ဖြစ်သည်။ ထိုနယ်ပယ်များမှာ..ချီစွမ်းအား စုဆောင်းခြင်း ၊ သွေးဆူပွက်ခြင်း၊ ယန်ဖွင့်လှစ်ခြင်း၊ အလင်းတုန်ခါခြင်းနှင့် ဝိညာဉ်လောင်ကျွမ်းခြင်း နယ်ပယ်တို့ ဖြစ်ကြသည်။ ဆဌမနှင့် သတ္တမနယ်ပယ်များမှာ ယခုအချိန်ထိ ဖော်ပြထားခြင်း မရှိသေး၍ ကွဲပြားစွာ မသိရှိနိုင်သေးပေ။ နယ်ပယ် တခုချင်းစီတွင်လည်း အလွှာကိုးလွှာစီ ရှိကြ၏။ ဤကား စကားချပ်။)

All Chapters