← Chapters

ဧကရာဇ်ဖြစ်နေရင်တောင် မရဘူး

Vol. 129 Ch. 1921

ဧကရာဇ်ဖြစ်နေရင်တောင် မရဘူး

Vol. 129 Ch. 1921

“ မဟုတ် … မဟုတ်တာ …”

လျိုဇီချန်း ကြောက်လန့်တကြား ဖြစ်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားခဲ့သည်။

“ အရာရှိကြီး … ဒါက စာသင်ကျောင်းပါ … မင်း ပေါက်ကရတွေ လျှောက်မလုပ်ပါနဲ့ …”

လင်းရီ၏ နှလုံးသားသည် ဒေါသမီးတို့ဖြင့် လောင်မြိုက်သွားခဲ့၏။ အကယ်၍ တခြား နေရာသာ ဖြစ်ခဲ့မည်ဆိုပါက သကောင့်သားအား သူ ပိတ်ကန်ပြီးနေလောက်ချေပြီ။

“ ကျုပ်ပြောလိုက်မယ်… ခင်များတို့နှစ်ယောက်လုံး ဒီနေရာမှာ ဘာဝင်စွက်ဖက်ပိုင်ခွင့်မှ မရှိဘူး .. ပညာသင်ကြားပေးတဲ့ ဆရာတစ်ယောက် ဖြစ်ပြီး ခင်များတို့က ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေတဲ့ ဒီလို ဖြစ်ရပ်မျိုးကို ဖြေရှင်းပေးမယ် မစဉ်းစားဘဲ မတရားတဲ့ ကိစ္စကို ကူပြီးတောင် ဖုံးကွယ်ပေးလိုက်သေးတယ်… ခင်များတို့နှစ်ယောက်လည်း ကျိန်းသေပေါက် အပြစ်ပေးခံရသင့်တယ်…”

လျိုဇီချန်းနှင့် ကျောက်ဟွေ့ဟွားတို့ ချွေးအေးများ စို့သွားခဲ့ကြ၏။ သူတို့၏ လက်ရှိ ရာထူးနေရာသို့ ရောက်ရှိနိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာအောင် ပေးဆပ်ခဲ့ရလေသည်။ အကယ်၍ ယခု ဖြစ်ရပ်သာ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက ရာထူးမှ ရပ်ဆိုင်းခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယခု ကျန်ရှိသည့် တစ်ခုတည်းသော မျှော်လင့်ချက်က အဆိုပါကျောင်းသားများ၏ မိဘများနှင့် ပူးပေါင်း၍ ရဲအရာရှိကို ဖိအားပေးဖို့သာ ရှိတော့သည်။ သူတို့၏ ရှိရင်းစွဲ ထမင်းအိုးလေး ကွဲမသွားစေရေးအတွက် မဆင်မခြင် မလှုပ်ရှားဝံ့သည်မှာ သဘာဝပင်။

သူတို့ဘက်ကတော့ မည်သည့်နည်းနှင့်မျှ အရှုံးပေးလိုက်၍ မဖြစ်ပေ။ ကျောက်သားများ၏ ဘက်ခြမ်း၌ ရပ်တည်ပေးဖို့ လိုသည်။

မဟုတ်ပါက အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ချေ။

ဤအကြောင်း တွေးမိတော့ လျိုဇီချန်း တစ်ဖန်ပြန်ပြီး စိတ်အားတက်ကြွလာခဲ့၏။

“ အရာရှိကြီး … ပညာသင်ကြားပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ ကျုပ်ရဲ့ အလုပ်က ကျုပ်ကျောင်းသားတွေကို ကာကွယ်ပေးဖို့ပဲ …” လျိုဇီချန်း ပြောလိုက်ပြီး “ မင်း ပြောခဲ့တဲ့ စွန်းပေ့ပေ့ကိစ္စကတော့ … အရင်ကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးသေးတယ်… အဲ့ဒီ အချိန်တုန်းက ကျုပ်တို့ဘက်က တက်တက်ကြွကြွနဲ့ ကိုင်တွယ် ဖြေရှင်းပေးခဲ့တယ်… မိဘတွေကိုပါ ကျောင်းခေါ်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် လျော်ကြေးပေးခိုင်းခဲ့ပြီး စွန်းပေ့ပေ့ရဲ့ မိဘတွေကလည်း အဲ့တာကို သဘောတူတယ်… အရာရှိကြီးက ကျုပ်တို့ကို တခြား ဘာများ ထပ်လုပ်ပေးစေချင်သေးတာ …”

“ ဒါက ခင်များတို့ ယွမ် တစ်ထောင်နဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးလိုက်တဲ့ ရလဒ်ပေ့ါ ဟုတ်လား … ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ခင်များထင်လား …”

“ မဆီလျော်စရာ ဘာအကြောင်းရှိလို့ … နှစ်ဦးနှစ်ဖက်က ဖြေရှင်းနည်းလမ်းအပေါ် သဘောတူမှတော့ ကျိန်းသေပေါက် ဆီလျော်တာပေါ့ …”

“ ဩချရလောက်ပါပေတယ်… ခင်များရဲ့ စကားကို လက်တစ်လုံးကြားလှည့်ပြောတတ်တဲ့ စွမ်းရည်နဲ့ အကြောင်းပြချက်တွေက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ …”

လင်းရီ လက်မထောင်ပြလိုက်ပြီး .. ထို့နောက် ဆက်မေးသည်။

“ ကျုပ်သိချင်တာ စွန်းပေ့ပေ့ ဆေးရုံတင်လိုက်ရကတည်းက အခုထိဆိုရင် နာရီတွေ အများကြီး ကုန်သွားခဲ့ပြီးပြီး … ဖြေရှင်းဖို့ ကိစ္စ ခင်များ ဘာတစ်ခုများ လုပ်ခဲ့ပြီးပြီလဲ …”

“ ဒါက ….”

လျိုဇီချန်း ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖြေရှင်းဖို့ကို သူ့ဘက်က ဘာမျှ မလုပ်ရသေးသောကြောင့်ပင်။

“ ကျုပ်တို့ ဒီကိစ္စ ဖြေရှင်းဖို့ သူတို့ မိဘတွေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်သွားမှာ ….”

“ တတ်နိုင်သမျှ အမြန်ဆုံး ဟုတ်လား … ခင်များတို့ရဲ့ အမြန်ဆုံးက ဘယ်လောက်ကြာမှာ …” လင်းရီ မျက်ခုံးပင့်ပြီး မေးခွန်းထုတ်လိုက်၏။

“ အချိန် ဒီလောက်ကြာပြီးနေတာတောင် ဘာတစ်ခုမှ မလုပ်ရသေးတာကိုများ အခုကျတော့ တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်သွားမယ် … ခင်များ ကြီးတော်ကိုလား... ”

“ အရာရှိကြီး … ကျေးဇူးပြုပြီး ကျုပ်တို့ဘက်ကိုလည်း နားလည်ပေးပါ .. ကျုပ်တို့မှာ တာဝန်ယူစရာတွေ အများကြီး ရှိတယ်… ကျုပ်တို့ရဲ့ အာရုံစူးစိုက်မှုတွေကို ကိစ္စတစ်ခုတည်းအပေါ်မှာပဲ စုပြုံထားလို့ မရဘူး … ဒီတော့ အချိန်တစ်ချို့ လိုတယ်…”

“ ခင်များတို့က သေချာ မဖြေရှင်းနိုင်ဘူးဆိုမှတော့ အခုကိစ္စကို ခင်များတို့ ကိုင်တွယ်ဖို့ မလိုတော့ဘူး ..” လင်းရီ ပြောလိုက်ပြီး “ ဒါက ရာဇဝတ်မှုပဲ … ပြီးတော့ ခင်များကိုင်တွယ်ဖို့လည်း အရည်အချင်း မမီဘူး … ကျုပ် သူတို့ကို အခုချက်ချင်း ခေါ်သွားမယ်.. ခင်များတို့နှစ်ယောက် ဘေးဖယ်နေ ….”

“ မရဘူး …”

လျိုဇီချန်း ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ ယွီချိုင် အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး တစ်ယောက် အနေနဲ့ ဒီ ကျောင်းသားလေးတွေကို မင်း ခေါ်သွားမှာ ကျုပ် လုံးဝ ခွင့်မပြုနိုင်ဘူး …”

“ ခင်များက ပေါက်တတ်ကရတွေတော့ အတော်ပြောတဲ့လူပဲ …”

လင်းရီ ကူရိရန်၏ ခါးသို့ လက်ရောက်သွားခဲ့ပြီး ပစ်စတိုကို ဆွဲကာ လျိုဇီချန်း၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်၏။

ချက်ချင်းဆိုသလိုပဲ ရုံးခန်းကြီး တစ်ခုလုံးမှာ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့တော့သည်။

ဘုတ် ..

လျိုဇီချန်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကာ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေသည်။ သူ့တစ်သက်နှင့်တစ်ကိုယ် သေနတ်ဖြင့် ချိန်ရွယ်ခံရဖူးသည်မှာ ပထမဆုံး အကြိမ်ပင်။

အနက်ရှိုင်းဆုံး တစ်နေရာမှ ကြောက်လန့်နေသည့် စိတ်က သူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားစေတော့သည်။

နံရံအနားတွင် ရပ်နေသည့် ဒါဇင်ချီသည့် ကျောင်းသားများလည်း ထိုနည်းလည်းကောင်းပင်။ သူတို့၏ မျက်နှာများ ဖြူလျော်သွားခဲ့ပြီး ခြေထောက်များလည်း တုန်ယင်နေကြသည်။ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ အချင်းချင်း ပူးကပ်သွားခဲ့မိကြ၏။

“ ကျုပ်ရှေ့က ဖယ်စမ်း …”

လျိုဇီချန်း ခက်ခက်ခဲခဲ တံတွေးမျိုချပြီး ခြေရောလက်ပါ မြှောက်၍ နောက်သို့ ဆုတ်သွားခဲ့၏။

ဘေး၌ ရပ်နေသည့် ကျောက်ဟွေ့ဟွားသည်လည်း ထို့အတူပင်။ လင်းရီ၏ ရှေ့မှောက်တွင် ဘာ စကားမျှ ဆိုဝံ့ခြင်း မရှိခဲ့ချေ။

“ တော်လောက်ပြီ လင်းရီ … သေနတ်ကို အောက်ချထားလိုက်တော့ …” လီရှန်းဟွေ့ လှမ်းပြောလိုက်၏။

အမှန်တကယ်တော့ လင်းရီ၏ နည်းလမ်းတော်တော်များများက ဘောင်စည်းမျဉ်းကို အတော်လေး ကျော်လွန်နေသည်။

သို့သော် ယခုလို ဖြစ်ရပ်မျိုးကို သူကိုယ်၌ကလည်း ဒေါသထွက်မိရာ လင်းရီ၏ လုပ်ရပ်ကို မတားမြစ်ခဲ့ချေ။ သို့သော် ယခုတော့ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။

လင်းရီက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန် ရှိတတ်သူပင်။ အကယ်၍ သူ့ကိုသာ စိတ်ရှိသည့်အတိုင်း ပြုလုပ်ခွင့် ပေးထားလိုက်မည်ဆိုပါက ပရမ်းပတာကိစ္စများ ဖြစ်လာနိုင်ပြီး တစ်ဖက်သူက ယင်း အချက်ကို အသုံးချကာ သူ့အား ပြန်လည်ဆန့်ကျင်လာနိုင်သည်။

ထို့ကြောင့် ရပ်သင့်သည့် အချိန်တွင် ရပ်တန့်ရမည်။

သေနတ်ကို လင်းရီ အောက်သို့ပြန်ချ၍ ကူရိရန်ထံ ပြန်ကမ်းပေးလိုက်သည်။ ထို့နောက် နံရံအနားတွင် ရပ်နေသည့် ကျောင်းသားများသို့ ကြည့်၍

“ ဒူးထောက်ပြီး မင်းတို့လက်တွေကို ခေါင်းပေါ် တင်ထားကြစမ်း …”

“ ငါက ဘာကိစ္စ မင်းပြောတာ နားထောင်ရမှာလဲ …”

ပြောလိုက်သူက ကျိုးဇီဟန်ဆိုသည့် ကောင်လေးပင်။ သူ့ဆံပင်က နည်းနည်းရှည်ပြီး ဘီးစကုပ်ဖြင့် နောက်သို့ လှန်ထားသည်။ ၎င်း၏ ပုံစံက ဂျူနီယာ အထက်တန်းကျောင်းသား တစ်ဦး ရှိသင့်ရှိထိုက်သည့်ပုံစံ ဟုတ်မနေချေ။

“ မင်းသိအောင် ငါပြောလိုက်မယ်… ငါ့အဖေက TV ဌာနရဲ့ ဒါရိုက်တာပဲ … မင်းငါ့ကို ထိရဲထိကြည့်စမ်း … ငါ့အဖေ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး …”

“ အဲ့တာဆို မင်းအဖေကို လာခိုင်းလိုက် .. သူ ဘာတတ်နိုင်မလဲ ငါ ကြည့်စမ်းမယ်…”

ကျိုးဇီဟန် ဖုန်းထုတ်၍ သူ့အဖေ၏ နံပါတ်ကို နှိပ်လိုက်သည်။ ထို့နောက် ငိုသံကြီးဖြင့်

“ အဖေ .. ကျောင်းကို မြန်မြန်လာခဲ့ … ဒီမှာ ရဲတွေ လာပြီး သားတို့ကို ဖမ်းမယ် လုပ်နေတယ်…”

“ အဖေ့ကို မင်းတို့ကျောင်း ဒါရိုက်တာ ခေါ်ပြီးပြီ …” ကျိုးဇီဟန်၏ ဖခင် ၊ ကျိုးကော်ထုံက ပြောလိုက်သည်။ “ အဲ့ ရဲတွေ သားနားမှာ ရှိလား …”

“ သားတို့ ရုံးခန်းထဲမှာ …”

“ စပီကာ ဖွင့်လိုက် … အဖေ သူတို့နဲ့ ဖုန်းပြောမယ်…”

“ ဖွင့်ထားတယ်…”

“ ငါ ကျိုးကော်ထုံပဲ … မင်းတို့ ခေါင်းဆောင် ဘယ်သူလဲ …”

လီရှန်းဟွေ့ စကားပြောတော့မည့် အချိန်မှာပဲ လင်းရီ သူ့ပခုံးကို ပုတ်လာခဲ့သည်။

“ ပြောချင်တာ ရှိရင် ကျုပ်ကို ပြောလို့ရတယ်…”

“ မင်းတို့ကောင်တွေက ရှင်းရှန်းရုံးခွဲက ဟုတ်တယ်မလား …”ကျိုးကော်ထုံ ပြောလိုက်ပြီး “ ငါက ကျိုးဟိုင် TV ဌာနရဲ့ ဒါရိုက်တာ ကျိုးကော်ထုံပဲ … ဒီလို အသေးမွှား ကိစ္စလေးကို မင်းတို့ ဒီလောက်ထိ အလုပ်ရှုပ်ခံနေဖို့ မလိုဘူး … ငါ့သားကို ငါပြန်ရောက်ရင် သေချာ ပြန်သင်ပေးလိုက်မယ်… အချင်းချင်း မျက်နှာသာတချို့ ပေးကြတာပေါ့ …”

“ မျက်နှာသာပေးရမယ် ဟုတ်လား … ခင်များကိုယ်ခင်များ ဘာကောင်ထင်နေလို့ …” လင်းရီ အေးစက်စွာ ခွန်းတုံ့ပြန်လိုက်သည်။

“ ကျုပ်ပြောလိုက်မယ်… ခင်များက ဧကရာဇ်ကြီး ဖြစ်နေရင် ဒီနေ့ အလုပ်မဖြစ်ဘူး …”

“ မင်း ….”

လင်းရီ ယခုလို စကားမျိုး ပြောလာလိမ့်မည်လို့ ကျိုးကော်ထုံ မျှော်လင့်မထားသည်မှာ သိသာလှသည်။

“ မင်းလေသံနားထောင်ရသလောက်ဆိုရင် မင်းအသက်ကြည့်ရတာ အတော်ငယ်ဦးမယ့်ပုံပဲ … ကောင်လေး … မဆင်မခြင်တွေ လျှောက်မလုပ်နဲ့ … မင်းရဲ့ အနာဂတ်အတွက် မကောင်းနိုင်ဘူး …”

“ -ီး-ီးလားလားတွေ … “ လင်းရီ စိတ်မရှည်စွာ ငေါက်ငမ်းလိုက်ပြီး “ ခင်များ ရှိနေတဲ့ ကိုယ့်ရာထူးလေးတောင် ဘယ်လောက်ကြာကြာမြဲမလဲ မသိတဲ့လူကများ ကျုပ်ရှေ့မှာ လာပြီး အာဏာလာပြချင်နေတယ် ဟုတ်လား … ကျုပ် ထပ်ပြီး ပြောလိုက်မယ်… ဒီနေ့ မိုးနတ်မင်းကြီး ဆင်းလာရင်တောင် အလုပ်မဖြစ်ဘူး .. ကျုပ် ဒီနေ့ ဒီကောင်တွေနဲ့ ရှင်းမှာပဲ …”

ကျိုးဇီဟန်၏ လက်များ တုန်ယင်သွားခဲ့သည်။ သူ အရမ်း မောက်မာဝံ့နေသည့် အကြောင်းပြချက်က သူ့အဖေကြောင့် ဖြစ်၏။

ယခု သူ့အဖေပင် သင့်သင့်လျောက်ပတ်စွာ စကားမပြောနိုင်တော့ရာ ယခုအခါတွင်တော့ အမှန်တကယ် အဆုံးသတ်ချေပြီ။

“ ကောင်းပြီ … မင်း စောင့်နေစမ်း … ငါအခု ချက်ချင်း လာပြီ…”

ပြောပြီးနောက် ကျိုးကော်ထုံ ဖုန်းချသွားခဲ့သည်။

လင်းရီ မျက်လုံးများမှိတ်ရင်း ဆိုဖာနောက်သို့ မှီကာ ထိုလူကြီး ရောက်အလာကို စောင့်ဆိုင်းနေခဲ့လေသည်။

လီရှန်းဟွေ့နှင့် ကူရိရန်တို့လည်း တိတ်ဆိတ်နေခဲ့၏။

လင်းရီ၏ လုပ်ရပ်တို့က အနည်းငယ် အစွန်းရောက်သည်ဟု ထင်ရသော်လည်းပဲ တရားဥပဒေဘောင်အတွင်း၌သာ ရှိသေးသည်။

ထို့ကြောင့် သူ့အား ရပ်တန့်ရန် ရှေ့ထွက်မလာကြခြင်းပင်။

ထိုအချိန်မှာပဲ အပြင်ဘက် ကော်ရစ်ဒါမှ အလျင်လိုသည့် ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ တစ်ပြိုင်နက်တည်း၌ ဆဲရေးတိုင်းထွာသည့် စကားလုံးတို့ပါ တွဲလျက် လိုက်ပါလာခဲ့သည်။

မြည်သံတစ်ခုနှင့် အတူ ရုံးခန်း တံခါးက တွန်းဖွင့်ခံလိုက်ရ၏။

အပြင်ဘက်တွင် လူတချို့ ရောက်ရှိနေသည်ကို လင်းရီ မြင်လိုက်ရသည်။ သူတို့အားလုံးက သားနားတောက်ပြောင်စွာ ဝတ်ဆင်ထားကြသည့် သက်လတ်ပိုင်း အမျိုးသား ၊ အမျိုးသမီးတို့ဖြစ်ကြပြီး ထိုအနက် တချို့က ဘော်ဒီဂတ်များပင် ပါလာခဲ့ကြလေသည်။

“ ဘာတွေ ဖြစ်နေတာလဲ … ဒါ ကိစ္စအကြီးကြီးပဲဟ … ရဲတွေတောင် ဒီမှာ ရှိနေတယ်…”

All Chapters