မင်းကိုယ်မင်း တမူထူးတဲ့လူလို့ ထင်နေလား
Vol. 129 Ch. 1922
ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားကြသည့် သက်လတ်ပိုင်း အမျိုးသား ၊ အမျိုးသမီးတို့က အပြင်မှ ဝင်လာခဲ့ကြသည်။
၎င်းတို့ ဘော်ဒီဂတ်များကတော့ အပြင်တွင် နေရစ်ခဲ့ကြ၏။
ယခုလေးတင် စကားပြောလိုက်သူက အရပ်အမောင်းအားဖြင့် မမြင့်မားပေ။ အများဆုံး ၁၇၀ စင်တီမီတာခန့်မျှသာ ရှိပြီး အနည်းငယ်လည်း ဝသည်။ ထိုလူက အထဲသို့ ဝင်လာသည်နှင့် ရှေ့ဆုံးက ဦးဆောင်လာပြီး အုပ်စုထဲတွင် သူသာလျှင် အကောင်ဟူသော အော်ရာမျိုးဖြင့် လျှောက်လှမ်းလာသည်။
အဆိုပါ သက်လတ်ပိုင်း လူကြီး၏ နာမည်က ကျန်းဝန်လိုင် ဖြစ်ပြီး ကျန်းယွီဟန်၏ ဖခင်ပင်။
သူ့မိသားစုက သင်္ဘောသယ်သူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်နေပြီး တစ်နှစ်တစ်နှစ် အမြတ်ယွမ်ငွေက သန်းရာနှင့်ချီသည်။ ကျိုးဟိုင် နိုင်ငံတကာ သင်္ဘောသယ်ယူပို့ဆောင်ရေး နယ်ပယ်တွင်လည်း နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
“ ခင်များတို့က ဒီကလေးတွေရဲ့ မိဘတွေပဲ ဖြစ်ရမယ်… ဘာတွေဖြစ်နေလဲ ခင်များတို့က မသိဘူးဆိုတော့ ကျုပ် ထပ်ပြီး ပြောပြမယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီရှေ့မှာ ရှိနေတဲ့ ခင်များတို့ရဲ့ ကလေးတွေက ရာဇဝတ်မှုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်... သည့်အတွက် သက်ဆိုင်တဲ့ တာဝန်ယူမှုတွေ ပြုရလိမ့်မယ်… ကျုပ်ရဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာတာနဲ့ သူတို့တွေကို စခန်းဆီ ခေါ်သွားမယ်… တကယ်လို့ ခင်များတို့မှာ အချိန်ရှိတယ်ဆိုရင် ဒီမှာ အချိန်လာဖြုန်းနေမယ့်အစား ရှေ့နေ သွားရှာနေလိုက် …”
“ ဒယ်ဒီ …”
ကျန်းဝန်လိုင်ကို မြင်တော့ ကျန်းယွီဟန်သည် သူ့အနောက်သို့ ပြေးပုန်း၍ လင်းရီကို လက်ညှိုးထိုးလိုက်သည်။
“ သမီးတို့ကို ဖမ်းချင်နေတာ သူပဲ ဒယ်ဒီ …”
ကျန်းဝန်လိုင် ပြုံးလိုက်ပြီး သူ့သမီးလေး၏ ခေါင်းကို ကြင်နာယုယစွာ ပုတ်ပေးလိုက်သည်။ “ ဘာမှ မဖြစ်ဘူး … ဒယ်ဒီ ဖြေရှင်းလိုက်မယ်…”
ထို့နောက် ကျန်းဝန်လိုင်သည် လင်းရီဘက်သို့လှည့်ပြီး “ ငါ ဒီကိစ္စကို ဒါရိုက်တာကျောက်ဆီကနေ ကြားထားပြီးပြီ … သူတို့က နယ်က ကလေးတစ်ယောက်ကို အနိုင်ကျင့်လိုက်ရုံလေးပဲမလား … ထွေထူးကိစ္စလည်း မဟုတ် …၊ ဆေးဖိုး ဘယ်လောက်လဲ .. လျော်ကြေး ဘယ်လောက်လဲပြောလိုက် …”
ကျန်းဝန်လိုင်သည် သူ့ အိတ်ကပ်ဇစ်ကို ဖွင့်၍ အသစ်ဂျက်ချွတ် ယွမ်ရာတန်များအား အထပ်လိုက်ကြီး ထုတ်လာခဲ့သည်။ ထို့နောက် လင်းရီထံသို့ ကောက်ပေါက်လိုက်၏။
“ ဒီပိုက်ဆံတွေ ယူသွား … ပြီးရင် အဲ့ကလေးကို သွားပေးလိုက် .. ဘာမဟုတ်တဲ့ ကိစ္စလေးကို ဒီလောက်ထိ ရေးကြီးခွင်ကျယ် လုပ်နေစရာလိုလား …”
“ ဟုတ်တယ်… ဒီတိုင်း ကလေးတွေက အနိုင်ကျင့်ရုံလေး ကျင့်တာကိုပဲ … လူသေသွားတာလည်း မဟုတ် … ဆေးဖိုးဝါးခကို ငါတို့ ရှင်းပေးမယ်…”
ပြောလိုက်သူက ဝမ်နန် အမည်ရသည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးပင်။ သူမက ဝိုင်နီရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး Hermes အိတ်ကို လက်တွင် ကိုင်ထားသည်။ သူမက လီရန်ဖုန်း၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။
“ ငါတို့ ဒီမှာ လူဒီရောက်အများကြီး ရောက်နေတာ တစ်ယောက်ကို ယွမ် တစ်သောင်းထုတ်ပေးဖို့က ပြဿနာ မရှိဘူး ..” ဝမ်နန် ပြောလိုက်သည်။ “ အဲ့ကလေးမ မိသားစုကို ပြောလိုက် … ရေးကြီးခွင်ကျယ်တွေ သိပ်မလုပ်နဲ့လို့ … ဒီငွေတွေနဲ့ဆိုရင် သူတို့ ကျိုးဟိုင်မှာ အချိန်အကြာကြီး ကောင်းကောင်းနေဖို့ လောက်တယ်…”
သူမ၏ စကားကို အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံနေကြသည်။ သူတို့အားလုံး ဤဖြစ်ရပ်ကို ဘာမဟုတ်သည့် ကိစ္စလေးသဖွယ် သဘောထား မှတ်ယူနေသည်။
“ ခင်များတို့ပြောတာ ဟုတ်သလိုတော့ ရှိတယ်…” လင်းရီ ပခုံးတွန့်လိုက်ပြီး “ ခင်များတို့ အားလုံးက ဒါကို ဘာမဟုတ်တဲ့ ကိစ္စလေးလို့ သဘောထားပြီး ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတယ် ထင်နေမှတော့ ကျုပ်တို့ဘက်ကလည်း ဖမ်းဆီးမယ့်ကိစ္စကို ဖျက်သိမ်းပေးလိုက်မယ်… ဒါပေမယ့် နောင်ကျရင် ခင်များတို့ ကိုယ့်ကလေးကိုယ် သေချာ ဂရုစိုက် … သူတို့လည်း တစ်နေ့ စွန်းပေ့ပေ့လို အဖြစ်မျိုးနဲ့ ကြံရတော့မှ တစ်ဖက်သူက တစ်ယောက်ကို ယွမ် တစ်သောင်းပေးပြီး ကြေအေးပေးလိုက်လိမ့်မယ်… ဘယ်လောက်တောင် အကျိုးအမြတ်များတဲ့ အပေးအယူလဲ ဟုတ်တယ်မလား …”
လူတိုင်း အမူအရာ ပြောင်းလဲသွားခဲ့ကြသည်။ ကျန်းဝန်လိုင် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်၏။
“ မင်း ဘာတွေ ပြောနေတာတုန်းဟေ့ကောင် .. တစ်ယောက်ယောက် ငါ့သမီးကို ထိရဲထိကြည့်စမ်း … တစ်ဆွေလုံး တစ်မျိုးလုံး မီးပွင့်သွားမယ်…”
ဖြောင်း …
လင်းရီ ဆတ်ခနဲ မတ်တပ်ထ၍ ကျန်းဝန်လိုင်၏ မျက်နှာကို အကြမ်းပတမ်း ဖြတ်ရိုက်ပစ်လိုက်သည်။
တစ်ဖက်သူမှာ ချက်ချင်း ကြမ်းပြင်သို့ လဲကျသွားခဲ့၏။
“ ခင်များကိုယ်ခင်များ ဘာကောင်ထင်နေလို့ … ကိုယ့်ကိုယ်ကို ထူးခြားတယ်များ ထင်နေလား …”
ကျန်းဝန်လိုင် သူ့မျက်နှာကို လက်ဝါးဖြင့် ကိုင်ထားလျက် ရှိပြီး လင်းရီ၏ ရိုက်ချက်ကြောင့် ကြက်သေသေနေမိသည်။
“ အခု ခင်များတို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ ပထမ တစ်ခုက ဒီနေရာကနေ သွားပြီး တရားဥပဒေနည်းလမ်းအတိုင်း လိုက်နာဖို့ …”
“ ဒုတိယ တစ်ခုက ကျုပ် ခင်များတို့ ကလေးတွေကို အခု လွှတ်ပေးလိုက်မယ်.. ဒါပေမယ့် သူတို့တွေ အပြင်မှာ မသေအောင်လို့ ဂရုစိုက်ကြပေါ့ …”
“ လင်းရီ … မင်းစကားကို ကြည့်ကြပ်ပြီးပြောဦး ..” လီရှန်းဟွေ့ ကြားဖြတ်ပြောလိုက်သည်။
သို့သော် လင်းရီမှာ မတုန်မလှုပ်သာ ရှိနေပြီး သူ့စကားကို ပြန်ပြင်မည့်ဟန် မပြပေ။
“ မင်းလို ပြည်သူ့အစေခံကများ ဒီလို စကားမျိုးတွေ ဘယ်လိုတောင် ပြောဝံ့နေတာ … ငါ မင်းကို တိုင်မယ် …”
“ လုပ်လေ… ကျုပ် စောင့်နေမယ်…”
ထိုအချိန်တွင် အပြင်ဘက်၌ ရဲ alarm သံများ ထွက်ပေါ်လာခဲ့ပြီး မကြာမီ အပြင်ဘက်မှ လူသုံးယောက် ရောက်လာခဲ့၏။
ကျန်းတဲ့မင် ၊ ကျန်းဇီရှင်းနှင့် ကျန်းဖန့်တို့ပင်။
ရုံးခန်းထဲရှိ မြင်ကွင်းကိုမြင်တော့ သူတို့သုံးယောက်လုံး မျက်နှာအမူအရာများ လေးနက်တည်ကြည်သွားခဲ့ကြ၏။
“ ညီကိုရီ … ငါတို့ကောင်တွေ အကုန်လုံး ခေါ်သွားကြမှာလား …” ကျန်းဖန့် မေးလိုက်၏။
“ ဒီလူတွေကို လက်ထိပ်ခတ်ပြီး အကုန်ခေါ်သွားလိုက် ..”
“ အိုကေ …”
ကျန်းဖန့် လက်ထိပ်ထုတ်ကာ ကျန်းယွီဟန် ၊ လီရန်ဖုန်းနှင့် ကျန်သူများကို လက်ထိပ်ခတ်လိုက်သည်။ ထို့နောက် စခန်းသို့ ခေါ်သွားရန် ဟန်ပြင်သည်။
“ ငါ့သားကို လွှတ်လိုက်စမ်း .. သူက အရွယ်တောင် မရောက်သေးဘူး … နင်တို့မှာ သူ့ကို ခေါ်သွားပိုင်ခွင့် မရှိဘူး …”
ဝမ်နန်မှာ သူမ၏ ဆင်ခြင်တုံ တရားကို ဆုံးရှုံးသွားခဲ့ပြီး ရှေ့သို့ တိုးလာပြီး ကျန်းဖန့်၏ လက်ကို ဆွဲရမ်းကာ ဟန့်တားရန် ကြိုးပမ်းလိုက်၏။
“ ကျုပ်လက်ကိုလွှတ်စမ်း … ခင်များက ရဲတွေ တရားသဖြင့် စီရင်တာကို လာနှောင့်ယှက်နေတာပဲ …”
ကျန်းဖန့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“ ငါ့ကို အော်ရအောင် နင်က ဘာမို့လို့ .. နင်တို့ သတိထားနေ .. မဟုတ်ရင် ငါ့ ယောက်ျားကို ခေါ်လိုက်မယ်… “
“ လာချင်တဲ့ကောင်လာ အသုံးမဝင်ဘူး …” ကျန်းဖန့် ပြောလိုက်ပြီး “ ဒါ ကျုပ်ရဲ့ နောက်ဆုံး သတိပေးခြင်းပဲ … ခင်များက ရဲတွေရဲ့ အလုပ်မှာ ဝင်နှောင့်ယှက်တယ် .. မလွှတ်သေးဘူးဆို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ထဲထည့်ရလိမ့်မယ်…”
“ လစ်စမ်း … ငါ့လာပြီး ခြိမ်းခြောက်လို့ ရမယ် ထင်မနေနဲ့ …”
“ ငိုးပဲ …” ကျန်းဖန့် ကျိန်ဆဲလိုက်သည်။ သူ ဝမ်နန်၏ လက်ကို ဆွဲယူပြီး ကြမ်းပြင်တွင် ဖိနှိပ်ထားလိုက်၏။ ထို့နောက် သူမကိုလည်း လက်ထိပ်ခတ်ထားလိုက်သည်။
“ သူတို့ကို ခေါ်သွား …”
ဝမ်နန် နှိမ်နင်းခံလိုက်ရသည်ကို မြင်တော့ ရုံးခန်းထဲရှိ အခြားမိဘများမှာ ထိတ်လန့်သွားခဲ့ကြသည်။
ထိုအခါမှပဲ ဤလူများအား သူတို့၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ကြောင်း သတိပြုမိသွားခဲ့ကြလေသည်။
လက်ရှိ အခြေအနေအတိုင်းဆိုပါက လောလောဆယ် ဖြစ်သမျှကို ဤအတိုင်းထား၍ နောက်ပိုင်းတွင် ဖြေရှင်းနည်းလမ်းတစ်ခုကို ကြံဆရမည့် ဟန်ပင်။
ဝမ်နန် ဘာမှ ထပ်မလုပ်နိုင်အောင် ကျန်းဖန့် ထိန်းချုပ်ထားလိုက်သည်။
သူတို့၏ မိဘများ တိတ်ဆိတ်သွားခဲ့သည်ကို မြင်တော့ ကျန်းယွီဟန်နှင့် ကျန်သူများမှာ စတင် အော်ငိုကြတော့၏။
သူတို့ တွေးထားသည်မှာ သူတို့ မိဘများ ရောက်လာသည်နှင့် ကယ်တင်ခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုဆို လက်ထိပ်နှင့် ဖြစ်နေချေပြီ။
“ သမီးလေး .. မကြောက်နဲ့ … ဒယ်ဒီ ဒီမှာ ရှိတယ်… သမီးကို ဒီည ဒယ်ဒီ အိမ်ပြန်ခေါ်သွားမယ်…”
ကူရိရန် အထင်တသေး နှာခေါင်းရှုံ့လိုက်သည်။
လင်းရီတစ်ယောက်လုံး ရှိနေတာကို အိမ်ပြန်ခေါ်သွားချင်တာလား … အိပ်မက်မက်နေလိုက် …
လူတိုင်းကို လက်ထိပ်ခတ်ပြီးနောက် လင်းရီနှင့် သူ့ အသင်းမှာ ရုံးခန်းထဲက ထွက်ခွာသွားခဲ့ကြသည်။
အတန်းနားချိန် ဖြစ်သဖြင့် အပြင်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများလည်း ရှိနေကြပြီး ဖြစ်ပျက်နေသည့် မြင်ကွင်းကို လူတိုင်းက ဝိုင်းအုံကြည့်နေခဲ့ကြ၏။
လင်းရီနှင့် သူ့အသင်းက ကျန်းယွီဟန်နှင့် အခြားသူများကို လက်ထိပ်ခတ်ပြီး အပြင်သို့ ခေါ်လာသည်ကို မြင်တော့ ကြည့်ရှုနေကြသူတိုင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ကြလေသည်။
လက်ထိပ်ကြီးနဲ့ ဖမ်းခေါ်ခံသွားရတယ်…. ကြောက်စရာကြီးပါလား …
ကျောင်းအဆောက်အဦးထဲက ထွက်လာခဲ့ပြီးနောက် လီရန်ဖုန်း၏ မိခင်နှင့် ကျောင်းသား ဆယ့်နှစ်ယောက်မှာ ကားထဲသို့ ခေါ်ဆောင်သွားခံရပြီး ရှင်းရှန်း ရဲဌာနသို့ ရောက်ရှိလာသည်။
စခန်းတွင် ဆယ့်နှစ်ယောက်ကို သီးခြား စစ်ဆေးမေးမြန်းမှုတို့ လုပ်ဆောင်သည်။ သို့သော် စစ်ဆေးမေးမြန်းသည့် လုပ်ငန်းတွင်တော့ လင်းရီ ဝင်ပါစရာ မလိုခဲ့ချေ။
ကျန်းဖန့်နှင့်တင် ဤကျောင်းသားလေးများအား ကိုင်တွယ်ဖို့ လုံလောက်၏။
“ လင်းရီ … ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်…”
ရုံးခန်းသို့ ရောက်လာသည်တွင် လီရှန်းဟွေ့က ပြောလိုက်သည်။
“ ခေါင်းဆောင်လျိုကလား ..” လင်းရီ ပြန်မေးလိုက်၏။
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ ဒီ အမှုကြောင့်လို့ ငါတော့ ထင်တယ်.. မင်း စိတ်ကို နည်းနည်းလျော့ထားဦး … ဒါက ထိလွယ်ရှလွယ်တဲ့ ပြဿနာပဲ .. ပြီးတော့ သေချာလေး ကိုင်တွယ်နိုင်ဖို့ လိုတယ်… ငါ ပြောတာတွေ မင်း သဘောပေါက်တယ်မလား …”
“ ကျုပ်နားလည်ပါတယ်..”
လင်းရီ ခေါင်းညိတ်ပြလိုက်သည်။ “ ကျုပ် အရင် သွားနှင့်ပြီ …”
“ အင်း …”
ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ တစ်ဖက်သို့လှည့်ကာ တတိယ အလွှာသို့ ရောက်ရှိလာသည်။ ထို့နောက် လျိုကွမ်းရှန်၏ ရုံးခန်းထဲ အပြုံးတစ်ခုဖြင့် ဝင်သွားခဲ့သည်။
“ခေါင်းဆောင်လျို … ကျုပ်ကို ရှာနေတယ်ဆိုလို့ …”