နှုတ်ထွက်ပြီ
Vol. 129 Ch. 1923
လင်းရီ ရုံးခန်းထဲ ဝင်လာတော့ လျိုကွမ်းရှန်က ဖုန်းပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ သူက လက်ဝှေ့ယမ်းပြီး ဝင်ထိုင်ရန် အချက်ပြ၏။
သို့သော် လျိုကွမ်းရှန် ဖုန်းတော့ မချပေ။
“ ကျုပ်လည်း ဒီကိစ္စ ကြားထားတယ်… ကျုပ် မေးလိုက်ပါ့မယ်…”
“ မပူပါနဲ့ … ကျုပ် ဘာလုပ်နေလဲ ကျုပ်သိတာပေါ့ …”
“ ရပါတယ်…. အရေးကြီး ကိစ္စမှမဟုတ်တာ …”
“ ကောင်းပြီ .. ခုတော့ ဒီလောက်ပဲ …”
တစ်မိနစ်ခန့်ကြာပြီးနောက်တွင် လျိုကွမ်းရှန် ဖုန်းချလိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ ထိုင်ပါဦး .. မင်း ဒီကို လာတော့ ဘယ်တုန်းကစပြီး ယဉ်ကျေးတတ်သွားတာ …”
လျိုကွမ်းရှန် အပြုံးလေးဖြင့် ပြောလိုက်ပြီး ဆေးလိပ်ဖင်ကို ငြိမ်းသက်လိုက်သည်။
“ ဒီရက်ပိုင်း ဘယ်တွေလဲ ပျောက်နေတာ … ငါ မင်းကို မမြင်ဖြစ်တာတောင် တစ်လကျော်ပြီ …”
“ ကျုပ်ကိုယ်ကျုပ် လုံလောက်အောင် မကောင်းသေးတော့ အလုပ်သေချာ မလုပ်နိုင်ဘူး ထင်ပြီး တစ်နေရာမှာ တိတ်တိတ်လေး လေ့ကျင့်နေခဲ့တာလေ…”
“ မင်းက ပေါက်ကရတွေ လာပြောနေတာပဲကွ …” လျိုကွမ်းရှန် ရယ်ရယ်မောမောနှင့် နောက်ပြောင်ကျီစယ် လိုက်ပြီး “ မင်းရဲ့ အရည်အချင်းကတောင် လုံလောက်အောင် မမြင့်သေးဘူးဆိုလို့ကတော့ ငါတို့တွေ အကုန် အလုပ်ဖြုတ်ခံနေရလောက်ပြီ…”
လင်းရီလည်း ရယ်မောလိုက်ပြီး ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။
“ ကျုပ်ကို ရှာနေတယ်ဆို… ဘာကိစ္စ ရှိလို့ …”
လျိုကွမ်းရှန် အဘယ်ကြောင့် သူ့ကို တွေ့ဖို့ ပြောလဲ လင်းရီသိသည်။ သို့သော် အတည်ပြုရန် အလို့ငှာ သူ မေးမြန်းလိုက်ဆဲပင်။
“ ထွေထူး ကိစ္စတော့မဟုတ်ပါဘူး…” လျိုကွမ်းရှန် ပြောလိုက်ပြီး “ ငါကြားတာ မင်း ကျောင်းတွင်း အနိုင်ကျင့်တဲ့ အမှုတစ်ခုကို လိုက်နေတယ်ဆို … အခု အခြေအနေ ဘယ်လို ရှိပြီလဲ …”
“ တရားခံတွေကိုတော့ ဖမ်းဆီးထားပြီးပြီ .. အောက်မှာ စစ်ဆေးမေးမြန်းထားတယ်…”
လျိုကွမ်းရှန်၏ အမူအရာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့ပြီး စက္ကန့်အနည်းငယ်ကြာအောင် ချီတုံချတုံ ဖြစ်သွားခဲ့၏။
“ သူတို့က ဒီတိုင်း အလယ်တန်းကျောင်းသားလေးတွေပဲ မလား … အလွန်ဆုံး ရှိလှ ဆယ့်သုံး ၊ ဆယ့်လေးလောက်လေးတွေပေါ့ …”
“ သူတို့ အကုန်လုံးက ဂျူနီယာ အထက်တန်း တတိယနှစ်ရောက်ပြီဆိုတော့ အနည်းဆုံး ၁၄ ရှိပြီ …”
လျိုကွမ်းရှန် ဘာဆက်ပြောမလဲကို လင်းရီ ကြိုသိနေပြီး သုံးသပ်မှုကို အတည်ပြုပေးလိုက်သည်။
ဤ ကျောင်းသားများက အသက် ၁၄ နှစ်ပြည့်ပြီး သူတို့ လုပ်ရပ်အတွက် ကိုယ့်ကိုယ် တာဝန်ယူနိုင်နေပြီ ဖြစ်ကြောင်းကို ထောက်ပြလိုက်သည်။
လျိုကွမ်းရှန် နှုတ်ခမ်းကိုက်၍ စီးကရက် နောက်တစ်လိပ်ကို မီးညှိလိုက်၏။
“ ဒီကိစ္စ ဘယ်လိုဆက်ကိုင်တွယ်ဖို့ မင်း စဉ်းစားထားလဲ …”
“ တခြားနည်းနဲ့လည်း ကိုင်တွယ်လို့မှမရတာ …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ပုံမှန် စံနှုန်းတွေအတိုင်းပဲ သွားမယ်… တရားရုံးက သူတို့ရဲ့ ပြစ်မှုတွေအတွက် စီရင်ပေးလိမ့်မယ်…”
“ နစ်နာသူ မိသားစုဘက်ကရော … သူတို့ဘက်ကရော လျော်ကြေးငွေ လက်ခံဖို့ ဆန္ဒရှိလား …”
“ ခေါင်းဆောင် … ကျုပ်တို့ကိုယ်ကျုပ်တို့ အဲ့ဒီ နစ်နာသူ မိသားစု နေရာမှာ ဝင်နေကြည့်ရအောင် … တကယ်လို့ ခင်များကလေးသာ ဖြစ်ခဲ့မယ်ဆိုရင် သီးသန့်ဖြေရှင်းဖို့ သဘောတူနိုင်မှာလား …”
လင်းရီ၏ သာမန်လျှံကာ မှတ်ချက်လေးက လျိုကွမ်းရှန်ကို ဆွံ့အသွားစေခဲ့ပြီး ပြောစရာ စကား ကင်းမဲ့သွားစေခဲ့သည်။
သူ၏ မသင့်လျော်သည့် အတွေးများအား လင်းရီ ထွင်းဖောက်မြင်ပြီး ဖြစ်ကြောင်း လျိုကွမ်းရန် သိလိုက်လေသည်။
သူ ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့၏။
လင်းရီ ကဲ့သို့ မဟုတ်ပါဘဲ လျိုကွမ်းရှန်မှာ သူ့သဘောရှိသည့်အတိုင်း ပြုမူဆောင်ရွက်၍ မရပေ။
လင်းရီက သူ့ အစွမ်းအစတို့ကြောင့် စည်းမျဉ်းများ၏ အထက်၌ နေ၍ ပြုမူနိုင်သည်။
သို့သော် လျိုကွမ်းရှန်၏ အထက်တွင်မူကား များပြားလှစွာသော ထိပ်ပိုင်း အကြီးအကဲတို့က ရှိနေသေးကာ သူ့အပေါ် ရှိနေသည့် စည်းမျဉ်းတို့က ပိုပြီး တင်းကြပ်လှ၏။
သူ့အား စောင့်မျှော်နေသည့် ပိုကြီးသည့် စည်းမျဉ်းများပင် ရှိနေသေးသည်။
အနှီ စည်းမျဉ်းတို့က ဧရာမ ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ ဖြစ်ပြီး သူ၏ လုပ်ရပ်များအား ကန့်သတ်ထားကာ ၎င်းတို့အကြား၌ ရှင်သန်ရင်း တိမ်မြုပ်သွားနိုင်မည့် အရေးကို ရှောင်ကြဉ်နေရသည်။
ထို့ကြောင့်ပဲ လင်းရီကို သူ ဤစကားများ ပြောနေရခြင်းပင်။
“ ဖြစ်စဉ်ကိုတော့ ငါ လီလေးဆီကနေ ကြားထားပြီးပြီ … အမှန်အတိုင်း ဝန်ခံရရင် မင်း အခုလုပ်နေတာတွေကို ငါ ထောက်ခံတယ်… ဒီလို ကိစ္စမျိုးတွေ နောက်တစ်ကြိမ် မဖြစ်လာအောင် တားမြစ်သင့်တယ်… ဒါပေမယ့် . . . . ဟင်း …..”
လျိုကွမ်းရှန် သက်ပြင်းချလိုက်ပြီး ဖုန်းထုတ်၍ ဖုန်းမှတ်တမ်းများကို ပြလာသည်။
“ အဲ့ဒီ ကိစ္စ ဖြစ်ပြီး ကတည်းက ငါ့ဖုန်း မနားတမ်း မြည်နေတာ ဒါတွေပဲ ကြည့်လိုက်တော့ … မဟုတ်ရင် ငါမင်းကို ခေါ်တွေ့မှာတောင် မဟုတ်ဘူး …”
လင်းရီ ခေါင်းငုံ့သွားခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံး၌ …
“ ခေါင်းဆောင်လျို … ကျုပ် ဒီရဲစခန်းမှာ ရှိနေခဲ့တာ အတော်ကြာပြီ … ခင်များတို့ကလည်း ကျုပ်ကို ကောင်းကောင်း ဂရုစိုက်ပေးကြတယ်… ဒါတွေ အားလုံးကို ကျုပ်ရင်ထဲ အမှတ်ရနေမှာပါ … ခင်များက တောင်းဆိုလာပြီဆိုမှတော့ ကျုပ်ကလည်း ကျိန်းသေပေါက် မျက်နှာသာ ပြန်ပေးရတော့မှာပေါ့ … ဆိုတော့ ပြောလိုက်ပါ … ကျုပ်ကို ဒီကိစ္စ ဘယ်လိုကိုင်တွယ်စေချင်လဲ …”
လျိုကွမ်းရှန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့၏။ သို့သော် သူ့ရင်ထဲခံစားလို့ ကောင်းမနေချေ။ ထိုအစား သူစိတ်ထဲ ဝေခွဲ မရနိုင် ဖြစ်နေမိခဲ့၏။
လင်းရီက ရှားပါးသည့် ပျိုးပင်ကောင်း တစ်ခုပင်။ သူသာ အလုပ်ကြိုးစားနေသရွေ့ သူ့အနာဂတ်က အကန့်အသတ်မဲ့ တောက်ပနေမည်။
သို့သော် အကယ်၍ သူသာ ယခုလို ပြုလုပ်လိုက်မည်ဆိုပါက သူ၏ အနာဂတ် အသက်မွေးဝမ်းကြောင်းလမ်းခရီး၌ အရိပ်တစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့မည်ဖြစ်ကာ ခိုင်မာသည့် သူ့စိတ်နှလုံးအား ရမ်းခါသွားစေလိမ့်မည်။
သို့သော် မလုပ်ပြန်လျှင်လည်း သူ့တွင် အနာဂတ် ရှိတော့မှာ မဟုတ်ချေ။
ဤသည်က လူ့အဖွဲ့အစည်းကြီး၏ စည်းမျဉ်းဖြစ်၏။ အဆင်ပြေချောမွေ့စေဖို့က လုပ်ငန်းခွင်တွင် မလုပ်မဖြစ် လုပ်ရမည့် အရာတစ်ခုဖြစ်ပြီး ယခုလို ဇွတ်ဖြတ် ၊ ဇွတ်ဝင်နေ၍ မရပေ။
ထိုအရာကို တွေးမိပြန်တော့ လျိုကွမ်းရှန် တစ်ဖန်ပြန်ပြီး သက်ပြင်းချလိုက်မိပြန်သည်။
“ ဒီရဲ့ ပြဿနာရှာတဲ့ ကလေးတွေကို ကိုင်တွယ်ရမှာတော့ အမှန်ပဲ .. သူတို့ကို တစ်ပတ်လောက် ထိန်းသိမ်းထားလိုက်ရင် အဆင်ပြေပြီ … စိတ်ထိခိုက်သွားတာနဲ့ ပတ်သက်ပြီးရော … ဆေးဖိုးတွေအကုန် ဟိုဘက်က ရှင်းပေးလိမ့်မယ်… တကယ်လို့ နောင်ကျ ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာခဲ့ရင် သည်းခံနေမှာ မဟုတ်တော့ဘူး … သူတို့တွေ ပြင်းပြင်းထန်ထန် အရေးယူခံရမယ်…”
စစချင်းတုန်းက လျိုကွမ်းရှန်သည် လင်းရီကို တစ်ပတ်ထိန်းသိမ်း မထားခိုင်းဘဲ သီးသန့်ဖြေရှင်းခိုင်းစေချင်သည်။
သို့သော် လင်းရီ၏ စကားလုံးက သူ့ကို ဟပ်ထိသွားစေခဲ့သည်။
သူ့ယူနီဖောင်းကို သစ္စာဖောက်ရမည့် အရေးကို တွေးတောရင်း လျိုကွမ်းရှန် အပြစ်ရှိသလို ခံစားလာခဲ့ရ၏။
ထို့ကြောင့်ပဲ ယခုလို ထပ်ပေါင်းထည့်လိုက်ရခြင်းပင်။
“ ခင်များက သူတို့ကို ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး တာဝန်ယူတာတွေ မလုပ်စေချင်ဘူးပေါ့ …”
“ လက်ရှိ အခြေအနေအတိုင်းဆိုရင် သူတို့တွေ တာဝန်ယူရင်တောင်မှ စွန်းပေ့ပေ့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ကြေအေးလိုက်နိုင်မှာမှ မဟုတ်တာ .. ဒါက နစ်နာသူ မိသားစုအတွက် အကောင်းဆုံး ရွေးချယ်စရာပဲ …” လျိုကွမ်းရှန် အခက်တွေ့နေဟန်ဖြင့် ပြောလာခဲ့၏။
အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးနောက်တွင် လင်းရီ ခေါင်းညိတ်ပြလိုက်သည်။
“ ကောင်းပြီလေ… ခေါင်းဆောင် ပြောတဲ့အတိုင်းပဲပေါ့ …”
လင်းရီ မတ်တပ်ရပ်ပြီး သူ့ အိတ်ကပ်က ရဲတံဆိပ်ကို ခွာပြီး လျိုကွမ်းရှန်၏ စားပွဲထက် တင်လိုက်၏။ ထို့နောက် သူ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
“ မင်း ဘာတွေ လုပ်နေတာလဲ …”
“ အဲ့လိုလုပ်မယ်ဆိုရင် ကျုပ်ကိုယ်ကျုပ် ဒီယူနီဖောင်းနဲ့ မတန်ဘူး ခံစားရလို့ …” လင်းရီ ခေါင်းလှည့်လာခဲ့ပြီး ပြောလိုက်သည်။ “ ကျုပ်က နည်းနည်း ယုတ်မာ ကောက်ကျစ်တတ်တယ်ဆိုပေမယ့် ရာထူးအပ်ပွဲ အခမ်းအနားတုန်းက အနီရောင်အလံအောက်မှာ ကျမ်းကျိန်ခဲ့ပြီးပြီ … ဒီလိုမျိုး ကိုင်တွယ်မယ့်နည်းလမ်းကို ကျုပ် လက်မခံနိုင်ဘူး … ပြီးတော့ ကျုပ်က ဒီယူနီဖောင်းကို ဝတ်ဖို့လည်း မတန်ဘူး … ကျုပ် အလုပ်ထွက်ပြီ…”
“ ရပ်စမ်း …”
လျိုကွမ်းရှန် လင်းရီကို လှမ်းအော်လိုက်ပြီး “ မင်း ဘယ်လိုတွေ ခံစားနေရလဲ ငါနားလည်တယ်… ဒါပေမယ့် ဒါက ထူးခြားနေတာကြီးမှ မဟုတ်တာ … လူ့အဖွဲ့အစည်းကြီးက ဒါမျိုး ဖြစ်နေတာကို မင်းတို့ ငါတို့တစ်ယောက်တည်းနဲ့ ပြောင်းလို့ မရနိုင်ဘူးလေ …”
“ ခေါင်းဆောင် .. ကျုပ် တစ်ခု ပြောမယ်… ကျုပ်မှာ ကောင်းမွန်တဲ့ ငွေဝင်လမ်းကြောင်းတွေ ရှိတယ်… ဒီ အလုပ်မရှိလည်း ကျုပ် ရပ်တည်နိုင်တယ်… ဒီတော့ … သိပ်မကြာခင်ကစပြီး ကျုပ် တချို့ ကောင်းတဲ့ ကိစ္စလေးတွေ စပြီး လုပ်ကိုင်လာတယ်.. ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသက ကလေးတွေကို ပိုက်ဆံလှူပေးတာမျိုးပေါ့ … သူတို့တွေ နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ပြေလည်သွားပါစေဆိုတဲ့ စိတ်ဓာတ်နဲ့ပေါ့ … ဒါပေမယ့် တကယ်တမ်း တွေးကြည့်ရင် ကျုပ်အဲ့လိုတွေ လှူလိုက်လို့ သူတို့တွေ ပြေလည်သွားမလားဆို ပြေလည်သွားမယ် … ခဏပဲ .. နောက်ကျရင် သူတို့ရဲ့ နဂို အခြေအနေကို ပြန်ရောက်သွားမယ် ဟုတ်တယ်မလား … အဲ့တာဆို ကျုပ် ငွေတွေလှူနေတာ အချည်းနှီး ဖြစ်မနေဘူးလား …”
ထိုနေရာအရောက်၌ လင်းရီ ရပ်တန့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ဆက်ပြော၏။
“ တစ်နေ့ .. ကျုပ်ကို တစ်ယောက်က ဉာဏ်အလင်းပွင့်အောင် မလုပ်ပေးခင် အထိပေါ့ .. လူတစ်ဦးတစ်ယောက်တည်းရဲ့ လှူဒါန်းမှုက ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းပေးနိုင်ဘူး … ဒါပေမယ့် ကျုပ်က ဥပမာကောင်း ဖြစ်ပေးပြီး ကျုပ်လိုမျိုး လူတွေ နောက်ထပ် ရှိလာအောင် ဆွဲဆောင်ရင်း အခြေအနေ အဆင့်အတန်းကို ပြောင်းလဲပစ်လို့ရတယ်…”
“ ယုတ်စွအဆုံး … ဘယ်သူမှ ပါဝင်မလာဘူးဆိုရင်တောင် ကျုပ်တစ်ယောက်ရဲ့ ကူညီမှုက အနည်းဆုံး မိသားစု တစ်စု ၊နှစ်စုရဲ့ ထမင်းဝိုင်းအပေါ် စားစရာ တင်ပေးနိုင်တယ်… အနည်းဆုံးတော့ ကျုပ်ရဲ့အပြုအမူက သူတို့ကို ယာယီ ပျော်ရွှင်မှုနဲ့ ပီတိဖြစ်အောင် လုပ်ပေးနိုင်တယ်… အဲ့တာက အဓိပ္ပာယ် ရှိတာပဲ …”
ဘန်း ..
ပြောဆိုပြီးနောက် လင်းရီ တံခါးကို ပိတ်ကာ ထွက်ခွာသွားခဲ့သည်။ လျိုကွမ်းရှန်မှာ နေရာတွင် ရပ်နေရင်း ကြက်သေသေနေခဲ့၏။ လင်းရီ၏ စကားလုံးတို့က သူ့နားအတွင်း၌ အဆက်မပြတ် ပေါ်ထွက်နေကာ ပဲ့တင်ထပ်နေလျက် ရှိသည်။