သူ့ကို လိုက်ရှာ
Vol. 129 Ch. 1924
လျိုကွမ်းရှန်၏ ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ ကားမောင်း၍ ထွက်ခွာသွားခဲ့သည်။
ရုံးခန်းထဲတွင် လင်းရီ ပြန်အလာကို စောင့်ဆိုင်းနေသည့် လီရှန်းဟွေ့နှင့် ကူရိရန်တို့မှာ အပြင်ဘက်၌ ရုတ်ချည်း ကားအင်ဂျင်သံ တစ်ခု ထွက်လာသည်ကို ကြားလိုက်ရသည်။
သူတို့ လှမ်းမျှော်ကြည့်လိုက်သောအခါ လင်းရီ၏ Type – R က အကြောင်းပြချက် မရှိ မောင်းထွက်သွားခဲ့သည်ကို မြင်တွေ့လိုက်ကြရ၏။
“ ဘာတွေ ဖြစ်နေတာလဲ … ခေါင်းဆောင်က သူနဲ့ စကားပြောနေတာ မဟုတ်ဘူးလား … အဲ့တာကို ဘာလို့ အလျင်စလိုကြီး ထွက်သွားခဲ့တာလဲတဲ့ …” ကူရိရန် မေးလိုက်မိသည်။
“ သူ့ကို မစ်ရှင် တစ်ခုခု ပေးလိုက်တာ နေမှာပေါ့ … အဲ့တာ လုပ်ဖို့ ထွက်သွားခဲ့တာလားမှ မသိတာ …”
“ မဖြစ်နိုင်ဘူး …” ကူရိရန် ပြောလိုက်ပြီး “ ရှင်က ကပ္ပတိန်လေ… တစ်ခုခုဆို ရှင့်ဆီ အရင်ရောက်လာပြီးမှ အောက်ကလူကို တဆင့် တာဝန်ပြန်ပေးရမှာလေ… သူ့ကို ချက်ချင်းထွက်သွားရလောက်အောင် တိုက်ရိုက်ကျနေတဲ့ မစ်ရှင်မျိုး မရှိနိုင်ဘူး …”
“ အဲ့တာတော့ ငါလည်း မပြောတတ်တော့ဘူး …” လီရှန်းဟွေ့ ပြောပြီးနောက် ဖုန်းကို ကိုင်လိုက်ကာ “ ငါ သူ့ဆီ ဖုန်းဆက်ပြီး ဘာတွေဖြစ်နေလဲ လှမ်းမေးကြည့်လိုက်မယ်….”
သို့နှင့် သူ လင်းရီ၏ နံပါတ်ကို နှိပ်လိုက်သည်။ သို့သော် အကြိမ်ရေ အနည်းငယ်ခန့် တုန်ခါပြီးသည့်နောက်တွင် ဖုန်းက အလိုအလျောက် ပြုတ်ကျသွားခဲ့လေသည်။ လင်းရီ ဖုန်းမကိုင်ခဲ့ချေ။
“ ဘာတွေဖြစ်နေတာလဲ … သူ ဖုန်းမကိုင်ဘူးလား …”
ကူရိရန်၏ မျက်လုံးတို့ ဂနာမငြိမ် ရွေ့လျားသွားခဲ့သည်။
“ ကျွန်မတော့ ခံစားချက်တွေ မကောင်းဘူးနော်….”
“ မင်း ဘာပြောချင်နေတာ …"
လီရှန်းဟွေ့က ပို၍ တိုက်ရိုက်ဆန်သည့် လူဖြစ်ပြီး ကူရိရန်ကဲ့သို့ အဆိုပါ ကိစ္စများအပေါ်၌ ထိလွယ်ရှလွယ် ခံစားချက်မျိုး မရှိချေ။
“ တွေးကြည့်လိုက်လေ … ခေါင်းဆောင် သူ့ကို ခေါ်လိုက်တယ်ဆိုတာ အမှုကိစ္စ ပြောဖို့ပဲ ဟုတ်တယ်မလား … လင်းရီရဲ့ စရိုက်ကို ရှင်လည်း သိရဲ့သားနဲ့ … ခေါင်းဆောင်ကို ကျော်ပြီး ဘာမှ မလုပ်ရင်တောင် လွယ်လွယ်နဲ့ သိမ်းသွင်းလို့ ရတဲ့ လူစားမျိုး မဟုတ်ဘူး .. သူတို့တွေ တစ်ခုခု အငြင်းအခုန် ဖြစ်ခဲ့မယ်ဆိုတာ ကျွန်မ လောင်းကြေးထပ်ရဲတယ်…”
“ အဲ့လို မဖြစ်နိုင်ဘူးနော်…..” လီရှန်းဟွေ့ ခွန်းတုံ့ပြန်လိုက်၏။ “ လင်းရီရဲ့ စရိုက်က ဒေါသကြီးချင် ကြီးမယ်… ဒါပေမယ့် သူ့အမြင်တော့ မကျဉ်းဘူး …”
“ သာမန်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ .. ဒါပေမယ့် ဒီအမှုက သူ့ အောက်စည်းကို လာထိနေပြီလေ .. မဟုတ်ရင် ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ သေနတ်ဆွဲထုတ်ခဲ့မှာလား …” ကူရိရန် ပြောလိုက်ပြီး “ အစ်ကိုလီ … ရှင် သွားပြီး တစ်ချက်ကြည့်သင့်တယ်နော်.. ကျွန်မတော့ တစ်ခုခု ဖြစ်သွားမှာတွေ မမြင်ချင်ဘူး …”
လီရှန်းဟွေ့ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ကူရိရန်၏ စကားများက ယုတ္တိရှိသည်ဟု သူလည်း ခံစားနေရ၏။
လင်းရီ၏ စရိုက်ကို သိသည့်အတွက်ကြောင့် ခေါင်းဆောင်နှင့် အငြင်းအခုန် တချို့ ဖြစ်ခဲ့မည်မှာ သေချာသလောက်ပင်။
“ မင်း ဒီမှာနေခဲ့ … ဘာတွေဖြစ်ခဲ့လဲ ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်…”
လီရှန်းဟွေ့ သူ၏ စီးကရက်ကို ဖိချေလိုက်ကာ ရုံးခန်း အပြင်ဘက်သို့ ထွက်သွားခဲ့ပြီး တတိယ အလွှာသို့ ဦးတည်လိုက်၏။
လျိုကွမ်းရှန်၏ ရုံးခန်းရှေ့ရောက်တော့ သူ တံခါးခေါက်လိုက်သည်။
“ ဝင်ခဲ့ …”
“ ခေါင်းဆောင် …”
ဝင်သည်နှင့် လီရှန်းဟွေ့ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ မင်းလာတာ ကွက်တိပဲ … မဟုတ်လည်း ငါမင်းကို ဖုန်းခေါ်တော့မလို့ …” လျိုကွမ်းရှန် ပြောလိုက်ပြီး လင်းရီ၏ ရဲတံဆိပ်ကို တွန်းပို့ပေးလိုက်ကာ “ လင်းရီကို ဒီဟာ ပြန်ပေးလိုက် …”
“ သူ့ ရဲတံဆိပ်က ဘာလို့ ဒီရောက်နေတာ …”
“ အဲ့ကောင် ဒေါသတကြီးနဲ့ အလုပ်ထွက်သွားတယ်လေ…”
“ ဟမ် … သူ … သူ အလုပ်ထွက်သွားတယ် ဟုတ်လား … “
လီရှန်းဟွေ့ ကြက်သေသေသွားခဲ့၏။ “ ရုတ်တရက်ကြီး ဘာလို့ ထွက်သွားခဲ့တာ ....”
“ သူ အတည်ကြီး ထွက်သွားတာတော့ မဟုတ်ပါဘူး …” လျိုကွမ်းရှန် ကျိန်ဆဲလိုက်ပြီး “ အဲ့ကောင်ဥစ္စာတွေကို ခဏသိမ်းထားပေးလိုက်ဦး … ပြီးရင် သူ့ကို မနက်ဖြန် ဒီပြန်လာအောင် လုပ် …”
လျိုကွမ်းရှန်သည် လင်းရီကို မဆုံးရှုံးချင်ပေ။ သူ့တွင် မျှော်လင့်ချက်ကောင်းတို့ ရှိပြီး အကယ်၍ သူသာ ထွက်ခွာသွားခဲ့မည်ဆိုပါက အမှန်တကယ် ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ပေလိမ့်မည်။
“ ဒါဆို ကျုပ်တို့ ဒီခုကိစ္စကို ဘယ်လိုလုပ်သင့်လဲ …” လီရှန်းဟွေ့ စကားအစ်ပြီး အခြေအနေကို တီးခေါက်ကြည့်လိုက်သည်။
“ ဒါ တရားဝင်လုပ်ဆောင်နေတာပဲ … ပြန်ပြီး ဆက်စစ်ဆေးလိုက် … ဒီကိစ္စ လေးလေးနက်နက် ကိုင်တွယ်မယ်…”
“ ဟုတ်ကဲ့ …”
လီရှန်းဟွေ့ ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ လျိုကွမ်းရှန်၏ နောက်ခံဖြင့် သူ များများစားစား ဂရုစိုက်နေစရာ မလိုတော့ချေ။
…….
လင်းရီ ရဲစခန်းက ထွက်လာခဲ့တော့ ညနေ ငါးနာရီ ထိုးနေချေပြီ။
ကားဖြင့် မောင်းထွက်လာခဲ့ပြီးသည့်နောက် လျန်ရူရွှယ်က ဖုန်းခေါ်လာခဲ့၏။
“ နင် ဒီည လာခဲ့မှာလား …”
“ ဒါပေါ့ … လာရမှာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ အိမ်ကို မပြန်ဘဲ ဟိုတယ်မှာ သွားအိပ်ရင် မင်းကို ရိုင်းပြရာ ကျတာပေါ့ …”
“ အဲ့ဒီတော့ … ငါက နင့်ကို ကျေးဇူးတင်ရမှာလား ….”
“ ကျေးဇူးတင်စရာ မလိုပါဘူး … ဒီလူနဲ့ ဒီလူတွေပဲဟာ ….”
“ တော်လောက်ပြီ… ပေါက်တတ်ကရ လုပ်နေတာတွေ တော်တော့ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ အခုလေးတင် အလုပ်ဆင်းတာ … ဘာစားချင်လဲ…. နင့်ကို ချက်ကျွေးမယ်လေ…”
“ မင်း အဆင်ပြေမယ် ထင်တဲ့ဟာသာ ချက် … ငါက ဂျေးမများတတ်ဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။
“ မင်းဆီကို နာရီဝက်အတွင်း ရောက်မယ်…”
“ သေချာလည်း မောင်းဦး …”
“ အင်းပါ …”
ဖုန်းချပြီးနောက် လင်းရီ အေးဆေးသက်တောင့်သက်သာ ဖြစ်စွာ မောင်းနှင်လာခဲ့သည်။ သို့သော် သူ့စိတ်အတွေးတို့မှာတော့ လျိုပေ့ပေ့၏ အမှုကိစ္စများနှင့်သာ နေရာယူထားခဲ့လေသည်။
လျိုကွမ်းရှန်နှင့် လီရှန်းဟွေ့တို့၏ အတွေးကို သူ နားလည်သည်။ ၎င်းတို့က သူကဲ့သို့ တုံ့ဆိုင်းခြင်း မရှိ လုပ်ဆောင်နိုင်သည့် လူစားမျိုး မဟုတ်ဘဲ ထောက်ချင့်စိုးရိမ်စရာ အများအပြားနှင့် သာမန်လူများ ဖြစ်ကြသည်။
သို့သော် သူတို့က လူကောင်းသူကောင်းများ ဖြစ်သည်ကိုတော့ သူ သိသည်။ ဤကိစ္စကို သူတို့နည်း သူတို့ဟန်ဖြင့် ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားကြလိမ့်မည်။
ယခု …. တရားဝင် တာဝန် ဝတ္တရားများထံမှ ယာယီ လွတ်မြောက်သွားပြီ ဖြစ်ရာ သူ့အဖို့ ဤကိစ္စကို သီးသန့်ကိုင်တွယ်ဖို့ ပိုပြီး လွယ်ကူသွားခဲ့လေသည်။
စွန်းပေ့ပေ့နှင့် သူ့မိသားစုအတွက် တရားမျှတမှု ယူဆောင်လာပေးဖို့ လင်းရီ ရည်ရွယ်ထားသည်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး လီရှန်းဟွေ့က ခေါ်ဆိုလာခဲ့ခြင်းပင်။
လင်းရီ ဖုန်းကို သာမန်လျှံကာ ဖြေလိုက်၏။
“ ဟယ်လို အစ်ကိုလီ …”
“ မင်း ဘယ်တွေ ရောက်နေတာ … အစောတုန်းက ငါ မင်းကို ခေါ်တာ ဘာလို့ မကိုင်တာ …"
“ ကျုပ် ကားမောင်းနေလို့ မကြားလိုက်မိဘူး … ဘာကိစ္စလဲ …”
“ ငါ ခေါင်းဆောင်နဲ့ စကားပြောကြည့်ပြီးပြီ … သူက မင်းကို မနက်ဖြန် အလုပ်ပြန်လာဆင်းစေချင်နေတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ သူ့ကိုလည်း တအား စိတ်ဆိုးမနေစမ်းပါနဲ့ကွာ … သူက မင်းထက် ဆုံးဖြတ်စရာတွေ ပိုများတယ်… မင်း ဝုန်းဒိုင်းကျဲချင်တယ်ဆိုရင်တောင် သူ့ကိုတော့ မလုပ်ပါနဲ့ … ဒါတောင် ခေါင်းဆောင်လျိုမို့လို့ မင်း ကံကောင်းသွားတယ်.. တခြား ခေါင်းဆောင်တွေသာ ဆိုလို့ကတော့ သူတို့ သည်းခံနေမှာ မဟုတ်ဘူး …”
“ ကျုပ် သိပါတယ်…” လင်းရီ ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်သည်။
“ လောင်လျိုက အပြင်ဘက်မှာတာ ခက်ထက်တဲ့ပုံစံနဲ့ တကယ့် အတွင်းစိတ်နှလုံးကတော့ နူးညံ့ပါတယ်…”
“ မင်း နားလည်တာ ကောင်းတယ်… သူနဲ့ ရန်ဖြစ်မနေနဲ့ …” လီရှန်းဟွေ့ ဆက်ပြော၏။ “ သူ ငါ့ကို ဒီအမှု လေးလေးနက်နက် ကိုင်တွယ်ဖို့လည်း ပြောသေးတယ်… သူက မင်းကို မျက်နှာသာပေးနေတယ်… ဒီတော့ မင်းလည်း မျက်နှာသာ တချို့ ပြန်ပေးလိုက် …”
“ နားလည်ပြီ …”
“ ဒါဆိုလည်း ကောင်းပြီ … မနက်ဖြန် အလုပ်မှာ တွေ့ကြမယ်…”
“ အင်း …”
ဖုန်းချပြီးနောက် လင်းရီ အများအပြား ခံစားရ ကောင်းမွန်သွားခဲ့သည်။
အခြားတော့ မဟုတ်ချေ။ လျိုကွမ်းရှန်၏ သဘောထားကသာလျှင် အရေးပါသည်။
သူ၏ အမှုကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်လိုမှုက လူ့အဖွဲ့အစည်းကြီးထဲတွင် လူကောင်းသူကောင်းတို့ ကျန်ရစ်နေသေးကြောင်းကို မီးမောင်းထိုးပြနေလျက် ရှိသည်။
လူသားများ၏ မှန်ကန်သည့် ကျင့်ဝတ်တို့က အမှောင်ထု၏ တိုက်စားခြင်းကို လုံးလုံးလျားလျား ခံလိုက်ရဟန် မတူချေ။
မကြာမီ လျန်ရူရွှယ်၏ အိမ်သို့ လင်းရီ မောင်းနှင်လာခဲ့၏။
သူ ဝင်သည်နှင့် ချက်ချင်း အသားဟင်းနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။
သူကြိုက်နှစ်သက်သည့် ဝက်နံရိုးကြော် ၊ သင်္ဘောသီးစိပ်လေးများနှင့် ပင်လယ်ရေညှိစွပ်ပြုတ်တို့ပင်။
အများကြီး မဟုတ်သော်လည်းပဲ အာဟာရပါဝင်နှုန်းကတော့ အတော်လေး ကြွယ်ဝလှ၏။
“ နင် အခုရက်ပိုင်း ဘာတွေ လုပ်နေတာ … အပင်လည်း ဆက်ပြီး မစိုက်တော့ဘူး … တုံးစန်းကောင်တီကိုလည်း မသွားတော့ဘူး … အဲ့တာကို ဘာလို့ နေ့တိုင်း အပြင်တွေ ထွက်နေတာလဲ …” စားနေစဉ် လျန်ရူရွှယ် မေးမြန်းလိုက်၏။
“ အမ်….. “
သူ ရဲဌာန၌ အလုပ်လုပ်နေသည်မှာ အချိန်တချို့ ရှိပြီ ဖြစ်သော်လည်းပဲ လျန်ရူရွှယ်ကတော့ ထိုအကြောင်းကို သိရှိခြင်း မရှိချေ။
“ ဘာလုပ်ရမှာ … အလုပ်ရှုပ်နေတာပေါ့ … သောက်ပြဿနာတွေက နေ့တိုင်း ဖြစ်နေကျပဲလေ…”
“ ကျုံးဝေ့တပ်ဖွဲ့ ကိစ္စတွေလား …”
“ မဟုတ်ပါဘူး … ဒီတိုင်း စီးပွားရေး ကိစ္စပါပဲ .. အရင်လို ရုံးပြန်သွားဖို့ အချိန်သိပ်မလိုတော့ဘူး …”
သူ ရဲအရာရှိ တစ်ဦး ဖြစ်နေသည့် အကြောင်းကို လျန်ရူရွှယ် သိအောင် ပြောပြဖို့ ရည်ရွယ်ချက် လင်းရီထံတွင် မရှိချေ။
မဟုတ်ပါက နေ့တိုင်း သူ၏ ရုံးခွဲသို့ စစ်ဆေးရေး ဝင်နေလိမ့်မည်။ အကယ်၍ သူသာ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက ကောင်းမှာ မဟုတ်ချေ။
“ နင် စီးပွားရေးတွေ ပြန်လုပ်မှာ ကောင်းတယ်… ကျုံးဝေ့တပ်ဖွဲ့ ကိစ္စတွေ အာရုံခံမနေနဲ့ …”
“ ဘာလို့ အဲ့ဘူတာပဲ ပြန်စိုက်နေတာ … စားစရာရှိတာ မြန်မြန်စားစမ်းပါ …”
လင်းရီ အသားတစ်တုံးကို ညှပ်၍ လျန်ရူရွှယ်၏ ပါးစပ်ထဲ ထည့်ကာ သူမအား အပေါက်ပိတ်ပေးလိုက်သည်။
လျန်ရူရွှယ်လည်း လင်းရီ ဤအကြောင်း ထပ်မကြားချင်တော့ကြောင်း နားလည်သည်။ ထို့ကြောင့် အလိုက်သိစွာနှင့် သူမလည်း ဆက်မပြောခဲ့ချေ။
စားသောက်ပြီးနောက် လင်းရီက ထမင်းပန်းကန်များ ဆေးကြောဖို့ကို တာဝန်ယူသည်။ နှစ်ယောက်မှာ အလုပ်တာဝန်များအား ဟာမိုနီမိမိ ခွဲဝေ လုပ်ကိုင်နေခဲ့ကြ၏။
…..
ကျိုးဟိုင် တတိယတန်းစား ဆေးရုံ။
အမ်ပီဗွီ လေးစင်းက ဆေးရုံပြင်ပတွင် ထိုးရပ်လာသည်။
လူ အယောက် ၂၀ ကျော်က ကားများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ပြီး အကုန်လုံးက အမျိုးသားများ ဖြစ်ကြ၏။ သူတို့အားလုံး၏ မျက်နှာမှာတော့ ညအမှောင်ထက်ပင် နက်မှောင်နေဟန် ရသည်။
ဦးဆောင်လူသူကတော့ ယနေ့ အစောပိုင်းက လင်းရီ၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည့် ကျန်းဝန်လိုင်ပင်။
“ အစ်ကိုကျန်း … သူ ဒီမှာ ရှိတယ်လို့ ကျုပ် သတင်းအတိအကျ ရထားတယ်…”