← Chapters

တရားမျှတမှု

Vol. 129 Ch. 1926

တရားမျှတမှု

Vol. 129 Ch. 1926

“ မင်း … မင်း ဘာလုပ်မလို့လဲ …”

“ မင်း သိရတော့မှာပါ …”

မာအန်းနုန်သည် ကုတင်သို့ လျှောက်လှမ်းသွားခဲ့ပြီး စွန်းပေ့ပေ့၏ စောင်ကို ဆွဲလှန်ပစ်လိုက်၏။ ထို့နောက် စွန်းပေ့ပေ့၏ ခြေထောက်ကို ကိုင်ကာ သူ၏ ခွန်အားဖြင့် အောက်သို့ အားကုန် ဆွဲချလိုက်သည်။

ဤသို့ဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် စွန်းပေ့ပေ့မှာ ကုတင်အောက်သို့ ပြုတ်ကျလာခဲ့ရ၏။

ထိုအချိန်တွင် သူမ၏ လက်မှာ IV အပ်ဖြင့် ချိတ်ဆက်ထားပြီး မာအန်းနုန်၏ လုပ်ရပ်က သူမ၏ သွေးကြောများကို ပြတ်ရှရာ အကြီးကြီး ဖြစ်သွားစေခဲ့သည်။ ၎င်းနောက် စွန်းပေ့ပေ့၏ နာကျင်စွာ အော်ငိုသံက တွဲလျက် လိုက်ပါလာသည်။

သူ့သမီး ကြမ်းပြင်သို့ ပြုတ်ကျလာသည်ကို မြင်တော့ စွန်းဖု၏ မျက်လုံးအစုံမှာ နီရဲသွားခဲ့ပြီး ဘယ်ကမှန်းမသိ ခွန်အားတို့ ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ လူဆယ်ယောက်ကျော် ဖိနှိပ်နေသည့် ကြားထဲမှာ အတင်းအကြပ် မတ်တပ်ရပ်လာခဲ့၏။

စွန်းဖု ဘေးရှိ ထိုင်ခုံကို ကောက်မကာ ဘေးရှိ ဘော်ဒီဂတ်များထံသို့ ဝှေ့ရမ်း ပစ်လိုက်သည်။

ဒါဇင်ချီသည့် လူများမှာ စွန်းဖု ယခုလို ရုတ်ချည်း ခွန်အားများ ရရှိလာလိမ့်မည်ဟု ထင်မှတ်မထားသည့်အတွက်ကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ကမန်းကတမ်း နောက်သို့ ဆုတ်လိုက်ကြရ၏။

“ ငိုးပဲ … ငါ မင်းကို သတ်မယ်…”

စွန်းဖု ထိုင်ခုံကိုကိုင်၍ ဘော်ဒီဂတ်များထံ သွေးရူးသွေးတမ်း လွှဲယမ်းနေသည်။

သူ၏ လက်ရှိ သွင်ပြင်က ဆင်ခြင်တုံတရား မရှိတော့သည့် ခွေးရူးတစ်ကောင်နှယ် ဖြစ်နေခဲ့သည်။

ဘယ်သူ့ကို ရိုက်သင့်လဲ သူ မသိတော့ချေ။ သူ့နားရှိ အကုန်လုံးကို မောင်းထုတ်လိုစိတ်သာလျှင် ကြီးစိုးထား၏။

“ ငိုးပဲ …”

မာအန်းနုန်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ ဘေးရှိ ထိုင်ခုံကို စွန်းဖုထံ ကောက်ပစ်လိုက်သည်။

၎င်းမှာ စွန်းဖု၏ ခေါင်းသို့ သွားရောက်ထိမှန်ပြီး သွေးများ ယိုစီးကျလာခဲ့ကာ ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး တုတ်တုတ်မျှ မလှုပ်နိုင်တော့ချေ။

“ ဖေဖေ ….”

“ သူ့ဖေ ..”

ဟန့်ကွေ့ကျစ်သည် စွန်းဖုထံ တွားသွားရောက်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် အပေါ်မှ အုပ်မိုးထားလိုက်သ်ည။

“ မရိုက်ကြပါနဲ့တော့ … ထပ်မရိုက်ကြပါနဲ့တော့ … ကျွန်မ လက်မှတ်ထိုးပေးပါ့မယ်…”

“ ခေါင်းမာတဲ့ သူတောင်းစားတွေ … အစောကြီးကတည်းက လက်မှတ်ထိုးလိုက်ရင် ဒီလိုတွေ ဖြစ်လာစရာ အကြောင်းကို မရှိတာ …”

ပြောပြီးနောက် ကျန်းဝန်လိုင်သည် ဖောင်တိန်နှင့် လက်ဗွေနှိပ်သည့် မှင်ခံသေတ္တာကို ပစ်ပေးလာခဲ့သည်။

တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် … ဟန်ကွေ့ကျစ် သူမ နာမည်ကို လက်မှတ်ထိုးကာ လက်ဗွေနှိပ်လိုက်၏။ မျက်ရည်တို့ကလည်း သူမ၏ မျက်လုံးထဲမှ တသွင်သွင် စီးကျနေလျက် ရှိလေသည်။

ပြီးသွားတော့ သဘောတူညီမှု စာချုပ်ကို ကျန်းဝန်လိုင် ကောက်ယူပြီး တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် တံတွေးတစ်ချက် ထွေးလိုက်၏.

“ မင်းတို့လို လူစားမျိုးတွေက ကျိုးဟိုင်မှာ‌နေဖို့ မတန်ဘူး … ဒီကနေ ထွက်သွား .. ပြီးတော့ မင်း သမီးကိုလည်း အခုလက်ရှိကျောင်းမှာ ဆက်မထားတာ အကောင်းဆုံးပဲ … မဟုတ်လို့ကတော့ ငါ့သားကို သေအောင် ရိုက်သတ်ခိုင်းလိုက်မယ်…”

ကြမ်းတမ်းစွာ ကျိန်ဆဲပြီးနောက် ကျန်းဝန်လိုင် အများအပြား နေလို့ကောင်းသွားပြီး သူ့လူများနှင့်အတူ ဆေးရုံထဲက ပြန်ထွက်သွားခဲ့သည်။

…..

ညအချိန် ။

လျန်ရူရွှယ်၏ အိမ်၌ လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ပူးကပ်နေရင်း တီတီတာတာများ ပြောကာ ဆိုဖာပေါ်တွင် ဒရာမာ ဇာတ်ကားတစ်ခုကို ကြည့်နေခဲ့ကြသည်။

လျန်ရူရွယ်အဖို့ကတော့ ဤသည်က ရှားရှားပါးပါး ငြိမ်းချမ်းမှတစ်ခုဖြစ်ပြီး သူမ နှစ်နှစ်ကာကာ တန်ဖိုးထားပါသည်။

သို့သော် အဆိုပါ ငြိမ်းချမ်းသည့် အခိုက်အတန့်လေးအား ရုတ်ချည်း ထွက်ပေါ်လာခဲ့သည့် ဖုန်းမြည်သံတစ်ခုက ဖျက်စီးသွားခဲ့၏။

“ အရာရှိလင်း … ကျွန်မ တတိယတန်းစား ဆေးရုံက ဝမ်လီပါ … စွန်းမိသားစု ပြဿနာတက်နေလို့ အခု မြန်မြန်လာပေးပါဦးနော်….”

လင်းရီ၏ ရင်ဘက်တစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး သွေးခုန်နှုန်းတို့ ရုတ်ချည်း မြင့်တက်လာခဲ့သည်။

“ ဘာတွေ ဖြစ်တာလဲ … ကျုပ်ကို ဖြည်းဖြည်းချင်းပြော …”

“ အခုလေးတင်ပဲ လူအုပ်လိုက်ကြီး ရောက်လာပြီး စွန်းမိသားစုကို သဘောတူလက်မှတ် လာထိုးခိုင်းတယ်…. စွန်းမိသားစုကလည်း ငြင်းတာပေါ့ … အဲ့မှာ သူတို့ကို စရိုက်တော့တာပဲ … အခြေအနေက တော်တော်ဆိုးနေပြီ … တတ်နိုင်ရင် ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူလာခဲ့ပေးပါလား …”

“ ဟုတ်ပြီ .. ကျုပ် အခု လာနေပြီ …”

ဖုန်းချပြိးနောက် လင်းရီ မျက်နှာမလှဘဲ ချက်ချင်း မတ်တပ်ရပ်လိုက်သည်ကို လျန်ရူရွှယ် မြင်တွေ့သွားခဲ့သည်။

“ ဘာဖြစ်လို့လဲဟင် …”

“ အရေးကြီး ကိစ္စ ပေါ်လာလို့ ငါ အခု အပြင် သွားရတော့မယ်…”

“ ဘယ်အချိန် ပြန်လာမှာလဲ .. ငါ စောင့်နေမယ်လေ…”

“ အဲ့တာတော့ တပ်အပ် ပြောလို့ မရဘူး … အိပ်နှင့်လိုက်… ငါ့မှာ သော့အပိုရှိတယ်…”

လျန်ရူရွှယ် ခေါင်းညိတ်လိုက်သည်။ “ လမ်းမှာ ဖြည်းဖြည်းလည်း မောင်းသွားဦး … ဘယ်လောက်ပဲ အရေးကြီးကြီး ကိုယ့်အသက်က အရေးကြီးဆုံးပဲလေ…”

“ မပူနဲ့ … ငါ နားလည်ပါတယ်…”

လင်းရီ ခေါင်းညိတ်ပြီး ကားသော့ယူကာ အပြင်သို့ ထွက်ခွာလာခဲ့သည်။ ထို့နောက် ကျိုးဟိုင် တတိယတန်းစား ဆေးရုံသို့ ချက်ချင်း ဦးတည်လိုက်သည်။

လူနာ အခန်းတံခါးဝ ရှေ့ရောက်တော့ လင်းရီ၏ အမူအရာမှာ နက်မှောင်သွားခဲ့၏။

စွန်းစုံတွဲမှာ ဦးခေါင်း ပတ်တီးစည်းထားရပြီး စွန်းပေ့ပေ့၏ လက်သည်လည်း ထို့အတူပင်။ ဝမ်လီမှာ ဘေးတွင် ရှိနေပြီး သူမအား စစ်ဆေးပေးနေလျက် ရှိသည်။

“ အရာရှိကြီး …”

လင်းရီ ဝင်လာသည်ကို မြင်တော့ ဝမ်လီ ချက်ချင်း နှုတ်ဆက်သည်။

“ ဟိုလူတွေရော …”

“ သူတို့ နာရီဝက်လောက်တုန်းကတည်းကရင် ထွက်သွားခဲ့ကြပြီ ….”

ဝမ်လီ ပြောပြလိုက်၏။ “ ဒီလူတွေက စွန်းမိသားစုကို သဘောတူလက်မှတ် ထိုးခိုင်းချင်ကြတာလေ .. ညှိနှိုင်းလို့ အဆင်မပြေတော့ စပြီး အကြမ်းဖက်တော့တာပဲ …”

“ သူတို့ အခု ဘယ်လိုနေသေးလဲ….”

“ အကုန်လုံးက အပြင်ဒဏ်ရာတွေချည်းပဲ …‌ ခေါင်းလည်း နည်းနည်းထိသွားတာပေါ့ … စိုးရိမ်စရာတော့ သိပ်မရှိပါဘူး …”

လင်းရီ ခေါင်းညိတ်ပြီး ဖြစ်သည့် ဟန်ကွေ့ကျစ်းကို ကြည့်လိုက်သည်။

“ ခင်များ သဘောတူလက်မှတ်ထိုးလိုက်သေးလား …”

“ ကျွန်မ မထိုးရင် သူတို့ ကျွန်မ ယောက်ျားကို သေအောင် ရိုက်သတ်သွားကြမှာပေါ့ အရာရှိကြီးရယ် …”

ဟန်ကွေ့ကျစ်း မျက်ရည်များအား သုတ်ပြီး ပြောပြလိုက်သည်။

“ ထိုးလိုက်လည်း ကိစ္စမရှိဘူး.. ကျုပ် ဒီကိစ္စ ကိုင်တွယ်လိုက်မယ်… မပူနဲ့ …”

“ အရာရှိကြီး … ရှင် သူတို့ကို လုံးဝ လွှတ်ပေးလို့မရဘူးနော်… သူတို့ သိပ်တရားလွန်နေပြီ … လုံးဝ မင်းမဲ့စရိုက်တွေ …”

“ မပူနဲ့ … ကျုပ် ယူနီဖောင်းကို အာမခံပြီး ခင်များတို့အတွက် ကျိန်းသေပေါက် တရားမျှတမှုရအောင် လုပ်ပေးမယ် ….”

“ ကျေးဇူးအများကြီး တင်ပါတယ် အရာရှိကြီးရှင် …”

“ အဲ့တာ ကျုပ်တာဝန်ပါပဲ …”

“ အခုလောလောဆယ် ကောင်းကောင်း အနားယူလိုက်ဦး … ကျန်တာ ကျုပ်တာဝန်ထားလိုက် …”

စကားပြောပြိးနောက် လင်းရီ လူနာခန်းထဲက ထွက်လာခဲ့ပြီး ဝမ်လီကိုလည်း အပြင်သို့‌ ခေါ်လာခဲ့သည်။

“ ဆေးရုံမှာ လုံခြုံရေး ကင်မရာတွေ တပ်ထားတယ်မလား … ကျုပ် တစ်ချက် ကြည့်ချင်တယ်…”

“ အဲ့တာတွေ ရုံးခန်းထဲမှာ ရှိတယ်.. ကျွန်မ ရှင့်ကို အဲ့နေရာ ခေါ်သွားပေးမယ်…”

“ ကျေးဇူးပါပဲ…”

“ ရပါတယ်…”

မကြာမီ ဝမ်လီ၏ ဦးဆောင်မှုဖြင့် လင်းရီ လုံခြုံ‌ရေး ရုံးခန်းသို့ ရောက်လာခဲ့ပြီး စောင့်ကြည့်ကင်မရာ မြင်ကွင်းကို မြင်တွေ့သွားခဲ့သည်။

ကင်မရာမြင်ကွင်းအား လင်းရီ ကြည့်ရှုချင်သည်က ဖြစ်ရပ်ကို နားလည်ချင်သည့် အတွက်ကြောင့် မဟုတ်ဘဲ ဤလူများ၏ တည်နေရာကို ရှာဖွေဖို့အတွက် သဲလွန်စ ရှာဖွေချင်သောကြောင့် ဖြစ်၏။

စောင့်ကြည့်ကင်မရာ မြင်ကွင်းထဲတွင် လင်းရီသည် ကျန်းဝန်လိုင်နှင့် အခြားသူများ မောင်းလာခဲ့သည့် ကားများကို မြင်တွေ့လိုက်ရသည်။

ကင်မရာ ကွာလတီက အနည်းငယ် ဝါးသော်လည်းပဲ လိုင်စင်နံပါတ်များကိုတော့ ကောင်းမွန်စွာ မြင်တွေ့နေနိုင်ဆဲပင်။

ဤ သတင်း အချက်အလက်ဖြင့် ဆိုပါက ၎င်းတို့ မည်သည့်နေရာတွင် ရှိနေလဲဆိုတာ ရှာတွေ့ဖို့ မခဲယဉ်းတော့ချေ။

“ ဒီဗွီဒီယို ကျုပ်ကို ကော်ပီပေးလိုက်လို့ရလား … USB drive တော့ ပါမလာခဲ့ဘူး … မနက်ဖြန် လူကြုံနဲ့ ပြန်လာပေးလိုက်မယ်…”

“ အဲ့လုပ် အလုပ်ရှုပ်ခံနေဖို့ မလိုပါဘူး .. ကျုပ်တို့မှာ အပိုတွေ ပေါပါတယ်… တစ်ခု ထည့်ပေးလိုက်မယ်…”

ရဲအရာရှိ တစ်ဦးက အမှုကိုင်တွယ်ရန် ရောက်လာသည့်အတွက်ကြောင့် ဆေးရုံကလည်း အတော်လေး ပူးပေါင်းဆောင်ရွက်မှု ရှိသည်။

“ ဒုက္ခပေးမိပြီ …”

“ ရပါတယ်…”

ဆယ်မိနစ်ခန့်ကြာပြီးနောက် စောင့်ကြည့်ကင်မရာမြင်ကွင်းကို ကူးယူပြီးသွားခဲ့ပြီး လင်းရီ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော် လှမ်းအနည်းငယ် လျှောက်ပြီးသည့် အချိန်မှာပဲ လင်းရီ ရုတ်ချည်း ရပ်တန့်သွားခဲ့ကာ နောက်သို့လှည်ပြီး ဝမ်လီကို တစ်ဖန် ပြန်ကြည့်လိုက်သ်ည။

“ စကားမစပ် သူတို့ ဆေးဖိုးဝါးခက ဘယ်လောက်ကျလဲ …”

“ သူတို့ ပိုက်ဆံတွေ အကုန်သုံးပြီးသွားပြီ … ပြီးတော့ ယွမ် သုံးထောင်ကျော်လည်း အကြွေးတင်နေသေးတယ်…”

ဝမ်လီမှာ အခက်တွေ့နေသည်။ စွန်းမိသားစု၏ အခြေအနေကို သူမလည်း ကောင်းစွာ နားလည်ပေးသည်။

သို့သော် အလုပ်နှင့် ကိုယ်ရေးကိုယ်တာသည် သပ်သပ်စီဖြစ်ပြီး ဆေးဖိုးဝါးခ ကျသင့်ငွေများကိုတော့ ဆေးရုံထံ ပေးဆောင်ရပေမည်။

“ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ဦးမလဲ …”

“ နောက်ထပ် … ငါးထောင်လောက်ပေါ့ …”

“ ခင်များရဲ့ နံပါတ်ပြော … ကျုပ် တစ်သောင်းလွှဲပေးလိုက်မယ်… သူတို့ရဲ့ ဆေးဖိုးတွေ ကျုပ်ပေးလိုက်ပြီလို့ ပြောပေးလိုက်ပါဦး …”

လင်းရီ လုပ်ရပ်က ဝမ်လီကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ယင်းက လူ့အဖွဲ့အစည်းကြီးထဲတွင် လူကောင်းသူကောင်းတို့ ကျန်ရစ်နေသေးကြောင်း ပြသနေသည်။

ငွေလွှဲပေးပြီးနောက် လင်းရီ ဆေးရုံထဲက ထွက်လာခဲ့ကာ ကားထံသို့ ရောက်လာသည်။ ထို့နောက် ချိန်ပင်းချန်ထံ ဖုန်းဆက်လိုက်သည်။

“ ခေါင်းဆောင်ချိန် … ခင်များ အိပ်ပြီလား …”

“ မအိပ်သေးပါဘူး … အိမ်မှာ ကလေးတွေနဲ့ TV ကြည့်နေတာ … တစ်ခုခု ဖြစ်လို့လား …”

လူအနည်းငယ်သာလျှင် လင်းရီ၏ သေသတင်းကို သိရှိလိုက်ရပြီး ထိုလူနည်းစုထဲ၌ ချိန်ပင်းချန်လည်း ပါဝင်သည်။

သို့သော် နောက်ပိုင်း၌ ထိုအရာများက ကောလဟာလ သတင်းအတုများသာ ဖြစ်သည်ဟု တရားဝင် စာတစ်စောင် ထွက်လာခဲ့သည့် အတွက်ကြောင့် ချိန်ပင်းချန်လည်း ယင်းကို စိတ်ထဲ ထားမနေတော့ချေ။

ထို့ကြောင့် လင်းရီ ဖုန်းခေါ်ဆိုလာခဲ့သည်ကို မြင်တော့ သူ များများစားစား မအံ့ဩသွားခဲ့ခြင်း ဖြစ်၏။

“ ကျုပ် အခု လူတော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိုင်ရခက်တဲ့ အမှုတစ်ခုကို လိုက်နေတာ … ဗျူရိုရုံးခွဲလည်း အခက်တွေ့နေတယ်… ကျုပ် ခင်များဆီက အကူအညီယူပြီး စုံစမ်း စစ်ဆေးမှု တစ်ခုလောက် လုပ်ချင်လို့ …”

( T/N - ' သူ့ဖေ' နေရာမှာ တကယ်တော့ eng မှာက လောင်စွန်းလို့ ရေးထားတာ။ ကျနော် မသုံးချင်လို့။ ကျနော်တို့ အရပ်မှာက လင်မယား အချင်းချင်း သူ့ဖေ ၊ သူ့မေ အဲ့လို သုံးလေ့ရှိကြတယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ကျနော်ကတော့ အဲ့လို ထည့်သုံးလိုက်ပါတယ်။ )

All Chapters