လင်းရီ မသေသေးဘူးလို့ ငါထင်တယ်
Vol. 129 Ch. 1927
“ လူတွေအများကြီး ပါဝင်ပတ်သက်နေတယ် ဟုတ်လား …"
ချိန်ပင်းချန်သည် ရာထူးအမြင့်တွေ အတော်ကြာအောင် ရှိနေခဲ့ပြီသည့် လူတစ်ယောက်ဖြစ်သဖြင့် မကြာမီ အချိန်အတွင်းမှာပဲ ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သဘောပေါက်သွားခဲ့သည်။
ကိစ္စက အတော်လေး ပြင်းထန်လေးနက်သည့် အမှုတစ်ခု ဖြစ်ရမည်။ မဟုတ်ပါက လင်းရီကိုယ်တိုင် ကိုင်တွယ်ပြီး သူ့ထံ ဖုန်းခေါ်လာခဲ့မှာ မဟုတ်ချေ။
“ ပြဿနာ မဟုတ်ပါဘူးကွာ .. ကဲ ပြော .. ငါ့ကို ဘယ်လိုကူညီပေးစေချင်လဲ …”
“ ကျုပ် ကားလိုင်စင် နံပါတ်ပြားတချို့ ရထားတယ် … ခင်များလူတွေကို ဒီကားနံပါတ်တွေ ဘယ်သွားခဲ့လဲ ရှာပေးဖို့ ပြောလိုက် …”
“ အသေးမွှားလေးပဲ … ငါနဲ့ စိတ်ချထားလိုက် …”
“ ကျေးဇူးပါ ခေါင်းဆောင်ချိန် …”
“ အချင်းချင်းတွေပဲကို အားနာနေစရာ မလိုပါဘူး ..” ချိန်ပင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပဲ .. ငါ့အောက်ကလူတွေကို အရင် အသိပေးလိုက်ဦးမယ်… မင်းဆီ အမြန်ဆုံး ဖုန်းပြန်ဆက်လိုက်မယ်…”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီသည် ချိန်ပင်းချန်ထံ သူ မှတ်တမ်းတင်ထားသည့် လိုင်စင်နံပါတ်များအား ပို့ပေးလိုက်သည်။
ကျန်တာကိုတော့ တစ်ဖက်က ကြည့်ကြပ်ကိုင်တွယ်မှာ ဖြစ်၏။
ဤကိစ္စများ စီစဉ် ကိုင်တွယ်ပြီးနောက် လင်းရီ တခြား ဘယ်မျှ မသွားခဲ့ချေ။ သူ့ကားထိုင်ကို ချိန်ညှိလိုက်ရင်း နောက်သို့ မှီကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။
……..
ကျိုးဟိုင်ချရှင်း ဝက်ဂ်ယွီ ဘာဘီကျူးဆိုင်က အဆင့်မြင့် စားသောက်ဆိုင် တစ်ခု ဖြစ်ပြီး အထူးသဖြင့် ကောင်းမွန်သည့် ဝက်ဂ်ယွီ အမဲသားတို့က အဓိက ဟင်းလျာတစ်ခု ဖြစ်လေသည်။
ကျိုးဟိုင်၏ လူကုံထံ အသိုင်းအဝိုင်းထဲတွင် နာမည် အတော်ရသည့် စားသောက်ဆိုင် တစ်ခုဖြစ်၏။
တစ်ခါက မီချယ်လင်း ကြယ်အဆင့်သတ်မှတ်ပေးသည့် စာဖိုးမှူးတို့ တစ်ခါလာမြည်းစမ်းဖူးပြီး မီချယ်လင်း ကြယ်တစ်ပွင့်ပေးအပ်ချင်သော်လည်း ပိုင်ရှင်က ငြင်းဆန်ခဲ့ဖူးသည်ဟု ထိုကဲ့သို့သော ကောလဟာလများလည်း ရှိသည်။
ဆိုင်ရှင်ပေးသည့် အကြောင်းပြချက်ကတော့ ရှင်း၏။ သူ့ဆိုင် လူသိဖို့အတွက် မီချယ်လင်းက ကြော်ငြာပေးမှုကို မလိုအပ်ချေ။
ယင်းက စားသောက်ဆိုင် ပိုင်ရှင်၏ သူ့ လက်ရာအပေါ် ခိုင်မာသည့် ယုံကြည်ချက် သဘောထားအား ပြသနေသည်။
စားသောက်ဆိုင်တွင် မိန်းဟောခန်းကြီးဟူ၍ မရှိပေ။ အကုန်လုံးက သီးသန့်ခန်းများသာ ဖြစ်၏။
တစ်ယောက်လျှင် ပျှမ်းမျှ ကုန်ကျစရိတ်က ယွမ်တစ်ထောင်ဆိုသော်လည်းပဲ လူတို့မှာ ပေးရသည့် ဈေးနှင့် ထိုက်တန်သည်ဟု ခံစားရသည့်အတွက်ကြောင့် ပျော်ပျော်ရွှင်ရွှင်ပဲ လာရောက်စားသောက်ကြကာ အဆိုပါ သီးသန့်ခန်းတို့ လစ်လပ်သည်က အင်မတန်ရှား၏။
ထိုလူများအနက် ချင်းဟန်သည်လည်း တစ်ဦး အပါအဝင်ပင်။
သီးသန့်ခန်းထဲတွင် ချင်းဟန်၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ အားလုံး စုဝေးနေကြ၏။
စစချင်းတုန်းက ကျီချင်းရန်သည် ကုမ္ပဏီ၌ အချိန်ပိုဆင်းရင်း အလုပ်များနေခဲ့၏။ သို့သော် အဆုံး၌ ဟော်ယွမ်ယွမ်က သူမကို မရမက ဤနေရာသို့ ရောက်အောင် ဆွဲခေါ်လာခဲ့သည်။
“ အစ်မကျီ .. နင် များများစားပေး …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒီ အမဲသားလေးလည်း စားပေး … အရသာက အထူးကောင်းတာနော်…”
“ အင်း … ကောင်းပါတယ်… “ ဟော်ယွမ်ယွမ် အပြုံးတစ်ခုကို အတင်း လုပ်ယူလိုက်ရင်း “ ဒါပေမယ့် ငါ နေ့လည်စာ စားတာများသွားလို့ ဗိုက်မဆာသေးဘူး …”
“ ညရှစ်နာရီကျော်နေပြီကို နေ့လည်စာ ဘယ်လောက်ပဲ စားထားတယ်ပြောပြော အခုလောက်ဆို ဗိုက်ဆာသင့်နေပြိ …”
ဟော်ယွမ်ယွမ် လုံးဝ လက်မလျှော့။ ကျီချင်းရန်၏ ပန်းကန်လုံးထဲသို့ နောက်ထပ် အသားဖက်အနည်းငယ် ထည့်ပေးလိုက်ပြီး သူမကို များများစားချင်နေသည်။
သို့သော် ကျီချင်းရန်မှာ ကြက်သွန် တစ်ဖက်ကိုသာ ကောက်ညှပ်လိုက်ပြီး ရေတစ်ငုံမော့လိုက်သည်။ ကင်ထားသည့် အမဲသားကို တို့ပင် မတို့ခဲ့ချေ။
ဟော်ယွမ်ယွမ် ကူကယ်ရာမဲ့သွားခဲ့၏။ ကျီချင်းရန်မှာ လတ်တလော ဝိတ်ချနေပြီး ပုံမှန် စားနေကျထက် တစ်ဝက်မျှပင် မစားတော့ချေ။
အကယ်၍ ယခုလို အတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက ရှိရင်းစွဲ ပေါင် ၉၀ ဝိတ်ကိုပင် ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ချေ။
ချင်းဟန်နှင့် ကျန်သူများလည်း ထိုင်ခုံနောက်သို့ မှီလျက် ထိုင်နေကာ ပျင်းပျင်းရိရိနှင့် ဆေးလိပ်သောက်နေခဲ့ကြသည်။
သူတို့လည်း ဘာလုပ်လို့ လုပ်ပေးရမှန်း မသိတော့ချေ။ အကယ်၍ ယခုလို အတိုင်း ဆက်သွားနေမည်ဆိုပါက လူပါဒေါင်းပြီး ဆေးရုံတင်လိုက်ရနိုင်သည်။
“ အစ်မကျီရယ် … ဒီအခြေအနေအထိ ရောက်လာခဲ့ပြီးနေပြီကို အရမ်း စိတ်အစွဲကြီး မထားနဲ့လေဟယ်…” ဟော်ယွမ်ယွမ် သက်ပြင်းချပြီး သူမကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။
“ သူဌေးက သွားခဲ့ပြီ … အစ်မကျီ နင်ကိုယ့်စိတ်ကိုယ် ပြန်စုစည်းသင့်တယ်… ကုမ္ပဏီကြီးနှစ်ခုက နင့်အပေါ်မှာ မူတည်နေတာနော်…”
“ လင်းယွင် အုပ်စုကို နင်နဲ့ ချီရှန်းကျောက်ပဲ ဦးဆောင်လိုက်ပါ … ချောင်ရန် အုပ်စု တစ်ခုတည်းနဲ့တင် ငါ ခေါင်းအတော် ကိုက်နေပြီ …”
“ သူဌေးက လင်းယွင်အုပ်စုကို အစ်မလက်ထဲ ထည့်ပေးခဲ့တာလေ… ကျွန်မတို့ ယူလို့ ဘယ်ဖြစ်မှာလဲ …” ဟော်ယွမ်ယွမ် အလျှော့မပေးတမ်း ပြောလိုက်ပြီး “ ပြီးတော့ ရှေ့ရက်တွေတုန်းက အစည်းအဝေးမှာ အစ်ကိုချီ အကုန်လုံးကို ရှင်းပြထားပြီးသား … ကုမ္ပဏီနှစ်ခုရဲ့ ငွေရေးကြေးရေး ကိစ္စတွေကို ဖြည်းဖြည်းချင်း စုစည်းတော့မှာ … အစ်မကျီ စုစည်းသည် ဖြစ်စေ ၊ မစုစည်းသည်ဖြစ်စေ လင်းယွင်အုပ်စုက အစ်မကျီဥစ္စာပဲ …”
“ တကယ်တော့ ငါ အာရုံတစ်ခု ရနေတယ်သိလား ..” ကျီချင်းရန်၏ အကြည့်က စားပွဲပေါ်ရှိ ဝိုင်ခွက်ထံတွင် စူးစိုက်နေခဲ့ပြီး “ လင်းရီ မသေသေးဘူးလို့ ငါ ထင်တယ်…”
“ တကယ်….”
လေးယောက်လုံး ခေါင်းလှည့်လာပြီး ကျီချင်းရန်ကို ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်လာခဲ့ကြသ်။
ဟော်ယွမ်ယွမ်မှာ ကျီချင်းရန်၏ လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်၏။
“ အစ်မကျီ … နင် ဒီလို မလုပ်နဲ့လေ…. နင် ဒီလိုလုပ်လေ ငါတို့ ပိုပြီး စိုးရိမ်ရလေပဲနော်….”
“ ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ မဟုတ်ဘူး … တကယ်ကြီး အဲ့လို ခံစားနေရတာ …” ကျီချင်းရန်၏ လေသံက သာမန် ပုံပြင် ဇာတ်လမ်းတစ်ခုကို ပြောပြသည့်နှယ် တည်ငြိမ်နေခဲ့သည်။
နောက်မိနစ် အတွင်းမှာပဲ ဟော်ယွမ်ယွမ်နှင့် အခြားသူများကို ဒူဘိုင်းတွင် သူမ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များအား ပြန်ပြောင်းပြောပြလိုက်၏။
ကျီချင်းရန်၏ ဇာတ်လမ်းကို နားထောင်ပြီးသည့်နောက်တွင် လေးယောက်လုံးမှာ ငြိမ်ကျသွားခဲ့ကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ တခုခု ထူးခြားနေသည်ကတော့ အမှန်ပင်။
လင်းရီနှင့် တစ်ပုံစံတည်း ဆင်တူသည့် လူက မည်သူနည်း။
သူက အဘယ်ကြောင့် လက်ဗွေရာသော့ကို သူ့လက်ဗွေရာနှင့် ဖွင့်နေနိုင်သနည်း။
အကယ်၍ သူသာ နည်းပညာမြင့် ပစ္စည်းတစ်ခုခုဖြင့် အောင်အောင်မြင်မြင် ဝင်ရောက်နိုင်စေဦးတော့ ဗီလာကြီး တစ်ခုလုံး၌ အဘယ်ကြောင့် ဓာတ်ပုံဘောင်တစ်ခုကိုသာလျှင် ယူဆောင်သွားခဲ့ပြီး ရဟတ်ယာဉ်ပေါ် ပြန်တက်သွားခဲ့သနည်း။
‘ ဒီလိုတွေ လုပ်နေရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ ….’
“ နင်တို့ ဘယ်လိုထင်လဲ …” ဟော်ယွမ်ယွမ်သည် ကောင်းကျုံးယွမ်နှင့် ကျန်နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်၏။
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့မှာ ခေါင်းသာ ခါယမ်းလိုက်ကြပြီး မည်သည့် ထင်မြင်ချက်မျှ မပေးခဲ့ချေ။
အတိအကျဆိုပါက သူတို့တွင်လည်း သူတို့ထင်မြင်ချက်နှင့် သူတို့ ရှိ၏။ သို့သော် ထုတ်မပြောဝံ့ခဲ့ချေ။
ဆေးရုံ၌ပင် တကယ့် ဒိတ်ဒိတ်ကျဲ ဒေါက်တာကြီးများနှင့် နည်းပညာမြင့် စက်များက လင်းရီ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ သူ တစ်ယောက် အသက်ပြန်ရှင်လာဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်ချေ မရှိပေ။
ဤနေရာတွင် နားလည်ထားရမည်က သူ့ကို ကုသပေးခဲ့သည့် ဆေးရုံမှာ ဟွာရှတွင် နာမည်အကြီးဆုံး ဆေးရုံပင်။ ထို့ပြင် လင်းရီ၏ အထောက်အထားဖြင့် ဆိုပါက မည်သည့် လွဲချော်စရာမျှ ဖြစ်နိုင်ချေ မရှိပေ။
ဗာဟီရပေါင်းစုံကို ကျော်ဖြတ်ပြီး ဓာတ်ပုံဘောင်ကို ယူဆောင်သွားသည့်လူကတော့ အခြားတစ်ယောက်သာလျှင် ဖြစ်ရမည်။ သံသယ တရားခံက မည်သူလဲဆိုတာကို သူတို့ မသိရုံမျှပင်။
“ လျန်ကြီး … နင်ရော …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ နင့်ဦးနှောက်က ဟိုနှစ်ယောက်ထက် ကောင်းတယ်.. နင်ထင်တာတွေ ပြောစမ်းပါ …”
“ မဟုတ်တာတွေ .. ငါက ဒီတိုင်း ဆန်ကုန်မြေလေး သူဌေးသား တစ်ယောက်ပါပဲကွာ … စားမယ်၊ သောက်မယ် ၊ ပျော်မယ် ပါးမယ် ၊ ဒီလို ကိစ္စမျိုးတွေကျတော့ ဦးနှောက်က စဉ်းစားလို့ မထွက်ဘူး … ခေါင်းကိုက်တတ်တယ်…” လျန်ကျင်းမင် မျက်နှာတစ်ချက် မပျက်ဘဲ ပြောလိုက်သည်။
“ ကဲ မင်းတို့ ပြောနှင့်ကြဦး … ငါ စထွင်မာစော်အလန်းလေးကို သွားအမ်းလိုက်ဦးမယ်… နောက်လေးငါးရက်လောက်ဆို အိတ်ထောင်ထဲ ထည့်နိုင်တော့မှာ …”
“ ချီးပဲ … နင် တစ်ခုခု အသုံးကျတာလေး မလုပ်နိုင်ဘူးလား …”
“ သူ့ကို လွှတ်ထားလိုက် …” ကောင်းကျုံးယွမ် ဝင်မှတ်ချက် ပေးလိုက်သည်။ “ ဒီကောင်က ဖိနပ်လျက်တဲ့ကောင် ဖြစ်သွားပြီ… သူ့အကြောင်း တွေးမိတာနဲ့ ငါ့မှာ ကြက်သီးတောင် ဖြန်းတယ်…”
“ ငိုးပဲ … မင်းတို့လို ဝအောင် စားရတဲ့ကောင်တွေကတော့ ဆာလောင်တဲ့ ခံစားချက်က ဘယ်လိုဆိုတာကို ဘယ်တော့မှာ နားလည်မှာ မဟုတ်ဘူး … ငါ့မှာ ကောင်မလေးမှ မရှိတာ … အဲ့တော့ တနည်းနည်းနဲ့ စိတ်ဖြေရမှာပဲလေ…”
လျန်ကျင်းမင် ပြောလိုက်ပြီး “ မင်းဘာမင်း ငါ့ကို ဖိနပ်လျက်တယ်ပဲ ပြောပြော … ဘာလျက်တယ်ပဲ ပြောပြော ကိစ္စ မရှိဘူး … ဒီစထွင်မာစော်လေးက သောက်ရမ်းကိတ်တာ … ငါ ဟုမ်းရမ်း ရိုက်နိုင်ရင် မင်းတို့ကို တစ်ဝိုင်းတိုက်မယ်… ဘာပဲဖြစ်ဖြစ်ကွာ … ငါ့ကို လျစ်လျူရှုထားလိုက် ….”
လျန်ကျင်းမင်မှာ စကားဝိုင်းကနေ ဘေးထွက်နေပြီး သူ့ တခြား ကိစ္စများသို့သာ အာရုံစိုက်နေလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ချင်းဟန်တို့နှင့် အတွေးတူနေခဲ့သောကြောင့်ပင်။ ပြည်ထောင်စု ဆေးရုံက အတည်ပြုသည့် ဆေးမှတ်တမ်းက အမှားအယွင်း ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။
“ ငါတို့တွေ ဒီကိစ္စ သေချာစုံစမ်းကြည့်သင့်တယ် ထင်တယ်နော်… ဘာပဲ ဖြစ်ဖြစ် တခြားလုပ်စရာမှ မရှိတာ ဟုတ်တယ်မလား …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီ ဓာတ်ပုံဘောင်ကိုတော့ ရအောင် ပြန်ယူရမယ်လေဟုတ် …”
ယခု ကိစ္စတွင် သံသယ ဝင်စရာ အချက်တချို့ ရှိပါသော်လည်း ထိုအချက်တစ်ခုတည်းနှင့် လင်းရီ အသက်ရှင်နေသေးသည်ဟု သုံးသပ်ဖို့က စောလွန်းလှ၏။
သို့သော် သူမတွင် ရွေးချယ်စရာ မရှိပေ။ ကျီချင်းရန် စိတ်ခွန်အား ဖြစ်စေဖို့အတွက် သူမဘက်က အပြည့်အဝ ရပ်တည်ပေးဖို့လိုသည်။
မဟုတ်ပါက သူမ၏ အစ်မကျီမှာ လင်းရီ၏ စိတ်ဖြင့် လုံးပါးပါးသွားလိမ့်မည်။
“ ပြဿနာ မရှိဘူး … ငါနဲ့ ကောင်းကြီးရဲ့ တာဝန်ထားလိုက်… ငါတို့နှစ်ယောက် အဲ့လူကို ကျိန်းသေပေါက် လိုက်ရှာပေးမယ်…” ချင်းဟန် ပြောလိုက်သည်။
“ ငါချီးတဲ့မှ သောက်ကျိုးနည်း လခွမ်းတွေ ဖြစ်နေလား …”
အကောင်းအတိုင်း ရှိနေရာမှ လျန်ကျင်းမင် ရုတ်တရက် ထဆဲလာသည့်အတွက် ကျန်သူများမှာ ကြက်သေသေသွားခဲ့လေသည်။