အမှန်တရားအား သိရှိသွားခြင်း
Vol. 129 Ch. 1928
“ ငိုးမကောင် မင်း ဘာထဖြစ်တာ … ငါ ဆေးလိပ်ပြာခွက်နဲ့ ကောက်ထုလိုက်ရ ..” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ငါ ခုလေးတင် စထွင်မာစော်လေးကို အမ်းနေတာ မင်းတွေ့လိုက်လား … သူ လိုင်းဆင်းသွားတော့ ငါ တစ်တော့ကြည့်နေတာ အခုလေးတင် လင်းကြီးနဲ့ တထေရာတည်းဆင်တဲ့ တစ်ယောက်ကို တွေ့လိုက်လို့… စောက်ကျိုးနည်း လုံးဝကို တစ်ပုံစံတည်းကွာ …
“ ငိုးမ အတည်ကြီးလား … ငါ တစ်ချက်ကြည့်ဦးမယ်..”
ချင်းဟန် ဖုန်းယူပြီး ဗွီဒီယိုကို ကြည့်လိုက်သည်။
တကယ့်ကိုပင်။ ထိုလူက လင်းရီနှင့် အတော်လေး ဆင်တူနေကြောင်းကို သူ သတိပြုမိသွားခဲ့သည်။
ထို့နောက် ဖုန်းကို တခြားလူထံ ပေးလိုက်ပြီး ကျန်သုံးယောက်လည်း သူ့အတိုင်း တွေးတောမိသွားခဲ့ကြသည်။
လူ မျက်နှာက အနည်းငယ် ဝါးနေသော်လည်းပဲ ကိုယ်လုံးကိုယ်ပေါက် ဖြစ်စေ ၊ ဘေးတစောင်း ပုံရိပ်ပင် ဖြစ်စေ ၊ အကုန်လုံးက လင်းရီနှင့် တစ်ထပ်တည်း နီးပါးတူညီနေသည်။
ဗွီဒီယိုက လင်းရီ ရှန်းတောင်၌ ကျူးကျင်းဝူနှင့် ယှဉ်ပြိုင်နေသည့် ဗွီဒီယိုအတိုလေး ဖြစ်၏။
သို့သော် ကြည့်ရှုသူ ဧည့်ပရိသတ် တစ်ယောက်က တိတ်တဆိတ် ခိုးရိုက်ထားသည့် အပြင် အတော်လေးလည်း အလှမ်းဝေးနေသည့် အတွက်ကြောင့် လင်းရီ၏ မျက်နှာကို သေချာစွာ ရှုမြင်နိုင်ဖို့ မဖြစ်နိုင်ခဲ့ချေ။
ထို့ပြင် ဤဗွီဒီယို နာမည်ကြီးလာရခြင်း အကြောင်းအရင်းလည်း ရှိ၏။
ရှီးယွင် ဘုရားကျောင်းက နာမည်ကြီး နေရာတစ်ခုဖြစ်ပြီး လူလိမ်များ စုဝေးရာ နေရာတစ်ခုပင်။ သူတို့ ပြောပြောနေကြသည့် တာအို အတွင်းအားနှင့် ကိုယ်ဖော့နည်းစနစ်တို့က သာမန်လူတစ်ယောက်ကိုပင် မယှဉ်သာနိုင်လေရာ ထိုအချက်တစ်ခုတည်းနှင့်တင် ဗွီဒီယိုကို hot topic သို့ ရောက်ရှိအောင် ပြုလုပ်နိုင်စွမ်း ရှိလေသည်။
သို့သော် ယခု ရှိနေကြသည့် လူများက များသောအားဖြင့် အလုပ်ကိစ္စများနှင့်သာ အလုပ်ရှုပ်နေခဲ့ကြပြီး တစ်တော့ကြည့်ဖို့ အချိန်ပင် မရပေ။ အကယ်၍ ရခဲ့လျှင်လည်း လျန်ကျင်းမင်နည်းတူ စထွင်မာစော်လေး တစ်ယောက်ယောက်အား အမ်းပေးနေမှာ ဖြစ်၏။
၎င်းနောက် သူတို့အားလုံး ဤအကြောင်းအရာနှင့် ဆက်စပ်သည့် ဗွီဒီယိုများအား လိုက်လံ ရှာဖွေကြည့်တော့သည်။ သို့သော် အကြောင်းအရာနှင့် ကင်မရာရိုက်ထားသည့် ရှုထောင့်က အားလုံးနည်းပါး တူညီနေသည်။
ကျီချင်းရန်မှာ ဖုန်းကို အချိန်အတော်ကြာအောင် ငေးမောနေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပင် စတင် တုန်ယင်လာခဲ့၏။
“ ဒါ လင်းရီ ဖြစ်မယ်လို့ ငါ ထင်တယ်… သူ တကယ်မသေဘူး …”
အကယ်၍ ဤစကားလုံးများကို စောနတုန်းကသာ သူမ ပြောခဲ့မည်ဆိုပါက ချင်းဟန်နှင့် ကျန်သူများမှာ ကျီချင်းရန် ထင်ယောင်ထင်မှား ဖြစ်သည်ဟု ကျိန်းသေပေါက် တွေးတောမိကြလိမ့်မည်။
သို့သော် ယခု ဤဗွီဒီယိုနှင့် ဓာတ်ပုံဘောင် ပျောက်ဆုံးနေသည့် အဖြစ်အပျက်ကို ဆက်စပ်ကြည့်လိုက်တော့ ….
ဤဖြစ်ရပ်က ထူးဆန်းလာနေချေပြီ။
သို့သော် အတိအကျ ဘာတွေ ဖြစ်နေလဲဆိုတာကိုတော့ မည်သူမျှ ပြောမပြနိုင်ခဲ့ချေ။
“ ဒီမှာပဲ ထိုင်မနေနဲ့လေ… တခြား ပိုကြည်တဲ့ ဗွီဒီယိုတွေ ရှိမလား ကြည့်ကြတာပေါ့ … ဒီတစ်ခုက တော်တော်ကြီးကို မရှင်းဘူး …” ချင်းဟန် ပြောလိုက်သည်။
သူတို့ အားလုံးလည်း ဖုန်းကိုယ်စီ ထုတ်ကာ စတင်ပြီး ပွတ်ဆွဲရှာဖွေကြတော့၏။
“ ငိုးပဲ .. ငါနောက်တစ်ခု ထပ်တွေ့ထားတယ်.. ဒါ လင်းကြီးပဲ မဟုတ်လား …”
ကောင်းကျုံးယွမ် ကျိန်ဆဲလိုက်ပြီး အုပ်စု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့အားလုံး ပို၍ စိတ်လှုပ်ရှားလာခဲ့ကြပြီး စားပွဲမှ ထကာ ကောင်းကျုံးယွမ်အနား စုပြုံလာသည်။
သို့သော် ကောင်းကျုံးယွမ် ရှာတွေ့ထားသည့် ဗွီဒီယိုက ရှီးယွင် ဘုရားကျောင်းကိစ္စ မဟုတ်ဘဲ ထိုအစား ယွီချိုင် အထက်တန်းကျောင်းရှိ ဖြစ်ပွားသွားခဲ့သည့် ကျောင်းတွင်း အနိုင်ကျင့် ဖြစ်ရပ်ဖြစ်၏။
ဤဗွီဒီယိုကို တစ်တော့ပေါ် တင်လိုက်သည့်လူက ကျောင်းက ဆရာ၊ ဆရာမများနှင့် ကျောင်းကို ဖုန်းယူလာခဲ့သည့် ကလေးတစ်ချို့ပင်။
ရှီးယွင် ဘုရားကျောင်းတွင် ရိုက်ကူးထားသည့် ဗွီဒီယိုများနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက ယွီချိုင် အထက်တန်းကျောင်းတွင် ရိုက်ကူးထားသည့် ဗွီဒီယိုတို့က ပိုပြီး ကြည်လင် ပြတ်သားနေသည်။
လင်းရီ၏ မျက်နှာကိုပင် သူတို့ ဓာတ်ပုံအနည်းငယ် ရိုက်ထားခဲ့ကြသေးသည်။
ဤဗွီဒီယိုကို ကြည့်ရှုပြီးသည့်နောက် ဗွီဒီယိုထဲရှိ လူက တကယ်ကြီး လင်းရီ ဆိုတာကို သူတို့တွေ ပိုပြီး သေချာသွားခဲ့ကြတော့၏။
ဤတစ်ကြိမ်တွင်တော့ လင်းရီ အသက် မသေသေးကြောင်းကို သူတို့ အလွန်အမင်း သေချာသွားခဲ့တော့သည်။
လင်းရီ အသက်ရှင်နေသေးသည်။
အဘယ်ကြောင့်ဆိုသော် ဤမျှ ရုပ်ချင်းဆင်တူသည့် လူနှစ်ယောက်က ကမ္ဘာကြီးထဲ မရှိနိုင်သောကြောင့်ပင်။
သီးသန့်ခန်းထဲရှိ လေထုမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး လေးလံသည့် နှလုံးခုန်သံနှင့် သူတို့၏ အသက်ရှူသံကိုသာ ကြားနေရသည်။
ဤသတင်း၏ သက်ရောက်မှုက သူတို့အပေါ် အင်မတန် ကြီးမားလှသည်။
အချိန်အတော်ကြာပြီးသည့်နောက် အားလုံး၏ စိတ်ခံစားချက်တို့မှာ ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။
“ လင်းကြီးကွာ ... ဒီကောင် ဘာတွေ လုပ်နေတာလဲတဲ့ … သူ အသက်ရှင်နေသေးတယ်ဆိုလည်း ဘာလို့ သတင်းတစ်ခုမှ မကြားရတာ …” လျန်ကျင်းမင် ပြောလိုက်သည်။
“ သူ့ဆီ ဖုန်းဆက်ပြီး မေးကြတာပေါ့ … သူ့ အရင် ဖုန်းအဟောင်းက ခေါ်လို့ရသေးလား မသိဘူး …”
ချင်းဟန် ဖုန်းထုတ်ပြီး လင်းရီရဲ့ နံပါတ်ကို ခေါ်ရန် ဟန်ပြင်လိုက်၏။
တစ်ချိန်တည်းတွင် အခြားသူများ၏ အကြည့်က သူ့ထံသို့ စုပြုံနေသည်။
လင်းရီ၏ နံပါတ်ကို ချင်းဟန် နှိပ်လိုက်ပြီး စပီကာ ဖွင့်ထားလိုက်၏။
တစ်ကြိမ် … နှစ်ကြိမ် …၊ … ငါးကြိမ် ခန့်တုန်ခါပြီးနောက် အလိုအလျောက် ဖုန်းကျတော့မည့် အချိန်မှာပဲ ဖုန်းက ဝင်သွားခဲ့သည်။
“ လင်းကြီး … မင်းလား …”
“ ဘာတွေ စိတ်လှုပ်ရှားနေတာ …”
ရင်းနှီးနေသည့် အသံက ဖုန်းထဲမှ ထွက်လာသည်ကို ကြားတော့ ချင်းဟန် သူ၏ စိတ်ခံစားချက်တို့အား ဆက်ပြီး ထိန်းမထားနိုင်တော့ချေ။
“ ငါယီး ... မင်း လခွမ်းတွေ ဖြစ်နေတာလား … မင်း မသေဘူးဆိုလည်း ဘာလို့ ငါတို့ကို မပြောပြတာ … မင်းရဲ့ ဗွီဒီယိုကိုသာ မမြင်ရင် ဘာတွေ ဖြစ်နေလဲဆိုတာ အခုထက်ထိတောင် သိသေးဦးမှာ မဟုတ်ဘူး …”
ဖုန်းတစ်ဖက်ခြမ်းရှိ လင်းရီမှာ စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့သည်။
“ ဒါက အထက်ကြီးအကဲတွေ စီစဉ်ထားတဲ့ သတင်းအတုပဲ .. ငါ့မှာ လုပ်စရာ တခြား မစ်ရှင်တွေ ရှိသေးတယ်… ဒါကြောင့်မို့ မင်းတို့နဲ့ အချိန်တစ်ခုလောက်အထိတော့ တွေ့နိုင်ဦးမှာ မဟုတ်သေးဘူး … မဟုတ်ရင် မင်းတို့ကောင်တွေ အကုန် သေကုန်လိမ့်မယ်…”
ဟစ် …
လင်းရီ၏ စကားက ချင်းဟန်နှင့် ကျန်သူများကို ကြက်သီးဖြန်းသွားစေခဲ့သည်။
ရန်ကျင်းသို့ သွားသည့် ခရီးစဉ်မှတဆင့် လင်းရီ၏ အထောက်အထားကို သူတို့ ရေးတေးတေးလေးတော့ ခန့်မှန်းထားမိသည်။
သူ့တွင် အင်မတန်ကို ကြီးကျယ်ခမ်းနားသည့် အစိုးရ နောက်ခံတစ်ခု ရှိထား၏။ ယင်းကလည်း အလွန်အမင်း လျှို့ဝှက်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ဟန်ပင်။ မဟုတ်ပါဘဲ နိုင်ငံခြားအထိ မစ်ရှင်များ လုပ်ဆောင်ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထိုသို့သာ မဟုတ်ခဲ့ပါက သူ၏ သေသတင်းက ဒိတ်ဒိတ်ကျဲ တော်တော်များကို တက်ရောက်ပြီး အရိုအသေလာပေးရန် ဆွဲဆောင်နိုင်ဖို့က ပိုလို့ပင် ဖြစ်နိုင်မှာ မဟုတ်ချေ။
ထိုအကြောင်းတွေးမိတော့ သူတို့တွေ ကူကယ်ရာမဲ့စွာဖြင့် မွေးညှင်းပေါက်တို့ ထောင်ထသွားခဲ့ကြသည်။
သူ အမှောင်ထဲမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နေရတဲ့အရာက သူတို့ စိတ်ကူးထားတာထက်ကို ကြီးလေးနေတာပဲ …
“ ဒါဆို အဲ့ဒီ ကန့်သတ်ချိန်က ဘယ်တော့လောက် ပြီးမလဲ …”
“ တစ်သက်လုံးလည်း ဖြစ်သွားနိုင်တယ်…” လင်းရီ ပြောလိုက်ပြီး “ အခုတောင် မင်းတို့ကို စစ်တပ်က နောက်ယောင်ခံလိုက်ပြီး ကာကွယ်ပေးထားရတာ … ဒါပေမယ့် နောက်ရက်နည်းနည်းကြာရင်တော့ အခုလောက်ထိ မတင်းကြပ်လောက်တော့ပါဘူး … အနည်းဆုံးတော့ ငါတို့ကောင်တွေ တွေ့ရဖို့က ပြဿနာ မရှိလောက်တော့ဘူး … ဒါပေမယ့် အခုလောလောဆယ်တော့ ဂရုစိုက်တာက ပိုကောင်းတယ်…”
ချင်းဟန် ခေါင်းမော့ပြီး ကျီချင်းရန်ကို တစ်ချက် ခိုးကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းအစုံက နီရဲနေခဲ့ပြီး စကားဝင်ပြောဖို့ ရည်ရွယ်ချက် မရှိသည်ကို မြင်တော့ ချင်းဟန် ဖုန်းထံသို့ အကြည့်ပြန်ပို့လိုက်၏။
“ အေးအေး … မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး … အခြေအနေကောင်းရင် ငါတို့ဆီ ဆက်သွယ်လိုက် …”
“ သိပြီ … ငါ ဖုန်းအရင် ချလိုက်တော့မယ်…”
ချင်းဟန် ဖုန်းချလိုက်၏။ သို့သော် သီးသန့်ခန်းမှာမူကား တိတ်ဆိတ်လျက်သာ ရှိနေဆဲပင်။
ထိုအချိန်မှာပဲ ကျီချင်းရန်၏ မျက်ရည်တို့က တိတ်ဆိတ်နေမှုကို ချိုးဖောက်လာသည်။
စားပွဲပေါ်သို့ လက်မှောက်လိုက်ရင်း သူမ၏ ကိုယ်မှာ တသိမ့်သိမ့် တုန်ခါနေခဲ့သည်။
အခြားသူများအဖို့ … ဤသည်က ဝမ်းသာပျော်ရွှင်ရမည့် ကိစ္စ တစ်ခုဆိုသော်ငြားလည်း ကျီချင်းရန် အတွက်ကတော့ သူမ မည်သို့ နားလည်ရမှန်းပင် မသိတော့သည့် ရှုပ်ထွေးသည့် ကိစ္စရပ်တစ်ခုပင်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သည့် ခံစားချက်မျိုးစုံတို့က စိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ဤနည်းလမ်းဖြင့် စိတ်ဖြေဖို့ လိုသည်။
သို့သော်လည်းပဲ ဤသည်က ကောင်းသည့် အရာတစ်ခုဖြစ်၏။
ခေတ္တကြာပြီး သူမ၏ စိတ်ခံစားချက်တို့ တည်ငြိမ်သွားသည်နှင့် အရာအားလုံး ပြန်အဆင်ပြေသွားလိမ့်မည်။
ဟော်ယွမ်ယွမ်မှာ သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးရင်း သူမကို နှစ်သိမ့်ပေးနေသည်။
“ အစ်မကျီ … မငိုနဲ့တော့ … အနည်းဆုံးတော့ သူ အဆင်ပြေနေသေးတယ်ဆိုတာ သိရပြီလေ… ဒါ အဆိုးထဲက အကောင်းပဲမလား …”
“ လင်းကြီးရဲ့ အထောက်အထားက ငါတို့နဲ့မှ မတူတာ .. သူ့မှာလည်း ရွေးချယ်စရာ မရှိလို့သာ ဒီလိုတွေ လုပ်နေရတာ နေမှာပေါ့ … ခဏဆို ပြန်အဆင်ပြေသွားလိမ့်မယ်… သူ့ဆီက သတင်းကို ထိုင်စောင့်နေရင်ရပြီ .."
“ လင်းကြီးက လွန်ကို လွန်ပါတယ်ကွာ … ဘာမို့လို့ အဲ့လို အလုပ်တွေကို ဒီလောက်ထိ ကြိုးစားပမ်းစားတွေ လုပ်နေရတာ … အေးဆေးလေး ချမ်းချမ်းသာသာ နေနေရတာ မကောင်းလို့လား …”
“ တကယ်လို့ လင်းရီသာ သာမန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လိုမျိုး ရှိနေရင် ဒီလိုမျိုး လွယ်ကူနေမယ်ထင်လား …” ချင်းဟန် ပြောလိုက်သည်။ “ တွေးကြည့်လေ.. လင်းကြီးက ငါတို့ကို နောက်ကွယ်ကနေ ဘယ်လောက်တောင် ကူညီပေးထားလဲ … ငါတို့ရဲ့ ဈေးကွက်တန်ဖိုးတွေ အချိန်တိုအတွင်း ဘယ်လောက်တောင် တိုးလာခဲ့ပြီလဲ … သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ လမ်းခရီးက ဒီလောက်ထိ အဆင်ပြေသာယာ မဟုတ်ဘူး …”
သူတို့အားလုံး တိတ်ဆိတ်ကုန်ကြသည်။
ထိုအခါမှပဲ သူတို့အားလုံး သတိထားမိသွားခဲ့ကြ၏။
အမှန်တကယ်တော့ … သူတို့က လင်းရီရဲ့ ကာကွယ်ပေးမှုအောက်မှာ အမြဲတမ်း ရှိနေခဲ့ကြသူများပင်။