← Chapters

သန်းခေါင်ယံနောက်ပိုင်း တွေ့ဆုံမှု

Vol. 129 Ch. 1932

သန်းခေါင်ယံနောက်ပိုင်း တွေ့ဆုံမှု

Vol. 129 Ch. 1932

ညသန်းခေါင်တွင် Gulfstream G550 သီးသန့်လေယာဉ်သည် ဟောင်ကောင် နိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။

အနက်ရောင် Rolls Royce Phantom နှင့် မာစီးဒီး S အမြင့် နှစ်စင်းတို့မှာ လေဆိပ်တွင် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြ၏။

လေဆိပ်၏ တင်းကြပ်သည့် စည်းမျဉ်းတို့အရ ယခုလို ကားမောင်းလာနိုင်ဖို့ဆိုသည်မှာ အတော်လေး မဖြစ်နိုင်သည့် အရာတစ်ခုပင်။

လုပေချိန်တို့ လင်းကျင်ကျန့်ကို လာကြိုစဉ်က ကားကို အတွင်းထဲထိ မောင်းဝင်လာသည့်နည်းတူ ယခုလည်း ဟောင်ကောင်၌ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေါ်နေခဲ့သည်။

Rollos Ryce Phantom ရှေ့တွင် လူ ကိုးဦး မတ်တပ်ရပ်နေခဲ့ကြပြီး ရှေ့ဆုံးတွင် ရှိနေသည့်လူက အပြာရင့်ရောင် suit နှင့် အသက် ၄၀ အရွယ် သက်လတ်ပိုင်း လူကြီးပင်။

သူက အချိန်ကို စစ်ဆေးကြည့်ရှုနေသည့်နှယ် ခဏကြာတိုင်း နာရီကို ငုံ့ကြည့်နေတတ်၏။

သူ့အနောက်တွင်တော့ အနက်ရောင်ဝတ်စုံနှင့် ဘော်ဒီဂတ် ရှစ်ဦး ရှိနေပြီး ရှေ့တူရှုသို့သာ တည်ကြည်စွာ စိုက်ကြည့်နေခဲ့ကြသည်။

သက်လတ်ပိုင်း အမျိုးသား၏ နာမည်က လီကျိန်းချွမ် ဖြစ်ပြီး ဟုန်မန်ဂိုဏ်း၏ ဒုဥက္ကဌလေးဦးအနက် တစ်ဦး ဖြစ်၏။

လေယာဉ်က ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့ပြီး တံခါးပွင့်ဟလာခဲ့ကာ အီဗန်နှင့် ဝေါ်ကာတို့နှစ်ယောက် လေယာဉ်ပေါ်က ဆင်းလာခဲ့သည်။

တစ်ချိန်တည်းတွင် လီကျိန်းချွမ်သည် ပျူငှာသည့် အပြုံးတစ်ခုကို ဆင်မြန်းလျက် သူတို့နှစ်ယောက်ထံ လက်ဆွဲနှုတ်ဆက်လာသည်။

“ အရင် တစ်ခေါက် ကျုပ်တို့ တွေ့တုန်းက အင်္ဂလန်မှာနော … ဒီတစ်ခါတော့ ဟောင်ကောင်မှာ လာဆုံရလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး …”

“ အင်း … ခင်များကြည့်ရတာလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး အရွယ်တင်လာသလိုပဲ …” ဝေါ်ကာ စနောက်လိုက်ပြီး “ ဟောင်ကောင်မှာ နေရတဲ့ ဘဝကြီးက အတော်လေး သာယာတယ်နဲ့တူတယ်…”

“ နောင်ကျရင်လည်း ဒီကို မကြာမကြာ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…”

“ အခုလို ပျူငှာပေးလို့ ကျေးဇူးပါပဲ …”

ရိုးရှင်းသည့် လောကဝတ် စကားတချို့ ပြောဆိုပြီးနောက် လီကျိန်းချွမ်သည် ဖိတ်မန္တကပြုသည့် လက်ဟန်ဖြင့် သူတို့နှစ်ယောက်ကို ကားထဲသို့ ကြိုဆိုလိုက်သည်။

ထို့နောက် မာစီးဒီး နှစ်စင်း၏ ဦးဆောင်မှု အောက်တွင် ဟောင်ကောင်ရှိ ‘ O ‘ ဟိုတယ်သို့ ရောက်ရှိလာသည်။

တိုက်တိုက်ဆိုင်ဆိုင် လင်းရီတို့ ဖောဆက်စ်ကို သတ်ဖြတ်ခဲ့သည့် နေရာကလည်း ‘ O ‘ ဟိုတယ်ခွဲ ဖြစ်နေခဲ့၏။

ဟိုတယ်ရှေ့ရောက်တော့ ဝေါ်ကာတို့ နှစ်ယောက် ကားပေါ်က ဆင်းလိုက်ကြသည်။ အီဗန်နှင့် ဝေါ်ကာတို့ သူတို့၏ suit များအား သေချာ သပ်ရပ်အောင် ပြင်ဆင်လိုက်လေသည်။

လီကျိန်းချွမ်၏ ဦးဆောင်လမ်းပြမှုအောက်တွင် ‘ O ‘ ဟိုတယ်ထဲသို့ ဝင်လာခဲ့ကာ ဟိုတယ်၏ ၄၅ လွှာသို့ ဦးတည်လိုက်၏။

ဓာတ်လှေကားထဲက ထွက်သည်နှင့် စင်္ကြံလမ်း တစ်ဖက်တစ်ချပ်စီတွင် အနက်ရောင် ဝတ်စုံနှင့် လူ ၂၀ ကျော် စောင့်ကြပ်နေလျက် ရှိသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းတို့၏ အရှိန်အဝါမှာ သန်မာအားကောင်းလှပြီး သတိအနေအထားဖြင့် ကျောက်ဆစ်ရုပ်ထုကြီးများကဲ့သို့ မလှုပ်မယှက် ရှိနေခဲ့ကြ၏။

အလှမ်းသိပ်မဝေးသည့် နေရာတွင် ရွှေနက်ရောင် တံခါး နှစ်ချပ် ရှိနေပြီး လီကျိန်းချွမ်က သူတို့နှစ်ယောက်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

“ လူကြီးမင်း အီဗန် ၊ လူကြီးမင်း‌‌ ဝေါ်ကာ … ဥက္ကဌက အထဲမှာ လူကြီးမင်းတို့နှစ်ယောက်ကို စောင့်နေပါတယ်….”

“ ကောင်းပြီ …”

ပြောပြီးသည့်နောက် လီကျိန်းချွမ်မှာ တံခါးပေါက် အပြင်ဘက်၌ မတ်တပ်ရပ်လိုက်ပြီး သူ၏ အမူအရာက အထဲသို့ လိုက်ဝင်မည့်ပုံ မပေါ်ချေ။

တံခါးဝတွင် စောင့်နေသည့် ဟုန်မန် အဖွဲ့သားနှစ်ဦးက ကြီးကျယ်ခမ်းနားလှသည့် တံခါးနှစ်ချက်ကို ဖွင့်ပေးလိုက်ကာ အီဗန်နှင့် ဝေါ်ကာမှာ ဘေးချင်းကပ်၍ အထဲသို့ ဝင်လာခဲ့ကြသည်။

တံခါးဖွင့်ပြီးနောက်တွင် ထွက်ပေါ်လာသည့် မြင်ကွင်းက ဧရာမ ကျယ်ပြောသည့် ဧည့်ခန်းကြီး တစ်ခုဖြစ်၏။

အထဲသို့ ဝင်လိုက်သည်နှင့် သင်းပျံ့မွှေးကြိုင်လှသည့် လက်ဖက်ခြောက်နံ့က နှာသီးဖျားသို့ တိုးဝင်လာသည်။

အထဲတွင် ဆံပင်ဖြူနှင့် အသက်ငါးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှလွဲပြီး အခြားမည်သူမျှ ရှိမနေချေ။ ထိုလူက အနည်းငယ် ခပ်ဝဝ ဖြစ်၏။ သို့သော် သူ့ အရှိန်အဝါတို့က လီကျိန်းချွမ်ထက်ပင် သန်မာအားကောင်းနေသည်။

ထိုလူကတော့ ဟောင်ကောင် ၊ ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင် ဖန်းတောက်ဇူပင်။

သူတို့နှစ်ဦး အထဲဝင်လာသည်ကို မြင်တော့ ဖန်းတောက်ဇူ နွေးထွေးစွာ ပြုံး၍ မတ်တပ်ရပ်လာခဲ့၏။ သူတို့ထံသို့ လျှောက်လှမ်းလာပြီး ပျူငှာစွာ လက်ဆွဲနှုတ်ဆက်သည်။

“ လူကြီးမင်းတို့ နှစ်ယောက် ပင်ပန်းသွားရပြီ …”

“ ကြီးကြပ်ဖန်းက ယဉ်ကျေးလွန်းနေပါပြီ …”

သူတို့နှစ်ဦး၏ သဘောထားများက လီကျိန်းချွမ်နှင့် တွေ့ဆုံစဉ် အချိန်ကထက် လုံးဝ ကွဲပြားနေသည်။ ဖန်းတောက်ဇူကို ရင်ဆိုင်ကြုံတွေ့ရချိန်တွင် သူတို့၏ မျက်နှာအမူအရာများက ပို၍ ယဉ်ကျေးနေခဲ့ကြပြီး စကားပြောဆိုစဉ်၌ပင် ကိုယ်ကို မသိမသာ တိမ်းညွှတ်လိုက်သေးသည်။

သူတို့ အဘယ်ကြောင့် ယခုလို ပြုမူရသလဲဆိုတော့ ဖန်းတောက်ဇူ၏ အဆင့်အတန်းက လီကျိန်းချွမ်နှင့် ကမ္ဘာကြီးတမျှ ကွာခြားနေသောကြောင့်ပင်။

ဖရီးမေဆင်တွင် အခွင့်အာဏာအရှိဆုံးက ဥက္ကဌ ဖြစ်ပြီး နောက်ဆက်တွဲ ဒုတိယလိုက်သူကတော့ ကြီးကြပ်ရေးမှူးများပင်။

ထို နှစ်ယောက်၏ အောက်ဘက်၌ လက်ထောက် ကြီးကြပ်ရေးမှူး သုံးဦးရှိကာ တစ်ယောက်ချင်းစီတိုင်းက မတူကွဲပြားသည့် အရပ်ဒေသများ၌ တာဝန်ထမ်းဆောင်နေလျက်ရှိ၏။

ထို့အပြင် ဖရီးမေဆင်အတွင်း၌ တာဝန်ထမ်းဆောင်နေသည့် အလုပ်သမား ကြီးကြပ်ရေးမှူး ခြောက်ယောက်လည်း ရှိသည်။

အကယ်၍ ဌာနချုပ်တွင် ဖြစ်ခဲ့မည်ဆိုပါက ၎င်းတို့၏ ရာထူးမှာ အပေါ်ယံ အဆင့်အတန်းမျှသာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာကား သိပ်မရှိချေ။

၎င်းတို့ အဆင့်အမှန် ထိန်းချုပ်ခွင့်ရှိသည်ကား နိုင်ငံခြား၌ ရုံးခွဲများ ဖွင့်လှစ်ထားသည့် ဖရီးမေဆင်ဂိုဏ်းများကို ဖြစ်၏။

ထို့ပြင် ဖန်းတောက်ဇူသည်လည်း ၎င်းတို့အနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။

သို့သော် အကယ်၍ တိုက်ရိုက်အုပ်ချုပ်မှု စနစ်အောက်တွင် ဆိုပါက ဖန်းတောက်ဇူကဲ့သို့သော ကြီးကြပ်ရေးမှူးတို့မှာ ဌာနချုပ်ရှိ အလုပ်သမား ကြီးကြပ်ရေးမှူးများအောက် အခွင့်အာဏာ လျော့နည်း၏။

အီဗန်နှင့် ဝေါ်ကာတို့က ဖရီးမေဆင်၏ ကွပ်ကဲသူ ဆယ့်နှစ်ဦးအနက်က နှစ်ဦးဖြစ်ပြီး ဖန်းတောက်ဇူအောက် ရာထူးတစ်ဆင့်နိမ့်သည်။

သို့သော် တစ်ဆင့်လည်း တစ်ဆင့်အလိုက် သိသိသာသာ ကွဲပြားခြားနားပေသည်။ ထို့ကြောင့်ပဲ ဖန်းတောက်ဇူမှာ သူတို့ နှစ်ဦး နေရာသို့ရောက်အလာကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

သုံးယောက်သား ထိုင်ချပြီးနောက် ချုံစန် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးက အပြင်ဘက်မှ ဝင်လာခဲ့ပြီး သူတို့သုံးဦးအတွက် အဆင့်မြင့် ထိပ်တန်း သဟုန်ပေါင်း လက်ဖက်ခြောက်ကို ဖျော်စပ်ပေးသည်။ ထို့နောက် ကျော့ရှင်းစွာ ဦးညွှတ်၍ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။

ချုံစန်၀တ်စုံ၏ ခွဲကြောင်းက ပေါင်ရင်းအထိ ရောက်နေခဲ့သော်လည်းပဲ အီဗန်နှင့် ဝေါ်ကာမှာ ယင်းကို ထွေထူးလုပ်၍ ကြည့်ရှုမနေခဲ့ကြချေ။

“ ကြီးကြပ်ရေးမှူးဖန်း … ဟောင်ကောင်ရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ …” ဝေါ်ကာက ရေနွေးကြမ်းခွက်ကို တစ်ကျိုက်မြည်းစမ်းရင်း သာမန် မိသားစုကိစ္စများ ဆွေးနွေးနေသကဲ့သို့ မေးမြန်းလိုက်သည်။

“ ဒီက အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ … စည်းမဲ့ကမ်းမဲ့ လူတချို့တော့ ရှိတာပေါ့ … ဒါပေမယ့် အဲ့လူတွေ အားလုံးကိုလည်း ကိုင်တွယ်ပြီးပါပြီ ….”

သူ၏ ရာထူးအဆင့်အတန်းက အီဗန်နှင့် ဝေါ်ကာထက် တစ်ဆင့် မြင့်သည် ဆိုသော်လည်း ဖန်းတောက်ဇူမှာ ယဉ်ကျေးနေဆဲပင်။

သူတို့နှစ်ယောက်ကို သူလည်း လေးစားသမှုဖြင့် ဆက်ဆံခဲ့၏။

၎င်းတို့နှစ်ယောက်က ဌာနချုပ်၏ ကွပ်ကဲသူများ ဖြစ်ကြပြီး ဌာနချုပ်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ထိုအရှိန်အဝါ နောက်ခံကို သူ့ဘက်က ယဉ်ကျေးရမှာ သဘာဝပင်။

“ ဆေးအသစ်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုကရော ဘယ်လိုရှိလဲ …”

ဝေါ်ကာ မေးမြန်းလိုက်သည်။

“ ဈေးကွက် တုံ့ပြန်ချက်အရတော့ ဒုတိယမျိုးဆက်ရဲ့ အကျိုးသက်ရောက်မှုက နည်းနည်းလေး စိတ်ကျေနပ်ဖို့ မကောင်းဘူး … မစ်ဆူ မိသားစုရဲ့ ထုတ်ကုန်ကိုမှီဖို့ နည်းနည်းလိုတယ်… ဒါပေမယ့် တတိယ မျိုးဆက်ကိုတော့ ဓာတ်ခွဲခန်းထဲ ဆက်ပြီး စမ်းသပ်နေတုန်းပဲ … အကျိုးသက်ရောက်မှုချင်း ယှဉ်ရင်တော့ မစ်ဆူမိသားစုရဲ့ ဆေးရည်ကို လုံးဝ ကျော်ဖြတ်နိုင်တယ်… အဲ့အချိန်ကျရင် အာရှ ဈေးကွက်ကို ငါတို့ လွှမ်းမိုးချုပ်ကိုင်ထားလို့ရပြီ …”

ဖန်းတောက်ဇူ ရေနွေးကြမ်း တစ်ငုံသောက်ပြီး သူ့ခွက်ကို အောက်သို့ ဖြည်းညင်းစွာ ပြန်ချလိုက်၏။

“ လူကြီးမင်းတို့နှစ်ယောက် ဟောင်ကောင်ကို ညတွင်းလေယာဉ်နဲ့ ရောက်လာခဲ့တာ ဒီကိစ္စအတွက်လား … ဌာနချုပ်က ညွှန်ကြားစရာ အသစ်များ ရှိလို့လား …”

“ ဌာနချုပ်က ဖန်တီးထားတဲ့ စီ - အဆင့် သွေးရည်ကြည် ကာတာမှာ ပျောက်သွားခဲ့တယ်…”

ဖန်းတောက်ဇူ၏ အမူအရာ အေးခဲသွားခဲ့၏။

“ ဘယ်လိုလုပ်ပြီး .... အဲ့လောက် အရေးကြီးတဲ့ အရာက ဒီလိုပဲ ပျောက်သွားရလား …”

“ အဲ့ကိစ္စက မတော်တဆပဲ … အနက်ရောင်မြွေရဲ့ ဖောဆက်စ်က တစ်စုံတစ်ယောက်ကို သူကိုယ်တိုင်တောင် မသိဘဲ အပြစ်ပြုထားခဲ့မိတယ်… တိုက်ဆိုင်ချင်တော့ အဲ့ဒီ အချိန်တုန်းက ရန်သူတွေက သူ့ဆီ တံခါးလာခေါက်တဲ့ အချိန်နဲ့ ပက်ပင်းတိုးရော .. လူကို သတ်သွားပြီး ကျုပ်တို့ နှစ်ယောက် သူ့ကို နမူနာပေးထားတဲ့ ပစ္စည်းလည်း ပျောက်သွားခဲ့တယ်…”

ဖန်းတောက်ဇူ ခေတ္တ ရပ်တန့်သွားပြီး သူ့မျက်လုံးတို့က တလက်လက် တောက်ပနေလျက်ရှိသည်။

“ လူကြီးမင်းတို့ နှစ်ယောက်က ဒီလာခဲ့တယ်ဆိုတော့ ဖောဆက်စ်ကို သတ်သွားခဲ့တဲ့လူက ဟောင်ကောင်ကမို့လို့များလား …”

“ သူတို့က ဟွာရှရဲ့ ကျုံးဝေ့တပ်ဖွဲ့ဝင် ဖြစ်နိုင်တယ်…”

“ ကျုံးဝေ့တပ်ဖွဲ့ …”

ထိုစကားကိုကြားတော့ ဖန်းတောက်ဇူ၏ အမူအရာက ထူးဆန်းသွားခဲ့၏။

ကျုံးဝေ့တပ်ဖွဲ့က မည်သို့သော အဖွဲ့အစည်းဖြစ်ကြောင်းကို သူ မသိဘဲ ဘယ်နေပါ့နည်း။ ဟွာရှ အစိုးရအဖွဲ့၏ အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည့် အလျောက် ကျုံးဝေ့တပ်ဖွဲ့သည် အမြဲတမ်း ကြားနေဝါဒကို လက်ကိုင်ပြုထားကာ ယခုလို အထိကရုဏ်းများ၌ ပါဝင်လေ့ မရှိခဲ့ချေ။

“ ငါ့ကို သေသေချာချာလေး ရှင်းပြစမ်းပါ …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ ဒီမှာ တခြား အထင်လွဲတာတွေ ဘာတွေရော မရှိနိုင်ဘူးလား … ငါ့ရဲ့ ကျုံးဝေ့တပ်ဖွဲ့ကို နားလည်ထားသလောက်ဆိုရင် သူတို့ဘက်က ဒီလိုမျိုး လုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

“ ကျုံးဝေ့တပ်ဖွဲ့ကို အဲ့လောက် အကောင်းမြင်မနေစမ်းပါနဲ့ … သူတို့ကမှ တကယ့်ကြောင်တောင်တောင်တွေ ..” ဝေါ်ကာ ပခုံးတွန့်၍ “ အရင် ပနားမား ဖြစ်စဉ်ကို ခင်များလည်း ကြားပြီးရောပေါ့ … သူတို့ ကျုံးဝေ့တပ်ဖွဲ့ဝင် နှစ်ဦး အဲ့မှာ အသက်ပေးလိုက်ရတယ်… ဒီတော့ အနက်ရောင်မြွေကို လက်စားချေချင်တယ်… အခြေအနေက ရိုးရိုးရှင်းရှင်းလေးပဲ… အဲ့လိုကနေတဆင့် ပစ္စည်းက သူတို့ လက်ထဲ ရောက်သွားခဲ့တာပဲ …”

All Chapters