သေမင်းနဲ့ တွဲကခြင်း
Vol. 129 Ch. 1933
“ ငါ အဲ့ကိစ္စ တခြား ချာနယ်တွေကနေတဆင့် နည်းနည်းတော့ ကြားမိတယ်…” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ အနက်ရောင်မြွေရဲ့ အဆင့်ကို လူတိုင်းလည်း အသိပဲ … ပြီးတော့ ဒီ ကိစ္စက ကျွန်းနဲ့ အဝေးကြီးမှာ ဖြစ်သွားခဲ့တာ … တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့က လက်နက်အင်အားနဲ့ လူအင်အား အများကြီး မသုံးဘူးဆိုရင် အနက်ရောင်မြွေရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ … ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ အဲ့လိုမျိုး လုပ်ဖို့ကလည်း မဖြစ်နိုင်ဘူး … နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေက သူတို့ကို ထိန်းချုပ် ကန့်သတ်ထားပြီးသား …”
“ ကြီးကြပ်ရေးမှူးဖန်း ပြောတာ မှန်ပါတယ်.. ကျုံးဝေ့တပ်ဖွဲ့ကတော့ အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး .. ဒါပေမယ့် ဒီဖြစ်ရပ်မှာ တခြား အဖွဲ့အစည်းကလည်း ပါဝင်ပတ်သက်နေတယ်….”
“ တခြားလူတွေ …”
ဖန်းတောက်ဇူ ရေနွေးကြမ်းခွက်ကို ပြန်ကောက်ကိုင်လိုက်ပြီး လေဖြင့် ညင်သာစွာ မှုတ်ပြီး အအေးခံလိုက်သည်။ ထို့နောက် အမှုမထားသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။
“ ဘယ်သူတွေလဲ …”
“ Ace of Spades “
“ Ace of Spades …. “
ဖန်းတောက်ဇူ၏ ရေနွေးကြမ်းခွက် ကိုင်ထားသည့်လက်မှာ ဆတ်ခနဲ တုန်ယင်သွားခဲ့ပြီး ရေနွေးတို့က သူ့ အင်္ကျီပေါ် ဖိတ်ကျလာခဲ့တော့သည်။
“ Joker ရဲ့ Ace of Spades လား …”
“ အမှန်ပဲ …” အီဗန် ခေါင်းညိတ်လိုက်၏။ “ ကျုပ်တို့ သူ့ပုံရိပ်ကို ဖမ်းမိထားတယ်… ကြည့်ရတာ ကျုံးဝေ့တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ပုံပဲ …”
“ Joker ရဲ့ လူက ကျုံးဝေ့တပ်ဖွဲ့နဲ့ ချည်နှောင်ခံထားရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … “ ဖန်းတောက်ဇူ ယခုထက်ထိတိုင် မယုံကြည်နိုင်သေးချေ။
“ Joker က ဟွာရှန့်ဆိုတာ ခင်များ မမေ့လိုက်နဲ့ …” အီဗန် ပြောလိုက်ပြီး “ ဒီလူတွေ အပြင်ကို Joker နဲ့ အတော်လေး နီးကပ်တဲ့ အမျိုးသမီး တစ်ယောက်က လတ်တလော ဟွာရှမှာ လှုပ်ရှားတက်ကြွနေတာကို ကျုပ်တို့ စုံစမ်းမိထားတယ်…”
ပြောရင်းဖြင့် သူ့ အိတ်ထောင်ထဲကနေ ဓာတ်ပုံ နှစ်ပုံ ထုတ်ပြလာခဲ့သည်။ တစ်ခုက ချင်ရင်ယွဲ့၏ ဓာတ်ပုံ ဖြစ်ပြီး ကျန်တစ်ခုကတော့ ကျီချင်းရန်၏ ဓာတ်ပုံပင်။
ထို့နောက် သူ ချင်ရင်ယွဲ့၏ ဓာတ်ပုံကို လက်ဖြင့် ညွှန်ပြလိုက်၏။
“ ဒီ အမျိုးသမီးက Joker နဲ့ ဆက်နွယ်နေတယ်… သူတို့ကြား ဘယ်လို ဆက်ဆံရေးမျိုး ရှိလဲ ကျုပ်တို့ အတိအကျ မသိရသေးဘူး ဆိုပေမယ့် သုံးသပ်ထားမိသလောက်တော့ ချစ်သူတွေ မဟုတ်ရင် ဇနီးမယား ဆက်ဆံရေးပဲ …”
“ သူ့မိန်းမပဲ ဖြစ်မှာပါ … Joker လိုလူက သူ ဘယ်လိုလူပါ ဆိုတာ အတိအကျ မပြောပြထားရင် သူ့ဘေးနားမှာ ဘယ်လို မိန်းကလေးမျိုးက ကြာကြာနေနိုင်မှာမို့လို့ …” ဖန်းတောက်ဇူ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
“ ဒါပေမယ့် အခုတော့ ငါ တခြားတစ်ယောက်ကို ပိုပြီး စိတ်ဝင်စားတယ်…”
“ သူ့နာမည်က ကျီချင်းရန် … ကျိုးဟိုင်မှာ ချောင်ရန် အုပ်စုဆိုတဲ့ အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုကို ဦးစီးနေတယ်…”
“ သူ့ကောင်လေးက လင်းရီ … လင်းယွင် အုပ်စုရဲ့ ဥက္ကဌ … သူ့ကုမ္ပဏီလည်း ကျိုးဟိုင်ကပဲ …”
“ လင်းယွင် အုပ်စု …” ဖန်းတောက်ဇူ၏ အမူအရာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့တော့၏။
“ ခင်များလည်း သူ့ကို သိနေတာလား …”
“ မသိဘဲ ဘယ်နေပါ့မလား …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ လင်းယွင် အုပ်စုက ဟွာရှ Semiconductor နယ်ပယ်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီး တစ်ခုပဲလေ… ပြီးတော့ လက်ဝါးကြီးလည်း အုပ်ထားသေးတယ်… ဒီကောင်က အတော်လေး အင်အားကြီးတဲ့ လူပဲ … လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်တုန်းက ငါ့ညီမရဲ့ ဟွမ်ဟိုင်အုပ်စုတောင် ပြည်မကြီးရဲ့ ဈေးကွက်ထဲ ဝင်ဖို့ ကြိုးစားတာ လင်းယွင်အုပ်စုရဲ့ တားမြစ်တာ ခံလိုက်ရပြီး လက်ဗလာနဲ့ နောက်ပြန်ဆုတ်လာခဲ့ရတယ်လေ…”
ဖန်းတောက်ဇူ၏ မိတ်ဆက်ပေးမှုက အီဗန်နှင့် ဝေါ်ကာကို လင်းရီအကြောင်း ပိုပြီး နားလည်သဘောပေါက်သွားစေခဲ့သည်။
သို့သော် သူတို့နှစ်ဦးအဖို့ ဤသည်က အရေးကြီးဆုံး သတင်းအချက်အလက်လည်း မဟုတ်သလို သူတို့ စိတ်လည်း မဝင်စားပေ။
“ ဆက်စပ်မှု အမျိုးမျိုးကနေတဆင့် ကြည့်ရသလောက်တော့ ဒီလင်းရီက ကျုံးဝေ့တပ်ဖွဲ့နဲ့ တနည်းနည်း ဆက်စပ်နေတာ သေချာတယ်… ဒါပေမယ့် ပနားမားမှာတုန်းက ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်မှာ သူလည်း ပါသွားခဲ့တယ်…”
“ ဆိုတော့ … ဒါနဲ့ စီ - အဆင့် သွေးရည်ကြည် ကိစ္စက ဘယ်လိုမျိုး ဆက်စပ်နေလို့ …”
“ အခု … အနက်ရောင်မြွေ လက်စားချေခံလိုက်ရတဲ့ ကိစ္စက ကျုံးဝေ့တပ်ဖွဲ့နဲ့ Ace of spades ရဲ့ လက်ချက်ဆိုတာ ကျုပ်တို့ ယေဘုယျတော့ သုံးသပ်နိုင်တယ်… နောက်ပြီး အခုဆို ပိုပြီး ပြည့်စုံတဲ့ အဖြေရှင်းပြချက် တစ်ခုတောင် ရှိသွားပြီ …”
“ ဒီတော့ Ace of spades က ဖောဆက်စ်ကို သတ်ပြီး ကြုံကြိုက်တာနဲ့ ပစ္စည်းကိုပါ ယူသွားခဲ့တယ်လို့ မင်းတို့ သေချာနေတယ်ပေါ့ …”
“ အမှန်ပဲ … စီ-အဆင့် သွေးရည်ကြည်က လက်ရှိမှာ ကျုပ်တို့ရဲ့ အကောင်းဆုံးနဲ့ အရေးကြီးဆုံး ထုတ်ကုန်ပဲ … ဒါက တခြားသူတွေ လက်ထဲ ရောက်သွားခဲ့ပြီး တနည်းနည်းနဲ့ ထုတ်လုပ်လာနိုင်မယ်ဆိုရင် ကျုပ်တို့ရဲ့ ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးမှုအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်…. ဒါကြောင့်မို့ ပစ္စည်းကို မြန်နိုင်သမျှ မြန်မြန် ပြန်ရအောင် ယူဖို့လိုတယ်…”
“ ဒါပေမယ့် ဌာနချုပ်က သေချာရော စဉ်းစားဆုံးဖြတ်ပြီးပြီလား … တကယ်လို့ ဒီ အမျိုးသမီးကသာ တကယ်ကြီး Joker ရဲ့ ဇနီး ဖြစ်နေခဲ့မယ်ဆိုရင် အတောမသတ်နိုင်တဲ့ လက်စားချေမှုတွေနဲ့ ရင်ဆိုင်ရမှာနော်…” ဖန်းတောက်ဇူ ပြောလိုက်သည်။ “ သူ ဘယ်လိုလူစားမျိုးလဲ မင်းလည်း သိပါတယ်… စေတန်ကိုယ်တိုင် သူ့ရှေ့ရောက်လာရင်တောင် သူ့ကို ဦးညွှတ်ရမယ့် လူစားမျိုး … ဥက္ကဌကြီးက မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်လိမ့်မယ်လို့ ငါ မထင်ဘူး …”
“ ဒါပေါ့ … ကျုပ်တို့လည်း သေချာ စဉ်းစားဆုံးဖြတ်ပြီးသားပါ … Joker ရဲ့ လူကိုတော့ ကျုပ်တို့ ထိပါ့မလား … ပြီးတော့ သူတို့က သွေးရည်ကြည်ကို စိတ်ဝင်တစား ရှိတဲ့ လူတွေလည်း မဟုတ်ဘူး …” အီဗန် ပြောလိုက်ပြီး “ ကျုပ်တို့ ထင်ကြေးပေးထားတာတော့ ပစ္စည်းက အခုလောက်ရှိ ဟွာရှမှာ ရှိနေလောက်မယ်…”
“ ပစ္စည်းက အခု ကျုံးဝေ့ တပ်ဖွဲ့ရဲ့ လက်ထဲမှာလို့ မင်းတို့ ပြောချင်တာလား …”
“ အင်း … ဟုတ်တယ်… အမှန်ပဲ …” အီဗန် ပြောလိုက်ပြီး “ ရန်ကျင်းက တင်းကြပ်ပြီး အန္တရာယ်များလွန်းတယ်… ရောနှောဝင်ရောက်ဖို့က မလွယ်လောက်ဘူး … ဒီတော့ ကျိုးဟိုင်က စလိုက်ကြတာပေါ့ …”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ဖန်းတောက်ဇူသည် စားပွဲပေါ်ရှိ ဓာတ်ပုံနှစ်ပုံကို ကောက်ကိုင်လိုက်ကာ ခေတ္တမျှ သေချာ စူးစမ်းကြည့်လိုက်၏။
“ စီ - အဆင့် သွေးရည်ကြည်က ကျုံးဝေ့တပ်ဖွဲ့ လက်ထဲမှာ ရှိတယ်ဆိုရင် ဒီရဲ့ အမျိုးသမီး နှစ်ယောက်က ကျုံးဝေ့တပ်ဖွဲ့အပေါ် ဘယ်လို လွှမ်းမိုးမှုတွေ ရှိထားလို့ သူတို့ဘက်က ဒီလောက်ထိ အရေးပါတဲ့ ပစ္စည်းကို ထုတ်ပေးပါမယ်လို့ မင်းတို့က ထင်နေကြတာ …”
“ အပေါ်ယံကြည့်မယ်ဆိုရင်တော့ အဲ့လိုက မဖြစ်နိုင်ဘူး ..” အီဗန် ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ကြား ပတ်သက်ဆက်နွယ်မှုက အတော်လေး ရှုပ်ထွေးနေတယ် …”
“ ပုံထဲ ရှိတဲ့ အမျိုးသမီး နှစ်ယောက်က ဘာပတ်သက်မှု မရှိဘူး … တကယ် ချိတ်ဆက်ပေးသွားတာက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ၊ လင်းရီ … သူတို့ကြားက ပတ်သက်ဆက်နွယ်မှု အတိအကျကိုတော့ ကျုပ်တို့လည်း မသိရသေးဘူး … ဘာလို့ဆို သူတို့အနားမှာ လုံခြုံရေးက တင်းတင်းကြပ်ကြပ် ချထားတော့ ကျုပ်တို့ အဖွဲ့အစည်းက လူတွေ နီးနီးကပ်ကပ် ရောက်ရှိဖို့ဆိုတာက တကယ် မလွယ်တာ …”
ဖရီးမေဆင်၏ အယူဝါဒနှင့် ပတ်သက်ပြီး ဖန်းတောက်ဇူ အတော်လေး ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ သူတို့၏ အစီအစဉ်တွင် မည်သည့် စွန့်စားမှုကိုမျှ ခွင့်မပြုထားဘဲ အကယ်၍ ဖြစ်နိုင်ချေ အနည်းငယ် ရှိခဲ့မည်ဆိုလျှင်ပင် ၎င်းကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး ကြိုးပမ်းကြလိမ့်မည်။
“ ဒါပေမယ့် ဒီရဲ့ အသက်ပိုကြီးတဲ့ အမျိုးသမီးက Joker နဲ့ ဆက်နွယ်နေတယ်… တကယ်လို့ သူ့ကို ထိမယ်ဆိုရင် ဘယ်လို အတိုင်းအတာအထိပဲ ဖြစ်နေပါစေ Joker ကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ်… သူ့ဘက်ကလည်း လက်စားပြန်ချေဖို့ကို ဘာပဲ လုပ်ရလုပ်ရ ပြန်လုပ်လာမှာပဲ …”
“ ဒါကြောင့်မို့ ကျုပ်တို့ရဲ့ အဓိက ပစ်မှတ်က ပုံထဲ ပိုငယ်ရွယ်တဲ့ အမျိုးသမီးကိုပဲ …” အီဗန် ပြောလိုက်ပြီး “ သူ့ရဲ့ တည်ရှိမှုကလည်း အတော်လေးတော့ ထူးခြားတယ်… ကြည့်တော့တာ အသုံးမဝင်ဘူး ထင်ရပေမယ့် ထဲထဲဝင်ဝင် စုံစမ်းကြည့်လိုက်တော့ လူတော်တော်များနဲ့ ဆက်နွယ်နေတယ်…"
“ တကယ်လို့ ရှောင်လွှဲမရနိုင်တဲ့ တစ်ခုခု ဖြစ်လာခဲ့ပြီး ဂျိုကာရဲ့ အမျိုးသမီးကို ထိပါးမိခဲ့မယ်ဆိုရင် … အဲ့လို ဖြစ်လာခဲ့ရင်တော့ ကျုပ်တို့ စေလွှတ်တဲ့ လူမှန်သမျှကို အကုန် ရှင်းပစ်လိုက်ရုံပဲ … တကယ်လို့ ဒီလို နည်းလမ်းနဲ့တောင် ပစ္စည်းကို မရနိုင်ဘူးဆိုရင် ကျုပ်တို့တွေ တခြားနည်းလမ်း စဉ်းစားပြီး ရန်ကျင်းမှာ လှုပ်ရှားနိုင်မယ့် နည်းလမ်းကို ရှာဖွေရတော့မှာပဲ … ဥက္ကဌကြီးက ဘယ်လိုနည်းလမ်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ပစ္စည်းကို ရအောင် ပြန်ယူလာခဲ့ဖို့ မှာလိုက်တယ်…”
“ ငါတို့ စမ်းကြည့်ကြတာပေါ့ …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ အခု ကျိုးဟိုင်မှာ အခြေအနေ ဘယ်လို ရှိလဲ …”
“ စီ - အဆင့် အစောင့် သုံးယောက်နဲ့ ဘီ - အဆင့် အစောင့်ခြောက်ယောက်က အဲ့ဒီ အမျိုးသမီး နှစ်ယောက်ကို စောင့်ကြပ်နေတာ .. သူတို့တွေက ကျုပ်တို့ရဲ့ အစီအစဉ်မှာ အကြီးမားဆုံး အနှောင့်အယှက်ပဲ ..”
“ တကယ်ကြီး အဲ့လောက် လူတွေ အများကြီး လွှတ်ထားတယ်…”
ထိုးဖောက်ဖို့ မဖြစ်နိုင်သည့် အကာအကွယ်နှင့် ရင်ဆိုင်လိုက်ရတော့ ဖန်းတောက်ဇူသည်ပင် အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။
“ ဟုတ်တယ်… ဒီ သတင်းက လုံးဝ မှန်ကန်တယ်….”
“ ကြည့်ရတာ ဒီအမျိုးသမီး နှစ်ယောက်က Joker အတွက် တော်တော်လေး အရေးပါတယ်နဲ့တူတယ်…”
“ ဒါကြောင့်မို့ပဲ သက်လတ်ပိုင်း အမျိုးသမီးကို ကျုပ်တို့ရဲ့ စစ်ဆင်ရေးကနေ ဖြစ်နိုင်သမျှ ဖယ်ရှားထားဖို့ လိုအပ်တာပဲ …” အီဗန် ပြောလိုက်ပြီး “ နောက်ပြီး ထိုးဖောက်ဝင်ရောက်မယ့် အစီအစဉ်ကို ပိုပြီး အဆင်ပြေအောင် ဌာနချုပ်ကလည်း ဘီ - အဆင့် အစောင့်နှစ်ယောက်ကို ဟုန်မန်ဂိုဏ်းဆီ ကူညီပေးသွားမယ်… ကျန်တာကိုတော့ ကြီးကြပ်ရေးမှူးပဲ စိတ်တိုင်းကျ စီစဉ်လိုက်တော့ …”
“ ကောင်းပြီ .. ဒီလောက်ဆို အောင်မြင်နိုင်မယ့် အခွင့်အရေး ပိုများသွားပြီ …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ မင်းတို့ လူတွေ အခုချိန်ထိ ပစ်မှတ်ကို ခြေရာခံနေတုန်းပဲလား …”
“ ဘယ်နားကသာ …” အီဗန် ခေါင်းယမ်းလိုက်ပြီး “ ပစ်မှတ်ကို ဒီလောက်ထိ တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားတာ သူတို့လူတွေ သတိမထားမိဘဲ အနားကို ချဉ်းကပ်နိုင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….”
ဖန်းတောက်ဇူ လက်ဖျစ်တစ်ချက် တီးလိုက်ပြီး “ လူတိုင်းကို ပြန်ခေါ်လိုက်တော့ …ငါတို့ မလှုပ်ရှားခင်ထိ ဘာ စောင့်ကြည့်တာမှ မလုပ်သေးနဲ့ … မဟုတ်ရင် တစ်ဖက်ရန်သူကို တပ်လှန့်သလို ဖြစ်သွားလိမ့်မယ်… အဲ့လိုဆို ငါတို့လူတွေ လှုပ်ရှားဖို့ ခဲယဉ်းသွားပြီ …”
“ နားလည်ပြီ … ၊ ကြီးကြပ်ရေးမှူးဖန် … ဒီရဲ့ စီ - အဆင့် သွေးရည်ကြည်က သိပ်အရေးကြီးတာနော် … ခင်များ ကျိန်းသေပေါက် ရအောင် ပြန်ယူလာရမယ်…”
“ ဒါ အတော်လေး ခက်ခဲတဲ့ တာဝန်ပဲ …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ သေမင်းနဲ့ ကကြိုးဆင်နေရသလိုမျိုးတောင် တူနေသေးတယ် …”