အလုပ်ရှုပ်နေတာ ကောင်းတယ် ၊ အဲ့တော့ အိမ်ပြန်စရာ မလိုတော့ဘူး
Vol. 129 Ch. 1934
မနက်ခင်း ခုနစ် နာရီဝန်းကျင်တွင် သူ့ဘေးရှိ အသံဗလံများကို ကြားတော့ လင်းရီ အိပ်စုံမှုန်မွှားဖြင့် နိုးထလာခဲ့၏။
သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရန်စီက အဝတ်လဲနေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ မနေ့ညက သုံးနာရီလောက်မှ အိပ်ပျော်သွားတာကို ဘာလို့ ဒီလောက် အစောကြီး ထနေတာ ..”
ရန်စီ သူမ၏ ညအိပ်ဝတ်စုံကို ချွတ်ပြီး ကြမ်းပြင်တွင် ပြုတ်ကျနေသည့် အတွင်းခံ ဘောင်းဘီကို ဝတ်လိုက်ကာ အပေါ်ကနေ အင်္ကျီ ထပ်လိုက်၏။
“ ခဏနေကျရင် ရင်းနှီးမြုပ်နှံမယ့် ကိစ္စ ဆွေးနွေးဖို့ ရှိသေးတယ်လေ… နင်လည်း ထတော့ … ငါ စားဖို့ တစ်ခုခု လုပ်ပေးမယ်…”
“ အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူးကွာ … အပြင်မှာ ထွက်ပြီး တစ်ခုခုစားလည်း ရနေတာပဲဟာ …”
“ အပြင်စာတွေက မသန့်ရှင်းဘူး … ခဏပဲစောင့် …. ရေခဲသေတ္တာထဲမှာ စားစရာ အပြည့်ရှိတယ်… တစ်မိနစ်ဆို ရပြီ …”
ရန်စီက ချက်ပြုတ်ဖို့ စိတ်ဆုံးဖြတ်ထားသည်ကို မြင်တော့ လင်းရီ ရှည်ရှည်ဝေးဝေး ဆက်ပြောမနေတော့ချေ။
ရန်စီက ချက်ပြုတ်ရန်အတွက် မီးဖိုချောင်ထဲသို့ ထွက်သွားခဲ့သည်။ လင်းရီမှာတော့ သူ့ကိုယ်သူ ညအိပ်ဝတ်စုံ မရှိသည်ကို သတိပြုမိလိုက်လေသည်။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ပါဝါကလည်း ပိတ်နေသည်။ သို့နှင့် ဖုန်းကို စားပွဲပေါ်တင်၍ ခေတ္တ အားသွင်းထားလိုက်သည်။
ပြီးနောက် ဗွီရိုထဲ သူ့အဝတ်အစားတချို့ တွေ့ကာ ၎င်းတို့အား လဲလှယ်ဝတ်ဆင်လိုက်၏။
မျက်နှာသစ် သွားတိုက်ပြီးသည့်နောက်မှာပင် ရန်စီမှာ မနက်စာကို ပြင်ဆင်နေဆဲပင်။
ကလင် ကလင် ကလင် ….
ထိုအချိန်တွင် လင်းရီ၏ ဖုန်းသံမြည်လာခဲ့၏။ သူ အိပ်ခန်းထဲသို့ ပြန်လာပြီး မည်သူ့ဖုန်းလဲဆိုတာကို တစ်ချက် စစ်ဆေးကြည့်လိုက်ရာ သူ့အမေဖြစ်နေသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။
“ ဟယ်လို အမေ …” လင်းရီ ဖုန်းကိုင်လိုက်၏။
“ ချင်းရန်ကြည့်ရတာ နင် မသေသေးဘူးဆိုတာ သိသွားတဲ့ပုံပဲ … နင် သူနဲ့ မနေ့က တွေ့ဖြစ်သေးလား …”
“ ဟင့်အင်း .. သူက အမေ့ကို ဘာတွေ ပြောလာလို့ …”
ဤသည်က လင်းရီ မျှော်လင့်ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိသည်။ သူ့အကြောင်း သူ့ဘော်ဒါတွေ သိသွားမှတော့ သူ့ဆွေမျိုးမိတ်ဆွေများလည်း သိသွားကြမည်မှာ သဘာဝပင်။
“ ချင်းရန် ပြောတာ နင် အသက်ရှင်နေသေးတယ်… မသေဘူးတဲ့ … ပြီးတော့ သူက ဗီလာကနေ ရွေ့ချင်နေတယ်… အမေတော့ တစ်ခုခု မူမမှန်ဘူး ခံစားနေရတယ်… ဒါကြောင့်မို့ သားဆီ မနေ့ညက ဖုန်းခေါ်တော့လည်း နင့်ဖုန်းက စက်ပိတ်ထားတယ်….”
“ ရွေ့မလို့လား …”
“ မနေ့က ပြန်လာတော့ သူ အမေ့ကို အဲ့လို ပြောတာပဲ …”
“ သူ လုပ်ချင်တာ ပေးလုပ်လိုက်ပါ … အဲ့ကိစ္စ လောလောဆယ် စိတ်ပူမနေနဲ့ …”
ဤသည်က သူတို့ ဆက်ဆံရေး၏ အနူးညံ့ဆုံး ကာလ အပိုင်းအခြား ဖြစ်ပြီး ပါးလျသည့် ရေခဲချပ်ပြားလေးပေါ်၌ လမ်းလျှောက်နေရသည်ဟုပင် ဆိုနိုင်သည်။
အရမ်းကြီး အစွန်းရောက်သည့် တစ်စုံတစ်ရာလည်း ပြုလုပ်၍ မဖြစ်ချေ။ အရာရာတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်သွားဖို့ လိုအပ်၏။
သူနှင့် ကျီချင်းရန်တို့ နှစ်ဦးစလုံး တည်တည်ငြိမ်ငြိမ်နှင့် ဤကိစ္စကို စဉ်းစားတွေးတောဖို့က အချိန်လိုအပ်သည်။
“ နင် အမေ့ကိုရော ဒီမှာ ဆက်နေစေချင်သေးလား …”
“ အမေရော သွားတော့မလို့လား ….” လင်းရီ ပြောလိုက်ပြီး “ ဒီရောက်ပြီးမှတော့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေသွားပေါ့ …”
“ အရင်က အခြေအနေအတိုင်းဆိုရင်တော့ ဒီမှာနေရတာက ကိစ္စ မရှိပါဘူး … အခု နင်တို့နှစ်ယောက်ရဲ့ အခြေအနေက ဒီလိုတွေ ဖြစ်လာပြီဆိုတော့ ချင်းရန်နဲ့ မျက်နှာချင်းဆိုင်ရတာ အရမ်း ကိုးရို့ကားယား နိုင်တာပဲ … “
လင်းရီ မရယ်ဘဲ မနေနိုင်ချေ။ “ကောင်းပြီလေ… ဒါဆို အမေ ဘယ်တော့လဲ ပြန်မှာ … ကျွန်တော် လေယာဉ်စီစဉ်ပေးထားမယ်.. သွားတော့မယ်ဆို လာကြိုပေးမယ်…”
“ ဟင်း ….”
ချင်ရင်ယွဲ့ သက်ပြင်းချလိုက်၏။ သူမလည်း ထွက်မသွားချင်ပေ။ သို့သော် ယခု အချိန်၌ သူမ ကျီချင်းရန်နှင့် မည်သို့ မျက်နှာချင်းဆိုင်ရမှန်း တကယ်ကို မသိတော့ပေ။
သူမသားကလည်း ပြန်ရောက်လာပြီ ဖြစ်ရာ သူတို့ကိစ္စ သူတို့ ဖြေရှင်းခိုင်းလိုက်တော့မည်။
ဖုန်းချပြီးနောက် လင်းရီ သူ့ဖုန်းက ဆက်တိုက် တုန်ခါနေသည်ကို မြင်တွေ့လိုက်ရ၏။
ဝီချက် မက်ဆေ့ချ် အနည်းဆုံး ရာနှင့်ချီ ဝင်နေသည်ကို သူ မြင်တွေ့နေရလေသည်။
သူတို့ထဲ နည်းပါးသည့် တချို့တလေကို ချင်းဟန်နှင့် ကျန်သူများက ပို့ထားပြီး ကျန်သည်ကိုတော့ နင်ယွဲ့က ပို့ထားခြင်း ဖြစ်၏။
ယခုလို ဖြစ်နိုင်ချေကိုလည်း လင်းရီ တွေးတောထားမိပြီး ဖြစ်သည်။
ကျီချင်းရန်နှင့် သူ၏ ဆက်ဆံရေးတို့က မည်သို့ပင် ရှိနေစေကာမူ သတင်းကိုတော့ ရန်ချိန်သို့ ဖြန့်ပေးမှာ ဖြစ်၏။ သို့မှသာ သူ့မိသားစုလည်း စိတ်ပူနေတော့မှာ မဟုတ်ချေ။
လင်းရီ တံခါးပိတ်၍ ရန်ချိန်ထံ ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုက နာရီဝက်ကျော်မျှ ကြာညောင်းသွားခဲ့ပြီး နောက်ဆုံး၌ သူ့ဘက်က နားလည်သဘောပေါက်အောင် ရှင်းပြနိုင်လိုက်သည်။
လင်းရီ သူ့ကိစ္စများ ပြီးဆုံးသည့် အချိန်၌ ရန်စီမှာ မနက်စာ ပြင်ဆင်ပြီးသွားခဲ့ချေပြီ။
လီချူးဟန်၏ ဟွာရှစတိုင် မနက်စာနှင့် နှိုင်းယှဉ်လိုက်ပါက ရန်စီ၏ မနက်စာမှာ အရှေ့တိုင်းနှင့် အနောက်တိုင်း နည်းနည်းချင်းစီ ပေါင်းစပ်ထားခြင်း ဖြစ်၏။ အရသာကလည်း တော်တော်လေး ကောင်းမွန်လှသည်။
“ စောနက နင် အိမ်နဲ့ ဖုန်းပြောနေတာလား ဟုတ်လား …” စားနေစဉ် ရန်စီ မေးမြန်းလာခဲ့၏။
တုံ့ပြန်သည့် အနေဖြင့် လင်းရီ ခေါင်းညိတ်ပြလိုက်သည်။
“ နင်ရယ် ၊ ဥက္ကဌကျီရယ် ၊ အတွင်းရေးမှူးလျန်ကြားက ကိစ္စကို ကြားမိတယ်… နင် ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ …”
လင်းရီ ရန်စီကို ကြည့်ပြီး ပြုံးလိုက်၏။ “ မင်း လေသံက မတည်ငြိမ်လွန်းဘူးလား …”
“ ဒါက … ငါနဲ့ ဘာမှမှမဆိုင်တာ …” ရန်စီ ပြောလိုက်ပြီး “ ငါ့ကိုယ်ငါ အမြဲတမ်း နင့်ချစ်သူလို့ပဲ တွေးထားပြီး လက်ထပ်ဖို့ ကိစ္စ ဘယ်တော့မှ စိတ်မကူးဖူးဘူး … ငါ ကလေးလိုချင်တဲ့ အချိန်ကျရင် နင့်ကို တောင်းဆိုမယ်… စိတ်ဆိုးဒေါသထွက်စရာ ဘာအကြောင်းမှကို မရှိတာ …”
“ အေးဆေးပေါ့ … လောစရာမှ မလိုတာ …” လင်းရီ အခြား ခေါင်းစဉ်အကြောင်းအရာသို့ ပြောင်းလဲလိုက်သည်။
“ စကားမစပ် မင်း မနေ့က ငါ့ကို ယွီချိုင် အထက်တန်းကျောင်းရဲ့ အနိုင်ကျင့်တဲ့ ကိစ္စ ဗွီဒီယိုမှာ ငါ့ကို မြင်လိုက်တာမလား…”
“ အင်းလေ … ဘာလို့ …”
“ ဒီကိစ္စကို လူသိများအောင် လုပ်ပေးပါလား … တချို့ ကိစ္စတွေက လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်… ငါတို့ချည်း သပ်သပ်နဲ့ အဆင်မပြေဘူး …”
“ နင် ဆိုလိုချင်တာကို ငါနားလည်တယ်… ဒါပေမယ့် မီဒီယာတွေရဲ့ တင်ပြချက်နဲ့ အများပြည်သူရဲ့ အမြင်က မလုံလောက်ဘူး … ပိုပြီး တင်းကြပ်တဲ့ မူဝါဒ အပြစ်ပေးမှုတွေလည်း ရှိဖို့လိုသေးတယ်… TV မှာ ပြောသလိုပဲ … တကယ်လို့ တောင်းပန်စကားနဲ့တင် လုံလောက်နေလို့ကတော့ ရဲတွေ ဘာလုပ်ဖို့ လိုနေတော့မှာ …”
“ ဒါကို ငါ ကိုင်တွယ်လို့ရတယ်…” လင်းရီ ပြောလိုက်ပြီး “ အဲ့ဒီ ပြဿနာရှာတဲ့ ကျောင်းသားတွေ အကုန်လုံးက ၁၄ နှစ်ပြည့်ပြီးသားတွေပဲ … ရာဇဝတ်ပြစ်မှုတွေကို ကိုယ့်ဘာကိုယ် တာဝန်ယူနိုင်တဲ့ အရွယ်ရောက်နေပြိ … သူတို့ မိဘတွေကလည်း နစ်နာသူ မိသားစုကို ခြိမ်းခြောက်ပြီး ရဲကိုပါ ရိုက်နှက်ခဲ့တာဆိုတော့ အဲ့ဒီ ပြစ်မှုတွေက အနည်းဆုံး ဆယ်နှစ်ပဲ … သတင်းကို အမှန်အတိုင်း ရေးပြီး တင်လိုက် … လူ့အဖွဲ့အစည်းကြီးက နိုးထဖို့ လိုနေပြီ …”
ရန်စီ ခေါင်းညိတ်ပြီး “ ငါတို့လည်း ဒီ ကိစ္စကို သတိပြုမိတယ်… ဒါပေမယ့် ငါက အခု အကူးအပြောင်း ကာလကို ရောက်နေတာဆိုတော့ သိပ်ပြီး အာရုံမထားဖြစ်ဘူး … အသိုင်းအဝိုင်းထဲက ငါ့သူငယ်ချင်းတွေ ပြောသံကြားတာတော့ အထက်ကြီးပိုင်းတွေက ဒီကိစ္စကို သတိထားမိပြီး ဒီလို အလားတူဖြစ်ရပ်မျိုးတွေကို ကိုင်တွယ်ဖို့ မကြာခင် စာထွက်တော့မယ် ကြားတယ်… အဲ့ဒီ စာရွက်တွေ ထွက်လာရင် နင်တော့ အလုပ်များရပြန်ဦးမယ်…”
“ အလုပ်များတာ ကောင်းတာပေါ့ … ဒီ သောက်ပြဿနာတွေ မြန်မြန် မဖြေရှင်းရင် လူ့အဖွဲ့အစည်းကြီးလည်း နေချင်စရာတောင် ကောင်းတော့မှာ မဟုတ်တော့ဘူး …”
“ ကောင်းပြီလေ… ငါ နောက်ကနေပြီး ကူညီပေးမယ်… နင့်မှာ ဦးဦးဖျားဖျား သတင်းတွေ ရှိရင် ငါ့ဆီ ပို့လိုက်…”
“ အိုကေလေ…"
မနက်စာ စားပြီးနောက် ရန်စီက ပန်းကန်များအား စုစည်းလိုက်ကာ မီးဖိုချောင်ထဲသို့ ယူဆောင်သွားသည်။ ထို့နောက် မိတ်ကပ် ခပ်ပါးပါး ပုတ်လိုက်ပြီး လင်းရီနှင့်အတူ ထွက်ခွာလာသည်။
သို့သော် ရန်စီကို လိုက်ပို့ပေးဖို့တော့ မလိုအပ်ခဲ့ချေ။ ထို့ကြောင့် သူ့ဘာသူ မောင်းထွက်လာခဲ့လိုက်၏။
သူ ရုံးသို့ ရောက်သည်နှင့် လူတိုင်းက အလုပ်များနေကြသည်ကို သတိပြုမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဝန်လိုင်နှင့် အခြားသူများက အရေးယူခံရရန်အတွက် စခန်းသို့ ရောက်လာခဲ့ပြီး ဖြစ်နေသောကြောင့်ပင်။
“ ရုံးကို စောစီး ရောက်လာလို့ပါလားကွ … ဘာလဲ ညက အိမ်ပြန်မအိပ်ဘူးလား …”
ရုံးခန်းထဲရောက်တော့ လီရှန်းဟွေ့က စနောက်လိုက်သည်။
“ ကျုပ်လည်း ခဏလောက် အိပ်ချင်တာပဲ … ဒါပေမယ့် မအိပ်ဖြစ်လိုက်ဘူး …” လင်းရီ အညောင်းဆန့်ရင်း ပြောလိုက်ပြီး “ ကျောင်းတွင်း အနိုင်ကျင့်တဲ့ အမှု အခြေအနေရော ဘယ်လိုရှိလဲ….”
“ အကုန်လုံးကို စစ်ဆေးမေးမြန်းပြီးပြီ … သံသယ တရားခံတွေလည်း ဝန်ခံပြီးပြီ … သူတို့အကုန်လုံး ဝန်ခံလိုက်ကြပြီ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒီကောင်တွေ သဘောတူညီမှု ရဖို့ အဲ့လိုနည်းလမ်း သုံးလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး … တော်တော် သတ္တိကောင်းတဲ့ ကောင်တွေ … ငါ့ အဆင့်အတန်းက ခွင့်မပြုလို့သာပေါ့ … မဟုတ်ရင် သုံးလေးချက်လောက် ပါးတွေနားတွေ ပိတ်ရိုက်ပစ်တယ်…”
“ စိတ်အေးအေးထားစမ်းပါ … အခု အမှုက ပြီးသွားပြီပဲ … သူတို့လည်း အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်လောက်ကတော့ အသာလေးပဲ … အဲ့လောက်က သူတို့ကို သင်ခန်းစာပေးဖို့ လုံလောက်ပါတယ်…”
လီရှန်းဟွေ့ ခေါင်းညိမ့်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ငါ အခုလေးတင် ခေါင်းဆောင် ရုံးခန်းထဲ သွားတော့ တစ်ခု ကြားလာခဲ့တယ်… ဒီအမှုက ပြည်သူတွေအပေါ် အတော်လေး ဆိုးရွားတဲ့ အမြင်တွေ ဖြစ်ပေါ်စေခဲ့တယ်ဆိုပဲ … အထက်အကြီးအကဲတွေက ဒီ အခွင့်အရေးကို အသုံးချပြီး မြေအောက်လောကကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေ လုပ်ဖို့ ဟန်ပြင်ထားတယ်… အခု စောက်ရမ်း အလုပ်ရှုပ်တော့မှာ … မင်းအိမ်ကိုလည်း ကြိုပြီး အကြောင်းကြားထားဦး … တချို့ ရက်တွေ အိမ်ပြန်အိပ်နိုင်ချင်မှ အိပ်နိုင်မှာလို့ …”
လင်းရီ ထိုင်ခုံနောက်သို့မှီပြီး စိတ်ထဲ၌ ကြိတ်ပြီး စောဒကတက်နေလိုက်သည်။
‘ အလုပ်ရှုပ်နေတာလည်း ကောင်းတယ်… အဲ့တော့လည်း အိမ်ပြန်ဖို့ မလိုတော့ဘူးပေါ့ …’