အရပ်သား ပြဿနာ
Vol. 129 Ch. 1935
" ဘာတွေ ငိုင်နေတာ ... အချိန်ဇယား ပြဿနာတွေ ရှိနေလို့လား.... "
“ မရှိပါဘူး …” လင်းရီ ခေါင်းယမ်းလိုက်ပြီး “ လုံးဝကို မရှိတာ .. ကျုပ်က ဒီတိုင်း စက်ထဲမှာရှိတဲ့ ခွေးသွားစိပ်လေးပဲလေ … လိုအပ်တဲ့ အချိန်တိုင်းမှာ ရယ်ဒီပဲ …”
နှစ်ယောက်မှာ ခေတ္တ စကားပြောခဲ့ကြပြီး ထို့နောက် လင်းရီသည် ထိုင်ခုံနောက်သို့ မှီလိုက်ကာ အနားယူရန် မျက်လုံးအား မှိတ်လိုက်၏။
ယနေ့ည သူတို့ ဘယ်သွားဖြစ်မလဲတော့ မသေချာသေးပေ။ သို့သော် မည်သည့် နေရာသို့ပဲ သွားရ သွားရ ၊ ပြင်းထန်သည့် အထိကရုဏ်းတို့ အနည်းနှင့် အများ ရှိလာမည်မှာ ကျိန်းသေသည်။ ထို့ကြောင့် သူ၏ ခွန်အားကို ပြန်ပြီး ပျိုးထောင်ဖို့ လိုအပ်၏။
အနားယူနေစဉ် လင်းရီ စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်ပြီး မစ်ရှင် အခြေအနေပြဇယားက ( ၅/၁၀) အနေအထားအတိုင်း မပြောင်းလဲဘဲ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ကျောင်းတွင်းအနိုင်ကျင့်သည့် အမှုက ယခုတိုင် မပိတ်နိုင်ဘဲ ရှိသေး၏။
လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့သည်။ အကယ်၍ သူသာ လီရှန်းဟွေ့နှင့် ပတ်ဝေ့နေမည်ဆိုပါက တစ်ပတ်အတွင်း အမှု လေးငါးဆယ်ခုခန့် ကိုင်ရဖို့က နည်းလမ်း မမြင်ချေ။ အရပ်သား ဌာနဘက်သို့ ခြေဦးလှည့်ဖို့ လိုနေပြီ ဖြစ်သည်။
ထိုနေရာတွင် ဆိုပါက အမြဲတမ်းလိုလို ပြဿနာ တစ်ခုမဟုတ် တစ်ခုကတော့ ရှိနေပြီး ကိုင်တွယ်ဖြေရှင်းရလည်း လွယ်ကူသည်။
ထို ပြဿနာများကို ဖြေရှင်း၍ မစ်ရှင် အောင်မြင်အောင် ပြုလုပ်၍ရသည်။
သို့သော် လင်းရီ မတ်တပ်ရပ်တော့မည့် အချိန်မှာပဲ အပြင်ဘက်၌ အဖြူရောင် ကားတစ်စင်း ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ပုံစံကြည့်ရသလောက်တော့ မာစီးတီး ဖြစ်မည့်ဟန်ပင်။
မြင်ကွင်းကို သစ်ပင်ကလည်း အနည်းငယ် ကွယ်နေပြီး လမ်းဟိုဘက်ခြမ်းတွင် ဖြစ်နေသဖြင့် လိုင်စင်နံပါတ်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရချေ။
မူလတုန်းကတော့ အနှီ မပြောပလောက်သည့် ကားတစ်စင်းက လင်းရီ၏ အာရုံစူးစိုက်မှုကို ရရှိဖို့ မထိုက်တန်ချေ။
သို့သော် ကားကို မြင်တွေ့ပြီးနောက်တွင် လင်းရီ၏ နှလုံးမှာ ဒိန်းခနဲ မြန်ဆန်သွားခဲ့သည်။
ဤကားက ကျီချင်းရန်၏ ကားနှင့် အတော်လေး ဆင်တူနေသည်။
လင်းရီ စစချင်းတုန်းက ကျန်းဖန့်ထံ သွားဖို့ ဟန်ပြင်ထားသော်လည်း မရေရာသည့် သူ့အတွေးတို့ကြောင့် ထိုအကြံဉာဏ်ကို ဖယ်ရှားပစ်လိုက်သည်။
လင်းရီ ထွက်ခွာဖို့ အလျင်မလိုချေ။ ထိုအစား ဖုန်းဖြင့် ဂိမ်းနှစ်ပွဲ ဆော့လိုက်ပြီး နာရီဝက်မျှ အချိန်ဖြုန်းလိုက်သည်။
မာစီးတီးကား အဖြူရောင်က အပြင်တွင် ပါကင်ထိုးထားဆဲ ဖြစ်ပြီး ထွက်ခွာမည့် အရိပ်အယောင် မပြသေးချေ။
လင်းရီ ဖုန်းကို အောက်ချပြီး ရုံးခန်းထဲက ထွက်ကာ တတိယ ထပ်သို့ တက်လာခဲ့ပြီး ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်ကြည့်လိုက်၏။
ဤနေရာမှဆိုလျှင် အောက်ရှိ လမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
လိုင်စင် နံပါတ်ပြားက - ZH A33987 ….
လင်းရီ၏ ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့၏။ သူ့ဘက်က ရှောင်တိမ်းနေခဲ့သော်လည်းပဲ အမှန်တရားက အသေးငယ်ဆုံး အသေးမွှားလေးများကြားထဲ၌ တည်ရှိနေခဲ့သည်။
တိတ်ဆိတ်စွာဖြင့် .. လင်းရီ ပြတင်းပေါက်ဘေးတွင် ရပ်နေရင်း အချိန်အတော်ကြာအောင် ငေးကြည့်နေမိခဲ့သည်။
ကားအတွင်းကို သူ ဖောက်ထွင်းမမြင်နိုင်သော်လည်း အထဲတွင် ကျီချင်းရန် ရှိနေမှာကိုတော့ သူ သေချာသည်။
သူမက အမြဲတစေ ထိုသို့ ခေါင်းမာတတ်သည့် လူစားမျိုးပင်။
ဟူး ….
လင်းရီ သက်ပြင်းချ၍ အောက်ထပ်သို့ ဆင်းလာခဲ့၏။
လင်းရီ သူ့ကိုယ်သူ သူရဲဘောကြောင်သည့် ကောင်ဟု မမှတ်ယူထားပေ။ သို့သော် ထိုအခိုက်အတန့်တွင်တော့ ကျီချင်းရန်ကို မည်သို့မျက်နှာချင်းဆိုင်ရမည်မှန်း သူ မသိခဲ့ချေ။ ဆိုင်ဖို့ မျက်နှာမရှိဟု ပြောလျှင် ပိုမှန်မည်။
ခေတ္တကြာ တွေးတောပြီးနောက် လင်းရီ ပထမထပ်သို့ ပြန်လာခဲ့လိုက်သည်။ သို့သော် အပြင်ဘက်သို့တော့ ထွက်မလာခဲ့ချေ။
သူတို့နှစ်ဦး ဆုံတွေ့လိုလျှင်ပင် ယခုလိုမျိုးတော့ ဆုံတွေ့လိုက်၍ မဖြစ်သေးပေ။
လင်းရီ ကျန်းဇီရှင်း၏ ရုံးခန်းသို့ ထွက်လာခဲ့လိုက်၏။ သူမက ခဏဆို အပြင်သို့ ထွက်နိုင်သည်။
“ အစ်ကိုရီ … ရောက်လာပြီလား …”
ရုံးခန်းထဲ တံမြက်လှည်းနေသည့် ကျန်းဇီရှင်းမှာ လင်းရီကို မြင်တော့ နှုတ်ဆက်လိုက်၏။
“ တစ်ယောက်တည်းလား … အစ်ကိုကျန်းနဲ့ ကျန်းဖန့်က ဘယ်သွားခဲ့တာ ….”
လင်းရီ ပြောနေသည့် အစ်ကိုကျန်းက ကျန်းတဲ့မင် ဖြစ်သည်။ သူက သူတို့ သုံးယောက်ကို Tesla အမှုသို့ ခေါ်သွားပေးခဲ့သည့်လူပင်။
“ စောနကတင်ပဲ ရဲကို ဖုန်းဆက်လာလို့ သူတို့နှစ်ယောက် အမှုလိုက်ဖို့ ထွက်သွားကြတာပဲ … “ ကျန်းဇီရှင်း သူမ၏ နာရီကို တစ်ချက် ငုံ့ကြည့်၍ “ သွားတာ တော်တော်ကြာနေပြီ … ခဏနေဆို ပြန်ရောက်လာလောက်ပြီ …”
လင်းရီ နှုတ်ခမ်းကိုက်လိုက်မိ၏။ အကယ်၍ သူသာ အစောကတည်းက ကြိုသိခဲ့ပါက အဘယ်ကြောင့် ဂိမ်းဆော့နေခဲ့မည်နည်း။ ဤသည်က စနစ်မစ်ရှင် တစ်ခု ပြီးမြှောက်နိုင်မည့် အခွင့်အရေးကောင်းပင်။
“ ထိုင်ဦးလေ အစ်ကိုရီ … ညီမ ရေသွားခပ်ပေးမယ်…” ကျန်းဇီရှင်း အပြုံးလေးဖြင့်ပြောလိုက်သည်။ “ အဲ့ဒီ ကျောင်းတွင်း အနိုင်ကျင့်တဲ့ အမှု ရလဒ်က လုံးဝ စိတ်ကျေနပ်စရာပဲ …”
“ အင်း … အဲ့တာက လူတွေရဲ့ အာရုံကို ဆွဲဆောင်သွားပြီး သတိထားမိသွားကြမယ်လို့တော့ မျှော်လင့်ရတာပဲ …”
လင်းရီ ထွက်သွားဖို့ အလျင်မလိုချေ။ ဤနေရာ၌ ခေတ္တထိုင်ပြီး အကယ်၍ အမှု တစ်ခု ရှိပါက ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်။
ထိုအချိန်တွင် အပြင်ဘက် ကော်ရစ်ဒါမှ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့ပြီး …
၎င်းနောက် ချက်ချင်း ရုံးခန်းတံခါးက တွန်းပွင့်လာခဲ့ကာ ကျန်းတဲ့မင်နှင့် ကျန်းဖန့်တို့ အထဲဝင်လာခဲ့သည်။ သူတို့နောက်တွင်တော့ လူလေးယောက် လိုက်ပါလာခဲ့၏။
သက်လတ်ပိုင်း စုံတွဲ နှစ်ဦးနှင့် ငယ်ရွယ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ပင်။
သတ်လတ်ပိုင်း စုံတွဲနှစ်ဦးက သာမန်သာ ဝတ်ဆင်ထား၏။ သူတို့၏ အသားအရေက အနည်းငယ် ညိုညစ်ပြီး မျက်လုံးထောင့်စွန်းတွင်လည်း အရေးအကြောင်းတို့ ဖြစ်ပေါ်နေသည်။
အခြားတစ်ဘက်ရှိ လူငယ် နှစ်ယောက်ကလည်း ယနေ့ခေတ် လူငယ်ပုံစံအတိုင်းသာ ဝတ်ဆင်ထားခဲ့ကြသည်။
“ သူတို့ ပြန်လာကြပြီ အစ်ကိုရီ …”
လင်းရီကို မြင်တော့ ကျန်းဖန့် ရောက်လာပြီး နှုတ်ဆက်သည်။
“ ဘာလို့ … မင်းတို့ ဒီကိစ္စကို အပြင်မှာ မဖြေရှင်းခဲ့ဘူးလား …”
ကျန်းဖန့် ခေါင်းညိတ်ပြီး ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ “ သူတို့ရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်… စကားသုံးလေးခွန်းနဲ့ နားလည်အောင် ရှင်းပြပေးလို့ မရဘူး … ဒါကြောင့်မို့ စခန်း ခေါ်လာခဲ့လိုက်တာပဲ …”
“ ဘာတွေ ဘယ်လို ဖြစ်နေတာမို့လို့…”
“ သူတို့ကိုယ်သူတို့ ရှင်းပြခိုင်းလိုက်တာ အကောင်းဆုံးပဲ … သူတို့ ပြောတာ ငါ့ထက် ပို ရှင်းတယ်…”
“ ရဲအရာရှိကြီး … ဒီလိုပါရှင့် …” ငယ်ရွယ်သည့် မိန်းကလေးက စကားစလာသည်။
“ ကျွန်မ .. ကျွန်မရဲ့ မိဘတွေကို တိုင်ချက်ဖွင့်ချင်လို့ပါ … သူတို့က ကျွန်မစုထားတဲ့ ငွေ ဆယ်သိန်းကို ကျွန်မခွင့်ပြုချက် မတောင်းဘဲ ထုတ်ပြီး မောင်လေး အတွက် အိမ်ဝယ်ပေးလိုက်တယ်… ကျွန်မရဲ့ အဲ့ပိုက်ဆံတွေကို ပြန်လိုချင်ပါတယ်…”
ပြောရင်းဖြင့် ငယ်ရွယ်သည့် မိန်းကလေးမှာ မျက်ရည်များအား သုတ်လိုက်ရင်း အမှားယွင်းခံထားရသည့်နှယ် ခံစားနေခဲ့ရသည်။
ကျန်သည့် ဇာတ်လမ်း တစ်ဝက်ကို နားမထောင်ရသေးသော်လည်း လင်းရီမှာ ဘာဖြစ်နေလဲဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီး ဖြစ်သည်။
သားကိုပဲ ဦးစားပေးတတ်သည့် မိဘများ၏ ဇာတ်လမ်း နောက်တစ်ပုဒ်ပင်။
“ ငါတို့မွေးလို့ လူဖြစ်လာတဲ့ဟာကများ … နင့်ပိုက်ဆံကလည်း ငါတို့ပိုက်ဆံပဲ … ငါတို့ သဘောရှိတဲ့ အတိုင်း သုံးတယ် ဘာဖြစ်လဲ …” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်ပြီး “ ပြီးတော့ သူက နင့် မောင်လေးလေ … သူ့မှာ ပိုက်ဆံ မရှိဘူး .. နင့်ဘက်က သူ့ကို ပံ့ပိုးပေးဖို့လိုတယ်.. ငါတို့ နင့်ကို ဒီအရွယ်ထိရောက်အောင် ကျောင်းထား ထမင်းကျွေးလာခဲ့တာ အကုန် အလကားပဲလား … နင့်မှာ စဉ်းစားတတ်တဲ့ ဦးနှောက် အသိဉာဏ်ဆိုတာ မရှိဘူးလား …”
“ အဖေတို့ ကျောင်းထားပေးခဲ့တာ အလယ်တန်းထိပဲ … အထက်တန်းကို ကျောင်းက သမီးရဲ့ အမှတ်တွေကောင်းလို့ စကောလားရှစ် ပေးခဲ့တာ … တက္ကသိုလ် ကျူရှင် စရိတ်ကိုလည်း ကိုယ့်ဘာကိုယ် စကောလားရှစ်ရအောင် ကြိုးစားပြီး အချိန်ပိုင်း အလုပ်နဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်ခဲ့တာပဲ … အဲ့တာ အဖေတို့နဲ့ ဘာမှ မဆိုင်ဘူး …”
“ အဲ့တော့ရော … ငါတို့ နင့်ကို ဒီအရွယ်ထိရောက်အောင် မွေးပြီး ထမင်းကျွေးခဲ့တာ အလကားပဲပေါ့ ဟုတ်လား … အဲ့တာလည်း ပိုက်ဆံ မဟုတ်ဘူးလား … ငါတို့သာ မရှိရင် နင် လမ်းဘေးမှာ ငတ်ပြတ်ပြီး ခွေးသူတောင်းစား ဖြစ်နေပြီ ကောင်မရဲ့ …” သက်လတ်ပိုင်း အမျိုးသမီးကြီးက ပြောလိုက်၏။
“ ပြီးတော့ အခု ငါတို့ နင့်ပိုက်ဆံ နည်းနည်းလောက်လေး ယူသုံးမိတာကို နင်က ကိုယ့်မိဘကိုယ် ရဲစခန်းခေါ်တယ်… အမယ်လေး လောကကြီးရေ …. ငါတို့ ဒီတစ်လျှောက်လုံး ကျွေးမွေးပြုစုပေးခဲ့တာ အခုကို မိဘလက်ကို ပြန်ကိုက်တဲ့ သမီးတဲ့လား …. အဲ့အစား ငါ ခွေးပဲမွေးလိုက်ပါတယ်.... ”
သက်လတ်ပိုင်း အမျိုးကြီးမှာ ရင်ဘက်စည်တီးပြီး စတင်ငိုကြွေးပြကာ တစ်ဖက်သူကပဲ ကြီးကြီးမားမား မှားယွင်းနေသည့်နှယ် ဇာတ်ခင်းပြနေခဲ့သည်။
“ အရာရှိကြီ .. ကျွန်မတို့ကို ကူညီပါဦး … ဒီကလေး ဒီလောက်ထိ နှလုံးသားမဲ့မယ်မှန်း သိရင် သူ့ကို မွေးတောင် မမွေး . . . . "
“ တော်တော့ တော်တော့ တော်ကြတော့ …”
လင်းရီ စိတ်ရှုပ်လာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီးကြီး၏ ဇာတ်နာပြနေသည့် စကားကြောကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် လူငယ် ကောင်လေးဘက်သို့ လှည့်လိုက်၏။
“ မင်း ဒီကိစ္စ ဘယ်လိုထင်လဲ … မင်း အမေက မင်းအစ်မရဲ့ ပိုက်ဆံကို ယူပြီး မင်းဖို့ အိမ်ဝယ်ပေးတယ်… သူတို့ လုပ်တာ မှန်တယ်လို့ မင်းထင်လား ….”
“ အဲ့တာ ဘာမှားနေလို့ …” ကောင်လေးက ပြောလိုက်ပြီး “ သူက စင်ဟွာတက္ကသိုလ်ကနေ မာစတာဘွဲ့ရထားတဲ့သူလေ .. ကျုပ်ထက်လည်း ဝင်ငွေကောင်းတယ်… အခု ကျုပ် အိမ်ဝယ်ဖို့ ပိုက်ဆံလိုတယ်… ကူညီပေးရမှာ သူ့တာဝန်ပဲ … ဒါ သူ လုပ်ကိုလုပ်ပေးသင့်တဲ့ ကိစ္စ … မဟုတ်ရင် သူ့ကို ထမင်းကျွေးလာခဲ့တာ အလကားလား … “
“ ဒါ ဘယ်လို အတွေးအခေါ်တွေချည်းလဲဟယ် … အခုက ဘယ်ခေတ်ကို ရောက်နေပြီလဲ … သမီးထက် သားကို ဦးစားပေးတဲ့ အတွေးအခေါ်တွေကလည်း ကုန်ကို မကုန်နိုင်သေးဘူးလား …”
ကျန်းဇီရှင်း ဘေးမှနေပြီး စိတ်မတိုဘဲ မနေနိုင်ပေ။ သူမသည်လည်း မိန်းကလေး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ယခုလို အရာမျိုးကို သည်းခံနိုင်ခြင်း မရှိပေ။
“ ဒေါသထွက်စရာ မလိုဘူး .. ခေတ်ကိုက ဒီလိုကြီးပဲမလား .. ဖြည်းဖြည်းချင်း ပြောင်းလဲဖို့လိုတယ်လေ… "
“ ဟုတ်တယ်… ဒီအရာရှိလေး ပြောတာ မှန်တယ်… ငါတို့ ဒီနေ့ကိစ္စအတွက် ကျိန်းသေပေါက် ဖြေရှင်းချက် ပြန်လိုချင်တယ်..” အဖေဖြစ်သူ သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
“ ကောင်လေး … မင်းက စဉ်းစားတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါပြောနိုင်တယ်… မြန်မြန် ငါတို့ဖို့ ဖြေရှင်းချက်ရအောင် လုပ်ပေးစမ်းပါ …”
“ ခင်များ ဘာမှ ဝင်မပြောနဲ့ဦး …” လင်းရီ ပြောပြီးနောက် ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်သည်။ “ မင်း စောနတင် ပြောသွားခဲ့တာ မင်းအစ်မက ပိုက်ဆံတွေ အများကြီးဝင်တယ်… မင်းကို ကူညီပေးတာက ဒါ သူ လုပ်ပေးသင့်တဲ့ကိစ္စ … ဟုတ်တယ်နော်... ငါ မေးပါဦးမယ်… တကယ်လို့ မင်း ပိုက်ဆံ အများကြီး ရှာနိုင်နေပြီး မင်း အစ်မက ဆင်းရဲစုတ်ပြတ်သပ်နေမယ်ဆိုရင် မင်းသူ့ကို ကူညီမှာလား …”
“ ဘာမို့လို့ ကူညီရမှာ …” ကောင်လေးက ပြောလိုက်ပြီး “ သူက နောင်ကျ တခြားလူနဲ့ လက်ထပ်သွားမယ့်လူ … ကျုပ်မှာ ပိုက်ဆံ ရှိရင်တောင် သူ့ကို မပေးဘူး … ကလေးမွေးလာခဲ့ရင်လည်း မျိုးရိုးနာမည်က ကျုပ်တို့နဲ့ တူမှာ မဟုတ်ဘူး … သူစိမ်းဖြစ်သွားမယ့်လူအပေါ် ဘာကိစ္စ ပိုက်ဆံသုံးရမှာ …”
စာစဉ် (၁၂၉) ပြီး၏။