← Chapters

လေလှိုင်းရေဘဝဲလက်တံများ

Vol. 8 Ch. 71

လေလှိုင်းရေဘဝဲလက်တံများ

Vol. 8 Ch. 71

နောက်တရက်နေ့တွင်ကား ညတစ္ဆေသည် အထက်အဖွဲ့အစည်းထံမှ သတင်းအသစ်များ ယူဆောင်လာ၏။ အခြားသတင်းတော့မဟုတ်။ စုချန်းအား လူတချို့ ငှားရမ်းပေးရန် သဘောတူလိုက်ပြီဟူသော သတင်းဖြစ်သည်။ စုချန်းအနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိ ပညာရှင်တဦး၊ သွေးဆူပွက်ခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ပညာရှင်သုံးဦး၊ ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ပညာရှင်သုံးဦးတို့ကို ရရှိခဲ့၏။

လျှို့ဝှက်အဖွဲ့အစည်းသည် သူတို့ ပို့လိုက်သော အင်အားက အရိပ်အဖွဲ့ကို အနိုင်ရရန် မလုံလောက်သေးဟု ယူဆ၍လောမသိ။ နောက်ထပ် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်ကိုပါ အရန်အင်အားအဖြစ် ပို့လွှတ်လိုက်ပေရာ စုချန်းအနေနှင့် သူတို့အတွက် ငွေပေးချေရန်သာ လိုပေတော့သည်။ အလယ်အလတ်အဆင့် ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်အတွက် တရက်လျင် အဆင့်နိမ့်မူလကျောက်တုံး လးထောင် ကျသင့်မည်ဖြစ်ပြီး သွေးဆူပွက်ခြင်း ပညာရှင်နှစ်ယောက်အတွက်မူ မူလကျောက်တုံး နှစ်ထောင်ကျသင့်ပေလိမ့်မည်။ ချီစုဆောင်းခြင်းနယ်ပယ်ရှိပညာရှင်များမှာကား ဈေးချို၏။ တရက်လျင် နှစ်ရာခန့်သာ ပေးချေရသည်။ ထို့ကြောင့် စုချန်း၏ တနေ့တာ ကုန်ကျငွေမှာ အဆင့်နိမ့်မူလကျောက်တုံး ခြောက်ထောင်ဝန်းကျင်ခန့် ရှိပေလိမ့်မည်။

တဖန် လျှို့ဝှက်အဖွဲ့အစည်းသည် တိုက်ပွဲမှရရှိသည့် အကျိုးအမြတ်များအား တိုက်ပွဲတွင် ပါဝင်ခဲ့သူတိုင်းကို မျှဝေပေးရန် တောင်းဆိုခဲ့၏။ အကယ်၍ အရိပ်အဖွဲ့ကို တိုက်ခိုက်၍ရသည့် အကျိုးအမြတ်များသည် မူလကျောက်တုံး ခြောက်ထောင်ထက်များနေပါက ထိုအကျိုးအမြတ်များကို လျှို့ဝှက်အဖွဲ့အစည်းနှင့်စုချန်း တဝက်စီ ခွဲဝေရပေလိမ့်မည်။

အဆိုပါ တောင်းဆိုမှုမှာ သိပ်မပြင်းထန်လှပဲ သင့်တင့်လျောက်ပတ်သည်ဟု ဆိုရမည်။ အကြောင်းမှာ စုချန်းသည် ဤအကြံအစည်ကို မူလကြံစည်ခဲ့သူ ဖြစ်ပြီး ငွေကြေးအဓိက စိုက်ထုတ်သူ ဖြစ်သော်လည်း အဓိကအင်အားမှာကား လျှို့ဝှက်အဖွဲ့အစည်းသာ ဖြစ်သည်။ သူတို့အကူအညီမပါပဲ စုချန်းအနေနှင့် ဤအကြံအစည်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်။ ထပ်ပြောရလျင် ဤနေရာတွင် စုချန်း ဖြစ်နေ၍သာ ဤမျှလောက်နှင့် ပြီးသွားခြင်း ဖြစ်သည်။ အခြားသူတယောက်သာဆိုလျင် ၇၀:၃၀အချိုးလောက်အထိ တောင်းဆိုပေလိမ့်မည်။

ကိစ္စတခုကို ဖြေရှင်းရန် မိမိ၏အင်အားနှင့် မလုံလောက်သောအခါ အခြားသူတဦးကို မှီခိုရမည်မှာ သဘာဝသာ။ ထိုအတွက် ထိုက်တန်သော ပေးဆပ်မှုတခုခုတော့ ရှိပေလိမ့်မည်။

တဖက်တွင်လည်း လျှို့ဝှက်အဖွဲ့အစည်းသည် စုချန်းအပေါ်တွင် အတော်လေး သဘောကောင်းပြနေ၏။ ၎င်းမှာ ဤတကြိမ် အလုပ်သာ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါက မူလကိရိယာသုံးမျိုးကို မူလကျောက်တုံး ရှစ်ထောင်နှင့် ရောင်းချပေးမည့်အပြင် တိမ်တိုက်ခြေလှမ်းဖိနပ်အား အလကားပေးမည်ဟု ဆိုလာခြင်း ဖြစ်သည်။ ၎င်းတို့၏ စကားသာ တည်ခဲ့လျင် စုချန်းအနေနှင့် ထိုပစ္စည်းများကို နောက်တကြိမ် ငှားရမ်းရန် လိုတော့မည်မဟုတ်။ မူလကိရိယာများသည် လျှို့ဝှက်အဖွဲ့အစည်းအတွက် အမှိုက်သရိုက်အဆင့်မျှသာ ရှိလေရာ စုချန်းနှင့် ဆက်ဆံရေးကောင်းများ ရရှိစေရန် ထိုပစ္စည်းများကို အသုံးချမည်ဟု လျှို့ဝှက်အဖွဲ့အစည်းက ဆုံးဖြတ်လိုက်ပုံရသည်။ ထိုမျှသာမကသး မူလကိရိယာများအတွက် ဤတကြိမ် ငှားရမ်းခကိုလည်း စုချန်းအဖို့ ပေးစရာမလိုခဲ့ပေ။

မူလကိရိယသုံးမျိုးသည် အားနည်းချက်ကိုယ်စီ ရှိကြသော်လည်း မူလကျောက်တုံး ရှစ်ထောင်ဟူသော ဈေးနှုန်းမှာကား အတော်လေး နည်းပါးသော ဈေးနှုန်းဖြစ်သည်။ ဤအရောင်းအဝယ်သည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အရာင်းအဝယ်ဟု ဆိုနိုင်၏။ အကြောင်းမှာ စုချန်းအနေနှင့် မူလကိရိယာများကို တန်ဖိုးနည်းနည်းနှင့် ဝယ်ယူသုံးစွဲနိုင်မည့်အပြင် လျှို့ဝှက်အဖွဲ့အစည်းအနေနှင့်လည်း ၎င်းတို့အတွက် အသုံးမလိုသော ပစ္စည်းကို အသုံးပြု၍ စုချန်းနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လုပ်စရာရှိသည်တို့ကို လုပ်ဆောင်ပြီးခဲ့လေပြီ။ ဆုံးဖြတ်စရာရှိသည်တို့ကို ဆုံးဖြတ်ခဲ့ပြီးလေပြီ။ လက်ရှိတွင် စုချန်းအဖို့ လုပ်ဆောင်စရာဟူ၍ တခုသာကျန်တော့သည်။ ၎င်းမှာ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းရန် ဖြစ်သည်။ သို့သော် စုချန်းသည် မည်သည့်အခါမျှ မေ့မေ့လျော့လျော့ နေတတ်သူမဟုတ်။ သူသည် နေ့စဉ်နေ့တိုင်း မူလစွမ်းရည်များ တိုးတက်လာစေရန် အားသွန်ခွန်စိုက် လေ့ကျင့်နေလေ၏။ တချိန်တည်းမှာပင် တန်ကျင်းသည် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာပြီး စုချန်း ယူဆောင်လာခဲ့သည် ရှေးဟောင်းအာကင်နာသားရေစာခွေပါ အကြောင်းအရာများကို တခြားအချက်အလက်များနှင့် နှစ်ကြိမ်မှ သုံးကြိမ်တိုင်တိုင် တိုက်ဆိုင်စစ်ဆေးကာ ဘာသာပြန်ဆိုနိုင်ရန် ကြိုးစားနေ၏။

ဤယနေ့တွင်ကား စုချန်းသည် ပုံမှန်အတိုင်း ကျောက်စိမ်းနန်းတော်သို့ ရောက်ရှိလာ၏။ ထိုအခိုက်မှာပင် တန်ကျင်းတယောက် သူ့ထံသို့ အမောတကောနှင့် ပြေးလာနေကြောင်း တွေ့ရှိလိုက်ရသည်။ သူ့မျက်နှာတွင်လည်း စိတ်လှုက်ရှားမှုများနှင့် ပြည့်နှက်နေလေ၏။

"သခင်လေး သခင်လေး"

တန်ကျင်း၏ ခေါ်သံ ထွက်ပေါ်လာ၏။ ထိုအခါ စုချန်းက တန်ကျင်းတယောက် သားရေစာခွေကို အကြမ်းဖျင်း ဘာသာပြန်ဆို၍ ပြီးဆုံးသွားပြီဖြစ်ကြောင်း ချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။ သူက အသံကိုနှိမ့်ရင်း မေးမြန်းလိုက်သည်။

"ကြည့်ရတာ အုပ်ချုပ်ရေးမှုးကြီး ဘာသာပြန်လို့ ပြီးပြီထင်တယ်"

ထိုအခါ တန်ကျင်းက စာရွက်အပိုင်းတခုကို စုချန်းလက်ထဲသို့ လျှို့ဝှက်စွာ ထည့်ပေးရင်း ပြောလိုက်သည်။

"ကျွန်တော် တရွက်တော့ ပြန်ပြီးပါပြီ သခင်လေး သခင်လေး ညွှန်ကြားတဲ့အတိုင်း မူရင်းစာသားလဲ ပါပါတယ် အားလပ်တဲ့အချိန်တွေမှာ သခင်လေးအနေနဲ့ မူရင်းနဲ့ ဘာသာပြန်ဆိုချက်ကို ယှဉ်တွဲပြီး လေ့လာနိုင်ပါလိမ့်မယ်"

စုချန်းက စာရွက်ကို ဆုပ်ကိုင်ရင်း ရယ်မောလိုက်၏။

"ဒီအတိုင်းဆိုရင်တော့ ကျွန်တော့ကို အားလပ်ရက် အနည်းငယ်လောက်ပေးဖို့ အုပ်ချုပ်ရေးမှုးကြီးဆီမှာ ခွင့်တောင်းရတော့မယ်ထင်တယ်"

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ တန်ကျင်းက သူ့ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား လူငယ်တွေဟာ ဒီအတိုင်းပဲ သခင်လေးရဲ့ သူတို့ဟာ စိတ်ဝင်စားစရာ အသစ်တခု တွေ့ပြီဆိုတာနဲ့ ကျန်တာကို ရက်အနည်းငယ်လောက်တော့ မေ့နေတတ်ကြတယ် သွား သွား သခင်လေး စိတ်ချလက်ချသာသွား ကျွန်တော် ဒီမှာရှိနေတဲ့အတွက် ဒီဆိုင်အတွက် ဘာမှစိတ်ပူမနေနဲ့ သခင်လေး လေ့ကျင့်စရာရှိတာကိုသာ စိတ်ရှင်းရှင်းနဲ့ လေ့ကျင့်ချေ"

"ဒါဆိုလဲ ကျွန်တော် စိတ်ချပါပြီ"

ပြောပြောဆိုဆို စုချန်းက တန်ကျင်းကို ဦးညွှတ်ကာ ကျောက်စိမ်းနန်းတော်မှ ထွက်ခွာလာခဲ့၏။ ဆိုင်ရှေ့သို့ ရောက်သည်နှင့် သူက ကျူးဟုန်ကို အမိန့်ပေးလိုက်သည်။

"ကျူးဟုန် မြင်းရထားကို တောင်ခြေဘက်ကို မောင်း"

ထို့နောက် သူက ရထားလုံးအတွင်းတွင် ဝင်ထိုင်ရင်း စာရွက်ကို ဖွင့်၍ဖတ်လိုက်၏။ တန်ကျင်း ဘာသာပြန်ပေးလိုက်သော ရှေးဟောင်း အာကင်နာ နည်းစနစ်မှာ "လေလှိုင်း ရေဘဝဲ လက်တံကြီးများ" ဖြစ်သည်။ ၎င်းမှာ အတော်လေး လက်တွေ့ကျသော ရှေးဟောင်းအာကင်နာမူလစွမ်းရည်တမျိုး ဖြစ်ပေသည်။

"လေလှိုင်းရေဘဝဲလက်တံကြီးများ"ဟူသည်မှာ အခြားတော့ မဟုတ်။ တဖက်ရန်သူကို ချည်နှောင်ရန် ပါးလွှာသော လေထုကို အသုံးပြု၍ ရေဘဝဲတကောင်၏ လက်များနှင့် အလားသဏ္ဍန် ဆင်တူသော လေလှိုင်းလက်တံကြီးများ တည်ဆောက်ခြင်း ဖြစ်သည်။ ၎င်း လေလှိုင်းလက်တံကြီးများသည် အချိန် ကြာမြင့်စွာ တည်ရှိနိုင်ပြီး တကြိမ်တည်းတွင် လက်တံပေါင်းမြောက်များစွာ ထုတ်ဖော် အသုံးပြုနိုင်၏။ ၎င်း၏ အဓိက အားနည်းချက်မှာ ဖျက်ဆီးရလွယ်ကူပြီး တဖက်လူကို ထိန်းချုပ်နိုင်သော စွမ်းအားမှာလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ ထို့ပြင် ၎င်းသည် တဖက်လူ၏ မူလစွမ်းရည်များ ထုတ်ဖော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

သံမဏိကဲ့သို့သော သာမာန် လူတန်းစားများပင် အဆိုင်ပါ လေလှိုင်းလက်တံကြီးများ၏ ချုပ်ကိုင်ခြင်းကို တွန်းလှန်နိုင်ကြောင်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ဤတချက်ကို ကြည့်သည်နှင့် အဆိုပါ လက်တံကြီးများ၏ အင်အားမှာ အတော်လေး နိမ့်ပါးကြောင်း သိသာနေပေပြီ။ သို့သော် ၎င်းနည်းစနစ်၏ စွမ်းအင်တည်ဆောက်ပုံမှာ ရိုးရှင်းလှပေရာ သင်ယူရလွယ်ကူ၏။ ထို့ကြောင့် ဘာသာပြန်ရာတွင် အလွယ်ကူဆုံး ဖြစ်နေခြင်းပင်။

တောင်ခြေသို့ ရောက်သည်နှင့် စုချန်းသည် ကျူးဟုန်ကို အစောင့်ချကာ လေလှိုင်းရေဘဝဲလက်တံကြီးများကို စတင်လေ့ကျင့်တော့သည်။ နောက်ပိုင်းကာလများတွင် စုချန်းသည် မူလစွမ်းရည်များကို လေ့ကျင့်ရာတွင် ပို၍ အတတ်မြန်လာသည်ကတော့ အမှန်ပင်။

ယခုတွင်လည်း သူသည် ကိုယ်တွင်းရှိ မူလစွမ်းအင်များကို ဖော်ထုတ်ကာ ကြိုးစားပမ်းစား လေ့ကျင့်နေ၏။ လေလှိုင်းရေဘဝဲလက်တံကြီးများသည် တခုပြီးတခု ပေါ်ပေါက်လာလေသည်။ အတန်ကြာ လေ့ကျင့်ပြီးသောအခါ စုချန်းကိုယ်တွင်းရှိ မူလစွမ်းအင်များ အတော်လေး လျော့နည်းစ ပြုလာ၏။ သို့သော် သူက ရပ်နားခြင်းမပြုပဲ မူလကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူကာ ဆက်လက်လေ့ကျင့်ပြန်သည်။

ကြိုးစားပမ်းစားနှင့် အဆက်မပြတ် လေ့ကျင့်နေခြင်းကြောင့် သူသည် "လေလှိုင်းရေဘဝဲလက်တံကြီးများ" နည်းစနစ်ကို ပိုမို ကျွမ်းကျင်စပြုလာ၏။ ကြိုးစားမှု၏ အသီးအပွင့်များပေတည်း။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏။ ကျူးဟုန်ကား ပတ်ဝန်းကျင်ကို ဂရုတစိုက်နှင့် စောင့်ကြည့်နေသည်။ စုချန်းကား ကြိုးစားပမ်းစား လေ့ကျင့်လျက်ရှိလေသည်။

စုချန်း၏ ပတ်ပတ်လည်တွင် များပြားလှသော လေလှိုင်းရေဘဝဲလက်တံကြီးများက သူ့ကို ဗဟိုပြုကာ ဝန်းရံလျက်ရှိ၏။ တဝက်တပျက် မြင်တွေ့နေရသော အနှီလက်တံကြီးများသည် လေထဲတွင် မြွေများကဲ့သို့ လှုပ်ရမ်းနေ၏။ စုချန်း၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် ရူးသွပ်စွာ ကခုန်နေကြလေသည်။ လေလှိုင်းရေဘဝဲလက်တံကြီးများမှာ မယုံနိုင်လောက်အောင် များပြားလေရာ ၎င်းတို့ကို ထိန်းချုပ်ရင်း စုချန်းတယောက် တဖြည်းဖြည်း ပျာယာခတ်လာ၏။ ထိုလက်တံများထဲမှ တခုကို အာရုံစိုက်ရန် ကြိုးစားလိုက်တိုင်း ကျန်လက်တံများသည် သူ့ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလေ့ရှိရာ သူ့ခမျာ အတော်ပင် အခက်တွေ့နေ၏။

နောက်ဆုံးတွင် စုချန်း သဘောပေါက်လာသည်မှာ လေလှိုင်းရေဘဝဲလက်တံကြီးများ နည်းစနစ်သည် နှိုးဆွသည့် အမြန်နှုန်းပေါ် မူတည်နေရုံသာမက ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ ထိန်းချုပ်နိုင်ရေး အပေါ်တွင်လည်း မူတည်နေကြောင်း သဘောပေါက်လာသည်။ ဤနည်းစနစ်ကို ကျွမ်းကျင်သော မူလချီစွမ်းအားပညာရှင်တချို့သည် အချိန်တိုအတွင်းတွင် လေလှိုင်းရေဘဝဲလက်တံများ ဖော်ထုတ်နိုင်သည့်အပြင် တဖက်ရန်သူကို နည်းဗျူဟာ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။

ခြုံငုံသုံးသပ်ရလျင် လေလှိုင်းရေဘဝဲလက်တံမူလစွမ်းရည်ကို အသုံးပြုမည်ဆိုပါက အသုံးပြုသူ၏ စိတ်စွမ်းအင်သည်လည်း အတိုင်းအတာတခုအထိ အင်အားပြည့်ဝစေရန် လိုအပ်ကြောင်း သိသာထင်ရှားနေ၏။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်နေမှသူလျင် အကြင်သူသည် လေလှိုင်းရေဘဝဲလက်တံကြီးများကို ပို၍ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပေလိမ့်မည်။

အထက်ပါ သဘောတရားကို နားလည်သွားသည်နှင့် စုချန်း၏ လေ့ကျင့်ပုံသည် ပိုမိုတိုးတက်လာ၏။ သူသည် များပြားလှသော လေလှိုင်းရေဘဝဲလက်တံများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။ စုချန်း၏ ပြင်းထန်သော လေ့ကျင့်ပုံကြောင့် တော်လဲသံကဲ့သို့ အသံများ ထွက်ပေါ်လာ၏။ သူ ထုတ်ဖော်လိုက်သော လေလှိုင်းလက်တံများကြောင့် သစ်ပင်ကြီးငယ်များ ကျိုးပဲ့ကာ မြေကြီးပေါ်သို့ တဝုန်းဝုန်းနှင့် လဲပြိုကျရာမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။

တနေ့လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် ညနေစောင်းခဲ့လေပြီ။ စုချန်း၏ ပတ်ပတ်လည်တွင်လည်း ကျိုးပဲ့ကြွေမွနေသော သစ်ပင်ကြီးငယ်များနှင့် ဝန်းရံလျက် ရှိလေပြီ။ စုချန်းသည် ထိုသစ်ပင်များ၏ အကိုင်းအခက်များကို ဖယ်ထုတ်ဖြတ်တောက်လိုက်သောအခါ သစ်ပင်များအားလုံးသည် ပင်စည်သာ ထီးထီးကျန်တော့သည်။ သူက ပင်စည်များ၏ အခေါက်တို့ကိုပင် သန့်ရှင်းရေးလုပ်လိုက်သေးသည်။ ထို့နာက်တွင်မှ သူက ကျူးဟုန်ကို ခေါ်လိုက်၏။ ကျူးဟုန်ခမျာကား မြင်ကွင်းကိုကြည့်ရင်း မှင်သက်အံ့သြနေရှာသည်။ ထိုအခါ စုချန်းက ပြောလိုက်၏။

"မျိုးနွယ်စု သစ်ခုတ်သမားတွေကို သွားပြောလိုက် ဒီမှာ သစ်တွေရှိတယ် လိုချင်ရင် လာယူလို့"

ကျူးဟုန်သည်လည်း အမြင်ရှိသူဖြစ်သည်။ ထို့ကြောင့် သူက ပြန်မေးလိုက်၏။

"ဒီသစ်တွေ ဘယ်ကရသလဲလို့ မေးလာရင် ကျွန်တော် ဘယ်လို ပြန်ဖြေရမလဲ သခင်လေး"

စုချန်းက အကြံပေးလိုက်သည်။

"ခုတလော စတုတ္ထသခင်လေးဟာ အလွန်ဆင်းရဲနေလို့ သစ်ပင်တွေခုတ်ပြီး ရောင်းစားနေရတယ်လို့သာ ပြောလိုက်ကွာ"

ကျူးဟုန်က အမိန့် နာခံလိုက်၏။

"ကောင်းပါပြီ သခင်လေး ခင်ဗျာ"

_______________×××_______________×××_________

ရက်အနည်းငယ်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် စုချန်းသည် "လေလှိုင်းရေဘဝဲလက်တံ"နည်းစနစ်၏ အခြေခံသဘောတရားကို ထိုးထွင်းသိမြင်သွား၏။ လေ့ကျင့်မှုကြောင့် သစ်ပင်များ ကျိုးကြေကုန်သည်မှာကား ပြောနေစရာပင် မလိုတော့။ ကျေးဇူးတင်စရာကောင်းသည်မှာ စုမျိုးနွယ်၏ သစ်ခုတ်သမားများအတွက် အဆိုပါ မြင်ကွင်းမျိုးသည် သိပ်မထူးဆန်းလှသော မြင်ကွင်းမျိုး ဖြစ်နေခြင်းပင်တည်း။

ရွှေရောင်နာမတော်အလုပ်ရုံနှင့် အလှဲအလှယ် ပြုလုပ်ရမည့် နေ့ရက်ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ချေပြီ။ ဤနေ့တွင် စုချန်းသည် သေသပ်ကျနစွာ ဝတ်ဆင်ပြီး စုအိမ်တော်မှ ထွက်ခွာလာခဲ့၏။

သံမဏိသည်လည်း စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။ သူ့လက်ထဲတွင် ကြီးမားလှသော သံသေတ္တာကြီးတလုံးကို ထမ်းလာ၏။ ထိုသေတ္တာအတွင်း၌ မည်သည့်အရာများ ပါလာကြောင်း မည်သူမျှ မသိချေ။ သို့သော် သူ ခြေတလှမ်းလှမ်းလိုက်တိုင်း မြေကြီးပေါ်တွင် ခြေရာများ နက်ရှိုင်းစွာ ထင်ကျန်နေ၏။

အိမ်တော်မှ ထွက်ခွာလာခဲ့သည်နှင့် တပြိုင်နက် စုချန်းသည် မြို့ပြင်သို့ တိုက်ရိုက်ဦးတည်ကာ လျှောက်လာခဲ့၏။ မြို့နှင့် အတော်လှမ်းသော နေရာသို့အရောက်တွင် သူက လေချွန်သံ တချက်ပြုလိုက်သည်။ လေချွန်သံအဆုံးတွင် တောအုပ်အတွင်းမှ လူခုနှစ်ဦး အလျှိုလျှိုပေါ်ပေါက်လာ၏။ လူခုနှစ်ဦးအနက် ခြောက်ဦးမှာ အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူတို့မျက်နှာများကို ဖုံးအုပ်ရန် မျက်နှာဖုံးများ ဝတ်ဆင်ထား၏။ မည်သို့ဆိုစေ အဆိုပါ ခြောက်ဦးအနက် တဦးမှာ ညတစ္ဆေမှန်း စုချန်း သေချာပေါက် ပြောနိုင်လေသည်။ သူမသည် ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ပညာရှင် သုံးဦးအနက် တဦးဖြစ်မည်မှာ သေချာနေ၏။

လူခုနှစ်ဦးအနက် တဦးသာလျင် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုသူမှာ သက်လတ်ပိုင်း အရွယ်ခန့် ရှိ၏။ ထိုသူ၏ ကိုယ်ခန္ဓာမှာ အလွန်တရာ တောင့်တင်းသန်မာလှပြီး မျက်နှာတခုလုံးတွင် အမွှေးအမြင်များ ဖုံးအုပ်နေ၏။ သူ့ကျောပေါ်တွင်လည်း ကြီးမားလှသော ဓားကြီးတလက်ကို လွယ်ပိုးထားသေး၏။ စိတ်ဝင်စားစရာကောင်းသည်မှာ သူ့လက်တွင်လည်း ကြီးမားသော သံသေတ္တာကြီးတလုံးကို ထမ်းထားခြင်း ဖြစ်သည်။ ၎င်းသေတ္တာသည် သံမဏိလက်ထဲရှိ သေတ္တာထက် အရွယ်အနည်းငယ်သေးသည်မှအပ တပုံစံတည်းပင်။

ထိုသူနှင့် သံမဏိသည် အကြည့်ချင်းဆုံသွားပြီး သူတို့၏ လက်အစုံတွင် တူညီသော သေတ္တာများကိုယ်စီ ထမ်းထားသည်ကို မြင်လိုက်ရသောအခါ နှစ်ဦးစလုံး၏မျက်နှာတွင် အပြုံးကိုယ်စီ ပေါ်လာတော့သည်။ သို့သော် သံမဏိ၏ အပြုံးသည် ရိုးသားဖြူစင်ပြီး ပွင့်လင်းလှသော်လည်း ထိုသူ၏ အပြုံးမှာကား အဓိပ္ပါယ်တစုံတရာ ပါဝင်နေဟန်ရှိ၏။

ထိုအခိုက်မှာပင် ထိုသူက စကားစသည်။

"မင်းရဲ့ ကြိုတင်ပြင်ဆင်မှုဟာ ကျုပ်ထင်ထားတာထက် ပများကြီး လုံလောက်ပါပေတယ် အရာရာကို ကြိုတင်မျှော်တွေးထားတဲ့ လူတယောက်အတွက် ဒီလို ပြင်ဆင်နိုင်တာ သိပ်တော့လဲ အံ့သြစရာ မရှိပါဘူးလေ သခင်လေးစုချန်း... မင်းဟာ ကိုယ့်ကို သတ်ချင်နေတဲ့ လူတွေကိုတောင် ကိုယ့်ဆီမှာ အမှုထမ်းလာအောင် လုပ်နိုင်ခဲ့တာပဲကိုး ချီးကျူးစရာကောင်းပါပေတယ်...ကျုပ်နာမည် ဘာရွန်လို့ခေါ်တယ် ဒီကနေ့ သခင်လေးစုချန်းကို ကူညီဖို့ အမိန့်ပေးခံခဲ့ရတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဆိုပါတော့"

ဘာရွန်သည် "ခေါင်းဆောင်"ဟူသော စကားလုံးနှင့် "အမိန့်ပေး"ဟူသော စကားလုံးကို အထူးပင် ဂရုပြု၍ ပြောဆိုလိုက်၏။ ဆိုလိုသည်မှာ သူ့အနေနှင့် ဤအဖွဲ့ကို လွတ်လပ်စွာ စီမံပိုင်ခွင့်ရှိကြောင်း ရည်ညွှန်းလိုပုံရသည်။

စုချန်းက ငြင်သာစွာပြုံးရင်း ပြောလိုက်၏။

"ခင်ဗျားရဲ့ ကူညီမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ ဒါဟာ ပဋိပက္ခမရှိရင် ခင်မင်ရင်းနှီးမှု ဖြစ်မလာနိုင်ဘူးဆိုတဲ့ သဘောရဲ့ ပြယုဂ်ပဲ ဆိုပါတော့"

ညတစ္ဆေမှာမူကား စုချန်းကို နှုတ်မဆက်ချေ။ စုချန်းကလည်း မသိချင်ယောင် ဆောင်ထား၏။

ထိုအခါ ဘာရွန်က ပြောလိုက်၏။

"မင်း ပြောသလိုပဲပေါ့ အထက်အကြီးအကဲတွေက မျက်မမြင်တယောက်ကို သွားရောက်ကူညီရမယ်လို့ အမိန့်ပေးလာတော့ ကျုပ်အတော်လေး စိတ်ပျက်သွားခဲ့တယ် ခုကျတော့ မင်းဟာ အတော်လေး ထူးချွန်ထက်မြက်နေတာကို တွေ့ရတယ် ဒီကနေ့ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး စိတ်ဝင်စားစရာကောင်းတာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ"

"ခင်ဗျားရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ"

All Chapters