← Chapters

အခန်း (၁၄၂)

Vol. 11 Ch. 142

အခန်း (၁၄၂)

Vol. 11 Ch. 142

ဆုတောင်းသံများ ပဲ့တင်ထပ်နေချိန်တွင် ဂါးရက်နော့ဒ်မတ်ခ် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

ကောင်ကင်မှာ ပျံနေတဲ့သူက ဘယ်သူလဲ။ ဘယ်လိုလူမျိုးက ဒီလိုမျိုးပျံနိုင်ရတာလဲ။

အဆင့်မြင့် မှော်ဆရာလား။ ရာထူးကြီးတဲ့ ဘုန်းတော်ကြီးလား။

ဆရာများပင် မပျံသန်းနိုင်ပေ။ လေထဲ၌ ပျံဝဲနေသူ၏ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေသည့် ဆုတောင်းသံများ…..

သူတို့တွေက ဘယ်လောက်တောင်သန်မာတာလဲ။

အဆင့်တစ်ဆယ်လား။ ဆယ့်တစ်လား။

ဒါမှမဟုတ် အဲ့အဆင့်တွေထက်ပိုမြင့်တာလား။

ဒါမှမဟုတ် သူတို့က မှော်ပစ္စည်းတစ်ခုခုကို အကူအညီယူပြီး သုံးထားတာလား။ အကယ်၍ အဲ့ဒီလူသာ ငါတို့နောက် လိုက်လာတာဆိုရင်...

“ဘားနတ် သူတို့ရဲ့ အဆင့်ကို မင်းသိလား” ဟု ဂါးရက်က တီးတိုးမေးလိုက်သည်။ ဝေးကွာသော်လည်း သူတို့ဘက်မှ ကြားသွားမည်ကို စိုးရိမ်၍ အလိုလို အသံကို နိမ့်လိုက်ခြင်းပင်။ ဘားနတ်က ခေါင်းကို နှေးကွေးစွာ ခါယမ်းရင်း “မသိဘူး။ ရင်ဆိုင်ရမှပဲ သိရမှာပေါ့” ဟု ပြောလိုက်သည်။

တိုက်ဖို့ နောက်ကျသွားပြီ။

ဂါးရက်သည် သူ၏အိတ်ကို စမ်းကြည့်ပြီးတော့ လည်ပင်းမှ မာနာပုလဲကိုပါ စမ်းကြည့်

သော်လည်း လုံခြုံသည်ဟု မခံစားရပေ။ ဘုရားသခင်၊ ဘုရား၊ သဘာဝတရား၊ ငါတို့ကို ရှာမတွေ့ပါစေနဲ့။

ကြောက်ရွံ့ခြင်းသည် ကိုယ်ကြောက်သည့်အရာကို ဆွဲဆောင်တတ်သည်။ ဆုတောင်းသံများ ပြီးဆုံးသွားသောအခါ ထိုသူ၏လက်ထဲမှ ဘောလုံးက ရုတ်တရက် တောက်ပသည့် အလင်းရောင်ကို ဖြာထွက်လာပြီး ဆယ်မိုင်ပတ်လည်ကို လင်းထိန်စေခဲ့သည်။ အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့သည့် ဂါးရက်နှင့် သူ၏အဖွဲ့သည် ဤတောက်ပသည့် အလင်းရောင်ကြောင့် အားလုံး ပေါ်သွားခဲ့သည်။

“အရှေ့ဘက်မှာ”

ဆုတောင်းနေသည့်သူ၏ အသံက တစ်ဖန် ပဲ့တင်ထပ်လာသည်။ နူးညံ့ပြီး ကြည်လင်သည့် အသံဖြစ်သော်လည်း ထိုစကားလုံးများက ဂါးရက်အား ကျောချမ်းစေသည်။

“ကောက်ကျစ်တဲ့ ဘုရားဖျက်သူတွေ သန့်ရှင်းသော ရေတပ်ရဲ့ ရန်သူတွေက တောင်နံရံကို တွယ်ကပ်ပြီး အရှေ့ဘက်ကို ထွက်ပြေးနေကြတယ်”

ဘောလုံးပေါ်မှ အဖြူရောင်အလင်းရောင်သည် ပြန့်ကျဲနေသည့်အဖြစ်မှ စုစည်းလာပြီး တောက်ပသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဂါးရက်နှင့် သူ၏အဖော်များကို ခိုင်မြဲစွာ ချိတ်ဆွဲထားလိုက်သည်။ မြေပြင်ပေါ်မှ အလင်းအစက်အပြောက်များက အိမ်များကဲ့သို့ ကြီးမားပြီး မိုင်ပေါင်းများစွာအကွာမှ လိုက်ဖမ်းနေသည့် အဖွဲ့ကပင် မြင်နိုင်ကာ ရန်သူ၏ ဦးတည်ရာကို ဖော်ထုတ်ပေးခဲ့သည်။

ဂါးရက် တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ အလိုအလျောက်ပင် သူ အော်ဟစ်လိုက်သည်။

ညာဘက်ကိုကွေ့ပြီး တောင်နံရံအတိုင်း ပြေးကြ။ တောင်နံရံအတွင်းဘက်ကို ကွေ့ဝင်နိုင်ရင် ငါတို့ လုံခြုံလိမ့်မယ်”

ဤကဲ့သို့ အစွမ်းထက်သည့် နတ်ဘုရားမှော်ပညာက စိတ်တိုင်းကျ ရွေ့လျား၍မရနိုင်ပေ။ အကယ်၍ ထိုအလင်းဘောလုံးသည် အပြင်ဘက်ကို ဆက်တိုက် ပျံဝဲနိုင်ပြီး အလင်းတန်းကို သူတို့အပေါ်၌ ဆက်လက်ထားရှိနိုင်မည်ဆိုလျှင်တော့ သူ လက်လျှော့အရှုံးပေးမည်ဟု ဂါးရက်က ပြင်းပြင်းထန်ထန် တွေးလိုက်သည်။ သူ့ကို သတိပေးရန် မလိုဘဲ အဖွဲ့သည် ကွေ့ပြီး တောင်စောင်းအတိုင်း ပြေးနေကြကာ အရှေ့ဘက်သို့ လွတ်မြောက်ရန် ကြိုးစားနေကြသည်။ ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာပြီး ပဉ္စမအဆင့် ဒိုင်းသူရဲကောင်း ယော့ခ်သည် သူ၏မြင်းနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ယော့ခ်” ကပ္ပတိန် ဘားနက်စ်က အော်လိုက်သည်။ ဒိုင်းသူရဲကောင်းသည် အကြိမ်အနည်းငယ် လူးလိမ့်ပြီး ထရန် ရုန်းကန်သည်။ ချက်ချင်းပင် သူ၏မြင်းကို စစ်ဆေးလိုက်ရာ တစ်ချက်

ကြည့်လိုက်ရုံဖြင့် သူ မျက်နှာရှုံ့မဲ့သွားသည်။

“ကပ္ပတိန် မြင်းက သွားပြီ”

ဤမြင်းများသည် ဤညတွင် ဒုက္ခရောက်ခဲ့ကြသည်။ သင့်လျော်သည့် အစားအစာလည်း မရှိသလို အနားလည်း မရဘဲ သန်းခေါင်ယံတွင် မိုင်ပေါင်း ဒါဇင်ချီ ပြန်သွားပြန်လာခဲ့ကြရပြီး ယခုမူ ခဏလေး အနားရပြီး ပြန်ထွက်ပြေးရတော့ အသက်လု၍ ပြေးရတော့ခြင်းပင်။

ထုတ်လုပ်ရေးအဖွဲ့မှ မြင်းများပင် ဤကဲ့သို့ ဒုက္ခမျိုးကို မခံရဲကြပေ။

ဒိုင်းသူရဲကောင်းများထဲတွင် ယော့ခ်က အသန်မာဆုံးနှင့် ပစ္စည်းကိရိယာ အလေးဆုံးဖြစ်ပြီး သူ၏မြင်းက ဝန်အများဆုံး ထမ်းထားရသည်ဖြစ်၍ ပထမဆုံး လဲကျသွားခဲ့သည်။ သူ၏မြင်းလဲကျသည်နှင့် အဖွဲ့ထဲမှ စစ်မြင်းများလည်း လဲကျလုနီးပါးပငါ။

ပိုဆိုးသည်မှာ မိုးသည်းထန်စွာ ရွာနေသကဲ့သို့ မြင်းခွါသံများက နောက်မှ လိုက်ဖမ်းသူများ ရောက်ရှိလာပြီဆိုသည့် အချက်ပြပင်။

"အဆင်မပြေဘူး ကပ္ပတိန်"

သံမဏိဒိုင်းကို ကိုင်ထားသည့် ယော့ခ်က အံကြိတ်ပြီး မတ်တပ်ရပ်လိုက်၏။

ဖြူဖပ်ဖြူရော် မျက်နှာနှင့် အဝေးကို ကြည့်ရင်း "ကပ္ပတိန် ကျွန်တော့်မြင်းက အလကားဖြစ်သွားပြီ"

"ဆက်သွား"

ဂါးရက်နှင့် မှော်ဆရာ ဒန်နီယယ် က တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဂါးရက်က ဆက်အော်လိုက်သည်။

"ရှေ့ဆက်သွားကြ။ အဖြူရောင်အလင်း မရောက်နိုင်တဲ့နေရာ ရှာပြီး လိုက်ဖမ်းသူတွေကို ချုံခိုတိုက်ခိုက်မယ်"

အဖွဲ့သားများမှာ အစွမ်းကုန် ဆက်လက်ပြေးလွှားနေကြသည်။ ယော့ခ်သည် ခဏတာ စိတ်ဓာတ်ကျသွားခဲ့သော်လည်း စကားအနည်းငယ်ကြောင့် ပြန်လည် နိုးကြားလာပြီး မကြာမီပင် အားပြန်ပြည့်လာခဲ့သည်။ ပဉ္စမအဆင့် သူရဲကောင်းတစ်ဦး၏ ကာယခွန်အားမှာ အလွန်ပင် ကြီးမားလှသည်။ မိုးခြိမ်းသံလို ခြေသံများဖြင့် ပြေးလွှားနေသည်မှာ မည်သူ့ထက်မျှ မနှေးပေ။

သို့သော်လည်း ဂါးရက်၏ မြင်းမှာလည်း ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ ပြသလာခဲ့သည်။ လူရိုင်းကြီး ဘားနတ်က သူ့မြင်းပေါ်မှ တိကျစွာ ခုန်ချလိုက်ပြီး ဂါးရက်ကို အားစိုက်ထုတ်စရာမလိုဘဲ ပွေ့ချီလိုက်သည်။

လူရိုင်း၏ ကျောပေါ်တွင် မှီလျက် ဂါးရက်သည် သူ့ခေါင်းကို အတင်းလှည့်ကာ နောက်ဘက်ကို ကြည့်ရှုလိုက်သည်။ တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် လိုက်ဖမ်းသူများ၏ ပုံစံကို အတည်ပြုပြီးနောက် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။

ကျေးဇူးတင်လိုက်တာ ပျံသန်းနိုင်တဲ့ အရေးကြီးပုဂ္ဂိုလ်ကြီး မပါဘူးပဲ။

ကျန်သူတွေကတော့...

"ငါတို့နောက်မှာ လူဘယ်နှစ်ယောက်ရှိလဲ။ သူတို့က သူရဲကောင်းတွေလား" ဟု ကပ္ပတိန် ဘားနက်စ် က ပြေးရင်း အော်မေးလိုက်သည်။ ဂါးရက် က သူ့လည်ပင်းကို အတင်းဆန့်ပြီး

"ဆယ်ယောက်ပဲ။ သူရဲကောင်းတွေ ဟုတ် မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ သူတို့အားလုံး အနက်ရောင် သံချပ်ကာဝတ်စုံတွေ ဝတ်ထားပြီး ဓားရှည်ကြီးတွေ ကိုင်ထားတယ်။ သူတို့အဝတ်အစားတွေမှာ ရွှေရောင် မိုးကြိုးပုံစံတွေ ရှိတယ်။ ပြီးတော့ တော်တော်ထူးဆန်းတယ်... တော်တော်ထူးဆန်းတယ်..."

သူ စကားလုံးရှာမရ ဖြစ်နေသည်။ မှော်ဆရာ ဒန်နီယယ်ကတော့ လှည့်ကြည့်ပြီး တစ်ချက်

ကြည့်လိုက်ရုံနှင့် လုံးဝကို ထိတ်လန့်သွားသည်။

"တရားစီရင်ရေး အဖွဲ့ဝင်တွေဟ"

"ပြေးကြ"

အားလုံး တစ်ညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ ဂါးရက်က သူ့အိတ်ကို စတင်ရှာဖွေတော့သည်။

လင်ဒီက အပြင်မထွက်ခင် ငါ့ကို ဘယ်လို မှော်ပစ္စည်းတွေ ပေးလိုက်တာလဲ။ ဘယ်တစ်ခုက အခြေအနေကို ပြောင်းလဲစေနိုင်တာလဲ။ ဘယ်တစ်ခုက တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကွာအဝေးရှိတာလဲ။

အအေးဒဏ်နဲ့ အပူဒဏ်ကို ခုခံတဲ့ လက်စွပ်... အသုံးမဝင်ဘူး။ ရေကို သန့်စင်တဲ့ လက်စွပ်... အသုံးမဝင်ဘူး။ သဘာဝနတ်ဘုရားအဆောင်... ဒါက ကာကွယ်ရေးပဲ ပေးတယ်။ တိုက်ခိုက်လို့မရဘူး။

သေသူကို ထိန်းချုပ်တဲ့ ဆွဲကြိုး... အခုတော့ အသုံးမဝင်ဘူး။ အလောင်းတွေရှိရင်တောင် အချိန်မရှိဘူး။ အလောင်းပေါက်ကွဲတဲ့ လက်စွပ်... ဒါက ကောင်းတယ်။ အခွင့်အရေးရတာနဲ့ သူတို့ကို ဖောက်ခွဲပစ်ရမယ်။

ကံကောင်းထောက်မစွာဖြင့် တောင်တန်းဒေသသည် နောက်ဆုံးတွင် အတွင်းဘက်သို့ ကွေးဝင်လာပြီး လေထဲ၌ မြင့်မားစွာ တွဲလောင်းကျနေသည့် ဘောလုံးသည်လည်း ရွေ့လျား၍မရတော့ပေ။ မြင်းခွါသံများက ဖြည်းဖြည်းချင်း အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ဂါးရက် နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ အမှောင်ထု၏ အမိုးအကာသည် ဤမျှလောက်ပင် စိတ်ချမ်းသာစရာကောင်းသည်ဟု ယခုမှပင် တကယ်ခံစားရခြင်းပင်။

ဘုရားသခင် ကောင်းချီးပေးပါစေ။ နောက်ကလူများလည်း နှေးကွေးသွားပါစေ။

သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ချုံခိုတိုက်ခိုက်ရန် အသင့်တော်ဆုံး မြေမျက်နှာပြင်ကို ရှာဖွေနေခဲ့သည်။ ရှေ့မှ တောင်လမ်းက တော်တော်ကျဉ်းသည်။ ကြိုးအနည်းငယ် ဆန့်ထား၍ ရနိုင်မည်ဟု ထင်သည်။ ရှေ့ဆက်သွားလျှင် အကွေ့တစ်ခုရှိသည်။ အချိန်လုံလောက်လျှင် ထိုနောက်ကွယ်၌ တွင်းတူး၍ ရနိုင်မည်။

ကမ်းပါးသာရှိလျှင် သူတို့ကို တိုက်ရိုက်ထောင်ချောက်ဆင်၍ ရနိုင်မည်ပင်...

ဂါးရက်သည် ရွေးချယ်ပြီး အမြဲတစေ အတွေးများ ထုတ်နေသော်လည်း မည်သည့်မြေမျက်နှာပြင်ကမျှ သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပေ။ သူ ဆုံးဖြတ်ချက် မချရသေးခင်မှာပင် နောက်မှ လိုက်ဖမ်းသူများထဲမှ တစ်ညီတညွတ်တည်း အော်ဟစ်သံ ထွက်ပေါ်လာသည်။

“သဘာဝနတ်ဘုရားအကြီးအကဲ၏ ဘုန်းတော်အတွက်”

အော်ဟစ်သံကြားထဲတွင် အနက်ရောင် သံချပ်ကာဝတ်ဆင်ထားသည့် သူရဲကောင်းများက သူတို့၏ ဓားရှည်ကြီးများကို ဆွဲထုတ်လိုက်ကြပြီး တစ်ညီတညွတ်တည်း ရှေ့တိုးလာကြသည်။ ဂါးရက်သည် လှည့်ကြည့်လိုက်မိရာ သူတို့ဓားဖျားများမှ တောက်ပသည့် အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး တောင်တန်း၏ ချိုင့်ဝှမ်းတစ်ခုလုံးကို လင်းထိန်သွားသည်ကိုသာ မြင်လိုက်ရသည်။

“သောက်ကျိုးနည်း”

ဂါးရက်သည် ကျိန်ဆဲသည်ဘစကားတစ်ခွန်းကို မျိုချလိုက်ပြီး မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်ရာ ယားယံမှုကြောင့် မျက်ရည်များ စီးကျလာသည်။

ကိုယ်ပိုင် အလင်းရောင်ပါ ပါတာလား။

အလင်းရောင်ရှိလျှင် ကောက်ကျစ်သည့် ပရိယာယ်များစွာ အလုပ်လုပ်တော့မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ဘားနတ်က သူ့ကို ကျောပိုးထားသည်။ ဂါးရက်ကိုယ်တိုင် ပြေးနေခြင်းဆိုလျှင် ခဏတာ မျက်စိယားယံမှုက သူ့ကို ထိုးလဲကျစေနိုင်သည်။ သို့သော် လိုက်ဖမ်းသူများက အလင်းရောင်တင်မကပေ။

ဂါးရက်သည် လူရိုင်း၏ ကျောပေါ်၌ လှုပ်ယိမ်းနေဆဲတွင် ရုတ်တရက် မြှားတင်သံတစ်သံ ကြားလိုက်ရသည်။ ချက်ချင်းပင် ဘားနတ်သည် ရှေ့သို့ ခုန်ချလိုက်၍ မြေပေါ်သို့ လဲကျမလို ဖြစ်သွားသည်။ မြှားများသည် ဝှစ်ကနဲ ပျံသန်းသွားပြီး ကပ္ပတိန် ဘားနက်စ်ဘေးမှ ဓားနှစ်

လက်ကိုင် သူရဲကောင်းက ရင်နာဖွယ်ရာ အော်ဟစ်ရင်း “သူတို့မှာ လေးတွေ ရှိတယ်။ အင်အားကြီးတဲ့ လေးတွေ” ဟု အော်ပြောလိုက်သည်။

“သူ့ကို မပစ်နဲ့”

နောက်မှ တစ်စုံတစ်ဦးက သူတို့ကို တားဆီးရန် အော်လိုက်သည်။ ဂါးရက်သည် သက်ပြင်းချလိုက်ဆဲတွင် ထိုမကောင်းဆိုးဝါးဆန်သည့် အသံက ဆက်ပြောလာသည်။

“ရှေ့က ဘုရားဖျက်တဲ့ ဘုန်းတော်ကြီးနဲ့ မှော်ဆရာ ရပ်စမ်း။ သဘာဝနတ်ဘုရားအကြီးအကဲက သည်းခံပြီး မေတ္တာရှိတဲ့ ဘုရားသခင်ပဲ။ မင်းတို့သာ ကူးပြောင်းဖို့ ဆန္ဒရှိရင် ဂေါ်ဒွန် မေနီဝါဖြစ်တဲ့ ငါက တရားစီရင်ရေးအဖွဲ့ရဲ့ နာမည်နဲ့ မင်းတို့ရဲ့ လုံခြုံရေးကို အာမခံတယ်”

မင်းတို့ကို ယုံကြည်ခြင်းက သရဲတွေကို ယုံကြည်တာနဲ့ အတူတူပဲ။

လှည့်၍ ကျယ်ကျယ်လောင်လောင် ကျိန်ဆဲချင်သည့် ဆန္ဒကို ထိန်းချုပ်ရင်း ဂါးရက်သည် အလောင်းပေါက်ကွဲတဲ့ လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူသည် ဘားနတ်ကို တို့လိုက်ပြီး သူ့အား ကပ္ပတိန် ဘားနက်စ်ဆီ ခေါ်သွားရန် အချက်ပြလိုက်ကာ တီးတိုးပြောလိုက်သည်။ “ရှေ့က အကွေ့ကို ကျော်ပြီးရင် မြင်းနှစ်ကောင်ကို သတ်လိုက်”

“ရှေ့ကနေ ပိတ်ဆို့မလို့လား” ဟု ဘားနတ်က မေးလိုက်သည်။

“ဟုတ်တယ်”

ဂါးရက်သည် လက်သီးဆုပ်ပြီး ကပ္ပတိန်ကို လက်စွပ်ကို ပြလိုက်သည်။

“နက်ခရိုမန်ဆာ ပေးထားတာ”

All Chapters