မြူဖုံးရထား
Vol. 8 Ch. 72
မြောက်ပိုင်းမြို့တော်နှင့် ကောင်းကင်နတ်ဘုရားနန်းတော်မှာ အကွာအဝေးအားဖြင့် သိပ်မနီးလှ။ သို့သော် ဘာရွန်နှင့် အခြားလူများမှာ အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်ထားဟန်တူ၏။
လေချွန်သံ ခပ်တိုးတိုးတချက်ပေါ်လာပြီး တောအုပ်အလယ်ခေါင်မှ ကြီးမားသော ရထားလုံးကြီးတလုံး ပေါ်လာ၏။ ရထားမှာ သာမာန်ရထားမျိုးမဟုတ်။ နှစ်ထပ်ရထားလုံးဖြစ်ပြီး ဆင်တကောင်ပင် သက်တောင့်သက်သာ ဝင်ထိုင်နိုင်လောက်အောင် ကြီးမားလှသည်။ ရထားလုံးကို ဆွဲရန် ကထားသည်မှာကား မြင်းများမဟုတ်ပဲ ရှားပါးသည့် အကြေးခွံပါ သားရဲသတ္တဝါဆိုး စာရင်းဝင်သည့် အမာဒီလို (သင်းခွေချပ်နှင့် အလားသဏ္ဍန်တူပြီး လက်တင်အမေရိကတွင် အတွေ့များသည် ။ ဤကား စကားချပ်) များဖြစ်ကြသည်။ ၎င်းအမာဒီလိုသတ္တဝါဆိုးများသည် ထူးခြားသည့် ခွန်အားနှင့် မြန်ဆန်သည့် အပြေးနှုန်းကို ပိုင်ဆိုင်ထားပြီး ထိန်းကျောင်းရန် ခက်ခဲ့သည့် သတ္တဝါများဖြစ်သည်။ ၎င်းတို့ကို ငွေကြေးများစွာ ကုန်ကျခံ၍ လေ့ကျင့်ပေးရလေ့ရှိသည်။
ထိုအခိုက်မှာပင် ဘာရွန်က စကားစ၏။
"ကဲ သခင်လေးစုချန်း ရထားလုံးပေါ်တက်ပါ အစတုန်းကတော့ ဒီရထားလုံးကို အသုံးပြုတာဟာ ဖြုန်းတီးသလိုများ ဖြစ်နေမလားလို့ ကျုပ်က တွေးမိသေးတယ် မင်းရဲ့အစေခံဟာ တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်တယောက် ဖြစ်နေမယ်လို့ မထင်ထားဘူးလေ ခုတော့ ဒီရထားလုံးကို ယူလာတာ အံကိုက်ဖြစ်သွားပြီနဲ့ တူတယ်"
ပြောပြောဆိုဆို ဘာရွန်က ရထားလုံးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ စုချန်းကလည်း သူ့နောက်မှ လိုက်တက်လိုက်သည်။ ရထားလုံး၏အတွင်း၌ကား အခန်းတခန်းစာမျှ ကျယ်ဝန်း၏။ ရထားလုံး တခုလုံးကို အနားယူရန်နှင့် တရားထိုင်ရန် ဆုတောင်းဖျာများ၊ လှပစွာ ထွင်းထုထားသော ထိုင်ခုံငယ်များနှင့် တန်ဆာဆင်ထား၏။
စုချန်းတို့ အတွင်းသို့ရောက်သည်နှင့် ရထားလုံးသည် ကောင်းကင်နတ်ဘုရားနတ်တော်သို့ အသွားခရီးကို စတင်ခဲ့တော့သည်။ ထိုအခိုက်မှာပင် ရထားလုံး ပတ်ပတ်လည်တွင် အဆောင်လက်ဖွဲ့ပုံသဏ္ဍာန် ရေးထိုးထားသော စာလုံးများမှ တောက်ပသော အလင်းရောင်တန်းများ ထွက်လာ၏။ ထိုအလင်းရောင်သည် တဖြည်းဖြည်းနှင့် ဆောင်းမနက်ခင်းများတွင် မြင်တွေ့ရသော မြူခိုးများအဖြစ် ပြောင်းလဲသွားကာ စုချန်းတို့ ရထားလုံးကြီးကို ဖုံးလွှမ်းသွားတော့သည်။ အပြင်မှလူများအနေနှင့် ရထားလုံးကို မြင်တွေ့ရန် မဖြစ်နိုင်တော့။
ဘာရွန်က ရယ်မောရင်း ပြောလိုက်၏။
"ဒီရထားလုံးကို မြူဖုံးရထားလို့ ခေါ်တယ် သူ့ရဲ့အားသာချက်ကတော့ မြူခိုးတွေကြောင့် ကိုယ့်ကိုယ်ကို ဖုံးကွယ်နိုင်သလို ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်ပေးမှုတွေကိုလည်း ရှောင်ရှားနိုင်တယ် ခရီးကဝေးတယ်ဆိုပေမဲ့ မြုဖုံးရထားကို သုံးလိုက်လို့ ကျုပ်တို့အနေနဲ့ ဟိုကို ညနေစောင်းချိန်လောက် ရောက်သွားလိမ့်မယ် ဒီအတောအတွင်း ပျင်းနေရင်တော့ တရားထိုင်နေပေါ့ ဒါမှ မင်းအနေနဲ့ တိုက်ပွဲဝင်ချိန်မှာ အင်အားပြည့်ဝနေလိမ့်မယ်"
"ကောင်းပြီလေ ခင်ဗျား အကြံပေးတာ ကောင်းပါတယ်"
ပြောပြောဆိုဆို စုချန်းက ထိုင်ချလိုက်၏။ သို့သော် သိပ်မကြာသေးသော ကာလဝယ် ကြီးမားသော တိုက်ပွဲ ဆင်နွှဲရဖွယ်ရှိနေရာ စုချန်းကား စိတ်မငြိမ်သေး။ သူက ရောက်တတ်ရာရာများ စဉ်းစားနေ၏။ ထိုအခိုက်မှာပင် သူက ဘာရွန်ပြောလိုက်သော စကားကို သတိရလာ၏။ ညနေစောင်းလျင် ကောင်းကင်နတ်ဘုရားနန်းတော်သို့ ရောက်ရှိသွားပေလိမ့်မည်ဟူသော စကားပင်။ ထိုစဉ် သူက တစုံတရာကို သတိထားမိလာ၏။ ရထား၏ အမြန်နှုန်းမှာ အတော်လေး နှေးကွေးလှ၏။ ရထားလုံး၏ ကြီးမားပုံနှင့် တင်ဆောင်ထားသော လူအရေအတွက်အရ ဤသို့ နှေးကွေးသည်မှာ ဆန်းတော့မဆန်း။
သို့သော် စုချန်းက တစုံတရာကို သံသယဖြစ်လာသဖြင့် ရထားလုံးနံရံကို မူလစွမ်းအင် အနည်းငယ်ထုတ်ကာ တွန်းကြည့်လိုက်၏။ ရထားနံရံကား လှုပ်ပင်မလှုပ်။ ကြည့်ရသည်မှာ ရထားလုံး တခုလုံးကို သံမဏိများဖြင့်သာ တည်ဆောက်ထားပုံရသည်။ ထို့ကြောင့်ပင် လိုအပ်သည်ထက် ပို၍ နှေးကွေးနေခြင်းဖြစ်သည်။ သို့တိုင်အောင် မြူဖုံးရထားသည် သာမာန်ရထားလုံးများထက်တော့ များစွာ မြန်ဆန်နေသေးသည်သာ။
တဖန် ရထားလုံး တနေရာရာ၌ ဤရထားကို တိုက်ပွဲဝင်ကိရိယာတခုအဖြစ် ပြောင်းလဲနိုင်သည့် ခလုတ်တခုသာ ပါပါက မြူဖုံးရထားသည် ရန်သူကို လိုက်ဖမ်းရန်နှင့် ထွက်ပြေးရန်အတွက်သာ အသုံးဝင်ရုံမကပဲ ထောင်ချောက်ဆင်ပြီး ဖမ်းချုပ်ရန်အတွက်ပါ အသုံးဝင်နိုင်ကြောင်း စုချန်းက တွေးတောမိ၏။ ထို့နောက်တွင်ကား သူသည် မည်သည့်အရာကိုမျှ တွေးတောခြင်း မပြုတော့ပဲ ငြိမ်သက်စွာ တရားထိုင်နေတော့သည်။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ တောင်စွယ်တွင် နေကွယ်ခဲ့လေပြီ။ ကြိုတင်မှန်းဆထားသည့်အတိုင်း စုချန်းတို့လူစုသည် မှောင်စပျိုးချိန်တွင် ကောင်းကင်နတ်ဘုရားနန်းတော်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့၏။ မြူဖုံးရထား၏ အစွမ်းကြောင့် သူတို့သည် မည်သည့်အစောင့်အကြပ်မှ မတွေ့ရပဲ မြို့တံခါးကို လျှောလျှောရှုရှုပင် ဖြတ်သန်းလာနိုင်ခဲ့သည်။ အမှန်တော့ အနှီမြူဖုံးရထားသည် ထွက်ပြေးရန်၊ လိုက်ဖမ်းရန်နှင့် ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ရာတွင် အမှန်တကယ် အသုံးဝင်သည့် ရတနာတပါးဟု ဆိုရမည်။
ကောင်းကင်နတ်ဘုရားနန်းတော်၏ လမ်းမကျယ်များတွင်ကား ညအချိန်ဖြစ်၍ အကြောင်းကိစ္စတချို့ကြောင့် မဖြစ်မနေ သွားလာနေကြသော လူတချို့မှအပ လူသူ ရှင်းလင်းနေ၏။ စုချန်းတို့၏ ရထားလုံးသည် ရွှေရောင်နာမတော်အလုပ်ရုံ တည်ရှိသော ဟွမ်ဝူလမ်းအတွင်းသို့ ချိုးဝင်လာခဲ့၏။ မိမိတို့နှင့် အစိမ်းသက်သက်ဖြစ်နေသော မြေအနေအထားဖြစ်၍ စုချန်းတို့သည် မြူခိုးများ၏ အကာအကွယ်ကိုယူကာ လမ်း၏ အနေအထား၊ ဆိုင်၏ တည်နေရာ၊ အစောင့်များ၏ အခြေအနေတို့ကို သိရှိနိုင်ရန် ပထမဆုံးအနေနှင့် လမ်းတလျှောက် လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
အတန်ကြာသော် ရထားလုံးကို မောင်းနှင်သည့် အနက်ရောင်ဝတ်ဆင်ထားသူက နောက်ကိုလှည့်ကာ သတင်းပို့၏။
"ရွှေရောင်နာမတော် အလုပ်ရုံရဲ့ အနီးတဝိုက်မှာ ကင်းပုန်းဝပ်နေတဲ့ အစောင့်တချို့ တွေ့ရတယ်ဗျို့ စုစုပေါင်း ဆယ့်ငါးယောက်လောက် ရှိလိမ့်မယ် ဒီလူတွေထဲမှာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကပညာရှင် နှစ်ယောက်ပါတယ် ကျန်တဲ့လူတွေကတော့ ရိုးရိုး သိုင်းပညာရှင်တွေပဲ အကုန်လုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားတယ် လမ်းရဲ့ ထွက်ပေါက်နေရာကို ပိတ်ဆို့ဖို့ နောက်ထပ်လူနှစ်ဆယ်လောက် နေရာယူထားတာကိုလည်း တွေ့ရတယ် သူတို့ထဲမှာ ချီစုဆောင်းခြင်းပညာရှင် နှစ်ယောက်လည်းပါနေတယ်ဗျို့ ရွှေရောင်နာမတော်အလုပ်ရုံထဲမှာတော့ စုစုပေါင်း လူကိုးယောက် တွေ့ရတယ် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်နှစ်ယောက်နဲ့ ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင်သုံးယောက်အပြင် ထူးထူးခြားခြား အားကောင်းသန်မာတဲ့ လူတယောက် ပေါင်းကိုးယောက်ဗျ ကြည့်ရတာ နောက်ဆုံးလူက လီမင်းတန် ဖြစ်ဖို့များတယ်"
ထိုအခါ ဘာရွန်က ပြောလိုက်၏။
"ထင်ထားတဲ့အတိုင်း ခြုံခိုတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားတာပဲ ကြည့်ရတာ အရိပ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကြီး လေးယောက်လုံး ဒီနေရာကို ရောက်နေပုံရတယ် သူတိုအနေနဲ့ မင်းကို မြို့ပြင်ထိ အရောက်မခံပဲ ဒီနေရာမှာပဲ တခါတည်း ရှင်းပစ်ဖို့ ဆုံးဖြတ်ထားတဲ့သဘောပဲ ဒီဓားပြတွေဟာ တနေ့တခြား ပိုပြီး အတင့်ရဲလာပြီ"
စုချန်းက မျက်မှောင်ကုတ်ရင်း တစုံတရာကို တွေးတောမိဟန်နှင့် ပြောလိုက်သည်။
"မှန်းထားတာထက် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင်တွေ ပိုများနေတာပဲ ဒါ့အပြင် သာမာန်သိုင်းပညာရှင်တွေကလည်း ကျုပ်တို့ကို တနည်းတဖုံ ဒုက္ခပေးလာနိုင်တယ် ပိုဆိုးတာက မြို့ထဲမှာ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အစောင့်တွေ ချက်ချင်း ရောက်လာနိုင်တယ်"
စုချန်း၏ စကားကိုကြားသောအခါ ဘာရွန်က ပြုံးလိုက်၏။
"သိပ်တော့လည်းစိတ်မပူစမ်းပါနဲ့ ကျုပ်တို့ အဖွဲ့အစည်းမှာ ဒီပြသနာကိုရှင်းဖို့ ထူးခြားတဲ့ နည်းလမ်းတချို့ရှိတယ် ဒါတွေကိုသာ မြင်လိုက်ရင် မင်းအနေနဲ့ ကျုပ်တို့အဖွဲ့အစည်းကို ပိုပြီး လေးစားလာမှာအမှန်ပဲ"
ပြောပြောဆိုဆို သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ အနက်ရာင်ဝတ်ဆင်ထားသူနှစ်ယောက်နှင့် ညတစ္ဆေဟု ယူဆရသူသည် ရထားလုံးပေါ်မှ ခုန်ဆင်းသွားပြီး မြူခိုးများကို အကာအကွယ်ယူကာ အမှောင်ထဲသို့ လျပ်ပြက်သည့်ပမာ ပျောက်ကွယ်သွားတော့သည်။ အတန်ကြာသောအခါ သူတို့ ပြန်လည်ရောက်ရှိလာ၏။ တယောက်က ဘာရွန်ကို သတင်းပို့လိုက်သည်။
"ဘာရွန် မျိုးစေ့ကို စိုက်ပျိုးခဲ့ပြီးပါပြီ"
ဘာရွန်က ခေါင်းညိတ်ရင်း နောက်ဖက်ရှိ အနက်ရောင်ဝတ်ဆင်ထားသူကို လှည့်ပြောလိုက်ပြန်သည်။
"ကြေးနီသမင် ဒီတခေါက်တော့ ခင်ဗျားကို ဒုက္ခပေးရအုံးမယ်ဗျို့"
"လုပ်ပေးရမှာပေါ့ဗျာ"
အနက်ရောင်မျက်နှာဖုံး၏နောက်ကွယ်မှ အိုမင်းရင့်ရော်သော အသံတသံပေါ်လာ၏။ တဆက်တည်းမှာပင် ကြေးနီသမင်၏ ပါးစပ်မှ ထူးခြားသော စည်းချက်များ ရောပြွမ်းနေသည့် အသံတသံ ထွက်ပေါ်လာ၏။ ထိုအသံကို ကြားလိုက်သည်နှင့် စုချန်း၏ နှလုံးသားအတွင်းဝယ် ထူးဆန်းသော ခံစားချက်တမျိုး ပေါ်ပေါက်လာတော့သည်။
ထူးဆန်းလှပေတကား။ ရှေးဟောင်းအာကင်နာ နည်းစနစ်တခုပေလော။
မှန်ပေ၏။ ကြေးနီသမင် အသုံးပြုနေသော ပညာရပ်သည် အလွန်ရှုပ်ထွေးလှသော ရှေးဟောင်းအာကင်နာနည်းစနစ်တမျိုးပင် ဖြစ်လေသည်။ အတန်ကြာသောအခါ ကြေးနီသမင်၏ အသံသည် ရပ်တန့်သွား၏။ သူက သက်ပြင်းချရင်း ပြောလိုက်သည်။
"လုပ်ပြီးသွားပြီဗျ"
"ကဲ အဲဒါဆိုရင် ကျုပ်တို့ သွားကြရအောင်"
ပြောပြောဆိုဆို ဘာရွန်က ရထားလုံးပေါ်မှ ဦးဆောင်၍ ဆင်းလိုက်၏။ စုချန်းကလည်း ဘာရွန်၏ နောက်မှ လိုက်ဆင်းလိုက်၏။ ထိုအခိုက်မှာပင် သူတို့၏ ပတ်ပတ်လည်တွင် သိပ်သည်းလှသော မြူခိုးများ ဖုံးအုပ်နေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ မြူခိုးများ ထူထဲလှပေရာ ကိုယ့်လက်ချောင်းများကိုပင် သဲကွဲစွာ မမြင်ရပေ။ ထိုအခါ စုချန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။
"ဟေ့ သံမဏိ ရှေ့မှာ ဘာတွေဖြစ်နေတာလဲ"
သံမဏိက ဖြေလိုက်၏။
"နေရာတိုင်းမှာ မြူတွေချည်းပဲ သခင် ကြည့်ရတာ သစ်ပင်တွေလည်း ရှိမယ်ထင်တယ်"
သံမဏိ၏ ယူဆချက် မမှားပေ။ နေရာတိုင်းတွင် သစ်ပင်များ ပေါက်ရောက်နေ၏။ စုချန်းကိုယ်တိုင်လည်း ထိုသစ်ပင်များကို မြင်တွေ့နေရသည်။ စက္ကန့်ပိုင်းအတွင်းဝယ် စုချန်း၏အမြင်သည် ပို၍ရှင်းလင်းပီပြင်လာ၏။ မြူခိုးများ၏အလွန်တွင် ထူးဆန်းသည့် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပေါက်ရောက်နေသော သစ်ပင်များကို စုချန်း မြင်တွေ့လိုက်ရသည်။ ထိုသစ်ပင်များသည် ဟွမ်ဝူလမ်းတခုလုံး ဖုံးလွှမ်းသွားလောက်အောင် ပြွတ်သိပ်စွာ ပေါက်ရောက်နေလေသည်။ ၎င်းတို့၏ အကိုင်းအခက်များသည် မြူခိုးများအတွင်းသို့ တိုးထွက်နေကြ၏။ တခါတရံတွင် ထိုသစ်ကိုင်းများကြားမှ အဖြူရောင်မြူခိုးများကို ထုတ်လွှတ်ပေးနေ၏။
ထိုစဉ် ဘာရွန်က ဂုဏ်ယူဝင့်ကြွားနေသော အသံနှင့် ရယ်မောရင်း ရှင်းပြလိုက်သည်။
"မင်း မြူဖုံးသစ်တောအကြောင်းကိုကော ကြားဖူးရဲ့လား လောကကြီးပေါ်ကနေ ပျောက်ကွယ်သွားပြီလို့ ကောလဟလထွက်နေတဲ့ အပင်တမျိုးရှိတယ် မြူခိုးထင်းရှုးပင်လို့ခေါ်တဲ့ အပင်ပဲ ဒီအပင်က ထူးခြားတဲ့ မြူခိုးတမျိုးကို ထုတ်လွှတ်နိုင်တယ် ဒီမြူခိုးတွေက တဖက်လူရဲ့ အမြင်အာရုံကို ပိတ်ဆို့နိုင်ရုံတင်မကဘူး အကြားအာရုံကိုလည်း ဒုက္ခပေးနိုင်တယ် ခုနက ညတစ္ဆေနှင့် တခြားလူနှစ်ယောက် မြူခိုးထင်းရှုးပင် အစေ့တွေ စိုက်ပျိုးတာ မင်း တွေ့လိုက်တယ်မလား ခုဆိုရင် သစ်ပင်တွေ ကြီးထွားလာပြီ ငါတို့အနေနဲ့ ရန်သူကို တခါတည်း ဝင်ရှင်းရုံပဲ ဘယ်သူမှမြင်နိုင်တော့မှာမဟုတ်ဘူး"
ထိုစဉ် ထူးဆန်းသော အသံကိုပြုခဲ့သည့် အဖိုးအို သို့မဟုတ် ကြေးနီသမင်က ဝင်ရောက်ပြောဆိုလိုက်သည်။
"ကျုပ်တို့ မြန်မြန်သွားရအောင် သစ်ပင်တွေကို မြန်မြန်ကြီးထွားအောင် ပြုလုပ်ရတဲ့ နည်းစနစ်မှာ အချိန်ကာလ ကန့်သတ်ချက်ရှိတယ်"
ထို့နောက်တွင်ကား လူတိုင်းသည် ရွှေရောင်နာမတော်အလုပ်ရုံသို့ ဦးတည်လျှောက်လာခဲ့ကြ၏။ ညတစ္ဆေက စုချန်းအနီးသို့ကပ်လာရင်း တီးတိုးပြောဆိုလိုက်၏။
"ဟေ့ မင်းက ငါ့အနောက်မှာနေ ငါ မင်းကို ကာကွယ်ပေးမယ်"
ညတစ္ဆေ၏ မထင်မှတ်သော လုပ်ရပ်က စုချန်း၏ နှလုံးသားကို ပူနွေးသွားစေသည်။ သို့သော် သူက ခေါင်းခါငြင်းဆန်လိုက်၏။
"ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ မလိုပါဘူး ကျွန်တော့မှာ သံမဏိရှိပါတယ်"
ညတစ္ဆေက ဟင့်ခနဲ အသံတချက် ပြုလိုက်၏။ သူမက နောက်ထပ် စကားထပ်မပြောပါ။ သို့သော် သူမပြုလိုက်သော အသံမှာ "မင်းရဲ့လူက ချီစုဆောင်းခြင်းနယ်ပယ်ကိုတောင် မဝင်ရောက်နိုင်သေးတာ ဘာများ အသုံးကျမှာလဲ"ဟု အဓိပ္ပါယ်ရနေ၏။ ထိုအခိုက်မှာပင် ဘာရွန်နှင့် ကျန်လူများသည် ရွှေရောင်နာမတော်အလုပ်ရုံ၏ ရှေ့တခါးဝသို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော် ဘာရွန်က ခြေလှမ်းများကို ရပ်တန့်ခြင်း မပြု။ သူက ဆိုင်တံခါးဝကို ခြေထောက်နှင့် ကန်ဖွင့်လိုက်တော့သည်။
ဝုန်းခနဲ တံခါးပွင့်သံနှင့်အတူ လူတချို့ အပြင်သို့ခုန်ထွက်လာ၏။
"ရွှေရောင်နာမတော်အလုပ်ရုံကို ဘယ်သူကများ လာပြီး စော်ကားရဲတာလဲကွ"
အသံသည် ကျယ်လောင်လှဟန်ရှိသော်လည်း မြူခိုးများ၏ နှောင့်ယှက်မှုကြောင့် အဝေးသို့ရောက်နိုင်ဟန်မရှိ။ သူတို့၏ အနေအထားမှာလည်း တဦးနှင့်တဦး အလွန်နီးကပ်လျက် ရှိလေပြီ။ သို့သော် စုချန်း၏ နားထဲတွင် အသံသည် အလွန်ဝေးကွာသော နေရာမှ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။
ထိုစဉ် ဘာရွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟေ့ လီမင်းတန် မင်းတော့ သေနေ့စေ့ပြီကွ"
စကားဆုံးသည်နှင့် သူ့လက်သီးသည် လေထဲတွင် ဝုန်းခနဲ ပျံသန်းသွား၏။
"ဘာရွန် အဲဒါ မင်းလားကွ"
တံခါးနောက်ကွယ်မှ ဒေါသတကြီး ဟိန်းဟောက်သံပေါ်လာပြီး ဘာရွန်၏ လက်သီးချက်သည်လည်း တားဆီးခံလိုက်ရ၏။ သို့သော်ငြားလည်း ဘာရွန်၏ လက်သီးချက်သည် ကြောက်မက်ဖွယ်ရာ ပြင်းထန်လှပေရာ တဖက်လူသည် ရှိသမျှ အင်အားကို အသုံးပြုကာ တားဆီးလိုက်ရသည်။ တဆက်တည်းမှာပင် တဖက်လူ၏ ထိတ်လန့်တုန်လှုပ်နေသော အသံပေါ်ထွက်လာ၏။
"သေရောဟေ့ ငါအရူးပဲ ဟေ့ကောင်တွေ ထောင်ချောက်ဟ ထောင်ချောက် ဒီလူကို ငါ ခုခံထားမယ် မင်းတို့အားလုံး ဒီနေရာက အမြန်ဆုံး လစ်ကြပေတော့"
တချိန်တည်းမှာပင် တံခါးနောက်ကွယ်မှ ထိပ်ပြောင်ပြောင်နှင့် လူတယောက် ပြေးထွက်သွား၏။ ထိုလူ၏လက်တွင်ကား များပြားလှသော သံမဏိကွင်းများကို ဝတ်ဆင်ထား၏။ ထိုအခါ ဘာရွန်က ကျောပေါ်ရှိ ဓားကိုဆွဲထုတ်ရင်း ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
"အဲဒီလူကို တားထားစမ်းဟေ့ တယောက်မှ မလွတ်စေနဲ့"
ဘာရွန်၏ အမိန့်ပေးသံအဆုံးတွင် အနက်ရောင်အရိပ်များစွာသည် အဆိုပါ ဓားပြများထံသို့ ပျံ့လွင့်သွားကြ၏။
အမှန်တော့ ဘာရွန်တို့၏အဖွဲ့သည် အစစ အရာရာ ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်၏။ သူတို့အားလုံး၏ တဦးချင်းအင်အားသည်လည်း ပြိုင်ဘက်များထက် သာလွန်ပြီးသား ဖြစ်သည်။ အဆိုပါနှစ်ချက်သည် တိုက်ပွဲ၏ အောင်မြင်မှုကို ဆောင်ကျဉ်းပေးပေလိမ့်မည်။ ယခုအချိန်တွင် သူတို့အတွက် အထူးတလည် ပြောစရာဟူ၍ အင်အားကွာခြားချက်သာ ရှိတော့၏။ တဖက်အဖွဲ့အစည်း ဤမျှ အင်အားများနေရခြင်းမှာလည်း ၎င်းတို့အနေနှင့် စုချန်းကို ထောင်ချောက်ဆင်ရန် ကြိုတင် ကြံစည်ထားခြင်းကြောင့်သာ ဖြစ်သည်။
သို့သော်ငြားလည်း လက်ရှိအချိန်ထိ အင်အားကွာခြားချက်မှာ ပြသနာတော့ မရှိသေး။ မြူခိုးများ၏ အစွမ်းသတ္တိကြောင့် ဆိုင်အပြင်ဘက်ရှိ ဓားပြများသည် မည်သို့မျှ မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်း မရှိတော့လေရာ အချိန်အတော်ကြာသည်အထိ မည်သည့်အကူအညီမျှ ရောက်နိုင်လာဖွယ်မရှိ။ ထို့ကြောင့် လက်ရှိတိုက်ပွဲသည် တဦးချင်းစီသာ တိုက်ခိုက်ရဖွယ်ရှိ၏။ အကယ်၍ ထွက်ပြေးရန် ကြံစည်ခဲ့သည်ထားအုံး၊ စုချန်းတို့ဘက်မှ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တဦး အသာရလျက်ရှိလေရာ ၎င်းတို့အနေနှင့် ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့သာ ရှိပေလိမ့်မည်။
မြူခိုးများ ကြားထဲမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီးကား စတင်ခဲ့လေပြီ။