အင်အားသုံး၍ဖြိုခွဲခြင်း
Vol. 8 Ch. 73
သိပ်သည်းလှသော မြူခိုးထုသည် အမြင်အာရုံနှင့် အကြားအာရုံကိုပါ ပိတ်ဆို့မှုများ ဖြစ်ပေါ်စေ၏။ အထူးသဖြင့် အနှီ မြူခိုးများအကြားဝယ် အသံသည် အကန့်အသတ်နှင့်သာ ရွေ့လျားနိုင်လေရာ စုချန်းကဲ့သို့ အကြားအာရုံကို ပိုမိုအားထားတတ်သူများအတွက် များစွာ စိတ်မသက်မသာ ဖြစ်စေတော့၏။ မျက်မမြင်တယောက်အတွက် အကြားအာရုံကို မှီခိုအားထား၍ မရနိုင်သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ ကြီးမားသည့် ဖိအားများ ပေါ်ပေါက်လာတတ်၏။
ပေးဆပ်ခြင်းပေလား၊ သတိပေးခြင်းပေလား၊ ခြိမ်းခြောက်မှုပေလား၊ သို့တည်းမဟုတ် အခြားအဓိပ္ပါယ်တမျိုးမျိုးပင် ရှိနေသလား။ စုချန်း မသိပါ။ ထိုနည်းတူ ဂရုလည်းမစိုက်ပါ။
အမြင်အာရုံနှင့် အကြားအာရုံတွင် ကြီးမားသည့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသော်လည်း စုချန်းသည် သူနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို ကောင်းစွာ ခံစားနေရ၏။ ဘာရွန်နှင့် လီမင်းတန်တို့၏ လှုပ်ရှားမှုသည် မဲနက်နေသော မြူခိုးများကြားဝယ် အလွန်တောက်ပသော နေနှစ်စင်းနှင့်ပင် တူနေသေးသည်ဟု စုချန်းက တွေးတောမိလေသည်။ ထိုနှစ်ဦးလုံးကို မြူခိုးများ ဖုံးအုပ်ထားသည်ဆိုသော်ငြား ၎င်းတို့ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသည့် မူလစွမ်းအင်လှိုင်းများကို စုချန်း ကောင်းစွာ ခံစားမိနေ၏။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးသော ချီစွမ်းအားပညာရှင်နှစ်ယောက်၏ တိုက်ခိုက်မှုဟူသည် သေးငယ်သော ကိစ္စမဟုတ်ပေ။ သူတို့၏ လှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများသည် ပိန်းပိတ်အောင်မှောင်နေသော မြူခိုးများကို အဝေးသို့ လွင့်ထွက်သွားစေရုံမက မြင်ကွင်းတခုလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေ၏။ အုတ်သားအဆောက်အဦးများကို ရွှံ့နှင့်ပြုလုပ်ထားသကဲ့သို့ ဖြစ်သွားစေ၏။ ယုတ်စွအဆုံး အဆောက်အဦးရှေ့ရှိ ကျောက်သားကျားရုပ်တုကြီးကိုပင် အစိတ်စိတ် အမွှာမွှာ ကြေမွသွားစေ၏။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများကြောင့် မြူခိုးများသည်ပင် သူတို့နှစ်ဦးအပါးသို့ မကပ်နိုင်တော့။
ခွန်အားအရာတွင် ဘာရွန်သည် လီမင်းတန်ထက် အတော်လေး သာလွန်ကြောင်း မြင်သာနေသည်။ သူ၏ တိုက်ခိုက်မှုပုံစံမှာ ရိုးရှင်း၏။ ကြမ်းတမ်း၏။ ခိုင်မာ၏။ အားသွန်ခွန်စိုက်တိုက်ခိုက်တတ်၏။ ဓားချက်တချက်စီတိုင်းတွင် အင်အားအပြည့်အဝ ပါဝင်နေ၏။ ၎င်းကိုကြည့်ရသည်မှာ အထူးတလည် သွက်လက်မြန်ဆန်ဟန် မရှိသော်လည်း တိုက်ခိုက်မှုတိုင်းသည် လေးလေးပင်ပင်ရှိလှပြီး တချက်ထိမှန်သည်နှင့် အသက်ပျောက်သွားပေလိမ့်မည်။ လီမင်းတန်၏ လှုပ်ရှားမှုမှာကား ဘာရွန်နှင့် ပြောင်းပြန်သာဖြစ်သည်။ ၎င်း၏ လှုပ်ရှားမှုမှာ သွက်လက်မြန်ဆန်လှပြီး ပျံသန်းနိုင်သော လက်စွပ်များကို အားကိုးအားထားပြုကာ ဘာရွန်အား အဝေးမှ လှည့်ပတ်တိုက်ခိုက်နေ၏။ လီမင်းတန် အသုံးပြုနေသည့် ပျံသန်းနေသောလက်စွပ်များဟူသည်မှာ မူလကိရိယာတမျိုးဖြစ်ပြီး ၎င်းသည် ပစ်မှတ်ကို တိုက်ခိုက်ပြီးသည်နှင့် ပစ်လွှတ်သူ၏ လက်မောင်းများထံသို့ပြန်လာပြီး အနီးကပ်တိုက်ပွဲများအတွက် ကာကွယ်ရေးဒိုင်းငယ်သဏ္ဍာန် ပြန်လည်ပြောင်းလဲသွားလေ့ရှိသည်။
သို့သော်ငြားလည်း လီမင်းတန်၏ မာယာများလှသော တိုက်ခိုက်ပုံမှာ ဘာရွန်ကို မည်သို့မျှ အနှောင့်အယှက် ပေးနိုင်ပုံမရ။ ဘာရွန်သည် ဓားကို ခပ်စောင်းစောင်းသဏ္ဍာန်ပြု၍ လီမင်းတန်၏ လက်မောင်းကို ချိန်ရွယ်ကာ ခုတ်ချလိုက်၏။ ထိုအခိုက်မှာပင် ပန်းပဲဖိုမှ ဆယ်ပေါင်တူကြီးနှင့် ထုနှက်လိုက်သကဲ့သို့ ဂျိမ်းခနဲ အသံနက်ကြီး ဖြစ်ပေါ်လာပြီး မီးပွင့်မီးဖွားများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတခုသည် လီမင်းတန်ဆီသို့ ဦးတည်ပြေးလွှားသွားတော့သည်။ လီမင်းတန်၏ မျက်နှာတခုလုံးမှာ သွေးမရှိတော့သည့်ပမာ ဖြူလျော်သွားပြီး ဘာရွန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို အရှိန်သတ်ရန် ကြိုးစားလိုက်၏။
အမှန်တော့ ဘာရွန်နှင့် လီမင်းတန်သည် ယခုမှ စတင်တိုက်ခိုက်ဖူးသည်မဟုတ်။ သူတို့နှစ်ယောက်သည် ပြိုင်ဖက်ဟောင်းများ ဖြစ်ကြ၏။ နောက်ဆုံးအကြိမ် တွေ့ဆုံရာတွင် လီမင်းတန်တယောက် ဘာရွန်၏လက်အောက်တွင် မရှုမလှ ရှုံးနိမ့်ပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ဖူး၏။ တိုက်ခိုက်မှုပုံစံအရသော်လည်းကောင်း၊ ကိုယ်ခန္ဓာစွမ်းအားအဆင့်အတန်းအရသော်လည်းကောင်း လီမင်းတန်အနေနှင့် ဘာရွန်ကို လုံးဝ ယှဉ်နိုင်ခြင်း မရှိ။ ထို့ကြောင့်ပင် ရှင်သန်ခြင်းကျောင်းတော်က စုချန်းအား ကူညီရန် ဘာရွန်ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
အခြားတဖက်မှတွေးလျင် လက်ရှိအခြေအနေအရ စုချန်းတို့ဖက်မှ တဖက်သတ်အသာစီးရနေသည်ဟု ယူဆစရာ ရှိနေသည်။
အကြောင်းမှာ ရန်သူများဘက်တွင် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်သုံးယောက်သာ ရှိနေသည့် အနေအထားတွင် စုချန်းတို့ဘက်၌ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်သုံးယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်သုံးယောက်အထိ ရှိနေ၍ လူတယောက် အသာရနေသည့်အပြင် ကိုယ်ခန္ဓာ စွမ်းအင်အဆင့်အတန်းအရ စုချန်းတို့ဘက်မှ ပို၍ မြင့်မားနေလေရာ အသာစီးရနေသည်ကတော့ အမှန်ပင်။ သို့သော် မည်သည့် အကြောင်းကြောင့်မှန်းမသိ အနက်ရောင်ဝတ်ဆင်ထားသူ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်သည် အခြားသူနှစ်ယောက်ထက်စာလျင် တိုက်ခိုက်ရေးစွမ်းရည် အတော်လေး နည်းပါးကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ၎င်းသည် ဓားပြများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရ၏။ သို့တိုင်အောင် လက်ရှိပုံစံအရ ကြာကြာခုခံနိုင်ရန် မလွယ်လှ။
ထိုမြင်ကွင်းကိုကြည့်ရင်း စုချန်း တစုံတရာကို ဆုံးဖြတ်လိုက်၏။ သူက သံမဏိကို လေသံတိုးတိုးနှင့် အမိန့်ပေးလိုက်သည်။
"သံမဏိ ဟိုနံရံကို ရိုက်ချိုးပစ်လိုက်စမ်း ပြီးတာနဲ့ ကျုပ်ဆီ ချက်ချင်း ပြေးလာခဲ့"
သံမဏိက ခေါင်းကို ဆတ်ခနဲညိတ်ရင်း စုချန်း ညွှန်ပြသောနံရံကို အားကုန် ပြေးတိုက်လိုက်၏။ ထိုနံရံသည် ရွှေရောင်နာမတော် အလုပ်ရုံနှင့် အခြား အဆောက်အအုံတခုကို ပိုင်းခြားထားသော နံရံ ဖြစ်သည်။ ထိုနံရံနောက်ကွယ်၌ ဓားပြတချို့ ပုန်းအောင်းနေကြ၏။ အဆိုပါ ဓားပြများသည် မြူခိုးများကြောင့် တဖက်ခြမ်းတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်နေကြောင်း အနည်းငယ်မျှပင် မရိပ်စားမိချေ။ ယခု နံရံပြိုကျသွားသည့်အခိုက်တွင်ကား ည်သည့်အရာကိုမျှ ကွဲပြားစွာ မမြင်နိုင်သေးသည့်အတိုင် တခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိကုန်ကြ၏။ တဖန် သံမဏိ၏ ကြီးမားလှသော ကိုယ်ကာယကြီးကို မြင်သွားသည့်အခိုက်တွင်ကား အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြကာ သံသေးသံကြောင်နှင့် အော်ဟစ်ရင်း တဟုန်ထိုး ပြေးဝင်လာကြကုန်၏။
သံမဏိသည် စုချန်း၏စကားအတိုင်း နံရံကို ဖြိုချပြီးသည်နှင့် ချက်ချင်း လှည့်ပြေးလာ၏။ သူ့နောက်မှ ဒေါသထွက်နေသော ဓားပြများ ပြေးလွှားလိုက်ပါလာကြ၏။ ထိုဓားပြများသည် သူ့တို့၏ခေါင်းဆောင် လီမင်းတန်ကိုယ်တိုင် တိုက်ပွဲတွင် ပါဝင်နေပြီး ခါးသီးစွာ ရုန်းကန်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ကူညီရန် တိုက်ပွဲအတွင်းသို့ ခုန်ဝင်လာကြ၏။ ထိုအချိန်မှာပင် ဓားပြများထဲမှ တယောက်သည် ခရာတခုကို လျင်မြန်စွာ ဆွဲထုတ်ပြီး သူ့လူများကို အချက်ပေးလိုက်၏။ ခရာသံသည် မြူခိုးများကို ဖောက်ထွင်းကာ လျင်မြန်စွာ ပျံ့လွင့်သွား၏။ ခရာသံကြောင့် လမ်းတဖက်ရှိ ဓားပြများသည်လည်း သတိဝင်လာကြလေသည်။
ထိုအခြင်းအရာကို မြင်တွေ့လိုက်ရသောအခါ ညတစ္ဆေက ဒေါသတကြီးနှင့် အော်ငေါက်လိုက်၏။
"စုချန်း မင်း ရူးနေပြီလား ဒါဘာလုပ်တာလဲ"
ပြီးပြည့်စုံသော စီမံချက်တခုသည် စုချန်းကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့လေပြီ။ စုချန်းက အလွန် အေးဆေးသော အမူအရာနှင့် ပြန်လည်ပြောဆိုလိုက်၏။
"ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်နဲ့ သာမာန်သိုင်းသမားတချို့လောက်ပဲ ပိုလာတာပါဗျာ ခင်ဗျားတို့အနေနဲ့ နည်းနည်းလောက် ပိုပြီး အားစိုက်လိုက်ရုံပါပဲ ဒီလူတွေကို တိုက်ပွဲစည်းဝိုင်းထဲ ဆွဲမခေါ်နိုင်ဘူးဆိုရင် ကျုပ်က ဘယ်လိုလုပ် အထဲဝင်ပြီး ရတနာတွေကို ရှာနိုင်မှာလဲဗျ"
ပြောပြောဆိုဆိုပင် သူက သံမဏိကို လက်ဆွဲပြီး ရွှေရောင်နာမတော် အလုပ်ရုံအတွင်းသို့ ခုန်ဝင်သွားတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းလိုလို စုချန်းအား ကျိန်ဆဲမိကြလေသည်။ သူတို့အနေနှင့် အကျိုးအမြတ်များအား မည်သို့ခွဲဝေမည်ကို ကြိုတင်ညှိုုနှိုင်းထားသော်လည်း တယောက်ကိုတယောက် ယုံကြည်စိတ်မရှိသည်ကတော့ အမှန်ပင်။ ထို့ကြောင့် ဆိုင်အတွင်းသို့ ပထမဆုံး ဝင်ရောက်သူသည် မိမိကိုယ်တိုင်သာလျင် ဖြစ်လိုကြ၏။ ဘာရွန်တို့လူစုသည် လူများသဖြင့် စုချန်းထက် အခွင့်အရေး သာနေ၏။
သို့သော် သူတို့အနေနှင့် စုချန်းတယောက် ဤမျှ ညဏ်များလိမ့်မည်ဟု မျှော်လင့်မထား။ ယခုတော့ ဤလူငယ်သည် အပြင်ဘက်မှ ကင်းပုန်းဝပ်နေသော ဓားပြများကိုပါ တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ဆွဲခေါ်ကာ အလုပ်ရုံအတွင်းသို့ သူများထက်ဦးအောင် ဝင်ရောက်သွားခဲ့လေပြီ။
စုချန်း၏ ညဏ်များလှသော လုပ်ရပ်အတွက် လူတိုင်းလိုလို ကျိန်ဆဲနေကြသော်လည်း သူတို့အနေနှင့် မည်သို့မျှ မတတ်နိုင်။ အကြောင်းမှာ ဓားပြများသည် ရက်စက်လှသည့်အပြင် သူရဲပူးကပ်နေသည့်ပမာ အသက်ကို ပဓာနမထားပဲ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်နေကြရာ ဘာရွန်တို့လူစုမှာ လက်မလည်အောင် ခုခံနေရလေသည်။ ထိုအချိန်တွင် စုချန်းနှင့်သံမဏိမှာကား ရွှေရောင်နာမတော် အလုပ်ရုံအတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိသွားခဲ့လေပြီ။
ဆိုင်အတွင်းသို့ရောက်သည်နှင့် စုချန်းက နေရာတခုလုံးကို စေ့စေ့စပ်စပ် အကဲမခတ်သေးပဲ အမှတ်တမဲ့ ချောင်းဟန့်လိုက်၏။ သံမဏိကလည်း သခင်ဖြစ်သူ၏ သဘောထားကို ချက်ချင်းသဘောပေါက်သည်။ သူက တလမ်းလုံး သယ်ဆောင်လာခဲ့သော သံသေတ္တာကို ကြမ်းပြင်ပေါ်ချရင်း အဖုံးကို ဖွင့်လိုက်၏။ သေတ္တာအတွင်း၌ကား ခမ်းနားလှသည့် ရွှေဝါရောင် ကိုယ်ကျပ်ဝတ်စုံတစုံ ရှိနေလေ၏။
ထိုအခိုက်မှာပင် ထူးခြားလှသော အဖြစ်အပျက်တခု ဖြစ်ပေါ်လာတော့သည်။ ၎င်းမှာ သေတ္တာပွင့်သွားသည်နှင့် ရွှေဝတ်စုံသည် အသက်ရှိနေသည့် လူတယောက်ပမာ မတ်တပ်ရပ်ပြီး ၎င်း၏ အလျားများကို ဆန့်ထုတ်ကာ သံမဏိ၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်ခြင်း ဖြစ်သည်။ မျက်စေ့တမှိတ်အတွင်းဝယ် သံမဏိ၏ ခြေဖျားမှ ဦးခေါင်းသို့တိုင် နေရာအကြားအလပ်မရှိအောင် ရွှေဝတ်စုံနှင့် ဖုံးအုပ်ထားခဲ့ပြီးသား ဖြစ်သွားလေပြီ။ ယုတ်စွအဆုံး သူ့မျက်လုံးများ၌ပင် ထွင်းဖောက်မြင်နိုင်သော သလင်းမျက်မှန်တမျိုးနှင့် ကာကွယ်ထားခဲ့လေပြီ။
ရွှေရောင်ဝတ်စုံသည် အတော်ပင် လေးလံပုံရ၏။ သံမဏိ ခြေတလှမ်း လှမ်းလိုက်သည်နှင့် သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်သည် ဖြောင်းခနဲ အက်ကွဲသွားတော့သည်။ တဆက်တည်းမှာပင် သံမဏိသည် ဦးခေါင်းကိုနှိမ့်ရင်း သူ့ရှေ့တည့်တည့်ရှိ နံရံကို တအားကုန် ပြေးတိုက်လိုက်၏။ ပြင်းထန်လှသောအင်အားနှင့် စွမ်းအားကြီးမားလှသော ဝတ်စုံကြောင့် နံရံတခုလုံးသည် ဝုန်းခနဲ ပြိုကျသွားလေသည်။
မှန်ပေ၏။ ၎င်းကို အင်အားသုံး၍ ဖောက်ထွင်းခြင်းဟု ခေါ်သည်။ စုချန်းသည် ရတနာပစ္စည်းများကို အမြန်ဆုံး ရှာဖွေနိုင်ရန် ဤနည်းဗျူဟာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဤနည်းဗျူဟာသည် ရိုးရှင်း၍ အသံကျယ်လောင်သော်ငြား လက်ရှိ အခြေအနေနှင့် အသင့်လျော်ဆုံးဟု ဆိုရမည်။
ရွှေရောင်နာမတော်အလုပ်ရုံတခုလုံးတွင် ပြန့်ကျဲနေသည့် ပစ္စည်းအသေးအမွှားများကို စုချန်း စိတ်မဝင်စား။ သူစိတ်ဝင်စားသည့် တခုတည်းသောအရာမှာ လျှို့ဝှက်အခန်း သို့မဟုတ် လီမင်းတန်၏ ရတနာသိုက်ပင် ဖြစ်သည်။ အပြင်ဖက်ရှိ တိုက်ပွဲမပြီးဆုံးမီ လီမင်းတန်၏ လျှို့ဝှက်အခန်းကို စုချန်းအနေနှင့် ရှာဖွေတွေ့ရှိရန် လိုအပ်နေ၏။
လုပ်ငန်းကော စပေပြီ။ သံမဏိသည် အခန်း တခုပြီးတခု ဖြိုချပေးနေ၏။ အခန်းနှစ်ခန်းသာ မွစာကျဲကုန်၏။ လက်ရှိအချိန်ထိ မည်သည့်ပစ္စည်းမှ ရှာမတွေ့သေး။ သံမဏိကား တတိယမြောက်အခန်းကို ဆက်လက် ဖြိုခွဲရန် ဟန်ပြင်လိုက်၏။ သူသည် ခြေထောက်နှစ်ဘက်ကို ကြမ်းပေါ်တွင်ဆောင့်နင်းကာ တဟုန်ထိုး ပြေးထွက်ရင်း ဦးခေါင်းနှင့် နံရံကို ဆောင့်ခွဲလိုက်လေသည်။ သံမဏိ၏ နည်းလမ်းမှာ ရိုးရှင်းလှသည်။ သူသည် အခန်း တထောင့်တနေရာတွင် ဖုံးကွယ်ထားသော တစုံတရာ ရှိမရှိ အလွယ်ကူဆုံး နည်းလမ်းကို အသုံးပြု၍ ရှာဖွေနေခြင်း ဖြစ်သည်။
ထိုအခိုက်မှာပင် ပြင်းထန်သော တုန်ခါမှုတခုကို သံမဏိ ခံစားလိုက်ရ၏။ သံမဏိ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွား၏။ သူက သူ့ရှေ့ရှိ ကုတင်အောက်မှ တစုံတရာကို ဆွဲထုတ်လိုက်၏။ ကြီးမားလှသော သံသေတ္တာကြီးတလုံးပင်တကား။ သံမဏိက သံသေတ္တာကို ကြမ်းပြင်ပေါ်ချရင်း သခင်ဖြစ်သူ စုချန်းကို သတင်းပို့လိုက်၏။
"ဒီမှာ သေတ္တာတလုံးတွေ့ပါတယ် သခင်"
"ဖွင့်လိုက်"
စုချန်း၏ အမိန့်ရသည်နှင့် သံမဏိက ချက်ချင်းပင် သော့ကိုခုတ်ဖြတ်ပြီး သေတ္တာကို ဖွင့်လိုက်၏။ သေတ္တာပွင့်သွားသည်နှင့် လေပြင်းတချက် တိုက်ခတ်သွားပြီး ထောင်နှင့်ချီသော သံမဏိအပ်ချောင်းများသည် တဝှစ်ဝှစ်နှင့် ပျံ့လွင့်လာကြကုန်၏။ တော်သေးသည်။ သံမဏိ ဝတ်ဆင်ထားသည့် ဝတ်စုံသည် အင်မတန် လုံခြုံလွန်း၍သာ အသက်အန္တရာယ်မှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သံမဏိသည် ဤနေရာမှာပင် တထိုင်တည်း အသက်ပျောက်သွားပေလိမ့်မည်။ ယခုသော်ကား များပြားလှသော အပ်ချောင်းများသည် သံမဏိ၏ ရွှေရောင်ဝတ်စုံ အကာအရံများကိုသာ တဖြောင်းဖြောင်းနှင့် ထိမှန်ကုန်ပြီး ဘေးသို့ လွင့်စင်ကျသွားလေသည်။ မိုးဦးကျတွင် ရွာသွန်းလိုက်သော မိုးရေစက်များ ခေါင်မိုးပေါ်သို့ ထိမှန်သော အသံများကဲ့သို့ တဖြိုးဖြိုး တဖြောက်ဖြောက် အသံများ ထွက်ပေါ်လာ၏။
အပ်ချောင်းများ ထိမှန်လိုက်သည့် အရှိန်အဟုန်ကြောင့် သံမဏိ၏ ကိုယ်ခန္ဓာသည် အနည်းငယ် ယိမ်းယိုင်သွား၏။ သို့သော် သူက ဂရုမစိုက်ပဲ သေတ္တာကို ဆက်ဖွင့်လိုက်၏။ သေတ္တာတွင် တပ်ဆင်ထားသည့် လျှို့ဝှက်ယန္တယားသည် တခါသုံးသာ ဖြစ်ပုံရသည်။ ယခုတကြိမ်တွင်ကား မည်သည့်ထူးခြားမှုမျိုးမှ ဖြစ်ပေါ်မလာတော့။
စုချန်းက သေတ္တာအတွင်းသို့ လှမ်းကြည့်လိုက်သည်။ သေတ္တအတွင်း၌ကား စာရွက်စာတမ်းတချို့၊ ဆေးပုလင်းတချို့နှင့် ကျောက်စိမ်းအပိုင်းအစတချို့ကိုသာ တွေ့ရ၏။ တန်ဖိုးရှိသောအရာဟူ၍ မူလကျောက်တုံးမျှပင်မရှိ။ သို့သော်ငြားလည်း ထိုပစ္စည်းတို့ကိုကြည့်ရင်း စုချန်း၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတချို့ပေါ်ပေါက်လာ၏။ တန်ကျင်း၏ ဘေးနားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့် စုချန်း၏ ဗဟုသုတသည် အဆင့်အတန်းတခုတွင် ရှိနေခဲ့လေပြီ။ သေတ္တာအတွင်းရှိပစ္စည်းများသည် အတော်လေး တန်ဖိုးရှိမှန်း သူ တပ်အပ်သေချာစွာ သိနေ၏။ ထိုပစ္စည်းတို့ကို လှဲလှယ်လိုက်လျင် အနည်းဆုံး မူလကျောက်တုံး ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရရှိနိုင်ပေသည်။
ထိုအခါ သူက သံသေတ္တာအတွင်းရှိ ပစ္စည်းများအားလုံးကို သိမ်းဆည်းရင်း ပြောလိုက်သည်။
"ငါတို့ ကုန်ကျခဲ့သမျှရဲ့ သုံးပုံတပုံလောက်တော့ ပြန်ကာမိပြီဟေ့"
သံမဏိ စိတ်ပျက်သွား၏။ သူက မေးလိုက်သည်။
"သုံးပုံတပုံပဲလား သခင်"
စုချန်းက ရှင်းပြလိုက်သည်။
"ဒါလဲ သိပ်မဆိုးပါဘူးကွ ပြီးတော့ ဒါဟာ အရိပ်တပ်ဖွဲ့ရဲ့ ပစ္စည်းတွေ မဟုတ်သေးဘူး ရွှေရောင်နာမတော်အလုပ်ရုံရဲ့ ပိုင်ဆိုင်မှုလောက်ပဲ ရှိသေးတာ ဒီတော့ စိတ်မပျက်နဲ့ဟေ့"
သံမဏိခမျာကား သဘောမပေါက်ရှာ။ သူက မေးလိုက်ပြန်သည်။
"သခင်က ဘယ်လိုလုပ် သိနေတာတုန်း"
စုချန်းက ပတ်ဝန်းကျင်တခုလုံးကို ဝေ့ကြည့်ရင်း သံမဏိကို ရှင်းပြလိုက်သည်။
"လိမ္မာပါးနပ်တဲ့လူတယောက်မှာ အမြဲတမ်း အရန်အစီအစဉ် ရှိတတ်တယ်ကွ လီမင်းတန်က လူအမှမဟုတ်တာ သူ့ပစ္စည်းတွေအကုန်လုံးကို တနေရာတည်းမှာ ဘယ်ထားမလဲ ဒီကောင်ကြီးမှာ လျှို့ဝှက်အခန်းတခန်းတော့ ရှိအုံးမယ် ဒီအခန်း ဘယ်မှာရှိသလဲဆိုတာ ငါတို့ရှာရမှာပဲ"
ပြောပြောဆိုဆို စုချန်းက အသက်ကို ပြင်းထန်စွာ ရှုသွင်းရင်း ပတ်ဝန်းကျင်တခုလုံးကို စူးရှသော မျက်လုံးအစုံနှင့် အကဲခတ်လိုက်၏။ ပြိုလဲနေသော နံရံတခု၏ အပေါ်တွင် အခန်းတခန်း ရှိနေ၏။ ထိုနံရံမှာ ကနဦးက ခြုံခိုရန်စောင့်ဆိုင်းနေသော ဓားပြများ ပုန်းအောင်းနေသည့် နံရံဖြစ်သည်။ စုချန်း မျက်မှောင်ကုတ်သွား၏။ သူက ချက်ချင်းပင် သံမဏိကို အမိန့်ပေးလိုက်သည်။
"ဟေ့ သံမဏိ ဟိုအခန်းကို ဖြိုစမ်းကွာ"
________________×××________________×××________
"အား"
နာကျင်စွာ အော်ဟစ်သံပေါ်လာ၏။ လီမင်းတန်၏ ကိုယ်ခန္ဓာသည် ကြိုးပြတ်သွားသည့် စက္ကူစွန်ပမာ လေထဲသို့ လွင့်စင်သွား၏။ သူ၏ ရင်ဘတ်တခုလုံးသည် အတွင်းသို့ ချိုင့်ဝင်သွားပြီး ပါးစပ်မှ သွေးများပွက်ခနဲ အန်ထုတ်လိုက်လေသည်။
"အသက်မသေချင်ရင် မြန်မြန်ပြောစမ်းဟေ့ အရိပ်တပ်ဖွဲ့ရဲ့ ရတနာသိုက် ဘယ်မှာလဲ"
ဘာရွန်က ခြေလှမ်းကျဲကျဲနှင့် လမ်းလျှောက်ရင်း အော်ဟစ်မေးမြန်းလိုက်သည်။ ယခုအချိန်တွင် သူသည် သံမဏိ ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် တထေရာတည်း တူညီသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ့ကိုကြည့်ရသည်မှာ ရွှေရောင်လူ့ဘီလူးကြီးနှင့်ပင် တူနေသေး၏။ ကြည့်ရရှုရသည်မှာ ကျက်သရေရှိလွန်းပါပေ၏။ ထူးခြားချက်မှာ ဝတ်စုံချင်းတူသော်လည်း ဘာရွန်၏ လှုပ်ရှားမှုသည် သံမဏိလောက် ဆူညံမှု မရှိခြင်းပင် ဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ဘာရွန်၏ အင်အားသည် သံမဏိထက် လျော့နည်းနေ၍ မဟုတ်။ ဝတ်စုံကို ထိမ်းသိမ်းရာတွင် သံမဏိထက် များစွာ သာလွန်နေသောကြောင့်သာ ဖြစ်သည်။
လီမင်းတန်သည် ဘာရွန်ကို ကြည့်ကာ တစုံတရာ ပြောဆိုရန် ကြိုးစားနေ၏။ သို့သော် စကားလုံးပီသအောင် မပြောဆိုနိုင်တော့ပဲ ခေါင်းငိုက်စိုက်ၤကျကာ သေဆုံးသွားလေသည်။
"သေစမ်း"
ဘာရွန်က စိတ်ဆိုးမာန်ဆိုးနှင့် လီမင်းတန်၏ အသက်မဲ့နေသော ကိုယ်ခန္ဓာကြီးအား မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ အသက်လုတိုက်ပွဲတွင် ရန်သူကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားရ၍ သူ့အင်အားသည် လိုအပ်သည်ထက် များသွားခဲ့သည် မဟုတ်ပါလား။ အခြားတဖက်တွင်လည်း ညတစ္ဆေနှင့် အနက်ရောင်ဝတ်ဆင်ထားသူများသည် ကျန်ရစ်သော တောပုန်းဓားပြများအား အပြီးတိုင် ရှင်းလင်းနိုင်ခဲ့လေပြီ။
သူတို့အားလုံးသည် တယောက်မျက်နှာကို တယောက်ကြည့်ရင်း ရွှေရောင်နာမတော်အလုပ်ရုံဖက်သို့ ခြေဦးလှည့်လိုက်၏။ သို့သော် ခြေလှမ်းများများစားစားပင် မလှမ်းလိုက်ရ။ မြူခိုးများကြားမှ တိုးထွက်လာသော လူငယ်တယောက်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
ထိုလူငယ်မှ စုချန်းဖြစ်သည်။ သူ့နောက်တွင်ကား ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သံမဏိသည် ထပ်ချပ်မကွာ လိုက်ပါလာ၏။ သံမဏိ၏လက်တွင် ယခင်ကိုင်မြဲအတိုင်း သေတ္တာတလုံးကို သယ်ဆောင်ထား၏။
ထိုအခါ စုချန်းက အော်ဟစ်ပြောဆိုလိုက်သည်။
"ဘာမှထပ်ပြီးရှာစရာ မလိုတော့ဘူး ဒီနေရာတခုလုံးကို ကျုပ် စေ့စေ့စပ်စပ် ရှာဖွေပြီးပြီ ကြည့်ရတာ အရိပ်တပ်ဖွဲ့ရဲ့ ရတနာသိုက်က ဒီနေရာမှ မဟုတ်ဘူးထင်တယ်"
အနက်ရောင်ဝတ်ဆင်ထားသူတယောက်က စုချန်း၏ စကားကို သဘောတူပုံမရ။ သူက ဟင့်ခနဲ အသံတချက်ပြုပြီး ဝင်ရောက်ပြောဆိုလိုက်၏။
"မင်းက မရှိဘူးဆိုတာနဲ့ပဲ တကယ်မရှိတော့ဘူးပေါ့ ဒီပစ္စည်းတွေကို မင်း တနေရာရာမှ ဖွက်ထားခဲ့ရင်ကော"
စုချန်းက ခေါင်းကို ဆတ်ခနဲညိတ်လိုက်၏။
"ဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျား ထင်သတုန်း"
ထိုလူက
"မင်းလက်စွပ်ကို ချွတ်ပေးလိုက်လေ ငါတို့ စစ်ဆေးကြည့်မယ်"
စုချန်းက ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ပြသနာမရှိဘူး ဒါကို ကျုပ်လက်ခံတယ် ဒါပေမဲ့ တခုတော့ သတိထားဗျ ဒီလိုလုပ်တာဟာ ကျုပ်တို့အချင်းချင်းကြားက ယုံကြည်မှုကို ပျက်ပြားစေတယ်ဆိုတာကိုပါ...ဒီကနေ့ ခင်ဗျားက ကျုပ်ကို သံသယဖြစ်ရင် နက်ဖြန်မှာ ကျုပ်ကလည်း ခင်ဗျားကို မယုံကြည်နိုင်တော့ဘူး"
ပြောပြောဆိုဆို စုချန်းက လက်စွပ်ကိုချွတ်ကာ ထိုလူကို မပေးပဲ ဘာရွန်အား ပစ်ပေးလိုက်၏။ ဘာရွန်သည် လက်စွပ်ကို အပိုင်သိမ်းလိုသော သူ့ဆန္ဒကို ထိန်းချုပ်ရင်း ဖွင့်ရုံသာ ဖွင့်ကြည့်လိုက်သည်။ လက်စွပ်အတွင်း၌ မည်သည့် ရတနာပစ္စည်းမျှ မရှိချေ။ ထိုအခါ စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"ကိုင်း ဘယ့်နှယ်ရှိစ ခင်ဗျားတို့ ကျုပ်ရဲ့ ကိုယ်ခန္ဓာကိုကော ရှာကြည့်ကြအုံးမလား"
ဘာရွန်က တိုးညှင်းသော အသံနှင့်
"မလိုတော့ပါဘူး ကိုင်း အာရွန် မင်းက သခင်လေးစုကို ပြန်ပြီး တောင်းပန်လိုက်"
ထိုအခါ အာရွန်အမည်ရှိ အနက်ရောင်ဝတ်ဆင်ထားသူက တွန့်ဆုတ်သော လေသံနှင့် စုချန်းကို တောင်းပန်လိုက်ရရှာသည်။
"သခင်လေးစုကို တောင်းပန်ပါတယ်ခင်ဗျာ"
စုချန်းက လက်ကာပြရင်း ပြောလိုက်သည်။
"ရပါတယ်ဗျာ အားမနာပါနဲ့ ဒါနဲ့ ကျုပ်တို့ ဒီနေရာမှာ ဘာမှမတွေ့ပေမဲ့ အရိပ်တောင်ကို သွားနိုင်သားပဲ ဒီထဲက တယောက်ယောက်ကများ ဒါကို လက်မလျှော့သေးဘူးဆိုရင် ကျုပ်နဲ့အတူ လိုက်ပါနိုင်တယ် အရိပ်တောင်ဟာ အတော်လေးဝေးတဲ့အတွက် ဒီနေ့အချိန်မီမရောက်နိုင်ဘူးဆိုရင် ခင်ဗျားတို့အတွက် ကျုပ်က တရက်စာ ထပ်ပီးပေးပါ့မယ်"