← Chapters

အမြစ်ပြတ်သုတ်သင်ခြင်း ၁

Vol. 8 Ch. 74

အမြစ်ပြတ်သုတ်သင်ခြင်း ၁

Vol. 8 Ch. 74

ထို့နောက်တွင်ကား ဘာရွန်က လူတချို့ကိုခေါ်၍ ရွှေရောင်နာမတော်အလုပ်ရုံအတွင်းသို့ ဝင်ရောက်စစ်ဆေးလေ၏။ ရထားလုံးရှိရာသို့ သူတို့ ပြန်ရောက်လာသောအခါ စုချန်းနှင့် သံမဏိတို့နှစ်ယောက် ရထားလုံးပေါ်တွင် ထိုင်နေသည်မှာ အချိန်ပင် အတော်လေး ကြာခဲ့ပေပြီ။ ထိုမျှသာမကသေး စုချန်းသည် ချီစွမ်းအင်များကိုပါ ကိုယ်တွင်း၌လှည့်ပတ်စေရင်း အနားယူနေသေး၏။

ဘာရွန်တို့ ပြန်ရောက်လာသောအခါ စုချန်းက နေရာတွင်ပင် ထိုင်နေရင်း မျက်လုံးမဖွင့်ပဲ မေးလိုက်၏။

"တခုခုများ တွေ့သေးလား"

"ဘာမှမတွေ့ဘူး ဒါပေမဲ့ ကုန်ကျစရိတ်အကုန်လုံးကျခံမဲ့ မင်းတောင် စိတ်မပူသေးရင် ကျုပ်တို့က ဘာလို့ စိတ်ပူရမှာလဲ"

ပြောပြောဆိုဆို ဘာရွန်က ရယ်ကာမောကာနှင့် ရထားလုံးပေါ်သို့ တက်လိုက်၏။ ထို့နောက်တွင်ကား မြူဖုံးရထားသည် အရိပ်တောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။ ယခုတွင်ကား သူတို့အားလုံးသည် သက်တောင့်သက်သာနှင့် ရှိနေကြ၏။ သံမဏိသည်လည်း ရွှေရောင်ဝတ်စုံကို ချွတ်ကာ သေတ္တာအတွင်းသို့ ပြန်ထည့်ထားလိုက်၏။ ထိုအချင်းအရာကို ဘာရွန်က မြင်သောအခါ ဟင့်ခနဲ အသံပြုရင်း ပြောလိုက်၏။

"အရည်ပျော်ရွှေရောင်သံမဏိဝတ်စုံဟာ မူလကျောက်တုံး ခုနှစ်ထောင်တန်တယ် ဒါကို အစေခံကို ပေးဝတ်ပြီး အခန်းတွေကို ဖျက်ဆီးခိုင်းတယ် မင်း အတော်လေး အသုံးအဖြုံးကြီးတာပဲ"

"လေးစားစရာကောင်းတဲ့ ဘာရွန်ဟာ အတော်လေး အမြော်အမြင် ရှိပါပေတယ်"

စုချန်းက ရယ်ကာမောကာနှင့် ပြောလိုက်၏။ ထို့နောက် သူက စကားဆက်သည်။

"ဒီဝတ်စုံကို စယူလာတုန်းကတော့ မတော်တဆ တခုခု ဖြစ်လာမှာကို ကာကွယ်ဖို့ပဲဗျ ဒါပေမဲ့ တကယ်တမ်း တိုက်ပွဲဖြစ်လာတော့ ရှေ့မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မှန်းလို့မရတော့ဘူးလေ ဒီတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ပဲ ခင်ဗျား ကဲ့ရဲ့သလို ဒီဝတ်စုံကို အခန်းတွေ ဖြိုတဲ့နေရာမှာ သုံးရတော့တာပဲဗျို့"

ဘာရွန်က ခေါင်းညိတ်လိုက်၏။

"ဘာပဲပြောပြော ရွှေရောင်ဝတ်စုံကို တောင်ရိုးကမ်းပါး အစေခံတယောက် ဝတ်ထားတာကို မြင်ရတာ ဘယ်လိုမှ မတင့်တယ်တာအမှန်ပဲကွ"

အရည်ပျော်ရွှေရောင်ဝတ်စုံ၏ ခုခံအားမှာ အလွန်မြင့်လှပြီး ခုခံနိုင်သော စွမ်းရည်ချင်းသာ နှိုင်းယှဉ်လျင် ၎င်းသည် မည်သည့် အဆင့်ရှစ်ကိရိယာကိုမဆို ကောင်းစွာ ယှဉ်နိုင်၏။ ၎င်း၏အားနည်းချက်မှာ အလွန်လေးလံလှပေရာ တော်ရုံတန်ရုံ ချီစွမ်းအားပညာရှင်များအနေနှင့် အသုံးပြုလေပြုထ မရှိပေ။ သံမဏိသည်ကား အလွန် သန်မာလှပေရာ ရွှေရောင်ဝတ်စုံသည် ၎င်းနှင့် အသင့်တော်ဆုံး ဖြစ်နေ၏။ ဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာတွင် သံမဏိသည် ရွှေရောင်ဝတ်စုံကိုပင် နှိုးဆွစရာမလိုပဲ လျှို့ဝှက်လက်နက်ပုန်းများကို ကာကွယ်နိုင်ခဲ့၏။ အကယ်၍ မူလကျောက်တုံးကို အသုံးပြုပြီး ရွှေရောင်ဝတ်စုံကိုသာ နှိုးဆွခဲ့လျင် အနက်ရောင်မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းသည်ပင် ၎င်းကို တချက်တည်းနှင့် ထိုးဖောက်နိုင်တော့မည်မဟုတ်။

ဘာရွန် ဝတ်ဆင်ထားသာ ရွှေရောင်ဝတ်စုံသည်ကား သံမဏိ၏ ဝတ်စုံထက် ပို၍ အဆင့်မြင့်၏။ ၎င်းသည် အဆင့်ခြောက် မူလကိရိယာဖြစ်ပြီး သံမဏိ၏ ဝတ်စုံထက် ပို၍ ပေါ့ပါး၏။ သို့သော် ခံနိုင်ရည်စွမ်းအားမှာကား သံမဏိ၏ဝတ်စုံထက် အဆပေါင်းများစွာ ပိုပေသည်။

စုချန်းအနေနှင့် စကားဆက်ပြောလိုသော်လည်း ဘာရွန်က ခပ်တိုးတိုးနေရန် အချက်ပြလိုက်၏။ အကြောင်းမှာ...

ရထားလုံးအပြင်ဘက်မှ ဆူဆူညံညံအသံများ ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ များပြားလှသော စစ်သားများ၏ အသံဖြစ်သည်။ ၎င်းတို့သည် တစုံတရာကို လိုက်လံရှာဖွေနေကြဟန် တူ၏။ မြူဖုံးရထားသည် ၎င်းတို့အကြားမှ လေကဲ့သို့ ဖြတ်သန်းသွား၏။ စစ်သားများမှာကား ထိုအချင်းအရာကို သတိထားမိပုံမရပဲ ဟိုမှသည်မှ လိုက်လံရှာဖွေနေကြလေသည်။ ရထားလုံးအတွင်းရှိ လူစုမှာကား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြ၏။ ၎င်းတို့အား ရုတ်တရက်ကြည့်လျင် ထိုင်လျက်သေနေသော အလောင်းကောင်များဟုပင် ထင်ရလောက်သည်။

ထိုအခိုက်မှာပင် မြူဖုံးရထား၏ အပေါ်မှ သံချောင်းခေါက်သံကဲ့သို့ အသံတသံ ထွက်ပေါ်လာ၏။ လူတိုင်း မျက်ကလူးဆန်ပြာ ဖြစ်ကုန်ကြ၏။ ခက်တော့ခက်ပေပြီ။ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသကဲ့သို့ ဖြစ်ရပေတော့သည်။ မြူဖုံးရထားမှ ထွက်ပေါ်လာသော အသံကို အပြင်ဘက်မှ စစ်သားများကလည်း ကောင်းစွာ ကြားလိုက်ဟန်တူသည်။ သူတို့အားလုံးလည်း လန့်ဖြတ်ကုန်ကာ "ဟေ့ ဘာအသံလဲ" "ကြားလိုက်ကြလားဟေ့" စသည်ဖြင့် တယောက်တပေါက် အော်ဟစ်ပြောဆိုကုန်ကြ၏။

ပတ်ဝန်းကျင်တခုလုံး ဆူညံပွက်လောရိုက်နေစဉ်မှာပင် ဒုတိယမြောက် သံချောင်းခေါက်သံ ထွက်ပေါ်လာပြန်၏။ ထိုစဉ် မြူဖုံးရထားကို ဆွဲနေသော အမာဒီလိုသတ္တဝါဆိုးများသည် ပြေးလွှားနေခြင်းကို ရပ်တန့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မြူဖုံးရထားကို ဖုံးအုပ်ထားသော မြူများသည်လည်း တဖြည်းဖြည်း လွင့်ပြယ်စပြုလာပြီး ရထားလုံးကိုယ်ထည်မှ တောက်ပသော အလင်းရောင်တချို့ ထွက်ပေါ်စပြုလာ၏။

ရထားလုံး၏ မြူခိုးများ လွင့်ပြယ်သွားသည်နှင့် စုချန်းတို့ကို စစ်သားများ မြင်တွေ့သွားပေလိမ့်မည်။ ဤသို့ဆိုလျင် မလိုအပ်ပဲ တိုက်ပွဲကြီး ဆင်နွှဲရပေတော့မည်။ ထိုစဉ် အနင်ရောင်ဝတ်ဆင်ထားသော လူများထဲမှတယောက်သည် ခေါင်းစွပ်ကို လျင်မြန်စွာ ချွတ်ပစ်လိုက်၏။ ထိုလူမှာ တိုက်ပွဲဝင်စွမ်းရည် အတော်လေးနိမ့်ပါးသည်ဟု ကနဦးက စုချန်း သုံးသပ်ထားသော လူဖြစ်သည်။

ထိုလူ၏မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော်နေ၏။ သူ၏ အပြာရောင်မျက်လုံးများ၌ ထူးဆန်းသော အလင်းရောင်တမျိုး တောက်ပနေလေသည်။ ထိုလူသည် လက်ဖဝါးများကို ထူးဆန်းသော ပုံစံပြုလုပ်ကာ အမျိုးအမည် မသိသော စကားလုံးတချို့ သို့မဟုတ် ဂါထာတပုဒ်ကို တိုးညှင်းစွာ ရွတ်ဖတ်နေ၏။ ထိုလူ ရွတ်ဖတ်နေသော စကားလုံးများကို စုချန်း သဲကွဲစွာ မကြားရ။ သို့သော် အစွမ်းတစုံတရာတော့ ရှိပုံရ၏။ အကြောင်းမှာ ထိုအချိန်တွင် အမာဒီလိုများသည် ကျယ်လောင်စွာ ဟိန်းဟောက်နေပြီး သံချောင်းခေါက်သံ ဆူညံနေကာ မြူဖုံးရထားလုံးတခုလုံးသည် စစ်သားများ၏ ရှေ့မှောက်တွင် ဘွားဘွားကြီးပေါ်နေသော်လည်း ထိုအချင်းအရာများကို စစ်သားများကား သတိထားမိတော့ဟန်မတူ။ ဟိုမှသည်မှကြည့်ကာ မိမိတို့လိုရာခရီးကို ဆက်လက်ထွက်ခွာကုန်ကြလေသည်။

သံချောင်းခေါက်သံ ဆက်လက်ထွက်ပေါ်နေ၏။ မြူဖုံးရထားသည် ဆက်လက်ခရီးဆက်နေ၏ သို့သော် ရထားလုံးသည် မြူခိုးများကို ဆက်လက် ထုတ်လွှတ်နိုင်ခြင်း မရှိတော့ပဲ အလင်းရောင်များ တောက်ပနေလေရာ လူအများ၏ အလယ်တွင် ထင်းထင်းကြီး ပေါ်လွင်နေ၏။ သို့သော် လမ်းမတလျှောက်ရှိ လူများသည်ကား ရထားလုံးကို စိုးစဉ်းမျှပင် မြင်တွေ့ကြဟန်မတူ။ စုချန်းတို့သည် ဤပုံစံအတိုင်းပင် မြို့ပြင်ရောက်သည်အထိ ဆက်လက် ချီတက်ခဲ့ကြ၏။

မြို့ပြင်ရောက်တော့မှပင် သံချောင်းခေါက်သံ ရပ်တန့်သွားပြီး ရထားလုံးသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ ထိုအခါမှ အနက်ရောင်ဝတ်ဆင်ထားသူသည် သူ့လက်များကို ဖြေလျော့လိုက်၏။ သူ၏ ပုံစံမှာ တသက်တာ စုဆောင်းထားသမျှ အင်အားများ ကုန်ခန်းသွားသကဲ့သို့ ပျော့ခွေနေရှာ၏။ ဘာရွန်က ထိုလူကို လျင်မြန်စွာ ဖေးမရင်း ချီးကျူးလိုက်၏။

"မင်း တော်တယ် လီ"

"သိပ်ကောင်းတဲ့ လုပ်ရပ်ပဲဟေ့" "တော်တယ်ဟေ့ လီ"

ကျန်သောလူများကလည်း လီဟု အမည်ရသူကို တယောက်တပေါက်နှင့် ဝိုင်းဝန်းချီးကျူးကြလေသည်။

လီက ရယ်မောရင်း ပြောလိုက်၏။

"ရပါတယ်ဗျာ ရပါတယ် စစ်ဆေးရေးအဖွဲ့ကတော့ ဒီတကြိမ်မှာ ကျုပ်တို့ရဲ့ အကြွင်းအကျန်တွေပဲ စားပေရော့ ဟဲဟဲ"

သူတို့ပြောဆိုနေသော အကြောင်းအရာများကို စုချန်း နားမလည်မှန်း သဘောပေါက်၍ ညတစ္ဆေက တီးတိုးရှင်းပြလိုက်၏။

"လီဟာ စိတ်လှည့်စားခြင်း ပညာရှင်တယောက်ပဲ ပြီးတော့ အဲဒီနယ်ပယ်မှာ သူဟာ တကယ့် ကျွမ်းကျင်သူ ဆရာတဆူလို့ ဆိုရမယ် ခုနက ထွက်လာတဲ့ သံချောင်းခေါက်သံဟာ ကောင်းကင်နတ်ဘုရားနန်းတော် မြို့စောင့်တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဌာနက ထုတ်လွှတ်တဲ့ အသံပဲ ဒီအသံဟာ မူလစွမ်းအင်အသုံးပြုပြီး ပုံရိပ်ယောင်တွေ၊ ပုံဖျက်ဖုံးကွယ်တဲ့ နည်းစနစ်တွေကို အနှောင့်အယှက်ပေးနိုင်တယ် ဒီနေရာမှာ လီသာ မကူညီခဲ့ရင် ငါတို့အားလုံး အမိခံရတော့မှာပဲ"

စိတ်လှည့်စားခြင်းဟူသည် ဝိညာဉ်ပိုင်းဆိုင်ရာ နည်းစနစ်တမျိုးဖြစ်ပြီး ၎င်းသည် လူတဦးတယောက်၏ ဝိညာဉ်ကို တိုက်ရိုက်လွှမ်းမိုးနိုင်ပြီး ထိုလူကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်၏။ သို့သော် ဤနည်းစနစ်သည် လူတိုင်းလေ့ကျင့်၍မရ။ စိတ်ဓာတ်အင်အားကြီးမားသူများသာ ဝိညာဉ်ပိုင်းဆိုင်ရာ စိတ်လှည့်စားခြင်း နည်းစနစ်များကို သင်ယူရန်နှင့် လေ့ကျင့်ရန် သင့်လျော်၏။ လီသည် စိတ်လှည့်စားခြင်း ကျွမ်းကျင်သူဟု ဆိုသောကြောင့် စိတ်ဓာတ်အင်အား ကြီးမားသူတယောက် ဖြစ်မည်မှာ သေချာနေပေသည်။ လီ၏ မွေးရာပါ စွမ်းရည်ကြောင့် လျှို့ဝှက်အဖွဲ့အစည်း၏ စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရပြီး သူ့တာဝန်မှာ ပုံဖျက်ဖုံးကွယ်ရန်နှင့် သဲလွန်စများကို ဖျောက်ဖျက်ပစ်ရန် ဖြစ်သည်။

အကြောင်းစုံသိလိုက်ရသောအခါ စုချန်းက လီ၏ စွမ်းဆောင်ရည်ကို နားလည်သွား၏။ ညတစ္ဆေ၏ စကားကိုနားထောင်ရင်း စုချန်းသည် အားအင်များကို တိတ်တဆိတ် မွေးမြူနေလေသည်။

အမှန်တော့ တမိုးအောက်၌ မည်သည့် နည်းစနစ်၊ မည်သည့်နည်းဗျူဟာမှ တစုံတရာကို ရာသက်ပန် ဖုံးကွယ်နိုင်သည်ဟူ၍ မရှိ။ ဥပမာ..မြူဖုံးရထားသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ၎င်းမှာ ချိူးဖျက်၍မရသော အရာတော့မဟုတ်။ သို့သော်ငြားလည်း လီ၏ စိတ်လှည့်စားခြင်းနည်းစနစ်သည်ကား စုချန်းကို ရင်သပ်ရှုမောစေသည်မှာ အမှန်ပင်။ မည်သို့ဆိုစေ ကြုံတွေခဲ့ရသော တိုက်ပွဲတို့သည် စုချန်းကို ပို၍ အမြင်ကျယ်လာစေ၏။ သူ့အနေနှင့် ချီစွမ်းအားပညာရှင်တို့၏ သဘောသဘာဝကို ယခင်ကထက် ပို၍ နားလည်သဘောပေါက်လာခဲ့၏။

မြို့အလွန်တွင်ကား အရိပ်တောင်ရှိရာ အနောက်ဘက်စူးစူးသို့ တန်းတန်းမတ်မတ် သွားရန်သာ ရှိတော့သည်။ အရိပ်တပ်ဖွဲ့၏ ဌာနချုပ်အဆောက်အအုံများသည် အရိပ်တောင်ကြောများပေါ်တွင် လျှို့ဝှက်စွာ တည်ရှိနေ၏။ အနှီ ဓားပြများသည်ကား ကောက်ကျစ်စဉ်းလဲလှသည်။ ၎င်းတို့သည် တိုက်ခိုက်၍ အနိုင်ယူရန် မလွယ်ဟု ယူဆသော သူများကို မည်သည့်အခါ ဝင်ရောက်တိုက်ခိုက်လေ့ မရှိပေ။ ရံဖန်ရံခါတွင် ထိုတောကြောများပေါ်သို့ စစ်သည်တော်များ ဝင်ရောက်လာလေ့ရှိ၏။ ထိုအချိန်တွင် ဓားပြများသည် အရိပ်အယောင်ပင် မပြပဲ လျှို့ဝှက်စွာ ပုန်းအောင်းနေပြီး စစ်သည်တော်များ တပ်ဆုတ်သွားချိန်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေ့ရှိကြသည်။

ဤသည်မှာ အရိပ်တပ်ဖွဲ့များ၏ လုပ်နည်းလုပ်ဟန်ပင် ဖြစ်သည်။ လူရည်လည်လှသော ၎င်းတို့၏ လုပ်ရပ်ကြောင့် ကောင်းကင်နတ်ဘုရားနန်းတော်၏ မြို့စောင့်တပ်ဖွဲ့များသည်ပင် မည်သို့မျှ လုပ်နိုင်စွမ်းမရှိပဲ လက်ပိုက်ကြည့်နေရရှာသည်။

သို့သော်ငြားလည်း ထိုအကြောင်းကြောင့်ပင် အရိပ်တပ်ဖွဲ့များ၏ လုံခြုံရေးသတိသည် ပေါ့လျော့နေလေ့ရှိ၏။ အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်လေးယောက်လုံး ခေါင်းနှင့်ကိုယ် အိုစားကွဲသွားပြီဖြစ်သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သူတို့အနေနှင့် မည်သည့် သတင်းအချက်အလက်မျှ မရရှိသေး။ မြူဖုံးရထားလုံး အရိပ်ဌာနချုပ်ရှေ့သို့ရောက်သည်အထိ အစောင့်များသည် အေးအေးဆေးဆေး ကင်းစောင့်လျက်သာ ရှိလေ၏။

ထိုလူစုကိုကြည့်ရင်း ဘာရွန်က အေးစက်သော လေသံနှင့် တီးတိုးရေရွတ်လိုက်၏။

"တယ်လဲဦးနှောက်မရှိတဲ့ ငမိုက်သားတွေပါလား"

ဘာရွန်သည် ထိပ်တန်းချီစွမ်းအားပညာရှင်တဦးဖြစ်လေရာ မိမိတို့ အသက်ရှင်သန်ရေးအတွက် သူတပါးအား လုယက်ကာ အသက်မွေးရသော အဆင့်နိမ့်ဒုစရိုက်သမားမားအား အလွန်တရာ အထင်သေးဟန်ရှိ၏။ ထိုစဉ် အနက်ရောင်ဝတ်ဆင်ထားသူတယောက်က မေးလိုက်၏။

"ခေါင်းဆောင် ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"

ဘာရွန်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"ဒီလို အောက်တန်းစားဓားပြတွေအတွက် ဘာအစီအစဉ်မှ မလိုဘူးကွ တခါတည်း ဝိုင်းပတ်ပိတ်ဆို့ပြီး အပြတ်ရှင်းကြတာပေါ့ ကြေးနီသမင် မင်းက ရှေ့တံခါးကို စောင့်ကြည့်ထား ဒီတံခါးကနေ ခွေးတကောင် ကြောင်တမြီးမှ အသက်ရှင်လျက် မထွက်သွားစေနဲ့ ညတစ္ဆေ မင်းက ရှာဖွေရေး တာဝန်ယူ လျှို့ဝှက်လှိုဏ်ခေါင်းတွေ သိုလှောင်ခန်းတွေပါ မကျန်စေနဲ့ အကုန်ရှာ ကျန်တဲ့လူတွေက ကျုပ်နဲ့အတူလိုက်ခဲ့ ရှေ့တံခါးကနေ ဝင်ကြမယ်"

"ဟုတ်"

လူတိုင်းက သံပြိုင် အော်ဟစ်လိုက်ကြ၏။ ဘာရွန်၏ အမိန့်သံဆုံးသည်နှင့် ညတစ္ဆေသည် အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် ကြေးနီသမင်က မျိုးစေ့တချို့ကို ကြဲချလိုက်သည်။ ၎င်း၏ လျင်မြန်စွာ ကြီးထွားခြင်း နည်းစနစ်အောက်ဝယ် အရိပ်တပ်ဖွဲ့ဝင်းအတွင်း တောအုပ်ငယ်တအုပ် ပေါ်ပေါက်လာတော့သည်။တချိန်တည်းမှာပင် အနက်ရောင်ဝတ်ဆင်ထားသူများသည် အရိပ်တပ်ဖွဲ့ဝင်များကို တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

ပျင်းရိငြီးငွေနေကြသော အရိပ်တပ်ဖွဲ့ဝင် အစောင့်များကား မြေကြီးပေါ်မှ သစ်ပင်များ တိုးထွက်လာမှ သတိဝင်လာကြကုန်၏။ တချိန်တည်းမှာပင် အနက်ရောင်ဝတ်ဆင်ထားသူများ ဟိုမှသည်မှ ပေါ်ပေါက်လာသောအခါ အလွန်တရာ လန့်ဖြတ်သွားကြ၏။ သို့တိုင်အောင် ၎င်းတို့သည် မူရင်းတာဝန်ကိုတော့ မေ့လျော့ကြဟန်မတူ။ အချက်ပေးခေါင်းလောင်းကို ထိုးရင်း ကျယ်လောင်သော အသံနှင့် မိမိတို့ အဖွဲ့ဝင်များကို အော်ဟစ်သတိပေးလိုက်လေသည်။

"ရန်သူ!!! ရန်သူ!!! ရန်သူတွေ ဝင်စီးနေပြီ"

ကျယ်လောင်သော ခေါင်းလောင်းသံသည် တောင်ကြောတလျှောက် ပျံ့လွင့်သွား၏။ အိပ်တန်းဝင်နေသော ကျေးငှက်တချို့ ထပျံကုန်ကြ၏။ ထို့နောက်တွင်ကား အော်ဟစ်ဆဲရဲသံများနှင့်အတူ မရေမတွက်နိုင်သော ဓားပြများသည် အလျှိုလျှို ပေါ်ထွက်လာကြလေသည်။ ဘာရွန်နှင့် သူ့အဖွဲ့ဝင်များသည်ကား ဓားပြများ၏ လုပ်ရပ်ကို တားဆီးခြင်းမရှိပဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။ နောက်ဆုံးတွင်ကား ဓားပြများသည် အတူတကွ စုစည်းမိကြလေသည်။ များပြားလှသော လူအုပ်ကြီးကို ကြည့်ရင်း ဘာရွန်က အေးစက်စွာ ပြုံးလိုက်၏။ သူ့မျက်လုံးများထဲတွင် သွေးဆာနေသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။

ထို့နောက် သူက ပြောလိုက်သည်။

"ကဲ ခုကစပြီး အုံလိုက်ကျင်းလိုက် သတ်ဖြတ်ရမဲ့အချိန်ပဲ"

စကားအဆုံးတွင် ဓားရောင်တချက် ဝင်းလက်သွား၏။ ပြင်းထန်သော တိုက်ပွဲကား စခဲ့လေပြီ။

All Chapters