အမြစ်ဖြတ်သုတ်သင်ခြင်း ၂
Vol. 8 Ch. 75
ဤတိုက်ပွဲသည် အနည်းငယ်မျှ ချီတုံချတုံ ဖြစ်၍မရသော တိုက်ပွဲမျိုးဖြစ်သည်။ ဓားပြများမှာ လူအင်အား အလွန်များ၏။ အင်အား သုံးရာမျှပင် ရှိလေသည်။ သို့သော် တရားဝင် ချီစွမ်းအားပညာရှင်များနှင့် တွေ့ဆုံရသောအခါ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကံကြမ္မာနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရတော့သည်။
အနက်ရောင်ဝတ်ဆင်ထားသူများသည် စစ်နတ်ဘုရားများနှင့်ပင် တူနေသေး၏။ ၎င်းတို့သည် ဟိုမှသည်မှ ခုန်ပျံကျော်လွှားကာ မူလစွမ်းရည်အမျိုးမျိုးကို ထုတ်ဖော်တိုက်ခိုက်နေကြ၏။ ၎င်းတို့ လက်တချက်လှုပ်လိုက်တိုင်း ဓားပြအများအပြားမှာ ငှက်ပျောပင်ကို အောက်ခြေမှ ခုတ်ပိုင်းလိုက်သည့်ပမာ လဲပြိုကုန်ကြ၏။
ဘာရွန်မှာမူကား ရုတ်တရက်ကြည့်လျင် ရွှေရောင်နတ်ဘုရားတပါးဟု ထင်မှတ်ရသည်။ သူသည် ရှေ့တန်းတွင် မားမားမတ်မတ် ရပ်တည်ကာ သူ့ရှေ့ရှိ အတားအဆီး၊ အပိတ်အဆို့ဟူသမျှကို ပြင်းထန်စွာ ချေမှုန်းနေ၏။ အမှန်ကတော့ သူ့အနေနှင့် ဓားပြများ၏ ဓားလှံလက်နက်များကို ကာကွယ်ရန် မည်သည့် ဝတ်စုံမျှပင် ဝတ်ဆင်ရန် မလိုလှ။ ၎င်းတို့၏ တိုက်ခိုက်မှုများမှာ သူ့အတွက် ပန်းနှင့်ပေါက်သလောက်သာ ရှိလေသည်။ သူ့လက်ထဲရှိဓားသည် လေထဲတွင် လူးလားပျံသန်းရင်း အလင်းရောင်တန်းများကို ထုတ်လွှတ်နေ၏။ ဓားချက်ထိမှန်ခံရသူတိုင်းသည် ကိုယ်ခန္ဓာ နှစ်ပိုင်းပြတ်ကုန်ကြလေသည်။
လီ၏ လှုပ်ရှားပုံမှာကား ဘာရွန်နှင့် ခြားနားလှသည်။ သူသည် ဓားပြအုပ်စုများအကြားဝယ် ဟိုရွေ့သည်ရွေ့နှင့် လမ်းသလားနေသော်လည်း မည်သည့် ဓားပြမျှပင် သူ့ကို မြင်တွေ့ဟန်မတူ။ မည်သည့် ဓားချက်၊ လှံချက်မှလည်း သူ့အပေါ်သို့ ကျရောက်လာသည် မရှိပေ။ သူသည် ဓားပြများအကြား လမ်းသလားနေရင်း သူ့လက်ထဲရှိ မြွေတကောင်သဏ္ဍာန် ထွင်းထုထားသော အနက်ရောင်တောင်ဝှေးနှင့် ရန်သူများ၏ နှလုံးသားကို ချိန်ရွယ်ကာ ထိုးဖောက်နေ၏။ သူ့လက်ထဲရှိတောင်ဝှေးသည် တချောင်းလုံးလိုလို အနက်ရောင်သစ်သားနှင့် ပြုလုပ်ထားပြီး မြွေတကောင်ကဲ့သို့ တွန့်လိန်ကောက်ကွေးသော ပုံစံရှိ၏။ တောင်ဝှေး၏ ထိပ်ဖျားမှာကား ဓားတလက်ပမာ ချွန်မြနေလေသည်။ တခါတရံ ရန်သူ အုံလိုက်ကျင်းလိုက်နှင့် တွေ့ဆုံရသောအခါ သူ၏ ကိုယ်ခန္ဓာ တဝိုက်တွင် မြူခိုးများ ပေါ်ပေါက်လာတတ်၏။ သူ့လက်ချက်မိသွားသော ရန်သူအများစုမှာ သေသာသေသွားသည်။ မည်သို့မည်ပုံ အသတ်ခံလိုက်ရမှန်း ဂဃနဏပင် သိလိုက်မည့်ပုံမပေါ်။ ၎င်းတို့၏ သေဆုံးမှုမှာ နှေးကွေးသော်လည်း အလွန် နာကျင်ပုံရ၏။
အာရွန်၏ တိုက်ခိုက်ပုံမှာကား မြန်ဆန်လှသည်။ သူသည် ကျားသစ်တကောင်ပမာ ခုန်ပေါက်တိုက်ခိုက်နေပြီး မျက်လုံးများမှာလည်း ဝင်းလက်တောက်ပနေ၏။ သူ့လက်ထဲတွင်ကား စက္ကူတရွက်ကဲ့သို့ ပါးလွှာသည့် ဓားတမျိုးကို ကိုင်ဆောင်ထားလေသည်။ အာရွန် လက်တချက် လှုပ်လိုက်တိုင်း သူ့လက်ထဲရှိ စက္ကူဓားသည် ရန်သူ၏ အားနည်းချက်များဖြစ်သော နှလုံးသား၊ လည်မြို စသည့်နေရာများကို ကျကျနနကြီးပင် ဖောက်ထွက်သွား၏။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းပေရာ သေဆုံးသွားသူတို့သည် ဓားချက်ကိုပင် မြင်လိုက်ရမည်မဟုတ်။ ဓားရောင်များ ဝင်းလက်သွားသည်ကိုသာ မြင်တွေ့ရပေလိမ့်မည်။ သူ ဖြတ်ပြေးသွားရာ လမ်းတလျှောက်တွင် ဓားပြများ အတုံးအရုံး လဲကျကုန်ကြ၏။ ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ပညာရှင်တယောက်ပင် ဖြစ်သော်ငြား အာရွန်ကြောင့် သေဆုံးသွားသော ဓားပြအရေအတွက်သည် ဘာရွန်ထက်ပင် များသေးသည်ဟု ဆိုရမည်။
သို့တိုင်အောင် အာရွန်သည် ဓားပြများကို အရေအတွက် အများဆုံး ချေမှုန်းနိုင်သူတော့ မဟုတ်သေး။ ဓားပြ အရေအတွက် အများဆုံး ချေမှုန်းနိုင်သူမှာ "မီးခိုး" ဖြစ်နေ၏။
ဘာရွန်တို့ ခုနှစ်ယောက်အဖွဲ့တွင် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် သုံးယောက်ပါဝင်လေရာ ထိုသုံးယောက်အနက် တယောက်မှာ မီးခိုးပင် ဖြစ်သည်။ မီးခိုးဟူသော နာမည်အတိုင်း သူ၏ အဓိကစွမ်းရည်မှာ အရာဝတ္တုများကို လောင်ကျွမ်းစေနိုင်ခြင်းပင်။
မှောင်မိုက်သော ညတိုက်ပွဲဝယ် မီးခိုး၏ တိုက်ခိုက်ပုံမှာ ပေါ်လွင်ထင်ရှားလှ၏။ မီးခိုး၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာပေါ် မီးတောက်မီးလျံများသည် လေးဘက်လေးတန်သို့ ရွေ့လျားသွား၏။ အနှီမီးတောက်များသည် မျက်စေ့မြင်နေရသည့်ပမာ မိမိ၏ ဘက်တော်သားများကို ရှောင်ရှားပြီး နီးစပ်ရာ ဓားပြမှန်သမျှကို စပါးကြီးမြွေကဲ့သို့ လိုက်လံဖမ်းချုပ်လောင်ကျွမ်းစေလေသည်။ မြွေသဏ္ဍာန်မီးတောက်များကြောင့် တောင်ကြောတခုလုံး လင်းထိန်တောက်ပနေ၏။ မီးခိုးသည် ဓားပြအမြောက်အများကို သတ်ဖြတ်နိုင်ခဲ့၏။ ဓားပြအားလုံး၏ သုံးပုံတပုံမှာ မီးခိုး၏ လက်ချက်ကြောင့် မရဏစခန်းသို့ မြန်းသွားရရှာသည်။
ကြွင်းကျန်ရစ်သော ဓားပြများမှာ နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟု သဘောပိုက်မိသည့်ဟန်ဖြင့် ထွက်ပြေးကုန်ကြ၏။ သို့သော် ကြေးနီသမင်၏ သစ်တောမှာ ၎င်းတို့အတွက် နောက်ဆုံး အိပ်မက်ဆိုး ဖြစ်လာတော့သည်။
ကြေးနီသမင် စိုက်ပျိုးထားသော သစ်ပင်တိုင်းလိုလိုသည် နတ်ဆိုးတကောင်၏ မျက်နှာမျိုး ပိုင်ဆိုင်ထားကြပြီး အလွန် ကြီးထွားကြကုန်၏။ ၎င်းတို့သည် သာမာန်အားဖြင့် အသက်မဲ့နေဟန် ရှိသော်လည်း ဓားပြတယောက်သာ ၎င်းတို့အနား ရောက်လာပါက သက်ဝင်လှုပ်ရှားလာတော့သည်။ ဓားပြတယောက်ကို တွေ့သည်နှင့် ၎င်းတို့၏ အကိုင်းအခက်များမှ နွယ်ပင်နွယ်ခက်များ ထွက်ပေါ်လာပြီး အဆိုပါ ဓားပြကို ချုပ်နှောင်ကာ နတ်ဆိုးမျက်နှာ၏ ပါးစပ်ပေါက်အတွင်းသို့ ပစ်ထည့်လိုက်ကြကုန်၏။ ထိုအချိန်တွင် ချုပ်နှောင်ခံရသူ ဓားပြများသည် ကြောက်လန့်တကြား ငိုရိုကာ ရုန်းကန်ကြကုန်၏။ သနားဖွယ်ရာ ဓားပြတို့၏ ငိုကြွေးသံသည် နတ်ဆိုးမျက်နှာ သစ်ပင်များအတွက် သာယာနာပျော်ဖွယ်ရာ ဂီတသံတမျိုး ဖြစ်နေပုံရသည်။နောက်ဆုံးတွင်ကား လူသားစားတတ်သော သစ်ပင်များသည် ဓားပြများကို အရိုးပါမကျန်အောင် ဝါးစားပစ်တော့သည်။ ထိုအခိုက်အတန့်ဝယ် အစားခံရသူတချို့၏ သနားဖွယ်ရာ ငိုယိုငြီးတွားသံတို့၏ ကြားသိနေရလေသည်။
လူသားစားတောအုပ်သည် ဓားပြတို့၏ ခံစစ်ကို ဖျက်ဆီးပစ်လိုက်၏။ ယခုဆိုလျင် ဓားပြများအနေနှင့် ပြေးစရာမြေမရှိတော့။
တိုက်ပွဲတလျှောက်လုံး ငြိမ်သက်စွာ မတ်တပ်ရပ်နေသူဟူ၍ စုချန်းသာ ရှိလေ၏။ အကယ်၍ ဓားပြများသည် စုချန်းကို တိုက်ခိုက်လာသည် ဆိုပါစို့၊ စုချန်း၏ ရှေ့တွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သံမဏိက မားမားမတ်မတ်ရပ်ကာ ထိုတိုက်ခိုက်မှုများကို ဖယ်ရှားပေး၏။ သံမဏိသည် ချီပညာရှင်မဟုတ်သော်လည်း သစ္စာရှိသော စစ်သည်တော်တယောက်ပမာ သူ့သခင် ဘေးမသီ ရန်မခအောင် အတတ်နိုင်ဆုံး ခုခံကာကွယ်ပေးနေလေသည်။ အကယ်၍ တိုက်ခိုက်မှုတချို့ကို သံမဏိ မကာကွယ်နို်င်ပါကလည်း ပြသနာတော့ မရှိသေး။ စုချန်း၏ ဘေးနားတွင် ချိန်းဖေးတယောက်လုံး ရှိနေသေး၏။
ချိန်းဖေးသည် နူးညံ့သိမ်မွေ့သော လူငယ်တဦးဖြစ်ပြီး ခုနှစ်ယောက်အဖွဲ့ရှိ ချီစုဆောင်းခြင်း ပညာရှင်သုံးဦးအနက် တဦးဖြစ်၏။ သူပုံစံမှာ အာရွန်ကဲ့သို့ အစွမ်းရောက်ဟန်မတူပဲ အိမ်နီးချင်းတဦး၊ အစ်ကိုကြီးတဦးနှင့်သာ ပို၍ တူနေ၏။ စကားပြောသောအခါ ရံဖန်ရံခါ သူ့မျက်နှာမှာ နီရဲလာတတ်သည်။ မည်သို့ဆိုစေ ချိန်းဖေးသည် ကျန်လူများထက်စာလျင် အတော်လေး ယဉ်ကျေးဟန်ရှိ၏။
သို့သော် ချိန်းဖေး၏ တိုက်ခိုက်မှုမှာကား မသိမ်မွေ့လှ။ သူ့တွင် မည်သည့်လက်နက်မျှ မရှိ။ သူ့လက်သီးများသည်ပင် လက်နက်ဖြစ်ပုံရ၏။ သူ့လက်သီးများမှာ အဖြူရောင်ဖြစ်သော်လည်း ကျောက်သားများကဲ့သို့ ကြမ်းတမ်းလှ၏။ သူ့ဆီသို့ ဦးတည်လာသော မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ချိန်းဖေးသည် လမ်းခုလတ်၌ပင် အင်းဆက်များ ဖမ်းဆီးသကဲ့သု့ိ ဖမ်းဆီးပြီး မြေကြီးပေါ်သို့ ပစ်ပေါက်ချလေ့ရှိလေသည်။
ထိုအခိုက်မှာပင် မြားတစင်းသည် လေဟုန်ကိုခွင်း၍ ပျံသန်းလာ၏။ ချိန်းဖေးက ထိုမြားကို လျင်မြန်သွက်လက်စွာ ဖမ်းဆီးလိုက်သည်။ သို့သော် ဤတကြိမ်တွင်ကား သူ၏ လှုပ်ရှားမှုသည် အတော်လေး လျော့တိလျော့ရဲနိုင်သွားလေရာ မြား၏ ထိပ်ဖျားသည် ချိန်းဖေး၏ လက်ချောင်းများကြားမှ ချော်ထွက်ပြီး စုချန်း၏ မျက်ခွံကို မတော်တဆ သွားရောက်ထိမှန်တော့သည်။ မြားမှာ အရှိန်သေနေပြီ ဖြစ်လေရာ အန္တရာယ်တော့ မရှိလှ။ စုချန်း၏ မျက်လုံးများမှာကား မည်သည့်အရာကိုမျှ မြင်တွေ့လိုက်ဟန်မတူ။ သူသည် နေရာမှာပင် မလှုပ်မယှက် မတ်တပ်ရပ်နေလေ၏။
ထိုအခါ ချိန်းဖေးက စုချန်းကို ရှက်ရွံ့စွာ တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်ကွာ ကျုပ်အသုံးမကျလို့ မင်း ဒဏ်ရာရမလို ဖြစ်သွားတယ်"
ကနဦး အဖြစ်အပျက်သည် မည်မျှ အန္တရာယ်ကြီးမားမှန်း မရိပ်မိသည့် ပုံစံနှင့် စုချန်းက သိမ်မွေ့စွာ ရယ်မောလိုက်သည်။
"ရပါတယ်ကွာ မင်းပြောတဲ့ပုံစံအရ ငါ့မှာ ဘာအန္တရာယ်မှ မရှိလိုက်ဘူးလို့ ဆိုလိုတာပဲမလား"
ချိန်းဖေးကား အရှက်ပြေသေးဟန် မတူ။ သူက ပြောလိုက်၏။
"မင်း စိတ်မရှိဘူးဆိုရင် ကောင်းတာပေါ့ကွာ ဒါပေမဲ့ ကျုပ် အသုံးမကျတာတော့ အမှန်ပဲ"
ထိုအခိုက်အတန့်မှာပင် စုချန်းက ရှေ့ကို တိုးလိုက်၏။ ချိန်းဖေးသည်လည်း စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။ စုချန်းအနေနှင့် ရွှေရောင်နာမတော် အလုပ်ရုံတွင် မည်သည့်ရတနာသိုက်မျှ မတွေ့ရှိခဲ့သော်လည်း ဘာရွန်အဖို့ကား စုချန်းကို လွတ်လွတ်လပ်လပ် ရှာဖွေခွင့် မပြုနိုင်တော့။ ထို့ကြောင့်ပင် ချိန်းဖေးကို အနီးကပ် စောင်ာကြည့်ခိုင်းထားခြင်း ဖြစ်သည်။
တိုက်ပွဲ၏ နိဂုံးပိုင်းသည်ကား လျင်လျင်မြန်မြန်ပင် ရောက်ရှိလာခဲ့လာ၏။ ဓားပြဦးရေမှာကား အတော်လေး လျော့နည်းသွားခဲ့ပေပြီ။ စုချန်းတယောက် အရိပ်တပ်ဖွဲ့၏ ပင်မဌာနချုပ်အတွင်း ရောက်ရှိသောအခါ အပြင်ဘက်မှာ ဆူညံသံများမှာ တိတ်ဆိတ်သွားခဲ့လေပြီ။ သူ မြင်တွေ့သမျှ အရာအားလုံးမှာ ကောင်းကင်ပေါ်သို့ တိုးထွက်နေသော မီးတောက်မီးလျံများသာ ဖြစ်ကြလေသည်။
ချိန်းဖေးအား တွေ့သည်နှင့် ဘာရွန်က မေးလိုက်သည်။
"ရန်သူတွေ ရှိသေးလား ချိန်းဖေး"
ချိန်းဖေးက ငြင်သာသော အမူအရာနှင့် ဖြေလိုက်သည်။
"မရှိတော့ဘူးဆရာ ကျွန်တော်တို့လူတွေက တယ်လဲ လက်မြန်ကြတာကိုး"
"ဒီကောင်တွေက ကြမ်းပိုးလို ရွံစရာ သတ္တဝါတွေပါကွာ ဒီလိုကောင်မျိုးတွေ သတ်ရလို့ ဘာမှပျော်စရာမရှိပါဘူး"
ဘာရွန်က စိတ်ပျက်သော အမူအရာနှင့် ပြောလိုက်၏။ တဆက်တည်းမှာပင် သူက နောက်ကိုလှည့်ကာ အော်ဟစ်လိုက်သည်။
"ကျန်တဲ့ကောင်တွေကို မသတ်တော့နဲ့ဟေ့ တချို့ကို အသက်ရှင်လျက် ချန်ထားလိုက်"
ဘာရွန်၏ အမိန့်အတိုင်း အနက်ရောင်ဝတ်ဆင်ထားသူများသည် လူတချို့ကို ချန်ထားပြီး ကျန်လူများအားလုံးကို သတ်ပစ်လိုက်၏။ ထိုအခိုက်မှာပင် အနက်ရောင်မီးခိုးငွေ့များ ပေါ်ပေါက်လာပြီး မီးခိုးများကြားမှ ညတစ္ဆေ တိုးထွက်လာ၏။ သူမ၏ လက်တွင် အလွန်လှပသော အမျိုးသမီးတယောက်ကို ဖမ်းချုပ်ထားလေသည်။ ထို့နောက် သူမက ဘာရွန်ကို အစီရင်ခံလိုက်၏။
"တောင်နောက်မှာ လျှို့ဝှက်လှိုဏ်ခေါင်းတခုရှိတယ် ဓားပြ ဆယ့်လေးယောက်လောက်က အဲဒီလှိုဏ်ခေါင်းကနေ ထွက်ပြေးဖို့ ကြံစည်နေတာတွေ့လို့ ဆုံးမခဲ့ပြီးပါပြီ ဒီမိန်းမကတော့ လီမင်းတန်ရဲ့ကတော်ပါ အရိပ်တပ်ဖွဲ့ရဲ့ ရတနာသိုက်နေရာကို သူမ သိလောက်တယ်"
လီမင်းတန်၏မယားကို ဖမ်းဆီးထားပြီးပြီဟူသော စကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလို စိတ်ဝင်စားလာကြ၏။ ထိုအခါ ဘာရွန်က အမိန့်ပေးလိုက်၏။
"လီ လူသတ်မနေနဲ့တော့ ဒီမိန်းမက ညတစ္ဆေနဲ့အတူ လာစစ်ဆေးစမ်း"
"ကောင်းပါပြီဗျာ"
လီက ကြောက်မက်ဖွယ်ရာကောင်းသော အသံမျိုးနှင့် ရယ်မောလိုက်ပြီး နေရာသို့ ချက်ချင်းပင် ခုန်ပျံရောက်ရှိလာ၏။ စိတ်လှည့်စားသူများမှာ စစ်ဆေးမေးမြန်းရာတွင် ဆရာတဆူပင် ဖြစ်သည်။ သူတို့သည် တဖက်သား၏ စိတ်ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်လေရာ သူတို့ရှေ့တွင် မည်သူမျှ မလိမ်နိုင်ချေ။ သို့သော် အမျိုးသမီးမှာကား လိမ်ညာရန် စိတ်ကူးရှိပုံမရ။ သူမသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ သူမ သိရှိထားသမျှတို့ကို ပြောဆိုတော့သည်။ လီတယောက် ပါးစပ်ဟရုံသာ ရှိသေးသည်။ အမျိုးသမီးမှာ အိတ်သွန်ဖာမှောက် ပြောဆိုနေရှာ၏။ ရတနာသိုက်၏ တည်နေရာကို ပြောဆိုပြီးသည်နှင့် အမျိုးသမီးသည် သနားဖွယ်ရာ တောင်းပန်တိုးလျှိုးနေရှာ၏။
"ကျွန်မသိသလော ပြောပြီးပြီပဲရှင် ကျွန်မကို မသတ်ပါနဲ့ တောင်းပန်ပါတယ်ရှင်.."
"တောက် နားညီးလိုက်တာကွာ"
သနားစရာ အမျိုးသမီးကိုမှ မစာနာသော လီ၏ ဟိန်းဟောက်သံ ပေါ်လာ၏။ တဆက်တည်းမှာပင် လီသည် အမျိုးသမီး၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပြင်းထန်သော လက်ဝါးရိုက်ချက်ကြောင့် အမျိုးသမီးသည် အသံပင် မထွက်နိုင်ပဲ ဦးခေါင်းခွံကွဲအက်ကာ သေဆုံးသွားတော့သည်။ သို့သော် မလိုအပ်ပဲ အလွန်အကျွံ အားစိုက်လိုက်၍ လီ၏ မျက်နှာက မသိမသာ ဖြူဖတ်ဖြူလျော် ဖြစ်သွား၏။ သူ့ကိုယ်ခန္ဓာမှာလည်း အနည်းငယ် ယိမ်းယိုင်သွားလေသည်။ ၎င်းကိုကြည့်ရင်း ကြေးနီသမင်က ရယ်သွမ်းသွေးလိုက်၏။
"အသာလုပ်ပါဗျ အမျိုးသမီးတယောက်အပေါ်မှာ အဲဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်ဘူးလေ ဟဲ ဟဲ ဟဲ"
ကြေးနီသမင်၏ စကားမှာ အဓိပ္ပါယ်နှစ်ခွ ထွက်နေရာ လူတိုင်းလိုလို တဟီးဟီးတဟားဟားနှင့် ရယ်မောလိုက်ကြ၏။ ညတစ္ဆေတယောက်သာ မကျေမနပ်နှင့် ဟင့်ခနဲ အသံပြုလိုက်သည်။ ထိုစဉ် ဘာရွန်က မတ်တပ်ရပ်ရင်း သူ့အဖွဲ့ကို လောဆော်လိုက်၏။
"ကဲ ကဲ အားလုံးလည်းရတနာသိုက်နေရာကို သိပြီဆိုတော့ သွားကြရအောင်ဟေ့
အမျိုးသမီးလီ၏စကားအတိုင်း တောင်၏ နောက်ကြော ကျောက်တုံးအတု၏နောက်ကွယ်တွင် လျှို့ဝှက်လှိုဏ်ခေါင်းတခုကို လူတိုင်းလိုလို တွေ့ရှိလိုက်ရသည်။ လှိုဏ်ခေါင်းသည် အခန်းတခန်းအတွင်းသို့ ဦးတည်နေ၏။ အခန်းတံခါးကို ဖွင့်လိုက်သောအခါ ရွှေငွေများ၊ အဖိုးတန် ကျောက်မျက်များကို တွေ့ရှိလိုက်ရလေသည်။ ထိုရွှေငွေရတနာများသည် အဖိုးတန်သည်မှာတော့ အမှန်ပင်။ သို့ရာတွင် ထိုရတနာများသည် စုချန်းတို့ကဲ့သို့ ချီစွမ်းအားပညာရှင်များအတွက်မူ အထူးတလည် တန်ဖိုးမရှိလှပေ။ ၎င်းတို့ကို ဖလှယ်လိုက်ရင် မူလကျောက်တုံးအနည်းငယ်သာ ရရှိပေလိမ့်မည်။
အာရွန်နှင့် သံမဏိမှာ ရေတွက်ရန် တာဝန်ယူထားလေရာ သူတို့နှစ်ယောက်သည် တယောက်တဝက်ခွဲရင်း လျင်လျင်မြန်မြန်ပင် ရေတွက်ကြ၏။ အခန်းတွင်းရှိ ရတနာပစ္စည်းများသည် စုစုပေါင်း ရွှေစင်နှစ်သောင်းခန့် တန်ဖိုးရှိကြောင်း တွေ့ရှိရသည်။ ရတနာများ၏ အရေအတွက်မှာ မနည်းလှ။ သို့သော် လီမင်းတန်ကဲ့သို့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်၏ ပိုင်ဆိုင်မှုမှာ ဤမျှသာရှိသည်ဟု လက်သင့်ခံရန်မူကား ခက်ခဲလှသည်။
"သေစမ်း အရိပ်တပ်ဖွဲ့ရယ်လို့ နာမည်ကြီးနေတာ ဒီကောင်တွေ ချမ်းသာသမျှက ဒီလောက်ပဲ ရှိသတဲ့လား"
ကြေးနီသမင်၏ စိတ်ပျက်လက်ပျက် ငြီးတွားသံပေါ်လာ၏။ ထိုအခါ ညတစ္ဆေက ထူးဆန်းမှုမရှိသော လေသံနှင့် ပြောလိုက်၏။
"ဓားပြဆိုတာ ဓားပြပဲလေ သူတို့သာ အရင်ကတည်းက လိမ်လိမ်မာမာနဲ့ စုဆောင်းခဲ့ရင် ခုချိန်ဆို ဓားပြဆက်လုပ်နေပါအုံးမလား"
"တခြားလူတွေကို စစ်ဆေးမေးမြန်းကြည့်စမ်းဟေ့ တခြား ဘယ်သူမှမသိတဲ့ ရတနာတွေများ ရှိအုံးမလား ငါ သိချင်တယ်"
ဘာရွန်၏ ကျယ်လောင်သော အမိန့်ပေးသံ ပေါ်လာ၏။ ဤသည်ကို ထောက်ရှုလျင် ရတနာပစ္စည်းများ၏ အနေအထားကို ဘာရွန်ကိုယ်တိုင်လည်း သဘောမကျကြောင်း သိသာနေ၏။ ဘာရွန်၏ အမိန့်အတိုင်း လူတိုင်းလိုလို လိုက်နာကြ၏။ သို့သော် အခြေအနေမှာကား စိတ်ပျက်ဖွယ်ရာပင်တည်း။ ရွှေစင်နှစ်သောင်းခန့်သည်ပင် အရိပ်တပ်ဖွဲ့၏ ချမ်းသာသမျှ အကုန်ပေတကား။
ဘာရွန် အတော်လေး စိတ်ပျက်သွား၏။ သူက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကဲ ညီလေးစုချန်း ဒီကနေ့မှာ မင်းရဲ့ကံတရားကတော့ သိပ်မကောင်းဘူးနဲ့တူတယ် မူရင်းသဘောတူညီချက်အရ ရတနာပစ္စည်းတွေရဲ့တန်ဖိုးဟာ မူလကျောက်တုံး နှစ်သောင်းသာ ရှိခဲ့ရင် ခြောက်ထောင်ကိုဖယ်ပြီး ကျန်တဲ့ တသောင်းလေးထောင်မှာ ခုနှစ်ထောင်ဟာ မင်းအတွက်ပဲ ခုအတိုင်းဆိုရင်တော့ ပစ္စည်းငှားရမ်းခနဲ့ ငါတို့ကို ငှားရမ်းခတွေကို ဖယ်လိုက်ရင်တောင် မင်းအနေနဲ့ ငါ့ကို မူလကျောက်တုံး တထောင် အကြွေးတင်နေတုန်းပဲ"
စုချန်းက ရယ်မောလိုက်သည်။
"အဲဒီအကြွေးကို မြောက်ပိုင်းမြို့တော်ရောက်တော့ ဆက်ဆက်ပေးပါ့မယ်ဗျာ ဒီအနေအထားမှာ ဒီလောက်ပဲ အကြွေးတင်တာကို ကျေးဇူးတင်ရမှာပဲ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံတွေ အများကြီးရလိုက်တဲ့အတွက် ကျုပ် ကျေနပ်ပါတယ်"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ အာရွန်က ဟင့်ခနဲ အသံပြုရင်း ရွဲ့လိုက်၏။။
"ဒီတော့ ငါတို့ကို ကျေးဇူးတင်ရကောင်းမှန်း မင်းသိသွားပြီပေါ့"
"ဟေ့ကောင်"
ဘာရွန်က အသံပြုရင်း အာရွန်ကို စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်၏။ အာရွန်ခမျာ တခါတည်း ပါးစပ်ပိတ်သွားတော့သည်။ ရတနာများ စတင်ရှာဖွေချိန်တွင် သူတို့အကြား ကတောက်ကဆများ ဖြစ်ပေါ်ခဲ့သော်လည်း ဘာရွန်သည် စုချန်းနှင့် ရန်သူဖြစ်လိုစိတ်မရှိ။ ငွေကြေးသည် အတိုင်းအတာတခုထိ အရေးကြီးသည် မှန်သော်လည်း အဖွဲ့အစည်း၏ စီမံကိန်းလောက်တော့ အရေးမကြီး။ ငွေကြေးအနည်းငယ်ကြောင့် အဖွဲ့အစည်း၏ စီမံကိန်း ပျက်ပြားခဲ့ရလျင် သူတို့အားလုံး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပေလိမ့်မည်။
ဘာရွန်သည် အထက်ပါအတိုင်း အထပ်ထပ်အခါခါ စဉ်းစားရင်း စုချန်းကို လေချိုသွေးလိုက်၏။
"သခင်လေး စုချန်းသာ စိတ်မရှိရင် ကျုပ်က တခုတော့ ပြောချင်တယ် ခု ကျုပ်မှာ အပြစ်မကင်းသလို ခံစားနေရတော့ ပြောမှဖြစ်မယ်ဗျ ဒီလိုပါ လီမင်းတန်ကို သတ်လိုက်တဲ့ အချိန်မှာ သူ့ဆီက ပျံသန်းခြင်း လမင်းဘီးလုံးတွေကို ကျုပ် ရခဲ့ပြီးပြီ ဒါဟာ ဒီတပွဲအတွက် ရသင့်ရထိုက်တာကို ရခဲ့ပြီးပြီလို့ ကျုပ် ယူဆတယ် ဒီတော့ ကျုပ်ရမဲ့ နေ့တွက်ခ မူလကျောက်တုံးလေးထောင်ကို ကျုပ်မလိုချင်တော့ဘူး ဒီတော့ သခင်လေးစုချန်းကို ကျုပ်က ဒါလေး လက်ဆောင်ပေးချင်တယ် သခင်လေးစုချန်းအနေနဲ့ ...."
စုချန်းက လျင်လျင်မြန်မြန်ပင် စကားဖြတ်ကာ ပြောလိုက်၏။
"ဒီလိုလုပ်ဖို့ မလိုပါဘူးဗျာ ကျုပ်တို့မှာ အမြတ်အစွန်းတွေ ဘယ်လိုခွဲဝေမယ်ဆိုတာ ဆုံးဖြတ်ပြီးသားပဲ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် စည်းကမ်းဟာ စည်းကမ်းပါပဲဗျာ စည်းကမ်းဆိုတာ အလွယ်တကူ ဖျက်ဆီးလို့ရတဲ့အရာမျိုးမှ မဟုတ်တာ ကျုပ်တို့ ငွေဘယ်လောက်ရတယ်ဆိုတာက ပြသနာမဟုတ်ဘူး ငွေဟာ ကျုပ်တို့တည်ဆောက်ထားတဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ်မှာ ဘယ်လောက်မှ မလွှမ်းမိုးနိုင်ဘူးဆိုတာ ယုံထားစမ်းပါဗျာ ဟုတ်ပြီလား"
စုချန်းအနေနှင့် ဘာရွန်၏ စေတနာကို ရှင်းရှင်းလင်းလင်းပင် ငြင်းပယ်လိုက်လေပြီ။ စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဘာရွန်က သက်ပြင်းချရင်း ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"သခင်လေးစုချန်းရဲ့စကားကို ကြားလိုက်ရတော့ ကျုပ်ဖြင့် အတော်လေး စိတ်သက်သာရသွားပြီဗျို့"
ဘာရွန်အနေနှင့် စုချန်းကို လောကဝတ်တချို့ လုပ်လိုသေး၏။ ထိုအခိုက်မှာပင် အသည်းခိုက်မတတ် နာကျင်စွာ ငိုကြွေးသံ ပေါ်ပေါက်လာတော့သည်။
"သခင်လေး စုချန်း... သခင်လေးစုချန်း...ကျွန်တော့ကိုကယ်ပါဗျာ...ကျွန်တော့ကို ကယ်ပါ..."