သစ္စာဖောက်
Vol. 8 Ch. 76
မထင်မှတ်ပဲ ထွက်ပေါ်လာသောအသံကြောင့် လူတိုင်းလိုလို အံ့သြသွား၏။ စုချန်းက အသံထွက်ပေါ်လာသော နေရာသို့ လှည့်ကြည့်လိုက်၏။ ထိုအခါ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြသော အလောင်းများကြားတွင် လဲကျနေသော လူတယောက်သည် စုချန်းဘက်သို့ လှည့်ကာ သွေးရူးသွေးတန်းနှင့် အော်ဟစ်နေကြောင်း တွေ့ရှိလိုက်ရ၏။ ထိုလူသည် ယခုအချိန်ထိ အသက်ရှင်လျက်ရှိသေးသော်လည်း သိပ်မကြာမီ သူ့အဖော်များနောက်သို့ လိုက်သွားဖွယ်ရာ ရှိနေ၏။ ဘာရွန်နှင့် သူ့အဖော်များသည် ဤလူကို လက်လွတ်ခံဖွယ်ရာမရှိ။
အံ့သြသင့်စရာကောင်းသည်မှာ ထိုလူသည် စုချန်းကို မှတ်မိနေခြင်းပင်။ စုချန်းအနေနှင့်ကား ထိုလူကို မမှတ်မိ။ အမှောင်ထုကြောင့် တဖက်လူ၏မျက်နှာကို သဲကွဲစွာ မမြင်ရလေရာ စုချန်းအနေနှင့် ထိုလူကို မမှတ်မိသည်မှာလည်း အပြစ်တော့ဆိုစရာမရှိ။ ထိုအခါ စုချန်းက ခေါင်းကို ဆတ်ခနဲညိတ်ကာ မျက်မှောင်ကုတ်ရင်း မေးလိုက်၏။
"မင်း ဘယ်သူလဲ ငါ့ကို သိနေတာလား"
ထိုလူက လဲကျနေရာမှ တရွတ်တိုက်ကာ စုချန်း မတ်တပ်ရပ်နေရာသို့ ကြိုးစားပမ်းစားနှင့် လှမ်းလာ၏။ ထို့နောက် ထိုလူသည် စုချန်း၏ ခြေသလုံးကိုဖက်ကာ ငိုကြွေးရင်း တောင်းပန်လိုက်၏။
"သခင်လေးစု သခင်လေးစု..ကျွန်တော် ချိန်းဟေးလေဗျာ"
"ချိန်းဟေး ဟုတ်လား"
စုချန်းက ငိုင်တွေရင်း စဉ်းစားနေ၏။ သိပ်မကြာမီပင် သူသည် ထိုနာမည်ကို ချက်ချင်း မှတ်မိလာ၏။
"ချိန်းဟေး...ချိန်းဟေးဆိုတော့ မင်းဟာ နီယင်ရဲ့ အစေခံမလား" (နီယင်၏ အကြောင်းကို အခန်း၁တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်..ဤကား စကားချပ်)
ချိန်းဟေး အလွန် ဝမ်းသာသွား၏။ သူ့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူက တုန်ယင်သော အသံနှင့် ပြောလိုက်၏။
"ဟုတ်ပါတယ် သခင်လေး ဟုတ်ပါတယ် အဲဒါ ကျွန်တော်ပါပဲ သခင်လေး ကျွန်တော့ကို မှတ်မိသေးတယ်ပေါ့နော်"
နီယင်သည် ဟေးမျိုးနွယ်စု၏ သခင်လေးဖြစ်ပြီး စုချန်းနှင့် တကျောင်းတည်း အတူတက်ခဲ့သူများ ဖြစ်သည်။ မျက်မမြင်ဘဝသို့ ရောက်သွားကတည်းက စုချန်းသည် ကျောင်းသို့ ပြန်မရောက်တော့လေရာ နီယင်နှင့်လည်း မတွေ့ဖြစ်တော့။ မည်သို့ဆိုစေ သူတို့နှစ်ယောက်မှာ သူငယ်ချင်းကောင်းများ မဟုတ်သည်ကတော့ သေချာနေ၏။ ထို့ကြောင့် စုချန်းနှင့်ချိန်းဟေးမှာလည်း မည်သို့မျှ အဆက်အဆံမရှိခဲ့။ အကယ်၍ အဆက်အဆံ ရှိခဲ့လျင်ပင် ရင်းနှီးခင်မင်သော ဆက်ဆံရေးမျိုးတော့ မဟုတ်။
ချိန်းဟေးကိုယ်တိုင်မှာလည်း ထိုအချင်းအရာကို ကောင်းစွာ နားလည်၏။ သို့သော် လက်ရှိအခြေအနေတွင် သူနှင့် မျက်မှန်းတန်းမိသူဟူ၍ စုချန်းသာလျင် ရှိနေသည် မဟုတ်ပါလား။ အကယ်၍ စုချန်းသည် သူ့သခင်လေး၏ သူငယ်ချင်းမဟုတ်ခဲ့လျင်ပင် သူ့အတွက်တော့ ကောက်ရိုးတမျှင် ဖြစ်နေလေ၏။ အတွေးနှင့်အတူ ချိန်းဟေးသည် စုချန်း၏ ခြေသလုံးကိုဖက်ကာ ငိုယိုတောင်းပန်ပြန်၏။
"သခင်လေးစု ကျေးဇူးပြုပြီး ကျွန်တော့ကို ကယ်ပါအုံးဗျာ သခင်လေးဟေးနဲ့ ခင်မင်မှုတွေကို ထောက်ထားပါအုံး ကျွန်တော့ကို လွှတ်ပေးဖို့ ဒီလူတွေကို ပြော..."
"ခင်မင်မှု ဟုတ်လား" စုချန်းက ရယ်မောကာ မေးလိုက်၏။ ထို့နောက် သူက စကားဆက်သည်။
"မျိုးနွယ်စုကြီး လေးစုဟာ ဘယ်တော့မှ မတည့်ခဲ့သလို ငါတို့ဟာလည်း ဘယ်တော့မှ သူငယ်ချင်းတွေ မဟုတ်ခဲ့ဘူးကွ မျက်မမြင်ဘဝ ရောက်ပြီးကတည်းက မင်းသခင်လေးနဲ့ ငါ မတွေ့တာကြာပြီ ဒါကို မင်းက ခင်မင်မှုဆိုတော့ နောက်များနောက်နေတာလား"
ချိန်းဟေး အလွန် တုန်လှုပ်သွား၏။ သူက သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်သည်။
"သခင်လေးစု...သခင်လေး အဲလိုလုပ်လို့မရဘူးလေ ဘာပဲဖြစ်ဖြစ် သခင်လေးတို့နှစ်ယောက်ဟာ အတန်းဖော်တွေ ဖြစ်ခဲ့တာပဲလေ"
သူ မည်သို့ တောင်းပန်နေစေကာမူ စုချန်းကား သူနှင့် စကားဆက်ပြောရန် စိတ်မဝင်စားတော့။ စုချန်း၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော၊ သွေးဆာသော အငွေ့အသက်များ ပေါ်ပေါက်နေ၏။ ချိန်းဟေးကား သူ့ကံကြမ္မာကိုယ်သူ သိလိုက်ပေပြီ။ သူ့အသက်သည် စက္ကန့်ပိုင်းအတွင်းဝယ် ကြွေလွင့်ရပေတော့မည်။ ထိုအခါ သူက သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်၏။
"မသတ်ပါနဲ့ဗျာ ကျွန်တော့ကို မသတ်ပါနဲ့ သခင်လေးအတွက် လာမဲ့ နဂါးကျောင်းတော် ဝင်ခွင့်မှာ ဟေးမျိုးနွယ်စု ဘာတွေ စီစဉ်ထားသလဲ ကျွန်တော် ပြောပြနိုင်ပါတယ်"
စုချန်းက ခေါင်းခါယမ်းလိုက်၏။
"ဝမ်းနည်းပါတယ်ကွာ ငါ စိတ်မဝင်စားဘူး"
ထိုအခိုက်မှာပင် အာရွန်သည် ဓားကိုကိုင်ကာ လျှောက်လာ၏။
"မလုပ်ပါနဲ့ မလုပ်ပါနဲ့"
ချိန်းဟေးက ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။ သူမြင်တွေ့လိုက်သည်မှာ အာရွန်တယောက် ဓားကို ကိုင်ကာ သူ့ထံသို့ ချိန်ရွယ်ထားခြင်းပင်။ ချိန်းဟေး၏ ပါးစပ်ဖျားမှာ စကားလုံးများ အလိုအလျောက် ထွက်လာ၏။
"သခင်လေးစု သခင်လေးရဲ့ ဒုတိယဦးရီးတော် ဘာတွေကြံစည်နေသလဲဆိုတာ ကျွန်တော်သိတယ်"
မထင်မှတ်သော စကားကြောင့် စုချန်း အံသြသွား၏။ သူက ချက်ချင်းပင် ချိန်းဟေး၏ ဆံပင်ကိုဆုပ်ကိုင်ကာ နောက်ဘက်သို့ ဆွဲယူလိုက်သည်။ အာရွန်၏ ဓားချက်သည် လမ်းတဝက်မှာပင် ရပ်တန့်သွား၏။
"မင်း ခုနက ဘာပြောလိုက်တာလဲ ထပ်ပြောစမ်း"
စုချန်းက စူးရှသောအသံဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
ချိန်းဟေးက
"ကျွန်တော် သခင်လေး ဒုတိယဦးရီးတော်ရဲ့ အကြံအစည်ကို သိတယ် သူ သခင်လေးနဲ့ပတ်သက်ပြီး ဘာတွေကြံစည်နေသလဲ ကျွန်တော် ပြောပြနိုင်တယ်"
စုချန်းက ချိန်းဟေး၏ လည်မြိုကို ဆုပ်ကိုင်ရင်း မေးမြန်းလိုက်သည်။
"ငါ့ကို ပြောပြစမ်း မင်းပြောတဲ့သတင်းက အသုံးဝင်တယ်ဆိုရင် အသက်ချမ်းသာပေးဖို့ ငါစဉ်းစားပေးမယ်"
ချိန်းဟေးက ပြောလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မူလစွမ်းအင်ဆေးရည်နဲ့ အနက်ရောင်မေ့ဆေး နှစ်မျိုးကို သူဝယ်ယူခဲ့ပါတယ်"
ချိန်းဟေး၏ စကားကြောင့် စုချန်း မျက်လုံးပြူးသွားလေသည်။ အကြောင်းမှာ...
မူလစွမ်းအင်ဆေးရည်ဟူသည့် နာမည်အတိုင်း အဆိုပါဆေးရည်တွင် မူလစွမ်းအင် အများအပြား သိုမှီးထား၏။ ၎င်းကို အသုံးပြုလိုက်ပါက အသုံးပြုသူသည် ထိုဆေးရည်တွင် သိုလှောင်ထားသည့် မူလစွမ်းအင်များကို စုပ်ယူနိုင်မည့်အပြင် ကိုယ်ခန္ဓာစွမ်းအင်အဆင့်ကိုလည်း မြင့်တက်စေနိုင်၏။ သို့သော်ငြားလည်း ထိုဆေးရည်သည် တန်ဖိုးကြီးသည်နှင့်အညီ ဈေးကလည်းမြောက်လှ၏။ သာမာန်မူလစွမ်းအင်ဆေးရည်တပုလင်းကို မူလကျောက်တုံး ငါးထောင်ခန့်အထိ ကျသင့်လေသည်။ အသုံးပြုသူ၏ ကိုယ်ခန္ဓာစွမ်းအင် အဆင့်မြှင့်နိုင်သော ပမဏာအပေါ်မူတည်၍ ဈေးနှုန်းမှာလည်း အတက်အကျ ရှိတတ်၏။ သို့သော် ပြန်လည်သုံးသပ်ကြည့်လျင် မူလကျောက်တုံးငါးထောင်ဟူသည် သာမာန် ချီစွမ်းအားပညာရှင်တယောက် ရက်ပေါင်း ငါးထောင်ခန့် ဖြည့်သွင်းရမည့် အနေအထားဖြစ်သည်။ သို့သော် မူလစွမ်းအင်ဆေးရည်မှ ပေးစွမ်းနိုင်သည့် မူလစွမ်းအင်ပမာဏမှာ ရက်ပေါင်း ငါးရာစာခန့်သာ ရှိ၏။ ထို့ကြောင့် ဆေးရည်၏ ကာလပေါက်ဈေးမှာ ထိုက်တန်သည့် တန်ဖိုးထက် ဆယ်ဆခန့် ပိုမိုများပြားနေရာ ရင်းနှီးမြှုပ်နှံမှုရှုထောင့်မှ တွက်လျင် မည်သို့မျှ မတန်ချေ။ ထို့ပြင် မူလစွမ်းအင်ဆေးရည် ပြုလုပ်ဖန်တီးသည့် အချိန်ကာလမှ အထက်ပါ အချိန်ကာလ၏ လေးပုံတပုံခန့်သာ ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် စုခေါ့ကျိအနေနှင့် သားဖြစ်သူအတွက် ထိုဆေးရည်မျိုး ဝယ်ပေးသည်မှာ လေထဲသို့ ပိုက်ဆံများ လွှင့်ပစ်သည်နှင့် အတူတူသာ။
အနက်ရောင်မေ့ဆေးဟူသည်မှာ အဆိပ်သင့်စေသော မေ့ဆေးတမျိုးဖြစ်ပြီး ၎င်း၏ အာနိသင်မှာ မေ့ဆေးအခတ်ခံရသူ၏ အင်အားကို မသက်ရောက်စေပဲ ညဏ်ရည်ညဏ်သွေးနှင့် တုံ့ပြန်မှုကိုသာ အကြီးအကျယ် လျော့နည်းသွားစေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် အနက်ရောင်မေ့ဆေးအခတ်ခံရပါက မွေးရာပါကျပ်မပြည့်သူ၊ တုံ့ပြန်မှု နှေးကွေးသူတယောက်၏ ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။ ဤမေ့ဆေး၏ အဓိက အကျိုးကျေးဇူးမှာ မေ့ဆေးမိသူသည် တုံ့ပြန်မှု အလွန်နှေးကွေးသွား၍ မိမိကိုယ်မိမိ အဆိပ်ခတ်ခံရကြောင်းပင် ပြန်လည်ပြောပြနိုင်စွမ်း မရှိတော့ပေ။ တဖန် မေ့ဆေး၏အာနိသင်မှာလည်း လှုပ်လှုပ်ရှားရှား မပြုလုပ်မချင်း အာနိသင် မပေါ်လေရာ မေ့ဆေးအခပ်ခံရကြောင်း သိသောအချိန်တွင် အရာအားလုံးမှာ နောက်ကျနေခဲ့လေပြီ။ ထို့ကြောင့် ရန်သူကို လျှို့ဝှက်လုပ်ကြံလိုလျင် အနက်ရောင်မေ့ဆေးမှာ အကောင်းဆုံးပင် ဖြစ်သည်။ မည်သို့ဆိုစေ ၎င်းသည် အဆိပ်တမျိုးပင် ဖြစ်လေရာ ဘေးထွက်ဆိုးကျိုးတချို့တော့ ရှိနေ၏။ မေ့ဆေး အခတ်ခံရသူသည် မေ့ဆေးပြယ်သွားပြီး အချိန်အတော်ကြာသည်အထိ နအူနထိုင်း ဖြစ်နေတတ်၏။
ချိန်းဟေးသာ အမှန်အတိုင်း ပြောဆိုခဲ့သည်မှန်လျင် အနက်ရောင်မေ့ဆေးသည် မည်သူ့အတွက်မှန်း သိသာနေ၏။ ထိုအခါ စုချန်းက မေးလိုက်သည်။
"ဒီအကြာင်းတွေ မင်း ဘယ်လိုလုပ် သိတာတုန်း"
ချိန်းဟေးက မြန်မြန်ဆန်ဆန်ပင် ဖြေလိုက်၏။
"သခင်လေးရဲ့ ဒုတိယ ဦးရီးတော်က ဆေးဝယ်ဖို့ လေလှိုင်းနန်းတော်ကို လူတချို့ လွှတ်လိုက်တယ် ဒါပေမဲ့ လေလှိုင်းနန်းတော်ကို တာဝန်ယူထားတဲ့ လျူမျိုးနွယ်စုနဲ့ ဟေးမျိုးနွယ်စုဟာ ဟိုးအရင်ကတည်းက မဟာမိတ်တွေဆိုတာ သူမသိခဲ့ဘူးလေ"
"လျူမျိုးနွယ်စု ဟုတ်လား"
စုချန်း၏ ပါးစပ်ဖျားမှ တီးတိုးရေရွတ်သံ ပေါ်လာလေသည်။ လျူမျိုးနွယ်စု ဟူသည်မှာ ကောင်းကင်နတ်ဘုရားနန်းတော်မှ ထိပ်တန်းမျိုးနွယ်စုတခု ဖြစ်၏။ သူတို့သည် ကုမျိုးနွယ်စုထက် အင်အားနည်းသော်လည်း မြို့တော်ကို သြဇာလွှမ်းမိုးသော မင်းမျိုးမင်းနွယ်မျိုးနွယ်စုအဖြစ်ကား ရပ်တည်နေဆဲပင်။ ထိုကဲ့သို့သော မျိုးနွယ်စုမျိုးနှင့် ဟေးမျိုးနွယ်စု မဟာမိတ်ဖွဲ့ထားသည်ကို မည်သူမျှ မသိချေ။ ၎င်းသည်ပင် ဟေးမျိုးနွယ်စု၏ ဝှက်ဖဲပေလော။ သို့တည်းမဟုတ် လင်းမျိုးနွယ်များ၏ လှုပ်ရှားမှုကို သတိထားမိသွားသဖြင့် သူတို့၏ ခြေရာကိုလိုက်နင်းရန် ကြံစည်နေခြင်းပေလော။
စုခေါ့ကျိ ဝယ်ယူလာသော ဆေးများသည် လျူမျိုးနွယ်စုပိုင် လေလှိုင်းနန်းတော်မှ ဖြစ်လေရာ ထိုကိစ္စကို ချိန်းဟေး သိရှိနေသည်မှာ အထူးတလည် အံ့သြစရာ မဟုတ်တော့။
စုချန်းက ထပ်မံမေးမြန်းလိုက်၏။
"ဒီတော့ မင်းက ဒီနေရာကို ဘယ်လိုလုပ်ရောက်လာတာလဲ"
ထိုအခါ ချိန်းဟေးက အကျိုးအကြောင်း ရှင်းပြလိုက်လေသည်။
"အမှန်ကတော့ အရိပ်တပ်ဖွဲ့ဆိုတာ လျူအိမ်တော်က မွေးမြူထားတဲ့ ခွေးတကောင်ပါပဲဗျာ ဒီလိုမှမဟုတ်ရင် သူတို့အနေအထားနဲ့ ကောင်းကင်နတ်ဘုရားနန်းတော်လို နေရာမျိုးမှာ ဘယ်ကြာကြာခံပါ့မလဲ လီမင်းတန်ဟာ လျူအိမ်တော် ခိုင်းစေသမျှ အောက်ခြေသိမ်းလုပ်ပေးရတဲ့လူပဲ အပြန်အလှန်အနေနဲ့ သူ့ကို လျူအိမ်တော်က ကာကွယ်ပေးရတာပေါ့လေ ကျွန်တော် ဒီကို ရောက်လာရတဲ့အကြောင်းကတော့ လျူအိမ်တော်နဲ့ အဆက်အသွယ်ယူဖို့ ဒီကို သွားပါဆိုတဲ့ ဟေးအိမ်တော်ရဲ့ အမိန့်ကြောင့်ပါ ဒီကလူတွေကတော့ ကျွန်တော့ရဲ့ လုံခြုံရေးကို တာဝန်ယူပေးရတာပေါ့လေ အရင်ရက်တချို့က စုသခင်လေးရဲ့ ဒုတိယဦးရီးတော် ဆေးလာဝယ်တဲ့အခါ ဟေးမိသားစု မျှော်လင့်ခဲ့တာက မူလစွမ်းအင်ဆေးရည်မှာ အရောအနှောပြုလုပ်ပြီး စုချိန်းကို ဒုက္ခပေးနိုင်ပြီပေါ့ ဒါပေမဲ့ အရာရာဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် သူတို့ သိက္ခာကျစေနိုင်တယ်ဆိုပြီး လျူအိမ်တော်က ဒီကိစ္စကို ငြင်းပယ်လိုက်ပါတယ် ကျွန်တော့ရဲ့တာဝန်က ငြင်းပယ်တဲ့စာကို ယူပြီး ဟေးမျိုးနွယ်စုကို ဆက်သဖို့ပါပဲ ဒါပေမဲ့ အချိန်လင့်နေတော့ ဒီမှာတညအိပ်ပြီး မနက်မှဆက်သွားဖို့ စီစဉ်ထားတာပါ တကယ်လို့ သခင်လေး မယုံရင် ကျွန်တော့ရဲ့ ခါးကြားထဲမှာ စာတစောင်ရှိပါတယ် ဖတ်ကြည့်ပါ"
ထိုအခါ စုချန်းက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်၏။ အလိုက်သိသော သံမဏိက ချိန်းဟေး၏ ခါးကြားမှ စာကို နှိုက်ယူလိုက်သည်။ သို့သော် သံမဏိမှာ စာကို ကောင်းမွန်စွာ မဖတ်တတ်လေရာ စုချန်းက ဘာရွန်ကို အကူအညီတောင်းလိုက်၏။
"ဘာရွန် ဒီတခါတော့ အားနာနာနဲ့ အကူအညီတောင်းရတော့မှာပဲ စာကို ကျေးဇူးပြုပြီး ဖတ်ပေးပါလားဗျာ"
ဘာရွန်က စာကိုယူရင်း ဖတ်ကြည့်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီကောင်ပြောနေတာ အမှန်ပဲ ဒီစာဟာ လျူမျိုးနွယ်စုက ငြင်းပယ်တဲ့စာပဲဗျို့"
စုချန်းက သက်ပြင်းတချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်လေသည်။ စုခေါ့ကျိကား ကျိတ်ပုန်းခုတ်နေသည်မှာ အမှန်ပင်။ ဤတကြိမ်တွင်ကား ၎င်းသည် သူ့သားအတွက် အင်အားတိုးမြင့်စေရန်သာမဟုတ်ပဲ စုချန်းကိုပါ အဆိတ်ခတ်၍ လုပ်ကြံရန် ကြံစည်နေခဲ့လေပြီ။ ရက်စက်လွန်းလှပေ၏။ နှစ်ပေါင်းများစွာ ကြိတ်မှိတ်ခံစားခဲ့ပြီးနောက် ၎င်း၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပုံရသည်။ သူ့အနေနှင့် စုချန်းကို အနိုင်ရရုံသက်သက် ဟုတ်ပုံမရတော့။ လက်စားချေလိုသည့် သဘောသက်သက်သာ ဖြစ်ပုံရသည်။ စုချန်းသည် စုခေါ့ကျိ၏ သဘောထားကို ကောင်းစွာ သဘောပေါက်နားလည်လိုက်၏။
ထိုအခိုက်မှာပင် ချိန်းဟေးက ငိုယို၍ တောင်းပန်ပြန်သည်။
"သခင်လေးစု...ကျွန်တော် သိသမျှ အကုန်ပြောခဲ့ပြီးပါပြီ ကျေးဇူးပြုပြီး ကျွန်တော့ကို လွှတ်ပေးပါတော့ခင်ဗျာ"
ထိုအခါ စုချန်းက
"မင်းကို နောက်ဆုံးတခုပဲ မေးတော့မယ် စုမျိုးနွယ်စုက ဆေးလာဝယ်တာ ဘယ်သူလဲ သူတို့ ဘယ်အချိန် ပြန်သွားသလဲ"
ချိန်းဟေးက
"ဆေးလာဝယ်တဲ့လူက စုချိန်းရဲ့လက်ထောက် ကျန်းစုန်းပါ လျူအိမ်တော်ဟာ နက်ဖြန်မနက်မှာ ဒီဆေးတွေကို ပြင်ဆင်ပြီး သူ့ဆီကို ပို့ပေးမှာပါ ခင်ဗျာ"
စုချန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ကောင်းပြီး အမှန်အတိုင်းပြောတဲ့အတွက် မင်းကိုငါ အခွင့်အရေးတခု ပေးလိုက်မယ် ဒီတောင်ပေါ်က ဆင်းသွားတာနဲ့ တောင်ဘက်ကို ဦးတည်ပြီး ဝေးနိုင်သမျှ ဝေးအောင်သွားပေတော့ ဘယ်တော့မှ ပြန်မလာနဲ့ ငါ့စကားကို နားမထာင်ရင် မင်းသေလိမ့်မယ် ကြားလား"
ချိန်းဟေးခမျာကား ကြောက်လန့်လွန်း၍ ခိုက်ခိုက်တုန်နေခဲ့လေပြီ။ သူက ကပျာကယာပင် အာမဘန္တေပြုလိုက်၏။
"ကျွန်တော် အခုပဲ သွားပါတော့မယ် ဘယ်တော့မှ ပြန်မလာတော့ပါဘူး ဘယ်သူ့ကိုမှလည်း မပြောပါဘူးဗျာ...မပြောပါဘူး"
စုချန်းက လက်တဖက်ကို ဝေ့ယမ်းပြလိုက်၏။
"ကဲ သွားပေတော့"
ချိန်းဟေးကား နောက်ကျသောခြေထောက် သစ္စာဖောက်ဟု သဘောပိုက်ကာ တောင်ပေါ်မှ တဟုန်ထိုး ပြေးဆင်းသွားလေသည်။ ကျန်သောလူများသည်ကား ၎င်းကို အေးစက်သော အပြုံးကိုယ်စီနှင့် စိုက်ကြည့်နေကြ၏။ အရိပ်တပ်ဖွဲ့ ခြံတံခါးဝသို့ ချိန်းဟေး ရောက်သွားသောအခါ အာရွန်က စကားစသည်။
"ခေါင်းဆောင် ကျုပ်တို့အစက စီစဉ်ထားတာ တယောက်မကျန် အပြတ်ရှင်းဖို့ မဟုတ်ဘူးလားဗျ"
ဘာရွန်က ပြုံးလိုက်၏။ ထို့နောက် သူက စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"သခင်လေးစုချန်းအနေနဲ့ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကောင်းကောင်းသိမယ်ထင်တာပဲ"
ထိုအခါ စုချန်းက ညတစ္ဆေဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ညတစ္ဆေ ဒီတခေါက်မှာတော့ ခင်ဗျားကို ကျွန်တော် ဒုက္ခပေးရတော့မှာပဲ"
ညတစ္ဆေက
"ဘာလဲ သူ့ကို သတ်ပေးရမှာလား"
စုချန်းက အကျိုးအကြောင်း ရှင်းပြလိုက်သည်။
"မဟုတ်ဘူးဗျ သူ့နောက်ကို လိုက်သွားစေချင်တာ ဒီတောင်ရဲ့ နယ်နိမိတ် လွန်တဲ့အထိပေါ့ တကယ်လို့ သူ တောင်ဘက်ကို သွားရင် လွှတ်ပေးလိုက်ပါ ဒီလိုမှမဟုတ်ပဲ ကောင်းကင်နတ်ဘုရားနန်းတော်နဲ့ မြောက်ပိုင်းမြို့တော် တဖက်ဖက်ကိုသွားရင် သတ်ပစ်လိုက်ပါ"
စုချန်း၏စကားကြောင့် အာရွန်က ရယ်မောလိုက်သည်။
"ဒီမှာတခါတည်းသတ်လိုက်ရင် ပြီးနေတာပဲကို အပိုတွေလုပ်နေတယ်"
စုချန်းက အေးစက်သောလေသံနှင့် အာရွန်ကို တုံ့ပြန်လိုက်၏။
"ကျုပ်က အလကားနေရင်း လူမသတ်ဘူးဗျ အတိုင်းအတာရှိတယ်"
ညတစ္ဆေက စုချန်း၏ အကူအညီတောင်ခံမှုကို လက်ခံရမည်လော ဟူသောသဘောနှင့် ဘာရွန်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ ဘာရွန်ကလည်း ခေါင်းကို ဆတ်ခနဲ ညိတ်ပြကာ ရယ်မောရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အကန့်အသတ် မရှိတာထက်စာရင် ရှိတာက ပိုကောင်းတာပေါ့လေ"
ဘာရွန်၏ စကားကို ညတစ္ဆေက ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး ချိန်းဟေး၏ နောက်သို့ပြေးလိုက်သွားလေ၏။ သိပ်မကြာမီ သူမ ပြန်လည်ရောက်ရှိလာ၏။ သူမ၏ လက်တွင်ကား ချိန်းဟေး၏ ဦးခေါင်းပြတ်ကို ကိုင်လျက်သား။ ထို့နောက် သူမက ပြောလိုက်သည်။
"သူကတော့ မင်းကို သစ္စာဖောက်သွားပြီ"
စုချန်းက ပြုံးလိုက်၏။
"တကယ်တော့ ဒီလူ ကျွန်တော့ကို သစ္စာဖောက်တာ မဟုတ်ပါဘူးဗျာ ကိုယ့်ကိုယ်ကို သစ္စာဖောက်သွားတာပါ"