ပြန်လှည့်ခြင်း
Vol. 8 Ch. 77
သူတို့စကားပြောနေစဉ်မှာပင် ကောင်းကင်သည် တဖြည်းဖြည်း ပို၍ တောက်ပလာ၏။ ရက်စက်ကြမ်းကြုတ်ပြီး လူအတော်များများ သေကြေပျက်စီးခဲ့ရသည် တိုက်ပွဲနှစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ပြီးနောက်တွင်ကား မနက်ခင်းသည် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ချေပြီ။
ကြည်လင်တောက်ပနေသော ကောင်းကင်ကိုကြည့်ရင်း ဘာရွန်က ပြောလိုက်သည်။
"ကဲ ဒီမှာလည်း ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ ကျုပ်တို့ ပြန်ဖို့သင့်ပြီ"
ဘာရွန်အပါအဝင် ကျန်လူများအားလုံးသည် မြောက်ပိုင်းမြို့တော်မှ မဟုတ်ပေ။ စုချန်းအနေနှင့် ထိုသူတို့ကို ယာယီစုစည်းထားခြင်းသာ ဖြစ်သည်။ ထို့အခါ ကျန်လူများအားလုံးက စုချန်းကို လာရောက်နှုတ်ဆက်ကြ၏။ သူတို့အနေနှင့် လာရင်းကိစ္စပြီးဆုံးသွားပြီဖြစ်၍ နေထိုင်ရာဒေသအသီးသီးသို့ ပြန်ကြတော့မည် မဟုတ်ပါလား။
အရိပ်တောင်ပေါ်မှ အလျှိုလျှိုဆင်းသွားကြသော ဘာရွန်တို့လူစုကို စိုက်ကြည့်ရင်း စုချန်းက တစုံတရာကို စဉ်းစားနေ၏။ ထို့နောက် သူက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်လေသည်။
ကျုပ်ကိုကူညီဖို့ ညတစ္ဆေကို ခနခေါ်ထားလို့ရမလားဗျ"
ညတစ္ဆေ အံ့သြသွား၏။ သူမက မေးလိုက်သည်။
"မင်းက ဘာလိုချင်လို့လဲ"
"ဒီမနက်မှ ကျုပ်ရဲ့ ဒုတိယဦးရီးတော်က ဆေးဝယ်ဖို့ လူတယောက် လွှတ်လိုက်လိမ့်မယ် ဒီနေရာမှာ ခင်ဗျားက ကျုပ်ကို ကူညီ..."
စုချန်း၏စကားကို ကြားလိုက်ရသောအခါ ညတစ္ဆေက ရယ်မောလိုက်၏။
"ဘာလဲ မင်းက မူလစွမ်းအင်ဆေးရည်ကို လိုချင်နေပြန်ပလား ဒါလေးများ ဒီလောက်ရှုပ်ထွေးအောင် လုပ်စရာမလိုပါဘူး ငါ့အနေနဲ့ ဒီလိုဆေးရည်မျိုး အလွယ်တကူ ရှာပေးနိုင်ပါတယ်"
စုချန်း ခေါင်းခါလိုက်၏။
"မဟုတ်ဘူးဗျ ကျုပ်က ဆေးပုလင်းနှစ်မျိုးကို နေရာလဲပစ်ချင်တာ"
ညတစ္ဆေ၏ မျက်လုံးများ တောက်ပသွား၏။ သူမက ပြောလိုက်သည်။
"တယ်ဟုတ်ပါလား ကြည့်ရတာ မင်းက မူလစွမ်းအင်ဆေးရည်အစား အနက်ရောင်မေ့ဆေးကို သူ့သားစုချိန်း မှားယွင်းသောက်မိစေချင်ပုံရတယ်"
စုချန်းက အားရပါးရ ရယ်မောလိုက်၏။
"သိပ်ဟုတ်တာပေါ့ ဒါပေမဲ့ ဒီအတိုင်းချည်းပဲဆိုရင် မကောင်းသေးဘူး ဒီဆေးဟာ ပုံစံအသစ်ဆိုတာရယ် အာနိသင်ပြဖို့ ရက်အနည်းငယ် စောင့်ဆိုင်းရမယ်ဆိုတာရယ်ကို စာတစောင်ထဲမှာ ထည့်ရေးပေးလိုက်ရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားမယ်ဗျ"
ထိုအခါကျမှ စုချန်း၏စိတ်ကူးကို လူတိုင်းလိုလို နားလည်သဘောပေါက်သွားပြီး တယောက်မျက်နှာ တယောက်ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်ကြကုန်၏။ ထိုအခါ ညတစ္ဆေက ပြောလိုက်၏။
"မင်းဟာ အတော်လေး ကောက်ကျစ်တဲ့ကောင်ပဲ ပြသနာ မရှိပါဘူးလေ ဒီကိစ္စ ငါကူညီပါ့မယ်"
ထိုအခါ စုချန်းက သူ၏ လိုလားချက်ကို ညတစ္ဆေအား အသေးစိတ် ရှင်းပြလိုက်သည်။
"ဒီလိုဗျ ကျုပ်လိုချင်တာ ဆေးလာဝယ်တဲ့လူကို နှောင့်နှေးအောင်ပြုလုပ်ဖို့ပဲ ဒီလူ နက်ဖြန်မနက်မှ မြောက်ပိုင်းမြို့တော်ကို ပြန်လို့ရအောင် လုပ်ချင်တယ်"
ထိုအခါ ညတစ္ဆေက
"သိပ်မခက်ပါဘူး လုပ်နိုင်ပါတယ် ဒါပေမဲ့ မင်းသိထားဖို့က ဒီနေ့ဟာ ဒုတိယမြောက်နေ့နော်"
ညတစ္ဆေ၏ဆိုလိုရင်းကို စုချန်းက ချက်ချင်း သဘောပေါက်လိုက်သည်။
"စိတ်မပူပါနဲ့ဗျာ ကျုပ် တရက်စာ ထပ်ပေးမှာပါ သတ်မှတ်တန်ဖိုးထက် အဆနှစ်ဆယ် ပိုပေးမယ်ဗျာ ကဲ..."
ညတစ္ဆေက အားရပါးရ ပြုံးလိုက်၏။
"ပိုကောင်းတာပေါ့ကွာ"
ထိုအခိုက်မှာပင် ဘေးနားတွင် မတ်တပ်ရပ်နေသော ဘာရွန်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဝင်ရောက်ပြောဆိုလိုက်သည်။
"ကြည့်ရတာ စုမျိုးနွယ်စုအတွင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပြသနာတမျိုး ဖြစ်နေတဲ့ပုံပဲ"
စုချန်းက
"ဘာရွန်ကတော့ ကျုပ်တို့မိသားစုပြသနာကို လှောင်စရာလို့ ယူဆနေပြီနဲ့တူတယ်"
သို့သော် ဘာရွန်က စုချန်း၏ ခံစားချက်ကို စာနာနားလည်သော အမူအရာနှင့် ရှင်းပြလိုက်၏။
"ဟာ ဒီလိုမယူဆပါဘူး သခင်လေးစု မိသားစုပြသနာဆိုတာ ဘယ်မိသားစုမျိုးမှာမဆို ရှိနေတတ်တဲ့ သာမာန်ကိစ္စပါပဲ ဒီလိုကိစ္စကို ကျုပ်က ရယ်စရာလို့ ဘယ်ယူဆပါ့မလဲ ခုလိုမြင်တွေ့ရတော့ ကျုပ်အဖို့ သခင်လေးစုကို ဘယ်တောင် လေးစားလာသေးတယ် သခင်လေးစုဟာ မျက်မမြင်ဆိုပေမဲ့ ညဏ်ရည်ညဏ်သွေး အလွန် ထက်မြက်လွန်းလို့ တော်ရုံလူတောင် မယှဉ်နိုင်တာကို တွေ့နေရတယ် ကျုပ် သတင်းကောင်း စောင့်နေပါ့မယ် ဒီပြသနာကို သခင်လေးစု အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်ဗျာ"
"ကျေးဇူးတင်ပါတယ် ဘာရွန်"
တဆက်တည်းမှာပင် စုချန်းက ညတစ္ဆေဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ခင်ဗျားနဲ့ကျုပ်နဲ့ အတူသွားကြတာပေါ့ သွားရင်းနဲ့မှ ကျန်းစုန်းရဲ့ ပုံသဏ္ဍန်ကို ခင်ဗျား မြင်သာလာအောင် ပြောပြပေးသွားမယ်"
ထိုအခါ ညတစ္ဆေက
"ဟင် ဒါဆိုမင်းက မြောက်ပိုင်းမြို့တော်ကို မပြန်သေးဘူးလား"
စုချန်းက
"ခင်ဗျားကို ကျုပ် ကောင်းကင်နတ်ဘုရားနန်းတော်အထိ လိုက်ပို့မယ် ဒီကိစ္စဟာ သိပ်မလွယ်လှဘူးလို့ ခုချိန်ထိ ထင်နေတုန်းပဲဗျ"
စုချန်း၏စကားမှာ သူမ၏ အရည်အချင်းကို အထင်သေးရာရောက်နေ၍ ညတစ္ဆေ အောင့်သက်သက် ဖြစ်သွား၏။ သို့သော် သူမက စုချန်း၏စကားကို နောက်ဆုံးတွင် လက်ခံလိုက်လေသည်။ ကျန်သောလူများကား အသီးသီး လမ်းခွဲကာ ထွက်ခွာသွားကြလေပြီ။ စုချန်း၊ ညတစ္ဆေနှင့် သံမဏိတို့သုံးဦးသာ ကောင်းကင်နတ်ဘုရားနန်းတော်သို့ ဦးတည်ခရီးဆက်ခဲ့ကြ၏။ လမ်းလျှောက်နေရင်း စုချန်းက စကားစ၏။
"ဒါနဲ့ ခင်ဗျားကို မေးရအုံးမယ် ကျွန်တော်တို့ တိုက်ပွဲစဉ်တလျှောက်လုံးမှာ လူတိုင်းလိုလိုဟာ အမည်ဝှက်တွေကိုပဲ သုံးကြတယ် ဘာရွန်တယောက်ပဲ နာမည်ရင်းအတိုင်းသုံးတယ် ဒါက ဘာသဘောလဲဗျ သူ့က သူ့အကြောင်း တခြားလူတွေ သိသွားမှာကို စိတ်မပူဘူးလား"
ညတစ္ဆေက ရှင်းပြလိုက်၏။
"ဒါက ဘာသဘောလဲဆိုတော့ တိတိကျကျပြောရရင် ဘာရွန်ဟာ ငါတို့အဖွဲ့အစည်းထဲက လူမဟုတ်လို့ပေါ့ ဘာရွန်နဲ့အဖွဲ့အစည်းကြားက ဆက်ဆံရေးဟာ စီးပွားရေးသက်သက်ပဲ အဖွဲ့အစည်းအပေါ် သူ့ရဲ့နားလည်မှုကလည်း အကန့်အသတ်နဲ့သာ ဖြစ်တယ် ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်က အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘူးဆိုရင်တော့ ဘာမှပြသနာမရှိဘူးလေ"
ညတစ္ဆေ၏စကားကို ကြားလိုက်ရသောအခါ စုချန်းက တီးတိုးရေရွတ်လိုက်၏။
"အော်..အဲလိုလား.."
တဆက်တည်းမှာပင် သူက မေးမြန်းလိုက်ပြန်သည်။
ဒါဆို ကျန်တဲ့လူတွေလည်း သူနဲ့အတူတူပဲပေါ့ ဟုတ်လား"
စုချန်း၏မေးခွန်းကြောင့် ညတစ္ဆေ မျက်မှောင်ကုတ်သွား၏။ ထို့နောက် သူမက မျက်လုံးများ ထောင့်ကပ်ရင်း စုချန်းကို မေးမြန်းလိုက်သည်။
"ဘာလဲ မင်းက အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ့ဆီက အစ်အောက်နေတာလား"
စုချန်းနှင့် ညတစ္ဆေသည် မကြာခန တွေ့ဆုံနေရသည့်အပြင် လွန်ခဲ့သောညက အတူတကွ တိုက်ပွဲဝင်ခဲ့သောကြောင့် အလွန်ရင်းနှီးလာ၏။ ယခုလည်း သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် အပြန်အလှန်ပြောဆိုကြရင်း ခင်မင်ရင်းနှီးမှုများ တိုးပွားလာသကဲ့သို့ ခံစားနေရလေည်။ ထိုအခါ စုချန်းက ရှင်းပြလိုက်၏။
"အဆင်မပြေရင်လည်း နေပါစေဗျာ ခင်ဗျား မပြောချင်ဘူးဆိုရင် မပြောပါနဲ့ ကျုပ်အနေနဲ့ကလည်း ခင်ဗျားတို့အဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို သိချင်လှချည်ရဲ့တော့ မဟုတ်ပါဘူး ကျုပ်က ကိုယ့်ဘေးနားက လူတွေရဲ့အကြောင်းကို ပိုပြီး သိချင်တဲ့သဘောပါပဲ ဥပမာဗျာ...အာရွန်ဆိုပါတော့ ဒီလူဆိုရင် ကျုပ်ကို အမြဲတမ်း ရန်လုပ်နေတာပဲ ဒီတော့ သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ကျုပ် သိချင်တာပေါ့ ပြီးတော့ လီကိုကြည့်ဗျာ...သူ့ရဲ့ စိတ်လှည့်စားတဲ့စွမ်းရည်ဟာ အလွန်ထက်မြက်တာပဲ သူနောက်ထပ် ဘာများလုပ်နိုင်သေးလဲ ကျုပ်သိချင်တယ် ခုဆိုရင် ကျုပ်ဟာ ချီစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ ခုချိန်ဟာ ကျုပ်အတွက် အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဖို့ အကောင်းဆုံးအချိန်ပဲ တကယ်လို့များ ကျုပ်ဟာလည်း လီလို စိတ်လှည့်စားတဲ့နေရာမှာ ဆရာတဆူ ဖြစ်လာနိုင်သလားပေါ့လေ"
စုချန်း၏မျက်နှာပေါ်တွင် ထိုအကြောင်းအရာများကို အမှန်တကယ် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်နေ၏။ ညတစ္ဆေက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ခေါင်းကို ဆတ်ခနဲညိတ်ကာ ပြောလိုက်သည်။
"ဒါက မင်းရဲ့ အကြောင်းပြချက်ပေါ့လေ မင်းသိချင်တာဟာ ဒီလောက်ပဲဆိုရင် ငါ့အနေနဲ့ ဘာမှ မရှင်းပြနိုင်စရာ မရှိပါဘူး အာရွန်လေ့ကျင့်ထားတာက နီဂွန်ဓား ဆိုတဲ့ မူလစွမ်းရည်တမျိုးပဲ ဒီစွမ်းရည်ဟာ အင်မတန် လေ့ကျင့်ရ ခက်ခဲသလောက် အင်အား အလွန် ပြင်းထန်တယ် ပြသနာက လေ့ကျင့်စဉ်မှာ အာရွန်ဟာ စိတ်နှလုံး ဒဏ်ရာရခဲ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အတော်လေး နည်းသွားတယ် ဒါကြောင့်မို့လို့ သူဟာ အမြဲလိုလို ဒေါသထွက်နေတတ်တာပဲ တကယ်တော့ သူရည်ရွယ်တာ မင်းကို မဟုတ်ပါဘူး ပြီးတော့ ကြေးနီသမင်ရဲ့ စိုက်ပျိုးရေးစွမ်းရည်ဟာလည်း..."
ထို့နောက် သူတို့သည် စကားတပြောပြောနှင့် ကောင်းကင်နတ်ဘုရားနန်းတော်သို့ ဦးတည်ကာ ခရီးဆက်ခဲ့ကြလေသည်။
သူတို့သည် တလမ်းလုံးလိုလို စကားပြောဆိုလာကြ၏။ မြို့ထဲသို့အရောက်တွင် စုချန်းက စကားစသည်။
"ကျန်းစုန်းနဲ့ ကိစ္စကို ခင်ဗျားပဲ ဆက်လုပ်လိုက်တော့ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ မျက်မမြင်ဆိုတော့ ဘာမှလည်း မြင်ရတာမဟုတ်ဘူး ဒါကြောင့် ကျုပ်ဒီမှာနေလို့ ခင်ဗျားအတွက် အကူအညီမရတဲ့အပြင် အနှောင့်အယှက်ပဲ ဖြစ်နေလိမ့်မယ် ဒါကြောင့် ကျုပ် အခုပဲ သွားတော့မယ်"
ညတစ္ဆေ မျက်လုံးပြူးသွား၏။ သူမက အံ့သြတကြီးနှင့် မေးလိုက်သည်။
"ဟင် ဘယ်လိုဖြစ်ရတာလဲ မင်းက ငါ ဒီကိစ္စ ပြီးအောင်လုပ်မလုပ် မစောင့်ကြည့်တော့ဘူးလား"
သို့သော် စုချန်းကား ညတစ္ဆေ၏ မေးခွန်းကို ပြန်လည်ဖြေဆိုခြင်း မရှိတော့ပေ။ သူသည် သံမဏိကိုခေါ်ကာ ထိုနေရာမှ ထွက်ခွာသွားလေ၏။ ညတစ္ဆေကား မည်သို့မျှ မစဉ်းစားတတ်တော့ပဲ ခေါင်းရှုပ်ရင်း ကျန်ခဲ့ရှာသည်။ ထို့နောက်တွင်ကား သူမသည် စုချန်း၏ ကျောပြင်ကို ငေးကြည့်ရင်း အောက်ပါအတိုင်း စဉ်းစားမိတော့သည်။
သူ့ကိုကြည့်ရတာ ဒီတခေါက် တော်တော်ထူးဆန်းတာပဲ အစတုန်းကတော့ ကိစ္စကြီး မအောင်မြင်မှာစိုးလို့ဆိုပြီး အရိပ်တောင်ကနေ ဒီအထိ တလမ်းလုံး လိုက်လာတယ် ဟော...ဒီလည်းရောက်ရော သူရှိနေလို့ ဘာအကူအညီမှ မရဘူးဆိုပြီး ကောက်ခါငင်ခါနဲ့ ထပြန်သွားပြန်တယ် ဒီလိုလုပ်ဖို့ လိုအပ်လို့လား ဘာလို့ မြောက်ပိုင်းမြို့တော်ကို တန်းတန်းမတ်မတ် မပြန်ပဲ ကိုယ့်ကိုယ်ကို အပင်ပန်းခံရတာလဲ..........
ထိုအခိုက်မှာပင် တစုံတရာကို တွေးတောမိပြီး သူမ၏ နှလုံးသားမှာ ဆတ်ခနဲ တုန်လှုပ်သွား၏။
ကြည့်ရတာ သူ..သူ..ငါ့ကိုများ စိတ်ဝင်စားနေသလား...ဒါကြောင့်မို့လို့ပဲ တမင်သက်သက် အကြောင်းပြချက်ရှာပြီး ငါနဲ့လိုက်လာတာများလား...လွန်ခဲ့တဲ့ ရက်တချို့က ငါ့ရဲ့ရုပ်ရည် ငါ့ရဲ့ ညဏ်ရည်ညဏ်သွေးတွေကို ကြည့်ပြီး သူ သဘောကျသွားပုံရတယ်...
သို့သော် တစုံတရာကို ထပ်မံတွေးတောမိပြီး ညတစ္ဆေ ခေါင်းခါယမ်းလိုက်၏။ စုချန်းသည် မျက်မမြင်တယောက် ဖြစ်လေရာ သူမ၏ ပုံပန်းသွင်ပြင်ကို အကဲခတ်ရန်မှာ မည်သို့မျှမဖြစ်နိုင်။ တဖန် စုချန်းကိုယ်တိုင် သူမကို တချိန်က လူပိန်းဟု ခေါ်ဆိုခဲ့ဖူးလေရာ အဘယ်မှာ သူမ၏ညဏ်ရည်ညဏ်သွေးကို ချီးကျူးအံ့ပေနည်း။
ဤသို့ဆိုလျင် စုချန်းသည် အဘယ်ကြောင့် ညတစ္ဆေနှင့်အတူ ကောင်းကင်နတ်ဘုရားနန်းတော်သို့ အတူတကွ လိုက်လာသနည်း။ သူမသည် အတန်ကြာသည်အထိ စဉ်းစားတွေးတောနေသော်လည်း မည်သို့မျှ အဖြေမရချေ။ အတန်ကြာသော် သူမက ခေါင်းခါရင်း ဆောင့်ကြီးအောင့်ကြီးနှင့် ပြောဆိုလိုက်သည်။
"အို ဘာဖြစ်ဖြစ် ငါ ဘာဂရုစိုက်နေစရာ လိုသလဲ သူ့ဖာသူ သွားချင်ရင် သွားပါစေ ငါနဲ့မှ မဆိုင်တာ"
မည်သို့ပင် တွေးတောနေစေကာမူ ညတစ္ဆေသည် သူမ လုပ်ဆောင်ရမည့် ကိစ္စတို့ိုကိုကား ပြီးမြောက်အောင် လုပ်ဆောင်ခဲ့လေသည်။
ညတစ္ဆေနှင့် လမ်းခွဲပြီးသည်နှင့် စုချန်းသည် သံမဏိကိုခေါ်ကာ ရတနာတထောင်နန်းတော်သို့ လာခဲ့၏။ စုချန်းသည် ပျော်ရွှင်ခြင်းချောက်နက်မှ ပြန်လာပြီးကတည်းက မူလကျောက်တုံး အတော်များများ ချမ်းသာကြွယ်ဝခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတခေါက်တွင် သူသည် ရွှေရောင်ဝတ်စုံကို ဝယ်ယူခဲ့သည်တိုင် သူ့ထံတွင် မူလကျောက်တုံး လေးသိန်းကျော်အထိ ကျန်ရှိနေသေး၏။ သို့သော် ယခုတခေါက်တိုက်ပွဲတွင် စုချန်းအနေနှင့် ငွေကြေးများစွာ စိုက်ထုတ်လိုက်ရ၏။ တနာရီခွဲခန့်အကြာတွင် စုချန်းတယောက် ရတနာတထောင်နန်းတော်မှ ပြန်ထွက်လာသည်။ သူ၏မူလကျောက်တုံးအရေအတွက်မှာလည်း လေးသိန်းကျော်မှ တသိန်းခွဲသာ ကျန်ရှိတော့သည်။
ယခုတကြိမ်တွင်ကား စုချန်းသည် သံမဏိကိုခေါ်ကာ အရိပ်တောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။ အရိပ်တောင်မှာကား ယမန့်နေ့ညကအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။ အရိပ်တပ်ဖွဲ့၏ ကြမ္မာဆိုးကို မည်သူတဦးတယောက်မျှ မသိရှိသေးပေ။ နေရာအနှံ့တွင် အလောင်းကောင်များ ပြန့်ကျဲနေ၏။ သွေးညှီနံ့များကား ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းလျက်ရှိသည်။ သေဆုံးနေသူတို့၏ မျက်လုံးများသည်ကား ပြူးကျယ်လျက် ယခုတိုင် ကြောက်လန့်ထိတ်လန့်မှုကို ခံစားနေရဟန်ရှိ၏။
စုချန်းသည် သွေးပျက်စရာ ရှုခင်းများကို အနည်းငယ်မျှ ဂရုစိုက်ဟန်မရှိ။ သူသည် အလောင်းကောင်များကို ဖြတ်ကျာ်ရင်း တောင်နောက်ကျောရှိ လျှို့ဝှက်အခန်းသို့ တန်းတန်းမတ်မတ်ပင် ဦးတည်လျှောက်လာခဲ့၏။ အခန်းတွင်းသို့ရောက်သည်နှင့် သူသည် အခန်းကို စက်ဝိုင်းပုံအတိုင်း လှည့်ပတ်ရင်း နံရံများကို ခေါက်ကြည့်၏။ အသံများကို နားထောင်ကြည့်၏။ သံမဏိခမျာကား သခင်ဖြစ်သူ၏ လုပ်ရပ်ကို အနည်းငယ်မျှပင် သဘောမပေါက်ရှာ။ သို့တိုင်အောင် သူသည် သူ့သခင်ကို တလုံးတပါဒမျှ မေးမြန်းခြင်းမရှိပဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
အတန်ကြာသော် စုချန်းက ခေါင်းကို စိတ်ပျက်လက်ပျက်နှင့် ခါယမ်းရင်း ထူးဆန်းသော ငွေရောင်လေးထောင့်အပြားလေးတခုကို ဆွဲထုတ်လိုက်၏။ ငွေပြားလေး၏ အပေါ်တွင် မူလအဆောင်လက်ဖွဲ့မျိုးစုံကို ရေးထိုးထားလေရာ သာမာန်ပစ္စည်းမျိုးမဟုတ်ကြောင်း သိသာနေ၏။ ထိုပစ္စည်းဟာ စုချန်းတယောက် ရတနာတထောင်နန်းတော်မှ တန်ဖိုးကြီးကြီးပေး၍ ဝယ်လာသော ပစ္စည်းဖြစ်သည်။ ထို့နောက်တွင် စုချန်းက အနှီငွေပြားလေးကို မြေကြီးများနှင့် ဖုံးအုပ်လိုက်၏။ အတန်ကြာသော် ပုံသဏ္ဍန်မရှိသော လှိုင်းတွန့်လေးတခု လေထုအတွင်းသို့ တိုးထွက်စ ပြုလာလေသည်။
ထို့နောက်တွင် စုချန်းသည် သံမဏိကို ခေါ်ကာ လျှို့ဝှက်အခန်းတွင်းမှ ထွက်လာပြီး မှောင်မဲတိတ်ဆိတ်သော ထောင့်တထောင့်ကို ရှာဖွေကာ အပေါက်ဝကို စောင့်ကြည့်နေ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ သူတို့စောင့်ဆိုင်းနေသည်မှာ တနေ့တာမျှ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စုချန်း၏ပုံစံမှာကား ကျောက်ဆောင်ကြီးတဆောင်နှင့်သာ တူလေ၏။ သူ့ပုံစံမှာ အနည်းငယ်မျှပင် စိတ်တိုသည့်ဟန် မရှိပေ။ မျက်မမြင်ဘဝရောက်ပြီးကတည်းက သူ့အဖို့ ဤကဲ့သို့ အတွေ့အကြုံမျိုးမှာ သိပ်မထူးဆန်းတော့။ သုံးနှစ်တာကာလလုံးလုံး အမှောင်ထဲတွင် နေထိုင်ခဲ့ရသူအဖို့ အမှောင်ဟူသည်မှာ သိပ်မဆန်းသလို စိတ်ရှည်သည်းခံခြင်း ဟူသည်မှာလည်း ဗီဇပမာ ဖြစ်နေခဲ့လေပြီ။
အမှောင်မှာ တဖြည်းဖြည်းပို၍ သိပ်သည်းလာ၏။ လရောင်ဆမ်းသော ကောင်းကင်ယံမှာကား ကြည်လင်နေသောရေနှင့်ပင် တူနေသေးသည်။ ညသန်းခေါင်ရောက်ခဲ့လေပြီ။ အရိပ်တောင်တခုလုံးသည်ကား ပုံမှန်အတိုင်း တိတ်ဆိတ်နေ၏။ မြေကြီးပေါ်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော အလောင်းကောင်များမှပ ခွေးတကောင် ကြောင်တမြီးမှပင်မရှိ။
ထိုအခိုက်မှာပင်...
"ဖျောက်"
အလွန်တိုးညှင်းသော အသံတသံ ပေါ်လာ၏။ သေသေချာချာ နားထောင်ကြည့်လျင် ထိုအသံသည် သစ်ကိုင်းကျိုးသံနှင့် တူလှသည်။ သံမဏိမှာ အတော်လေး အအိဆတ်ပုံရသည်။ တိုးညှင်းသော အသံကို ကြားလိုက်သည်နှင့် သူ၏ မျက်လုံးများသည် ဇီးကွက်ပမာ ပြူးကျယ်သွားပြီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လန့်နိုးလာ၏။ သူ့ပါးစပ်မှလည်း အာမေဋိတ်သံများ ထွက်ပေါ်လာမည့် သဘောတွင်ရှိသည်။ သို့သော် သံမဏိ၏ ပါးစပ်ကို လက်တဖက်က တင်းကျပ်စွာ ပိတ်ဆို့ထားရာ သကောင့်သားမှာ မည်သို့မျှ အသံမပြုနိုင်တော့။ သူ မြင်တွေ့လိုက်သည်မှာ သူ့သခင်စုချန်းသည် သူ့ပါးစပ်ကို လက်တဖက်နှင့် ပိတ်ဆို့ထားပြီး ကျန်လက်တဖက်ကမူ တိတ်တိတ်နေရန် အချက်ပြနေခြင်းပင်။ သံမဏိ ချက်ချင်း သဘောပေါက်လိုက်၏။ သူတို့စောင့်မျှော်နေသော အချိန်ကား ဆိုက်ရောက်လာခဲ့ပေပြီ။
ခြေသံများ တဖြည်းဖြည်း နီးကပ်လာ၏။ ခြေသံများ နီးကပ်လာသည်နှင့်အမျှ သူတို့၏ ရှေ့မှောက်တွင် အနက်ရောင်အရိပ်သဏ္ဍန်တခု ပေါ်ပေါက်လာလေသည်။ ထိုလူသည် ကျောက်တုံးအတု၏ ရှေ့မှောက်သို့ရောက်သည်နှင့် ဘေးဘီဝဲယာကို အတန်ကြာ ကြည့်ရှုပြီးနောက် လျှို့ဝှက်အခန်းအတွင်းသို့ တန်းတန်းမတ်မတ်ပင် ဝင်သွားလေသည်။ လျှို့ဝှက်အခန်းအတွင်းသို့ရောက်သည်နှင့် ထိုလူသည် တောင်ဘက်အစွန်ဆုံးရှိနံရံသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားရင်း ထိုနံရံကို လက်ဖြင့်ရိုက်လိုက်၏။ ထိုအခိုက်မှာပင် အခန်းတခုလုံးသည် ငလျင်လှုပ်သည့်ပမာ တုန်ခါသွားပြီး လျှို့ဝှက်အခန်း၏ တဖက်ခြမ်းတွင် နောက်ထပ် အခန်းတခန်းပေါ်ပေါက်လာ၏။။
သူတို့မြင်တွေ့နေရသော မြင်ကွင်းမှာ အိပ်မက်မဟုတ်ပေ။ လျှို့ဝှက်အခန်း၏တဖက်ခြမ်း၌ အမှန်တကယ်ပင် နောက်ထပ်အခန်းတခန်း ရှိနေ၏။ ထူးဆန်းသော မြင်ကွင်းမျိုး မြင်တွေ့ရလိမ့်မည်ဟု ကြိုတင်ပြင်ဆင်ထားသော်လည်း အထက်ပါမြင်ကွင်းကို မြင်လိုက်ရသော အခါတွင်ကား သံမဏိမှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တော့။ အသက်ကိုပြင်းထန်စွာ ရှုထုတ်မိတော့သည်။