← Chapters

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 8 Ch. 78

ထိုးဖောက်ဝင်ရောက်ခြင်း

Vol. 8 Ch. 78

သံမဏိ၏ သက်ပြင်းချသံမှာ သိပ်မကျယ်လောင်လှသော်လည်း အနက်ရောင်ဝတ်ဆင်ထားသူ၏ နားထဲတွင်ကား မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထိုလူ၏တကိုယ်လုံးသည် နတ်ပူးသကဲ့သို့ တုန်ယင်သွားပြီး နောက်ဘက်သို့ ချက်ချင်းလှည့်ကာ ကျယ်လောင်သောအသံနှင့် အော်ဟစ်လိုက်တော့သည်။ သူ၏အသံမှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ကြောက်လန့်မှုများနှင့် ပြည့်နှက်နေ၏။ စုချန်းတယောက် ထိုအချင်းအရာကို မြင်တွေ့ရသောအခါ ဆက်လက်မပုန်းအောင်းတော့ပဲ အရိပ်ထဲမှထွက်ကာ လူလုံးပြလိုက်၏။

ထိုလူသည် စုချန်းကို မြင်တွေ့လိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ထို့နောက် သူက တုန်ယင်သောအသံနှင့် ပြောလိုက်သည်။

"လက်စသတ်တော့ မင်းပဲကိုး"

"ကျုပ်ကို ဒီနေရာမှာတွေ့ရလို့ သိပ်လန့်သွားသလား"

စုချန်း၏လေသံတွင် လှောင်ပြောင်သရော်လိုသော အဓိပ္ပါယ်များ ပါဝင်နေ၏။ ထို့နောက် သူက ထိုလူ၏ နာမည်ကို ခေါ်လိုက်သည်။

"လီ"

လက်စသတ်တော့ ထိုလူမှာ အစောပိုင်း ခုနှစ်ယောက်အဖွဲ့မှ စိတ်လှည့်စားခြင်းပညာရှင်လီပေတကား။ ထိုအခိုက်မှာပင် လီ၏ အမူအရာမှာ အလွန်တရာ ဒေါသထွက်ဟန်ပေါ်လာ၏။ သူ့မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့နေတော့သည်။ သူက အေးစက်သော လေသံနှင့် ပြောလိုက်၏။

"သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပါလား ဒီကိုလာမဲ့အစား ဘာလို့ မြောက်ပိုင်းမြို့တော်ကို မပြန်တာလဲကွ"

စုချန်းက ပြုံးလိုက်သည်။

"ဒါက သိပ်မဆန်းပါဘူးလေး ဒီနေရာကို ရှာတွေ့ပြီး ဒီပစ္စည်းတွေကို တွေ့လိုက်ကတည်းက ဒါဟာ လီမင်းတန်ရဲ့ ချမ်းသာကြွယ်ဝမှု အကုန်တော့မဟုတ်နိုင်ဘူးဆိုတာ ကျုပ် သိပြီးသားပါ သူဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်က ပညာရှင်တယောက်ပဲ သူသာ ဆန္ဒရှိရင် တနေ့ကို အဆင့်နိမ့်မူလကျောက်တုံး ရာပေါင်းများစွာ ပြုလုပ်လို့ရတယ် ဒါ့အပြင် သူဟာ ဓားပြခေါင်းဆောင်တယောက်ပဲ ဒီလိုလူစားမျိုးက မူလကျောက်တုံး နှစ်သောင်းလောက်ပဲရှိတယ်ဆိုရင် ခင်ဗျား ယုံသလား"

လီက

"ဒါပေမဲ့ ငါတို့ ဒီနေရာတခုလုံးကို ရှာဖွေခဲ့တာပဲလေ လူတိုင်းလိုလိုကို စစ်ဆေးခဲ့တာပဲလေ ဘာများထပ်တွေ့ခဲ့လို့လဲ"

စုချန်းက မဲ့လိုက်၏။

"ဒါပေမဲ့ စစ်ဆေးခဲ့တဲ့လူက ခင်ဗျားလေဗျာ တကယ်တော့ လီမင်းတန်ရဲ့မိန်းမဟာ တကယ့်ရတနာသိုက်နေရာကို အစောကြီးကတည်းက ထုတ်ပြောခဲ့ပြီးပါပြီ ခင်ဗျားက ဒါကိုဖုံးကွယ်ဖို့ သူ့ကို နှုတ်ပိတ်ခဲ့တာမလား"

လီက အေးစက်စွာ ပြောလိုက်၏။

"ဒါပေမဲ့ အားလုံးရဲ့ရှေ့မှာ စစ်ဆေးခဲ့တာ မင်းအမြင်ပဲလေ ငါက ဘယ်လိုလုပ် ဖုံးထားမလဲ"

စုချန်းက လီ၏စကားကို လက်မခံချေ။ သူက ပြန်လည်တုံ့ပြန်လိုက်သည်။

"ဟုတ်တယ်လေ ခင်ဗျား အဲဒီလိုစစ်ဆေးခဲ့တာတော့အမှန်ပဲ ဒါပေမဲ့ ကျုပ်တို့မြင်ခဲ့တဲ့အရာကို အမှန်တရားလို့ ယူဆအောင် ခင်ဗျား လှည့်စားခဲ့တယ်ဆိုတာ ဘယ်သူမှ သတိမထားလိုက်မိဘူးလေ"

လီ၏မျက်နှာမှာ တဖြည်းဖြည်း ပို၍ကြည့်ရဆိုးလာ၏။ စုချန်းက သက်ပြင်းချရင်း စကားဆက်သည်။

"ဘာပဲပြောပြော ခင်ဗျား တကယ်သတ္တိရှိတယ်ဆိုတာရယ် စိတ်လှည့်စားမှုပညာရှင်တွေဟာ တကယ် ထူးချွန်တယ်ဆိုတာရယ်ကိုတော့ ကျုပ်က မဖြစ်မနေ ဝန်ခံရတော့မှာပဲဗျ ကျုပ်တို့တယောက်ချင်းစီကို အသံတိတ်လှည့်စားဖို့ ခင်ဗျား ကြံစည်ခဲ့တယ် ကျုပ်တို့ကလည်း ဒါကို သဘောမပေါက်တော့ ခံလိုက်ရတာပေါ့လေ...အမျိုးသမီးလီကြောက်လန့်တကြားနဲ့ ငိုကြွေးနေတာ၊ လျှို့ဝှက်အခန်းရဲ့ တည်နေရာအတုကို ထုတ်ဖော်ပြောဆိုနေတာ ဒါတွေအားလုံးဟာ ခင်ဗျား ဖန်တီးထားတာပဲ စိတ်လှည့်စားတဲ့ပညာရပ်ဟာ တကယ် ထူးခြားပါပေတယ် ကျုပ်တို့အားလုံးဟာ ခင်ဗျား ဖန်တီးထားတဲ့ မြင်ကွင်းအတုထဲမှာ ပိတ်မိနေခဲ့ကြတာကိုး အမှန်ကတော့ ခင်ဗျားဟာ အမျိုးသမီးလီဆီက လျှို့ဝှက်အခန်းရဲ့ တည်နေရာအစစ်နဲ့ ဖွင့်ပုံဖွင့်နည်းကို လက်ခံရရှိပြီးပြီး တော်ပါပေတယ် ခင်ဗျားဟာ ဘာရွန်လိုလူစားမျိုးကိုတောင် လှည့်စားပြီး လိုချင်တာကို ရအောင်ယူခဲ့နိုင်တာပဲ"

.ယမန်နေ့ညက လီသည် ရတနာသိုက်၏တည်နေရာကို လူအများရှေ့တွင် စစ်ဆေးမေးမြန်းခဲ့၏။ ထို့သို့မေးမြန်းရင်းနှင့်ပင် ၎င်းသည် တကဲ့တည်နေရာအစစ်ကို တခြားသူများ မသိနိုင်အောင် ကာကွယ်ထားခြင်း ဖြစ်သည်။ အမှန်ပင် သတ္တိကောင်းသော လူစားမျိုးပေတကား။

ထိုအခိုက်မှာပင် လီသည် အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်၏။

"စိတ်လှည့်စားခြင်းနည်းစနစ်ဆိုကတည်းက တခြားလူတွေကို လှည့်စားဖို့ပဲကွ ဒါဟာ လှည့်စားခံရသူကို စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပျော်မွေ့နေစေတယ် တကယ်လို့ တခြားအနှောင့်အယှက်တခုခုသာ ပေါ်မလာခဲ့ရင် ဘယ်လောက် စွမ်းအားမြင့်တဲ့ ပညာရှင်ဖြစ်ဖြစ် လှည့်စားခံရနိုင်တယ် ဒါပေမဲ့ ဘာရွန်ကိုတောင် လှည့်စားနိုင်ပြီး မင်းကို မလှည့်စားနိုင်တာကတော့ အံ့သြစရာပဲ"

စုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး ခင်ဗျား ကျုပ်ကိုလည်း လှည့်စားနိုင်ခဲ့ပါတယ် ခင်ဗျားရဲ့ စွမ်းရည်က တကယ့်ကို အံ့သြသင့်စရာပဲ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီတုန်းက ခင်ဗျားရဲ့လှည့်ကွက်ကို မမြင်နိုင်ခဲ့ပါဘူး"

"ဒါဆိုရင် ငါ့လှည့်ကွက်ကို မင်းဘယ်လိုလုပ် သိသွားတာလဲ"

စုချန်းက

"ကျုပ်ကို ချိန်းဟေးက သတိပေးခဲ့လို့ပေါ့ဗျာ"

"ဘာကွ ချိန်းဟေး ဟုတ်လား"

လီကား အလွန်အမင်း အံ့သြသင့်သွားခဲ့လေပြီ။ ဤကိစ္စသည် ချိန်းဟေးနှင့် မည်သို့သက်ဆိုင်နေမှန်း သူ မည်သို့မျှ နားမလည်။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"ဒီလိုဗျ...ချိန်းဟေးဆိုတဲ့ကောင်ဟာ ဟေးမိသားစုက ဟေးမိသားစုနဲ့ စုမိသားစုဆိုတာကလည်း ဘယ်တော့မှမတည့်တဲ့ ပြိုင်ဘက်တွေ ဒါကြောင့် ဒီကောင်နဲ့ကျုပ်ဟာ ဘာပတ်သက်မှုမှမရှိသလို သူငယ်ချင်းဖြစ်စရာအကြောင်းလဲ မရှိဘူး ဒါပေမဲ့ ဒီကောင်က ကျုပ်ကိုတွေ့တော့ ချက်ချင်းမှတ်မိပြီး သူ့ကိုကယ်ဖို့ အကူအညီတောင်းတယ် သူ့အသက် ရှင်သန်ခွင့်ရဖို့ ဒီကောင်ဟာ သူ သိထားသမျှ လျှို့ဝှက်ချက်တွေကို မချွင်းမချန် ထုတ်ပြောတော့တာပဲ ဒီလိုလုပ်လို့ သူ လွတ်ချင်မှ လွတ်မယ်မှန်း သိတယ် ဒါပေမဲ့ သူကတော့ သူ့မျှော်လင့်ချက်ကို မစွန့်လွှတ်ဘူး ကျုပ်ဟာ သူ့အတွက် ကောက်ရိုးတမျှင် ဖြစ်နေတာကိုး ဒါကို ခင်ဗျားလည်းမြင်ပြီးသားပါ ဒါဆိုရင် အမျိုးသမီးလီဟာကော...သူကကော သူ့အသက် သူ မနှမြောဘူးလား ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အမျိုးသမီးလီဟာ စကားရှည်ရှည်တောင် မပြောခဲ့ဘူး..."

ဤနေရာအရောက်တွင် စုချန်းက အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူက စကားဆက်သည်။

"အမျိုးသမီးလီနဲ့ ချိန်းဟေးရဲ့ အနေအထားဟာ အတူတူပဲလို့ ခင်ဗျား မထင်ဘူးလား သူမဟာ လီမင်းတန်ရဲ့ အမျိုးသမီးဖြစ်လို့ လျှို့ဝှက်ချက်အနည်းအကျဉ်းလောက် သိကောင်းသိနိုင်မယ် ဥပမာဗျာ..လျူမိသားစုနဲ့ အရိပ်တပ်ဖွဲ့ရဲ့ ဆက်နွယ်ပတ်သက်ပုံတွေ နောက်ပြီး တခြား ကျုပ်တို့မသိတဲ့ အကြောင်းအရာတချို့ရယ် တကယ့်လက်တွေ့မှာ သူမဟာ ဒီအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုပြီး အသနားမခံသင့်ဘူးလား ဒါပေမဲ့ အမျိုးသမီးလီ ဘာလုပ်ခဲ့သလဲ ဘာမှမလုပ်ခဲ့ဘူး သူမ လုပ်ခဲ့တာဆိုလို့ သူမကိုသနားဖို့တောင်းပန်တာတခုတည်းပဲ"

စုချန်း၏စကားကိုကြားလိုက်ရသောအခါ လီကား စကားပင်မပြောနိုင်တော့။ ပါးစပ်ကြီးအဟောင်းသားနှင့်သာ ဖြစ်နေရှာ၏။ စုချန်းက ပြုံးရင်း စကားဆက်ပြန်သည်။

"တကယ်တော့ ခင်ဗျားရဲ့စွမ်းရည်က ပြောစရာမရှိသလို လှည့်ကွက်ကလည်း တကယ်ကောင်းပါတယ် ဆိုးတာက ခင်ဗျားဟာ ပုံပြင်တွေ ပြောပြရာမှတော့ အတော်လေး ညံ့ဖျင်းတာကိုး တနည်းအားဖြင့် ခင်ဗျားရဲ့ ပန်းချီလက်ရာဟာ အင်မတန်ကောင်းပေမဲ့ အနှစ်သာရကတော့ မပါတဲ့အတွက် ကျရှုံးရတာပဲ အောင်မြင်တဲ့ လှည့်စားမှုတခုမှာ သရုပ်ဆောင်ကောင်းရုံနဲ့ မပြည့်စုံဘူးဗျ အကြောင်းအရာက ကျိုးကြောင်းခိုင်လုံဖို့လည်း လိုသေးတယ်"

လီ သက်ပြင်းချလိုက်၏။

"လက်စသတ်တော့ ဒီလိုကိုး မင်းပြောတာ အဓိပ္ပါယ်ရှိပါတယ် လူအတော်များများကို လှည့်စားနိုင်ခဲ့ပေမဲ့ မင်းလို မျက်မမြင်တယောက်က ဒီဟာကွက်ကို တွေ့သွားလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ခဲ့မိဘူး ဒါပေမဲ့ ဒီလောက်ကလေးနဲ့ ကျုပ်ကို သံသယဖြစ်ဖို့ဆိုတာ နည်းနည်း အတွေးခေါင်ရာကျနေတယ်လို့ မင်းမထင်မိဘူးလား"

"ဒါကိုပါ ထည့်ပြီးတွက်လိုက်ရင်ကောဗျာ"

ပြောပြောဆိုဆို စုချန်းက သူ့လက်စွပ်အတွင်းမှ သေတ္တာငယ်တလုံးကို ဆွဲထုတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ သေတ္တာသည် လှေကားအတိုင်း လိမ့်ဆင်းသွားပြီး အဖုံးပွင့်သွားလေရာ အတွင်းမှ များပြာလှသော ရွှေငွေကျောက်မျက်ရတနာများ ပွင့်အံထွက်လာတော့သည်။

"ဒါက..."

အတန်ကြာမှ လီက တစုံတခုကို စဉ်းစားမိသွားဟန်ပေါ်၏။ သူက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။

"ဒီပစ္စည်းတွေက ရွှေရောင်နာမတော်အလုပ်ရုံမှာ မင်း ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေ မဟုတ်လား"

စုချန်းက ခေါင်းညိတ်လိုက်သည်။

"ဒီပစ္စည်းတွေကို အနီးအနားမှာရှိတဲ့ အခန်းတခန်းထဲက တွေ့ခဲ့တာ ခင်ဗျားတွေ့မှာပါ ဒီသေတ္တာထဲမှာ မူလကျောက်တုံး သုံးသောင်းလောက် တန်ကြေးရှိတဲ့ပစ္စည်းတွေ ရှိနေတယ်ဆိုတာကို ဆိုင်ခွဲတခုရဲ့လျှို့ဝှက်ခန်းမှာ မူလကျောက်တုံး သုံးသောင်းလောက် တန်ကြေးရှိတဲ့ပစ္စည်းတွေကို သိမ်းဆည်းထားသောလူမျိုးက တကဲ့ဌာတချုပ်မှာကျတော့ မူလကျောက်တုံး နှစ်သောင်းတန်လောက်ပဲ သိမ်းမတဲ့လား ခင်ဗျား စဉ်းစားကြည့်လေဗျာ ဒါ အဓိပ္ပါယ်မှမရှိတာ နောက်တချက်က အမျိုးသမီးလီကို စစ်ဆေးပြီးတဲ့နောက်မှာ ခင်ဗျားဟာ လိုအပ်တာထက် ပိုပြီး ပင်ပန်းနွမးနယ်နေတာ တွေ့ရတယ် ဒါဟာလည်း သံသယဖြစ်စရာ တချက်ပဲလေ ဒီသံသယဖြစ်စရာအချက်တွေအားလုံးကို ဆက်စပ်စဉ်းစားလိုက်တဲ့အခါမှာ ကျုပ်တို့တွေ့တဲ့ လျှို့ဝှက်ခန်းဟာ အတုဆိုတာရယ် တကယ့်နေရာကိုတော့ ခင်ဗျား ကလိန်ကကျစ်လုပ်ထားပြီဆိုတာရယ်ကို လယ်ပြင်မှာဆင်သွားသလို ဘွင်းဘွင်းကြီး မြင်သာနေပြီပေါ့ဗျာ"

စုချန်း၏ ညဏ်ပညာမှာကား အံ့သြဖွယ်ရာကောင်းလှ၏။ သို့သော် လီကား တစုံတရာကို စိတ်မကျေနပ်သေးဟန်နှင့် မေးလိုက်၏။

"ဒီအထိကတော့ ဟုတ်ပါပြီ ဒါပေမဲ့ ငါ နားမလည်တာ တခုရှိသေးတယ် ဒီသေတ္တာကို မင်းဘယ်လိုလုပ် သယ်လာတလဲ ဒီမတိုင်ခင်မှာ မင်းရဲ့လက်စွပ်ကို ဘာရွန်က စစ်ဆေးခဲ့သေးတာပဲလေ"

စုချန်း မသိမသာ ပြုံးလိုက်၏။

"သူ လက်စွပ်ကို စစ်တဲ့အချိန်မှာ ဒီသေတ္တာက လက်စွပ်ထဲမှာ မဟုတ်ဘူးလေဗျာ"

လီသည် ပထမတွင်တော့ အတော်လေး စိတ်ရှုပ်သွားသေး၏။ သို့သော် စုချန်း၏နောက်တွင် မတ်တပ်ရပ်နေသော သံမဏိကို မြင်သောအခါ သူ့မျက်လုံးထဲတွင် ရွှေရောင်နာမတော်အလုပ်ရုံအတွင်းမှ စုချန်းတို့ ဆရာတပည့်နှစ်ယောက် လမ်းလျှောက်ထွက်လာပုံကို မြင်ယောင်လာ၏။ တဆက်တည်းမှာပင် ထိုအချိန်က သံမဏိတယောက် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကြောင်း မှတ်မိလာ၏။ နောက်ဆုံးတွင်ကား သူသည် အမှန်တရားကို သိရှိသွားလေပြီ။

"လက်စသတ်တော့ မင်းက ရတနာသေတ္တာကို ရွှေရောင်ဝတ်စုံထည့်ထားတဲ့ သေတ္တာထဲမှာ ထည့်လာတာကိုး ငါတို့အားလုံးကို မင်းရဲ့လက်စွပ်ကိုပဲ အာရုံစိုက်နေတော့ ပေါ်ပေါ်ထင်ထင် သယ်ထားတဲ့ သံမဏိရဲ့သေတ္တာကို ဘယ်သူမှ အာရုံမစိုက်မိကြဘူး ပြီးတာနဲ့ မင်းဟာ ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အငြင်းအခုန်ဖြစ်စေတယ် ဆိုင်ထဲကို နောက်တခါ ဝင်ရှာစေတယ် ဒီအခွင့်အရေးကို အသုံးချပြီး ရတနာသေတ္တာကို မင်းရဲ့လက်စွပ်ထဲ ပြန်ထည့်လိုက်တာပေါ့လေ ကောင်းပါပေ့ကွာ...ငါတို့အားလုံး အလိမ်ခံလိုက်ရတာပဲကိုး...မင်းလက်စွပ်ကို ဘယ်သူမှနောက်တကြိမ် ပြန်မစစ်ဘူးဆိုတာ မင်းသိနေတာပေါ့လေ ငါတို့အားလုံးလည်း ပြန်ရောက်လာရော မင်းက ရွှေရောင်ဝတ်စုံကို ငါတို့ရှေ့မှာပဲ သေတ္တာထဲ ထည့်ပြလိုက်သေးတယ် ဒီတော့ မင်းကို ဘယ်သူမှ သံသယမရှိတော့ဘူးပေါ့"

စုချန်းက ပုခုံးတွန့်ပြလိုက်၏။

"ဒါက ကျုပ်ရဲ့ကိုယ်ပိုင်လှည့်ကွက်ပဲ ဆိုပါတော့ ခင်ဗျားနဲ့တော့ မတူဘူးပေါ့လေ ကျုပ်ရဲ့လှည့်ကွက်မှာ ဘာမူလစွမ်းရည်မှ မပါဝင်ဘူး ရိုးရိုးလေးပဲ ဒါပေမဲ့ အကျိုးအကြောင်း ခိုင်လုံနေတော့ ခင်ဗျားတို့ အကုန်လုံး ယုံသွားတယ်မလား ဒီလိုလှည့်ကွက်မျိုး ခင်ဗျားလည်း အတုခိုးသင့်တယ်ဗျ"

လီက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ရွှေရောင်နာမတော်အလုပ်ရုံက သေတ္တာကို ဘုံးလာကတည်းက ဒီပစ္စည်းတွေအကုန်လုံးကို မင်းတယောက်တည်း သိမ်းပိုက်ဖို့ ရည်ရွယ်ထားမှန်း ငါ သိထားပြီးသားပါ ဒါကြောင့်မို့လို့ ဒီအကြောင်းတွေ ဘယ်သူ့မှ မင်း ပြောမှာမဟုတ်ပါဘူးလေ ဒီတော့ ဒီနေရာမှာ ပစ္စည်းလုမဲ့လူဆိုလို့ မင်းတယောက်တည်းပဲ ရှိတယ်ကွ ဟဲ ဟဲ ဟဲ မင်းတယောက်တည်းအင်အားနဲ့ ငါ့ကို အနိုင်ကျင့်လုယက်ဖို့ဆိုတာ ဖြစ်နိုင် မဖြစ်နိုင် မင်း စဉ်းစားပေါ့ကွာ"

စုချန်း အားရပါးရ ရယ်မောလိုက်၏။

"ခင်ဗျားပြောတာ အမှန်ပဲလို့ ကျုပ် ဝန်ခံလိုက်ရင် ခင်ဗျားအနေနဲ့ စိတ်သက်သာရသွားမဲ့ သဘောမှာရှိတယ် ကျုပ်ကလည်း ဝန်ခံလိုက်ပါမယ် ခင်ဗျား ပြောတာ အမှန်ပဲဗျ"

လီက သက်ပြင်းချလိုက်၏။ ထို့နောက် သူက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။

"ဒါပေါ့ကွာ သိပ်ကိုစိတ်သက်သာရသွားတာပေါ့"

ထို့နောက် သူက စုချန်းကို စိုက်ကြည့်ကာ တဆက်တည်း ပြောလိုက်၏။

"ကဲ အခုဆိုရင် အကုန်လုံး ရှင်းသွားပြီ ငါ့အနေနဲ့ ပြိုင်ဘက်က တယောက်တည်းပဲရှိတာဆိုတော့ ဒီတယောက်ကို ဂရုစိုက်လိုက်ပြီဆိုရင် ဘာပြသနာမှမရှိတော့ဘူးပေါ့ကွာ ဟဲ ဟဲ ဟဲ"

စုချန်းက ယဉ်ကျေးသောအမူအရာနှင့် ပြောလိုက်သည်။

"သိပ်မှန်တာပေါ့ခင်ဗျာ"

All Chapters