သွေးဆူပွက်ခြင်းတိုက်ပွဲ ၁
Vol. 8 Ch. 79
လေထသည် ရုတ်တရက် အေးစက်သွား၏။ စုချန်းနှင့် လီသည် ယခုအချိန်တွင် စကားမပြောတော့ပါ။ သူတို့သည် တယောက်မျက်နှာကို တယောက် စူးရှစွာ စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများထဲတွင် တိုက်ပွဲအရိပ်အယောင်များ ယှက်သန်းလာလေသည်။
အတန်ကြာသော် လီက ခြောက်သွေ့အက်ကွဲသောလေသံနှင့် ရယ်မောလိုက်၏။ ထို့နောက် သူက စကားစသည်။
"ကြည့်ရတာ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ် မင်းကိုသတ်လိုက်ရင် အဖွဲ့အစည်းရဲ့ စီမံကိန်း ပျက်သွားနိုင်ဖွယ်ရာ ရှိတယ်ဆိုပေမဲ့ ဒီထက်ကောင်းတဲ့ ရွေးချယ်စရာ မရှိတော့ဘူးနဲ့ တူတယ် ကျေးဇူးတင်စရာကောင်းတာက ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် ဖွင့်ပို့က နှစ်ဝက်လောက် လိုနေသေးတာပဲ ဒီကြားထဲမှာ မင်းသေသွားတာကို အနီရောင်တောင်ကြောကို ဝင်သွားလို့ဆိုပြီး ငါတို့ အကြောင်းပြလို့ရတာပဲ ကျန်တာတွေ နည်းနည်းပါးပါးတော့ နှောင့်နှေးသွားမှာပေါ့လေ"
စုချန်းက သိမ်မွေ့စွာ ရယ်မောလိုက်၏။
"တကယ်လို့ ခင်ဗျားရဲ့ အဖွဲ့အစည်း ဘာမှနှောင့်နှေးစရာ မလိုဘူးဆိုရင်ကော...တကယ်လို့ ခင်ဗျား ဒီမှာသေသွားရင် ဘာမှဒုက္ခရောက်စရာ မရှိတော့ဘူးလေဗျာ"
လီတယောက် ခေတ္တမျှ ငိုင်တွေသွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကို ဒီလောက် ယုံကြည်မှုရှိနေတာကတော့ အံ့သြစရာပဲ မင်းဟာ အခုမှ ချီစုဆောင်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာပဲ ရှိနေသေးတယ် သွေးဆူပွက်ခြင်းနယ်ပယ် အဆင့်မြင့်အလွှာကပညာရှင်တယောက်နဲ့ တိုက်ခိုက်ဖို့ မင်းကို ဘယ်အရာကများ ယုံကြည်မှုပေးနေသလဲကွ...ဟေ...ငါတို့ကြားထဲက ကွာဟချက်ဟာ မင်းရဲ့အစေခံ သံမဏိ လိုက်ပြီး ဖြည့်ဆည်းနိုင်မဲ့ ပမာဏမျိုး မဟုတ်ဘူးကွ ကြည့်ရတာ မင်းကတော့ ဆုံးဖြတ်ချက်အမှားကြီး လုပ်မိနေပြီ"
ပြောပြောဆိုဆို လီက အနက်ရောင်တောင်ဝှေးကို ဆွဲထုတ်ကာ တောင်ဝှေးထိပ်ချွန်နှင့် စုချန်းကို ညွှန်ပြရင်း ပြောလိုက်၏။
"မထီမဲ့မြင်လုပ်ရပ်နဲ့ ကိုယ့်အဆင့်ကိုယ် မသိတဲ့အတွက် ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ဖို့သာ ပြင်ထားပေတော့"
သူပြောသည့်အတိုင်းပင် တောင်ဝှေးထိပ်မှ နက်ဝါရောင် မြူခိုးများ ထွက်လာ၏။ အဆိုပါမြူခိုးသည် အမှန်တကယ် တည်ရှိနေသည်တော့မဟုတ်။ မူလစွမ်းအင်ကို အသုံးပြု၍ဖန်တီးထားခြင်းဖြစ်ပြီး ထူးခြားသော မူလစွမ်းရည်တမျိုး ဖြစ်သည်။ ထိုစွမ်းရည်ကို နက်ဝါရောင်ကပ်ဆိုးဟု ခေါ်၏။ နက်ဝါရောင်ကပ်ဆိုးတွင် အပိုင်းနှစ်ပိုင်း ပါဝင်လေသည်။ ပထမတပိုင်းကို အနက်ရောင်ကပ်ဆိုးဟု ခေါ်ပြီး ၎င်းမှာ ကူးစက်ရောဂါတမျိုးနှင့်ပင် ဆင်တူနေသေး၏။ အနက်ရောင်ကပ်ဆိုး ထိမှန်ခံရသူသည် အူများအတွင်းဝယ် ကြီးမားသော သွေးထွက်သံယိုမှုကို ဖြစ်ပေါ်စေပြီး ပြင်းပြင်းထန်ထန် နာကျင်၍ သေဆုံးသွားစေ၏။ ဒုတိယအပိုင်းကိုကား အဝါရောင်ကပ်ဆိုးဟုခေါ်ပြီး ၎င်းထိမှန်ခံရသူသည် ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ် လျော့နည်းသွား၏။ အကျိုးဆက်မှာ ထိုသူသည် ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် အခြားတိုက်ခိုက်မှုတချို့ကို ခုခံနိုင်သောစွမ်းရည် ကျဆင်းသွားခြင်းပင် ဖြစ်သည်။
လီအတွက်မှာမူကား နက်ဝါရောင်ကပ်ဆိုးမူလစွမ်းရည်သည် သူတပါးကို ဒုက္ခပေးစေနိုင်ရုံသာမကပဲ သူ၏အင်အားကို အပြည့်အဝ အသုံးချနိုင်စေရန် အထောက်အကူ ပေး၏။ ထို့ကြောင့် မည်သည့်အခြေအနေတွင်မဆို လီသည် ထိုစွမ်းရည်ကိုသာ စတင်ဖော်ထုတ်လေ့ရှိသည်။ အဝါရောင်မီးခိုးငွေ့များသည် လျှို့ဝှက်အခန်းအတွင်းသို့ ပျံ့နှ့ံ့သွား၏။ လီက နတ်ဆိုးတကောင်၏ လေသံမျိုးနှင့် ရယ်မောလိုက်သည်။ စုချန်းက မသိမသာ ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"နက်ဝါရောင်ကပ်ဆိုး ဟုတ်လား...အတော်လေးကြောက်စရာကောင်းတဲ့ မူလစွမ်းရည်ပဲဗျ ဒါပေမဲ့ စိတ်မကောင်းစရာက ခင်ဗျားရဲ့မူလစွမ်းရည်ဟာ ကျုပ်အပေါ် ဘာအကျိုးသက်ရောက်မှုမျိုးမှ မရှိတာပဲ"
စုချန်း၏စကားအဆုံးတွင် အပြာရောင်မြူခိုးတချို့သည် အခန်းတွင်းသို့ စတင်ပျံ့လွင့်လာ၏။ အပြာရောင်မြူခိုးနှင့် နက်ဝါရောင်မြူခိုးများ ထိတွေ့လိုက်ချိန်ဝယ် လီ၏ နက်ဝါရောင်မြူခိုးများသည် နှင်းငွေ့နှင်းမှုန်များကဲ့သို့ တစစီ လွင့်ပြယ်သွားတော့သည်။
"ဒါ...ဒါ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"
လီ ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ လီ၏အမူအရာကိုကြည့်ရင်း စုချန်းက မသိမသာ ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဘာကြောင့် မဖြစ်နိုင်ဘူးလို့ ထင်နေရတာလဲဗျ ခင်ဗျားနဲ့ တိုက်ခိုက်ရမယ်ဆိုတာ သိပြီးကတည်းက ခင်ဗျားရဲ့ နည်းစနစ်တွေကို ကျုပ် လေ့လာထားမယ်လို့ မထင်ဘူးလား ကဲ..အခု ခင်ဗျားရဲ့အလှည့် ပြီးပြီဆိုတော့ ကျုပ်အလှည့်ပေါ့ဗျာ"
စကားအဆုံးတွင် သူက လက်တဖက်ကို မြှောက်လိုက်၏။ ထိုအခိုက်မှာပင် များပြားလှသော လေလှိုင်းရေဘဝဲလက်တံများ ပေါ်ပေါက်လာပြီး လီကိုဖမ်းချုပ်စပြုလာတော့သည်။ အမှန်တော့ လီနှင့် စကားပြောနေချိန်တွင် စုချန်းသည် အလကားသက်သက် အချိန်ဖြုန်းနေသည်တော့မဟုတ်။ များပြားလှသော လေလှိုင်းရေဘဝဲလက်တံများကို တိတ်တဆိတ် ဖန်တီးနေခြင်းဖြစ်သည်။ စကားဆုံးသည်နှင့် သူသည် အဆိုပါလက်တံများကို နှိုးဆွကာ လီအား ဖမ်းချုပ်လိုက်ခြင်းဖြစ်သည်။
လေလှိုင်းရေဘဝဲလက်တံများသည် မြွေတွန်သံကဲ့သို့ တရွှီရွှီ အသံပြုကာ လီထံသို့ဦးတည်ပြေးလွှားလာ၏။ လီတယောက် အတော်လေး ထိတ်လန့်သွားရှာသည်။ သူ့အနေနှင့် စုချန်းတွင် ထိုကဲ့သို့ နည်းစနစ်မျိုး ရှိလိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။ သူက လေချွန်သံတချက်ပြုရင်း လက်ထဲရှိ အနက်ရောင်တောင်ဝှေးကို ဝေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် အဖြူရောင်အလင်းတန်းများ ပေါ်ပေါက်လာပြီး စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများအားလုံးကို ပိတ်ဆို့ထားလိုက်တော့သည်။
ထိုအခိုက်မှာပင် သံမဏိသည် ကျွဲသိုးကြီးတကောင်ကဲ့သို့ လီထံသို့ ပြေးဝင်လာ၏။ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ၎င်းကို ကြည့်ရသည်မှာ သားရဲသတ္တဝါဆိုးကြီးတကောင်က လူပုံစံပြောင်းထားသည်နှင့်ပင် တူနေသေးသည်။ ကြီးမားလှသော ကိုယ်ကာယကြီးနှင့် အဖြူရောင်အလင်းနံရံကြီး တိုက်မိချိန်ဝယ် အသံနက်ကြီး ထွက်ပေါ်လာပြီး နံရံကြီးတခုလုံး တုန်လှုပ်သွား၏။ သို့သော် သံမဏိသည်ကား ထိုနံရံကို ထိုးဖောက်နိုင်စွမ်း မရှိပေ။
၎င်းကိုကြည့်ရင်း လီက အေးစက်စွာရယ်မောလိုက်၏။ သူ့ အမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားလေသည်။ ထိုအခိုက်မှာပင် ၎င်း၏ကိုယ်ခန္ဓာသည် အဝါရောင်သဲမှုန်များကဲ့သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပျံ့လွင့်သွားတော့သည်။ ထိုအချိန်မှာပင် မြေအောက်မှ အစွယ်ကြီးနှစ်ချောင်းသည် ကြီးမားလှသော အရှိန်အဟုန်နှင့် တိုးထွက်လာ၏။ သို့သော်ငြားလည်း အစွယ်နှစ်ချောင်းသည် လေကိုသာ ထိုးစိုက်မိသွားလေသည်။
အစွယ်များပိုင်ရှင်မှာကား တခြားသူမဟုတ်။ သတ္တုစားပိုးကောင်ကြီးပင် ဖြစ်လေတော့သတည်း။
ပိုးကောင်ကြီး၏ ပြင်းထန်သော တိုက်ခိုက်မှုမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။ အမှန်ကတော့ ဤကဲ့သို့ လျပ်တပျက်အငိုက်ဖမ်းတိုက်ခိုက်ရန် စုချန်းအနေနှင့် ရှေးယခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် လီသည် သူ့အစီအစဉ်ကို ကြိုတင်သိရှိသွားပြီး သဲမှုန်များအဖြစ် အသွင်ပြောင်းကာ ရှောင်တိမ်းသွားခဲ့လေပြီ။
ဖုန်မှုန့်အစုအဝေးသည် လေထုထဲမှပင် လီအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ပိုးကောင်ကြီး၏တိုက်ခိုက်မှုသည် အငိုက်ဖမ်း တိုက်ခိုက်မှုဖြစ်သော်လည်း လီကို မည်သို့မျှ ထိခိုက်စေခြင်းတော့ မရှိခဲ့။ သို့သော် အတော်လေးတော့ ထိတ်လန့်သွားစေခဲ့၏။ သူ့မျက်နှာတခုလုံးသည် ခရမ်းရောင်သမ်းသွားပြီး စုချန်းကို ဒေါသတကြီးနှင်ကြိမ်းမောင်းလိုက်သည်။
"ခွေးမသား မင်းမှာ ဒီလိုပိုးကောင်ကြီး ရှိတာနဲ့ ငါ့ကို အငိုက်ဖမ်း တိုက်ခိုက်ချင်တယ်ပေါ့လေ ဒီလောက်ကလေးနဲ့တော့ ငါ့ကိုသတ်ဖို့ စိတ်ကူးယဉ်မနေနဲ့ကွ ထပ်ပြီး ကြိုးစားလိုက်အုံး"
ပြောပြောဆိုဆို သူက သတ္တုစားပိုးကောင်ကြီးကို လက်ညိုးနှင့် ထိုးလိုက်၏။ ထိုအခိုက်မှာပင် သံမဏိ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော သတ္တုစားပိုးကောင်ကြီးသည် လုံးဝမလှုပ်ရှားတော့ပဲ ကျောက်တုံးကြီးပမာ ငြိမ်သက်သွား၏။ သံမဏိအနေနှင့် မည်သို့အမိန့်ပေးစေကာမူ အချည်းအနှီးသာ ဖြစ်သွားခဲ့ရလေသည်။ ၎င်းသည် လီ၏ စိတ်လှည့်စားခြင်းနည်းစနစ်ကြောင့် ဖြစ်ကြောင်း စုချန်းက ချက်ချင်းသဘောပေါက်လိုက်၏။
လီ၏စိတ်လှည့်စားခြင်းနည်းစနစ်သည် တဖက်လူကို လှည့်စားရန်နှင့် စိတ်ရှုပ်ထွေးမှုများ ဖန်တီးရန် အကောင်းဆုံး နည်းစနစ်ဖြစ်သည်။ အထူးသဖြင့် သတ္တုစားပိုးကောင်ကြီးကဲ့သို့သော ညဏ်ရည်အကန့်အသတ်ရှိ သက်ရှိမျိုးကို ကိုင်တွယ်ရာတွင် ပို၍ပင် လွယ်ကူသေး၏။ မူလစွမ်းရည်အနည်းငယ်ကို သုံးလိုက်ရုံနှင့် သတ္တုစားပိုးကောင်ကြီး၏ တိုက်ပွဲဝင်စွမ်းရည်မှာ သုံးစားမရသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
အမှန်တော့ ဤလောကကြီးသည် အလွန်တရားကျစရာကောင်းသော လောကကြီးဖြစ်သည်။ မည်သည့်နည်းစနစ်မျိုး၊ မည်သည့်သတ္တဝါမျိုး၊ မည်သည့်ပုဂ္ဂိုလ်မျိုးတွင်မဆို အားနည်းချက်ကိုယ်စီ ရှိကြသည်သာ။ သတ္တုစားပိုးကောင်ကြီးကဲ့သို့ အလွန် အင်အားကြီးမားသည့် သက်ရှိမျိုးသည်ပင် ဘာမဟုတ်သည့် ဝမ်းချုပ်ခြင်းဝေဒနာနှင့် သေလုမြောပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ယခုတွင်လည်း သတ္တုစားပိုးကောင်ကြီးသည် လီ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့လေပြီ။ ဤနေရာတွင် ကျေးဇူးတင်စရာကောင်းသည်မှာ လီ၏ စိတ်လှည့်စားခြင်းစွမ်းရည်သည် တစုံတယောက်၏ နှလုံးသားကို အပိုင်သိမ်းပြီး ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အနေအထားသို့ မရောက်ရှိသေးခြင်းပင်။ သို့မဟုတ်လျင် လီသည် သတ္တုစားပိုးကောင်ကြီးကို စုချန်းအား တပြန်တလှည့် တိုက်ခိုက်စေရန် ခိုင်းစေနိုင်၏။
ထို့နောက်တွင်ကား လီက ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး စုချန်းကို အော်ဟစ်လိုက်၏။
"မင်းတယောက်တည်းမှာပဲ အိမ်မွေးတိရိစ္ဆာန်ရှိတယ် ထင်နေတာလား ဟေ့...အနက်ရောင်မြွေနဂါးတောင်ဝှေး ဒီကောင့်ကို သေအောင်ကိုက်ကြစမ်းကွာ"
ပြောပြောဆိုဆို သူက သူ့လက်ထဲမှတောင်ဝှေးကို လေထဲသို့ မြောက်လိုက်ရာ တောင်ဝှေးသည် တမုဟုတ်ချင်းပင် သေးငယ်သော အနက်ရောင်မြွေနဂါးတကောင်အဖြစ် ပြောင်းလဲသွားပြီး အလင်းနံရံများပေါ် ကျော်လွှားကာ စုချန်းဆီသို့ ခုန်ချကိုက်ခဲလိုက်တော့သည်။ စုချန်းကလည်း အားကျမခံ ကောင်းကင်ဝံပုလွေဓားကို ဝေ့ယမ်းလိုက်ရာ ဝံပုလွေဝိညာဉ်သည် ဝုန်းခနဲ ပေါ်ထွက်လာပြီး မြွေနဂါးကို ခုန်ချကိုက်ခဲလိုက်လေ၏။
ဤနေရာမှာပင် မူလကိရိယာနှစ်မျိုး၏ ကွဲပြားခြားနားချက်မှာ အတိုင်းသား ပေါ်လွင်လာ၏။ ကောင်းကင်ဝံပုလွေဓားသည် အတော်လေးကောင်းမွန်သော လက်နက်တမျိုးဖြစ်သော်လည်း အဆင့်ရှစ်မူလကိရိယာဖြစ်သော အနက်ရောင်မြွေနဂါးတောင်ဝှေးထက်ကား အားနည်း၏။ အနက်ရောင်မြွေနဂါးသည် စုချန်း ဖန်တီးလိုက်သော ဝံပုလွေဝိညာဉ်ကို အထပ်ထပ်အခါခါ ရစ်ပတ်ပြီး ဆွဲဆန့်လိုက်လေရာ ဝံပုလွေဝိညာဉ်သည် သေးငယ်သော အပိုင်းအစလေးများအဖြစ် ပြိုကွဲပျက်စီးသွားတော့သည်။
ဝံပုလွေဝိညာဉ်သည် မူလစွမ်းအင်မှ ပေါ်ပေါက်လာသော ပုံရိပ်မျှသာဖြစ်ပြီ တကယ့် သက်ရှိမဟုတ်လေရာ ၎င်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အပိုင်းအစများကို ပြန်လည်စုစည်းနေ၏။ သို့သော် ထိုဝိညာဉ်မှာ ကနဦးဝိညာဉ်ထက် များစွာ အင်အားနည်းသွားခဲ့လေပြီ။ ၎င်းသည် အနက်ရောင်မြွေနဂါးနှင့် တွေ့ဆုံတိုင်း ထပ်ခါထပ်ခါ ပြိုကွဲသွားလေသည်။ အကယ်၍ ဤပုံစံအတိုင်းသာ အကြိမ်ပေါင်းများစွာ ပြိုကွဲသွားပါက ကောင်းကင်ဝံပုလွေဓား၏ အနှစ်သာရဖြစ်သော ဝံပုလွေဝိညာဉ်သည် အပြီးတိုင် ပျောက်ဆုံးသွားပေလိမ့်မည်။ ဘယ်သောအခါမှ ပြန်မရနိုင်တော့။
အခြေအနေမှာ အတော်လေး ဆိုးဝါးနေခဲ့ပြီမှန်း စုချန်း ချက်ချင်း သဘောပေါက်လိုက်၏။ ထိုအခါ သူက ဘယ်ဖက်လက်ကို ဖွင့်လိုက်ရာ မူလစွမ်းအင်အဆောင်လက်ဖွဲ့တခု ပေါ်ပေါက်လာတော့သည်။ ထိုအခိုက်မှာပင် အနှီလက်ဖွဲ့သည် ဝုန်းခနဲ မီးထတောက်လာပြီး မီးလုံးကြီးတလုံးသည် လီထံသို့ ပျံသန်းသွားတော့သည်။ မီးလုံးကြီး၏အင်အားမှာ မသေးလှ။ အနက်ရောင်မြွေနဂါးကို အဝေးသို့ လွင့်ထွက်သွားစေ၏။
တချိန်တည်းမှာပင် သံမဏိ၏ လက်ဝယ်၌ ဓားတလက်ပေါ်ပေါက်လာ၏။ တခြားဓားတော့မဟုတ်။ အထူးကြောက်မက်ဖွယ်ရာကောင်းသည့် အနက်ရောင်မျဉ်းကြောင်းဓားဖြစ်သည်။ မြတ်စွာဘုရား။ စုချန်းသည် အဘယ်ကြောင့် သူ့လက်သုံးတော်ဓားကို သံမဏိအား ပေးထားရသနည်း။ ခိုင်လုံသော အကြောင်းတရားတခုတော့ ရှိနေ၏။ ၎င်းမှာ အနက်ရောင်မျဉ်းကြောင်းဓား၏ သဘောသဘာဝအရ သံမဏိကဲ့သို့သော အပြင်အားကို အကောင်းဆုံး ထုတ်ဖော်နိုင်သူများနှင့်သာ ဤဓားနှင့် အလွန်တရာ လိုက်ဖက်နေသည် မဟုတ်ပါလား။ သံမဏိလိုလူစားမျိုးသာလျင် ဤဓား၏ စွမ်းအင်ကို အကောင်းဆုံး ထုတ်ဖော်အသုံးချနိုင်ပေလိမ့်မည်။
ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ သံမဏိသည် အနက်ရောင်မျဉ်းကြောင်းဓားကို အသုံးပြုကာ လီ၏ အလင်းနံရံကို ခုတ်ချလိုက်၏။ သံမဏိ၏ အင်အားနှင့် မျဉ်းကြောင်းဓား၏ ပေါင်းစပ်မှုကို လီ၏ အလင်းနံရံမှာ ခံနိုင်ပုံမရတော့။ တစစီ ပြိုကျသွားတော့သည်။ တဆက်တည်းမှာပင် များပြားလှသော လေလှိုင်းရေဘဝဲလက်တံများနှင့် သံမဏိ ထုတ်ဖော်လိုက်သည့် သွေးစက်ဝိုင်းသည် လီထံသို့ ဦးတည်ပြေးလွှားလာတော့သည်။
သို့သော် လီကလည်း နှယ်နှယ်ရရတော့မဟုတ်။ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မလွယ်ကူသော အခြအနေတွင် လီ၏ကိုယ်ခန္ဓာမှ ရုတ်တရက် မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်တန်းများ ထွက်ပေါ်လာပြီး မလစွမ်းအင်အကာအကွယ်တခု ပေါ်ပေါက်လာ၏။ စုချန်းနှင့် သံမဏိ၏ ပူးပေါင်းတိုက်ခိုက်မှုမှာလည်း အဟောသိကံသာ ဖြစ်သွားရရှာသည်။ အမှန်တော့ ၎င်းမှာ သဘာဝသာဖြစ်သည်။ မည်သည့် မူလချီစွမ်းအားရှင်မဆို မိမိကိုယ်မိမိ ကာကွယ်ရန် အကာအကွယ် စွမ်းရည်နှစ်မျိုးစီတော့ လေကျင့်ရိုးစမြဲသာ။
လီ လေ့ကျင့်ထားသော မူလစွမ်းရည် အကာအကွယ်မှာလည်း အဆင့်အတန်း မနိမ့်လှမှန်း သိသာနေ၏။ အကြောင်းမှာ စုချန်း၏ ရေဘဝဲလက်တံနှင့် သံမဏိ၏ သွေးစက်ဝိုင်းမှာ ၎င်းနှင့် ထိမိချိန်တွင် ပြန်ကန်၍ ထွက်လာသောကြောင့်ပင်။ လီကား ဒေါသထွက်နေခဲ့လေပြီ။ သူက သံမဏိနှင့် စုချန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့်မှန်းမသိ လီ၏ စိုက်ကြည့်မှု ခံရချိန်တွင် သံမဏိသည် တစုံတရာကို အပြင်းအထန် ကြောက်လန့်တုန်လှုပ်ဟန် ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်ကာ နောက်ဆုတ်သွားတော့သည်။
လီကား တကယ့်ဆရာကြီး ဖြစ်သည်။ ၎င်းအနေနှင့် စိတ်လှည့်စားခြင်း နည်းစနစ်ကို အသုံးပြုလိုက်တိုင်း မည်သည့်ပြိုင်ဘက်အတွက်မဆို ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေ၏။ သို့သော် ၎င်း၏ နည်းစနစ်မှာ စုချန်းအပေါ်တွင်ကား မည်သို့မျှ အကျိုးသက်ရောက်မှုမရှိ ဖြစ်နေသည်မှာ အံ့သြစရာပင်။ လီတယောက် လှည့်စားခြင်းနည်းစနစ်ကို သုံးလိုက်တိုင်း စုချန်း၏ ပုတီးစေ့သည် အရောင်တောက်ပလာပြီး လီ၏ အားထုတ်မှုမှာ သဲထဲရေသွန် ဖြစ်သွားရလေသည်။
"သန့်ရှင်းစင်ကြယ်ခြင်းပုလဲပါလား"
လီက အံကြိတ်ရင်း ပြောလိုက်၏။ သန့်ရှင်းစင်ကြယ်ခြင်းပုလဲသည် မည်သည့် စိတ်လှည့်စားခြင်းနည်းစနစ်ကိုမဆို တားဆီးနိုင်ပေသည်။ သို့ရာတွင် ၎င်းသည် အလွန်တရာ ဈေးကြီးလှပြီး စွမ်းရည်မှာလည်း အကြိမ်အရေအတွက် အကန့်အသတ်နှင့်သာ ဖြစ်သည်။
လီ၏ စိတ်လှည့်စားခြင်းနည်းစနစ်ကို တားဆီးပြီးသည်နှင့် စုချန်းသည် ဓားကိုမြှောက်ကာ လီထံသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။
"ဒီလိုပြင်ဆင်မှုလောက်နဲ့ ငါ့ကိုသတ်ချင်တယ်ဟုတ်လား အိပ်မက်မက်မနေနဲ့ကွ"
ကယ်လောင်သော အော်ဟစ်သံနှင့်အတူ လီ၏ အလင်းရောင်အကာအကွယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကြီးမားလှသည့် မူလစွမ်းအင်လှိုင်းများသည် နေရာအနှံ့ ဖြာထွက်သွား၏။ စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများသည်လည်း အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်တော့သည်။ ထို့နောက် လီက ခြေလှမ်းခပ်ကြဲကြဲလှမ်းရင်း အော်ဟစ်လိုက်၏။
"မင်း ငါ့ကိုသတ်ဖို့ အတော်လေး ကြိုးစားထားတာကိုတော့ ဝန်ခံရမှာပဲ ဒါပေမဲ့ ဒီလောက်နဲ့တော့ မရသေးဘူးကွ ကဲ ထာဝရမှောင်မဲခြင်း ဆင်းရဲဒုက္ခကို ခံစားဖို့သာ ပြင်ထားပေတော့"
စကားအဆုံးတွင် ကြီးမားလှသော အမှောင်ထုကြီးသည် လျှို့ဝှက်အခန်းအတွင်းသို့ ပျံ့နှံ့လာ၏။ အခန်းတွင်းရှိလူများမှာလည်း ကိုယ့်လက်ချောင်းများကိုပင် မမြင်နိုင်သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။ တဆက်တည်းမှာပင် ထူးဆန်းလှသော အသံတမျိုး ဟိုမှသည်မှ ထွက်ပေါ်လာ၏။ အသံမှာကား နားမခံသာအောင် ဆူညံလှသည်။ အသံ၏ တချို့နေရာများတွင်ကား လူတယောက် အစားအသောက်ကို အသံမြည်အောင် ဝါးနေသည်နှင့်ပင် တူနေသေး၏။
မြတ်စွာဘုရား!!
သူ့ခြေထောက်ပေါ်တွင် တစုံတရာ ရှိနေပါလား။ အရာအားလုံးသည် ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေသော်လည်း စုချန်းကား အလွန် စိတ်တည်ငြိမ်နေ၏။ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။