သွေးဆူပွက်ခြင်းတိုက်ပွဲ ၂
Vol. 8 Ch. 80
စိတ်လှည့်စားခြင်း ဆရာတဆူအနေနှင့် လီ၏ တိုက်ခိုက်မှုပုံစံမှာ ပြင်းထန်ပေါက်ကွဲခြင်း မရှိလှ။ ရုတ်တရက် ပြင်းထန်သော လှုပ်ရှားမှုများအားလုံးသည် တဖက်လူကို သတိပြန်လည်လာစေနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် လီ အသုံးပြုနေသော မူလစွမ်းရည်များ အားလုံးလိုလိုသည် ပျော့ပြောင်းညင်သာခြင်းအပေါ်တွင်သာ အခြေခံထား၏။ သူ့ရန်သူသည် တိုက်ခိုက်ခံရချိန်အထိ တိုက်ခိုက်ခံရမှန်း သိလိုက်မည်မဟုတ်သလို စိတ်လှည့်စားခံရခြင်းမှလည်း ပြန်လည်နိုးထလာမည် မဟုတ်ပေ။
သို့သော် ထိုနည်းလမ်းများးထဲမှ တချို့မှာ ရန်သူကို ပြင်းထန်စွာ နာကျင်စေ၏။ ထို့ကြောင့် လီသည် သူ့အတွက် အရေးပါသောမူလစွမ်းရည်တမျိုးအဖြစ် "နာကျင်စွာ ယိုယွင်းခြင်း" ဟူသော စွမ်းရည်တမျိုးကို အထူးတလည် ရွေးချယ်လေ့ကျင့်ထားခဲ့၏။ အနှီစွမ်းရည်သည် ရန်သူနှင့် မိမိ နှစ်ဦးနှစ်ဖက်လုံးအပေါ် သက်ရောက်မှုရှိသော စွမ်းရည်တမျိုးဖြစ်သည်။ ဤစွမ်းရည်အရ ရန်သူသည် နာကျင်မှုကို သည်းညည်းခံနိုင်သော ခံနိုင်ရည်တမျိုး ပေါ်ပေါက်လာပြီး သာမာန်ဒဏ်ရာမျိုးကို ၎င်းတို့အတွက် နာကျင်သည်ဟုပင် မယူဆတော့ချေ။
အဆိုပါ "နာကျင်မှု ယိုယွင်းခြင်း" ဟူသော စွမ်းရည်နှင့် လိုက်လျောညီထွေဖြစ်အောင် လီအသုံးပြုလေ့ရှိသော စွမ်းရည်များထဲမှ တမျိုးမှာ "တစ္ဆေကြွက်များကိုက်ကဲခြင်း"ဟူသော စွမ်းရည်တမျိုး ဖြစ်သည်။ "တစ္ဆေကြွက်များ ကိုက်ခဲခြင်း" မှာ အလွန်အဆိပ်ပြင်းထန်သည့် မူလစွမ်းရည်တမျိုး ဖြစ်၏။ ဤစွမ်းရည်အရ လီသည် အချိန်တိုအတွင်းတွင် တစ္ဆေကြွက်အများအပြားကို ဖန်တီးနိုင်ပြီး ရန်သူကို ကိုက်ခဲစေနိုင်၏။ တစ္ဆေကြွက်အဆိပ်များ မိသွားပါက ပြင်းထန်သော ဒဏ်ရာများ ဖြစ်ပေါ်လာတတ်လေသည်။
အမှန်တော့ "တစ္ဆေကြွက်များ ကိုက်ခဲခြင်း" နည်းစနစ်တွင် တစ္ဆေကြွက်သာမက အဆိပ်သည်လည်း အရေးပါသော နေရာတွင်ပါဝင်၏။ သာမာန်အားဖြင့် အဆိုပါ တစ္ဆေကြွက်များ၏ ကိုယ်ခန္ဓာသည် အလွန်အားနည်းသလို အဆိပ်ကြောင့် ခံစားရသော နာကျင်မှုကလည်း သာမာန်မျှသာ။ ထိုအချိန်တွင် "နာကျင်မှု ယိုယွင်းစေခြင်း" နည်းစနစ်သည် ထိုသူ၏ နာကျင်မှုများအားလုံးကို ဖယ်ထုတ်ပေးနေလေသည်။ ဤနည်းနှင့် တဖက်ရန်သူသည် တိုက်ခိုက်ခံနေရမှန်းပင် မသိလိုက်ပဲ သေဆုံးသွားတတ်၏။
ထို့ကြောင့် အထက်ပါ နည်းစနစ်နှစ်ရပ်မှာ လီ မကြာခန အသုံးပြုလေ့ရှိသော နည်းစနစ်များ ဖြစ်သည်။ ထိုမျှသာမကသေး တခါတရံတွင် လီက "အနက်ရောင်မြူခိုး"ကိုပါ ပေါင်းစပ်အသုံးပြုတတ်သေး၏။
"တစ္ဆေကြွက်များကိုက်ခဲခြင်း"နည်းစနစ်မှာ အဆက်မပြတ် ထိန်းချုပ်ထားရန် လိုအပ်၏။ အကယ်၍ တစုံတခုသာ မှားယွင်းသွားပါက အသုံးပြုသူကိုယ်တိုင် ထိခိုက်ဒဏ်ရာရသွားနိုင်လေသည်။ "အနက်ရောင်မြူခိုး" မှာကား အမှောင်ထုများကို ဖန်တီးပေးနိုင်၏။ ထိုမြူခိုးသည် တဖက်လူ တစ္ဆေကြွက်များကို မမြင်နိုင်စေရန် ကာကွယ်ပေးထား၏။ ထို့ကြောင့် ဤနည်းစနစ်သုံးရပ် ပေါင်းစပ်လိုက်သောအခါ အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးနည်းဗျူဟာတရပ် ဖြစ်ပေါ်လာတော့သည်။
၎င်းနည်းဗျူဟာကို လီက အမှောင်ကြိဂံတိုက်ခိုက်နည်းဟု နာမည်ပေးထား၏။ ထိုအထဲတွင်မှ "နက်ဝါရောင်ကပ်ဆိုး"နှင့် "မြွေနဂါး"များကိုပါ ထည့်ပေါင်းလိုက်ပါက လီ၏ နာမည်ကျော် "အမှောင်ပဉ္စဂံတို်က်ခိုက်နည်း ဖြစ်ပေါ်လာတော့သည်။ လီသည် ထိုနည်းဗျူဟာကို တိုက်စစ်အတွက်လည်းကောင်း၊ ခံစစ်အတွက်လည်းကောင်း၊ ခွာစစ်အတွက်လည်းကောင်း ရေလဲအသုံးချလေ့ရှိ၏။
ဤနည်းဗျူဟာကို ကျွမ်းကျင်စွာ အသုံးချခြင်းအားဖြင့် လီသည် အသက်ပေါင်းမြောက်များစွာကို ချွေနိုင်ခဲ့၏။ ထိုအထဲတွင် အများစုမှာ သူ့ထက်ပင် ကိုယ်ခန္ဓာစွမ်းအင် အဆင့်မြင့်သောသူများ ပါဝင်၏။ လက်ရှိတွင် လီသည် ထိုနည်းဗျူဟာကို ပြည့်ဝစွာ အသုံးမချသေးပေ။ အကြောင်းမှာ စုချန်းသည် သူ့ထက် အဆင့်နိမ့်၍ မျက်နှာသာပေးထားသည့် သဘောဖြစ်သည်။
"အစတုန်းကတော့ မင်းကို ငါတို့အဖွဲ့အစည်းထဲကို သိမ်းသွင်းမလို့ပဲ ဒါပေမဲ့ မင်းက သေလမ်းပဲ ရွေးနေတာကိုး ခုမှတော့ မတတ်နိင်ဘူး ငါတို့ရဲ့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နဲ့ ပတ်သက်တဲ့ အစီအစဉ်တချို့ကို အပြောင်းအလဲလုပ်ရတော့မှာပဲ"
လီ၏ အသံသည် အမှောင်ထုထဲတွင် ပျံ့လွင့်ပေါ်ထွက်လာ၏။ စုချန်းကလည်း မခေ။ သေခါမှသေရော၊ ရသမျှသတင်းကို ညှစ်ထုတ်သွားမည့် လူစားမျိုးဖြစ်သည်။ ထိုအခါ သူက မေးလိုက်၏။
"ခင်ဗျားတို့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်မှာ ဘာများရှာနေတာလဲဗျ"
ထိုအချိန်တွင် စုချန်း၏ ကိုယ်ခန္ဓာ၌ တောက်ပသော အလင်းရောင်တန်းများ ပေါ်ပေါက်လာ၏။ နီလာခရမ်းဝတ်စုံပင် ဖြစ်သည်။ နီလခရမ်းဝတ်စုံသည် တွယ်ကပ်သော တစ္ဆေကြွက်များကို အဝေးသို့ လွင့်ထွက်သွားစေ၏။ မူလစွမ်းအင်များကို ဆက်တိုက်ဖြည့်သွင်းထားခြင်းမရှိပါက အဆိပ်ပမာဏအနည်းငယ်မျှသူ တဖက်လူကို မည်သို့မျှ ဒုက္ခပေးနိုင်စွမ်း မရှိချေ။
၎င်းကိုကြည့်ရင်း လီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
"ဒီတော့ မင်းက အတော်လေး ပြင်ဆင်လာတယ်ပေါ့လေ ဟုတ်လား ဟား ဟား ဟား"
လီကား အနည်းငယ်မျှပင် အံ့သြဟန် မပေါ်။ အဘယ်မှာ အံ့သြမည်နည်း။ စုချန်းတယောက် နက်ဝါရောင်ကပ်ဆိုးကို တားဆီးနိုင်သည်ကို မြင်တွေ့လိုက်ကတည်းက လီသည် အစစ အရာရာ သုံးသပ်ခဲ့ပြီးလေပြီ။ သူနှင့် တိုက်ခိုက်ရန် စုချန်းအနေနှင့် ကြိုတင်ပြင်ဆင်လာခဲ့သည်မှာ သေချာနေ၏။ သို့သော်...
နီလာခရမ်းဝတ်စုံ..
လီက ကောက်ကျစ်စဉ်းလဲစွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား ဒီဝတ်စုံရဲ့ အားနည်းချက်ကို ငါသိထားတာက မင်းအတွက် အတော်လေးဆိုးသွားပြီကွ"
သူ့စကားအတိုင်းပင် အမှောင်ထုအတွင်းမှ တစ္ဆေကြွက်အများအပြား ပေါ်ပေါက်လာပြီး စုချန်း၏ ရင်ဝနေရာကို ခုန်ဝင်ကိုက်ခဲကြတော့သည်။ ထိုနေရာသည် ဝတ်စုံ၏ ဟာကွက်နေရာဖြစ်၏။ နီလာခရမ်းဝတ်စုံသည် ရှေ့ဘက်တွင် အကာအကွယ်မရှိချေ။
အကယ်၍ ပြိုင်ဖက်သည် တစ္ဆေကြွက်များ၏ တူညီသော ဂုဏ်သတ္တိနှင့် အမှောင်ထုထဲတွင် တိုက်ခိုက်တတ်ကြောင်း ကြိုတင်သိရှိသွားပါက လီ၏ နည်းဗျူဟာမှာ သိပ်မထိရောက်တော့ပေ။ ထိုအချိန်တွင် သူ့အနေနှင့် လုပ်စရာ တခုသာ ရှိတော့သည်။ ၎င်းမှာ တစ္ဆေကြွက်များကို အုံလိုက်ကျင်းလိုက် တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်စေခြင်း ဖြစ်သည်။ ယခုတွင်လည်း များပြားလှသော တစ္ဆေကြွက်များသည် ၎င်းတို့၏ သွားများကို ဖြဲလျက် စုချန်း၏ အသွေးအသားတို့ကို စားသောက်ရန် ခုန်ဝင်လာကြပေပြီ။
၎င်းကိုကြည့်ရင်း စုချန်း၏ နှုတ်ခမ်းထောင့်တွင် အင်မတန် အဓိပ္ပါယ်ပြည့်ဝသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။
"အင်း...အဲဒီနေရာမှာ ပြသနာ ဖြစ်နေတာဗျ....ပြသနာက ဘာလဲဆိုတော့ ဒီဝတ်စုံရဲ့ အားနည်းချက်ကို ခင်ဗျား သိထားမှန်း ကျွန်တော် သိနေတာပဲ"
ထူးဆန်းလှသော စကား။ ထူးဆန်းလှသော အပြုံး။ မည်သို့သော အဓိပ္ပါယ်မျိုးပေနည်း။ စုချန်းတွင် လျှို့ဝှက်ချက် တစုံတရာတော့ ရှိနေခဲ့ပေပြီ။
ထိုအခိုက်မှာပင် စုချန်း၏ရင်ညွှန့်မှနေ၍ နေမင်းကြီးပမာ တောက်ပလှသော အလင်းရောင်တန်းကြီး ပေါက်ကွဲထွက်ပေါ်လာ၏။ စူးရှလှသော အလင်းရောင်သည် အမှောင်ထုကို ပြိုကွဲသွားစေပြီး လေထုထဲတွင် စီးဆင်းနေသော မူလစွမ်းအင်များကို ပြတ်တောက်သွားစေ၏။
ထိုအလင်းရောင်သည် တစ္ဆေကြွက်များအပေါ်သို့ ဖြာကျလာသောအခါတွင်ကား ကြောက်လန့်တကြား နာနာကျင်ကျင် အော်ဟစ်ငြီးငြူသံများ ပေါ်ပေါက်လာပြီး ရာနှင့်ချီသော တစ္ဆေကြွက်များအား နေလာ၍နှင်းပျောက်ရသည့်ပမာ အစပင် ရှာမရတော့ပဲ ပျောက်ကွယ်သွားတော့သည်။ များပြာလှသော တစ္ဆေကြွက်များ အစပျောက်သွားရခြင်းမှာ အကြောင်းတရားရှိ၏။ ထိုကြွက်များကို ဖန်တီးရန် မူလစွမ်းအင်ကို အဆက်မပြတ် လှည့်ပတ်ပေးရန် လိုအပ်လေရာ လေထဲထဲရှိ မူလစွမ်းအင်များ ပြတ်တောက်သွားသည်နှင့်တပြိုင်နက် ကြွက်များ ပျောက်ကွယ်သွားသလို ကာယကံရှင် လီသည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားတော့သည်။
"အား"
နာကျင်စွာ အော်ဟစ်သံ ပေါ်လာပြီး လီသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်သွား၏။ ထို့နောက်သူသည် ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အဆက်မပြတ် အော်ဟစ်ဆဲဆိုနေတော့သည်။
"ဒါ...ဒါ...နေမင်းရောင်ခြည်...နေမင်းရောင်ခြည်လက်ဖွဲ့ပါလား..ခွေးမသား...အကျင့်မကောင်းတဲ့ ခွေးမသားလေး...ဒီတိုက်ပွဲအတွက် ဘယ်အချိန်လောက်ကတည်းက ပြင်ဆင်နေခဲ့တာလဲကွ မင်းက ငါနဲ့ရင်ဆိုင်ဖို့ နေမင်းရောင်ခြည် အဆောင်လက်ဖွဲ့ကို ရှာလာတယ်ပေါ့ ဟုတ်လား..ခွေးမသား"
"ကျုပ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ဒါတင်မကသေးဘူးဗျ"
ပြောပြောဆိုဆို စုချန်းက လက်ထဲရှိဓားကို မြှောက်လိုက်၏။ ကောင်းကင်ဝံပုလွေဓားသည် မြွေနက်၏ ထိန်းချုပ်မှုကို ကျော်လွန်ဖောက်ထွက်သွား၏။ ဓားရောင်တချက် ဝင်းလက်သွား၏။ လီ၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဓားရောင်ကျရောက်သွားသော အမှောင်ထုအတွင်းမှ သွေးများပန်းခနဲထွက်လာပြီး လီသည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ နောက်သို့ ကပျာကယာ ဆုတ်သွား၏။ လီကား စုချန်း၏ဓားချက် ထိမှန်သွားခဲ့လေပြီ။
သူသည် သွေးဆူပွက်ခြင်းနယ်ပယ်ရှိ အဆင့်မြင့် ပညာရှင်တယောက် ဖြစ်သော်လည်း ကလိန်ကကျစ်နိုင်လှသော သဘောက်မသားကြောင့် ဒဏ်ရာရသွားလေပြီဟု လီတယောက် ကျိတ်မနိုင်ခဲမရ တွေးတောနေမိရှာ၏။ အကယ်၍ ဝံပုလွေဓားသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့လျင်၊ တဖက်လူတွင် မည်သည့်ဓားမျိုးကိုမဆို အပြည့်အဝ အသုံးပြုနိုင်သည့် မူလစွမ်းရည်မျိုး ရှိနေခဲ့လျင် ကနဦး ဓားတချက်တည်းနှင့် သူ့ ကိုယ်ခန္ဓာသည် နှစ်ပိုင်းပြတ်သွားနိုင်ပေသည်။ မည်သို့ဆိုစေ ယခုဒဏ်ရာကပင် အခြေအနေ အတော်လေး ဆိုးနေခဲ့ပေပြီ။ ပြင်းထန်လှသော နာကျင်မှုကြောင့် လီတယောက် အံကို ခပ်တင်းတင်းကြိတ်မိ၏။
ထိုအခါ လီက "နာကျင်မှုယိုယွင်းခြင်း" နည်းစနစ်ကို ထုတ်ဖော်လိုက်၏။ တော်သေးသည်။ ပြင်းထန်လှသော နာကျင်မှုမှာ သိသိသာသာပင် လျော့နည်းသွား၏။ ထို့နောက် အနာသက်သာစေသော ဆေးတချို့ကို အလျင်အမြန် သောက်ရင်း လီက မေးလိုက်သည်။
"ငါ့ တည်နေရာကို မင်း ဘယ်လိုလုပ် ရှာတွေ့တာလဲ"
စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက အထင်အမြင်သေးသော လေသံနှင့် လီကို ပြောလိုက်သည်။
"အနက်ရောင်မြူခိုးကို မျက်မမြင်တယောက်နဲ့ ရင်ဆိုင်တွေ့တဲ့ နေရာမှာ သုံးတယ်ဆိုတော့ ခင်ဗျားမှာ ဦးနှောက်ကောပါရဲ့လားဗျ ရယ်စရာကောင်းလိုက်တာ"
စုချန်းသည် သုံးနှစ်တိုင်တိုင် မျက်မမြင်ဘဝနှင့် နေခဲ့ရသူဖြစ်သည်။ ထိုအတွက် သူ၏ အကြားအာရုံမှာ သာမာန်လူတယောက်ထက် သာလွန်နေသည်မှာ အထူးအထွေ မေးခွန်းထုတ်စရာမလိုသော ကိစ္စဖြစ်သည်။ လေတိုးသံကို နားထောင်၍ တဖက်လူ၏တည်နေရာကို ခန့်မှန်းသောအလုပ်မျိုးကို သူအလွန်ကျွမ်းကျင်၏။ ထိုအနေအထားမျိုးတွင် အပ်တဖျားစာမျှပင် မလွဲအောင် သူ ခန့်မှန်းနိုင်လေသည်။
ကနဦးက အမှောင်ထုသည် သူ့ကို လုံခြုံအောင် ကာကွယ်ပေးနိုင်သည်ဟု လီက ယူဆခဲ့၏။ ယခုတော့ တဖက်လူက သူ့တည်နေရာကို အလွယ်တကူ ခန့်မှန်းနိုင်မှန်း သိရှိသွားသောအခါ အတော်လေး စိတ်ပျက်သွား၏။ ထို့နောက် သူက တစုံတရာကို တုံ့ပြန်ပြောဆိုရန် ပါးစပ်ဟလိုက်သည်။ ထိုအခိုက်မှာပင် သံမဏိနှင့် သတ္တုစားပိုးကောင်ကြီးတို့သည် အနည်းငယ် စတင်လှုပ်ရှားလာ၏။ အကြောင်းမှာ လီ ဒဏ်ရာရရှိသွားချိန်တွင် ဝိညာဉ်ကို ထိမ်းသိမ်းနိုင်စွမ်း မရှိတော့ရာ သံမဏိနှင့် သတ္တုစားပိုးကောင်ကြီးတို့မှာ သတိပြန်လည်စပြုလာခြင်း ဖြစ်သည်။
"အသာနေစမ်း"
လီက ကျယ်လောင်စွာအော်ဟစ်ကာ လက်ကိုဝေ့ယမ်းလိုက်၏။ ထိုအခါ နောက်ထပ် စိတ်လှည့်စားခြင်း စွမ်းအင်နှစ်မျိုး ထပ်မံပေါ်ထွက်လာပြီး သံမဏိနှင့် ပိုးကောင်ကြီးမှာ ရှေးကအတိုင်း မလှုပ်မရှား ဖြစ်သွားပြန်၏။
သို့သော်ငြားလည်း လီ၏ စိတ်လှည့်စားခြင်းစွမ်းရည်မှာ အကန့်အသတ်မရှိ သုံးစွဲနိုင်သည့် အရာမျိုးမဟုတ်။ ယမန်နေ့ညနေကပင် သူသည် အလွန်ပြင်းထန်သည့် စိတ်လှည့်စားမှုနှစ်ရပ်ကို ပြုလုပ်ခဲ့ရပြီး စိတ်စွမ်းအင်ကို အတော်လေး ကုန်ခန်းစေခဲ့၏။ ဤအနေအထားတွင် သူ၏ ဝိညာဉ်မှာ ပကတိအခြေအနေသို့ ပြန်မရောက်သေး။ ယခုတဖန် စိတ်လှည့်စားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်နေရသောအခါ လီသည် အလွန်မောပန်းစွာ ခံစားလာရ၏။
အင်း...ဒီအတိုင်းဆိုရင် အခြေအနေ မကောင်းဘူး...ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်မှ ရတော့မယ်...
လီကား အခြေအနေမှန်ကို သဘောပေါက်နေခဲ့လေပြီ။ အမှန်တော့ စိတ်လှည့်စားသူများသည် တိုက်ပွဲကို လျင်လျင်မြန်မြန် အဆုံးသတ်ရန် ဘယ်သောအခါမျှ အာရုံစိုက်လေ့ မရှိပေ။ သူတို့၏ တိုက်ခိုက်ရေးနည်းစနစ်ကပင် ပြင်းထန်ပေါက်ကွဲသော ပုံစံမဟုတ်သောကြောင့် သူတို့၏ အောင်မြင်မှုသည် အမြဲတစေ အချိန်ယူရလေ့ရှိသည်။ ယခုတွင်ကား ထိုတိုက်ခိုက်မှုမျိုးကို မကျွမ်းကျင်လှသည့်တိုင် လီအတွက် ရွေးချယ်စရာ မရှိတော့။ သူသည် ဖိအားပေးခံနေခဲ့ရလေပြီ။
အတွေးနှင့်အတူ လီက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ စူချန်း၏ မျက်လုံးမှာ ရုတ်တရက် ပြာဝေသွား၏။ ထိုအချိန်မှာပင် အနက်ရောင်မြူခိုးများ လုံးဝပျောက်ကွယ်သွားပြီး လီ၏ ကိုယ်ခန္ဓာသည် လေးကိုယ်ခွဲထွက်သွားတော့သည်။ လီ လေးယောက်သည် တူညီသော အရှိန်အဟုန်နှင့် ပြိုင်တူ တိုက်ခိုက်သယောင်ပြုလာ၏။ စုချန်းအနေနှင့် မည်သည့်လီက အစစ်မှန်း ခွဲခြားနိုင်စွမ်း မရှိတော့။ ဤနည်းစနစ်ကို လီ၏ ကိုယ်ခန္ဓာခွဲထွက်ခြင်း နည်းစနစ်ဟု ခေါ်၏။ ၎င်းကို အသုံးပြု၍ လီသည် ပုံရိပ်ယောင်သုံးခုကို ဖန်တီးနိင်စွမ်း ရှိလေသည်။ အမှန်တော့ ဤနည်းစနစ်တွင်လည်း အားနည်းချက်ရှိ၏။ ၎င်းမှာ ပုံရိပ်ယောင်များသည် ပုံရိပ်မျှသာဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ တဖက်လူသာ ပါးနပ်ပါက အစစ်အတုကို လွယ်ကူစွာ ခွဲခြားနိုင်ပေသည်။
သို့သော် စုချန်းကဲ့သို့သော အသံကိုသာ မှီခိုအားထားနေရသည့် မျက်မမြင်တယောက်အတွက် ပုံရိပ်ယောင်များသည် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလေသည်။ ထိုအချိန်တွင် စုချန်းကို ဝန်းရံထားသော "လီလေးယောက်"က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"သေဖို့သာ ပြင်ထားပေတော့ဟေ့"
ထို့နောက် ထိုလေးယောက်စလုံးလိုလိုသည် "အဆိပ်ဝံပုလွေလက်သည်း"ဟူသော မူလစွမ်းရည်တမျိုးကို ပြိုင်တူ နှိုးဆွလိုက်ကြလေသည်။ ထိုစွမ်းရည်မှာ အနီးကပ်တိုက်ပွဲများအတွက် အလွန်အသုံးဝင်ပြီး အဆိပ်မှာ အထူးကြောက်မက်ဖွယ်ကောင်းရုံသာမက အင်အားမှာလည်း အလွန်ပြင်းထန်၏။
စုချန်းကလည်း ငြိမ်ခံနေမည့် လူစားမျိုးတော့ မဟုတ်။ သူက ခါးကြားမှ ပစ္စည်းတမျိုးကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းကို မြင်လိုက်သောအခါ လီ လန့်ဖြတ်သွား၏။ ထိုပစ္စည်းမှာကား တခြားမဟုတ်။ တကြိမ်တခါသာ အသုံးပြုနိုင်ပြီး အလွန်ပေါက်ကွဲအားပြင်းထန်သော မူလစွမ်းရည်မျိုးကို ထုတ်ဖော်ပေးနိုင်သည့် ထူးခြားသောစာလိပ်ပေတည်း။ သို့သော် တဆက်တည်းမှာပင် လီက တွေးတောမိသည်မှာ...
"ခွေးမသား မင်းဟာက တခါပဲသုံးလို့ရတာ ငါက ဘာကြောင့်ကြောက်နေရမှာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုယ်ခန္ဓာအစစ်ကို မင်း ရှာတွေ့မှာမှ မဟုတ်တာ....
ဟူ၍ ဖြစ်သည်။ အတွေးနှင့်အတူ လီက စုချန်းထံသို့ တဟုန်ထိုး ခုန်အုပ်လိုက်၏။ တချိန်တည်းမှာပင် စုချန်းကလည်း စာလိပ်ကို ဖွင့်လိုက်လေသည်။
ထိုအခိုက်မှာပင် အလင်းရောင်များ ပြိုးပျက်ဝင်းလက်သွားပြီး များပြားလှသော မူလစွမ်းအင် အလင်းမြားများသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် လီထံသို့ ဦးတည်ပြေးလွှားသွားလေတော့သည်။