← Chapters

သွေးဆူပွက်ခြင်းတိုက်ပွဲ ၄

Vol. 9 Ch. 82

သွေးဆူပွက်ခြင်းတိုက်ပွဲ ၄

Vol. 9 Ch. 82

ဤနေရာ၏ အရှေ့ဘက်အရပ်ဒေသတွင် ညှို့ငင်မျောက်ဝံတို့ နေထိုင်ကြ၏။ ၎င်းတို့သည် စိတ်လှည့်စားခြင်းကို အချင်းချင်း ဟာသသဖွယ် နောက်ပြောင်လေ့ရှိကြသည့် သတ္တဝါများဖြစ်သည်။ အကယ်၍ လူသားတယောက်ယောက်ကိုသာ ထိုကဲ့သို့ နောင်ပြောင်မိပါက ၎င်းတို့သည် အဆိုပါ စွမ်းအင်ကို ပြန်လည်ရုတ်သိမ်းနိုင်စွမ်း မရှိကြတော့ပေ။ ၎င်းမှာ ညှို့ငင်မျောက်ဝံတို့၏ ထူးခြားသော ဝိသေသလက္ခဏာများ ဖြစ်ကြလေသည်။

ညှို့ငင်မျောက်ဝံဟူသည် နတ်ဆိုးသတ္တဝါမျိုးစိတ်ဝင်များ ဖြစ်ကြပြီး စိတ်လှည့်စားခြင်းအရာတွင် အလွန်ကျွမ်းကျင်ကြ၏။ ၎င်းတို့သည် အလွန်ကြီးကျယ်သော ထင်ယောင်ထင်မှား အာရုံများကို ဖန်တီးနိုင်ပြီး တဖက်ရန်သူကို အနှီ ထင်ယောင်ထင်မှား ဖြစ်ရပ်များအတွင်း၌ပင် သတိပြန်လည်မလာတော့ပဲ သေဆုံးသွားစေနိုင်၏။ သို့သော် ဤစွမ်းရည်ကြောင့် ၎င်းတို့ကို အားနည်းသည်ဟု ယူဆပါက မှားသွားပေလိမ့်မည်။ "ညှို့ငင်"ဟူသော အမည်သည် အနည်းငယ်မိန်းမဆန်သည်ဟု ထင်စရာရှိသော်လည်း သူတို့၏ ကိုယ်ခန္ဓာမှာကား အတော်လေးကြမ်းတမ်းပြီး အလွန်း အင်အားပြည့်ဝ၏။ ၎င်းတို့သည် အနီးကပ်တိုက်ပွဲများတွင် အသုံးပြုနိုင်သည့် မူလစွမ်းရည်များကို ပိုင်ဆိုင်ထားသလို စိတ်လှည့်စားခြင်းကို အသုံးပြု၍လည်း ရန်သူကို အဝေးမှ တိုက်ခိုက်နိုင်လေသည်။

ထို့ကြောင့် ညှို့ငင်နတ်ဆိုးများ၏ သွေးဗီဇသည် လူသားများကြားတွင် အလွန်ရှားပါးလှသည့် ရတနာတပါးဖြစ်ပြီး မြောက်များလှစွာသော ချီစွမ်းအားပညာရှင်များသည် အဆိုပါ သွေးဗီဇကို အရူးအမူး လိုချင်တပ်မက်ကြလေသည်။ ဤနှစ်များတွင် ရှင်သန်ခြင်းကျောင်းတော်သည် လီ၏ သစ္စာခံမှုကို ရရှိရန် ညှို့ငင်မျောက်ဝံ၏ သွေးဗီဇကို အသုံးပြုခဲ့ရ၏။ ရှင်သန်ခြင်းကျောင်းတော်မှ ပေးသော သွေးဗီဇသည် သန့်စင်ခြင်းမရှိပဲ ရောနှောသွေးဗီဇဖြစ်နေသည့်တိုင် လီ၏ အင်အားမှာ များစွာ တိုးပွားလာခဲ့၏။ ထို့ကြောင့် သူ၏ စိတ်လှည့်စားခြင်းနည်းစနစ်နှင့် လီ တယောက် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက် ဖြစ်နေရခြင်းမှာ ညှို့ငင်မျောက်ဝံ၏ သွေးဗီဇနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ဆိုနိုင်၏။ လီအနေနှင့် ထိုသွေးဗီဇကို ထိပ်တန်းအဆင့် တိုက်ပွဲများကျမှသာ ထုတ်သုံးမည်ဟု ရည်ရွယ်ထား၏။ တနည်းအားများ ဤသွေးဗီဇသည် သူ၏ ဝှက်ဖဲဖြစ်သည်။ ယခုကဲ့သို့ မိမိထက် အဆင့်များစွာနိမ့်သော အငယ်တန်းအဆင့် ပညာရှင်တယောက်နှင့် တိုက်ခိုက်ရာတွင် ဤဝှက်ဖဲကို ထုတ်သုံးရလိမ့်မည်ဟုကား လီတခါမျှ မမျှော်လင့်ထား။

"မင်းတို့အားလုံးကို သတ်ပစ်မယ်ကွ"

လီက ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။ အော်သံအဆုံးဝယ် လီ၏ ပိန်ကပ်မဲတူးနေသော အရိုးပဒေသာကိုယ်ခန္ဓာသည် ရုတ်တရက် ရောင်ကိုင်းလာ၏။ ကြီးမားလှသော ကြွက်သားအဖုအထစ်များ ပေါ်လာပြီး စွမ်းအားများကို စုပ်ယူနေဟန် တူလေသည်။ အတိုချုံးပြောရလျင် လီ၏ ကိုယ်ခန္ဓာသည် ရုတ်တရက် လေထိုးခံလိုက်ရသော သားရေပူဖောင်းနှင့်ပင် တူနေသေး၏။ သူ့လက်ထဲတွင်ကား မူလစွမ်းအင်တုတ်ချောင်းတချောင်း ပေါ်ထွက်လာလေ၏။ လီ၏ ထူးဆန်းသောပုံစံကို မြင်တွေ့နေရသော်လည်း စုချန်းမှာကား မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့သာ ရှိလေသည်။

ချီစွမ်းအားပညာရှင်များသည် နယ်ပယ်တခုသို့ အဆင့်တိုးလာသည်နှင့်အမျှ စွမ်းအင်မှာ တိုးပွားလာသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း ပို၍ သန်မာလာ၏။ လီသည် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်ဖြစ်၍ စုချန်းမှာကား ချီစုဆောင်းခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ ထို့ကြောင့် ပြိုင်ဘက်နှစ်ဦး၏ အဆင့်ချင်း ကွာဟမှုသည် ဤနေရာတွင် အဆင့်မြင့်သူအား သွေးဗီဇ၏ စစ်မှန်သောစွမ်းအင်ကို အသုံးပြုခွင့် ရသွားစေတော့သည်။ သွေးဆူပွက်ခြင်းနယ်ပယ်တွင် ရှိနေပြီး သွေးဗီဇတမျိုးကိုပိုင်ဆိုင်ခွင့်ရထားသည့် ပညာရှင်တယောက်သည် မည်သို့စွမ်းအားမျိုးကို ထုတ်ပြလေမည်နည်း။ စိတ်ဝင်စားစရာပင်။ ၎င်းသည် လူတယောက်နှင့်တယောက်၊ သွေးဗီဇ တမျိုးနှင့်တမျိုး မတူညီမှုအပေါ်မူတည်၍ ကွဲပြားသွားနိုင်၏။ မည်သို့ဆိုစေ ထိုကဲ့သို့သော လူစားမျိုးကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မလွယ်ကူသည်မှာကား သေချာနေ၏။

လီသည်ကား မှော်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် ပညာရှင်တဦးသာ ဖြစ်၏။ မှော်စွမ်းရည် သို့မဟုတ် စိတ်လှည့်စားခြင်းနည်းစနစ်ဟူသည် ရန်သူကို အနီးကပ်တိုက်ခိုက်ရန် မလိုပေ။ ဤလူစားမျိုးသည် သွေးဗီဇကိုရွေးချယ်ရာတွင် အနီးကပ်တိုက်ခိုက်သည့် ပုံသဏ္ဍန်ကို အခြေပြုရွေးချယ်ထားသည့်အတွက်ကား စုချန်း အတော်လေး အံ့သြသင့်မိလေသည်။

အမှန်တော့ စုချန်း၏ ထင်မြင်ယူဆချက်သည် အဖြစ်မှန်နှင့် အနည်းငယ် လွဲမှားနေ၏။ အကြောင်းမှာ ညှို့ငင်မျောက်ဝံများသည် အနီးကပ်တိုက်ပွဲများတွင် အတော်လေး ကောင်းမွန်စွာ တိုက်ခိုက်နိုင်သော်လည်း ၎င်း၏ အဓိကစွမ်းရည်မှာကား စိတ်လှည့်စားခြင်းအပေါ်တွင်သာ မှီခိုနေလေသည်။ တဖန် လီရရှိထားသည့် သွေးဗီဇမှာ ရောနှောသွေးဗီဇသာဖြစ်လေရာ သူ့အနေနှင့် ညှို့ငင်မျောက်ဝံ၏ စစ်မှန်သောအင်အားကို မည်သို့မျှ မရရှိနိုင်ပေ။ မည်သို့ဆိုစေ လီ၏ လက်ရှိအနေအထားသည်ပင် စုချန်းကို အတော်လေး ဖိအားများစေ၏။

ထိုအခိုက်မှာပင် လီသည် မူလစွမ်းအင်တုတ်ချောင်းကို မြောက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ခွေးမသားလေး ဒီတခါတော့ မင်းသေပြီပဲ"

စကားဆုံးသည်နှင့် သူက မူလစွမ်းအင်တုတ်ချောင်းကို စုချန်း၏ဦးခေါင်းဆီသို့ ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် သံမဏိကလည်း ကျယ်လောင်စွာ အော်ဟစ်ပြီး လက်ထဲရှိဓားဖြင့် လီကို တအားကုန် ခုတ်ချလိုက်၏။ လီက ဓားချက်ကို ရှောင်တိမ်းခြင်း မပြု။ အကာအကွယ်ကို အသုံပြုကာ ဓားချက်ကို တားဆီးလိုက်သည်။ မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းသည် အကာအကွယ်ကို တစစီ ပြိုကွဲသွားစေပြီး လီ၏ကိုယ်ခန္ဓာကို ထိမှန်သွားတော့သည်။ သို့သော် လီ၏ ကိုယ်ခန္ဓာသည် ကျောက်ဆောင်ကျောက်သားများပမာ မာကျောနေလေရာ ဓားချက်မှာ အပေါ်ယံဒဏ်ရာမျှကိုသာ ရရှိသွားစေ၏။ သို့တိုင်အောင် လီမှာ အတော်လေး နာကျင်သွားသေး၏။

လီကလည်း ခေသူတော့မဟုတ်။ သူ့လက်ထဲရှိ မူလစွမ်းအင်တုတ်ချောင်းကို ဝေ့ယမ်းကာ ဆယ့်သုံးကြိမ်တိုင်တိုင် သံမဏိအား ပြန်လည်တိုက်ခိုက်လိုက်သည်။ လီ၏ တိုက်ခိုက်မှုအလုံးစုံသည် သံမဏိ၏ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသော ရွှေရောင်ဝတ်စုံကိုသာ တဒေါင်ဒေါင် တဒင်ဒင်နှင့် ထိမှန်ကုန်၏။ ပြင်းထန်လှသော ထိချက်များကြောင့် သံမဏိသည်လည်း လေထဲသို့ လွင့်စင်သွားလေသည်။ ထို့နောက်တွင်ကား လီသည် နောက်သို့လျင်မြန်စွာခုန်ဆုတ်ပြီး စုချန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကား စွမ်းအင်တုတ်ချောင်းကို ထပ်မံဝေ့ယမ်းလိုက်ပြန်၏။ ဤတကြိမ်တွင်ကား ၎င်းတုတ်ချောင်းသည် သတ္တုစားပိုးကောင်ကြီး၏ မြက်ရိပ်ဓားများနှင့်တူလှသော အစွယ်ကြီးနှစ်ချောင်းကို ကျော်ဖြတ်ကာ အောက်မေးရိုးကို ကျကျနနပင် ထိမှန်သွားလေရာ အနှီပိုးကောင်ကြီးသည်လည်း သံမဏိနည်းတူ လေထဲသို့ လွင့်စင်သွားပြန်၏။ လီ၏ လှုပ်ရှားမှုမှာ လျပ်ပြက်တမျှ မြန်ဆန်လှသည်။ တိုက်ခိုက်မှုမှာလည်း တိကျလှ၏။ အင်အားမှာလည်း ပြင်းထန်လှ၏။ ၎င်းသည် စုချန်းတို့သုံးယောက်အား လေပွေမွှေ့သကဲ့သို့ လှည့်ပတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်၏ အစွမ်းမှာကား အံ့မခန်းပေတကား။

လီ၏တိုက်ခိုက်မှုများမှာ ဤမျှနှင့် အဆုံးမသတ်သေးချေ။ တကြိမ်တွင် သူက လက်တဖက်ကို မြောက်လိုက်ရာ တစ္ဆေကြွက်များ ပေါ်ထွက်လာပြီး စုချန်းကိုကိုက်ခဲရန် စတင်ကြိုးစားတော့သည်။ တဖက်တွင်လည်း သူသည် စိတ်လှည့်စားခြင်းနည်းစနစ်ကို အသုံးပြုကာ သတ္တုစားပိုးကောင်ကြီးကို တားဆီးထား၏။ ညှို့ငင်မျောက်ဝံ၏ သွေးဗီဇကို အသုံးပြုလိုက်ခြင်းကြောင့် စိတ်စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာပြီး စိတ်လှည့်စားခြင်းကို ထပ်မံအသုံးပြုနိုင်လာခြင်းပင်။ တဆက်တည်းမှာပင် လီသည် အဆိပ်ဝံပုလွေလက်သည်းကိုသုံးကာ သံမဏိကို တိုက်ခိုက်လိုက်ရာ သံမဏိခမျာ နောက်တကြိမ် လွင့်စင်သွားပြန်သည်။ ရန်သူသုံးယောက်ကို အကွက်ကျကျ တိုက်ခိုက်ပြီးသည်နှင့် လီသည် မူလစွမ်းအင်တုတ်ချောင်းကို အသုံးပြုကာ မြေပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဖုန်မှုန့်များ ပလူပျံသွားပြီး မူလစွမ်းအင်ပုံစံငွေပြားသည် လေနှင့်အတူ လွင့်မြောလာ၏။ လက်စသတ်တော့ လီ၏ အဓိကပစ်မှတ်မှာ အနှီ မူလစွမ်းအင်ပုံစံငွေပြားပင်တကား။ ငွေပြားပေါ်ထွက်လာသည်နှင့် လီက လက်ထဲရှိတုတ်ချောင်းကို သုံးကာ ငွေပြားကို ဖျက်ဆီးရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် ငွေပြားသည် ရုတ်တရက် အလင်းရောင်များပေါ်ထွက်လာပြီး လီ၏လှုပ်ရှားမှုမှာ အနည်းငယ် တုံ့ဆိုင်းသွား၏။ သူ၏ခွန်အားမှာလည်း သိသိသာသာပင် လျော့နည်းသွားတော့သည်။

စုချန်းအတွက် အခွင့်အရေးကား ပေါ်ပေါက်လာခဲ့ပေပြီ။ ထိုအခါ စုချန်းသည် မီးလျံမုဆိုးအဝေးရောက်လက်နက်ကို ဆွဲထုတ်ကာ လီအား ချိန်ရွယ်ပစ်ခတ်လိုက်တော့သည်။ လီ၏ ကြမ်းတမ်းမာကျောသော အရေပြားသည် မီးလျံမုဆိုးအဝေးရောက်လက်နက်၏ ပစ်ခတ်မှုကိုတော့ ခံနိုင်ရည်ရှိပုံမရ။ လက်နက်ကျည်ဆံများသည် လီ၏တကိုယ်လုံးအား ဖောက်ထွင်းသွားတော့သည်။ လီ၏ ကိုယ်ခန္ဓာအနှံ့ဝယ် ဆန်ကာပေါက်များသဖွယ် အပေါက်များ ဖြစ်ပေါ်လာ၏။ လီကား အားမလျှော့သေး။ ချက်ချင်းပင် နာကျင်မှုယိုယွင်းခြင်းနည်းလမ်းနှင့် နာကျင်မှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ဤတကြိမ်တွင်ကား ထိုနည်းလမ်းမှာ ထိရောက်ပုံမရတော့။ သူက နာကျင်စွာ ရေရွတ်လိုက်သည်။

"သွေးဗီဇထိန်းချုပ်ခြင်း သွေးဗီဇထိန်းချုပ်ခြင်း"

လီကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်၏။

"ခင်ဗျား ဘာတွေ မဟုတ်တမ်းတရား ပြောနေတာလဲဗျ"

စုချန်းလက်ထဲရှိ သန့်ရှင်းစင်ကြယ်ခြင်းပုတီးစေ့သည် လီ၏ စိတ်လှည့်စားခြင်းကို ထိန်းချုပ်နိုင်လျင် စုချန်းအနေနှင့် အဘယ်ကြောင့် မူလစွမ်းအင်ပုံစံကို ပြင်ဆင်ထားရန် လိုအပ်သနည်း။ အလကားတော့မဟုတ်။ တိကျသေချာသော အကြောင်းတရားတခု ရှိနေ၏။ အကြောင်းမှာ အနှီ မူလစွမ်းအင်ပုံစံငွေပြားသည် စိတ်လှည့်စားခြင်းကို ခုခံနိုင်ရုံသာမက တခြား ထူးခြားသည့်စွမ်းဆောင်ရည်တချို့ပါ ရှိနေခြင်းကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းသည် လီ၏နက်ဝါရောင်ကပ်ဆိုးကို ပြန်လည်တုံ့ပြန်သည့် ကျိန်စာတိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်၏။ ထို့ပြင် သွေးဗီဇလှည့်စားမှုများကိုလည်း ပြန်လည် တုံ့ပြန်နိုင်ပေသည်။

ထင်သည့်အတိုင်းပင် စုချန်းသည် ကြိုတင်ပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်ထား၏။ သူသည် လီ၏ နောက်ဆုံးလက်နက်ဖြစ်သော ညှို့ငင်မျောက်ဝံသွေးဗီဇကိုပင် မေ့လျော့ထားခြင်း မရှိချေ။ ရတနာတထောင်နန်းတော်မှ ဝယ်ယူလာသည့် မူလစွမ်းအင်ပုံစံငွေပြားသည် လီ၏ ညှို့ငင်မျောက်ဝံသွေးဗီဇကို ထိန်းချုပ်ရန် အထူးပြုလုပ်ထားခြင် ဖြစ်၏။ ကံမကောင်းအကြောင်းမလှစွာပင် အနှီငွေပြားသည် စိတ်လှည့်စားမှုပေါင်းများစွာကို ဖိနှိပ်ထားနိုင်၏။ ထိန်းချုပ်ထားနိုင်၏။ သို့ရာတွင် လီ ယူထားသည့်သွေးဗီဇမှာကား မျောက်ဝံ၏ အနီးကပ်တိုက်ခိုက်ခြင်း သွေးဗီဇဖြစ်နေသည်။ သို့တိုင်အောင် ငွေပြားသည် လီကို အတိုင်းအတာတခုအထိတော့ ထိန်းချုပ်နိုင်စွမ်း ရှိနေသေး၏။

လီကား ဒဏ်ရာအတော်များများ ရရှိနေခဲ့လေပြီ။ သို့သော် ၎င်း၏ ကြမ်းတမ်းရက်စက်သော သဘောထားမှာကား အနည်းငယ်မှ လျော့နည်းမသွားသေး။ ထိုအခါ သူက ကျယ်လောင်စွာ အသံပြုရင်း စိတ်လှည့်စားခြင်းနည်းစနစ်ကို နောက်တကြိမ် ပြန်လည်နှိုးဆွလိုက်ပြန်သည်။ ရုတ်ချည်းပင် လီပုံစံတူ လူလေးယောက်တိတိ ပေါ်ပေါက်လာပြီး ၎င်းတို့လက်ထဲရှိ စွမ်းအင်တုတ်ချောင်းများသည်ကား စုချန်း၊ သံမဏိ၊ သတ္တုစားပိုးကောင်ကြီးနှင့် မူလစွမ်းအင်ပုံစံငွေပြားတို့ကို အသီးသီး ချိန်ရွယ်ထားကုန်၏။ စုချန်းအနေနှင့် မည်သူကအတု၊ မည်သူက အစစ်ဖြစ်ကြောင်း ခွဲခြားနိုင်စွမ်းမရှိတော့။ လီလေးယောက်လုံးလိုလိုမှာ ထပ်တူထပ်မျှ တူညီနေကြ၏။ သို့သော်ငြားလည်း စုချန်းအနေနှင့် အတုအစစ် ခွဲခြားရန် မလိုအပ်ချေ။

သူက ချက်ချင်းပင် တိမ်တိုက်ခြေလှမ်းဖိနပ်နှင့် မြွေခြေလှမ်းကွက်များကို တွဲဖက်အသုံးပြုကာ လီ၏တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး ငွေပြားကို ချိုးဖျက်ရန် ကြိုးစားနေသော နောက်ထပ် လီတယောက်ကို ဝံပုလွေဓားနှင့် ခုတ်ပိုင်းလိုက်၏။ လတ်တလောအခြေအနေတွင် ထိုငွေပြားကိုကာကွယ်ရန်ထက် အရေးကြီးသောအလုပ် မရှိချေ။ ဓားချက်သည် ပစ်မှတ်ကို ကျကျနနကြီးပင် ထိမှန်သွားပြီး ပုံရိပ်သည် ချက်ချင်းပျောက်ကွယ်သွား၏။ ၎င်းမှာ ပုံရိပ်ယောင်ပေတကား။ စုချန်း အတော်လေး အံ့သြသွား၏။ ဤတကြိမ်သည် သူ့အတွက် ပထမဆုံးအကြိမ် မှားယွင်းတွက်ချက်မိခြင်း ဖြစ်သည်။ ထိုအခိုက်မှာပင် သတ္တုစားပိုးကောင်ကြီးကို တိုက်ခိုက်ရန် ဟန်ပြင်နေသော လီက ချက်ချင်း နောက်သို့လှည့်လာပြီး စွမ်းအင်တုတ်ချောင်းနှင့် စုချန်း၏ ရင်ဝကို ချိန်ရွယ်လိုက်၏။

"ဟား ဟား ဟား အစစ်က ဒီမှာကွ"

လီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ စွမ်းအင်တုတ်ချောင်းသည် စုချန်း၏ သေကွင်းသေကွက်နေရာကို ကျကျနနပင် ထိမှန်သွားလေသည်။ စုချန်းအနေနှင့် နီလာခရမ်းဝတ်စုံကို အချိန်မီနှိုးဆွနိုင်သည့်တိုင် ၎င်းကိုကာကွယ်ရန် နည်းလမ်းမရှိတော့။ ဖုန်းခနဲ ထိမှန်သံကြီးပေါ်ပေါက်လာပြီး စုချန်း၏ကိုယ်ခန္ဓာသည် နောက်ဖက်သို့ ဝါးတပြန်ခန့် လွင့်စင်သွားတော့သည်။ သို့သော် အသံကိုနားထောင်ရင်း လီ စိတ်မသက်မသာ ဖြစ်သွား၏။ အကြောင်းမှာ ထိုအသံကိုနားထောင်ရုံနှင့် စုချန်း၏ဒဏ်ရာမှာ သိပ်မပြင်းထန်လှကြောင်း သူ သဘောပေါက်လိုက်လေသည်။

စုချန်းသည် လေထဲတွင် ချာချာလည်ရင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။ သို့သော် ထိုဒဏ်ရာမျှလောက်သည် လီ၏တိုက်ခိုက်မှုနှင့်စာလျင် နည်းပါးလှသည်။ လီ အလွန် ထိတ်လန့်သွား၏။

"မင်း...မင်း...ဘာမှမဖြစ်ဘူးပေါ့ ဟုတ်လား"

စုချန်းက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်သည်။

"ခင်ဗျားကို ကျုပ် အစကတည်းက ပြောခဲ့ပြီးသားလေဗျာ ခင်ဗျားဟာ နီလာခရမ်းဝတ်စုံရဲ့ အားနည်းချက်ကို သိထားတယ်ဆိုတာ ကျုပ်က အစကတည်းက သိခဲ့ပြီးသားပါလို့"

ပြောပြောဆိုဆို သူက မတ်တပ်ရပ်လိုက်၏။ စွမ်းအင်တုတ်ချောင်းထိမှန်မှုကြောင့် သူ့ အဝတ်အစားများသည် စုတ်ပြဲကုန်လေရာ အတွင်းထဲတွင် ကြေးညိုရောင်မှန်တချပ်ကို လီတယောက် တွေ့မြင်လိုက်ရ၏။ နှလုံးသားကာကွယ်ခြင်းကြေးမုံပေတကား။ လီတယောက် ကျိန်စာတိုက်ခံရသကဲ့သို့ ဒေါသထွက်လာ၏။ သဘောက်မသားသည် ပြီးပြည့်စုံစွာ ပြင်ဆင်ထားသည် မဟုတ်ပါလား။ သူ့ထံတွင် နှလုံးသားကာကွယ်ခြင်းကြေးမုံပင် ရှိနေ၏။ လီတယောက် အရူးတယောက်ပမာ ခံစားလာရ၏။ ဤသို့ဆိုလျင် လက်ရှိအနေအထားသည် စုချန်း၏ ပြင်ဆင်မှုအကုန်လုံး မဟုတ်လောက်သေး။

ထိုအခိုက်မှာပင် စုချန်း၏လက်ထဲတွင် ဓားမြောင်တချောင် ပေါ်ပေါက်လာ၏။ အနှီဓားမြောင်သည် မူလစွမ်းအင်များနှင့် လင်းလက်တောက်ပနေလေသည်။ မူလစွမ်းအင်ပျံသန်းခြင်းဓားမြောင်ပေတကား။ ထိုဓားမြောင်သည် တကြိမ်သုံး မူလကိရိယာတမျိုးဖြစ်ပြီး အင်ၤအားအလွန်ပြင်းထန်၏။ ဈေးကလည်း အလွန်ကြီးလေသည်။ ဓားမြောင်တချောင်းကို မူလကျောက်တုံး ငါးရာခန့်အထိ ကျသင့်၏။ စုချန်း၏ နောက်ထပ်လက်တဖက်တွင်ကား လေလှိုင်းပျစ်ခဲအဆောင်လက်ဖွဲ့တမျိုး ပေါ်ပေါက်လာပြန်သည်။ ထိုလက်ဖွဲ့သည် စုချန်း ပတ်ပတ်လည်ရှိ လေထုကို ပျစ်ခဲသွားစေနိုင်၏။ ထို့ပြင် အဆောင်လက်ဖွဲ့၏ စွမ်းအင်ဧရိယာအတွင်းရှိ လူတိုင်းလိုလို၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေနိုင်လေသည်။

စုချန်း၏ တန်ပြန်တိုက်စစ်ကား စလေပြီ။ သူက ဓားမြောင်ကို လေထဲတွင် ပစ်လွှတ်လိုက်၏။ ထိုအချိန်တွင် လီ၏သွေးဗီဇသည် ထိန်းချုပ်ခံထားရလေရာ သူ၏ ခုခံနိုင်စွမ်းမှာအလွန်အမင်း အားနည်းနေ၏။ တဖန့် သူ့ သေခြင်းသဲဝတ်ရုံမှာလည်း ပျက်စီးသွားခဲ့လေပြီ။ မူလစွမ်းအင်အကာအကွယ်ကို အသုံးပြုရန်မှာလည်း သူ့လှုပ်ရှားမှုများသည် လေလှိုင်းပျစ်ခဲအဆောင်လက်ဖွဲ့ကြောင့် ကန့်သတ်ခံထားရ၏။ သူ့အနေနှင့် စုချန်း ပြုသမျှ နုရတော့မည့်သဘောတွင် ရှိနေ၏။ သို့သော် လီသည် အချဉ်တော့မဟုတ်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့မျက်လုံးများထဲမှလည်း သွေးများယိုစီးကျလာလေသည်။

"ဟေ့ ငါ့ကို လာကာကွယ်ပေးစမ်း"

အမိန့်သံအဆုံးတွင် ပုံရိပ်တခုသည် လျင်မြန်စွာ ပြေးလွှားလာပြီး ဓားမြောင်ကို လီရှေ့မှ ဝင်ခံပေးလိုက်၏။ ထိုပုံရိပ်မှာ အခြားသူမဟုတ်။ သတ္တုစားပိုးကောင်ကြီးပင် ဖြစ်လေသတည်း။ လီသည် စုချန်း၏ဓားမြောင်ကို မည်သို့မျှ ရှောင်တိမ်းရန်နည်းလမ်း မရှိတော့လေရာ ရှိရှိသမျှ အင်အားကို အသုံးပြုပြီး သတ္တုစားပိုးကောင်ကြီးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်လေသည်။ ဓားမြောင်တွင်ပါဝင်လာသည့် မူလစွမ်းအင်များသည် ပြင်းထန်စွာ ပေါက်ကွဲထွက်ကုန်၏။ သတ္တုစားပိုးကောင်ကြီးကဲ့သို့ အခွံမာ သတ္တဝါဆိုးမျိုးသည်ပင် နာကျင်စွာ အော်ဟစ်ပြီး ခေါင်းတခါခါ လည်တခါခါနှင့် နောက်ဆုတ်သွားလေသည်။ ၎င်းကိုကြည့်ရင်း သံမဏိက အော်ဟစ်လိုက်၏။

"ဘာလဲဟ ဒီကောင်ကြီးကို ထိန်းချုပ်လို့မရတော့ပါလား"

သတ္တုစားပိုးကောင်ကြီးသည် မူလကတည်းက တိုက်ခိုက်ရသည်ကို နှစ်သက်သည်မဟုတ်။ သံမဏိ၏ ထိန်းချုပ်မှုအောက်တွင် စိတ်မပါ လက်မပါနှင့်သာ တိုက်ပွဲဝင်နေခဲ့ရ၏ ယခုကဲ့သို့ ပြင်းထန်စွာ နာကျင်သွားသည့်အခါတွင်ကား ၎င်းသည် မည်သည့်အမိန့်ကိုမျှ မနာခံတော့ပဲ ငြင်းဆန်စပြုလာတော့သည်။ ပိုးကောင်ကြီးကို ထိန်းချုပ်၍ မရနိုင်တော့သော အခြေအနေသို့ ဆိုက်ရောက်သွားသော်လည်း လီမှာကား စိတ်မလျှော့။ ချက်ချင်းပင် စိတ်လှည့်စားခြင်းနည်းစနစ်ကို အသုံးပြုပြီး သံမဏိကို ထိန်းချုပ်လိုက်၏။ ထို့နောက် ပုံရိပ်ယောင်များကို ဖန်တီးကာ စုချန်းထံသို့ တဟုန်ထိုး ခုန်ဝင်သွားတော့သည်။

ထိုအချိန်တွင် စုချန်းသည် နီလာခရမ်းဝတ်စုံက်ုအသုံးပြုခဲ့ပြီး ဖြစ်လေရာ သူက လီ၏ တိုက်ခိုက်မှုကို တိမ်တိုက်ခြေလှမ်းဖိနပ်နှင့် မြွေခြေလှမ်းများ အသုံးပြုကာ နောက်ဆုတ်ရှောင်တိမ်းလိုက်၏။ တဆက်တည်းမှာပင် စုချန်းသည် သူ့လက်စွပ်အတွင်းမှ မူလစွမ်းအင်အဆောင်လက်ဖွဲ့ လက်တဆုပ်စာကို ဆွဲထုတ်ကာ လီကို ပစ်ပေါက်လိုက်တော့သည်။ လီကလည်း စုချန်း၏တိုက်ခိုက်မှုကို မူလစွမ်းအင်တုတ်ချောင်း အသုံပြုကာ ကာကွယ်လိုက်၏။ ထိုအချိန်တွင် လီ၏ အင်အားမှာ အလွန်ပြည့်ဝနေခဲ့လေရာ တိုက်ခိုက်မှုအတော်များများကို ကာကွယ်နိုင်လိုက်၏။

"ချွင်"

စုချန်း ပစ်ပေါက်လိုက်သော ပစ္စည်းတခုသည် လီ၏ တုတ်ချောင်းနှင့် ထိခတ်မိချိန်ဝယ် ထူးဆန်းသော အသံတမျိုး ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ထိုအရာကို လီက လျှို့ဝှက်လက်နက်တခုဟု ယူဆလိုက်သည်။ သို့သော် ၎င်းမှာ လက်နက်မဟုတ်။ သတ္တုအပိုင်းအစတခုသာ ဖြစ်နေ၏။ ထိုသတ္တုအပိုင်းအစကိုကြည့်ရင်း လီအတော်လေး စိတ်သက်သာရသွား၏။ သူက အားရပါးရ ရယ်မောကာ ပြောလိုက်လေသည်။

"ဟား ဟား ဟား မင်းကိုကြည့်ရတာ အကြံကုန် ဂဠုန်ဆားချက်နေပါပေါ့လားကွ သုံးစရာ နည်းဗျူဟာကုန်သွားတော့ ငွေကြယ်သတ္တုကိုတောင် လက်နက်အဖြစ် သုံးနေပါလား"

ပြောပြောဆိုဆို သူက မူလစွမ်းအင်တုတ်ချောင်းကို အသုံးပြုကာ စုချန်းအား တချက်လွှတ်တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ သို့သော် စုချန်းကား ဂရုစိုက်ဟန်မတူ။ လီကိုကြည့်ရင်း အားရပါးရ ရယ်မောလိုက်၏။

"ကြည့်ရတာ တကယ်တမ်းသေရမဲ့လူက ခင်ဗျားနဲ့တူတယ်"

စုချန်း၏စကားကြောင့် လီ မှင်သက်သွား၏။ သူ့နှလုံးသားအတွင်းမှလည်း ဖော်မပြနိုင်သော ခံစားချက်တမျိုး ပေါ်ပေါက်လာ၏။ ထိုခံစားချက်သည် မည်သို့သော ခံစားချက်မျိုးမှန်း တိတိပပ မခွဲခြားနိုင်ခင်မှာပင် လီ၏ နောက်ကျောမှ ပြင်းထန်သော နာကျင်မှုတရပ်ကို ခံစားလိုက်ရတော့သည်။ နာကျင်မှုနှင့်အတူ လီက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်လေရာ ကြီးမားလှသော အစွယ်ကြီးတချောင်းသည် သူ့နောက်ကျောမှ ရင်ဘတ်သို့တိုင် စိုက်ဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။ အစာကျူးလှသော ပိုးကောင်ကြီးသည် ငွေကြယ်သတ္တုကို မြင်သည်နှင့် အငမ်းမရ ထိုးဟပ်လိုက်လေရာ ကြားထဲမှ လီတယောက် ဓားစာခံ ဖြစ်သွားခြင်းပင်။ ပိုးကောင်ကြီး၏ ထိုးဟပ်လိုက်သော အရှိန်ကြောင့် လီသည်လည်း လေထဲသို့ လွင့်စင်သွား၏။

တချိန်တည်းမှာပင် စုချန်းက ကောင်းကင်ဝံပုလွေဓားနှင့် လီကို လှမ်းထိုးလိုက်၏။ ဓားသည် လီ၏ ကိုယ်ခန္ဓာကို နက်ရှိုင်းစွာ ထိုးဖောက်သွားတော့သည်။ လီကလည်း အချည်းနှီးတော့ အသေခံမည့် လူစားမျိုးမဟုတ်။ သူက ချက်ချင်းပင် စွမ်းအင်တုတ်ချောင်းနှင့် စုချန်း၏ ဝမ်းဗိုက်ကို ပြန်ထိုးလိုက်၏။ ထိုးနှက်ချက်ကြောင့် စုချန်း၏ အူနံရံများသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူ့ပါးစပ်မှလည်း သွေးများ တလဟော စီးကျလာတော့သည်။ ထိုအချိန်တွင် အခြားတဖက်မှ သံမဏိကလည်း ဝင်ရောက်တိုက်ခိုက်လိုက်၏။ အနက်ရောင်မျဉ်းကြောင်းဓားသည် လီ၏ လည်မျိုကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ဘယ်ဖက်လက်ကလည်း လီ၏ရင်ဘတ်ကို ထိုးနှက်လိုက်၏။

ထိုအခါ စုချန်းသည် လွတ်နေသော ဘယ်ဖက်လက်နှင့် နောက်ထပ် မူလစွမ်းအင်ဓားမြောင်တချောင်းကို ဆွဲထုတ်ပြီး လီကို ထိုးနှက်လိုက်၏။ ဓားမြောင်တွင် စုစည်းထားသည့် မူလစွမ်းအင်များသည် လီ၏နားထင်ကို ထိုးဖောက်ဝင်ရောက်သွားလေသည်။ သို့တိုင်အောင် လီသည် မသေနိုင်သေးပဲ တောင့်ခံထားဆဲပင်။ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ပညာရှင်တယောက်၏ ခံနိုင်ရည်မှာကား အံသြစရာပေတကား။ သူသည် အဆိပ်ဝံပုလွေလက်သည်းကို နှိုးဆွပြီး စုချန်း၏ ဝမ်းဗိုက်ကို လှမ်းထိုးလိုက်၏။ လီ၏ ထိုးနှက်ချက် မည်မျှပြင်းထန်သနည်း ဆိုရသော် ၎င်း၏ လက်တဝက်ခန့်သည် စုချန်း၏ ဝမ်းဗိုက်အတွင်းသို့ မြုပ်ဝင်သွားလေသည်။

ဤသို့နှင့် လူသုံးယောက်၊ လက်ခြောက်ဘက်သည် တယောက်ကိုတယောက် တပြန်တလှည့် ဆုပ်ကိုင်ကာ အသက်လုနေကြ၏။ အချိန် မည်မျှ ကြာသွားသည်မသိ၊ လှုပ်ရှားမှုများသည် တဖြည်းဖြည်း ငြိမ်သက်သွား၏။ အတန်ကြာသော် လီ၏ ဦးခေါင်းကို အောက်ကို စိုက်ခနဲဖြစ်သွားကာ လုံးဝ ပြန်မော့မလာတော့။ ဤတကြိမ်တွင်ကား လီ အမှန်တကယ် သေဆုံးသွားခဲ့လေပြီ။

All Chapters