ရတနာများ
Vol. 9 Ch. 83
ရက်စက်ကြမ်းကြုတ်လှသော အသက်လုပွဲနောက်တွင်ကား လီတယောက် အသက်ပျောက်သွားခဲ့လေပြီ။ လီသေဆုံးသွားသည်နှင့် စုချန်းတို့နှစ်ယောက်သည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ထိုင်ချမိတော့သည်။
စုချန်း၏ဒဏ်ရာမှာကား အတော်လေး ပြင်းထန်လှ၏။ ထိုနည်းတူစွာ သံမဏိမှာလည်း အခြေအနေ မဟန်လှ။ ၎င်းသည် အလွန်လေးလံလှသော ဝတ်စုံကို ဝတ်ဆင်ထားရသည့်အပြင် အနက်ရောင်မျဉ်းကြောင်းဓားကို အင်အားထုတ်ကာ သုံးစွဲခဲ့ရ၏။ တဖန် လီ၏ ပုံရိပ်ယောင်များကြောင့် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားခဲ့လေရာ ပင်ပန်းနွမ်းနယ်မှုကြောင့် နေရာမှာပင် လဲကျသေဆုံးသွားမတတ် အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။
စုချန်းသည် သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကို သွေးတိတ်သွားစေရန် ပိတ်ဆို့ထားလိုက်၏။ သံမဏိမှာကား စုချန်းကို မကူနိုင်။ ကူဖို့ဝေးစွ၊ ၎င်းသည် လက်တချောင်းကိုပင် မြောက်ရန်မတတ်နိုင်ရှာ။ မည်သို့ဆိုစေ ကနဦးတိုက်ပွဲတွင် အသုံးပြုသွားခဲ့သည့် လီ၏အင်အားမှာကား ထိတ်လန့်စရာ ကောင်းလှသည်။ စုချန်းအနေနှင့်လည်း စွမ်းအားနယ်ပယ် ကွာခြားမှုအပေါ်မူတည်၍ ချီစွမ်းအားပညာရှင်များ၏ စွမ်းရည် မည်မျှ ကွဲပြားခြားနားသွားသနည်းဟူသည့်အချက်ကို ယခင်ကထက် ပို၍ နားလည်သဘောပေါက်သွားခဲ့လေပြီ။
အမှန်တော့ စုချန်းသည် ဤတိုက်ပွဲအတွက် လိုလေသေးမရှိအောင် စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင်ထားခဲ့၏။ အကယ်၍ သူသည် သန့်ရှင်းစင်ကြယ်ခြင်းပုတီးစေ့၊ မူလစွမ်းအင်ပုံစံငွေပြား၊ မူလစွမ်းအင်ဓားမြောင်၊ နှလုံးသားကာကွယ်ခြင်းကြေးမုံ၊ တိမ်တိုက်ခြေလှမ်းဖိနပ်၊ များပြားလှသော မုူလစွမ်းအင်အဆောင်လက်ဖွဲ့များနှင့် စာလိပ်များ စသည့်ပစ္စည်းများကိုသာ ငွေကြေးနှမြောပြီး ဝယ်ယူခြင်းမရှိခဲ့လျင် ဤတိုက်ပွဲကို အနိုင်ရရန် မည်သည့် အခွင့်အရေးမျှ မရှိချေ။ ထို့ကြောင့် ဤနေရာတွင် လီ၏သေဆုံးမှုသည် စုချန်း၏အင်အားကြောင့် မဟုတ်ပဲ သူ၏ ညဏ်ရည်ညဏ်သွေးနှင့် ချမ်းသာကြွယ်ဝခြင်းကြောင့်ဟုပင် ဆိုနိုင်၏။
စုချန်းသည် လီနှင့်မတိုက်ခိုက်မီကပင် ညတစ္ဆေထံတွင် လီအကြောင်းကို စေ့စေ့စပ်စပ် မေးမြန်းခဲ့၏။ ထို့နောက် လီ၏ စွမ်းရည်များ၊ လက်နက်များ၊ တိုက်ခိုက်ရေးနည်းလမ်းများကို ဂရုတစိုက် မှတ်သားခဲ့၏။ ထို့နောက်သူသည် ထိုစွမ်းရည်များကို ချေဖျက်ပြီး တန်ပြန်တိုက်ခိုက်နိုင်သည့် ပစ္စည်းများကို ငွေကြေးအမြောက်အများ အသုံးပြု၍ ဝယ်ယူခဲ့လေသည်။ လီမှာကား စုချန်းနှင့် ဆန့်ကျင်ဘက်သာဖြစ်သည်။ သူသည် အမှားများ တခုပြီးတခု ကျူးလွန်ခဲ့သည့်အပြင် စုချန်း မျက်မမြင် ဟုတ်မဟုတ်ပင် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိခဲ့။ ရန်သူတော်နှစ်ဦးအကြားဝယ် ကြိုတင်ပြင်ဆင်မှုခြင်းက ကွာခြားလှပေရာ မိမိထက် အင်အားနည်းပါးသူ စုချန်း၏ လက်ဝယ်တွင် လီတယောက် အသက်ပျောက်ခဲ့ရခြင်းမှာ အံ့သြစရာ မဟုတ်တော့။
ဤတိုက်ပွဲမှနေ၍ လျှို့ဝှက်ချက်များကို ထိမ်းသိမ်းရန် မည်မျှ အရေးကြီးကြောင်း စုချန်း သဘောပေါက်သွား၏။ သူ့အနေနှင့် နောင်အခါတွင် ယခုထက်ပို၍ လျှို့ဝှက်စွာ နေထိုင်သွားတော့မည် ဖြစ်သည်။ အကြင်သူသည် မိမိ၏အင်အားကို ပို၍ ထုတ်ဖော်မိလေလေ၊ တဖက်လူသည် မိမိကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများကို ပို၍ တွေ့ရှိလေလေပင် ဖြစ်သည်။ သို့သော်ငြားလည်း လက်ရှိတွင် ထိုကိစ္စများမှာ အရေးမကြီးလှသေး။ လတ်တလော စုချန်းအတွက် အရေးအကြီးဆုံးအလုပ်မှာ လီကိုယ်ခန္ဓာမှ တိုးထွက်လာသည့် မူလစွမ်းအင်များကို စုပ်ယူရန်သာ ဖြစ်သည်။
မူလချီစွမ်းအားရှင်တယောက် သေဆုံးသွားသည်နှင့် ၎င်း၏ပတ်ပတ်လည်တွင် မူလစွမ်းအင်အလင်းစက်မှုန်များ ပျံ့လွင့်နေတတ်ကြောင်း စုချန်း ကြိုတင်သိရှိပြီးသားပင်။ အကယ်၍ ဤနေရာတွင် တခြားလူများသာ ရှိနေခဲ့လျင် စုချန်းအနေနှင့် ထိုအလင်းစက်မှုန်များကို စုပ်ယူနိုင်စွမ်းရှိလိမ့်မည်မဟုတ်။ ယခုတွင်ကား စုချန်းဘေးနားတွင် သံမဏိတယောက်သာ ရှိလေရာ လျှို့ဝှက်ဖုံးကွယ်နေရန် မလိုလှ။ ထို့နောက် စုချန်းသည် သံမဏိ၏ ရွှေရောင်ဝတ်စုံကို ချွတ်ပေးလိုက်ပြီး သူ့တပည့်ကျော်တယောက် မူလစွမ်းအင်အလင်းစက်မှုန်များကို စုပ်ယူနိုင်စေရန် ကူညီပေးလိုက်၏။ ထို့နောက် ဆရာတပည့်နှစ်ယောက်သည် လီ၏ ကိုယ်ခန္ဓာမှ တိုးထွက်လာသော အလင်းစက်မှုန်များကို တက်ညီလက်ညီနှင့် စုပ်ယူကြလေသည်။ အတန်ကြာသော် သူတို့နှစ်ဦးလုံးလိုလိုသည် ကုန်ဆုံးသွားသော စွမ်းအင်တချို့ကို ပြန်လည်ရရှိလာ၏။
သံမဏိကို ကြည့်ရသည်မှာ ပြီးဆုံးခဲ့သည့် တိုက်ပွဲအကြောင်းကို ပြန်လည်သုံးသပ်နိုင်သေးပုံမရ။ သူက မူလစွမ်းအင်များကို စုပ်ယူရင်း ပြောလိုက်သည်။
"သခင်...သခင်...ကျုပ်တို့ သွေးဆူပွက်ခြင်းပညာရှင်တစ်ယောက်ကို သတ်နိုင်လိုက်ပြီဗျ...သတ်နိုင်လိုက်ပြီ"
"သတ်လိုက်တာတော့ မှန်တာပေါ့ ဒါပေမဲ့ ဘာမှဂုဏ်ယူစရာ မရှိပါဘူးကွာ"
စုချန်းက မူလစွမ်းအင်အလင်းစက်မှုန်များကိုသာ အာရုံစိုက် စုပ်ယူရင်း ပြောလိုက်သည်။ သူ့စကားအတိုင်းပင် စုချန်း၏ မျက်လုံးများသည် ပကတိတည်ငြိမ်နေ၏။ မည်သည့် ဂုဏ်ယူဝင့်ကြွားဟန်မှ ရှိနေပုံမရပေ။ တကယ်လည်း ဂုဏ်ယူစရာတော့မဟုတ်။ လီကို အနိုင်ရရှိရန် သူ့အနေနှင့် ကြိုတင်ပြင်ဆင်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရသလို ငွေကြေးမြောက်များစွာ ကုန်ကျခံခဲ့ရသည်မဟုတ်ပါလား။ ဤသို့ပြင်ဆင်ခဲ့သည့်အတိုင်အောင် လီသည် သူ့ကို ဒဏ်ရာရရှိစေအောင် စွမ်းဆောင်နိုင်ခဲ့သေး၏။
ထိုအခါ သံမဏိက သူ့ခြေထောက်ရှိ တိမ်တိုက်ခြေလှမ်းဖိနပ်များကို ချွတ်ရင်း ပြောလိုက်သည်။ ထိုဖိနပ်များမှာကား တိုက်ပွဲပြီးဆုံးသည့်နောက် ကျိုးပဲ့သွားခဲ့လေပြီ။
"ဒါက အစပဲရှိပါသေးတယ် သခင်..နောက်ဆိုရင် သခင်ဟာ ကိုယ့်ထက် အဆင့်မြင့်တဲ့လူတွေကိုတောင် အနိုင်ရရှိမှာ သေချာနေပါတယ်ခင်ဗျ"
သံမဏိ၏စကားကြောင့် စုချန်းက ရယ်မောလိုက်သည်။
"မင်းက ငါ့ကို အဲလောက်တောင် ယုံကြည်နေတာလားကွ ဟေ"
သံမဏိက ခေါင်းကို ဆတ်ခနဲညိတ်လိုက်သည်။ သူပုံစံမှာ စုချန်းကို မြှောက်ပင့်ပြောဆိုနေခြင်းမဟုတ်ပဲ သူ့စကားအတိုင်း အမှန်တကယ် ယုံကြည်နေကြောင်း ပေါ်လွင်နေ၏။
ထိုအခါက စုချန်းကပြောလိုက်၏။
"ကောင်းပြီ မင်းပြောတာ ငါယုံကြည်ပါတယ် မင်းပြောတဲ့အတိုင်း တနေ့ဖြစ်လာအောင် ငါလုပ်မှာပါကွာ"
aပြောပြောဆိုဆို သူက ဝမ်းဗိုက်ကို လက်ဖြင့်တင်းကျပ်စွာဖိရင်း မတ်တပ်ရပ်လိုက်သည်။ သူ့ဝမ်းဗိုက်ရှိဒဏ်ရာသည် အစွမ်းထက်ဆေးဝါးများကြောင့် အတော်လေး သက်သာနေခဲ့ပေပြီ။ သို့သော် အဆိပ်ဝံပုလွေလက်သည်းမှာ နှယ်နှယ်ရရမဟုတ်။ ထို့ကြောင့် ဒဏ်ရာ လုံးဝပျောက်ကင်းစေရန်မှာကား အချိန်ယူရပေအုံးမည်။ မည်သို့ဆိုစေ နာကျင်မှုများမှာကား သိသိသာသာပင် လျော့နည်းလာ၏။ ထို့နာက် သူက စကားဆက်သည်။
"ကဲ ငါတို့နှစ်ယောက်လုံး အသက်ပျောက်မတတ် တိုက်ခိုက်ခဲ့ရတဲ့ ရတနာတွေ ဘယ်လောက်ရှိသလဲ သွားကြည့်ရအောင် တကယ်လို့ လီမင်းတန်ဟာ ပစ္စည်းနည်းနည်းပဲ ထားခဲ့တယ်ဆိုရင်တော့ ဒီတပွဲမှာ ငါတို့နှပ်ပစ်ခံရပြီလို့ သတ်မှတ်ရတော့မှာပဲ"
စုချန်း ပြောမည်ဆိုလျင်လည်း ပြောလောက်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲအတွက် မူလကျောက်တုံး သုံးသောင်းခန့်အထိ သူ ထုတ်နှုတ်သုံးစွဲခဲ့ရသည် မဟုတ်ပါလား။ ယခုဆိုလျင် သူ့တွင် မူလကျောက်တုံး များများစားစား မကျန်ရှိတော့ပေ။ တဖန် သူ့အနေနှင့် လီထံမှ မည်သည့်အမြတ်အစွန်းမျှ မရရှိခဲ့ပေ။ လီပိုင်ဆိုင်သော မူလကိရိယာများအားလုံးသည် ကျိုးပဲ့သွားခဲ့ပြီဖြစ်သလို ကျန်မူလစွမ်းအင်သုံးပစ္စည်းများမှာလည်း သုံးစွဲပြီးခဲ့လေပြီ။ ထို့ကြောင့် လီထံမှရရှိသော ပစ္စည်းများ၏တန်ဖိုးမှာ မူလကျောက်တုံးတရာမျှသာ တန်ကြေးရှိလေသည်။
ဒုတိယမြောက် လျှို့ဝှက်အခန်းတွင်း၌ကား ကြီးမားလှသည့် သံသေတ္တာကြီးတလုံးရှိနေ၏။ ထိုအခါ စုချန်းက သံမဏိကို ရွှေရောင်ဝတ်စုံ ဝတ်ဆင်စေကာ သံသေတ္တာကို ဖွင့်ခိုင်းလိုက်၏။ ဤတကြိမ်တွင်ကား မည်သည့်လျှို့ဝှက်လက်နက်မျှ မတွေ့ရ။ ထိုအစား ရွှေငွေရတနာများနှင့် ကျာက်သံပတ္တမြားများကိုသာ တွေ့ရှိလိုက်ရ၏။ ကျောက်သံပတ္တမြားများမှာ သိပ်မများလှ။ ထိုအထဲမှ တချို့မှာ ရှားပါးပြီး တန်ဖိုးကြီးမားကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ သေတ္တာအတွင်းရှိ ရတနာများ၏တန်ဖိုးမှာ ခန့်မှန်းချေ ရွှေစင်ငါးသောင်းဖိုးခန့် ရှိလိမ့်မည်ဟု ယူဆရ၏။ ထိုအခါ အပြင်ခန်းရှိ ရွှေစင်နှစ်သောင်းဖိုးနှင့် ရွှေရောင်နာမတော်အလုပ်ရုံတွင် စုချန်းရရှိခဲ့သော ရွှေစင်သုံးသောင်းဖိုး ထည့်ပေါင်းလိုက်လျင် လီမင်းတန်၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ရွှေစင်တသိန်းအထိ ဖြစ်လာ၏။
သို့သော်...
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တယောက်၏ ပိုင်ဆိုင်မှုမှာ ရွှေစင် တသိန်းဟုဆိုလျင် မည်သို့မျှ ယုတ္တိမတန်ပေ။ မဖြစ်နိုင်။ တခုခုတော့ လွှဲမှားနေခဲ့လေပြီ။ စုချန်း၏ သံသယမှာ တဖြည်းဖြည်း ကြီးထွားလာနေ၏။ လီမင်းတန်၏ပိုင်ဆိုင်မှုသည် ဤမျှမက ရှိပေအုံးမည်။ ထိုအခါ စုချန်းသည် အခန်းတခုလုံးကို မွှေနှောက်ရှာဖွေလိုက်၏။ နောက်ဆုံးတွင်ကား အခန်းထောင့်တနေရာတွင် မြေကြီးများနှင့် ဖုံးအုပ်ထားသော လက်စွပ်တကွင်းကို စုချန်း တွေ့ရှိလိုက်၏။ လက်စွပ်သည် အနက်ရောင်ဖြစ်ပြီး ဆွဲဆောင်ဖမ်းစားနိုင်သည့် ဟန်ပန်မရှိ။ သို့သော် ၎င်းကိုစိုက်ကြည့်ရင်း စုချန်း၏နှလုံးသားသည် ပြင်းထန်စွာ တုန်ယင်လာတော့သည်။
မြတ်စွာဘုရား။ မူလလက်စွပ်ပေတကား။ မူလလက်စွပ်ဟူသော နာမည်အတိုင်းပင် အနှီလက်စွပ်သည် စစ်မှန်သော လေဟာနယ်လက်စွပ်အမျိုးအစားဖြစ်ပြီး မူလကိရိယာများ၊ မူလကျောက်တုံးများကို သိမ်းဆည်းနိုင်၏။ ဤလက်စွပ်သာရှိပါက စုချန်းအနေနှင့် မူလကိရိယာများနှင့် မူလကျောက်တုံးများကို ယခင်ကဲ့သို့ သယ်ဆောင်ရန်မလုအပ်တော့ပဲ လက်စွပ်အတွင်း၌ ထည့်သွင်းသိမ်းဆည်းထားနိုင်လေသည်။ ပို၍ အရေးကြီးသည်မှာ ဤလက်စွပ်၏ သယ်ဆောင်နိုင်သောပမာဏမှာ ပို၍များပြားလာသဖြင့် စုချန်းအနေနှင့် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသိမ်းဆည်းလာနိုင်ပေလိမ်ၤ့မည်။
ထို့နောက်တွင်ကား စုချန်းက လက်စွပ်ကိုစစ်ဆေးကြည့်လိုက်ရာ အတွင်း၌ မူလကျောက်တုံးအများအပြားကို တွေ့ရှိလိုက်ရ၏။ ပို၍ဝမ်းသာစရာကောင်းသည်မှာ ထိုကျောက်တုံးများသည် အလယ်အလတ်အဆင့် မူလကျောက်တုံးများ ဖြစ်နေခြင်းပင်။ အလယ်အလတ်အဆင့် မူလကျောက်တုံး တတုံးကျစီသည် အဆင့်နိမ့်မူလကျောက်တုံး တရာနှင့် ညီမျှ၏။ လက်စွပ်အတွင်း၌ အလယ်အလတ်အဆင့် မူလကျောက်တုံး တထောင်ခန့်ရှိလေရာ စုချန်းအနေနှင့် အဆင့်နိမ့်မူလကျောက်တုံး တသိန်းခန့်ရရှိသွားပြီဟု ဆိုနိုင်လေသည်။
ထိုမျှသာမကသေး လက်စွပ်အတွင်း၌ အလွန်ရှားပါးသော ဆေးဘက်ဝင်အပင်တချို့၊ မူလသလင်းကျောက်တချို့နှင့် နတ်ဆိုးသတ္တဝါ၏ အရိုးတို့လည်း ရှိနေ၏။ နတ်ဆိုးသတ္တဝါ၏ အရိုးဟူသည်မှာကား မည်သည့်နတ်ဆိုးသတ္တဝါထံမှ ထုတ်ယူထားသနည်းဟူသော အချက်ပေါ်မူတည်၍ များစွာကွဲပြားခြားနားသွားနိုင်၏။ အဆိုပါအရိုးတွင် မှန်းဆ၍မရနိုင်သော စွမ်းအားတချို့ရှိနေပြီး သွေးဗီဇဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်၏။ လက်စွပ်အတွင်းရှိ နတ်ဆိုးသတ္တဝါအရိုးမှာကား သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ထူးဆန်းသော ဖိအားတချို့ကို ထုတ်လွှတ်ပေးနေ၏။ ထို့ကြောင့် အနှီအရိုးသည် အလွန်တရာ အစွမ်းထက်သော နတ်ဆိုးသတ္တဝါတကောင်၏ အရိုးမှန်း သိသာနေလေသည်။ အဆိုပါအရိုးတခုတည်းနှင့်ပင် မူလကျောက်တုံး တသိန်းခန့် တန်ကြေးရှိနေခဲ့လေပြီ။ ကျန်ဆေးပင်များနှင့် သလင်းကျောက်များ၏ တန်ဖိုးကလည်း မူလကေက်တုံး တသိန်းခန့် တန်ကြေးရှိနိုင်၏။
ထို့ကြောင့် လက်စွပ်အတွင်းရှိ ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ စုစုပေါင်း မူလကျောက်တုံး သုံးသိန်းခန့် တန်ကြေးရှိလေသည်။ တဖန် မူလလက်စွပ်တခုတည်း၏ တန်ဖိုးကလည်း မနည်းလှ။ မူလကျောက်တုံး နှစ်သောင်းခန့် တန်ကြေးရှိ၏။ တဖန် သံသေတ္တာအတွင်းရှိ ရွှေငွေကျောက်မျက်ရတနာများပါ ထည့်ပေါင်းလိုက်လျင် စုချန်းအဖို့ စုစုပေါင်း မူလကျောက်တုံး လေးသိန်းအထိ ရရှိသွားပြီဖြစ်သည်။ စုချန်းအနေနှင့် လီမင်းတန်၏ စစ်မှန်သောရတနာသိုက်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့လေပြီ။
ထိုစဉ် တစုံတရာကို စဉ်းစားတွေးတောမိဟန်ဖြင့် စုချန်းက ရယ်မောလိုက်သည်။ သူ့တွင် နဂိုကတည်းက မူလကျောက်တုံး နှစ်သိန်းခွဲခန့်အထိ ချမ်းသာကြွယ်ဝပြီးဖြစ်သည်။ ယခုတဖန် လီမင်းတန်၏ ပစ္စည်းများပါ ထည့်ပေါင်းလိုက်လျင် စုချန်း၏ ချမ်းသာကြွယ်ဝမှုသည် အလယ်အလတ်အဆင့်ထိ ရောက်ရှိလာခဲ့လေပြီ။
ထို့နောက် စုချန်းသည် လီ၏အလောင်းကို မည်သည့်သဲလွန်စမျှပင် မကျန်အောင် ဖျက်ဆီးလိုက်၏။ လျှို့ဝှက်အခန်းကိုလည်း မူလအခြေအနေအတိုင်း ပြန်ထားလိုက်၏။ သဲလွန်စမှန်သမျှကို စိတ်ကျေနပ်အောင် ဖျောက်ဖျက်ပြီးသည့်နောက်ပိုင်းတွင်ကား စုချန်းသည် သံမဏိကိုခေါ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ သူတို့နှစ်ယောက်သည် အရိပ်တောင်မှ ထွက်ခွာလာခဲ့ပြီး ညတွင်းချင်းပင် မြောက်ပိုင်းမြို့တော်သို့ အရောက်ပြန်ခဲ့ကြ၏။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည့်အချိန်တွင် ရောင်နီပင်သန်းနေခဲ့လေပြီ။ တလောကလုံးသည် အလွန် သာယာလှပနေ၏။
စုခြံဝင်းသို့ ပြန်လည်ရောက်ရှိသည်နှင့် စုချန်းသည် ကိုယ်လက်သန့်စင်လိုက်၏။ ထို့နောက် သူက ကျူးဟုန်ကိုခေါ်ကာ အမိန့်ပေးလိုက်လေသည်။
"ခင်ဗျား မြို့အနောက်ဘက်ဂိတ်ကိုသွား ပြီးရင် အဲဒီမှာ လူတယောက်ကို စောင့်"
ကျူးဟုန်က
"ဘယ်သူ့ကိုစောင့်ရမှာလဲ သခင်လေး"
စုချန်းက
"ကျန်းစုန်း"
ကျန်းစုန်းဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် ကျူးဟုန် မျက်လုံးပြူးသွား၏။ စုချန်းက စကားဆက်သည်။
"ခင်ဗျား သူ့ကိုတွေ့တာနဲ့ ချက်ချင်း ပြန်လာခဲ့ ဘာမှသွားမပြောနဲ့ ခင်ဗျား ပြန်ရောက်တာနဲ့ တံခါးဝမှာ မင်ချူးကို စောင့်ခိုင်းထားမယ် ဒီသတင်းကို မင်ချူးကို ပြောပြီးတာနဲ့ ခင်ဗျား နားလို့ရပြီ တခုတော့ရှိတယ် ဒီသတင်းကို မင်ချူးကလွဲရင် တခြား ဘယ်သူ့ကိုမှတော့ မပြောမိစေနဲ့"
ကျူးဟုန်က စုချန်း၏အမိန့်ကို နာခံရင်း ချက်ချင်းထွက်ခွာသွား၏။ ထိုအခါ စုချန်းက မင်ချူးကိုခေါ်ကာ နောက်ထပ် အမိန့်တချို့ ပေးလိုက်ပြန်သည်။
အမှန်တော့ စုချန်းသည် အလွန်မောပန်းနေခဲ့လေပြီ။ သူသည် နှစ်ရက်တိုင်တိုင် အနားမယူပဲ တိုက်ခိုက်နေခဲ့ရ၏။ ချီစွမ်းအားရှင်တယောက်ပီပီ မူလစွမ်းအင်များကိုစုပ်ယူကာ မိမိဒဏ်ရာကို ကုသပေးနိုင်သော်လည်း ယခုတကြိမ်တွင်ကား စုချန်း မဟန်နိုင်တော့။ သူ့အနေနှင့် မဖြစ်မနေ အနားယူဖို့ လိုအပ်နေခဲ့လေပြီ။ ထို့နောက်တွင်ကား စုချန်းသည် ပေးစရာရှိသည့် အမိန့်တို့ကို ပေးပြီးသည်နှင့် မျက်ခွံများ တဖြည်းဖြည်း လေးလံလာကာ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။