လျှို့ဝှက်သောအကြံအစည်
Vol. 9 Ch. 84
စုချန်းသည် အလွန်တရာ မောပန်းနေခဲ့လေရာ အိပ်စက်ရသည်မှာ အလွန်တရာ အရသာရှိလွန်းလှပေ၏။ အိပ်ပျော်နေရင်းနှင့်ပင် သူသည် အိပ်မက်တခု မက်နေလေသည်။ အိပ်မက်ထဲ၌ သူသည် ပုန်းအောင်းနေသော နဂါးကျောင်းတော်၏ ကျောင်းသားတယောက် ဖြစ်နေပြီး လောင်စန်းတနိုင်ငံလုံးကပင် ကောင်းကင်ဘုံမှ ရွေးချယ်ခံထားရသော ကျောင်းသားဟု အသိအမှတ်ပြုခံထားရသူတယောက် ဖြစ်နေ၏။ ထူးခြားဆန်းကြယ်လှသော မျက်လုံးများ၏အကူအညီနှင့် သူ့တိုးတက်မှုမှာကား အံ့မခန်းပင်တည်း။
ထို့နောက်တွင်ကား သူသည် ရှေးဟောင်းသတ္တဝါဆိုးတကောင်၏ သွေးဗီဇကို ဆက်ခံနိုင်ခဲ့ကာ အခက်အခဲများအားလုံးကိုကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ရုံမက ကုချိန်းလွှာနှင့်ပင် လက်ထပ်နိုင်ခဲ့လေသည်။ သူ့ဘဝ၏ အပျော်ဆုံးဟု ယူဆရမည့်အချိန်တွင် သားရဲသတ္တဝါဆိုးများ ရောက်ရှိလာ၏။ စုချန်းသည် သားရဲသတ္တဝါဆိုးများ၏ ခေါင်းဆောင်အား အနိုင်ယူကာ သားရဲသတ္တဝါဆိုးများအား နိုင်ငံပြင်ပသို့ မောင်းထုတ်နိုင်ခဲ့၏။ သို့သော် ထိုအောင်မြင်မှုမှာ အခိုက်အတန့်မျှသာ ဖြစ်ပုံရသည်။ ယခင်အုပ်စုထက် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော သတ္တဝါဆိုးများ ထပ်မံ ဝင်ရောက်လာပြန်၏။
နောက်ထပ်ရောက်ရှိလာသော သတ္တဝါဆိုးများသည်ကား အလွန်ကြီးမားလှပြီး သတ္တဝါဆိုးတကောင်စီတိုင်းသည် တောင်ငယ်တလုံးစာမျှပင် ရှိကြ၏။ ၎င်းတို့ ခြေတလှမ်းလှမ်လိုက်တိုင်း မြေငလျင်လှုပ်သွားသကဲ့သို့ ခံစားရလေသည်။ စုချန်းသည် ၎င်းတို့ကို မောင်းထုတ်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့၏။ ထိုအခိုက်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ ကြီးမားသော လက်ကြီးနှစ်ချောင်း ထွက်ပေါ်လာပြီး စုချန်းကို ဖမ်းဆုပ်ရန် ကြိုးစားလာတော့သည်။ သူ့အနေနှင့် ထွက်ပြေးရန် လမ်းမရှိတော့။ သူ့တကိုယ်လုံးသည် တုန်ခါနေပြီး အသက်ရှုကျပ်လာ၏။ ထိုစဉ်...
"သခင်လေး သခင်လေး"
မင်ချုး၏ခေါ်သံကို ကြားလိုက်ရ၍ စုချန်း ဖြတ်ခနဲလန့်နိုးလာ၏။
"အား"
စုချန်းက ကျယ်လောင်စွာအော်ဟစ်ပြီး ဝုန်းခနဲထထိုင်ကာ မင်ချူး၏ လည်မျိုကို ဖမ်းဆုပ်လိုက်၏။ မင်ချူးခမျာ အလွန် လန့်ဖျတ်သွားရှာ၏။ သူ့မျက်လုံးများသည် ဝိုင်းဝိုင်းလည်နေပြီး အသက်ရှုကျပ်သောအသံနှင့် စုချန်းကို တောင်းပန်လိုက်၏။
"သ...သခင်လေး...မင်...မင်ချူးပါ....လွှတ်ပါဗျ"
မင်ချူးဟူသော နာမည်ကိုကြားသည်နှင့် စုချန်းက လက်ကို လျင်မြန်စွာ လွှတ်ပေးလိုက်သည်။ မင်ချူးခမျာမှာကား နာကျင်သွားသော လည်မျိုကို ပွတ်သပ်ရင်း စုချန်းကို မဝံ့မရဲနှင့် အပြစ်တင်လိုက်၏။
"အောင်မလေး သခင်လေးရယ် သေတော့မလို့ သခင်လေး ကျွန်တော့ကို ပြန်သတင်းပို့ခိုင်းတာ သတ်ဖို့များလားတောင် ထင်မိတယ်"
စုချန်းမှာ သခင်ပင်ဖြစ်သော်ငြား မိမိအမှားကို တောင်းပန်ရန် ဝန်မလေးသူဖြစ်လေရာ ချက်ချင်းပင် မင်ချူးကို တောင်းပန်လိုက်၏။
"အေးကွာ မတော်တဆဖြစ်သွားတာပါ ငါ အိပ်မက်ဆိုးတွေ မက်နေလို့ကွ"
တဆက်တည်းမှာပင် သူက မင်ချူးကို မေးခွန်းထုတ်လိုက်၏။
"သူ ရောက်လာပြီလား"
မင်ချူးက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်၏။
"ကျူးဟုန်က သူ့ကို မြို့ဝင်ဂိတ်မှာ တွေ့ခဲ့ပါတယ် ဒါ့အပြင် သူဟာ မြင်းစီးလာတာမဟုတ်ပဲ ခြေလျင်ပဲ ပြန်လာတာတဲ့ သခင်လေး...တကိုယ်လုံးမှာလည်း အညိုအမဲစွဲလို့ လူကလည်း သနားစရာကောင်းလှအောင် စုတ်ပြတ်နေတာပါပဲတဲ့ခင်ဗျာ ကြည့်ရတာ သူ့ပုံစံဟာ မနေ့ညနေက မြောင်းထဲပြုတ်ကျလာတဲ့ပုံစံပေါက်နေပြီး အဝတ်အစားတွေဟာလည်း အကုန် စုတ်ပြဲနေတယ်လို့ဆိုပါတယ် ဒါပေမဲ့ သူဟာ ကြိုးစားပမ်းစားတော့ ပြန်လာနေတာပါပဲ ဒါပေမဲ့ ပြန်ရောက်ဖို့တော့ နည်းနည်း ကြာပါအုံးမယ် ခင်ဗျာ"
ထိုအခါ စုချန်းက
"ဟုတ်ပြီ ခု ဘယ်အချိန်ရှိပြီလဲ မင်ချူး"
မင်ချူးက
"နေ့လည်စာစားချိန်ကို အတော်လေး ကျော်သွားပါပြီ သခင်လေး ဒါပေမဲ့ ဘာမှမလုပ်သေးခင် တခုခုများ စားအုံးမလား သခင်လေး"
စုချန်းက လက်ကာပြလိုက်၏။
"ရပါတယ်ကွာ မလိုပါဘူး"
သူ့စိတ်ထဲတွင်ကား ညတစ္ဆေကို ကြိတ်၍ချီးကျူးမိနေ၏။ ပေါတောတောနိုင်သာ ဤမိန်းကလေးသည် ဤမျှ စိတ်ချရလိမ့်မည်ဟု သူ မျှော်လင့်မထားချေ။ သူမသည် သူပြောထားသည့်အတိုင်း ကျန်းစုန်းကို နေမွန်းတည့်ချိန်နောက်ပိုင်းမှ ပြန်ရောက်လာအောင် အတိအကျ လုပ်ဆောင်ပေးနိုင်ခဲ့၏။ ထို့နောက် စုချန်းသည် အိပ်ယာမှထကာ ကိုယ်လက်သန့်စင်ရင်း မင်ချူးကို အမိန့်ပေးလိုက်၏။
"ကဲ ကျန်းစင်းကို သွားရှာပြီး ခြံဝင်းအဝင်ဝမှာ စောင့်ခိုင်းထားစမ်းကွာ တကယ်လို့ ကျန်းစုန်း ပြန်လာတာနဲ့ တိုးနေရင် အစောပိုင်းက ငါမှာထားတဲ့အတိုင်းသာ လုပ်ပေတော့ ဟုတ်ပြီလား"
"ကောင်းပါပြီ သခင်လေး"
စုချန်း၏ အမိန့်ရသည်နှင့် မင်ချူးသည် တခါတည်း ထွက်ခွာသွားလေ၏။ တခနအကြာ ကျန်းစင်း ရောက်ရှိလာ၏။ သူက မေးလိုက်သည်။
"သခင်လေး ဘာများအလိုရှိလို့ပါလဲခင်ဗျာ"
စုချန်းက ပြုံးလိုက်၏။
"ကျုပ် အခုပဲ ကောင်းမြတ်ခြင်းလက်ဆောင်အိမ်တော်ကို သွားမလို့ အဲဒါ ခင်ဗျားပါ တခါတည်း လိုက်ခဲ့"
စုချန်း၏စကားကြောင့် ကျန်းစင်း မျက်လုံးပြူးသွား၏။ အကြောင်းမှာ ကောင်းမြတ်ခြင်းလက်ဆောင်အိမ်တော် ဟူသည်မှာ စုခေါ့ကျိနေထိုင်သော အိမ်တော် ဖြစ်နေခြင်းကြောင့်ပင်။ အဘယ်ကြောင့် စုချန်းအနေနှင့် ရုတ်တရက် စုခေါ့ကျိဆီသို့ သွားလိုစိတ် ပေါ်ပေါက်လာသနည်း။ တဆက်တည်းမှာပင် စုချန်းက ရှင်းပြလိုက်သည်။
"ဒီလိုဗျ ကျုပ်အနေနဲ့ ဒုတိယဦးရီးတော်နဲ့ စကားပြောချင်လာလို့"
အင်း...ကြည့်ရတာ အတော် ထူးဆန်းတာပဲ သူတို့နှစ်ယောက်ကြားထဲမှာ ဘာများ ပြောစရာ ရှိနေသလဲမသိဘူး...
ကျန်းစင်းက စဉ်းစားနေ၏။ သို့သော် သူ့အမူအရာမှာကား အလွန်ရိုးကျိုးစွာ အမိန့်နာခံနေသော ပုံစံဖမ်းထားလေသည်။
________________×××________________×××_________
ကောင်းမြတ်ခြင်းလက်ဆောင်အိမ်တော်...
ဤယနေ့တွင် စုခေါ့ကျိသည် ခါတိုင်းကဲ့သို့ပင် ထူးဆန်းသော သဲနီတမျိုးနှင့် ပြုလုပ်ထားသည့် နွေဦးကျောက်သားဖန်ခွက်ကို ကိုင်ရင်း အိမ်တော်အနောက်ဘက်ရှိ ကြီးမားသော ကျောက်သားကုလားထိုင်ကြီးပေါ်တွင် လဲလျောင်းနေ၏။ သူ့နှုတ်ဖျားမှလည်း ဟွမ်ချီယွန်၏ ရတနာနန်းတော်ဟူသော တေးသွားတပုဒ်ကို ခပ်တိုးတိုး ငြီးဆိုနေလေသည်။ ထိုအခိုက်မှာပင် အစေခံတယောက်သည် အမောတကောနှင့် ပြေးလာပြီး စုခေါ့ကျိကို သတင်းပို့လိုက်၏။
"သခင်ကြီး...သခင်ကြီး....စတုတ္ထသခင်လေးက သခင်ကြီးနဲ့ တွေ့ချင်လို့တဲ့ ခွင့်တောင်းနေပါတယ် ခင်ဗျာ"
စုခါ့ကျိ အံ့သြသွား၏။ သူက ထိုင်နေရာမှ ဖြုန်းခနဲထရပ်ရင်း အစေခံကို မျက်လုံးကြီးပြူးကာ မေးမြန်းလိုက်သည်။
"ဘာကွ မင်း ဘာတွေလာပြောနေတာလဲ စတုတ္ထသခင်လေး ဟုတ်လား "
အစေခံက ထပ်မံ အစီရင်ခံလိုက်သည်။
"မှန်ပါတယ်ခင်ဗျာ စတုတ္ထသခင်လေးက သခင်ကြီးနဲ့ တွေ့ဆုံဖို့ ခွင့်တောင်းနေပါတယ်"
စုချန်း ဆိုပါလား...ဒီခွေးမသားလေး ဘာကြောင့်များ ငါ့ကို လာတွေ့တာပါလိမ့်...
စုခေါ့ကျိအနေနှင့် စုချန်း၏ လာရင်းကိစ္စကို မည်သို့မျှ မှန်းဆနိုင်စွမ်းမရှိပေ။ ခေတ္တမျှ မှိုင်တွေစဉ်းစားနေရင်း စုခေါ့ကျိက အစေခံကို လက်ပြလိုက်၏။
"သူ့ကို ခေါ်လာခဲ့ဟေ့"
အတန်ကြာသော် စုချန်းနှင့် ကျန်းစင်းတို့နှစ်ယောက်သည် စုခေါ့ကျိ၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ ထိုအခါ စုချန်းက စုခေါ့ကျိကို လက်နှစ်ဖက်ဆုပ်ကာ ဦးညွတ်ရင်း နှုတ်ဆက်လိုက်သည်။
"တူလေးစုချန်းက ဦးရီးတော်ကို နှုတ်ခွန်းဆက်ပါတယ် ခင်ဗျာ"
စုခေါ့ကျိမှာကား မရယ်မပြုံး အေးစက်သော အမူအရာနှင့် စုချန်းကို စိုက်ကြည့်နေ၏။ ထို့နောက် သူက မေးလိုက်သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ"
စုခေါ့ကျိ၏ အမူအရာကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။
"ဦးရီးတော်က ဘယ်လိုကြီး မေးလိုက်တာလဲ ကိုယ့်ဦးရီးတော်ဆီ ကိုယ့်တူလေး တကူးတက အလည်လာတဲ့နေရာမှာ တခြား ဘာကိစ္စများ ရှိရအုံးမှာလဲဗျ"
တကူးတက အလည်လာသတဲ့လား...
စုခေါ့ကျိကား အင်မတန် အတွေးရခက်နေခဲ့လေပြီ။ သူက အနောက်မှ နေများထွက်နေရော့သလား ဟူသော အမူအရာနှင့် ကောင်းကင်ကို ပြူးတူးပြဲတဲ မော့ကြည့်လိုက်သည်။ ထို့နောက် သူက စုချန်းကို လှမ်းကြည့်လိုက်၏။ တဖန် ကျန်းစင်းကို ငဲ့ကြည့်လိုက်ပြန်သည်။ ကျန်းစင်းက ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်၏။ သူ့အမူအရာမှာ စုချန်း၏လာရင်းကိစ္စကို သူမသိပါ ဟူသော သဘောဖြစ်သည်။ စုချန်း၏ ချိုသာသောစကားကို စုခေါ့ကျိက အေးစက်သော လေသံနှင့် တုံ့ပြန်လိုက်သည်။
"တကူးတက အလည်လာတယ် ဟုတ်လား...ငါ အိပ်မက်များ မက်နေတာလားကွာ ဒါမှမဟုတ် ငါ သေသွားလို့ တခြားကမ္ဘာတခုကိုများ ရောက်သွားတာလား"
စုချန်းက ရယ်မောလိုက်၏။
"ဒုတိယဦးရီးတော် ဘာကြောင့်များ ဒီလိုဆက်ဆံနေရတာလဲ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်ဟာ စုမိသာစုဝင်တွေပဲလေဗျာ စုမိသားစုဝင်တွေအနေနဲ့ ဘယ်လိုပြသနာမျိုးတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တယောက်နဲ့တယောက် ခွင့်လွှတ်ပေးရမှာမဟုတ်ဘူးလား ခုလို စတွေ့တာနဲ့ ရန်သူလိုဆက်ဆံနေတော့ ဘယ်လိုလုပ် အဆင်ပြေနိုင်တော့မှာလဲဗျ"
စုခေါ့ကျိက အားရပါးရ ရယ်မောလိုက်၏။
"ဟား ဟား ဟား ကျလဲကျလိုက်တဲ့စကားကွာ တယောက်နဲ့တယောက် ခွင့်လွှတ်ပေးရမယ် ဟုတ်လား မင်းအနေနဲ့ စုချိန်းကို ရိုက်နှက်ခဲ့တုန်းက သူ့ကို ညီအစ်ကိုရယ်လို့ သဘောထားခဲ့လို့လား"
စုချန်းက မသိမသာ သက်ပြင်းချလိုက်၏။ ထို့နောက် သူက မေးလိုက်သည်။
"နှစ်ကုန်စစ်ဆေးခြင်းပြိုင်ပွဲမှာ စစ်ဆေးရေးနည်းလမ်း ပြောင်းလဲဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တုန်းကရော ဦးရီးတော်အနေနဲ့ စုချန်းကို တူလေးတယောက်အနေနဲ့ သဘောထားခဲ့သလား"
"ကလိန်ကကျစ်ကောင်"
စုခေါ့ကျိက ဆဲဆိုရင်း မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူက ကျယ်လောင်သော အသံနှင့် အော်ဟစ်လိုက်သည်။
"ဟေ့ကောင် စုချန်း မင်း ဒီကိုလာတာ ငါ့ကို ရန်စဖို့လားကွ"
စုချန်းက ချိုသာသောလေသံနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ကြားထဲက ရန်ငြိုးပွားမှုတွေကို အဆုံးသတ်ပြီး အရင်လို မိသားစုဆက်ဆံရေးးမျိုး ပြန်ရနိုင်မလားလို့ သိချင်ရုံသက်သက်ပါပဲဗျာ"
စုချန်း၏စကားကို စုခေါ့ကျိက အဓိပ္ပါယ်တမျိုးပေါက်သွား၏။ သူက မေးလိုက်သည်။
"ဒီတော့ မင်း ဒီကိုလာတာ ငါ့ဆီက သနားညှာတာမှုကို လာတောင်းခံတာပေါ့ ဟုတ်လား"
စုချန်းက ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော် ဒီကိုလာတာ ငြိမ်းချမ်းရေးအတွက်ပါ ဦးရီးတော် သနားညှာတာမှုအတွက် မဟုတ်ပါဘူးခင်ဗျာ"
စုခေါ့ကျိက မဲ့လိုက်၏။
"ငြိမ်းချမ်းရေး ဟုတ်လား မင်းနဲ့ငါ့ အကြားမှာ ဘာငြိမ်းချမ်းရေးမှမရှိတာ ကြာပြီပဲကွ"
ထိုအခါ စုချန်းက
"ဦးရီးတော် ပြောတာ မှန်ကောင်းမှန်ပါလိမ့်မယ် နောက်ဆုံးမှာတော့ ကျွန်တော်ဟာလည်း လူသားပီပီ အေးအေးချမ်းချမ်း နေချင်လာလို့ ထင်ပါရဲ့ဗျာ"
စုချန်း၏ စကားကိုကြားလိုက်သောအခါ စုခေါ့ကျိက မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"မင်း အတော်လည်တဲ့ကောင်ပဲ ငါ သဘောပေါက်ပြီ လက်စသတ်တော့ မင်း ဒီကိုလာတာ တခြားလူတွေအမြင်မှာ မင်းဟာ ငြိမ်းချမ်းရေးရှာဖွေနေတဲ့ လူလို့ ထင်သွားအောင်ပဲ..ဒါမှ မိသားစုကြားမှ ပြသနာရှာနေတဲ့လူဟာ မင်းမဟုတ်ဘူး..ငါလို့ လူတွေ ယူဆကြမှာကိုးကွ...ဟုတ်ရဲ့လား ငါပြောတာ"
စုချန်းက မည်သို့မျှ ထူးခြားမှုမရှိသောလေသံနှင့် ပြန်လည်ပြောဆိုလိုက်၏။
"ဦးရီးတော် ထင်ချင်ရာထင်နေတာပဲကိုး... ကျွန်တော်ပြောတာ လက်မခံချင်ရင် ဦးရီးတော်အနေနဲ့ ကျွန်တော့ကို ဒီနေရာကနေ မောင်းထုတ်လိုက်လို့ ရသားပဲလေ"
စုခေါ့ကျိက ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြန်သည်။
"ဘာပဲဖြစ်ဖြစ် မင်းထောင်ချောက်ထဲ ငါအကျခံမှာ မဟုတ်ဘူးကွ တနေ့ကျရင် ချိန်းအာက မင်းခြေထောက်ကို စင်မြင့်ပေါ်မှာ ရိုက်ချိုးလိမ့်မယ် အဲဒီအချိန်ကျရင် ဘယ်သူကရော ဘာပြောနိုင်အုံးမှာလဲ"
နောက်ဆုံးတွင်ကား တူဝရီးနှစ်ယောက်အကြားရှိ ဟန်ဆောင်မှုများမှာ ပြိုကျသွားခဲ့လေပြီ။ သူတို့အကြားတွင် ကျန်ရှိသောအရာဟူ၍ ခါးသီးသော အမုန်းတရားနှင့် ကျိန်စာများသာ ဖြစ်လေတော့သည်။ စုခေါ့ကျိ၏ အညိုးတကြီးနိုင်လှသောစကားကြောင့် စုချန်း စိတ်မဆိုးပါ။ ထိုအစား သူသည် စုခေါ့ကျိနှင့် အပြန်အလှန် စကားနာထိုးလျက် ရှိလေ၏။ စုခေါ့ကျိ၏ ပုံစံမှာ ယခင်ရက်များက နစ်နာမှုများအတွက် ထွက်ပေါက်ရှာလိုသော ပုံစံရှိနေ၏။ သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်မှာပင် အပြင်ဘက်မှ ဆူဆူညံညံ ရန်ဖြစ်သံကို ကြားလိုက်ရ၏။
ထိုအခါ စုခေါ့ကျိက မနှစ်မြို့ဟန်ဖြင့် မေးလိုက်သည်။
"အပြင်က ဘာဖြစ်နေတာလဲဟေ့ ဆူဆူညံညံနဲ့"
အစေခံတယောက်က ချက်ချင်းပင် သတင်းပို့လိုက်၏။
"မင်ချူးနဲ့ ကျန်းယွမ်တို့ ရန်ဖြစ်နေကြတာပါ သခင်ကြီး"
အစေခံ၏ သတင်းပို့သံကို ကြားလိုက်ရသည်နှင့် စုခေါ့ကျိက ဒေါသထွက်လာ၏။
"ဟေ ကြည့်ရတာ ဒီအစေခံက သူ့သခင်ကို လိုက်ရှာနေတာနဲ့တူတယ် တယ်လဲစိတ်အနှောင့်အယှက်ပေးတဲ့ မင်ချူးပဲ"
ထိုအခါ စုချန်းက
"ဒီလိုနဲ့တော့ ဘယ်သူမှားလဲ ဘယ်သူမှန်သလဲ ပြောဖို့ခက်တယ် ဦးရီးတော် အပြင်ထွက်ပြီး ကျွန်တော်နဲ့အတူ အကဲခတ်ကြည့်အုံးမလား"
"အေး ကောင်းသားပဲကွ"
ပြောပြေဆိုဆို စုခေါ့ကျိက အိမ်တော်၏ အပြင်ဘက်သို့ စုချန်းနှင့်အတူ လိုက်ပါလာ၏။ အိမ်တော်အပြင်ဘက်တွင်ကား မင်ချူးနှင့် ကျန်းယွမ်ဟုအမည်ရသော အစေခံတို့သည် ရုန်းရင်းဆံခတ်ဖြစ်ပွားလျက်ရှိလေသည်။ စုခေါ့ကျိကလည်း သူတို့နှစ်ယောက်ကို အော်ဟစ်မေးမြန်းလိုက်၏။ စုခေါ့ကျိ၏ အသံကို ကြားလိုက်ရမှ လူချင်းပူးကာ ထိုးကြိတ်နေသူနှစ်ယောက်သည် တယောက်နှင့်တယောက် လူချင်းခွဲလိုက်ကြလေသည်။ တဆက်တည်းမှာပင် ကျန်းယွမ်က မအူမလည် အမူအရာနှင့် သူတို့နှစ်ယောက် လမ်းလျှောက်လာစဉ် မင်ချူးက သူ့ကို ရုတ်တရက် ဝင်တိုက်ခြင်း၊ သူက ဒေါသမထွက်ခင်မှာပင် မင်ချူးက စတင်ကျိန်ဆဲခြင်း၊ မင်ချူး၏ ကျိန်ဆဲမှုကို မခံနိုင်၍ သူတို့ရန်ဖြစ်ရခြင်းဖြစ်ကြောင်း စသဖြင့် စီကာပတ်ကုံး ရှင်းပြလိုက်၏။
ရန်ပွဲပြသနာကို ဖြေရှင်းနေစဉ် စုချန်း၏ စိတ်အာရုံသည် လက်ရှိပြသနာကို စိတ်ဝင်စားပုံမရပဲ ခြံဝင်းအပြင်ကိုသာ လှမ်းမျှော်ကြည့်နေ၏။ ထိုအခိုက်မှာပင် ခြံဝင်းအတွင်းသို့ လူတယောက် လှမ်းဝင်လာ၏။ ထိုလူမှာ အခြားလူမဟုတ်။ ကျန်းစုန်းပင် ဖြစ်သည်။ စုချန်း စီစဉ်ထားသည့်အတိုင်း ၎င်းသည် အချိန်ကိုက် ရောက်ရှိလာခဲ့လေပြီ။ ကျန်းစုန်းအားတွေ့သည်နှင့် စုချန်းက ကျန်းစင်းအား အမိန့်ပေးလိုက်သည်။
"ဟေ့ ကျန်းစင်း"
"ဗျာ သခင်လေး"
"ဦးရီးတော်ရဲ့ အိမ်တော်ထဲမှာ ကျုပ်ယပ်တောင် မေ့ကျန်နေခဲ့တယ်ဗျာ ခင်ဗျား သွားရှာပြီး ပြန်ယူလာခဲ့"
"ကောင်းပါပြီ သခင်လေး"
ပြောပြောဆိုဆို ကျန်းစင်းက နောက်လှည့်ကာ အိမ်တော်အတွင်းသို့ လှမ်းဝင်သွား၏။ သို့သော် စုချန်း၏ အမိန့်မှာ မပြီးဆုံးသေးပါ။ သူက အဓိပ္ပါယ်ပြည့်ဝလှသော စကားတချို့ကို ထပ်မံပြောဆိုလိုက်၏။
"သေသေချာချာနဲ့ စေ့စေ့စပ်စပ် ရှာခဲ့စမ်းဗျာ"
ထိုအချိန်တွင် ကျန်းစုန်းနှင့် စုခေါ့ကျိမှာ စတင် စကားပြောဆိုနေခဲ့လေပြီ။ စုခေါ့ကျိသည် သူ အမျှော်လင့်ကြီး မျှော်လင့်နေသော ဆေးဝါးများနှင့်အတူ ရောက်ရှိလာမည့် ကျန်းစုန်းကို မြင်လိုက်သည်နှင့် မင်ချူးတို့ရန်ပွဲကို ချက်ချင်းပင် မေ့ပျောက်သွားတော့သည်။ သူသည် ချက်ချင်းပင် ကျန်းစုန်းကို အခန်းတခန်းအတွင်းသို့ ခေါ်သွားပြီး တီးတိုးပြောဆိုကာ ၎င်းထံမှ သေတ္တာငယ်တလုံးကို လက်ခံယူလိုက်၏။ ထို့နောက် သူက သေတ္တာကိုဖွင့်ကြည့်လိုက်ရာ မည်သည့်အမှားအယွင်းမျှ မတွေ့တော့မှ စိတ်ချမ်းသာသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ နောက်ဆုံးတွင်ကား သူသည် သေတ္တာငယ်ကိုပိုက်ကာ အိမ်တော်အတွင်းသို့ လှမ်းဝင်သွားလေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်သည်နှင့် စုချန်း၏ နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။ ထို့နောက် သူက မင်ချူးကို ပြောလိုက်သည်။
"မင်ချူး လာဟေ့..ကျုပ်တို့ ပြန်ရအောင်"
စုချန်း၏ အမိန့်သံကိုကြားသည်နှင့် မင်ချူးက ချက်ချင်း အပြေးတပိုင်းနှင့် ပေါက်ချလာ၏။ သို့သော် ကျန်းယွမ်ဟူသော အစေခံသည် အရိပ်သုံးပါး နားလည်ပုံမရ။ သူ့အား ဗလာချီရန်စခဲ့သော မင်ချူး ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်သည်နှင့် သူက စုချန်းအား ရန်တွေ့လိုက်သည်။
"စတုတ္ထသခင်လေး ဒီကိစ္စ မပြီးသေးဘူးနော်"
ကျန်းယွမ်တယောက် သူ၏ ရိုင်းပြမှုအတွက် ရရှိလိုက်သော ဆုလာဘ်မှာ စုချန်း၏ လက်သီးတချက်ပင် ဖြစ်သည်။ လက်သီးချက်ကြောင်း ကျန်းယွမ်ခမျာ လေထဲသို့ လွင့်စင်သွား၏။ နောက်တကြိမ် သူ့အနေနှင့် စတုတ္ထသခင်လေးကို ရိုင်းပြရဲတော့မည် မဟုတ်။