မက်၏ကာကွယ်စောင့်ရှောက်သူ
Vol. 9 Ch. 85
နှစ်တနှစ်ကုန်ဆုံးခါနီးလာပါက မျိုးနွယ်စုတိုင်း၊ မိသားစုတိုင်းလိုလိုသည် အလွန်အမင်း အလုပ်များလေ့ရှိကြသည်။ ၎င်းတို့သည် နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုကြ၏။ စီးပွားရေးလုပ်ငန်းများသည်လည်း သူတို့၏ တနှစ်တာ ငွေစာရင်းရှင်းတမ်းများကို ပြုလုပ်ကြ၏။ ထိုအချိန်တွင် ဆုတံဆိပ်ချီးမြှင့်ခံရမည့်သူတို့ကို ဆုတံဆိပ်ချီးမြှင့်လေ့ရှိကြပြီး အပိုဆုပေးရမည့်သူများကိုလည်း အပိုဆုများ ချီးမြှင့်လေ့ရှိကြလေသည်။ အစိုးရရုံးဌာနများသည်လည်း ရာထူးတိုးမြှင့်ရမည့်သူများကို ရာထူးတိုးမြှင့်ပေးကြပြီး ရာထူးချရမည့်သူများကိုလည်း ရာထူးချလေ့ရှိကြ၏။ မျိုးနွယ်စုတိုင်းလိုလိုသည်လည်း ထိုကာလမျိုးတွင် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲများ ပြုလုပ်လေ့ရှိကြပြီး မျိုးနွယ်စုအတွက် အလားအလာရှိသည့် မျိုးဆက်သစ်လူငယ်များကို ရွေးထုတ်လေ့ရှိကြ၏။ ထိုအချိန်တွင် ချီးမွမ်းထိုက်ခံသင့်သူတို့သည် ချီးမွမ်းခံရမည်ဖြစ်ပြီး ပြစ်တင်ရှုတ်ချခြင်းခံသင့်သူတို့သည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။
စုချန်းတယောက် အနီရောင်တောင်ကြောမှ ပြန်မလာမီ အချိန်တော်တော်ကြာကတည်းက စုမျိုးနွယ်စုသည် သူတို့၏ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲအတွက် အစစ အရာရာ ပြင်ဆင်ခဲ့ပြီးလေပြီ။ တနည်းအားဖြင့် ထိုပြိုင်ပွဲသည် စုအိမ်တော် တတိယမျိုးဆက်များ၏ တွေ့ဆုံပွဲဖြစ်ပြီး သူတို့၏ ကိုယ်ခံပညာများနှင့် စွမ်းရည်များ ပြသနိုင်မည့် အထူးအခွင့်အရေးလည်း ဖြစ်သည်။ ထို့ပြင် ဤပြိုင်ပွဲသည် မျိုးနွယ်စု အင်အားအကြီးဆုံး မျိုးဆက်သစ်များ၏ သရဖူလုပြိုင်ပွဲမျှသာမဟုတ်။ တခြား မျိုးဆက်သစ်များအတွက်လည်း သူတို့၏ နေရာတနေရာကို အခိုင်အမာ ရရှိရန် အရေးပါနေ၏။ ထို့ကြောင့် နှစ်ကုန်ခါနီးလာတိုင်း လူတိုင်းလိုလိုသည် ပြင်းပြင်းထန်ထန်လေ့ကျင့်ကာ ပြိုင်ပွဲအတွက် နောက်ဆုံးအနေနှင့် ပြင်ဆင်လေ့ရှိကြ၏။
စုမျိုးနွယ်စု အကြီးအကဲ၏ အချစ်ဆုံးမြေးဖြစ်သူ စုတောင်းမှာ လွန်ခဲ့သောနှစ်ပြိုင်ပွဲက တတိယနေရာကို ရရှိခဲ့၏။ တနေ့တွင်ကား သူသည် စုချန်းကို အားကျဟန်ဖြင့် အနီရောင်တောင်ကြောသို့ ထွက်ခွာသွားခဲ့လေသည်။ သို့သော် သူ့အခြေအနေမှာ စုချန်းနှင့် ကွာခြားလှ၏။ သူသည် စုချန်းကဲ့သို့ ပြစ်ဒဏ်ကျခံရခြင်း မဟုတ်လေရာ အစောင့်အရှောက်တချို့ ပါသွား၏။ မည်သို့ဆိုစေ အနီရောင်တောင်ကြောမှ ပြန်ရောက်လာပြီး စုတောင်းတယောက် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။ သူ့အနေနှင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း အများကြီး တိုးတက်လာခဲ့ပုံရ၏။
နောက်ထပ် အလားအလာရှိသော မျိုးဆက်သစ်တဦးမှာ မျိုးနွယ်စု စတုတ္ထခေါင်းဆောင် စုမေချိ၏ မြေးမလေးဖြစ်သော စုလင်းအာပင် ဖြစ်သည်။ သူမသည် ယခုဆိုလျင် ဆယ့်လေးနှစ်ပြည့်သွားခဲ့လေပြီ။ မိခင်ဖြစ်သူ၏ မျိုးနွယ်စုအိမ်တော်တွင် သွားရောက်နေထိုင်ပြီး စုအိမ်တော်သို့ ပြန်လည်ရောက်ရှိလာသည်မှာ သိပ်မကြာလှသေး။ ဤအတောအတွင်း၌ သူမသည် နတ်ဘုရားကိုယ်ထည် အဆင့်ခုနှစ်မှ အဆင့်ရှစ်ထိ တိုးမြှင့်နိုင်ခဲ့၏။ ဤနှစ်အတွက် သူမ၏ ရည်ရွယ်ချက်မှာ သရဖူလုရန်မဟုတ်။ သို့သော် လာမည့်နှစ်တွင် စုချန်း၊ စုချိန်းအပါအဝင် တခြားလူများသည် အသက်ဆယ့်ခြောက်နှစ် ပြည့်သွားခဲ့ပြီဖြစ်လေရာ ပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိတော့။ ထိုအချိန်တွင် စုလင်းအာသည် တတိယမျိုးဆက်၏ ချန်ပီယံတယောက် ဖြစ်လာပေလိမ့်မည်။
ထိုမျှသာမကသေး၊ စုယွဲ့၊ စုဆင်းနှင့် အခြားသူများသည်လည်း ဤပြိုင်ပွဲတွင် အသိအမှတ်ပြုခံရစေရန် ကိုယ့်နည်းလမ်းနှင့်ကိုယ် ကြိုးစားအားထုတ်နေကြ၏။ မည်သို့ဆိုစေ လူအများ၏ အာရုံစူးစိုက်မှုကို အရရှိဆုံးလူနှစ်ယောက်မှာ စုချန်းနှင့် စုချိန်း ဖြစ်နေဆဲသာတည်း။ စုချန်းအကြောင်းမှာမူကား အထူးအထွေပြောစရာ မလိုတော့။ အနီရောင်တောင်ကြောမှ နှစ်ကြိမ်တိုင်တိုင် ဘေးမသီရန်မခ ပြန်လာနိုင်ကတည်းက သူ့ဂုဏ်သတင်းသည် စုမျိုးနွယ် တတိယမျိုးဆက်များအကြားဝယ် နေလိုလလို ထင်ရှားတောက်ပနေခဲ့လေပြီ။ မျက်မမြင်တယောက် ဖြစ်သော်ငြား စုချန်းကို မည်သူမျှ မလေးမစားမလုပ်ရဲ။
ထိုအချိန်တွင် စုချိန်းမှာကား လုံးဝ ပျောက်ကွယ်နေ၏။ စုချိန်း မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မည်သူမျှတိတိကျကျ မပြောနိုင်။ သို့သော် စုခေါ့ကျိ၏ အမူအရာကြောင့် ဤပြိုင်ပွဲတွင် အနိုင်ရရှိရန် စုချိန်းတယောက် ယုံကြည်မှုမြင့်မားနေကြောင်းကိုကား သိသာနိုင်ပေသည်။
ဤယနေ့သည်ကား စုချန်းတယောက် အနီရောင်တောင်ကြောမှ ပြန်လာပြီး ဆယ့်နှစ်ရက်မြောက်နေ့ဖြစ်သည်။ တနည်းအားဖြင့် ပြိုင်ပွဲကျင်းပရန် သုံးရက်မြောက်အလို ဖြစ်သည်။
ဤယနေ့တွင်လည်း စုချန်သည် ခါတိုင်းကဲ့သို့ပင် တောင်အနောက်ကြောတွင် လေ့ကျင့်လျက်ရှိ၏။ အခြားသူများနှင့် မတူသည်မှာ စုချန်းသည် မူလစွမ်းရည်များကိုသာ ကြိုးစားပမ်းစား လေ့ကျင့်လျက်ရှိနေခြင်းပင်။ တန်ကျင်းကား စုချန်းအတွက် နောက်ထပ် အကြောင်းအရာ အသစ်တချို့ကို ဘာသာပြန်ပေးခဲ့ပြီး ဖြစ်သည်။ ထိုအထဲ၌ ထူးခြားသော မူလစွမ်းရည်နည်းစနစ်နှစ်မျိုး ပါဝင်လာ၏။ ၎င်းမှာ မီးလျံစက်လုံးနည်းစနစ်နှင့် မက်၏ကာကွယ်စောင့်ရှောက်သူဟူသော နည်းစနစ်တို့ ဖြစ်ကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အာကင်နာလူမျိုးများနှင့် မူလစွမ်းအင် သမိုင်းကြောင်းကို လေ့လာကြည့်လျင် မူလစွမ်းရည်တမျိုးကို တီထွင်ပြီးလျင် တီထွင်သူသည် မူလစွမ်းရည်ကို နာမည်ပေးရန် ၎င်းတို့၏ ကိုယ်ပိုင်အမည်နာမကို အသုံးပြုလေရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မူလစွမ်းရည်သည် အကာအကွယ်အမျိုးအစား ဖြစ်နေခဲ့လျင်ပင် အမည်နာမ၊ အသုံးပြုသည့်ပုံစံ၊ မူလစွမ်းအင်ဖော်ထုတ်ပုံတို့မှာ ကွဲပြားခြားနားနေလေ့ရှိ၏။
သို့သော် ၎င်းမှာ ရှေးနှစ်ပေါင်းထောင်ချီခန့်ကသာ ဖြစ်သည်။ နောက်ပိုင်းတွင်ကား တီထွင်ဖန်တီးသူတို့သည် ၎င်းတို့၏ နည်းစနစ်များကို ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ဖန်တီးမွမ်းမံခဲ့ကြ၏။ ဤကဲ့သို့ ထပ်ခါထပ်ခါ မွမ်းမံကြရင်းနှင့် အသုံးမဝင်သော နည်းစနစ်များကို ဖယ်ထုတ်လိုက်သည့်အခါတွင်ကား အကုန်အကျ အသက်သာဆုံး၊ အသုံးဝင်ဆုံး နည်းစနစ်တချို့သာ ကျန်ရှိလေတော့သည်။ ဤနည်းလမ်းသည် မူလစွမ်းရည် လေ့ကျင့်ရေးပိုင်းကို တိုးတက်စေခဲ့သော်လည်း မတူညီသော မူလစွမ်းရည်အမျိုးအစားပေါင်းများစွာကိုကား လျော့နည်းစေခဲ့၏။ ထိုအခါ မူလစွမ်းရည်များ တထပ်တည်း ဖြစ်လာလေလေ တဦးချင်းစီ၏ တီထွင်ဖန်တီးမှု၊ ညဏ်ကွန့်မြူးမှုတို့မှာလည်း လျော့နည်းသည်ထက် လျော့နည်းလာခဲ့တော့သည်။ အရိုးရှင်းဆုံးပြောရလျင် လက်ရှိခေတ်ကာလ၏ မူလစွမ်းရည်များသည် ရှေးယခင်ကထက် လေ့ကျင့်ရာတွင် အလွန်ရိုးရှင်းလာခြင်းဖြစ်သည်။ ယခုခေတ် နည်းစနစ်များနှင့် နှိုင်းယှဉ်လျင် ရှေးဟောင်အာကင်နာနိုင်ငံသားများ ဖန်တီးခဲ့သည့် ခုခံကာကွယ်ရေး မှော်အတားအဆီးများသည် အားနည်းချက်များနှင့် မလုံလောက်မှုများ ရှိနိုင်သော်လည်း ၎င်းတို့တွင် ကိုယ်ပိုင်ထူးခြားသည့် ဝိသေသလက္ခဏာတချို့ကား ကျန်ရှိနေသေး၏။
သာဓကအနေနှင့်ဆိုရလျင် လက်ရှိမူလစွမ်းရည်များသည် စွမ်းအင်ပမာဏအနည်းဆုံးကို အသုံးပြုပြီး ၎င်းစွမ်းရည်ကို တိုတောင်းလှသော အချိန်အနည်းငယ်အတွင်း၌ ဖော်ထုတ်နိုင်ရန်သာ ရည်ရွယ်၏။ အကယ်၍ အကြောင်းတခုခုကြောင့် စွမ်းအင်အကာအကွယ် ပျက်စီးသွားခဲ့လျင်ပင် မူလစွမ်းအင်အများအပြားကို သိုလှောင်ထားသောကြောင့် ပြင်းထန်လှသော တိုက်ခိုက်မှုတချို့ကို ပြန်လည်ပြုလုပ်နိုင်ကြ၏။ လီအသုံးပြုခဲ့သော စွမ်းအင်အကာအကွယ်မှာ ထိုအမျိုးအစားထဲတွင် ပါဝင်လေသည်။ သို့သော် မက်၏ကာကွယ်စောင့်ရှောက်သူဟု အမည်ရသည့် စွမ်းအင်အကာအကွယ်မှာကား တမျိုးတဘာသာ ဖြစ်၏။ ဤနည်းစနစ်ကို ဖန်တီးခဲ့သူသည် မူလစွမ်းအင်ကို မည်သို့ ထိုရောက်အောင် အသုံးချမည်၊ လုံလောက်အောင် သုံးစွဲမည် စသော နည်းလမ်းများကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ချေ။ သူ့အမြင်တွင် စွမ်းအင်အကာအကွယ် တည်ရှိစေရန် တခုတည်းသော အကြောင်းပြချက်မှာ ကာကွယ်တားဆီးရန်သာဖြစ်သည်။ ပြန်လည်တိုက်ခိုက်ရန် မဟုတ်ပေ။
ဤသို့ဆိုရင် တစုံတယောက်သည် ခုခံကာကွယ်ရန် အမြင့်ဆုံးသော အနေအထားသို့ မည်သည့်အခြေအနေတွင် ရောက်ရှိနိုင်မည်နည်း။ ဤပြသနာကို ဖြေရှင်းရန် ဤနည်းစနစ်ကို တီထွင်ဖန်တီးခဲ့သူသည် "အကန့်အသတ်မရှိ လျင်မြန်စွာ သွတ်သွင်းခြင်း"ဟူသော အတွေးအခေါ်သစ်တရပ်ကို ဖော်ထုတ်ခဲ့၏။
အမှန်အတိုင်းပြောရလျင် မက်၏ကာကွယ်စောင့်ရှောက်သူ နည်းစနစ်၏ စွမ်းရည်မှာ ယေဘုယျဆန်လှသည်။ သို့သော် တဖက်တွင်လည်း ထူးခြားသော ဝိသေသလက္ခဏာတမျိုး ရှိနေ၏။ ၎င်းမှာ စွမ်းအင်အကာအကွယ်ကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဤနည်းစနစ်ကို လေ့ကျင့်အောင်မြင်ထားသူသည် ၎င်းသာ အလိုရှိပါက စွမ်းအင်အကာအကွယ်များကို တလွှာပြီးတလွှာ ဆက်တိုက်ဖော်ထုတ်နိုင်လေသည်။ သို့သော် စွမ်းအင်အလွှာသစ်တခုကို ထပ်မံပေါင်းထည့်လိုက်တိုင်း သုံးစွဲရသည့် မူလစွမ်းအင်ပမာဏမှာ ပိုမိုများပြားလာ၏။ မြင်သာအောင်ဆိုရလျင်ကား မက်ခ်၏ကာကွယ်စောင့်ရှောက်သူနည်းစနစ် မူလစွမ်းအင်အကာအကွယ်တလွှာအတွက် မူလစွမ်းအင် အဖြူရောင်ကြယ်နှစ်လုံး လိုအပ်သည်ဆိုပါက နှစ်လွှာအတွက် ကြယ်လေးလုံး၊ သုံးလွှာအတွက် ကြယ်ခြောက်လုံး စသည်ဖြင့် လိုအပ်မည်ဖြစ်သည်။
အောရစ်တယောက် စုချန်းနှင့် တိုက်ခိုက်ခဲ့စဉ် ဤနည်းစနစ်ကို အသုံးမပြုခဲ့ခြင်းမှာ အလကားတော့မဟုတ်။ ဤနည်းစနစ်၏ စွမ်းအင်သုံးစွဲမှုမှာ အလွန်များပြားနေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ဤနည်းစနစ်တွင် အားနည်းချက်တချို့ ရှိနေ၏။ သို့သော် စုချန်းအနေနှင့် လက်ရှိအခြေအနေတွင် ချေးမများနိုင်။ အကြောင်းမှာ သူ့တွင် မိမိကိုယ်ခန္ဓာကို ကာကွယ်နိုင်သည့် မည်သည့် မူလစွမ်းရည်မျိုးကိုမျှ လေ့ကျင့်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ဤနည်းစနစ်ကို လေ့ကျင့်အောင်မြင်ပြီးနောက်ပိုင်း စုချန်း၏ အသက်ရှင်သန်ခွင့်မှာ ယခင်ကထက် ပို၍များပြားလာပေလိမ့်မည်။
တန်ကျင်း ဘာသာပြန်ပေးသော နောက်ထပ် မူလစွမ်းရည်တမျိုးမှာ မီးလျံစက်လုံး နည်းစနစ်ပင် ဖြစ်သည်။ ကြီးမားလှသော မီးလုံးကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟူသည် မူလစွမ်းရည်ဆိုင်ရာ သမားရိုးကျ နည်းလမ်းတခုပင် ဖြစ်သည်။ တနည်းအားဖြင့် ထိုနည်းစနစ်သည် ရှေးဟောင်းအာကင်နာလူမျိုးတိုင်းလိုလို အသုံပြုလေ့ရှိသည့် နည်းစနစ်ဟုလည်း ဆိုနိုင်၏။ စုချန်းအနေနှင့် ဤနည်းစနစ်ကို အမှန်တကယ် တတ်ကျွမ်းလိုလှ၏။ ဤနည်းစနစ်ကိုသာ ရရှိသွားပါက သူသည် မီးလုံးကြီးများကို ပုံစံမျိုးစုံနှင့် ပစ်ခတ်တိုက်ခိုက်နိုင်ပေလိမ့်မည်။ ကံမကောင်းအကြောင်းမလှသည်မှာကား ဤနည်းစနစ်၏ မူလစွမ်းအင်တည်ဆောက်ပုံမှာ ရှုပ်ထွေးလှပြီး တန်ကျင်းကိုယ်တိုင် ၎င်းကို အလုံစုံ ဘာသာပြန်နိုင်ခြင်း မရှိသေး။ ဤအခြေအနေတွင် ဆင်ကန်းတောတိုးလေ့ကျင့်ရမည်မှာ အန္တရာယ်များလှ၏။ အခန့်မသင့်ပါက အသက်ပင်သေသွားနိုင်၏။
နောက်ထပ် စုချန်း အလွန်လေ့ကျင့်လိုသော နည်းစနစ်မှာ "အရိပ်အစားထိုးခြင်း"ဟူသော နည်းစနစ်ဖြစ်သည်။ ဤနည်းစနစ်မှာကား ရန်သူလက်မှ ထွက်ပြေးရာတွင် အလွန်တရာ အသုံးဝင်လှ၏။ မည်မျှထိ အသုံးဝင်သနည်းဆိုသော် အကြင်သူသည် အရိပ်အစားထိုးခြင်း နည်းစနစ်ကိုသာ အသုံးပြုလိုက်ပါက ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက်လက်မှပင် ဘေးမသီရန်မခ ထွက်ပြေးနိုင်သည် ဟူ၏။ သို့သော် ဤနည်းစနစ်မှာကား မီးလျံစက်လုံးနည်းစနစ်ထက်ပင် ခက်ခဲလှပေရာ နောင်ကာလ အတော်ကြာကြာအထိ စုချန်းအနေနှင့် လေ့ကျင့်နိုင်အုံးမည့် ပုံမပေါ်။
ဆယ်ရက်တိုင်တိုင် ကြိုးစားပမ်းစားလေ့ကျင့်ပြီးနောက် စုချန်းတယောက် နောက်ထပ် မူလစွမ်းရည်အသစ်နှစ်မျိုးကို အတော်အတန် အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ စုချန်းသည် နဂိုကတည်းက မူလစွမ်းရည်ငါးမျိုးကို လေ့ကျင့်ထားလေရာ ယခုစွမ်းရည်နှစ်မျိုးကိုပါ ထည့်ပေါင်းလျင် မူလစွမ်းရည်ခုနှစ်မျိုးအထိ တတ်ကျွမ်းခဲ့ပြီး ဖြစ်သည်။ မူလချီစွမ်းအားပညာရှင်လက်သစ်လေး တယောက်အတွက် စွမ်းရည်ခုနှစ်မျိုးဟူသည်မှာ လိုအပ်သည်ထက်ပင် ပိုနေသေး၏။
ချီစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခါစ မည်သည့်ချီစွမ်းအားပညာရှင်မဆို မူလစွမ်းရည်ကို များများစားစား လေ့ကျင့်လေ့မရှိပေ။ ယုတ်စွအဆုံး တမျိုးမှ နှစ်မျိုးအထိသာ ရွေးချယ်လေ့ကျင့်လေ့ရှိကြသည်။ အကြောင်းမှာ ၎င်းစွမ်းရည်တို့သည် အဆင့်နိမ့်စွမ်းရည်များသာ ဖြစ်ကြလေရာ အနာဂတ်ကာလတွင် အသုံးမဝင်နိုင်တော့ပဲ စွန့်ပစ်လိုက်ရသောကြောင့် ဖြစ်သည်။ တနည်းအားဖြင့် လေ့ကျင့်သလောက် အချိန်ကုန်ပြီး စွမ်းအားနယ်ပယ် အဆင့်တိုးလာသလောက် အသုံးမဝင်တော့သောကြောင့်ပင်တည်း။ ထို့ကြောင့် ချီစွမ်းအားပညာရှင်အများစုသည် မူလစွမ်းရည်ကို ဦးစားပေးလေ့ကျင့်ခြင်းသည် မိမိ၏ စွမ်းအင်နယ်ပယ်ကို တိုးမြှင့်ပေးနိုင်ခြင်းမရှိပဲ အချိန်ဖြုန်းခြင်းသက်သက်ဟုသာ ယူဆလေ့ရှိကြသည်။
သို့သော် ဤနေရာတွင် စုချန်း၏ စိတ်ကူးမှာကား လူအများနှင့် တခြားစီသာ ဖြစ်သည်။ သူသည် မူလစွမ်းအင်အလင်းစက်မှုန်များကို မြင်နိုင်စွမ်းရှိလေရာ မူလစွမ်းရည်ပိုင်းကိုသာ ပို၍အသားပေးလေ့ကျင့်ခြင်းအားဖြင့် တိုက်ပွဲဝင်စွမ်းရည်ပို၍ တိုးတက်လာစေလိမ့်မည်။ ထိုအခါ သားရဲသတ္တဝါဆိုးများကို ပို၍သတ်ဖြတ်နိုင်လာပြီး ကိုယ်ခန္ဓာစွမ်းအင်အဆင့်မှာလည်း ကျွဲကူးရေပါဆိုသလို တိုးမြင့်လာမည်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့်တခြားလူများကဲ့သို့ စိုးရိမ်နေရန် မလို။ တဖန် သူ့တွင် မူလကျောက်တုံး အများအပြားရှိလေရာ ထိုကျောက်ၤတုံးများကို လေ့ကျင့်ရေးတွင် အသုံးမချလျင် တခြား မည်သည့်နေရာတွင် အသုံးချမည်နည်း။
ဆယ်နှစ်ရက်ခန့် လေ့ကျင့်ပြီးသည့်နောက်တွင်ကား စုချန်း၏အင်အားသည် သိသိသာသာပင် တိုးပွားလာ၏။ ထိုအခိုက်မှာပင် မင်ချူးတယောက်သည် အမောတကောနှင့် ပေါက်ချလာပြီး စုချန်းကို အော်ခေါ်လိုက်လေသည်။
"သခင်လး သခင်လေး"
"ဘာဖြစ်လာတာတုန်း မင်ချူးရဲ့"
စုချန်းက စွမ်းအင်အကာအကွယ်၏ တတိယမြောက်အလွှာကို ဖော်ထုတ်ရင်း မေးမြန်းလိုက်သည်။ ဤအနေအထားတွင် တိုက်ခိုက်ခြင်းမခံရလျင် စွမ်းအင်အကာအကွယ်သည် အချိန်အတိုင်းအတာတခုအထိ ကြာမြင့်လာသည်နှင့် အလိုအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ စုချန်း စိတ်မရှည်တော့။ သူက ချက်ချင်းပင် "မက်၏ ကာကွယ်စောင့်ရှောက်သူ" နည်းစနစ်တွင် စွမ်းအင်အကာအကွယ်များ အဆက်မပြတ် ပေါ်ထွက်နိုင်စေရန် မူလတီထွင်သူ စဉ်းစားခဲ့သည့် "အကန့်အသတ်မရှိ လျင်မြန်စွာသွတ်သွင်းခြင်း"ဟူသော နည်းလမ်းကို တွဲဖက်အသုံးပြုလိုက်၏။ ဤနည်းလမ်းသည် စွမ်းအင်ကို အလွန်ကုန်ခန်းစေသော်လည်း စုချန်းအနေနှင့် ဂရုစိုက်စရာမလို။ သူ့အနေနှင့် မူလကျောက်တုံး အများအပြား ကျန်ရှိနေသေးသည် မဟုတ်ပါလား။
ငွေကြေးရှိသူတချို့သည် တခါတရံတွင် မစဉ်းစားမဆင်ခြင်ပဲ အရမ်းကာရော ပြုလုပ်လေ့ရှိကြသည်တကား။
ထိုအချိန်တွင် မင်ချူး၏ ဖြေကြားသံ ပြန်လည် ထွက်ပေါ်လာ၏။
"စုချိန်း ပြန်ရောက်လာပါပြီ သခင်လေး"