ဆေးဝါးများ
Vol. 9 Ch. 86
"အဖေ"
စုခေါ့ကျိ၏ ရှေ့တွင် မတ်တပ်ရပ်ရင်း စုချိန်းက စိတ်လှုပ်ရှားသော လေသံနှင့် ပြောလိုက်သည်။
"သား ပြန်လာပြီ"
"ကောင်းတယ် ငါ့သား ကောင်းတယ် သိပ်ကောင်းတယ်"
စုခေါ့ကျိက စုချိန်းကို သုံးကြိမ်တိုင်တိုင် လှည့်ပတ်ကြည့်ရှုရင်း ရေရွတ်လိုက်သည်။ စုချိန်းသာမက စုခေါ့ကျိကိုယ်တိုင်လည်း အတော်လေး စိတ်လှုပ်ရှားနေကြောင်း သိသာနေ၏။ ထို့နောက် သူက သားဖြစ်သူ၏ ရင်ဘတ်ကို ပုတ်ရင်း အားရကျေနပ်သောလေသံနှင့် ပြောလိုက်သည်။
"မင်းရဲ့ စွမ်းအင်ရင်းမြစ်ဟာ အရောင်တလက်လက် တောက်ပနေပြီး သတ်ဖြတ်ခြင်းရောင်ဝါလက္ခဏာနဲ့လည်း အတော်အသင့် ပြည့်စုံနေခဲ့ပြီပဲ ကြည့်ရတာ ငါ့သားတယောက် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီနဲ့တူတယ်"
စုချိန်းကလည်း စိတ်လှုပ်ရှားသောလေသံနှင့် ပြန်လည်ပြောဆိုလိုက်၏။
"အဖေ သားဟာ ရတနာအလင်းရောင်ကျောင်းတော်မှာ နတ်ဆိုးပုံရိပ်ယောင် ၃၈၀တိတိ သတ်ဖြတ်နိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ၂၆ခါတိတိ သေဆုံးခဲ့ပါတယ် အဲဒီမှာတော့ တိုက်ပွဲတပွဲပြီးတာနဲ့ နောက်တပွဲ ဆက်တိုက်နေရတာပဲ ... ဘာပဲဖြစ်ဖြစ် သားဟာ အရင်က စုချိန်း မဟုတ်တော့ပါဘူးခင်ဗျာ"
စုခေါ့ကျိက ခေါင်းကို ဆတ်ခနဲညိတ်လိုက်၏။ ထို့နောက် သူ့က သားဖြစ်သူ၏လက်ကို ကြင်နာစွာ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"သိပ်ကောင်းတယ်ငါ့သား...မင်းရဲ့ ဒီလေ့ကျင့်ခွင့်ဟာ အလကားရခဲ့တာ မဟုတ်ဘူး တချိန်က မင်းရဲ့အဖိုးဟာ ရတနာအလင်းရောင်ကျောင်းတော်က လူတယောက်ကို ကူညီခဲ့ဖူးလို့ သူတို့ရဲ့ ပုံရိပ်ယောင်နယ်ပယ်ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုနိုင်ခဲ့တာပဲ ဒီလိုလေ့ကျင့်ခွင့်ရဖို့အတွက် အဖေ့အနေနဲ့ စုမျိုးနွယ်စုရဲ့ ရှယ်ယာတွေအကုန်လုံးကို ထုတ်သုံးခဲ့ရတယ်"
စုခေါ့ကျိ၏စကားကြောင့် စုချိန်း၏နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
"အဖေဟာ သားအတွက် ငွေကြေးအများကြီး အကုန်ခံခဲ့တာပဲကိုး"
စုခေါ့ကျိက သိမ်မွေ့စွာ ပြုံးလိုက်၏။
"ငါ့သားထက် ဘယ်အရာကမှ တန်ဖိုးမရှိပါဘူးကွာ"
သူ့စကားကို နားထောင်လိုက်ရုံနှင့် စုခေါ့ကျိသည် လူကောင်းတယောက်တော့ မဟုတ်သော်လည်း ဖခင်ကောင်းတယောက်ဖြစ်သည်မှာကား ငြင်းချက်ထုတ်နေစရာပင် မလိုတော့။
ဤနှစ်၏ အကဲဖြတ်ပြိုင်ပွဲသည် အလွန်တရာ အရေးကြီး၏။ စုခေါ့ကျိ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ သားဖြစ်သူ စုချိန်းတယောက် စုချန်းကို အနိုင်ယူရန်သက်သက်မဟုတ်ပဲ နဂါးကျောင်းတော်သို့ ဝင်ရောက်နိုင်ရန်ပင် ဖြစ်သည်။ စုမျိုးနွယ်ခေါင်းဆောင်ကြီးအနေနှင့် စုချိန်းသာ နဂါးကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့ပါက ရတနာအလင်းရောင်ကျောင်းတော်လေ့ကျင့်ရေးနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များအား သူကိုယ်တိုင် စိုက်ထုတ်ပေးမည်ဖြစ်ကြောင်း ကနဦးကတည်းက ကတိပေးထားခဲ့၏။ အကယ်၍ စုချိန်းသာ ထိုတာဝန်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါက ထိုကုန်ကျစရိတ်အားလုံးအား ပေးချေရန်တာဝန်သည် စုခေါ့ကျိ၏ ခေါင်းပေါ်သို့ ကျရောက်လာပေလိမ့်မည်။
အမှန်တော့ အခြေအနေတခုတွင် စုချန်းချဲ့သည်လည်းကောင်း၊ စုချန်းအန်သည်လည်းကောင်း အတူတူသာ။ ၎င်းတို့သည် သားသမီးများအပေါ် ချစ်မြတ်နိုးကြသည်သာ။ သို့သော် သူတို့သည် ရင်းနှီးမြှုပ်နှံထိုက်သည်ဟု ယူဆသော သားသမီးများကိုကား ကျန်သားသမီးများထက် အချစ်ပိုကြ၏။ သို့သော် ဤကိစ္စမှာ မလွဲမရှောင်သာသော ကိစ္စဖြစ်သည်။ မိဘတိုင်းလိုလို ထူးချွန်ထက်မြက်သော ကလေးများကိုပို၍ မျှော်လင့်ချက်ထားလေ့ရှိကြသည်။ ဤနေရာတွင် မေးခွန်းထုတ်ရန်ရှိသည်မှာ မည်သည့်ပမာဏခန့်အထိ မျှော်လင့်ချက်ထားမည်နည်းဟူသော မေးခွန်း ဖြစ်သည်။ ဤမေးခွန်းအတွက် အဖြေမှာကား ဖြူသည်မဲသည်ဟူသော အကြောင်းတရားထက် အခြားအချက်အလက်များစွာအပေါ်၌သာ မူတည်နေ၏။
စုမျိုးနွယ်ဒုတိယမျိုးဆက်များ၏ နှလုံးသားအတွင်း၌ကား ထိုမျှော်လင့်ချက်မှာ မိုးထိအောင် မြင့်မားလှသည်။ ဤသည်မှာ စုမျိုးနွယ်စုတွင် စုချန်းတယောက် အနှိမ်ခံဘဝသို့ မည်သည့်အတွက်ကြောင့် အလိုအလျောက် ရောက်ရှိသွားရသနည်းဟူသော မေးခွန်း၏ အဖြေဟု ဆိုနိုင်သလို စုခေါ့ကျိတယောက် စုချန်းကို ဖိနှိပ်ရခြင်း၏ အဖြေဟုလည်း ဆိုနိုင်၏။
"ရတနာအလင်းရောင်"ဟူသည်မှာ အလွန်တရာ အင်အားပြင်းထန်လှသော မူလပုံစံဆရာတဆူဖြစ်ပြီး စိတ်လှည့်စားခြင်းဆိုင်ရာ ပညာရပ်များ၌ အထူးပင် ကျွမ်းကျင်၏။ သို့သော် သူ၏ စိတ်လှည့်စားမှုများမှာ လိမ်ညာလှည့်ဖြားခြင်းအပေါ် အာရုံမစိုက်လှသောကြောင့် လီနှင့်တော့ အတော်လေး ကွဲပြားခြားနား၏။ အထူးသဖြင့် ၎င်းသည် စိတ်လှည့်စားခြင်းကို သူ့သားစဉ်မြေးဆက်များအား လေ့ကျင့်ရန်အတွက်သာ အထူးတလည် အသုံးပြုလေ့ရှိ၏။ စုချိန်း၏ ဝိညာဉ်သည် ရတနာအလင်းရောင်စိတ်လှည့်စားခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မရေမတွက်နိုင်သော နတ်ဆိုးပုံရိပ်ယောင်များနှင့် တိုက်ပွဲဝင်ရကာ အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲအတွေ့အကြုံများ တိုးတက်လာကာ သေခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျ ခံစားမိလာ၏။ ထိုမျှသာမကသေး မိမိကိုယ်ခန္ဓာကို ကာကွယ်ထားနိုင်သော သတ်ဖြတ်ခြင်းအရှိန်အဝါ သို့မဟုတ် အကာအကွယ်တမျိုးကို ရရှိလာနိုင်စေ၏။ ၎င်းမှာ မူလစွမ်းရည်တမျိုးပင် ဖြစ်သည်။ တချိန်တည်းမှာပင် သူ၏ မူရင်းဝိညာဉ်သည်လည်း အင်အားကြီးမားလာတော့သည်။ ထို့ကြောင့် ထိုနေရာသို့ ဝင်ရောက်လေ့ကျင့်ခွင်ဟူသည်မှာ တန်ဖိုးကြီးမားလှသော အခွင့်အရေးတရပ်ဖြစ်သည်။ ထိုနည်းတူစွာ ဈေးနှုန်းမှာလည်း များပြားလှ၏။ အကယ်၍ စုချန်းချဲ့သာ ထိုနေရာမှတယောက်ယောက်ကို မကူညီဖူးခဲ့လျင် စုချိန်းအနေနှင့် ထိုအခွင့်အရေးကို ရရှိနိုင်လိမ့်မည် မဟုတ်။
စုချိန်းအနေနှင့် ထိုနေရာတွင် ဆယ်ရက်တိုင်တိုင် ပြင်းထန်စွာ လေ့ကျင့်ခဲ့ပြီးနောက် စိတ်ရောလူပါ သန်မာတော့တင်းလာသည့်အပြင် မူလစွမ်းရည်တမျိုးကိုပါ ပိုင်ဆိုင်နိုင်ခဲ့လေပြီ။ ထိုအခိုက်မှာပင် စုချိန်းက စိတ်လှုပ်ရှားသော လေသံနှင့် ပြောလိုက်သည်။
"အဖေ ဘာမှစိတ်မပူနဲ့ ဒီတခါတော့ စုချန်းကို ကောင်းကောင်းဆုံးမလိုက်မယ်ဗျ"
သားဖြစ်သူ၏ စကားကို ကြားရသောအခါ စုခေါ့ကျိက ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား စုချန်းတယောက်တည်းအတွက်ဆိုရင် အဖေ ဒီလောက် ငွေအများကြီး ဘယ်သုံးပါ့မလဲ ငါ့သားရာ မင်းစိတ်ထဲမှာ သူ့တယောက်တည်းကိုပဲ အာရုံစိုက်မနေနဲ့ ခုချိန်မှာ အရေးအကြီးဆုံးက မင်းရဲ့ ခွန်အားတွေ တိုးပွားလာဖို့ပဲ ဒါကိုပဲ လောလာဆယ် အာရုံစိုက်ထား ဟုတ်ပြီလား"
ပြောပြောဆိုဆို စုခေါ့ကျိသည် သေတ္တာငယ်တလုံးကို ဆွဲထုတ်လိုက်ပြီး သေတ္တာအတွင်းမှ ဆေးပုလင်းတချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီဆေးပုလင်းထဲမှာ မူလစွမ်းအင်ဆေးရည်ပါတယ် ဒီဆေးကို ငါ့သားအတွက် ရည်စူးပြီး အဖေ သေသေချာချာ မှာယူထားတာပဲ ဒီဆေးကို သောက်ပြီးတာနဲ့ ငါ့သားရဲ့ ကိုယ်ခန္ဓာစွမ်းအင်အဆင့်ဟာ တိုးမြင့်လာပြီး ကိုယ်တွင်းမှာရှိတဲ့ မူလစွမ်းအင်တွေဟာလည်း အလိုအလျောက် တိုးပွားလာလိမ့်မယ် ဒါတင်မကသေးဘူး မူလစွမ်းရည်တွေကို လေ့ကျင့်ရာမှာလည်း ပိုပြီး လွယ်ကူလာစေလိမ့်မယ် လာမဲ့နှစ်ဝက်အတွင်းမှာ မင်းကိုမင်း တိုးတက်လာအောင် ကြိုးစားလေ့ကျင့်ပါ တခုတော့ရှိတယ် ဒီဆေးဟာ အမျိုးအစားအသစ်ဖြစ်တဲ့အတွက် သောက်ပြီးတာနဲ့ ချက်ချင်း အစွမ်းမပြသေးဘူး ရက်အနည်းလောက်စောင့်ပြီးမှ အစွမ်းပြမယ်လို့ ဆိုထားတယ် ဒီတော့ ဒီဆေးဟာ လာမဲ့ ပြိုင်ပွဲအတွက်တော့ သိပ်အကျိုးသက်ရောက်မယ် မထင်ဘူး ဒါပေမဲ့ ငါ့သား ဘာမှစိတ်မပူနဲ့ အဖေ့မှာ ဒါရှိသေးတယ်"
စုချိန်းက စုခေါ့ကျိ ညွှန်ပြနေသော ဆေးပုလင်းကို သေချာစွာ စိုက်ကြည့်လိုက်၏။ ဆေးပုလင်းတွင် ရေးသားထားသော စာလုံးလေးလုံးကို မြင်သောအခါ သူ့မျက်လုံးများသည် ဇီးကွက်ပမာ ပြူးကျယ်သွားတော့သည်။
"အဖေ ဒါ....ဒါ...."
စုခေါ့ကျိက အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ဟုတ်တယ် ဒါ စုချန်းအတွက် အဖေ စီစဉ်ထားတာပဲ"
သို့သော် စုချိန်းက လျင်မြန်စွာ ပြောလိုက်၏။
"ဒါပေမဲ့ အဖေ...သားဟာ စုချန်းကို မကြောက်တော့ဘူးလေ ဒီလိုလုပ်ဖို့ တကယ်လိုအပ်လို့လား"
သားဖြစ်သူ၏ မေးခွန်းကြောင့် စုခေါ့ကျိ ဒေါသထွက်လာ၏။
"တိတ်စမ်း..မင်း ဘာသိလို့လဲ ဟိုကောင် အနီရောင်တောင်ကြောက နှစ်ကြိမ်တိုင်တိုင် ပြန်လာနိုင်တာ ကံတရားကြောင့်လို့ မင်းက ထင်နေတာလား"
စုချိန်း မျက်လုံးပြူးသွား၏။ စုခေါ့ကျိက စကားဆက်ပြန်သည်။
"ငါထင်တာသာ မမှားဘူးဆိုရင် ဒီကောင် မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်နေတာ အတော်လေးတောင် ကြာနေပြီ"
စုချိန်းခမျာ အကြီးအကျယ် ထိတ်လန့်သွားလေပြီ။
"ဒါ...ဒါ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ထိုအခါ စုခေါ့ကျိက သားဖြစ်သူ နားလည်သဘောပေါက်လာအောင် ရှင်းပြလိုက်၏။
"ဘာလို့မဖြစ်နိုင်ရမှာလဲ ဟိုအရူးမ ယန့်ဝူရွှန်းကြောင့် ဒီကောင်စုချန်းလက်ထဲ စီးပွားရေးလုပ်ငန်းလေးခု ပြန်ရောက်သွားပြီဆိုတာ မင်းမမေ့နဲ့လေ ဒီကောင်ဟာ ဒီစီးပွားရေးလုပ်ငန်းတွေကို ဘာအတွက်များ အသုံးချမယ်ထင်သလဲ သေချာပေါက် သူ့ဝင်ခွင့်အတွက် အသုံးချမှာပဲ ဟိုတလောကပဲ ဒီစီးပွားရေးလုပ်ငန်းတွေအကုန်လုံး အရှုံးပေါ်နေတယ်လို့ ကြားလိုက်ရတယ် ဒီငွေတွေ ဘယ်ရောက်သွားမယ်များ မင်း ထင်နေသလဲ"
စုချိန်းကား နားလည်သဘောပေါက်သွားလေပြီ။
"ဒီတော့ အဖေဆိုလိုတာ..စုချန်းလည်း မူလစွမ်းအင်ဆေးရည်ကို ဝယ်ယူသောက်သုံးနေတယ်ဆိုတဲ့ သဘောလား"
"သိပ်မှန်တာပေါ့ကွာ ဒီကောင်စုချန်း ဘာတွေလုပ်နေသလဲဆိုတာ သဘောပေါက်သွားတာနဲ့ အဖေလည်း သူ့ခြေရာ လိုက်နင်းမယ်လို့ ဆုံးဖြတ်လိုက်တော့တာပဲ"
စုခေါ့ကျိသည် သားဖြစ်သူ၏ ပုခုံးကို လှမ်းပုတ်ရင်း ကြင်နာယုယသောလေသံနှင့် စကားဆက်သည်။
"ဒီမယ် ငါ့သား...မင်းရဲ့ပြိုင်ဘက်ဟာ အင်မတန် ညဏ်နီညဏ်နက်များတယ် သူ့ကို နည်းနည်းလေးမှ လျှော့မတွက်လေနဲ့... ခုဆိုရင် သူဟာ ချီစုဆောင်းခြင်းနယ်ပယ်ကို ရောက်နေပြီဆိုပေမဲ့ မခုတ်တတ်တဲ့ကြောင်လေးလို ဟန်ဆောင်ထားတာ မင်း မြင်ပြီလား သူ့ရဲ့ရည်ရွယ်ချက်ကတော့ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ လူတိုင်းကို အံ့သြသင့်အောင်ပြုလုပ်ပြီး မင်းကို အနိုင်ယူဖို့ပဲ ဒါပေမဲ့ အဖေဟာ သ့ရဲ့လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ သူ့ကို ဒီလိုအခွင့်အရေးမျိုး ဘယ်ပေးတော့မလဲ ခုဆိုရင် ငါ့သားဟာလည်း ချီစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ ဒါပေမဲ့ ငါ့သားဟာ ဟိုကောင့်ထက် လအနည်းငယ်လောက် နောက်ကျနေတာကိုတော့ ဘယ်တော့မှ မမေ့လေနဲ့ တကယ်လို့ ဒီဆေးရည်က ပြိုင်ပွဲအမှီ အစွမ်းပြခဲ့ရင်တောင် မင်းရဲ့ အနိုင်ရနိုင်ချေက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိအုံးမယ် အဖေ့အနေနဲ့ ငါ့သား အနိုင်ရလိမ့်မယ်လို့ ယတိပြတ် မဆိုရဲသေးဘူး"
စုချိန်းအနေနှင့်ကား ပြောစရာစကားပင် မရှိတော့။ ဖခင်ဖြစ်သူသည် သူတို့နှစ်ယောက်ကြားမှ ကွာဟချက်ကို လျှော့ချနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေသည် မဟုတ်ပါလား။ ထိုအခါ စုချိန်းက ခေါင်းကိုခါယမ်းရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"သား အသုံးမကျတော့ အဖေ့ကို စိတ်ပူစေခဲ့ပြီ"
စုခေါ့ကျိက လက်ကာပြလိုက်၏။
"ဒါ ငါ့သားရဲ့ အပြစ်မဟုတ်ပါဘူးကွ ဒီနှစ်ပိုင်းတွေမှာ အဖေတို့အားလုံးဟာ သူ့ကို ဂရုတစိုက်နဲ့ မကြည့်ခဲ့မိဘူး ဒါကြောင့်မို့လို့သာ ဒီကောင်ဟာ ဒီအခြေအနေထိ ရောက်လာတာပဲ ဒါပေမဲ့ ခုတော့ အဖေ့အနေနဲ့ သူ့ကို လျှော့မတွက်တော့ဘူး ဒီအနက်ရောင်မေ့ဆေးဟာ သူ့အတွက် အဖေ အထူးပြင်ဆင်ထားတာပဲ နောက်ဆိုရင် ဒီကောင် အဖေတို့ကို ဒုက္ခမပေးနိုင်တော့ပါဘူးလေ"
စုချိန်းကား ယခုတိုင် တွန့်ဆုတ်ဆုတ် ဖြစ်နေသေးဟန်တူသည်။ သူက ဆေးပုလင်းကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"တကယ်ပဲ ဒီလောက်အထိ လုပ်ဖို့လိုအပ်လို့လား အဖေ"
စုခါ့ကျိကား မည်သို့မျှ မထူးခြားသည့် ဟန်ပန်ဖြင့် သားဖြစ်သူကို အမိန့်ပေးလိုက်သည်။
"မင်းအနေနဲ့ ကိစ္စ ကြီးကြီးမားမား လုပ်ချင်တယ်ဆိုရင် စိတ်ထားနူးညံ့နေလို့ မရဘူးကွ ကဲ ကဲ စကားရှည်မနေနဲ့ မူလစွမ်းအင်ဆေးရည်ကို သောက်ချလိုက်ပေတော့"
စုချိန်းကား အသက်ကို ပြင်းထန်စွာ ရှုသွင်းရင်း တစုံတခုကို ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် မူလစွမ်းအင်ဆေးရည် တပုလင်းလုံးကို မော့ချလိုက်တော့သည်။
___________________×××_______________×××______
နေမင်းသည် အနောက်ဘက်အရပ်ဆီသို့ တဖြည်းဖြည်း ပြောင်းရွှေ့စပြုလာ၏။ စုချန်းသည် ခြံဝင်းအတွင်း၌ ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။ သူ့လက်ထဲတွင်ကား ပဲစေ့လက်တဆုပ်စာမျှကို ကိုင်ထားပြီး သူ့အမူအရာမှာ တစုံတခုကို လေးလေးနက်နက် စဉ်းစားနေဟန် ရှိ၏။ ထိုအခိုက်မှာပင် လေထဲမှ ငှက်တကောင်၏ တောင်ပံခတ်သံများ ပေါ်ပေါက်လာ၏။ စုချန်းက နောက်ကိုလှည့်မကြည့်ပဲ လက်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်ရာ အနက်ရောင်ပဲစေ့တစေ့သည် ဝှစ်ခနဲ ပျံသန်းသွားပြီး ကောင်းကင်ပေါ်မှ ငှက်တကောင် ပြုတ်ကျလာလေသည်။
"ဟာ..သခင်လေးက တော်လိုက်တာ"
ချီးကျူးသံနှင့်အတူ ကျန်းစင်းသည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာ၏။ ထို့နောက် သူက မြေကြီးပေါ်သို့ ပြုတ်ကျနေသော ငှက်ကို ကမန်းကတန်း ကောက်ယူရင်း စိတ်လှုပ်ရှားနေသော လေသံနှင့် ပြောလိုက်သည်။
"သခင်လေး...ငှက်ကတော့ အတောင်ကျိုးသွားပြီဗျ"
စုချန်းက အမိန့်ပေးလိုက်၏။
"အဲဒါဆိုလည်း လှောင်အိမ်ထဲမှာ ထည့်ထားလိုက်ဗျာ ဒဏ်ရာသက်သာလာတော့ ကျုပ်တို့ သူ့ကို ပြန်လွှတ်ပေးတာပေါ့"
ထိုအခါ ကျန်းစင်းက ငှက်၏ လည်ပင်းကို မသိမသာ လိမ်ချိုးရင်း ပျော်ရွှင်မြူးထူးနေသော လေသံနှင့် ပြောလိုက်၏။
"သခင်လေး...လက်စသတ်တော့ ဒီကောင်ကြီးက သေနေပြီကိုးဗျ ကြည့်ရတာ အောက်ကို ပြုတ်ကျလာကတည်းက သေသွားတာနဲ့တူတယ် ဘာပဲဖြစ်ဖြစ် ဟင်းကောင်းတခွက်တော့ ရတာပေါ့"
ထိုအခါ စုချန်းက
"သေသွားရှာပြီလား သနားစရာကောင်းလိုက်တာ..အဲဒါဆိုလဲ ဘယ်တတ်နိုင်ပါ့မလဲ...ကဲ ကဲ လောလောဆယ် ကျုပ်အတွက် လဖက်ရည်တခွက်လောက် သွားယူလိုက်စမ်းဗျို့"
"ကောင်းပါပြီ သခင်လေး"
ပြောပြောဆိုဆို ကျန်းစင်းက ကျောက်တုံးများဖြင့် ပြုလုပ်ထားသော စားပွဲခုံဆီသို့ ပြေးလွှားသွားလိုက်၏။ စားပွဲခုံပေါ်၌ လဖက်ရည်ခွက်များ အစီအရီ တင်ထားလေသည်။ ထိုအခါ ကျန်းစင်းသည် ဘေးပတ်ဝန်းကျင်၌ လူသူတစုံတယောက်မျှ မရှိကြောင်း သေချာအောင် စစ်ဆေးကြည့်ရှုပြီးမှ ဆေးရည်တချို့ကို လဖက်ရည်အိုးအတွင်းသို့ ထည့်လိုက်၏။ ထို့နောက် ခွက်အတွင်းသို့ အနည်းငယ်ငှဲ့ပြီး လဖက်ရည်နှင့် ရောဖျော်လိုက်၏။ ထို့နောက် သူက လဖက်ရည်ခွက်ကို စုချန်းအား တရိုတသေပင် ဆက်သလိုက်သည်။
"လဖက်ရည်ရပါပြီ သခင်လေး"
"ကောင်းပြီ"
စုချန်းက လဖက်ရည်ခွက်ကို လှမ်းယူရင်း လဖက်ရည်ကို တငုံမျှ မော့သောက်လိုက်သည်။ မူလစွမ်းအင်တချို့သည် သူ့ကိုယ်တွင်းသို့ စီးဝင်သွား၏။ ထို့နောက် သူက လဖက်ရည်၏ အရသာကို တခုတ်တရပင် ချီးကျူးလိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင်ကား သိမ်မွေ့သော အပြုံးတမျိုး ပေါ်ပေါက်နေ၏။ ထိုအချိန်တွင် ကျန်းစင်းသည် စုချန်းကို အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်လျက်ရှိ၏။ သူ့မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။ စုချန်းကား ကျန်းစင်း၏ အမူအရာကို မသိဟန်သာ ပြုထားရင်း လဖက်ရည်ခွက်ကို ဘေးသို့ချကာ စကားစလိုက်သည်။
"ဒါနဲ့ စုချိန်းတယောက် ပြန်ရောက်လာပြီဆိုတာ ဟုတ်ရဲ့လား"
"ဟုတ်ပါတယ် သခင်လေး...ဒုတိယသခင်လေးဟာ ဒီမနက်ပဲ ပြန်ရောက်လာပါတယ်"
ကျန်းစင်းက ဖြေလိုက်၏။ ထိုအခါ စုချန်းက
"အင်း ဘာဖြစ်ဖြစ် သူဟာ ကျုပ်ရဲ့ ဒုတိယအစ်ကို ဖြစ်နေတုန်းပဲ ဒီတော့ အခန်းထဲမှာ လက်ဆောင်ပေးစရာ တခုခုများ ရှိနေမလား သွားရှာကြည့်စမ်းကွာ ကျုပ်တို့ရဲ့ ဂရုစိုက်မှုကို ပြလို့ရတာပေါ့"
စုချန်း၏အမိန့်ကို ကြားလိုက်ရသောအခါ ကျန်းစင်းက ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ရယ်မောလိုက်သည်။
"သခင်လေးနှယ်..ဟိုးအရင် သူ့ကို ရိုက်နှက်ခဲ့တုန်းက ဘာလို့ဒီလို မပြောခဲ့တာပါလိမ့်"
ကျန်းစင်း၏ ပမာမခန့်နိုင်သော စကားကို ကြားလိုက်ရသောအခါ စုချန်းက မျက်ခုံးပင့်ရင်း ခတ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်သည်။
"ဟဲ့ အကောင် ငါသွားဆိုရင် သွားလိုက် ဘာတွေ ခံတန်တန် ပြန်ပြောနေတာတုန်း ဘာလဲ...ငါက မင်းကို အပြစ်မပေးဝံ့ဘူးများ ထင်နေတာလား"
ထိုအခါကျမှ ငမိုက်သား ကျန်းစင်းသည် စောင်းငန်းစောင်းငန်းနှင့် ထွက်ခွာသွားတော့သည်။ ကျန်းစင်း ပျောက်ကွယ်သွားတော့မှ စုချန်းက ရုတ်တရက် အသံပြုလိုက်၏။
"သံမဏိ ထွက်လာလို့ရပြီ"
စုချန်း၏ အမိန့်သံအဆုံးဝယ် အနီးအနားရှိ တောအုပ်ငယ်တခုအတွင်းမှ သံမဏိတယောက် ထွက်ပေါ်လာ၏။ သူပုံစံမှာကား ဒေါသထွက်နေဟန် ရှိလေသည်။ သူ့မျက်လုံးအစုံမှာကား ရဲရဲနီနေပြီး မီးလျံများ တောက်လောင်နေသကဲ့သို့ပင် ထင်ရ၏။ သူက အံကြိတ်ရင်း ရေရွတ်လိုက်သည်။
"သခင် ဒီကောင် လူယုတ်မာပဲဗျ ဆုံးမပစ်မှရမယ်"
စုချန်းကလည်း တပည့်ကျော်၏ ဒေါသကို သဘောပေါက်သည်။ ထို့ကြောင့် သူက အလွန်အေးဆေးသော လေသံနှင့် ချော့မော့လိုက်၏။
"ဆုံးမရမယ် ဒါပေမဲ့ ခုတော့ အချိန်မတန်သေးဘူးကွ ခနလေးတော့ သည်းခံအုံး"
တဆက်တည်းမှာပင် သူက စားပွဲခုံပေါ်ရှိ လဖက်ရည်အိုးကို ညွှန်ပြရင်း သံမဏိကို အမိန့်ပေးလိုက်သည်။
"အဲဒီကိစ္စ နောက်မှရှင်းမယ် လောလောဆယ် အဲဒီအိုးထဲကဟာတွေ အကုန်လုံး မော့သောက်လိုက်ပေတော့"
လဖက်ရည်အိုးအတွင် ကျန်းစင်းတယောက် မည်သည့်အရာများ ထည့်သွားကြောင်း စုချန်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။ မူလစွမ်းအင်ဆေးရည်များပင် ဖြစ်သည်။ ထို့နောက် စုချန်းက စကားဆက်သည်။
"အဲဒီအိုးထဲက အရည်တွေဟာ မူလစွမ်းအင်ဆေးရည်တွေပဲ ဒီလိုဆေးရည်မျိုးကို ခုချိန်မှာ ကျုပ်သောက်ဖို့ မလိုအပ်တော့ဘူး ဒါပေမဲ့ မင်းအတွက်တော့ အရမ်းအကျိုးရှိစေလိမ့်မယ် ခုမင်းဟာ နတ်ဘုရားကိုယ်ထည်အဆင့်ရှစ်အလွှာထဲမှာမလား ဒီဆေးရည်သောက်ပြီးတာနဲ့ မင်းဟာ နတ်ဘုရားကိုယ်ထည်အဆင့်ကိုးအလွှာရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားလိမ့်မယ် ဒီနှုန်းထားအတိုင်းသာ ဆက်ပြီးလေ့ကျင့်သွားရင် မင်းဟာ သိပ်မကြာခင်မှာပဲ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ထားတယ်"
စုချန်း၏ စကားကြောင့် သံမဏိတယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ထိုအခါ စုချန်းက လက်ကာပြရင်း တည်ငြိမ်သော အမူအရာနှင့် စကားဆက်လိုက်သည်။
"မင်း ဘာမှ စိတ်လှုပ်ရှားနေစရာမလိုဘူး ငါ့ကိုလည်း အထူးအထွေ ကျေးဇူးတင်နေစရာမလိုဘူး ငါ့မှာ မင်းတို့အတွက် ရည်မှန်းချက်ရှိတယ် အဲဒီရည်မှန်းချက်က ဘာလဲဆိုတော့ သိပ်မဝေးလှတဲ့ အနာဂါတ်မှာ ငါ့ဘေးနားက မင်းတို့တတွေ အရည်အချင်း ပြည့်ဝလာစေဖို့ပဲ"