အလောင်းအစားပြုလုပ်ခြင်း
Vol. 9 Ch. 87
ကြီးကျယ်လှသော ပြိုင်ပွဲကြီး ကျင်းပမည့်နေသည်ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။
လူတိုင်းလိုလိုသည် တပျော်တပါး ပြောရင်းဆိုရင်းနှင့် မျိုးဆက်သစ်များ၏ ကိုယ်ခန္ဓာ စွမ်းအားမွေးမြူခြင်းအဆင့်ကို စတင် သတ်မှတ်နေခဲ့လေပြီ။ ထို့နောက်တွင်ကား ၎င်းတို့သည် မိမိတို့၏ သားမြေးများ ကုန်လွန်ခဲ့သော တနှစ်လုံး မည်သည့်အဆင့်ထိရောက်အောင် ကြိုးစားအားထုတ်ခဲ့သနည်းဟူသော အချက်ကို ဆန်းစစ်ကြပေလိမ့်မည်။
သို့သော် ဤနှစ်အတွက် စစ်ဆေးခြင်းနည်းလမ်းမှာကား ယမန်နှစ်များနှင့်မတူပဲ ကွဲပြားခြားနားနေ၏။ ထိပ်ဆုံးသုံးနေရာအတွက်သာ ကိုယ်ခန္ဓာ စွမ်းအားမွေးမြူခြင်းနှင့် အဆင့်သတ်မှတ်မည်ဖြစ်ပြီး ကျန်လူများမှာကား ထိုက်တန်သည့် အဆင့်သတ်မှတ်ချက်တခု ရရှိရန် အချင်းချင်း တိုက်ခိုက်ရပေလိမ့်မည်။ လူတိုင်းလိုလို၏ နှုတ်ဖျားတွင်ကား ဤနှစ်အတွက် စစ်ဆေးခြင်းနည်းလမ်းမှာ ကလေးကစားစရာမဟုတ်ကြောင်း ပြောဆိုနေကြကုန်၏။
သို့သော်ငြားလည်း တကယ့်ဖြစ်ရပ်မှန်မှာကား ဤကဲ့သို့ မဟုတ်ပေ။ ပြိုင်ပွဲတွင် သရဖူပေးရန် သူတို့ ရည်မှန်းထားသော တစုံတယောက်အတွက် စစ်ဆေးခြင်းနည်းလမ်းသည် လိုက်လျောညီထွေ မဖြစ်သည့်အခါတိုင်း ပြိုင်ပွဲသည် ပုံစံပြောင်းလဲသွားလေ့ရှိ၏။ ကလေးကစားစရာ ဖြစ်သွားလေ့ရှိ၏။
စုချန်း၏ ဖြစ်ရပ်မှာ သက်သေပင် ဖြစ်သည်။ လူအများက မျက်မမြင်စုချန်းသည် အမှိုက်ဟု မြင်တွေ့လာသည့် အချိန်ဝယ် မျိုးနွယ်စု အကြီးအကဲတို့သည် ၎င်းတို့ တသက်လုံး ကျင့်သုံးလာသော ပြိုင်ပွဲစည်းကမ်းကို လိုအပ်သလို ပြောင်းလဲကာ စုချိန်းကို မျက်နှာသာ ပေးခဲ့ကြ၏။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ပြောင်းလဲနေသော စည်းကမ်းများသည် ၎င်းတို့၏ ပါးစပ်ဖျားတွင်သာ အခြေတည်နေကြောင်း သိသာနေလေသည်။
သူတောင်းစားအဖိုးကြီး၏စကားမှာ တစ်ရာရာခိုင်နှုန်း မှန်ကန်ခဲ့သည်ဟုပင် ဆိုရပေလိမ့်မည်။ ပြန်လည်ကောင်းမွန်လာခဲ့သော မျက်လုံးအစုံသည် သူ့အား ယခင်ကထက် ပိုမိုထူးခြားသော အမြင်အာရုံများ ပေးစွမ်းခဲ့ရုံသာမက ဤကမ္ဘာလောကကြီးနှင့် လူသားတို့၏ စစ်မှန်သော သရုပ်သကန်ကိုပါ ပြသပေးခဲ့၏။
ယခုနှစ်ပြိုင်ပွဲတွင် စုခေါ့ကျိသည် စိန်းလန်းစိုပြေ ပန်းမြတ်မာလာအဆီကို စိတ်မဝင်စားတော့သလို စုချန်းသည်လည်း ထိုနည်းလည်းကောင်းသာ။ သို့သော် ဂရုမစိုက်ဟုဆိုရုံနှင့် အရှုံပေးမည်ဟု ယူဆပါက မှားသွားပေလိမ့်မည်။ သူတို့နှစ်ယောက်လုံးသည် ဂုဏ်သိက္ခာအတွက် ရည်ရွယ်ယှဉ်ပြိုင်ကြပေလိမ့်မည်။
စုမျိုးနွယ် မျိုးဆက်သစ်များသည် တယောက်ပြီးတယောက် ရှေ့ထွက်လာရင်း ကြယ်ပွင့်ကျောက်တုံး၏ ရှေ့တွင် အစမ်းသပ်ခံနေကြ၏။ ကျောက်တုံးကြီးပေါ်တွင် ထင်ဟပ်လာသော ကြယ်ပွင့်များသည် မျိုးဆက်သစ်လူငယ်များ၏ တနှစ်တာ ကြိုးစားအားထုတ်မှုကို ထင်ဟပ်နေသဖြင့် လူတိုင်းလိုလိုပင် စိတ်ဝင်တစားနှင့် ကြည့်ရှုနေကြလေသည်။ စည်းကမ်းအရ အကောင်းဆုံးရလဒ် ပိုင်ဆိုင်သူကို နောက်ဆုံးမှ ကြေညာပေလိမ့်မည်။ ယခင်နှစ် ချန်ပီယံဖြစ်သော စုချန်းသည် မိမိ၏ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်နေရင်း အကဲဖြတ်ဒိုင်များ၏ ကြေညာချက်ကို နားထောင်နေ၏။ အခါအားလျော်စွာ ပရိသတ်များကြားမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ့ရှိသည်။ လူငယ်တချို့သည် သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်၍ လုပ်ဆောင်နိုင်ခဲ့ပုံရ၏။
"ကြည့်ရတာ ဒီနှစ်ပြိုင်ပွဲကတော့ အတော်လေး ပြင်းထန်မဲ့သဘောမှာ ရှိတယ်"
စုချန်း၏ နောက်ကျောမှ အသံတသံ ထွက်ပေါ်လာ၏။ နောက်ကို လှည့်ကြည့်စရာမလိုပဲ အသံရှင် မည်သူမည်ဝါမှန်း စုချန်း ချက်ချင်း သိရှိလိုက်၏။ သူ့မျက်နှာမှာလည်း အလိုအလျောက် ပြုံးယောင်သန်းလာလေသည်။ ထို့နောက် သူက ပြောလိုက်၏။
"သိပ်မှန်တာပေါ့ ငါတို့ရဲ့ ဆယ့်နှစ်ယောက်မြောက် ညီမလေးတောင် နတ်ဘုရားကိုယ်ထည် အဆင့်ခုနှစ်အလွှာကို ရောက်နေမင့်ဟာကို တခြားလူတွေကိုလည်း လျှော့တွက်လို့ ဘယ်ရတော့မလဲ"
စုချန်း၏စကားအဆုံးတွင် သူ့ဘေးနား၌ မိန်းကလေးတယောက် ပေါ်လာ၏။ သူမက ပြောလိုက်လေသည်။
"စတုတ္ထအစ်ကိုကတော့ ကိုယ့်ညီမလေးကို လှောင်ပြောင်နေပြန်ပြီ နတ်ဘုရားကိုယ်ထည် အဆင့်ခုနှစ်အလွှာကို ရောက်တာဟာ ဘာများ အံ့သြစရာ ရှိနေလို့လဲ ကျွန်မဟာ စတုတ္ထအစ်ကို ဒုတိယအစ်ကိုနဲ့ တခြားလူတွေကို မှီဖို့ အများကြီး လိုနေပါသေးတယ်ရှင်"
အနှီမိန်းကလေးသည် အလွန်လှပပြီး ပန်းပွင့်များ စီခြယ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေရောင်ဖိနပ်တရံကို စီးနင်းထား၏။ သူမ၏ဆံပင်သည် ဘန်းမုန့်ပုံ နောက်စေ့ကပ်ဆံထုံးထုံးထားပြီး ကျောက်စိမ်းဆံထိုးတခုကို လှပစွာ စိုက်ထိုးထားလေသည်။ သူမ၏ လမ်းလျှောက်ပုံမှာကား ဆင်မယဉ်သာ နိုင်လှ၏။
သူမမှာ တခြားလူမဟုတ်။ ယခင်နှစ်ပြိုင်ပွဲတွင် လူအများ ချီးကျူးခြင်းခံခဲ့ရသော စုလင်းအာပင် ဖြစ်သည်။ အကယ်၍ စုချန်းသည် စုမျိုးနွယ်စု တတိယမျိုးဆက်များအနက် နံပါတ်တစ်ဟု ဆိုလျင် စုလင်းအာသည် စုမျိုးနွယ်စု တတိယမျိုးဆက် အမျိုးသမီးများအနက် နံပါတ်တစ်ပင် ဖြစ်သည်။ သူမ၏မျက်နှာမှာ ချစ်စရာကောင်းသလောက် ညဏ်ရည်ညဏ်သွေးမှာလည်း အတော်လေးပင် ထက်မြက်လှပေသည်။
စုလင်းအာ၏ စကားကို ကြားလိုက်သည်နှင့် စုချန်းက နှစ်သိမ့်လိုက်သည်။
"ခုမှ မင်းဟာ ဆယ့်လေးနှစ်ပဲ ရှိသေးတာ မမေ့နဲ့လေ ငါဟာလည်း ဆယ်လေးနှစ်အရွယ်တုန်းက မင်း အခုရောက်နေတဲ့ အဆင့်လောက်ပါပဲကွယ်"
စုလင်းအာက ချက်ချင်းပင် ပြန်လည် ပြောဆိုလိုက်သည်။
"အို စတုတ္ထအစ်ကိုအနေနဲ့ ကိုယ့်ကိုယ်ကို ဒီလောက်ထိ နှိမ့်ချနေစရာ မလိုပါဘူးလေ ဒါဟာ မျိုးနွယ်စုရဲ့ အထောက်အပံ့အပေါ်မှာ အများကြီး မူတည်နေတာပဲဟာကို စတုတ္ထအစ်ကိုအနေနဲ့ မျက်လုံးကွယ်သွားပြီးကတည်းက နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲရဲ့ ဆုလာဘ်ဖြစ်တဲ့ စိန်းလန်းစိုပြေ ပန်းမြတ်မာလာ အဆီတပုလင်းကလွဲလို့ မျိုးနွယ်စုဆီက ဘာအထောက်အပံ့များ ရခဲ့ဖူးလို့လဲ"
စုချန်းက ပြုံးလိုက်၏။
"ကိုယ်မရနိုင်တဲ့ အရာတချို့အတွက် အလေးအနက်ထားပြီး ခံစားနေတော့ရော ဘာထူးမှာလဲကွဲ့"
စုလင်းအာက စုချန်း၏ စိတ်ထားကို ချီးကျူးလိုက်သည်။
"စတုတ္ထအစ်ကိုက သိပ်သဘောထားကြီးတာပဲကိုး"
ထိုအခါ စုချန်းက
"ဘာပဲဖြစ်ဖြစ် စုမျိုးနွယ် တတိယမျိုးဆက်ရဲ့ နံပါတ်တစ်ကတော့...ခုချိန်ထိ ငါဖြစ်နေတုန်းပဲ ထင်ပါရဲ့လေ"
စုချန်း၏စကားကြောင့် စုလင်းအာတယောက် ခေတ္တမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက ပုခုံးတွန့်ရင်း ပြောလိုက်သည်။
"သိပ်မှန်တာပေါ့ ဒီလိုအနေအထားကို ရောက်နေတဲ့အတွက်ကြောင့်လည်း အစ်ကိုကြီးအနေနဲ့ တခြားလူတွေကို ဂရုစိုက်နေစရာ မလိုသလို မတရားမှုတွေအတွက် ပြန်ပြီး လက်တုံ့ပြန်စရာ မလိုသေးတာပေါ့ ဒါပေမဲ့ တခြားတဖက်ကနေကြည့်ရင် ကျွန်မအနေနဲ့ အစ်ကိုကြီးကို မနှစ်သက်ရတဲ့ အကြောင်းတရားကလည်း ဒါပဲရှင့် အစ်ကိုကြီးရဲ့ ဘေးနားမှာ ရပ်နေရတာကိုက ကျွန်မကို အလွန်ပဲ ဖိအားများစေတယ် ဟော ဟိုက...ခင်စရာကောင်းတဲ့ အစ်ကိုကြီးစင်းကိုပဲ ကြည့်..သူဟာ ကျွန်မထက် အသက်ကြီးပေမဲ့ ကိုယ်ခန္ဓာစွမ်းအားအဆင့်မှာ ကျွန်မထက် နိမ့်နေတော့ သူ့ကို ကျွန်မ အချိန်မရွေး အနိုင်ယူလို့ရတယ် ခုဆိုရင် သူဟာ ကျွန်မစကားတခွန်းပဲ သေဆိုသေ ရှင်ဆိုရှင်...အစ်ကိုကြီးကျပြန်တော့ မျက်မမြင်ပေမဲ့ ကျွန်မတို့အားလုံးက သတိထားပြီး ဆက်ဆံနေရတယ် ဒီနေရာမှာ အမှန်တရားကဘာလဲ...အမှန်တရားက အစ်ကိုကြီးဟာ ကျွန်မတို့ အကုန်လုံးထက် အဆမတန် သာလွန်နေတာပဲ တနည်းအားဖြင့် အစ်ကိုကြီးဟာ မျက်မမြင်ပေမဲ့ ကျွန်မတို့အကုန်လုံးကို အလွယ်တကူ ရိုက်နှက်လို့ရတယ်ဆိုတဲ့ သဘောမျိုး သွားပြီးသက်ရောက်နေတယ် အမှန်အတိုင်းပြောရရင် ဒီခံစားချက်က အတော်လေး ဆိုးရွားတယ်ရှင့်"
စုလင်းအာ၏ ပြတ်သားလှသောစကားသည် စုမျိုးနွယ်စုရှိ လူအများ၏ စိတ်နှလုံးကို ထင်ဟပ်ပေါ်လွင်နေစေ၏။ ထူးချွန်ထက်မြက်ခြင်းဟူသော ပါရမီသည် စုချန်းကို စုမျိုးနွယ်စုအလယ်တွင် သိုးမဲတကောင်ဘဝသို့ ရောက်ရှိခဲ့စေခြင်းဖြစ်သည်။ စုချန်း၏ ဖြစ်တည်မှုကြောင့် ကျန်လူများအားလုံးသည် အလိုလိုနေရင်း အသုံးမကျသော ဘဝသို့ ရောက်ရှိသွားရသည် မဟုတ်ပါလား။ုစုလင်းအာသည် ကောင်းမွန်သော မိန်းကလေးတဦးဖြစ်သည်။ သို့သော် ထိုမျှနှင့် သူမသည် စုချန်းနှင့်အတူ မျှဝေခံစားလိမ့်မည်၊ သို့မဟုတ် စုချန်းအပေါ် စေတနာရှိလိမ့်မည်ဟု ယူဆပါက မှားသွားပေလိမ့်မည်။ သူမအနေနှင့် စုချန်းကို ကူညီရန် မည်သည့်အကြောင်းတရားမျှပင် မရှိ။ ထို့ကြောင့် စုလင်းအာသည် အစဉ်တစိုက် စုချန်းနှင့် ခပ်ခွာခွာသာ ရှိနေခဲ့၏။ သူတို့နှစ်ယောက်အကြား ဆက်ဆံရေးမှာလည်း မေးထူးခေါ်ပြောထက် မပိုချေ။ တနည်းအားဖြင့် သူတို့နှစ်ယောက်သည် ရန်သူမဟုတ်သလို မိတ်ဆွေလည်း ဖြစ်မလာခဲ့။ သူတို့နှစ်ယောက်သည် ကိုယ်လမ်းကိုလျှောက်နေကြသူများသာ ဖြစ်ကြလေသည်။
ပြောစရာရှိသည်တို့ကို ပြောဆိုပြီးနောက် စုလင်းအာသည် နောက်လှည့်ကာ အဝေးသို့ ထွက်ခွာသွားလေ၏။ ပတ်ဝန်းကျင်မှာကား ယခင်အတိုင်း ဆူညံလျက်ရှိသည်။ စုမျိုးနွယ်စု မျိုးဆက်သစ်လူငယ်များသည် တယောက်ပြီးတယောက် ထွက်လာကာ ၎င်းတို့၏ ကိုယ်ခန္ဓာစွမ်းအား မွေးမြူမှုအခြေအနေကို ပြသနေကြ၏။
ပြိုင်ပွဲဝင်နေသော လူများမှာ နည်းသထက် နည်းလာ၏။ နောက်ဆုံးတွင် အင်အားကြီးမားသူတချို့သာ ကျန်ရစ်တော့လေသည်။ စုတောင်းသည် စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်မည့် လူသုံးယောက်အနက် တတိယတယောက် ဖြစ်လာခဲ့၏။ ဤအနေအထားမှာ သိပ်တော့မဆန်း။ အကြောင်းမှာ ယခင်နှစ်ပြိုင်ပွဲတွင်လည်း စုတောင်းတယောက် တတိယနေရာ ရရှိခဲ့သောကြောင့်ပင်။
စုတောင်းက မူလကျောက်တုံးပေါ်၌ သူ၏ လက်နှစ်ဖက်အား တင်လိုက်၏။ လူတိုင်၏ မျက်လုံးထဲတွင် အဖြူရောင် ကြယ်ပွင့်သဏ္ဍာန်များ ထင်ဟပ်လာလေသည်။ သိပ်မကြာမီ ချီးကျူးထောပနာပြုသံများ ဆူညံစွာ ထွက်ပေါ်လာ၏။ မချီးကျူးလည်း နေနိုင်ရိုးလား။ စုတောင်းမှာ နတ်ဘုရားကိုယ်ထည် အမြင့်ဆုံးအလွှာသို့ ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။ တနှစ်တာကာလအတွင်း စုတောင်း၏ တိုးတက်မှုမှာ အံမခန်းပေတကား။ လူတိုင်းလိုလိုသည် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပြီး အံ့မခန်း တိုးတက်လာကြမှန်း စုတောင်း၏ ဖြစ်ရပ်က သက်သေခံနေ၏။
စုတောင်းသည် စိတ်လှုပ်ရှားနေသော ပုံစံနှင့် လက်သီးဆပ်များကို လေထဲတွင် ဝေ့ယမ်းပြီး စင်မြင့်ပေါ်မှ ဆင်းလာ၏။ သူ့ပုံစံမှာကား မိမိကိုယ်ကို အထူးပင် ယုံကြည်မှုပြည့်ဝနေဟန် ပေါ်နေ၏။
သို့သော် စုချိန်း၏ အလှည့်တွင်ကား အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာရာ လူတိုင်းလိုလို ဆွံ့အကုန်ကြ၏။ အတန်ကြာမှ အကြီးအကဲတယောက်ဖြစ်သူ စုချန်းချိန်းက ချီးကျူးစကား ပြောဆိုလိုက်၏။
"တော်လိုက်တာ...ဒုတိယအစ်ကိုကြီးမှာ ထူးချွန်ထက်မြက်တဲ့ သားတယောက် ရထားတာပဲကိုး"
ထိုအခါ စုခေါ့ကျိက ရယ်မောလိုက်၏။
"ဟား ဟား ဟား ကြီးမားတဲ့ ပါရမီဟာ တဖြည်းဖြည်းမှ ပေါ်လာတတ်တာ သိပ်ကံဆိုးတာပဲ ဒီလိုသာ အစကတည်းက ထူးချွန်နေခဲ့ရင် တချို့အရင်းအမြစ်တွေ အလဟသ ဖြစ်စရာ မလိုတော့ဘူးပေါ့လေ"
စုခေါ့ကျိ၏ စကားမှာ စောင်းပါးရိပ်ခြေ နိုင်လှ၏။ သူ့စကားကြောင့် စုချန်းအန်၏ မျက်နှာသည် သံမဏိကဲ့သို့ တင်းမာသွားသော်လည်း တခွန်းမှတော့ ပြန်မပြော။ သို့သော် ကြက်ခေါင်းဆိတ်မခံတတ်သော စုဖေးဟူမှာ စုခေါ့ကျိ၏ စကားကိုသည်းမခံနိုင်ဟန်ဖြင့် ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်လေသည်။
"ကြီးမားတဲ့ ပါရမီဟာ တဖြည်းဖြည်းမှ ပေါ်လာတတ်တယ် ဟုတ်လား ထွီ ရွံစရာကောင်းလိုက်တာ...ရတနာအလင်းရောင်စိတ်လှည့်စားခြင်းနယ်ပယ်ဟာ စုချိန်းအတွက် ခင်ဗျားသုံးခဲ့တဲ့ အရင်းအမြစ် မဟုတ်ဘူးလား ...ခင်ဗျား စုချိန်းအတွက် ဘာတွေလုပ်နေသလဲဆိုတာ ကျုပ်တို့ မသိဘူးများ ထင်နေတာလားဗျ ဒီနှစ်ပိုင်းတွေမှာ စုချန်းထက် မိသားစု ထောက်ပံ့မှု အနည်းဆုံးရတာ ဘယ်ကလေးများရှိသလဲ ကျုပ်ကို ပြောစမ်းပါ နေ့စဉ်နေ့တိုင်း ခင်ဗျား ကြိုးပမ်းလုပ်ဆောင်နေသမျှဟာ ဒီဘာမဟုတ်တဲ့ စိန်းလန်းစိုပြေ ပန်းမြတ်မာလာ အဆီတပုလင်းအတွက်ဆိုရင်တော့ သိပ်သနားစရာကောင်းနေပြီလို့ပဲ ပြောရတော့မှာပဲ"
စုဖေးဟူ၏ စကားကြောင့် စုခေါ့ကျိ ဒေါသအိုးပေါက်ကွဲသွား၏။ သို့သော် သူက ဒေါသကို ကြိတ်မှိတ်မြိုချကာ အလွန်တရာ အံ့သြထိတ်လန့်သွားသော ဟန်ပန်ဖြင့် ပြောလိုက်၏။
"အိုး...တတိယညီတော်ရဲ့ လေသံက ပြင်းထန်လှချည်လားကွဲ့"
စုဖေးဟူက တစုံတခုကို ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် မျိုးနွယ်စုအကြီးအကဲ စုချန်းချဲ့၏ တင်းမာပြတ်သားသော အသံ ထွက်ပေါ်လာလေသည်။
"အကုန်လုံး တော်ကြစမ်းဟေ့"
မာထန်သော အမိန့်သံကြောင့် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအခါ စုချန်းချဲ့က စကားဆက်သည်။
"စုချန်းဟာ သိပ်တော်တဲ့ကလေးဆိုတာ အမှန်ပဲ ဒါပေမဲ့ ဘယ်လောက်ပဲတော်တော် မျက်မမြင်ဒုက္ခိတဖြစ်နေတဲ့အတွက် မျိုးနွယ်စုတခုလုံးကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ မသင့်တော်ဘူး ဒါ ငါကိုယ်တိုင် လက်ခံထားတဲ့ အမှန်တရားပဲ တဖက်မှာလည်း စုဖေးဟူရဲ့စကားက မှန်နေတယ် ပြိုင်ပွဲမှာ အနိုင်ရနိုင်တဲ့ စွမ်းရည်မရှိဘူးဆိုရင် တခြား ကြီးမားတဲ့ ကိစ္စတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး နောက်တချက်က ဒီဘာမဟုတ်တဲ့ ပန်းမြတ်မာလာ အဆီအနည်းငယ်အတွက် မင်းတို့အချင်စချင်း ရန်ဖြစ်စကားများနေရတယ်ဆိုတာ သိပ်ရှက်စရာကောင်းတယ်"
စကားပြောနေစဉ်၌ အကြီးအကဲ၏ အမူအရာမှာ မည်သို့မျှ ပြောင်းလဲခြင်းမရှိသော်လည်း အသံမှာကား ခက်ထန်တင်းမာနေ၏။ သူ့စကားအဆုံးတွင် ငြင်းခုန်နေသော လူအသီးသီးသည် ရှက်စိတ်ဝင်လာကာ ပါးစပ်ပိတ်ကုန်ကြသည်။ ထိုအခိုက်မှာပင် အဝါရောင်အလင်းတန်းတချို့ ထွက်ပေါ်လာပြန်ရာ လူတိုင်းလိုလို အံ့သြသင့်ကုန်ကြပြီး အာမေဋိတ်သံများ အသီးသီး ထွက်ပေါ်လာ၏။ အကြောင်းမှာ ဤတကြိမ် မူလကျောက်တုံးပေါ်တွင် လက်တင်ထားသူမှာ စုချန်း ဖြစ်နေသောကြောင့်ပင်တည်း။
"မျှော်လင့်ထားတဲ့အတိုင်း သူလည်း မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်နေပြီပဲ"
စုချန်းချဲ့က အံ့သြသင့်ဟန်မရှိပဲ တီးတိုးရေရွတ်လိုက်၏။ စုချန်းချဲ့သာမက စုချန်းချင်း၊ စုချန်းချိန်း၊ စုမော်တုံး၊ စုမေချိ စသော စုမျိုးနွယ် အကြီးအကဲလေးယောက်သည်လည်း အံ့သြသင့်ဟန် မရှိပဲ စိတ်အေးလက်အေးနှင့်ပင် ထိုင်နေကြလေသည်။ ထို့ကြောင့် စုချန်း၏ အင်အားကို ကြိုတင်ခန့်မှန်းထားသူမှာ စုခေါ့ကျိတယောက်တည်း မဟုတ်မှန်း သိသာနေ၏။
သို့သော်ငြားလည်း စုချန်း၏ ဖခင်ရင်းဖြစ်သူ စုချန်းအန်သည်ကား မှိုင်တွေငေးမောစွာ မတ်တပ်ရပ်နေလေသည်။ သူ့အနေနှင့် သားအဖြစ်သူ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့လိမ့်မည်ဟု ကြိုတင်မျှော်လင့်မထားခဲ့။ သူကိုယ်တိုင်သည်လည်း စုချန်းကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မမှတ်ပဲ မျက်နှာလွှဲခဲပစ် နေခဲ့မိသည် မဟုတ်ပါလား။ သို့တိုင်အောင် ၎င်းသည် တရားဝင် မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်လာခဲ့ပေပြီ။
ထိုအခိုက်မှာပင် စုခေါ့ကျိက စုချန်းကို မုန်းတီးစွာ စိုက်ကြည့်ရင်း အေးစက်သောလေသံနှင့် ပြောလိုက်သည်။
"ဒီအတိုင်းဆိုရင် နံပါတ်တစ်နေရာကို ထုံးစံအတိုင်း တိုက်ပွဲနဲ့ပဲ အဆုံးအဖြတ် ပေးရတော့မှာပေါ့"
"သူ သေချာပေါက်နိုင်မှာပဲ"
စုဖေးဟူကလည်း အေးစက်သောလေသံနှင့် ပြန်လည်ပြောဆိုလိုက်၏။ သူ့လေသံသည်လည်း အမုန်းတရားများနှင့် ပြည့်နှက်နေလေရာ လူတိုင်းက သူ့ကို ငေးမောကြည့်ရှုနေကြလေသည်။ စုခေါ့ကျိကလည်း တခွန်းမခံ တုံ့ပြန်ပြောဆိုလိုက်၏။
"မဟုတ်ဘူး သူ သေချာပေါက် ရှုံးလိမ့်မယ်"
ထိုအခါ စုဖေးဟူက အားရပါးရ ရယ်မောလိုက်၏။
"ဟား ဟား ဟား ဒုတိယအစ်ကိုတော်ကိုကြည့်ရတာ ကိုယ့်ဟာကိုယ် သိပ်ပြီး ယုံကြည်မှုရှိနေပုံရတယ် ဒီတော့ ကျုပ်တို့ အလောင်းအစားလေးတခုလောက် လုပ်ကြမလား"
"ဘယ်လိုလောင်းမလဲ"
စုခေါ့ကျိက ထပ်မံရယ်မောလိုက်ပြန်သည်။ ထို့နောက် သူက အလောင်းအစားကို ရှင်းပြလိုက်၏။
"ဒုတိယအစ်ကိုတော်ရဲ့ ပိုင်ဆိုင်မှုတွေက အဖေနဲ့ အတူတူပဲဆိုတော့ ဒီအလောင်းအစားအတွက် သူကတော့ စိုက်ထုတ်ပေးမှာ မဟုတ်ဘူး ဒီတော့ဒီလိုလုပ်..စုချန်း ရှုံးရင် ကျုပ်က ဒုတိယအစ်ကိုတော်ကို မူလကျောက်တုံး ငါးထောင်ပေးမယ် တကယ်လို့ စုချန်းသာ နိုင်သွားရင် ကျုပ်ကို တပြားမှမပေးနဲ့ ဒီစင်မြင့်ကိုပဲ တပတ်ပြည့်အောင် လေးဘက်ထာက်ပြီး သွားပြ ဟုတ်ပြီလား ဟား ဟား ဟား"
စုခေါ့ကျိ၏မျက်နှာမှာ မည်းခနဲဖြစ်သွား၏။
"မင်းက သူ့ကို သိပ်ယုံကြည်နေတယ်ပေါ့ ဟုတ်လား"
ထိုအခါ စုခေါ့ကျိက ပြုံးစိစိနှင့် လှောင်ပြောင်လိုက်၏။
"တကယ်တော့ စုချိန်းကို မယုံတာဗျ အမှိုက်က အမှိုက်ပဲလေ သူ့အနေနဲ့ နဂါးတကောင်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ ဟဲ ဟဲ ဟဲ"