← Chapters

စာတစောင်

Vol. 9 Ch. 88

စာတစောင်

Vol. 9 Ch. 88

စုချန်း၏ စစ်ဆေးခြင်းရလဒ်ကို မြင်တွေ့ရသောအခါ လူတိုင်းလိုလို သက်ပြင်းချမိကုန်ကြ၏။ အဝါရောင်ကြယ် နှစ်ဆယ်သုံးလုံးဟူသော ရလဒ်မှာ ချီစုဆောင်းခြင်းနယ်ပယ် ဒုတိယအလွှာသို့ ရောက်ရှိနေပြီဟူသော သင်္ကေတပင် ဖြစ်လေရာ မအံ့သြပဲ အဘယ်မှာ ခံနိုင်မည်နည်း။

ဤနှစ်ပြိုင်ပွဲတွင် မူလချီစွမ်းအားပညာရှင် နှစ်ယောက် ထိပ်တိုက်တွေ့ဆုံနေလေရာ လူအများ၏ စိတ်ဝင်စားမှုမှာ တဟုန်ထိုး မြင့်တက်လျက်ရှိသည်။ ထိုပညာရှင်နှစ်ဦးမှာလည်း ကျောင်းတော်က ရန်စများ ရှိကြသော စုချန်းနှင့် စုချိန်း ဖြစ်နေရာ စိတ်ဝင်စားနေသူများကိုလည်း အပြစ်ဆို၍ မရပေ။ စုတောင်းမှာမူကား ယမန်နှစ်ပြိုင်ပွဲကဲ့သို့ပင် အိမ်ဖြည့်သဘောသာ ဖြစ်သွားခဲ့ရပြန်သည်။ ၎င်းကိုကြည့်လျင် စုမျိုးနွယ်စု၏ ပြုပြင်ပြောင်းလဲမှုများသည် အောင်မြင်ခဲ့ပုံမရ။ သူတို့ လိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့သော စည်းမျဉ်းစည်းကမ်းများသည် ယခုအချိန်ထိ စုချန်းကို လမ်းကြောင်းပေါ်မှ သွေဖီသွားအောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

ပြိုင်ဘက်နှစ်ဦးကား စင်မြင်ပေါ်တွင် နေရာယူထားခဲ့ကြလေပြီ။

စုချိန်းသည် စုချန်းအား မမှိတ်မသုံကြည့်နေရင်း အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"အဖေပြောတဲ့အတိုင်း မင်းဟာ အစောကြီးကတည်းက ချီစွမ်းအားစုဆောင်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီးသားပဲကိုး ဒါကြောင့်မို့လို့လဲ အနီရောင်တောင်ကြောကို မင်း ဝင်ရဲတာပေါ့ ဟုတ်လား"

စုချန်းက ခံစားချက်မရှိသော လေသံနှင့် စုချိန်းကို တုံ့ပြန်လိုက်သည်။

"တကယ်လို့ မင်းအနေနဲ့ အဲဒီအတိုင်းပဲ နားလည်ထားတယ်ဆိုရင်လည်း အဲဒီအတိုင်းပဲ ထားလိုက်ပေါ့ကွာ ရသားပဲ"

ထိုအခါ စုချိန်းက စုချန်းကို ထပ်မံ ပုတ်ခတ်လိုက်ပြန်သည်။

"မင်းအနေနဲ့ ချီစုဆောင်းခြင်းနယ်ပယ် ဒုတိယအလွှာထဲရောက်နေတော့ ငါကအထင်ကြီးရမှာလား မင်းကတော့ တကဲ့ကလိန်ကကျစ်ကောင်ပဲ ဒီအချက်ကို ဖုံးကွယ်ဖို့ ဘယ်မူလစွမ်းရည်ကိုမှ မလေ့ကျင့်ပဲ ကိုယ်ခန္ဓာ စွမ်းအင်မွေးမြူခြင်းကိုပဲ ကြိတ်ပီးလေ့ကျင့်နေခဲ့တာပေါ့လေ မူလစွမ်းရည်မရှိပဲ ကိုယ်ခန္ဓာစွမ်းအင်အဆင့်မြင့်အောင်လေ့ကျင့်တာဟာ ဘယ်နေရာမှာမှ အသုံးမဝင်ဘူးဆိုတာ မင်းမသိသေးပဲကိုး သနားစရာကောင်းလိုက်တာကွာ"

အမှန်တော့ စုချိန်းအနေနှင့် ထိုကဲ့သို့ ထင်မြင်ယူဆခြင်းမှာ မှားတော့မမှားချေ။ စုချန်းအနေနှင့် မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်လာပြီးနောက် မူလစွမ်းရည်တမျိုးမျိုးကို အသုံးပြုလိုပါက စုမျိုးနွယ်စုထံမှ သေချာပေါက် တောင်းခံရပေလိမ့်မည်။ သို့သော် ယနေ့အချိန်ထိ စုချန်းတယောက် စုမျိုးနွယ်စုထံမှ မူလစွမ်းရည်တမျိုးမျိုးကို တောင်းခံခဲ့ခြင်း မရှိသေး။ ထို့ကြောင့် စုချိန်း၏စိတ်ထဲတွင် သူ့ပြိုင်ဘက်ကား ကိုယ်ခန္ဓာစွမ်းအင်အဆင့်သာ မြင့်မားနေသော်လည်း ထိုစွမ်းအင်ကို သင့်တင့်လျောက်ပတ်စွာ ထုတ်ဖော်နိုင်မည့် မည်သည့်မူလစွမ်းရည်မျှ မရှိသေးဟု တထစ်ချ ယုံကြည်နေခြင်း ဖြစ်သည်။ ထိုအတွေးကြောင့်ပင် ကိုယ့်ခွန်အားကို ဖုံးကွယ်ရန် မည်သည့်မူလစွမ်းရည်ကိုမျှ မသင်ယူခြင်းသည် ရူးမိုက်၍သာ ဖြစ်သည်ဟု စုချိန်းက ပုတ်ခတ်လိုက်ခြင်းပင်တည်း။

တဖက်တွင်လည်း စုချိန်း တွေးတောနေသည်မှာ သူသည်ကား စုချန်းနှင့် မတူ။ ရတနာအလင်းရောင်ကျောင်းတော်တွင် သူသည် မူလစွမ်းရည်တမျိုးကို သင်ယူခဲ့ပြီး ဖြစ်သည်။ ထိုအတွေးကြောင့်ပင် စုချန်း၏ ရှေ့တွင် စုချိန်းတယောက် ယုံကြည်မှုပြည့်ဝစွာနှင့် မတ်တပ်ရပ်နေနိုင်ခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ စုခေါ့ကျိ၏ အတွေးကလည်း သား ဖြစ်သူနှင့် တထပ်တည်းပင် ဖြစ်သည်။

ထိုအခိုက်မှာပင် စုချိန်း၏ ကိုယ်ခန္ဓာသည် ဖြတ်ခနဲ လှုပ်ရှားသွားပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါတခုကို ထုတ်လွှတ်လိုက်သကဲ့သို့ ထင်ရသည်။ ထိုအရှိန်အဝါသည် ရုပ်ပိုင်းဆိုင်ရာအရ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပုံရပြီး လူအများ၏ စိတ်ထဲတွင် ချီစွမ်းအားများ ပြည့်နှက်နေသော နတ်ဆိုးတကောင်ကို ခံစားမိစေ၏။ တဆက်တည်းမှာပင် စုချိန်း၏ အားရပါးရ ရယ်မောသံ ထွက်ပေါ်လာ၏။

"ဟား ဟား ဟား ဒါ ငါအထူးတလည် လေ့ကျင့်လာတဲ့ "သတ်ဖြတ်သူနတ်ဆိုးပုံရိပ်ယောင်"ဆိုတာပဲကွ အလကားတော့ ရလာတာ မဟုတ်ဘူးဟေ့ ဒီစွမ်းရည်ကိုရဖို့ ရတနာအလင်းရောင်ကျောင်းတော်ရဲ့ ပုံရိပ်ယောင်နယ်ပယ်မှာ နတ်ဆိုးပုံရိပ်ယောင် ၃၀၈ကောင်တိတိ သတ်ဖြတ်ခဲ့ရတယ်ကွ ဒီလက်ဆောင်ကို မင်းအတွက်ငါ အထူးတလည် ပြင်ဆင်လာတာပဲ စုချန်း"

"သတ်ဖြတ်သူနတ်ဆိုးပုံရိပ်ယောင်"မူလစွမ်းရည်သည် အတော်လေးထူးခြားလှပြီး အရည်အသွေးအရ နှိုင်းယှဉ်လျင် စုချန်း သင်ယူလေ့ကျင့်ထားသာ မူလစွမ်းရည်များထက်ပင် သာလွန်နေသေး၏။ နတ်ဆိုးပုံရိပ်ယောင်ကို နှိုးဆွပြီးပါက ၎င်းသည် ထိုလူ၏ ကိုယ်ခန္ဓာတွင် တွယ်ကပ်ပြီး တခါတရံ ဒိုင်းလွှားအဖြစ်လည်းကောင်း၊ တခါတရံ ပြန်လည်တိုက်ခိုက်ရာတွင်လည်းကောင်း ဘက်စုံ အသုံးတော်ခံလေ၏။ ထိုမျှသာမကသေး နတ်ဆိုးပုံရိပ်ယောင်အတွင်းဝယ် လက်နက်များနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုပါ ထည့်သွင်းပေါင်းစပ်နိုင်ပြီး ၎င်း၏ စွမ်းအားကို မြှင့်တင်နိုင်သေး၏။ အကယ်၍ ဤစွမ်းရည်ကိုသာ အဆင့်မြင့်မြင့် လေ့ကျင့်ထားခဲ့ပါက လက်တဖက်လှုပ်ရုံနှင့်ပင် လေပြင်းမုန်တိုင်းများ ပေါ်ပေါက်လာပြီး တဖက်လူကို တိုက်ခိုက်သတ်ဖြတ်နိုင်လေသည်။ လေလှိုင်းများ၏ အင်အားမှာ မီးလျံစက်လုံးများထက်ပင် ပြင်းထန်၏။

စုချိန်းမှာ ထိုအဆင့်ထိ မရောက်သေး။ သို့သော် သူ့ခမျာ ရရှိထားသမျှ စွမ်းရည်ကိုပင် အတော်လေး ဂုဏ်ယူဝင့်ကြွားနေဟန် ပေါ်၏။ စုချိန်း ထုတ်ဖော်ထားသော နတ်ဆိုးပုံရိပ်ယောင်သည် ၎င်း၏ လက်မောင်းကို မြွေတကောင်ပမာ အကြိမ်ပေါင်းများစွာ ရစ်ပတ်လှုပ်ရှားနေရင်းမှ စုချန်းဆီသို့ ရုတ်တရက် ခုန်ဝင်တိုက်ခိုက်လိုက်တော့သည်။

စုချိန်း၏ တိုက်ခိုက်မှုကိုမြင်သည်နှင့် စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်းအနေနဲ့ ဘဝတလျှောက်လုံး ဒီလိုနေ့ကိုရောက်ဖို့ စောင့်ဆိုင်းနေခဲ့ရတဲ့ပုံပဲ သနားစရာကောင်းလိုက်တာ ငါကတော့ မင်းကို ဘယ်တုန်းကမှ ပြိုင်ဘက်တယောက်လို့ မမြင်ခဲ့တာ အမှန်ပဲကွ"

ပြောပြောဆိုဆို သူက မျက်လုံးအစုံကို မှိတ်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ စုချိန်း၏ တိုက်ခိုက်မှုကို ဖြတ်ခနဲ ရှောင်တိမ်းလိုက်သည်။ စုချန်း၏ လှုပ်ရှားမှုမှာ မီးခိုးငွေ့တခု ရိပ်ခနဲ လှုပ်ရှားသွားသကဲ့သို့ ထင်ရသည်။ စုချိန်း၏ တိုက်ခိုက်မှုမှာ အဟောသိကံ ဖြစ်သွားရရှာ၏။ မိမိ၏တိုက်ခိုက်မှု လွဲချော်သွားသည်နှင့် စုချိန်းကား လေပွေမွှေ့သကဲ့သို့ တလကြမ်း တိုက်ခိုက်တော့သည်။ စုချန်းသည် စုချိန်းနှင့် တိုက်ခိုက်မှုမှန်သမျှကို ဘယ်ညာယိမ်းနွဲ့ရင်း ရှောင်တိမ်းပေးနေ၏။ အကယ်၍ ရှောင်တိမ်းရန် ခက်ခဲသည့်အနေအထားမျိုးတွင် လက်အစုံကို အသုံးပြုရင်း ခုခံတတ်လေသည်။ သို့သော် သူ့အနေနှင့် ခုခံရုံသာ ခုခံ၏။ ပြန်လည်တိုက်ခိုက်ခြင်းကား မပြု။ ထိုနည်းတူစွာ သူသည် မျက်လုံးများကိုလည်း မှိတ်မြဲတိုင်းသာ မှိတ်ထားလေသည်။ ဆ

အကယ်၍ အဖြစ်မှန်ကိုသာ သိခဲ့လျင် စုချန်း၏လုပ်ရပ်သည် သူတို့ကို အရှက်ခွဲနေကြောင်း ချက်ချင်း သဘောပေါက်ကုန်ကြပေလိမ့်မည်။ သို့သော် စုချိန်းမှာ စုချန်း၏ မက်လုံးများအကြောင်းကို တစွန်းတစမျှပင် ရိပ်မိခြင်း မရှိလေရာ ထိုကဲ့သို့ မတွေးမိချေ။ သူသည် စုချန်းကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ရန်သာ ကြိုးစားနေ၏။

စင်မြင့်ပေါ်တွင်ကား လူနှစ်ယောက်သည် လေမုန်တိုင်းတိုက်ခတ်သကဲ့သို့ တိုက်ခိုက်နေကြ၏။ စုချန်းသည် ကျားတကောင်ကဲ့သို့ ခုန်ပေါက်တိုက်ခိုက်နေသော်လည်း သူ၏ လက်သီးများမှာ လေကိုသာ တဝုန်းဝုန်းနှင့် ထိုးမိနေရှာပြီး သူ၏ ခွန်အားနှင့် အင်အားစိုက်ထုတ်မှုမှာ အကျိုးမရှိပဲ သဲထဲရေသွန်သာ ဖြစ်နေရလေသည်။

စင်အောက်ရှိ ပရိသတ်များမှာကား ဆန္ဒစောလျက် ရှိကြကုန်၏။ ရံဖန်ရံခါ စုချိန်း၏ လက်သီးက စုချန်းကို ထိမိတော့မည့်အချိန်တိုင်း အာမေဋိတ်သံများ ထွက်ပေါ်လာတတ်လေသည်။ ဤတိုက်ပွဲမှာ ကြည့်ရဆိုးလှသည်ဟု ထင်မြင်ယူဆသူများရှိသကဲ့သို့ ဝမ်းသာအားရဖြစ်နေသူများလည်း ရှိ၏။ တခါတရံတွင်ကား ဆူဆူညံညံ အော်ဟစ်အားပေးသံများလည်း ထွက်ပေါ်လာတတ်ပြန်သည်။ ဤသို့နှင့် ပရိတ်သတ်များအားလုံးသည် ကိုယ့်အတွေးနှင့်ကိုယ် သည်းထိတ်ရင်ဖိုတိုက်ပွဲကို မျက်တောင်ပင်မခတ်ရဲပဲ ရှုစားလျက်ရှိကြ၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေ၏။ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသယောင်ရှိသည်။ သို့သော် တိုက်ပွဲကို ကြည့်ရှုနေသော လူများသည်လည်း အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြလေရာ အချိန်ကြာလာသည်နှင့်အမျှ စုချိန်း၏ အရှိန်အဟုန်သည် တဖြည်းဖြည်း လျော့နည်းလာကြောင်း သဘောပေါက်လာကြ၏။ မည်သည့်အကြောင်းကြောင့်မှန်းမသိ စုချိန်း၏ တိုက်ခိုက်မှု တချက်နှင့် တချက်အကြားဝယ် ကွာဟချက်သည် ပို၍ ကြီးမားလာပုံရသည်။ အကြမ်းဖျင်းပြောရလျင် စုချိန်း၏ ထိုးနှက်ချက်များသည် အင်အားတော့ပါ၏။ သို့သော် တကြိမ်ထက် တကြိမ် ပို၍နှေးကွေးလာခြင်း ဖြစ်သည်။ ဤမျှနှေးကွေးသော ထိုးနှက်ချက်ကို လေတိုးသံမျှ နားထောင်ရုံနှင့် မျက်မမြင်တယောက်အဖို့ ရှောင်တိမ်းနိုင်သည်မှာ အံသြစရာမဟုတ်တော့။

တိုက်ပွဲကိုကြည့်နေရင်း ကျန်းစင်း၏ မျက်နှာတွင် အလွန်တရာ စိတ်ရှုပ်ထွေးဟန်များ ပေါ်ပေါက်လာ၏။ အနက်ရောင်မေ့ဆေးကို သောက်သုံးခဲ့သူသည် စုချန်းဖြစ်လေရာ လှုပ်ရှားမှုနှေးကွေးလာသူမှာလည်း စုချန်းသာ ဖြစ်သင့်၏။ ယခုတော့ စုချန်း၏ လှုပ်ရှားပုံမှာ အနက်ရောင်မေ့ဆေး သောက်သုံးမိသူနှင့်မတူပဲ စုချိန်း၏ ပုံစံကသာ အနက်ရောင်မေ့ဆေး သောက်သုံးမိသူနှင့် ပို၍ တူနေ၏။ တခုခုတော့ မှားယွင်းနေခဲ့ပေပြီ။ ကျန်းစင်းကား တစုံတခုကို အကြီးအကျယ် သံသယဝင်နေခဲ့ပြီဖြစ်သည်။ ထိုအခိုက်မှာပင် နောက်ကျောမှနေ၍ သူ့ပုခုံးကို တစုံတယောက်က လှမ်းပုတ်လိုက်၏။ သူက နောက်ကိုလှည့်ကြည့်လိုက်ရာ ထိုလူမှာ သံမဏိဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သံမဏိသည် သူ့လက်ထဲရှိ စာရွက်အပိုင်းအစတခုကို ကျန်းစင်းကို လှမ်းပေးရင်း ပြောလိုက်သည်။

"သခင်က မင်းအတွက် စာတစောင်ပေးလိုက်တယ်"

ကျန်းစင်း စိတ်ရှုပ်ထွေးသွား၏။

"သခင်..ဟုတ်လား..စတုတ္ထသခင်လေးလား"

သံမဏိက ညစ်ကျယ်ကျယ်နိုင်သော အမူအရာနှင့် ရယ်မောလိုက်ပြီး ပြောလိုက်၏။

"ဖတ်ကြည့်လေကွာ ဖတ်ကြည့်ရင် သိသွားမှာပေါ့"

ထိုအခါ ကျန်းစင်းက မယုံသင်္ကာနှင့် စာကိုလှမ်းယူရင်း ဖတ်ရှုလိုက်သည်။ စာထဲတွင် ရေးသားထားသည့် အကြောင်းအရာများမှာကား အောက်ပါအတိုင်းပင် ဖြစ်လေသည်။

"ကျန်းစင်း...မင်း ဒီစာကို ဖတ်နေရတဲ့အချိန်မှာ ငါဟာ စုချိန်းနဲ့ စင်မြင့်ပေါ်မှာ တိုက်ခိုက်နေရလိမ့်မယ် တိုက်ပွဲရဲ့ ရလဒ်ကတော့ မင်းထင်တာနဲ့ တခြားစီဖြစ်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ စုချိန်း သေချာပေါက် ရှုံးမှာမို့လို့ပဲ...ငါပြောတာကို မင်း မယုံဘူးဆိုရင် စုချိန်းရဲ့ လှုပ်ရှားမှုကို ဂရုတစိုက်နဲ့ ကြည့်ဖို့ ငါ အကြံပေးချင်တယ် ဒီလိုဆိုရင် စုချိန်းရဲ့ လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးကွေးလာတာကို မင်း သေချာပေါက် တွေ့မှာပဲ ဒီလိုနှေးကွေးတဲ့ လှုပ်ရှားမှုမျိုးဆိုရင် လေတိုးသံကို နားထောင်ရုံနဲ့ ငါ သေချာပေါက် ရှောင်တိမ်းနိုင်လိမ့်မယ် ဒါဘာကြောင့်လို့ မင်းထင်သလဲ တခြားကြောင့်တော့ မဟုတ်ဘူးကွ ငါ့ရဲ့ အစာအိမ်ထဲကို ရောက်နေရမဲ့ အနက်ရောင်မေ့ဆေးဟာ နေရာမှားပြီး စုချိန်းရဲ့အစာအိမ်ထဲကို ရောက်နေလို့ပဲ

ဒီလိုကြားလိုက်တော့ မင်း အတော်လေး ထိတ်လန့်သွားပြီမလား အတော်လေး ကြောက်လန့်သွားပြီမလား ကြောက်လန့်တကြားနဲ့လည်း ခြေထောက်တွေ ပျော့ခွေမသွားနဲ့အုံးကွ အားတင်းထားအုံး ငါ့ကိုယုံစမ်းပါ ခုအခြေအနေမှာ မင်းအနေနဲ့ ကြောက်လန့်နေရင် ဒီထက်ပိုပြီး အကျိုးယုတ်သွားဖို့ပဲရှိတယ် ဘာကြောင့်လည်းမင်းသိလား...ဘာကြောင့်လဲဆိုတော့ ငါတို့က ဆေးပုလင်းနှစ်မျိုးကို ကျန်းစုန်း ဒီကိုယူမလာခင်ကတည်းက နေရာလဲထားခဲ့လို့ပဲကွ ဒါပေမဲ့ ဒီအပိုင်းက စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းမဟုတ်သေးဘူးကွ ငါရဲ့ဒုတိယဦးရီးတော်ဟာ သူ့သား အနက်ရောင်မေ့ဆေးကို မှားယွင်းပြီးသောက်မိသွားတယ်ဆိုတာကို သိပ်မကြာခင်မှာပဲ သိသွားလိမ့်မယ် ဒီနောက်မှာတော့ ဘာဖြစ်ခဲ့သလဲဆိုတာ စုံစမ်းလိမ့်မယ် ဘယ်သူလုပ်သလဲဆိုတာ လိုက်ရှာလိမ့်မယ်

ဒီအခြေအနေမှာ သံသယဖြစ်စရာအကောင်းဆုံးက ဘယ်သူလဲ မင်းသိရဲ့လား...တခြားလူမဟုတ်ဘူး မင်းပဲကွ

မင်းမှတ်မိအုံးမှာပါ ငါမင်းကို ဒုတိယဦးရီးတော်အိမ်ကိုသွားတုန်းက ခေါ်သွားဖူးတယ် သူ့အိမ်ထဲဝင်ပြီး ငါ့ယပ်တောင်ကို ရှာခိုင်းဖူးတယ်ဆိုတာလေ...မင်းသာ သတိကောင်းရင် အဲဒီနေ့ဟာ ကျန်းစုန်း ဆေးတွေ သယ်လာတဲ့နေ့ဆိုတာ မမေ့လောက်သေးဘူးထင်တယ် ဖြစ်ချင်တော့ ကျန်းစုန်းနဲ့ ဦးရီးတော်နဲ့ စကားပြောတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မင်းက အဲဒီအိမ်ထဲ ရောက်နေတာပဲ ဒါဘာအဓိပ္ပါယ်လဲ မင်းသိရဲ့လား ဘာအဓိပ္ပါယ်လဲဆိုတော့ ဦးရီးတော် ဆေးတွေ ဖွက်ထားတဲ့နေရာကို မင်း မြင်တွေ့သွားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဒါ့အပြင် မင်းကို နောက်တခေါက် သူ့အိမ်ကို စေလွှတ်လိုက်တဲ့အခါ မင်းရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရကောင်းရသွားလိမ့်မယ်လို့ ဦးရီးတော်က တွေးမိလိမ့်မယ်

တကယ်တော့ ဒါမဖြစ်နိုင်ဘူးဆိုတာ မင်းရောငါရော သိပြီးသားပါကွာ မင်းလိုလူစားမျိုးက ငါ့ရဲ့ဒုတိယဦးရီးတော်ကို လှည့်စားပြီး ဆေးပုလင်းဖွက်ထားတဲ့နေရာကို ဘယ်ရှာတွေ့နိုင်ပါ့မလဲ အဲလိုပဲ သူ့အိမ်တော်ကလူတွေကို လှည့်စားပြီး ဆေးတွေကို ဘယ်လှဲလှယ်နိုင်ပါ့မလဲ ဒါပေမဲ့ ဒါက ဘာအရေးလဲကွာ အချိန်ကြာလာတာနဲ့အမျှ ဒီလိုလုပ်ဖို့ အခွင့်အရေးအများဆုံးလူဟာ မင်းပဲလို့ ဦးရီးတော် တွေးမိလာလိမ့်မယ် ဒီလိုပဲ မင်းဟာ သူ့ဆီမှာ သူလျှိုဝင်လုပ်နေတဲ့အပြင် ငါ့ကိုတိုက်ရမဲ့ ဆေးကို မတိုက်ပဲ သူ့သားကို ဒုက္ခရောက်အောင် ဆေးပုလင်းတွေ လှဲလှယ်ထားတာလို့ သူ တထစ်ချ ယုံကြည်လာလိမ့်မယ် အဲဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲကွ ဒီအတိုင်း တကယ်ဖြစ်ခဲ့မဖြစ်ခဲ့ သူဂရုစိုက်မှာ မဟုတ်ဘူး အဲဒီလိုပဲ သံသယ ဖြစ်တာတွေ မဖြစ်တာတွေ သူတွေးတော့မှာ မဟုတ်ဘူး ငါ့အနေနဲ့ သူ့လိုလူစားမျိုးကို ကောင်းကောင်းနားလည်ထားတယ်ကွ ဒီနေ့ရလဒ်အတွက် ထိုက်တန်တဲ့တန်ဖိုးကို မင်းဆီကနေ သူ ကောင်းကောင်းကြီးကို ပြန်ယူတော့မှာပဲ

အကုန်လုံးခြုံငုံတွေးလိုက်ရင် သံသယဖြစ်စရာအကောင်းဆုံးလူဟာ မင်းပဲဖြစ်နေတော့ ဒီကိစ္စတွေအကုန်လုံးကို လုပ်တဲ့လူဟာ မင်းပဲ သူ့ကိုဒုက္ခပေးတဲ့လူဟာ မင်းပဲလို့ သူ ယုံကြည်လာလိမ့်မယ်

ဒီတော့ မင်းကိုငါ နောက်ဆုံးအကြံတခု ပေးလိုက်မယ် ခုကနေစပြီး ပြေးပေတော့ ဝေးနိုင်သမျှ ဝေးအောင်သာပြေး ဝေးလေကောင်းလေပဲဗျ ငါပြောတာကိုယုံ သူ မင်းရှင်းပြတာကို နားထောင်မှာ မဟုတ်ဘူးဗျ တကယ်လို့ သူ့လက်ထဲသာ အဖမ်းခံရရင်တော့ မင်းကို ချက်ချင်းမသတ်ပဲ နှိပ်စက်ညှင်းပန်းပြီး သတ်လိမ့်မယ် ဒါဟာ သခင်နဲ့အစေခံကြားက သံယောဇဉ်အရ မင်းကိုငါ နောက်ဆုံးအကြံပေးလိုက်တာပဲ"

စုချန်း၏စာမှာ ဤနေရာတွင် အဆုံးသတ်သွားလေသည်။ ထိုအခါ သံမဏိက လှောင်ပြောင်သော အသံဖြင့် ရယ်မောရင်း မေးလိုက်သည်။

"ပြီးသွားပြီလား"

ကျန်းစင်းကား တခွန်းတပါဒမျှပင် မပြောနိုင်ရှာပဲ မျှော်လင့်ချက်ကင်းမဲ့သော မျက်လုံးအစုံနှင့် ငေးမောကြည့်နေရှာသည်။ သံမဏိသည် ကျန်းစင်း၏အကြည့်ကို နားလည်၏။ ထို့နောက် သူသည် စာရွက်ကိုပြန်ယူရင်း အပိုင်းအစလေးများဖြစ်အောင် ဆွဲဖြဲလိုက်ကာ ဝါးစားလိုက်တော့သည်။ သံမဏိသည် စာတစောင်ကို ဝါးစားနေခြင်းဖြစ်သော်လည်း သူ့ပုံစံမှာကား အသက်ရှိနေသော လူတယောက်ကို အစိမ်းလိုက်ဝါးစားနေသည်နှင့်ပင် တူနေသေး၏။ စာတစောင်လုံးကို ဝါးစားပြီးသည်နှင့် သံမဏိသည် ထူးဆန်းသော ဟိန်းဟောက်သံတခု ပြုရင်း အားရပါးရ ရယ်မောလိုက်တော့သည်။

သံမဏိ၏ အသံကိုကြားသည်နှင့် စုချန်းက သံမဏိကို တချက်လှမ်းကြည့်ရင်း ပြုံးယောင်ပြုလိုက်၏။ ထို့နောက် မျက်လုံးကို ပြန်မှိတ်ရင်း ယခင်ပုံစံအတိုင်း ဆက်လက်ရှောင်တိမ်းနေပြန်သည်။ ထိုအခါ သံမဏိက ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ကျန်းစင်း၏ နားကိုကပ်ကာ တိုးညှင်းသော လေသံနှင့် ပြောလိုက်၏။

"သခင်က မှာထားတယ် ဒီလိုအချက်ပြလို့ အကြိမ်သုံးဆယ် အသက်ရှုပြီးတာနဲ့ စုချိန်းကို သူ အနိုင်တိုက်တော့မယ်တဲ့ ဒီတော့ မင်းအနေနဲ့ ဒီမှာပဲဆက်နေပြီး စုချိန် ပြုတ်ကျလာတာကို ကြည့်မလား ဒါမှမဟုတ် ပြေးမလားတဲ့...ဟော အခုဆိုရင် နှစ်ဆယ်ငါးကြိမ်ပဲ ကျန်တော့တယ်ဟေ့"

သံမဏိ၏ စကားဆုံးသည်နှင့် ကျန်းစင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့လှည့်ကာ တဟုန်ထိုး ထွက်ပြေးသွားတော့သည်။ ထိုအဖြစ်အပျက်အား မည်သူမျှ သတိမထားမိချေ။ စုခေါ့ကျိအပါအဝင် လူတိုင်းလိုလိုသည် စင်မြင့်ပေါ်ရှိ တိုက်ပွဲကိုသာ အာရုံစိုက်နေကြ၏။ သို့သော်ငြားလည်း စုချန်း၏ မြန်ဆန်လှသော လှုပ်ရှားမှုကိုကြည့်ရင်း စုခေါ့ကျိ၏ နှလုံးသားသည် တဖြည်းဖြည်း တုန်ခါလာလေသည်။

နေက်ဆုံးတွင်ကား စုချန်းသည် မှိတ်ထားသော မျက်လုံးများကို ဖွင့်ကာ စုချိန်းကို စိုက်ကြည့်ရင်း တိုးညှင်းသော လေသံနှင့် မေးလိုက်သည်။

"မင်း ပြီးပြီလား"

စုချန်း၏ မေးခွန်းကြောင့် စုချိန်း ထိတ်လန့်တုန်လှုပ်သွား၏။ ထိုအခိုက်မှာပင် စုချန်းက စကားဆက်လိုက်သည်။

"မင်းအလှည့်ပြီးပြီဆိုတော့ ငါ့အလှည့်ပေါ့ကွာ"

ပြောပြောဆိုဆို သူက စုချိန်းအား လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။

All Chapters