ပြောင်းလဲလာသော အခြေအနေ
Vol. 9 Ch. 89
လက်ဝါးရိုက်ချက်သည် နိမိတ်မကောင်းလှသော ခေါင်းလောင်းသံတမျိုးကဲ့သို့သောအသံနှင့် ဓားတချောင်းပမာ စုချိန်း၏လည်မြိုကို ဦးတည်ထိုးနှက်လာ၏။ စုချိန်းသည် ထိုတိုက်ခိုက်မှုကို ကျကျနနကြီးပင် မြင်လိုက်သည်။ သို့သော် မည်သို့မျှ ရှောင်တိမ်းနိုင်စွမ်းမရှိရှာ။ ဖျောင်းခနဲ အသံနက်ကြီးပေါ်လာပြီး စုချန်း၏လက်ဝါးသည် စုချိန်း၏ လည်မြိုကို ကျကျနနကြီးပင် ထိုးနှက်မိတော့သည်။
စုချန်းက တချက်တည်း ပြန်လည်တိုက်ခိုက်သည်ကိုပင် စုချိန်းခမျာ မရှောင်တိမ်းနိုင်ကြောင်း လူတိုင်းလိုလို တွေ့မြင်လိုက်ရ၏။ စုချိန်းသည် သူ မည်သို့မည်ပုံ အတိုက်ခိုက်ခံလိုက်ရကြောင်း အဖြေရှာနိုင်ပံမရ။ စုချန်းကိုသာ မယုံကြည်နိုင်သော အမူအရာနှင့် စိုက်ကြည့်နေရှာသည်။ ထို့နောက် သူသည် မျက်ဖြူလန်သွားပြီး စင်အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။
စုချိန်းကား မြေကြီးပေါ်သို့ လွတ်လွတ်ကင်းကင်းကြီးပင် ပြုတ်ကျလာ၏။ ဤတကြိမ်တွင်ကား စုချန်းသည် ယခင်တခေါက်ကကဲ့သို့ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်းမပြုတော့။
"မဟုတ်ဘူး"
စုခေါ့ကျိသည် ချုပ်တည်းနိုင်စွမ်းမရှိတော့ပဲ ထိုင်နေရာမှ ဝုန်းခနဲထရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ချိန်းအာ ပြန်ထပြီး တိုက်ခိုက်စမ်း"
သူ့အနေနှင့် စုချိန်း၏ ရှုံးနိမ့်မှုကို လက်မခံနိုင်။ အထူးသဖြင့် ဤကဲ့သို့ ရိုးရိုးစင်းစင်း ရှုံးနိမ့်သွားခြင်းကို မည်သို့မျှ လက်မခံနိုင်။ စုချိန်း၏ပုံစံမှာကား သနားဖွယ်ရာ ကောင်းလှသည်။ သူ့ကိုကြည့်ရသည်မှာ လူကြီးတယောက် အားရအောင် စနောက်ပြီးမှ ပစ်ပယ်ခြင်းခံလိုက်ရသည့် ကလေးတယောက်နှင့်သာ တူနေရှာ၏။ အမှန်တော့ ဤတကြိမ်တိုက်ပွဲဝယ် စုချိန်း၏ ရုပ်ပိုင်းဆိုင်ရာသည် အကြီးအကျယ် နာကျင်ခြင်းမရှိသော်လည်း စိတ်ပိုင်းဆိုင်ရာမှာကား အကြီးအကျယ် ထိခိုက်သွားခဲ့လေပြီ။ ယုံကြည်မှုပျောက်ဆုံးသွားခဲ့လေပြီ။
သို့သော် ဖခင်ဖြစ်သူ စုခေါ့ကျိမှာကား သားဖြစ်သူ၏ အခြေအနေကို ယခုအချိန်ထိ သဘောမပေါက်သေးသလို လုံးဝလက်မခံ။ သူက အရူးတယောက်ပမာ အော်ဟစ်ရင်း ထပ်မံအမိန့်ပေးလိုက်ပြန်သည်။
"ချိန်းအား ထစမ်း သူ့ကို ပြန်တိုက်စမ်း"
ဤတကြိမ်တွင်ကား စုချိန်းသည် ဖခင်ဖြစ်သူ၏ အမိန့်သံကို ကြားသွားပုံရသည်။ ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်နိုင်ရန် ကြိုးစားနေရှာ၏။ ထိုအခါ စုချန်းက သက်ပြင်းချရင်း စုချိန်း၏ ပုခုံးကိုကိုင်ကာ ထိန်းပေးလိုက်၏။ ထို့နောက် သူက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
"မင်းကြည့်ရတာ မမှတ်သေးဘူးနဲ့တူတယ်"
စကားအဆုံးတွင် စုချိန်း၏မျက်နှာဆီသို့ ပြင်းထန်သော လက်သီးတချက် ကျရောက်လာ၏။ လက်သီးချက်ကြောင့် စုချိန်း၏ကိုယ်ခန္ဓာသည် လေထဲသို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားပြန်သည်။ ဤတကြိမ်တွင်ကား စုခေါ့ကျိ မည်သို့မည်ပုံ အော်ဟစ်အမိန့်ပေးနေစေကာမူ စုချိန်းတယောက် ပြန်ထမလာတော့။
တိုက်ပွဲကား ပြီးဆုံးသွားခဲ့လေပြီ။ စုခေါ့ကျိသည် ရေခဲတိုက်အတွင်း ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူသည် အကြောသေနေသူကဲ့သို့ မြေကြီးပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချမိတော့သည်။ သူသာမက ပြိုင်ပွဲကို ကြည့်ရှုနေသော ပရိသတ်များသည်လည်း အံ့သြသင့်လွန်း၍ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြလေသည်။
တိုက်ပွဲတွင် စုချိန်းတယောက် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သို့သော် စုချိန်း၏ ရှုံးနိမ့်ခြင်းသည် သူတယောက်တည်း ရှုံးနိမ့်ခြင်းမဟုတ်။ စုခေါ့ကျိ၏ ကံကြမ္မာတခုလုံးကိုပါ ပင်လယ်သမုဒ္ဒရာအောက်ခြေသို့ ဆွဲချသွားခဲ့ပြီဖြစ်သည်။ ဤတပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စုခေါ့ကျိအနေနှင့် စုမျိုးနွယ် ဒုတိယအကြီးအကဲတယောက်၏ ပိုင်ဆိုင်မှုနှင့် မျိုးနွယ်စုဆိုင်ရာ အမွေဆက်ခံနိုင်ခွင့်တို့ကိုပါ လက်လွှတ်ရပေတော့မည်။ ထို့ကြောင့် ဤတကြိမ် ရှုံးနိမ့်မှုသည် စုခေါ့ကျိ၏ ဘဝတခုလုံးကို ပျက်စီးသွားစေနိုင်သည်ဟုသာ ဆိုရပေတော့မည်။
မည်သည့်အနေအထားတွင်မဆို အနိုင်ရရှိသူမှာ ဝင့်ကြွားနေတတ်၏။ အလောင်းအစားအရ စုဖေးဟူကား အနိုင်ရရှိသွားလေပြီ။ သို့သော် အကြီးအကဲ စုချန်းချဲ့က အခြေအနေကို ထိန်းချုပ်လိုသောသဘောနှင့် စုဖေးဟူကို ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
"ဖေးဟူ ကြည့်ရတာ မင်းရဲ့ ဒုတိယအစ်ကိုတော်ဟာ ဒီတကြိမ်မှာ အတော်လေး နာကြင်နေဟန်ပေါ်တယ် ဒီတော့ ငါထင်တာ..."
ထိုအခါ စုဖေးဟူက ချက်ချင်းပင် ပြန်လည်ပြောဆိုလိုက်၏။
"ကျွန်တော် နားလည်ပါတယ် အဖေ ဒီတော့ အစောပိုင်းက လုပ်ထားတဲ့ လောင်းကြေးကို ဒုတိယအစ်ကိုတော်အနေနဲ့ ပေးချေစရာ မလိုတော့ပါဘူးခင်ဗျာ"
ထိုအခိုက်မှာပင် စုခေါ့ကျိက ကြားဖြတ် အော်ဟစ်လိုက်သည်။
"မလိုပါဘူး ကျုပ်ရှုံးကြေးကို ပေးဖြစ်အောင် ပေးမှာပါ"
မထင်မှတ်သောစကားကြောင့် လူတိုင်းလိုလို ကြက်သေသေသွား၏။ စကားဆုံးသည်နှင့် စုခေါ့ကျိသည် တလှမ်းချင်းလျှောက်လာပြီး စင်မြင့်ရှေ့သို့အရောက်တွင် ခွေးတကောင်ကဲ့သို့ လေးဘက်ထောက်လိုက်လေသည်။ အနှီမြင်ကွင်းကို မြင်တွေ့နေရသော လူတိုင်းလိုလိုသည် မှိုင်တွေငေးမောလျက် ရှိကြကုန်၏။ ကျန်လူများမဆိုထားနှင့် စုချန်းကိုယ်တိုင်ပင် အတော်လေး တွေဝေသွားလေသည်။
လေးဘက်ထောက်နေရင်းနှင့်ပင် စုခေါ့ကျိက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့အသံမှာ အက်ကွဲလျက်ရှိလေရာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပေသည်။
"ကျုပ် စုခေါ့ကျိ အလောင်းအစားတခု ပြုလုပ်ခဲ့တယ် ဒီအလောင်းအစားမှာ ကျုပ်ရှုံးနိမ့်သွားတယ် ဒီကနေ့ကစပြီး ကျုပ်ဟာ စုမျိုးနွယ်စုရဲ့ အမွေဆက်ခံနိုင်ခွင့်ကို စွန့်လွှတ်လိုက်ပြီ ဒါ့အပြင် အဆင့်မရှိတဲ့ ခွေးဝဲစားတကောင်ကို လေးဘက်ထောက်ပြီး ဒီစင်မြင့်ကို တပတ်ပြည့်အောင် ပတ်ပါမယ် ဒီကနေ့ ဒီနေရာကို ရောက်လာတဲ့လူတွေဟာ ဒီဖြစ်ရပ်ရဲ့ မျက်မြင်သက်သေတွေ ဖြစ်လာလိမ့်မယ်"
ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်ပြီးသည်နှင့် စုခေါ့ကျိသည် သူ့စကားအတိုင်း စင်မြင့်ကို လှည့်ပတ်ကာ ခွေးတကောင်ကဲ့သို့ စတင်တွားသွားတော့သည်။ စုခေါ့ကျိ၏ ရိုင်းပြမှုကြောင့် တချိန်က သူ့ကိုမုန်းတီးနေသူများပင် ဤအခိုက်အတန့်တွင် သူ့သဘောထားကို လေးစားလာကြကုန်၏။ ဂရုဏာသက်လာကြကုန်၏။ တခြားသူများ မဆိုထားနှင့် စုဖေးဟူကိုယ်တိုင်ပင် ထိုဖြစ်ရပ်ကိုကြည့်ရင်း နေမထိ ထိုင်မသာ ဖြစ်လာ၏။
သို့သော် စုချန်းမှာကား တခြားလူများနှင့် မတူပေ။ သူ့စိတ်ထဲတွင် ဤဖြစ်ရပ်သည် အလွန် ရယ်မောဖွယ်ရာကောင်းသည်ဟု ထင်နေ၏။ ထို့နောက် သူက အောက်ပါအတိုင်း တွေးတောလိုက်၏။
...အင်း ငါ့ရဲ့ဒုတိယဦးရီးတော်ကတော့ တကဲ့လူပဲ....အရာရာကို ဆုံးရှုံးသွားသူတယောက်ဟာ ခုချိန်မှာ ဘာကိုမှ မကြောက်လန့်တဲ့ပုံစံ၊ အရာရာကို လက်သင့်ခံနိုင်တဲ့ ပုံစံမျိုးဖမ်းတာထက် ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိတော့ဘူး ဒီလိုမှသာ သူ့အနေနဲ့ တခြားလူတွေရဲ့ ဂရုဏာတရားကို ပြန်ရနိုင်မယ် ကံကောင်းထောက်မရင် ကြုံတွေ့နေရတဲ့ အခက်အခဲက လွတ်မြောက်နိုင်မဲ့ လမ်းစတချို့ကိုတောင် တွေ့လာနိုင်သေးတယ်...
သူ့ဒုတိယဦးရီးတော်သည် ထိုလှည့်ကွက်မျိုးကို အသုံးပြုနေကြောင်း စုချန်း ကောင်းကောင်းသိ၏။ သို့သော် စုချန်းက သူ့ဦးရီးတော်ကို အခွင့်အရေး အနည်းငယ်မျှပင် ပေးလိုစိတ်မရှိ။ ထိုအခါ သူက ရုတ်တရက် အသံပြုလိုက်၏။
"ကျန်းစင်းရေ...ဟေ့ ကျန်းစင်း..ငါ့ကို လာတွဲစမ်းပါအုံးကွ"
သူ့အသံမှာ သိပ်မကျယ်လောင်လှသော်လည်း စုခေါ့ကျိမှာမူကား စုချန်း၏ အသံကို ကောင်းစွာကြားလိုက်ရသည်။ သူ့ခြေလှမ်းများမှာလည်း ဖြတ်ခနဲ ရပ်တန့်သွား၏။
စုချန်းက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"ကျန်းစင်းရေ...ကျန်းစင်း...မင်း ဘယ်သွားနေတာလဲကွ"
စုချန်း၏ ခေါ်သံသည် သူ့ နှလုံးသားကို အပ်ချောင်းလေးနှင့် ထိုးဖောက်နေသကဲ့သို့ စုခေါ့ကျိ ခံစားလိုက်ရသည်။ ထိုစဉ် တစုံတယောက်က ဝင်ရောက်ပြောဆိုလိုက်၏။
"ခုနတုန်းက ကျန်းစင်းတယောက် အမောတကောနဲ့ ထွက်ပြေးသွားတာကို မြင်လိုက်ရတယ်ခင်ဗျ"
ကျန်းစင်း ထွက်ပြေးသွားပြီဟူသော အသံကိုကြားလိုက်ရသည်နှင့် စုခေါ့ကျိကား ဒေါသကို မထိန်းနိုင်တော့ဟန်မတူ။ နေရာမှ ဝုန်းခနဲခုန်ထကာ ကျန်းစင်းနောက်သို့ တဟုန်ထိုး ပြေးလိုက်သွားတော့သည်။ စုချန်းသည် တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသော စုခေါ့ကျိ၏ ကျောပြင်ကိုကြည့်ရင်း သိမ်မွေ့စွာ ပြုံးလိုက်၏။ ထို့နောက် သူက စုချန်းချဲ့ကို ပြောလိုက်သည်။
"ဖိုးဖိုး သူပတ်နေတာ စင်မြင့် တဝက်ပဲ ရှိသေးတယ် ဒါပေမဲ့ ထားလိုက်ပါတော့လေ"
စုချန်းချဲ့ကား တလုံးတပါဒမျှပင် ပြန်လည်စကားမပြောနိုင်ရှာ။
___________________×××________________×××_____
စုခေါ့ကျိသည် သုံးရက်အကြာမှ ပြန်လည်ရောက်ရှိလာ၏။ သူ့တကိုယ်လုံးတွင်လည်း သွေးများ ပေကျံနေလေသည်။ အဆိုပါသွေးများသည် မည်သည့်နေရာက ပေကျံလာမှန်း မည်သူမျှ မသိရှိသလို ကျန်းစင်း၏ ကံကြမ္မာကိုလည်း ဘုရားသခင်မှသာ သိရှိပေလိမ့်မည်။
စုခေါ့ကျိ ပြန်လည်ရောက်ရှိလာသည့်ညတွင် ကောင်းမြတ်ခြင်းလက်ဆောင်အိမ်တော်မှ အလောင်းတလောင်းကို အပြင်သို့ သယ်ထုတ်လာ၏။ ထိုအလောင်းမှာ အကြံပေးတန်၏ အလောင်းပင် ဖြစ်သည်။ ထို့နေ့ထိုအချိန်မှစ၍ စုခါ့ကျိသည် အိမ်တော်ပြင်ပသို့ ခြေမချတော့။ သူသည် မိသားစုဆိုင်ရာ အမွေဆက်ခံပိုင်ခွင့်များကို အပြီးအပိုင် စွန့်လွှတ်ပြီး အိမ်တော်အတွင်း၌သာ နေထိုင်ခဲ့လေတော့သည်။
စုချန်းအတွက်မှာမူကား ပြိုင်ပွဲသရဖူရှင်အဖြစ် အကြီးအကဲစုချန်းချဲ့ ချီးမြှင့်လာသော စိန်းလန်းစိုပြေပန်းမြတ်မာလာအဆီတချို့အပြင် တခြားအရင်းအမြစ်အနည်းငယ်ကို လူအများရှေ့မှာပင် သူ့တပည့်ကျော် သံမဏိအား ပြန်လည်စွန့်ကျဲလိုက်၏။ အဆိုပါအရင်းအမြစ်များအတွက် စုမျိုးနွယ်စု မျိုးဆက်နှစ်ဆက်သည် နှစ်စဉ်နှစ်တိုင်းလိုလို ပြိုင်ပွဲတွင် အနိုင်ရရှိရန် ကြိုးစားခဲ့ရ၏။ ထိုကဲ့သို့ အရင်းအမြစ်မျိုးကိုပင် စုချန်းက တန်ဖိုးမထားပဲ သံမဏိအား စွန့်ကျဲလိုက်သောအခါ လူတိုင်းလိုလိုသည် အံ့သြသင့်ကုန်ကြ၏။ တချို့ကလည်း စုချန်း၏လုပ်ရပ်သည် တခြားလူများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ထင်မြင်ယူဆကြ၏။
အမှန်တော့ အထက်ပါ ထင်မြင်ယူဆချက်မှာ ဒင်းပြည့်ကျပ်ပြည့် မှန်ကန်၏။ စုမျိုးနွယ်၏ အရင်းအမြစ်များကို ကိုယ်တိုင်အသုံးပြုပဲ အစေခံတယောက်အား ပေးကမ်းလိုက်ခြင်းအတွက် စုချန်း၏ ရည်ရွယ်ချက်မှာ စုမျိုးနွယ်စုကို သိက္ခာချလို၍သာ ဖြစ်၏။ "သင်းတို့အရင်းအမြစ်များအား ငါ အသုံးပြုရန် မလို"ဟု ပြသလိုက်ခြင်းပင် ဖြစ်သည်။ မည်သို့ဆိုစေ ထိုအရင်းအမြစ်များသည် သံမဏိကိုကား အမှန်တကယ် အကျိုးပြုခဲ့၏။ ၎င်းတို့ကို အသုံးပြု၍ သံမဏိသည် ထိုနေ့ညမှာပင် ချီစွမ်းအား စုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့တော့သည်။
ထိုဖြစ်ရပ်ကြောင့် မျိုးနွယ်စုအကြီးအကဲမှာ စိတ်မချမ်းမြေ့ ဖြစ်ရရှာ၏။ အထူးတလည် ဝင်ရောက်ဟန့်တားခြင်း မရှိသော်လည်း "လူငယ်တွေဟာ တယ်လဲစိတ်မြန်တာပဲကိုး"ဟု ငြီးတွားရှာသည်။
စုချန်းတယောက် စုမျိုးနွယ်စုကို အရှက်ခွဲနေသည်ဟု နောက်ထပ်သိသာစေသော အချက်တချက် ရှိနေသေး၏။ ထိုအချက်မှာ စုချန်းသည် ယခုအချိန်ထိ စုမျိုးနွယ်စု၏ အမွေဆက်ခံခြင်းဆိုင်ရာနန်းတော်သို့ မူလစွမ်းရည်များ တောင်းခံရန် တကြိမ်တခါမျှ ရောက်မလာခဲ့ခြင်းပင်။ စုမျိုးနွယ်စု အမွေဆက်ခံခြင်းဆိုင်ရာနန်းတော်ကို အုပ်ချုပ်သူမှာ အကြီးအကဲတယောက်ဖြစ်သူ စုချန်းချိန်း ဖြစ်သည်။ အကယ်၍ မူလစွမ်းရည်များတောင်းခံရန် ထိုနေရာသို့ စုချန်းရောက်ရှိလာပါက အကြီးအကျယ် ဒုက္ခပေးလိုက်မည်ဟု စုချန်းချိန်းက ကြံစည်ထား၏။ သို့သော် စုချန်း၏ လုပ်ရပ်မှာကား ရှင်းလင်းပြတ်သားလှသည်။ သူသည် အမွေဆက်ခံခြင်းဆိုင်ရာနန်းတော်သို့ ယောင်လို့မျှပင် ခြေဦးမလှည့်ချေ။
စုချန်းသည် မူလချီစွမ်းအားပညာရှင်တယောက်ဖြစ်လာသော်လည်း မူလစွမ်းရည်များအား လေ့လာသင်ယူခြင်းမပြု။ ဤသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ လူအတော်များများမှာ ဤကိစ္စကို နားမလည်ကြပေ။ တချို့ကလည်း စုချန်းချိန်းက အကျင့်ယုတ်ပြီး စုချန်းအတွက် မူလစွမ်းရည်များ မျှဝေခြင်းမပြုဟု ယူဆကြ၏။ ထိုသတင်းကိုကြားရသောအခါ စုချန်းချိန်းတယောက် သွေးအန်သည်အထိပင် ဒေါသထွက်မိလေသည်။ သူ့အနေနှင့် စုချန်းကို အခက်အခဲတွေ့အောင်သာ လုပ်ခွင့်ရှိပြီး ထိုမူလစွမ်းရည်များအား တားဆီးပိတ်ပင်ထားခွင့် မရှိပေ။ စုချန်းအနေနှင့် မူလစွမ်းရည်တမျိုးမျိုးကို လေ့ကျင့်လိုလျင် သူ့ထံသို့ လာရမည်သာ။ သို့သော် စုချန်းကား ရောက်မလာခဲ့။ ယခုတော့ မဆီမဆိုင် စွတ်စွဲခံရသည်ဟု စုချန်းချိန်း ခံစားမိလေသည်။
သို့သော် မှားယွင်းစွပ်စွဲသူများထဲတွင် အကြီးအကဲစုချန်းချဲ့ မပါသည့်အတွက် စုချန်းချိန်းခမျာ အတော်လေး စိတ်သက်သာ ရမိလေသည်။ အကြီးအကဲသည် ဤဖြစ်ရပ်တွင် စုချိန်းချိန်း တာဝန်မရှိကြောင်း ဂဃနဏ သိရှိထား၏။ အမှန်တော့ ဤဖြစ်ရပ်သည် စုချန်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေ၏။
ထိုနေ့မှာပင် စုချန်းချဲ့သည် အချိန်အတော်ကြာကြာထိ ပြောဆိုငြီးတွားနေခဲ့ပြီး သားဖြစ်သူ စုချန်းအန်ကို ခေါ်ယူကြိမ်းမောင်းတော့သည်။ လူအများပြောစကားအရ စုချန်းအန်လက်အောက်ရှိ စီးပွားရေးလုပ်ငန်းအတော်များများကို ခွဲထုတ်ပြီး တတိယသားဖြစ်သူ စုဖေးဟူလက်အောက်သို့ ထည့်ပေးလိုက်သည်ဟု ကြားသိရ၏။ မျိုးနွယ်စုခေါင်းဆောင်၏ သားကြီးပီပီ စုချန်းအန်သည် မူလကတည်းက စီးပွားရေးလုပ်ငန်းအများစုကို ဦးစီးလုပ်ကိုင်နိုင်ခွင့်ရှိ၏။ ယခုတော့ ထိုအခွင့်အရေးသည် စုဖေးဟူ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့လေပြီ။ စုချန်းအန်အပေါ်ထားရှိခဲ့သော စုချန်းချဲ့၏ ယုံကြည်ကိုးစားမှုများသည် တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီဖြစ်ကြောင်း ထိုဖြစ်ရပ်က သိသာစေ၏။
အထက်တွင်ဖော်ပြခဲ့သည်များကို ထောက်ရှုလျင် စုမျိုးနွယ်စုအတွင်း ကြီးမားသော ပြုပြင်ပြောင်းလဲမှုကြီးတခု စတင်ရန်အချိန်မှာ သိပ်မကြာတော့ကြောင်း စာဖတ်သူများအားလုံး မှန်းဆမိကြပေလိမ့်မည်။ တချို့ကလည်း နောင်တချိန် စုမျိုးနွယ်ကို ဦးဆောင်မည့်သူမှာ စုချန်းအန်မဟုတ်တော့ပဲ စုဖေးဟူဟု စတင်ပြောဆိုလာကြကုန်၏။
ထို့နောက်တွင်ကား စုမျိုးနွယ်စုအတွင်း စုခေါ့ကျိပြီးနောက် စိတ်ဓာတ်ကျစရာအကောင်းဆုံးလူမှာ စုချန်းအန် ဖြစ်လာတော့သည်။ ပြီးခဲ့သော နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ၌ သူ့သားအရင်းခေါက်ခေါက်ဖြစ်သူက အောင်ပန်းဆင်နိုင်ခဲ့သော်လည်း ထိုအောင်ပွဲသည် သူ့အတွက် အနည်းငယ်မျှ ဂုဏ်ယူစရာမဖြစ်ခဲ့သည့်အပြင် ဘေးကျပ်နံကျပ်သာ ဖြစ်စေခဲ့၏။ လူပေါင်းများစွာတို့သည် အထင်သေးသော၊ ငေါ့တော့တော့နိုင်သော၊ လှောင်ပြောင်သောအကြည့်များနှင့် ဝိုင်းဝန်းကြည့်ရှုနေရသည်ဟု စုချန်းအန်တယောက် ခံစားနေရလေတော့သည်။ စုချန်းအန်အတွက်မူ ထိုဖြစ်ရပ်သည် ညှင်းပန်းနှိပ်စက်မှုတမျိုးပင် ဖြစ်၏။
လူဆိုသည်မှာ ကိုယ်စိုက်ပျိုးသောအပင်မှအသီးကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရစမြဲသာ ဖြစ်သည်။ ထိုအခါ တချို့လူများသည် ၎င်းတို့၏ ဆုံးဖြတ်ချက်အမှားအတွက် နောင်တရလေ့ရှိပြီး တချို့မှာကား ဒေါသထွက်လာလေ့ရှိသည်။ ကံမကောင်းအကြောင်းမလှစွာပင် စုချန်းအန်သည် ဒုတိယလူစားမျိုး ဖြစ်နေ၏။