သွေးဗီဇနိုးထလာခြင်း
Vol. 9 Ch. 90
ဤယနေ့တွင်ကား စုချန်းသည် တောင်နောက်ကျောတွင် ဝိညာဉ်မျက်လုံး၊ လေလှိုင်းရေဘဝဲလက်တံများနှင့် မက်၏ ကာကွယ်စောင့်ရှောက်သူ အစရှိသော မူလစွမ်းရည်များအား ထပ်ခါထပ်ခါ လေ့ကျင့်လျက်ရှိ၏။ ပညာခန်းများအား လေ့ကျင့်ရာတွင် စုချန်းသည် ငွေကြေးကို အနည်းငယ်မျှပင် ချွေတာခြင်းမရှိသောကြောင့် မူလစွမ်းရည်များသည် လျင်လျင်မြန်မြန်ပင် တိုးတက်လာခဲ့လေသည်။ သို့သော် ဝိညာဉ်မျက်လုံးမှာကား အနည်းငယ်မျှသာ အောင်မြင်မှုရခဲ့၏။
ထိုအခိုက်မှာပင် စုချန်းနောက်ကျောမှ အလင်းတန်းတခု ပစ်လွှင့်လာ၏။ စုချန်းကား နောက်ကိုပင် လှည့်ကြည့်ခြင်းမရှိ။ ထိုအခိုက်မှာပင် စုချန်း၏ ပတ်ပတ်လည်၌ အလင်းတန်းတခုပေါ်ပေါက်လာပြီး ထိုအလင်းတန်းသည် သူ့ကိုယ်ခန္ဓာအား စက်ဝိုင်းပုံ ကာရံလျက်ရှိလေ၏။ ထိုအကာအရံမှာ စုချန်းနောက်ဆုံးလေ့ကျင့်ထားသော မက်၏ကာကွယ်စောင့်ရှောက်သူ မူလစွမ်းရည်ပင် ဖြစ်သည်။ တဆက်တည်းမှာပင် စုချန်းက လက်တဖက်ကိုလှုပ်ရမ်းလိုက်ရာ လေလှိုင်းရေဘဝဲလက်တံများ အလျှိုလျှိုပေါ်ပေါက်လာတော့သည်။ စုချန်း၏လှုပ်ရှားမှုမှာ ထိုမျှနှင့်မပြီးသေး။ သူက နောက်ကိုချက်ချင်းလှည့်ပြီး ရင်ဘတ်ရှိလက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ ကြီးမားသော မီးလုံးကြီးတလုံး ပေါ်ပေါက်လာပြီး ထိုမီးလုံးသည် သူ့ရှေ့တည့်တည့်သို့ ပျံ့လွင့်သွား၏။
"ဟေ့"
အော်သံနှင့်အတူ တောအုပ်အတွင်းမှ လူရိပ်တရိပ် ခုန်ထွက်လာ၏။ ထိုလူရိပ်သည် လေထဲမှာပင် ဝဲကာပျံကာ လူးကာလွန့်ကာနှင့် မီးလုံးကြီကို ရှောင်တိမ်းလိုက်၏။ စုချန်း ပစ်လွှတ်လိုက်သော မီးလုံးကြီးမှာကား တောအုပ်အတွင်းရှိ သစ်ပင်တပင်ကိုသာ ဝုန်းခနဲ ထိမှန်သွားတော့သည်။ ထိုလူရိပ်မှာ တခြားသူမဟုတ်။ ကုချိန်းလွှာပင် ဖြစ်သည်။ ကုချိန်းလွှာသည် မြေကြီးပေါ်သို့ ပေါ့ပါးစွာ ခုန်ဆင်းလာ၏။ သူမ၏ ပုံစံမှာကား အလွန်တရာ တင့်တယ်လှပပြီး ရှုချင့်စဖွယ်ကောင်းလှပေသည်။
စိတ်ပျက်စရာကောင်းလှသည်မှာ အနှီမိန်းကလေးသည် သူမကိုယ်သူမ မည်မျှတင့်တယ်ကြောင်း သဘောပေါက်ထားပုံမရ။ သစ်ပင်ကိုထိမှန်သွားသော မီးလုံးကြီးကိုသာ ပြူးပြဲကြည့်နေရင်း မေးလိုက်သည်။
"ဒါဘာနည်းစနစ်လဲရှင့်"
ထိုအခါ စုချန်းက ဆန့်တန်းထားသော လက်နှစ်ဖက်ကို ပြန်လည်ရုတ်သိမ်းရင်း ရှင်းပြလိုက်၏။
"မီးလျံစက်လုံးနည်းစနစ်လေ"
ထိုအခါ ကုချိန်းလွှာက စိတ်ဝင်တစားနှင့် မှတ်ချက်ချလိုက်သည်။
"အင်အားက အတော်လေး ပြင်းထန်တာပဲရှင့်"
ကုချိန်းလွှာ၏စိတ်ဝင်စားမှုကိုသိ၍ စုချန်းက ရှင်းပြလိုက်သည်။
"ရှေးဟောင်းအာကင်နာနည်းစနစ်တမျိုးပဲဗျ ဒါကို အသုံးပြုချင်ရင် မူလစွမ်းအင်ပုံကြမ်းကို တည်ဆောက်ထားရတယ် ဒါပေမဲ့ တခါပဲ အသုံးပြုလို့ရတယ် ခင်ဗျား စိတ်ဝင်စားလို့လား စိတ်ဝင်စားရင် ကျွန်တော် သင်ပေးလို့ရတယ်လေ"
"ဟင်း ရှင့်ဟာက ကျွန်မတို့ကုမျိုးနွယ်စုရဲ့ ပျံသန်းနေသောပန်းပွင့်လက်ချောင်းများဆိုတဲ့ ပညာလောက် အင်အားပြင်းထန်လို့လားရှင့်"
ပြောပြောဆိုဆို သူမက သစ်ပင်တပင်မှ သစ်ရွက်တချို့ကို လက်တဆုပ်ခန့် ခြွေယူရင်း စုချန်းကို ပစ်ပေါက်လိုက်၏။ ကုချိန်းလွှာ၏ သစ်ရွက်တရွက်ချင်းစီသည် မီးလျံစက်လုံး တလုံးစာခန့် မပြင်းထန်လှသော်လည်း သစ်ရွက်လက်တဆုပ်စာ ပေါင်းစပ်လိုက်လျင်ကား အင်အားမှာ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှ၏။ ကုချိန်းလွှာ၏ မထင်မှတ်သော တိုက်ခိုက်မှုကြောင့် စုချန်း အငိုက်မိသွား၏။ သူသည် ပျံလွင့်လာသောသစ်ရွက် စုစုပေါင်း၏ တဝက်စာခန့်သာ ရှောင်တိမ်းနိုင်လိုက်သည်။ ကံကောင်းထောက်မသည်မှာ ကနဦး နှိုးဆွထားသော အကာအရံသည် ယခုတိုင်အောင် သက်ဝင်လှုပ်ရှားနေဆဲပင်။ သို့တိုင်အောင် တိုက်ခိုက်မှုကြောင့် အကာအရံတခုလုံး ကျိုးပဲ့ကုန်၏။
ကျေးဇူးတင်စရာကောင်းသည်မှာ ကုချိန်းလွှာသည် အတော်လေး လျှော့ပေါ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျင် စုချန်းအနေနှင့် အနည်းဆုံး ဒဏ်ရာတချို့တော့ ရရှိသွားပေလိမ့်မည်။
"ပြင်းထန်လိုက်တဲ့ တိုက်ခိုက်မှုပဲ ကျွန်တော်တော့ ခင်ဗျားရဲ့ 'ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ'ကို သဘောကျသွားပြီဗျို့"
စုချန်းက သက်ပြင်းချရင်း ကုချိန်းလွှာ၏ ပညာရပ်ကို ချီးမွမ်းခန်းဖွင့်လိုက်၏။
"အို ဘာများပူနေစရာရှိသလဲ အနည်းဆုံးတော့ ရှင့်မှာ ' မြူခိုးကြားထဲက မြွေခြေလှမ်း' ရှိနေသားပဲဟာကို"
ပြောပြောဆိုဆို ကုချိန်းလွှာက ခြေထာက်တဖက်ကိုမရင်း စုချန်းကို လျပ်တပြက် ကန်ကျောက်လိုက်၏။ စုချန်းကလည်း ပါးနပ်သည်။ ဘေးဖက်ကိုရွှေ့ရင်း ဖြတ်ခနဲ ရှောင်တိမ်းလိုက်၏။ သို့သော် ကုချိန်းလွှာသည် လေထဲ၌ပင် ပုံစံမျိုးစုံပြောင်းလဲရင်း သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ထိုအခါ စုချန်း အတော်လေး အံ့သြသင့်သွား၏။ သူ့ပါးစပ်မှလည်း မေးခွန်းတချို့ လွှတ်ခနဲ ထွက်သွားတော့သည်။
"ဟာ ခင်ဗျားရဲ့ ဒီခြေလှမ်းကွက်တွေက ယာယီပျံသန်းခြင်းအဆင့်ကိုတောင် ရောက်နေပြီလားဗျ"
စုချန်းအနေနှင့် အံ့သြမည်ဆိုလျင်လည်း အံ့သြလောက်စရာပင်။ ဤမိန်းကလေး၏ တိုးတက်မှုက အမှန်တကယ်အထင်ကြီးလောက်စရာ ဖြစ်နေ၏။ "ပျံသန်းနေသောပန်းပွင့်လက်ချောင်းများ"၏ အင်အားပြင်းထန်မှုမှာ လက်သင့်ခံလောက်စရာ ဖြစ်နေသော်လည်း "မြူခိုးကြားထဲမှမြွေ" ခြေလှမ်းကွက်၏ တိုးတက်မှုမှာကား အံ့ချီးလောက်စရာပင်။
"အသံကြားရုံနဲ့ ဒီလောက်အထိပြောနိုင်တာကိုက ရှင်ဟာ ကျွန်မထက် ချီးကျူးစရာကောင်းနေပြီရှင့်...ရှင်ပြောသလိုပဲ ကျွန်မဟာ လေထဲမှာ ပုံစံတချို့ ပြောင်းလဲခဲ့တာတော့ အမှန်ပဲ ဒါပေမဲ့ ယာယီပျံသန်းခြင်းနယ်ပယ်ရောက်ဖို့တော့ အဝေးကြီး လိုပါသေးတယ်ရှင်"
ကုချိန်းလွှာက ပြန်လည်ပြောဆိုလိုက်သည်။ သူမ၏စကားသည် နှိမ့်ချရာရောက်နေသော်လည်း သူမ၏ အမူအရာမှာကား အလွန်တရာ ဂုဏ်ယူနေကြောင်း သိသာနေ၏။ ထိုအခိုက်မှာပင် စိတ်လှုပ်ရှားမှုကြောင့် ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည်လည်း လေထဲတွင် ဆက်လက်မရပ်တည်နိုင်တော့ပဲ မြေကြီးပေါ်သို့ ပြန်လည်ကျဆင်းလာတော့သည်။ ချီစီးဆင်းမှု မငြိမ်သက်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ဒီလောက်လေ့ကျင့်နိုင်တာကိုက အထင်ကြီးစရာပဲဗျ"
စုချန်းက ရိုးရိုးသားသားပင် ချီးကျူးလိုက်သည်။ ခြေလှမ်းနည်းငယ်မျှနှင့် မြေကြီးမှကောင်းကင်သို့ ပျံတက်နိုင်သည့် အဆင့်သို့ ကုချိန်းလွှာ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေရာ စုချန်း၏ချီးကျူးစကားမှာ သိပ်တော့မမှား။ သာမာန်ချီစွမ်းအားပညာရှင်တယောက်သည် ပျံသန်းလိုပါက အလင်းတုန်ခါခြင်းနယ်ပယ်သို့ ရောက်ရှိနေရမည့်အပြင် ပျံသန်းနိုင်သည့် မူလစွမ်းရည်တမျိုးမျိုးကို လေ့လာသင်ယူထားရန် လိုအပ်၏။
သို့သော် "မြူခိုးကြားမှမြွေခြေလှမ်း"ဟူသော နည်းစနစ်မှာကား တမျိုးတဘာသာ ကွဲပြားနေ၏။ ၎င်းသည် အမြန်နှုန်း၊ သွက်လက်မှုနှင့် ပျံသန်းခြင်းသက်ရောက်မှုများကို စနစ်တကျ ပေါင်းစပ်ထားသည့် ခြေရာခံနည်းစနစ်တမျိုး ဖြစ်သည်။ ထို့ကြောင့် ထိုနည်းစနစ်ကို အဆင့်မြင့်ချီစွမ်းအားပညာရှင်များသာမကပဲ အဆင့်နိမ့်ချီပညာရှင်များလည်း အသုံးပြုနိုင်၏။ လက်ရှိအနေအထားတွင် ကုချိန်းလွှာသည် လေထဲ၌ ခြေလှမ်းအနည်းငယ် လှမ်းနိုင်ပြီဖြစ်၍ သွေးဆူပွက်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သည့်နယ်ပယ်တခုတွင် ယာယီပျံသန်းခြင်းအဆင့်ကို ရောက်ရှိလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းမှာ အထူးတလည် အံ့သြစရာတော့ မဟုတ်။ အဘယ်ကြောင့်ဆိုသော် "မြူခိုးကြားထဲမှ မြွေခြေလှမ်း"မူလစွမ်းရည်သည် ကုမျိုးနွယ်စုမူပိုင် မူလစွမ်းရည်တမျိုး ဖြစ်နေသောကြောင့်ပင်တည်း။
စုချန်း၏ အထင်ကြီးစကားကို ကြားလိုက်ရသောအခါ ကုချိန်းလွှာက ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"သိပ်လည်းအထင်မကြီးနဲ့အုံးရှင့် ခုအခြေအနေထိရောက်လာတာ ကံကောင်းလို့ပဲ ဟိုတလောက ကျွန်မရဲ့သွေးဗီဇ တခေါက်နိုးထလာခဲ့တယ် ဒါကြောင့်မို့လို့ ခုလို စွမ်းဆောင်နိုင်တာပဲ"
ကုမျိုးနွယ်စုဟူသည် အလွန်ရှေးကျလှသော မျိုးနွယ်စုဖြစ်ပြီး သွေးဗီဇပိုင်ဆိုင်ခွင့်ရသူ ရှားရှားပါးပါး မျိုးနွယ်စုများအနက် တခုအပါအဝင် ဖြစ်၏။ အဆိုပါသွေးဗီဇများသည် ယခုအချိန်တွင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော မျိုးဆက်သွေးညှို့ငင်ထုတ်ယူကိရိယာများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် သွေးနှောမျိုးနွယ်စုများနှင့် ကွဲပြားခြားနားလှပြီး သူတို့အတွက် မည်သည်းဆေးဝါးမျှ မလိုအပ်ချေ။ သွေးဗီဇ နိုးထလာသည့်အချိန်တွင် သူတို့သည် သွေးဗီဇနှင့်ဆက်နွယ်သည့်စွမ်းအင်များကို အလိုအလျောက် ရရှိလာပေလိမ့်မည်။
သွေးဗီဇနိုးထလာသည့် နည်းလမ်းများမှာကား အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားနေ၏။ ထိုနည်းတူစွာ ကံကြမ္မာများမှာလည် း ကွဲပြားခြားနားကြကုန်၏။ လူတချို့သည် ဘဝတလျှောက်လုံး သွေးဗီဇနိုးထလာခြင်းမရှိပဲ နေထိုင်သွားကြသလို လူတချို့မှာကား ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်လိုက်ရုံနှင့် သွေးဗီဇ နိုးထလာကြလေသည်။ အိပ်မက်မက်နေရင်းနှင့်ပင် သွေးဗီဇနိုးထလာကြသော ကံထူးသူတချို့ကိုလည်း ရံဖန်ရံခါ တွေ့ရှိရတတ်လေသည်။
တဖန် သွေးဗီဇနိုးထသည့် ဖြစ်စဉ်များမှာလည်း တယောက်နှင့်တယောက် မတူကြပေ။ တချို့လူများသည် သွေးဗီဇနိုးထလာစဉ် သွေးကြောများ ပြတ်တောက်သွားသကဲ့သို့ နာကျင်စွာ ခံစားရလေ့ရှိပြီး တချို့မှာကား မည်သို့မျှ ခံစားရလေ့မရှိပေ။
နိုးထလာသော သွေးဗီဇပမာဏမှာလည်း တယောက်နှင့်တယောက် မတူပဲ ကွဲပြားခြားနားနေလေ့ရှိ၏။ မည်သို့ဆိုစေ သွေးဗီဇအားလုံး၏ ခန့်မှန်းခြေ ငါးဆယ်ရာခိုင်နှုန်းခန့်သာ နိုးထလာလေ့ရှိသည်။ သဘောတရားအရ သွေးဗီဇနိုးထလာပါက ထိုသူ၏ စွမ်းအင်မှာလည်း တိုးပွားလာလေ့ရှိသည်။ သို့သော် သွေးဗီဇ တစ်ရာရာခိုင်နှုန်း နိုးထလာသူဟူ၍ လူ့လောကတွင် မရှိစဖူးပေ။ သွေးဗီဇ သုံးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းအတွင်း နိုးထလာခြင်းကို ပုံမှန်ဖြစ်စဉ်ဟု သတ်မှတ်၏။ အကယ်၍ တစုံတယောက်သည် သွေးဗီဇ ငါးဆယ်ရာခိုင်နှုန်းထက် ကျော်လွန်၍ နိုးထလာခဲ့ပါက ထိုလူသည် လူသားမဖြစ်နိုင်တော့။ လူသားဆန်မှုပျောက်ဆုံးသွားသည့် သားရဲတိရိစ္ဆာန်တမျိုး ဖြစ်သွားပေလိမ့်မည်။
ကုချိန်းလွှာသည်ကား အတော်လေး ကံကောင်းသူတယောက်ဖြစ်၏။ သူမ၏ သွေးဗီဇသည် အိပ်ပျော်နေစဉ် နိုးထလာခြင်းဖြစ်ပြီး မည်သည့်နာကျင်မှု၊ မည်သည့် ဘေးထွက်ဆိုးကျိုးမျိုးမှ မခံစားလိုက်ရချေ။ ပထမဆုံးနိုးထမှုတမျိုးတည်းသည် သူမခွန်အားကို တိုးမြင့်လာစေရန် လိုအပ်သည့်ပမာဏထက်ပင် ပိုနေသေး၏။ ဤနှစ်ပိုင်းအတွင်း စုချန်း၏ တိုးတက်မှုသည် အလွန်မြန်ဆန်သည်ဟု ဆိုနိုင်သော်လည်း ကုချိန်းလွှာ၏ တိုးတက်မှုထက် ပို၍ မြန်ဆန်သည်ဟုကား စုချန်းတယောက် ရဲရဲဝံ့ဝံ့ မပြောရဲချေ။ သွေးဗီဇပိုင်ဆိုင်ခွင့်ရသူသည် သွေးဗီဇပိုင်ဆိုင်ခွင့်ရသူသာ ဖြစ်၏။ သူတို့သည် အလိုအလျောက် အင်အားကြီးမားသူများသာ ဖြစ်လေသည်။
ထိုအခါ စုချန်းက စကားစရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် ကုချိန်းလွှာ၏ အရေပြားအောက်၌ စီးဆင်းနေသော ချီစွမ်းအင်များကို သူ ဖြတ်ခနဲ မြင်တွေ့လိုက်ရသည်။ ဤကဲ့သို့သော ချီစွမ်းအင်စီးဆင်းမှုကို သူ ပထမဆုံး အမြင်အာရုံပြန်ရချိန်၊ ကုချိန်းလွှာတယောက် ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူနေသည့် မြင်ကွင်းကို မြင်တွေ့ခွင့်ရစဉ်ကတည်းက စုချန်း မြင်ဖူး၏။ သို့သော် ထိုဖြစ်ရပ်ပြီးနောက် ဤမြင်ကွင်းမျိုးကို သူ နောက်ထပ် မြင်တွေ့ခွင့်မရခဲ့သည်မှာ အချိန်ပင်အတော်လေး ကြာမြင့်ခဲ့လေပြီ။
ထိုစဉ်က ဤဖြစ်ရပ်၏ သဘောသဘာဝကို နားမလည်နိုင်ခဲ့သော်လည်း ယခုတော့ စုချန်းတယောက် တဖြည်းဖြည်း သဘောပေါက်စပြုလာ၏။ သူ၏ ပုံမှန်အမြင်အာရုံသည် အရာဝတ္တုများကို အသေးစိတ် ရှုမြင်နိုင်ပြီး ထိုအရာဝတ္တုများ၏ တည်ရှိမှုကို သက်သေခံပေးနိုင်၏။ ရွေ့လျားအမြင်မှာကား မူလအမြင်အာရုံမှ ဆင့်ကဲတိုးတက်လာသော သဘောဖြစ်သည်။ သူ့မျက်လုံးအစုံ၏ အရေးအပါဆုံး အသုံးဝင်ပုံမှာကား သာမာန်မျက်လုံးများဖြင့် မမြင်နိုင်သော မူလစွမ်းအင်လှိုင်းများကို မြင်တွေ့နိုင်ခြင်းပင် ဖြစ်သည်။ မူလစွမ်းအင်ကို မြင်တွေ့နိုင်သည့်အချိန်တိုင်းတွင် သူ့မျက်လုံးများ၏ အသုံးဝင်ပုံသည် ခြေတလှမ်းတိုးလာခဲ့၏။ သို့သော် တဖက်တွင်လည်း ထိုဖြစ်ရပ်သည် သူ့မျက်လုံးများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရာ ရေရှည်တော့ အသုံးပြု၍ မရပေ။
မည်သို့ဆိုစေ ကိုယ်ခန္ဓာအတွင်းရှိ မူလစွမ်းအင်များသည် အရေပြားတထပ် ဖုံးအုပ်ခံထားရလေရာ သာမာန်အားဖြင့် မြင်တွေ့နိုင်ရန် အလွန် ခဲယဉ်းလှပေ၏။
ထို့နောက်တွင်ကား စုချန်းသည် တစုံတရာကို သဘောပေါက်လာဟန်ဖြင့် ဖြတ်ခနဲ မေးမြန်းလိုက်သည်။
"ဒါနဲ့ ခင်ဗျားကို ကျွန်တော် တခုမေးအုံးမယ် ပျံသန်းနေတဲ့သစ်ရွက်နည်းစနစ်နဲ့ မြွေခြေလှမ်းကွက်တွေကို ဖော်ထုတ်တဲ့အခါ ခင်ဗျားအနေနဲ့ သွေးဗီဇစွမ်းအားကို နှိုးဆွပေးရသလားဗျ"
ကုချိန်းလွှာက ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်၏။ ထို့နောက် သူမက ရှင်းပြလိုက်သည်။
"နှိုးဆွပေးရတာပေါ့ရှင့် ပြသနာက ဘာလဲဆိုတော့ ဒီမူလစွမ်းရည်နှစ်မျိုးကို ကျွန်မ ကောင်းကောင်း မထိန်းချုပ်နိုင်သေးတာပဲ ဒါကြောင့် ခုနကအနေအထားမျိုး အသုံးပြုချင်ရင် သွေးဗီဇကို ခပ်များများလေး နှိုးဆွပေးရတော့တာပဲ နောင်တချိန် ဒီစွမ်းရည်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီဆိုရင်တော့ သွေးဗီဇစွမ်းအင်တွေ ခုလောက်ထိ မလိုတော့ဘူးပေါ့လေ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီစွမ်းရည်တွေကို အသုံပြုချင်ရင် သွေးဗီဇစွမ်းအင်တချို့ကိုတော့ ထည့်သွင်းသုံးစွဲရမှာပေါ့ မဟုတ်ရင် ကျွန်မအနေအထားက သာမာန် သွေးဗီဇမရှိတဲ့ ချီပညာရှင်တယောက်ရဲ့ အနေအထားလောက်ပဲ ရှိနေမှာပေါ့"
သွေးဗီဇစွမ်းအားများကို သွေးဆူပွက်ခြင်းပညာရှင်တယောက်သာမက ချီစွမ်းအားစုဆောင်းခြင်းပညာရှင်တယောက်ကလည်း နှိုးဆွအသုံးပြုနိုင်၏။ သို့သော် ထုတ်ယူသုံးစွဲနိုင်သော ပမာဏမှာကား မတူ။ သွေးဗီဇစွမ်းအား အပြည့်အဝကို သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ပညာရှင်မျိုးသာလျငိ အပြည့်အဝ ထုတ်ယူသုံးစွဲနိုင်၏။ ကုချိန်းလွှာမှာကား သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ထိုစွမ်းအားများကို အပြည့်အဝ ထုတ်ယူရန် နည်းလမ်းရှာမတွေ့သေး။ ထို့ကြောင့် သူမအနေနှင့် သွေးဗီဇကို ပိုမိုနှိုးဆွနိုင်မည့် နည်းလမ်းကို လိုအပ်လျက်ရှိလေသည်။
ထိုအခါ စုချန်းက ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဒီတော့ ခင်ဗျားတို့ ကုမိသားစုရဲ့ စုပ်ယူခြင်းနည်းလမ်းတွေက သွေးဗီဇနဲ့ ဆက်စပ်နေတာပေါ့ ဟုတ်လား"
ကုချိန်းလွှာသည် ထိုကိစ္စများနှင့် ပတ်သက်၍ အကျယ်တဝင့် သင်ကြားခြင်းခံခဲ့ရသောကြောင့် စုချန်း၏ မေးခွန်းကို ချက်ချင်းသဘောပေါက်လိုက်သည်။ ထိုအခါ သူမက ရှင်းပြလိုက်၏။
"မဆက်စပ်လို့ ရမလားရှင့် ဒါ သဘာဝပဲလေ ကုမျိုးနွယ် စုပ်ယူခြင်းနည်းလမ်းတွေကို မူလစွမ်းအင်ကို စုပ်ယူရင်းနဲ့ သွေးဗီဇကို နိုးထလာအောင် ဖန်တီးထားရတာပေါ့ ဒီလိုမှမဟုတ်ပဲ ကျွန်မတို့အားလုံး အမွေအနှစ်ကိုပဲ မြှော်ကိုးနေရင် ဒီသွေးဗီဇဟာ မျိုးဆက်သုံးဆက်လောက်အတွင်း သေဆုံးသွားမှာပေါ့"
စုချန်းကား နားလည်သဘောပေါက်သွားခဲ့လေပြီ။ လက်စသတ်တော့ မူလစွမ်းရည်တချို့ကို အသုံးပြုပြီးနောက် ကုချိန်းလွှာ ကိုယ်ခန္ဓာအတွင်းရှိ ပေါ်ပေါက်လာသော စွမ်းအင်လှိုင်းများမှာ သွေးဗီဇစွမ်းအင်များပေတကား။ ကြည့်ရသည်မှာ ကုချိန်းလွှာသည် သွေးဗီဇစွမ်းအင်ကို နှိုးဆွလိုက်သည့်အချိန်တွင် သူမကိုယ်တွင်းရှိ မူလစွမ်းအင်များသည် ထူထဲသိပ်သည်းလာပုံရပြီး စုချန်းအနေနှင့်လည်း ထိုစွမးအင်များကို မြင်နိုင်လာပုံရသည်။ ယခင်တကြိမ် မြင်တွေ့ခဲ့စဉ်က သူမ၏ အနေအထားမှာ အလွန်တရာ ပွင့်လင်းမြင်သာသော အခြေအနေတွင် ရှိနေ၍လည်း စုချန်ၤးအနေနှင့် ယခုထက်ပို၍ အလွယ်တကူ မြင်တွေ့နိုင်ခဲ့ပုံရ၏။ ယခုတွင်တော့ သူမသည် မူလစွမ်းရည်များအား အသုံးပြုခြင်း မရှိတော့လေရာ သူမကိုယ်တွင်းရှိသွေးဗီဇမှာလည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။ စုချန်းအနေနှင့် မူလစွမ်းအင်လှိုင်းများကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့။ ိုထိုအခိုက်မှာပင် စုချန်းက စိတ်ကူးစိတ်သန်းတမျိုး ရရှိလာ၏။ ထိုစိတ်ကူးမှာ ကုချိန်းလွှာကို မဖြစ်နိုင်လောက်သော ခွန်အားများ ပေးစွမ်းလာသည့် သွေးဗီဇများ မည်သို့မည်ပုံ နိုးထလာသည်ကို အသေးစိတ် မြင်တွေ့လိုလာခြင်းဖြစ်သည်။ ထိုအခါ သူက ပြောလိုက်၏။
"ကျွန်တော်တို့ နည်းနည်းထပ်လေ့ကျင့်လိုက်ရင် ကောင်းမယ်ထင်တယ်ဗျ ခင်ဗျား ဘယ်လိုသဘောရသလဲ"
ကုချိန်းလွှာကလည်း မငြင်း။ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် စကားပြောဆိုခြင်းမရှိတော့ပဲ တယောက်နှင့်တယောက် အပြန်အလှန် တိုက်ခိုက်ကြတော့သည်။ ဤတကြိမ်တွင်တော့ စုချန်းသည် နောက်ကိုဆုတ်ပေးခြင်း မရှိတော့။ ဝိညာဉ်မျက်လုံး၊ လေလှိုင်းရေဘဝဲလက်တံကြီးများ၊ မက်ကာကွယ်စောင့်ရှောက်သူ အစရှိသည့် မူလစွမ်းရည်များကို ထုတ်ဖော်က အားသွန်ခွန်စိုက် တိုက်ခိုက်တော့သည်။ ကုချိန်းလွှာကလည်း မခေ။ ကုမျိုးနွယ်စုမူပိုင် မူလစွမ်းရည်များကို ထုတ်ဖော်ကာ စုချန်းအား ပြန်လည်တိုက်ခိုက်နေ၏။ အနိုင်အရှုံးမှာကား အချိန်တိုအတွင်း ခွဲခြားရန် ခက်လှ၏။
သွေးဗီဇနိုးထလာပြီးနောက် ကုချိန်းလွှာ၏ အင်အားမှာ မယုံကြည်နိုင်လောက်အောင် တိုးပွားလာလေရာ ဤအခြေအနေတွင် သူမကိုသူမ လေ့လာရန် အကောင်ၤးဆုံးဖြစ်၏။ သို့သော် မြောက်ပိုင်းမြို့တော်တခွင်လုံးတွင် သူမနှင့် လက်ရည်ညီသော ပြိုင်ဘက်မရှိ။ ယခုတော့ စုချန်းသည် မူလစွမ်းရည် ခြောက်မျိုးမှ ခုနှစ်မျိုးအထိ ထိန်းချုပ်အသုံးပြုန်ုင်လေရာ ကုချိန်းလွှာမှာ ယှဉ်ပြိုင်ရသည်ကို အလွန်ပင် သဘောခွေ့လာ၏။ စတင်ယှဉ်ပြိုင်ခဲ့စဉ်က အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူမသည် စိတ်ပါလက်ပါနှင့် ယှဉ်ပြိုင်လာတော့သည်။
စုချန်းသည်လည်း ယှဉ်ပြိုင်ရင်းနှင့်ပင် ကုချိန်းလွှာ၏ သွေးဗီဇပြောင်းလဲမှုများကို ကောင်းစွာ မြင်တွေ့နေရလေသည်။ ကုချိန်းလွှာ၏ ကိုယ်တွင်းမှ စီးဆင်းထွက်ပေါ်လာသော တစုံတရာသည် တဖြည်းဖြည်း ထူထဲလာပြီး မူလစွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။ ရလဒ်မှာ အမြဲလိုလို တပုံစံတည်းဖြစ်ပြီး သူမကို ထူးခြားသော စွမ်းအားများ ဖြစ်ပေါ်စေခဲ့လေသည်။ သို့သော် ထိုအရာသည် မူလစွမ်းရည်များ၏ ရှေ့ပြေးဖြစ်သော မူလစွမ်းအင်ပုံကြမ်းနှင့်လည်း မတူလှ။ ဤသို့ဆိုလျင် ထိုအရာမှာ မည်သို့သောအရာမျိုးဖြစ်နေသနည်း။ စုချန်း မသိပါ။
ထိုအခိုက်မှာပင် သူ့ကိုယ်တွင်း၌ ထူးခြားသော ခံစားချက်တမျိုး ပေါ်ပေါက်လာ၏။ ထိုခံစားမှုနှင့်အတူ သူ၏ ခြေလှမ်းများသည် ရုတ်တရက် မြန်ဆန်လာပြီး သူ၏ လှုပ်ရှားမှုမားမှာလည်း အထူးတလည် ငြင်သာသိမ်မွေ့လာ၏။ ထိုအခိုက်ဝယ် သူသည် လေထဲတွင် လမ်းလျှောက်နေပြီး မြေပြင်သို့ ပြန်လည်ပြုတ်ကျလာခြင်း မရှိတော့ပေ။ ထိုမျှသာမကသေး သူသည် ကုချိန်းလွှာ၏ တိုက်ခိုက်မှုကို လေထဲတွင် နေရာပြောင်းလဲရင်း ရှောင်တိမ်းလိုက်သေး၏။ သို့သော် နောက်တကြိမ်တွင်ကား သူသည် မြေပြင်သို့ ပြန်လည်ပြုတ်ကျလာတော့သည်။ ကုချိန်လွှာကား အံ့သြသင့်လွန်း၍ မျက်လုံးပင်ပြူးနေခဲ့လေပြီ။
"ရှင်ဘယ်လိုလုပ်လိုက်တာလဲ"
ကုချိန်းလွှာက မေးလိုက်၏။ စုချန်းကား မှိုင်တွေငေးမောနေ၏။ အတန်ကြာမှ သူက ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော် မသိဘူးဗျ"
ထိုအခါ ကုချိန်းလွှာက
"ထပ်လုပ်ကြည့်စမ်းပါအုံး"
ကနဦး စုချန်းပြုလုပ်လိုက်သည် လေပေါ်တွင် လမ်းလျှောက်ခြင်းမှာ သွေးဗီဇပိုင်ဆိုင်သူများသာ ပြုလုပ်နိုင်သည့် စွမ်းရည်မျိုးဖြစ်သည်။ သွေးဗီဇမပိုင်ဆိုင်ခဲ့လျင် ကိုယ်ခန္ဓာစွမ်းအင်အဆင့် မည်မျှပင် မြင့်မားနေစေကာမူ ထိုစွမ်းဆောင်ရည်မျိုးကို ပြုလုပ်နိုင်ဖွယ်ရာမရှိ။
ကုချိန်းလွှာ၏ စကားအတိုင်း စုချန်းက ထပ်မံကြိုးစားကြည့်၏။ သို့သော် မည်မျှ ကြိုးစားစေကာမူ အထက်ပါ စွမ်းဆောင်ရည်မျိုးကို နောက်တကြိမ် ပြုလုပ်နိုင်စွမ်းမရှိတော့။ ထိုအခါ ကုချိန်းလွှာက ပုခုံးတွန့်ရင်း ကောက်ချက်ချလိုက်သည်။
"ကြည့်ရတာ တိုက်ဆိုင်မှုနဲ့ တူပါရဲ့ရှင်"
သို့သော် စုချန်းကား ကုချိန်းလွှာ၏ မှတ်ချက်ကို သဘောမတူ။ အကယ်၍ သူသည် သွေးဗီဇပိုင်ရှင်တယောက်သာ ဖြစ်နေခဲ့လျင် ထိုသွေးဗီဇများကို နှိုးဆွနိုင်မည့် နည်းလမ်း တခုမဟုတ် တခုတော့ ရှိရမည်သာ။ ထို့ကြောင့် တိုက်ဆိုင်မှုဟူသည်မှာ လမ်းမှန်ကန်းမှန် မဟုတ်။ စုချန်းသည် တွေးရင်းတွေးရင်းနှင့် အတော်လေး ဘဝင်မကျ ဖြစ်လာ၏။ ထိုအခါ သူက ကုချိန်းလွှာကို အမှတ်မထင် လှမ်းကြည့်လိုက်၏။ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်လိုက်ရသောကြောင့် သူမ၏ ပုံစံမှာ အတော်လေး မောပန်းနေဟန်ရှိ၏။ သူမ၏ မျက်နှာမှာ သွေးရောင်လွှမ်းနေပြီး သွေးဗီဇနိုးထနေခြင်းကြောင့် သူမကိုယ်တွင်းရှိ ချီစီးဆင်းမှုကို မြင်တွေ့နေရလေသည်။။
ကံမကောင်းအကြောင်းမလှသည်မှာ သူမသည် အဝတ်အစားများကို ထူထဲစွာ ဝတ်ဆင်ထားလေရာ စုချန်းအနေနှင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းကားမရှိ။ ဤအဝတ်အစားများသာမရှိလျင် ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေလိမ့်မည်။ တဒင်္ဂအတွင်းဝယ် ကောင်းသောစိတ်နှင့် မကောင်းသောစိတ် အကြီးအကျယ် လွန်ဆွဲနေကြလေရာ စုချန်းတယောက် အရှင်လတ်လတ် ငရဲကျသကဲ့သို့ ရှိလေ၏။ နောက်ဆုံးတွင်တော့ သူ့နှလုံးသားထဲမှ ဆန္ဒကို စုချန်း မငြင်းပယ်နိုင်တော့။
ထိုအခါ သူက ကုချိန်းလွှာကို ပြောလိုက်သည်။
"ခင်ဗျားကို ကြည့်ရတာ မောနေပြီထင်တယ် ချွေးတွေလည်း ထွက်လောက်ရောပေါ့ အမောပြေသွားအောင် ရေဆလးဘာလေး ချိုးလိုက်ပါလားဗျ"