← Chapters

ဝိညာဉ်ရှာဖွေခြင်း

Vol. 10 Ch. 91

ဝိညာဉ်ရှာဖွေခြင်း

Vol. 10 Ch. 91

ကမ်းပါးအောက်ရှိရေပြင်သည် ရေစက်လေးများနှင့် ဖွေးဖွေးလှုပ်နေ၏။ ကုချိန်းလွှာ၏ပုံစံမှာ ကန်မျက်နှာပြင်တွင် လှပစွာပေါက်ရောက်နေသော ကြာပန်းလေးတပွင့်နှင့်ပင် တူနေသေး၏။ ရေပြင်ပေါ်သို့ရောက်လာချိန်တွင် သူမသည် ရှည်လျားသော ဆံပင်များအား လှုပ်ခါလိုက်ရာ ရေစက်ကလေးများသည် အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားတော့သည်။ ရေမှုန်ရေဖွားများသည် ဝင်းလဲ့လဲ့နေရောင်အောက်ဝယ် စိန်ပွင့်လေးများသဖွယ် တောက်ပနေ၏။

ရာသီဥတုမှာ ဆောင်းဦးပေါက်ခဲ့ပြီဖြစ်၍ အလွန်တရာ အေးစက်နေသော်လည်း မူလချီစွမ်းအားပညာရှင်တယောက်အဖို့ အနှီရာသီဥတုမျိုးမှာ မှုစရာမဟုတ်။ ကုချိန်းလွှာသည် အေးစက်နေသော ရေထဲ၌ပင် ပျော်ရွှင်မြူးထူးစွာ ကူးခတ်ဆော့ကစားနေ၏။ ထိုမြင်ကွင်းကို ကြည့်ရှုနေရသူအပေါင်း၏ ရင်ထဲတွင် သဘာဝသည် သဟဇာတဖြစ်ပြီး သာမောဖွယ်ရာ ခံစားချက်များ အလိုအလျောက် ပေါ်ပေါက်လာစေတော့သည်။

စုချန်းသည်ကား ရေကန်နှင့်မဝေးလှသော သစ်ပင်ကြီးတပင်အောက်တွင် ထိုင်နေရင်း ကုချိန်းလွှာ ရေကူးနေသည်ကို ငေးမောကြည့်ရှုနေ၏။ ဤကဲ့သို့ ငြိမ်သက်တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် အလွန်လှပသော မိန်းကလေးတယောက် ရေချိုးနေသည်ကို မြင်တွေ့ရပါက အမျိုးမျိုးအဖုံဖုံသော စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်လာစေနိုင်၏။ သို့သော် စုချန်းမှာကား မဟုတ်တရုတ်အတွေးများကို မတွေးအား။ သူသည် ကုချိန်းလွှာ၏ အရေပြားအောက်ရှိ ချီစွမ်းအားစီးဆင်းမှုကိုသာ လေ့လာသုံးသပ်နေလေသည်။

ကုချိန်းလွှာသည် မကြာသေးမီကမှ သူမ၏ သွေးဗီဇများကို နှိုးဆွခဲ့သည် ဖြစ်လေရာ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းသည် ယခုတိုင် ကျန်ရှိနေသေး၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုလမ်းကြောင်းသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့ကြောင့် စုချန်းအနေနှင့် အချိန်ကို အကျိုးရှိရှိ အသုံးချရန် လိုအပ်နေ၏။

ထို့ကြောင့် စုချန်းသည် ကုချိန်းလွှာကိုယ်တွင်းရှိ မူလစွမ်းအင်စီးဆင်းမှုကိုသာ စူးစိုက်ကြည့်ရှုနေ၏။ ကြည့်ရသည်မှာ စုချန်းသည် မူလစွမ်းအင်စီးဆင်းမှုဥပဒေသတမျိုးမျိုးကို မြင်တွေ့ခဲ့ပုံရသည်။ သို့သော် ထိုစီးဆင်းမှုဥပဒေသသည် လက်တွေ့စမ်းသပ်ထားခြင်းမဟုတ်ပဲ သဘောတရားရေးရာသက်သက်မျှသာ ဖြစ်လေရာ စုချန်းအနေနှင့် ထိုစီးဆင်းမှုသဘောတရားကို မှန်မမှန် ကိုယ်တိုင်စမ်းသပ်ကြည့်ရန်သာရှိ၏။

စုချန်းသည် စိတ်ကူးယဉ်သမားမဟုတ်ပဲ စိတ်ကူးကို အကောင်အထည်ဖော်တတ်သူမျိုး ဖြစ်လေရာ သူက ချက်ချင်းပင် အကောင်အထည် ဖော်လိုက်၏။ အကယ်၍ တစုံတယောက်သာ စုချန်းကဲ့သို့ အမြင်အာရုံမျိုး ရှိပါက စုချန်းကိုယ်တွင်းဝယ် ကုချိန်းလွှာနှင့် တထပ်တည်းတူညီသော စွမ်းအင်စီးဆင်းမှု စတင်ဖြစ်ပေါ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။ ထိုစွမ်းအင်၏ လှုပ်ရှားပုံ၊ တုန်ခါပုံနှင့် အတက်အကျ၊ ထူးဆန်းသော ပြောင်းလဲမှုအားလုံးသည် ကုချိန်လွှာကိုယ်တွင်းရှိ သွေးဗီဇနိုးထလာပုံနှင့် တထပ်တည်း တူညီနေ၏။

သို့သော်...

တူညီသည်ဟုဆိုရာဝယ် ပုံသဏ္ဍန်သာမက အနှစ်သာရလည်း တူညီရန် လိုအပ်၏။ ထိုအခိုက်မှာပင် စုချန်းသည် ချီစွမ်းအင်များ မြင့်တက်လာပြီး သူ့ကိုယ်တွင်းရှိသွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ တဆက်တည်းမှာပင် ပြင်းထန်စွာ နာကျင်လာပြီး သူ့ပါးစပ်အတွင်းမှ ချိုမြိန်သော အရသာတမျိုးကို ရရှိကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ စုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။ တခုခုတော့ မှားယွင်းနေပေပြီ။ သူ့ပါးစပ်မှ စီးကျလာသောသွေးများမှာ ပမာဏအားဖြင့် မများလှ။ သို့သော် ဘေးထွက်ဆိုးကျိုးမှာကား ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အခန့်မသင့်လျင် စုချန်းအနေနှင့် တထိုင်တည်း အသက်ထွက်သွားနိုင်သလို မသေပါက ရူးသွပ်သွားနိုင်၏။

သို့သော် ကံကောင်းထောက်မစွာပင် စုချန်း၏ လက်ရှိအခြေအနေမှာကား ထိုမျှလောက်ထိ မဆိုးသေး။ ထိုအခိုက်မှာပင် စုချန်းသည် သူ့ခြေထောက်နှစ်ဖက်မှာ အလွန်လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။ အနှီ လေးလံသော ခံစားချက်မှာ ဖော်ပြရန် ခဲယဉ်းလှ၏။

မြူခိုးကြားထဲမှ မြွေခြေလှမ်းဟူသည်မှာ တစုံတယောက်၏ ကိုယ်ခန္ဓာအလေးချိန်ကို ထက်ဝက်မျှ လျော့ချပေးနိုင်ပြီး အလွန်ပေါ့ပါးလာစေသည့် တန်ခိုးသတ္တိရှိ၏။ သို့သော် စုချန်းမှာကား ခြေထောက်နှစ်ဖက်ကို ခဲဆွဲထားသကဲ့သို့ ခံစားနေရ၏။ သူ့အတွက် ခြေတလှမ်းမျှစာကိုပင် အလွန်အားစိုက်ထုတ်နေရရှာ၏။ ထို့နောက်တွင်ကား သူသည် မြေကြီးပေါ်တွင်ပင် မတ်တပ်မရပ်နိုင်တော့ပဲ သစ်ပင်ခြေရင်း၌ ထိုင်ချလိုက်ရရှာ၏။

မစူးစမ်း မဆင်ခြင် စမ်းသပ်ခဲ့ခြင်း၏ အကျိုးဆက်ပေတကား။ စုချန်း ခါးသီးစွာ ပြုံးလိုက်မိသည်။ တစုံတခုကို ရယူလိုလျင် တစုံတခုတော့ ပြန်ပေးဆပ်ရမည်သာ။ လောကကြီးတွင် မည်သည့်အရာမျှ အလကားမရ။ သို့သော် စုချန်းကား စိတ်ဓာတ်မကျ။ မူလစွမ်းအင်ကို ပုံမှန်အနေအထားရောက်အောင် ပြန်လည်ကြိုးစားလိုက်၏။ သူ့အခြေအနေမှာလည်း အနည်းငယ် တိုးတက်စ ပြုလာလေသည်။ ထိုအခါကျမှ သူက သက်ပြင်းချလိုက်သည်။ တော်သေး၏။ ဘေးထွက်ဆိုးကျိုးမှာ အခိုက်အတန့်မျှသာ ဖြစ်သည်။

သို့သော် ဤကဲ့သို့ဖြစ်ရခြင်းမှာ သူ့တွင် မူလစွမ်းအင် နည်းပါးနေသေးသည့်အပြင် ကိုယ်ခန္ဓာစွမ်းအင်အဆင့်ကလည်း အတော်လေး နိမ့်သေး၍ဖြစ်ကြောင်း စုချန်း ကောင်းကောင်းသိ၏။ ကံကောင်းထောက်မသည်မှာ သူသည် ယခင်ကတည်းက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အတော်လေး ကြိုးစားပမ်းစား လေ့ကျင့်ထားခြင်းပင် ဖြစ်သည်။ သို့မဟုတ်လျင် သူ့အနေနှင့် ရာသက်ပန် ဒုက္ခိတဘဝသို့ ရောက်ရှိသွားနိုင်၏။

သွေးဗီဇပိုင်ရှင်တဦး၏ မူလစွမ်းအင်ရွေ့လျားမှုကို တုပလေ့ကျခြင်းမှာ အလွန် အန္တရာယ်များ၏။ ထိုအခါ စုချန်းသည် ဆက်လက်လေ့ကျင့်ရန်ပင် မဝံ့မရဲ ဖြစ်နေတော့သည်။ သို့သော် ကနဦး လေပေါ်တွင် လမ်းလျှောက်နိုင်ခဲ့သော ဖြစ်ရပ်က စုချန်း၏စိတ်ကို မရိုးမရွ ဖြစ်နေစေ၏။ သူ့တွင် ပျံသန်းနေသောမြွေ၏ သွေးဗီဇမရှိခဲ့လျင်ပင် ကုချိန်းလွှာကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေမိတော့သည်။

ရှုပ်ရှက်ခတ်နေသော အတွေးများနှင့်အတူ စုချန်း၏ စိတ်အာရုံသည် အကြီးအကျယ် ပဋိပက္ခဖြစ်နေတော့သည်။ လက်ရှိ သူ့အနေအထားသည် လမ်းဆုံလမ်းခွတွင် ရပ်နေသော လူတယောက်နှင့် တူနေ၏။ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားသော လမ်းများကို ကြည့်ရင်း မည်သည့်လမ်းကို ရွေးသင့်မှန်း ဝေခွဲမရနိုင်သော လူတယောက်ကဲ့သို့ စုချန်း ခံစားနေရှာသည်။

ရိုးသားဖြူစင်လှသော နတ်မိမယ်ကလေးသည်ကား စုချန်း၏ အခြေအနေကို တစွန်းတစမျှပင် ရိပ်စားမိဟန် မတူ။ မျက်နှာတခုလုံး သွေးဆုတ်နေပြီး သစ်ပင်ခြေရင်းတွင် ခြေပစ်လက်ပစ် ထိုင်နေသော စုချန်းကို မြင်တွေ့သောအခါ သူမက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"ဟေ့ ရှင် ဘာဖြစ်နေတာလဲ"

စုချန်းကလည်း မိမိ ဒဏ်ရာရထားကြောင်း ကုချိန်းလွှာကို မသိစေလို။ ထိုအခါ သူက လျင်မြန်စွာ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ဒါနဲ့ ကျွန်တော် တခုစဉ်းစားနေတာဗျ ဟိတခါတွေ့တုန်းက ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အကြောင်း ခင်ဗျား ပြောခဲ့တယ် ခုရော ဘာတွေ သတင်းထူးသေးတုန်း"

စုချန်း၏ မေးခွန်းကိုကြားလိုက်ရသည်နှင့် ကုချိန်းလွှာ၏ စိတ်အာရုံသည် ချက်ချင်းပြောင်းလဲသွား၏။ ထို့နောက်သူမက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဘာမှမထူးသေးပါဘူးရှင် နှစ်တွေအရမ်းကြာပြီး ပြောင်းလဲမှုတွေ အများကြီးကြုံခဲ့ရတော့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ဘယ်နေရာမှာရှိသလဲဆိုတာ ဘယ်သူမှ မသိတော့ဘူးလေ ဒါပေမဲ့ သေချာတာကတော့ အဲဒီနေရာဟာ ဒီဧရိယာတဝိုက်မှာပဲ...."

ထိုစဉ် စုချန်းက စကားဖြတ်ပြောလိုက်၏။

"အနီရောင်တောင်ကြော....ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ဟာ အနီရောင်တောင်ကြောမှာ ရှိလိမ့်မယ်ဗျ"

ကုချိန်းလွှာ စိတ်ဝင်စားသွား၏။ သူမက ချက်ချင်းပြန်မေးလိုက်သည်။

"ရှင်က ဘယ်လိုလုပ် သိနေတာလဲရှင့်"

စုချန်းက ရှင်းပြလိုက်၏။

"သိပ်မကြာသေးခင်ကပဲ လျှို့ဝှက်အဖွဲ့အစည်းဟာ ကျွန်တော့ကို ကုန်ပစ္စည်းတင်ပို့တဲ့နေရာမှာ ကူညီပေးဖို့ ပြောလာတယ်ဗျ အဲဒီကုန်ပစ္စည်းတွေထဲမှာ အပြာရောင်အသည်းနှလုံးမြက်ပင်နဲ့ မျောက်သွေးပန်းလို ထူးခြားတဲ့ ဆေးပင်တွေ ပါလာတာ တွေ့ရတယ်"

ကုချိန်းလွှာ၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။

"အိုး..အဲလိုလား...အပြာရောင်အသည်းနှလုံးမြက်ပင်ဟာ အဆိပ်ဖြေဆေးတမျိုးပဲ ပြီးတော့ မျောက်သွေးပန်းကျတော့ သားရဲကာကွယ်ဆေးရည်ဖော်စပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ အမယ်တမျိုးပဲရှင့်"

ထိုအခါ စုချန်းက ရယ်မောရင်း စနောက်လိုက်၏။

"ဟာ တယ်ဟုတ်ပါလား ခင်ဗျား အတော်လေး လေ့လာထားတာပဲ"

ကုချိန်းလွှာကလည်း အားကျမခံပဲ စုချန်းကို တုံ့ပြန်ပြောဆိုလိုက်သည်။

"အို ဒါကတော့ ကျွန်မက လေ့လာထားတာကိုးရှင့်...ဒါနဲ့ တခြား ဘာသဲလွန်စတွေ ရှိသေးတုန်း"

စုချန်းက

"ပထမတခါ သူတို့စကားပြောနေတာကို ကျွန်တော် ခိုးနားထောင်ကြည့်တော့ ခရမ်းရောင်သွေးပန်းနဲ့ ကျောက်မှုန့်အကြောင်း ပြောနေတာ ကြားလိုက်ရတယ်ဗျ"

ကုချိန်းလွှာက မျက်ခုံးပင့်လိုက်၏။

"ခရမ်းရောင်သွေးပန်းဟာ စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ပေးနိုင်တယ် တရားထိုင်တဲ့နေရာမှာ အကူအညီပေးနိုင်တယ် စိတ်ဆိုးစိတ်ညစ်တွေ ဖယ်ရှားပေးနိုင်တယ် အသုံးဝင်တဲ့နေရာက အများကြီးဆိုတော့ ဘယ်နေရာမှာ သုံးမယ်ဆိုတာ တွေးဖို့ခဲယဉ်းသားပဲ ကျောက်မှုန့်ကျပြန်တော့...အင်း... ဒီလူတွေ ဘာလို့များ ဒီပစ္စည်းတွေကို လိုအပ်နေပါလိမ့်နော်..."

ကုချိန်းလွှာကား ညဏ်မမှီတော့။ ထိုအခါ စုချန်းက ရှင်းပြလိုက်၏။

"ကျောက်မှုန့်ဟာ အတော်လေးထူးခြားတဲ့ ပစ္စည်းတမျိုးပဲဗျ သူ့ကိုသာ မူလစွမ်းအင်ထည့်သွင်းပေးလိုက်ရင် ပြင်းထန်စွာ ပေါက်ကွဲစေနိုင်တယ်"

ကုချိန်းလွှာ အံ့သြသွား၏။

"ဒီတော့ ဒီကျောက်မှုန့်က ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းပေါ့ ဟုတ်လား သူ့ပေါက်ကွဲမှုက ဘယ်လောက်ပြင်းထန်သလဲရှင့်"

စုချန်း ပြုံးလိုက်၏။

"ကျောက်တောင်ကြီးတတောင်ကို ဖောက်ခွဲပစ်ဖို့ လုံလောက်ရုံတင်မကဘူး ပိုတောင်ပိုအုံးမယ်ဗျ"

ကုချိန်းလွှာခမျာ တခါတည်း ပါးစပ်ပိတ်သွားတော့သည်။ အတန်ကြာမှ သူမက တစုံတရာကို စဉ်းစားမိဟန်ဖြင့် စကားစသည်။

"အပြာရောင်အသည်းနှလုံးမြက်ပင်ဟာ အဆိပ်ဖြေဆေးဆိုပေမဲ့ ဘာလို့ သူ့ကိုမှသုံးရတာလဲ လောကတခွင်မှာ တခြားအဆိပ်ဖြေဆေးတွေ အများကြီး ရှိနေသားပဲရှင့် နောက်ပြီးတော့ အပြာရောင်အသည်းနှလုံးမြက်ပင်က ထုတ်တဲ့ အဆိပ်ဖြေဆေး အများစုဟာ သားရဲတွေရဲ့ အဆိပ်ကို ဖြေဖို့မှမဟုတ်ပဲ ဒီအဆိပ်ဖြေဆေးက အဆိပ်ငွေ့တွေကိုပဲ နိုင်နင်းတာရှင့်"

"အဆိပ်ငွေ့တွေ ဟုတ်လား"

စုချန်း အတော်လေး အံ့သြသွား၏။ ဤတချက်ကို သူ ထည့်သွင်းမစဉ်းစားမိပေ။ ထို့နောက် သူက လွှတ်ခနဲ ရေရွတ်လိုက်သည်။

"အနီရောင်တောင်ကြောမှာ ဒီလိုအဆိပ်ငွေ့အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့ နေရာမျိုးများ ရှိနေသလားပဲ ဟာ..ဟုတ်ပြီဗျ...မက်မွန်ပန်းပွင့်တောင်ထိပ်၊ ငှက်တရာတောင်ထိပ်၊ အနောက်ကန့်လန့်ကာတောင်ထိပ်၊ ပျံသန်းခြင်းတောအုပ်တောင်ထိပ်၊ အနီရောင်အာရုဏ်ဦးတောင်ထိပ် စတဲ့နေရာအတော်များများမှာ ဒီလိုအဆိပ်ငွေ့တွေ တွေ့နိုင်တာပဲဗျ"

ထို့နောက် သူက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ကောက်ချက်ချလိုက်သည်။

"သူတို့မှာ ကျောက်မှုန့်များများစားစား လိုအပ်နေတယ်ဆိုတော့ အဲဒီနေရာဟာ ကျောက်တုံးကျောက်ဆောင် ပေါများတဲ့နေရာ ဖြစ်ရမယ်ဗျ"

ကုချိန်းလွှာကလည်း သူမ၏ ထင်မြင်ယူဆချက်ကို ပြောဆိုလိုက်ပြန်သည်။

"ခရမ်းရောင်သွေးပန်းဟာ စိတ်ဝိညာဉ်ကို ငြိမ်သက်အောင် ပြုလုပ်ပေးစေနိုင်တာဆိုတော့ အဲဒီနေရာနဲ့ အနီးတဝိုက်မှာ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ နေရာမျိုး ဒါမှမဟုတ် ဝိညာဉ်တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်တဲ့ သားရဲသတ္တဝါဆိုးတွေ ရှိနေဖို့များတယ်ရှင့်"

လူငယ်နှစ်ယောက်လုံးသည် ညဏ်ပညာထက်မြက်သူများ ဖြစ်လေရာ ဝိညာဉ်မြှုုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် တည်ရှိနိုင်မည့် နေရာကို ရရှိသော အချက်အလက်ပေါ် မူတည်၍ ဖော်ထုတ်နေကြ၏။ နောက်ဆုံးတွင် နှစ်ဦးစလုံး သဘောတူညီနေသော နေရာတနေရာကို စိတ်တူကိုယ်တူ ဆုံးဖြတ်မိကြလေသည်။ နောက်ဆုံးတွင် ကုချိန်းလွှာက ယုံကြည်စိတ်ချမှုရှိသောလေသံနှင့် ကောက်ချက်ချလိုက်၏။

"ဒီအတိုင်းဆိုရင် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက်ဟာ အနီရောင်အာရုဏ်ဦးတောင်ထိပ် တနေရာရာမှာ ရှိဖို့သေချာသလောက်ပဲရှင့်"

သို့သော် စုချန်းက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါယမ်းလိုက်သည်။

"စိတ်ပျက်စရာကောင်းတာက အဲဒီနေရာဟာ အင်မတန် ကျယ်ဝန်းနေတာပဲဗျ"

အနီရောင်အာရုဏ်ဦးတောင်ထိပ်သည် အနီရောင်တောင်ကြော၏ အနောက်ဘက်ဒေသတွင် တည်ရှိ၏။ ထိုဒေသတွင် တောင်ထိပ်လေးခုနှင့် တူးမြောင်းနှစ်သွယ် တည်ရှိ၏။ ထိုကဲ့သို့ ကျယ်ဝန်းလှသော ဒေသတွင် တည်နေရာကို တိကျစွာမသိရှိပဲ ရှာဖွေရန်မှာ ကောက်ရိုးပုံအတွင်းရှိအပ်ကို ရှာဖွေသည်နှင့် အတူတူသာ။ ဤကဲ့သို့သော ဒေသမျိုးတွင် ဝိညာဉ်မြှုုပ်နှံခြင်းဆိုင်ရာနေရာပေါင်း တရာကျော်အထိ တည်ဆောက်ရန် လုံလောက်၏။

ထို့နောက် စုချန်းက တစုံတရာကို အလေးအနက် ဆုံးဖြတ်ထားဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် အဲဒီနေရာကို သွားရှာမယ်ဗျ"

ကုချိန်းလွှာ မျက်လုံးပြူးသွား၏။ သူမက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဘာ...ဘာရှင့်...ရှင်က အဲဒီနေရာကို သွားမလို့...ဟုတ်လား"

စုချန်းက ခေါင်းကို ဆတ်ခနဲညိတ်လိုက်သည်။

"လျှို့ဝှက်အဖွဲ့အစည်းဟာ ဒီကိစ္စမှာ အတော်လေးအားထည့်ပြီး ဆောင်ရွက်နေတာကို ကြည့်ရင် အဲဒီနေရာမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိနေမှာ သေချာတယ် ဒီအတွေး မှန်မမှန် ကျွန်တော်က ဘာလို့ မဆန်းစစ်နိုင်ရမှာလဲ"

ကုချိန်းလွှာက မဲ့လိုက်သည်။

"ဟင်း...ရှင့်အကြံကို မသိရင်ခက်မယ်...တကယ်တမ်းက ရှင်ဟာ ကိုယ့်အတွေး မှန်မမှန် သက်သေပြဖို့ကြိုးစားနေတာ မဟုတ်ဘူး ဒီပစ္စည်းတွေကို ရှင့်ကိုယ်ကျိုးအတွက် အသုံးချချင်နေတာ မဟုတ်လားရှင့်"

သို့သော် စုချန်းက ဗြောင်လိမ်လိုက်၏။

"ကျွန်တော့လို မျက်မမြင်တယောက်က ဒါမျိုး ဘယ်လုပ်နိုင်ပါ့မလဲဗျာ မျက်မမြင်ဆိုတာ သူတို့ရဲ့လက်တွေကို သုံးပြီး အရာဝတ္တုတွေကို ထိကြည့်ကိုင်ကြည့်မှပဲ မြင်နိုင်တဲ့ အမျိုးကိုး"

စုချန်း၏စကားကြောင့် ကုချိန်းလွှာ စိတ်မကောင်းဖြစ်သွားဟန်တူသည်။ စကားမပြောတော့ပဲ အတန်ကြအောင် တိတ်ဆိတ်သွား၏။ အချိန်မည်မျှ ကြာသွားသည်မသိ။ သူမက စကားပြန်စသည်။

"အဲဒီ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက်ဆိုတာ အခု မပွင့်သေးဘူး ဟုတ်တယ်မလား"

စုချန်းက ခေါင်းညိတ်လိုက်သည်။

"နှစ်ဝက် ဒါမှမဟုတ် ဒီထက်စောပြီး ပွင့်လာနိုင်တယ်လို့ ပြောတာပဲဗျ"

ကုချိန်းလွှာက ထပ်မံမေးမြန်းလိုက်သည်။

"နှစ်ဝက် ဟုတ်လား...ဒါနဲ့ ရှင်နဲ့အဖွဲ့အစည်းကြားက ဆက်ဆံရေးကကော ဘယ်လိုလဲ"

စုချန်းက ပြုံးလိုက်သည်။

"သိပ်တော့မဆိုးပါဘူး အနီရောင်တောင်ကြောကို နှစ်ကြိမ်သွားတာ သူတို့က မူလကိရိယာတွေ ငှားပေးတယ် သိပ်မကြာသေးခင်ကလည်း အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတခုကို လုပ်ဆောင်နိုင်ခဲ့သေးတယ်"

ထိုအခါ ကုချိန်းလွှာက

"ဒါဆိုရင် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက်ကို ဝင်ရောက်နိုင်ဖို့ ကျွန်မမှာ နည်းလမ်းတခု ရှိမယ်ထင်တာပဲ"

All Chapters