← Chapters

ဆေးဖော်စပ်နည်း

Vol. 10 Ch. 92

ဆေးဖော်စပ်နည်း

Vol. 10 Ch. 92

နောက်တနေ့မနက်တွင် စုချန်းတယောက် အိပ်ယာမှ နိုးလာ၏။ ထိုအချိန်တွင် သူ့ရင်ဘတ်တခုလုံးသည် ရေနွေးအိုး ဆူသကဲ့သို့ ဆူဝေနေပြီး သူ့ခြေထောက်နှစ်ဖက်မှာလည်း အလွန်လေးလံနေကြောင်း ခံစားလိုက်ရ၏။ သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်စီးဆင်းမှုမှာလည်း မူမမှန်ပဲ ဖြစ်နေ၏။ ယမန်နေ့မှပြသနာသည် မပြီးသေးကြောင်း စုချန်း သဘောပေါက်လိုက်လေသည်။ ကြည့်ရသည်မှာ အလုံးစုံပျောက်ကင်းရန် အချိန်ယူရအုံးမည့်ပုံစံပင်။

သို့သော် စုချန်းအနေနှင့် အချိန်အကြာကြီး မစောင့်ဆိုင်းနိုင်။ သူ့တွင် လုပ်စရာအလုပ် တပုံကြီး ရှိနေ၏။ ကံကောင်းထောက်မသည်မှာ သူခံစားနေရသည့် ဝေဒနာကဲ့သို့သော မူလစွမ်းအင်နှင့် ပတ်သက်သည့် ဝေဒနာမျိုး ပြန်လည်ကောင်းမွန်လာစေသည့် ဆေးတမျိုးကို သူကောင်းကောင်း သိရှိနေခြင်းပင်။ အောရစ်၏ အဂ္ဂိရတ်နည်းစနစ်တချို့ကို အလေ့အကျင့် ရစေခြင်းငှာ ထိုဆေးကို ကိုယ်တိုင်ဖန်တီးရန် စုချန်း ဆုံးဖြတ်လိုက်၏။ သူသည် အလွန်ခေါင်းမာသူ ဖြစ်၏။ လုပ်မည်ဟု ဆုံးဖြတ်ပြီးလျင် ဖြစ်အောင်လုပ်မည့်သူမျိုး ဖြစ်သည်။ ထိုအခါ သူက မင်းချုးကို ခေါ်ကာ ကျူးဟုန်အား ရထားလုံးပြင်ဆင်ရန် ခိုင်းစေလိုက်တော့သည်။

ကျန်းစင်း ပျောက်ကွယ်သွားပြီးနောက် စုချန်း၏ အနီးကပ်အခိုင်းအစေမှာ အလိုအလျောက်ပင် မင်ချူးဖြစ်လာ၏။ မဆိုစလောက် ခေါင်းမာသော်လည်း မင်ချူးသည် အလွန်တရာ ရိုးသားဖြောင့်မတ်ပြီး စုချန်းအပေါ်တွင်လည်း သူမတူအောင် သစ္စာရှိ၏။ ထို့ကြောင့် မင်ချူးကို စုချန်းကိုယ်တိုင် အလွန် သဘောကျလေသည်။

ထို့နောက်တွင်ကား မင်ချူးသည် စုချန်းအား မျက်နှာသစ်ရန် ပြင်ဆင်ပေး၏။ လုံ့လဝိရိယစိုက်ကာ အလုပ်လုပ်နေသော မင်ချူးကိုကြည့်ရင်း စုချန်း စိတ်ကူးတခု ရလာ၏။ ထို့နောက် သူက ဖြတ်ခနဲ မေးမြန်းလိုက်သည်။

"ဟေ့ မင်ချူး မင်း သိုင်းပညာ သင်ကြားချင်သလားကွ"

"သင်ချင်တာပေါ့ခင်ဗျာ ဒါပေမဲ့ ကျွန်တော့ကို ဘယ်သူက သင်ပေးမှာလဲ သခင်လေးရယ်"

မင်ချူးက ဝမ်းနည်းသောအမူအရာနှင့် စုချန်း၏ မေးခွန်းကို ဖြေဆိုလိုက်သည်။ ထိုအခါ စုချန်းက ပြုံးလိုက်၏။

"မင်း သင်ချင်တယ်ဆိုရင် ငါ သင်ပေးမှာပေါ့ကွ"

"ဗျာ သခင်လေး တကယ်ပြောနေတာလား"

မင်ချူး၏ မျက်လုံးအစုံက ဇီးကွက်မျက်လုံးပမာ ပြူးကျယ်သွား၏။ သို့သော် မင်ချူး၏မျက်နှာပေါ်၌ ချက်ချင်းပင် စိတ်ပျက်သော အမူအရာများ ပေါ်ပေါက်လာသည်။

"မနောက်ပါနဲ့ သခင်လေးရယ် စုမျိုးနွယ်စုရဲ့ ပညာရပ်တွေဟာ လက်ဆင့်ကမ်းလို့မရမှန်း လူတိုင်းသိပြီးသားပဲဟာကို"

စုချန်း ရယ်မောလိုက်၏။

"မင်းကို စုမျိုးနွယ်စုရဲ့ ပညာရပ်တွေ သင်ပေးမယ်လို့လည်း ငါမပြောရသေးပါဘူးကွ လောကကြီးပေါ်မှာ စုမျိုးနွယ်ရဲ့ ပညာပဲ တန်ဖိုးရှိတယ်ထင်သလားမင်ချူး မင်းကို ငါ ဒီထက်သာတဲ့ သိုင်းပညာမျိုး သင်ပေးမယ်ဆိုရင်ကောကွာ"

မင်ချူးကား စုချန်းကို တွေတွေကြီး စိုက်ကြည့်နေရှာ၏။ ထို့နောက် သူက မေးလိုက်သည်။

"သခင်လေး တကယ်ပြောနေတာပေါ့နော်"

စုချန်းကလည်း ခေါင်းကို အားရပါးရပင် ညိတ်ပြလိုက်သည်။

"တကယ်ပြောနေတာပေါ့ မင်ချူးရ"

မင်ချူးခမျာ အလွန်တရာ စိတ်လှုပ်ရှားသွားရှာ၏။

"ဝမ်းသာလိုက်တာ သခင်လေးရာ" ဒီပညာတွေကို လက်ဆင့်ကမ်းပေးလို့ မင်ချူးက သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ"

ထိုအချိန်တွင် စုချန်းက မျက်နှာသစ်ခြင်းကို လက်စသတ်ရင်း ပြောလိုက်သည်။

"ကဲ ကဲ စည်းမျဉ်းစည်းကမ်းတွေကို မင်း ဘာမှ စိတ်ပူမနေနဲ့ ခု အလုပ်ကိုသာ အာရုံစိုက်လုပ်ပေတော့ ဟုတ်ပြီလား"

"ခုပဲ ကျူးဟုန်ကို သွားခေါ်လိုက်ပါမယ် သခင်လေး"

မင်းချူးက ချက်ချင်းပင် လှည့်ထွက်သွား၏။ တံခါးဝသို့အရောက်တွင် သူက တစုံတရာကို သတိရလာဟန်ဖြင့် စုချန်းကို လှည့်ကာ မေးမြန်းလိုက်သည်။

"ဒီအကြောင်းတွေ ကျူးဟုန်ကို ပြောပြလို့ရမလား သခင်လေး"

စုချန်းက ရယ်မောလိုက်၏။

"သိပ်ရတာပေါ့ကွာ ပြီးရင် သူ့ကိုပါ တခါတည်းပြောလိုက် ဆန္ဒရှိရင် သူလည်း လာသင်လို့ရတယ်လို့"

"ဟုတ်ကဲ့ပါ သခင်လေး"

မင်ချူးကား အလွန်တရာ ဝမ်းသာသွားဟန်ဖြင့် အခန်းတွင်းမှ လှစ်ခနဲ ထွက်ပြေးသွားလေသည်။

စုချန်း အိမ်တော်အပြင်သို့အရောက်တွင် ကျူးဟုန်တယောက် ရထားလုံးကိုအသင့်ပြင်ဆင်လျင် ခြံဝင်းတံခါးဝ၌ စောင့်ဆိုင်းနေ၏။ မင်ချူးထံမှသတင်းကို သိရှိထားပြီးဟန်ဖြင့် ကျူးဟုန်၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ အတိုင်းသား ပေါ်လွင်နေသည်။ သို့သော် သူသည် မင်ချူးထက် အသက်ကြီးပြီး ဘဝ၏ အတက်အကျ အနိမ့်အမြင့်ပေါင်းများစွာကို ခံစားဖူးလေရာ မင်ချူးထက်ကား ပို၍ အိန္ဒြေဆယ်နိုင်သလို ပုံမှန်လုပ်ဆောင်ရမည့် တာဝန်များကိုလည်း အနည်းငယ်မျှပင် မေ့လျော့ထားခြင်း မရှိ။ စုချန်း ရောက်ရှိလာသည်နှင့် သူက တိတ်တိတ်ဆိတ်ဆိတ်ပင် တံခါးကို ရိုကျိုးစွာ ဖွင့်ပေးလိုက်၏။

စုချန်းကို မြင်းရထားပေါ်သို့တက်ရင်း ကျူးဟုန်ကို အမိန့်ပေးလိုက်သည်။

"ကျုပ်ကို လေဆန်နန်းတော်ကို လိုက်ပို့ပေးပါ ကျူးဟုန်"

လေဆန်နန်းတော်သည် မြောက်ပိုင်းမြို့တော် အရှေ့ခြမ်း နွေဦးလေလမ်းမပေါ်တွင် တည်ရှိပြီး လူသိအများဆုံး ဆေးဆိုင်ကြီး ဖြစ်၏။ ထိုခေတ်ကာလက ဆေးဝါးတင်သွင်းထုတ်လုပ်သူများသည် မည်သည့်မျိုးနွယ်စုများနှင့်မျှ ပတ်သက်ခြင်း မရှိပေ။ ထို့ကြောင့် လေဆန်နန်းတော်သည် မြောက်ပိုင်းမြို့တော်တွင် သီးသန့်ဆန်သော အကြီးမားဆုံး ဆေးဝါး တင်သွင်းထုတ်လုပ်ရာ နေရာကြီးဟု ဆိုနိုင်သည်။

စုချန်း မျက်လုံးကွယ်စက စုမျိုးနွယ်သည် ဆေးပညာရှင် အမြောက်အများကို ဖိတ်ခေါ်၍ ကုသခဲ့ဖူး၏။ ထို့ကြောင့် ဤနေရာရှိ လူအတော်များများနှင့် စုချန်း သိကျွမ်းခင်မင်နေလေသည်။ ထိုအခါ စုချန်းတို့ မြင်းရထား ဆိုင်ရှေ့သို့ရောက်သည်နှင့် လက်ထောက်တယောက်က ကမန်းကတန်း ထွက်လာပြီး ဆီးကြိုနှုတ်ဆက်တော့သည်။

"ဟော စတုတ္ထသခင်လေးပါလား ဘာကိစ္စများ ရှိလို့ပါလိမ့်ခင်ဗျာ"

"ဒီစာရွက်ထဲမှာပါတဲ့ ဆေးဖက်ဝင်အမယ်တွေ အကုန်လုံး လိုချင်တယ်"

စုချန်းက စာရွက်တရွက်ကို လက်ထောက်အား ပေးရင်း ပြောလိုက်သည်။ ထိုစာရွက်သည် စုချန်း နှုတ်မှပြောသည်ကို မင်ချူးက လိုက်ရေးထားခြင်း ဖြစ်သည်။

အာကင်နာအဖိုးကြီးအောရစ်သည် သတ္တုစားသတ္တဝါကြီးကို ပြောင်းလဲနိုင်ခဲ့ချိန်မှစ၍ သူ၏ ဇီဝဗေဒအပေါ် နားလည်နိုင်စွမ်းမှာ အထူးပင် မြင့်မားလာ၏။ တဖန် သူ၏ ဆေးပညာမှာလည်း အထူးပင် တိုးတက်လာခဲ့လေသည်။ စုချန်းသည် အောရစ်၏ စာရွက်စာတမ်းများမှနေ၍ ဆေးနည်းတချို့ကို ရရှိထားခြင်း ဖြစ်သည်။

လက်ထောက်သည် စာရွက်ကိုယူရင်း တချက်မျှ စိုက်ကြည့်လိုက်၏။ ထို့နောက် ထူးဆန်းသော အမူအရာနှင့် ဆိုင်အုပ်ချုပ်ရေးမှုးကို လှမ်းပေးလိုက်လေသည်။ ဆိုင်အုပ်ချုပ်ရေးမှုးကလည်း စာရွက်ပေါ်ရှိ ဆေးအမယ်များကိုဖတ်ရင်း အံ့သြသင့်သွားဟန်ဖြင့် ပြောလိုက်သည်။

"တယ်လဲထူးဆန်းတဲ့ ဆေးဖော်စပ်နည်းပါလား"

သူတို့၏ အမူအရာကိုကြည့်ရင်း စုချန်းက ကြိတ်ရယ်လိုက်၏။ ရှေးဟောင်းအာကင်နာဆေးဝါးများဟူသည်မှာ ယနေ့ခေတ် အသုံးပြုနေသော ဆေးဝါးများနှင့် ကွာခြားလှ၏။ သူတို့၏ တွေးခေါ်ယူဆပုံ၊ ပါဝင်ပစ္စည်းများနှင့် ဖော်စပ်သော နည်းလမ်းတို့မှာလည်း တမူထူးခြားလှသည်။ ထို့ကြောင့် စာရွက်ပေါ်ရှိ ဆေးအမယ် စပ်ဟပ်ထားပုံကို လေဆန်နန်းတော်ရှိ လက်ထောက်နှင့် အုပ်ချုပ်ရေးမှုးတို့ နားမလည်သည်မှာ သိပ်တော့မဆန်းလှ။

ထိုအခါ အုပ်ချုပ်ရေးမှုးသည် သိလိုစိတ်ကိုမထိန်းနိုင်တော့ဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဒါနဲ့ သခင်လေး ဒီစာရွက်ကို ဘယ်ကများ ရလာတာလဲ ဘယ်နေရာမှာ အသုံးပြုမလို့လဲခင်ဗျ"

စုချန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ဒါ ခင်ဗျားအလုပ် မဟုတ်ပါဘူးလေ"

ဆိုင်အုပ်ချုပ်ရေးမှုးကလည်း အကင်းပါးသည်။ သူက ချကချင်းပင် တောင်းပန်လိုက်၏။

"အိုး မှန်တာပေါ့ သခင်လေး ကျွန်တော်က သိချင်ရုံသက်သက်ပါ ခင်ဗျာ"

စာရွက်ပေါ်တွင် ရေးသားထားသည်များမှာ ပါဝင်ရမည့် ဆေးအမယ်များသာ ဖြစ်သည်။ ဖော်စပ်နည်းမပါ။ ထို့ကြောင့် ဆေးနာမည်ကို ပြောပြလိုက်ရုံနှင့် ထိုလူများအဖို့ မည်သို့မျှ ဖော်စပ်နိုင်ဖွယ်ရာ မရှိသောကြောင့် စုချန်းက ပြောပြရန် ဆုံးဖြတ်လိုက်၏။

"ဒီဆေးက ချီစီးဆင်းမှု ကမောက်ကမဖြစ်ပြီး မူလစွမ်းအင်ကို မထိန်းချုပ်နိုင်တော့တဲ့ ဝေဒနာကိုကုသတဲ့ ဆေးတမျိုးပဲဗျ"

"မူလစွမ်းအင်ကမောက်ကမဖြစ်မှုကို ကုသတဲ့ဆေးဝါး ဟုတ်လား သခင်လေး"

လေဆန်နန်းတော်အုပ်ချုပ်ရေးမှုးက မျက်လုံးပြူး မျက်ဆန်ပြူးနှင့် မေးလိုက်သည်။

မူလစွမ်းအင် ကမောက်ကမဖြစ်ခြင်းဟူသည် မူလချီစွမ်းအားပညာရှင်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဝေဒနာမျိုးဖြစ်သည်။ ထိုဝေဒနာမျိုးသည် တိုက်ပွဲဖြစ်ပွားရာတွင်လည်းကောင်း၊ ကိုယ်ခန္ဓာစွမ်းအားများ မွေးမြူရာတွင်လည်းကောင်း ဖြစ်လေ့ဖြစ်ထရှိ၏။ သို့သော် ထိုဝေဒနာမျိုစကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်သည့် ဆေးဝါးဟူ၍ သိပ်များများစားစား မရှိလှပေ။ ချီပညာရှင်များသည် ထိုဝေဒနာကို ကုသရန် မိမိတို့၏ ကိုယ်ခန္ဓာစွမ်းအား မွေးမြူခြင်းအပေါ်တွင်သာ အမှီသဟဲ ပြုကြရ၏။ ဤနေရာတွင် ပြသနာရှိသည်မှာ ထိုနည်းလမ်းသည် အပေါ့စား ဝေဒနာများကိုသာ ကုသနိုင်ပြီး ပြင်းထန်သည့်ဝေဒနာမျိုးကို ကုသနိုင်ခြင်း မရှိခြင်းပင်။

မူလချီစွမ်းအားပညာရှင်များသည် ထိုဝေဒနာမျိုးကို မကုသနိုင်သော ရောဂါဆိုးကြီးသဖွယ် သဘောထားတတ်ပြီး ထိုဝေဒနာမျိုး ရရှိမည်ကို အလွန် ထိတ်လန့်ကြကုန်၏။ သို့တိုင်အောင် အလွန်ရှားပါးသည့် ဆေးဝါးတချို့နှင့် ကုသနည်းတချို့ကိုသာ အသုံးပြု၍ ကုသနိုင်ကြရှာသည်။ ထို့ကြောင့်ပင် ဤဆေးဝါးသည် မူလစွမ်းအင် ကမောကကမ ဖြစ်ပေါ်ခြင်းကို ကုသနိုင်သည်ဟု ကြားရသောအခါ ဆိုင်အုပ်ချုပ်ရေးမှုးတယောက် အလွန်အမင်း အံ့သြသွားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှုး၏ မေးခွန်းကိုကြားရသောအခါ စုချန်းက ထပ်မံခေါင်းညိတ်ပြလိုက်၏။

"ဒီဆေးက သိပ်မပြင်းထန်တဲ့ ဝေဒနာမျိုးကိုပဲ ကုသပေးနိုင်တယ် အုပ်ချုပ်ရေးမှုးကြီး"

သို့တိုင်အောင် အုပ်ချုပ်ရေးမှုးသည်ကား အတော်လေး စိတ်လှုပ်ရှားနေခဲ့လေပြီ။

"အို ဒါက ပြသနာမဟုတ်ပါဘူးလေ သခင်လေးအနေနဲ့ ဒီဆေးဖော်စပ်နည်းကို ရောင်းချလိုစိတ်များ မရှိဘူးလားခင်ဗျ"

မည်သည့်ဆေးပင် ဖြစ်နေစေကာမူ မူလစွမ်းအင် ကမောက်ကမဖြစ်ခြင်းကို ကုသနိုင်သည် ဆိုရုံမျှနှင့် အထူး တန်ဖိုးကြီးမားနေခဲ့လေပြီ။ ဤဆေး၏ ရောင်းအားမှာ သိပ်မများလှသော်လည်း အမြတ်အစွန်းမှာကား အထူးပင် များပြားလှ၏။ အကြောင်းမှာ ဤဆေးကို ဝယ်ယူမည့်သူများသည် မူလချီစွမ်းအားပညာရှင်များ ဖြစ်နေသောကြောင့်ပင်။

မူလချီစွမ်းအားပညာရှင်ဟူသည်မှာ ငွေကြေးချို့တဲ့သူများ မဟုတ်ကြ။ ဤဝေဒနာမျိုး သက်သာပျောက်ကင်းမည်ဆိုလျင် မည်သည့် အဖိုးသားနားကိုမဆို ပေးကြမည်သာ။ ထို့ကြောင့် ထိုကဲသို့သော ဆေးဝါးမျိုး ဈေးကွက်တွင် အများအပြားရှိနေသော်လည်း ရောင်းမထွက်မည်ကို ကြောက်စရာမလို။ ထိုဝေဒနာမျိုးရှိသူသည် ဤဆေးနှင့်သာ ဝေဒနာပျောက်သည်ဆိုပါက ကြိုက်ဈေးပေး၍ ဝယ်ယူမည်သာဖြစ်သည်။

ထို့ပြင် မူလစွမ်းအင်ကမောက်ကမဖြစ်ခြင်းဝေဒနာသည် ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးတွင် ဖြစ်ပေါ်လေ့ရှိရာ မည်သည့်ဆေးဝါးက အကောင်းဆုံးမှန်း မည်သူမျှ မသိချေ။ တဖန် စုချန်း၏ ဆေးသည် လက်ရှိခေတ် ဆေးဝါးများနှင့် အစပ်အဟပ်၊ ပါဝင်ပစ္စည်း တခြားစီမှန်း မြင်ရုံနှင့် သိသာစေ၏။ ထိုတချက်တည်းနှင့်ပင် ဤဆေး၏ ဈေးကွက်တန်ဖိုးသည် အလိုအလျောက် မြင့်မားနေခဲ့ပြီး ဖြစ်သည်။

ဆိုင်အုပ်ချုပ်ရေးမှုးအနေနှင့် သူတို့ကို စုချန်းက လိမ်လည်မည်ကို အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိ။ စုမျိုးနွယ်၏ စတုတ္ထသခင်လေးမှာ ညဏ်ရည်နိမ့်ပါးသူ မဟုတ်။ အကယ်၍ စုချန်းအနေနှင့် သူတို့ကို လိမ်လည်ရန် ကြိုးစားလာပါက စုမျိုးနွယ်စုအနေနှင့်လည်း လေဆန်နန်းတော်တွင် ဆေးကုသခွင့်ကို ဆုံးရှုံးသွားမည် ဖြစ်သည်။

သို့သော် စုချန်းက အုပ်ချုပ်ရေးမှုး၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။

"ဒီဆေး ဖော်စပ်နည်းကို ကျုပ် မရောင်းပါဘူးဗျာ ပါဝင်ပစ္စည်းတွေကိုသာ အမြန်ဆုံး စုဆောင်းပေးပါ"

အုပ်ချုပ်ရေးမှုး အတော်လေး စိတ်ပျက်သွား၏။ ထိုအခိုက်မှာပင် စကားသံတသံ ထွက်ပေါ်လာ၏။

"ဘယ်လောက်များ တန်ဖိုးရှိတဲ့ ဆေးဖော်စပ်နည်း ဖြစ်နေလို့လဲဗျ ကျုပ် ကြည့်လိုက်အုံးမယ်"

ထို့နောက် လက်တစုံသည် ဆိုင်အုပ်ချုပ်ရေးမှုးလက်ထဲမှ စာရွက်ကို ဆွဲယူသွားတော့သည်။

All Chapters