ကောလဟလ
Vol. 10 Ch. 93
ထိုလက်၏ပိုင်ရှင်မှာ သေးသွယ်ကျစ်လျစ်သော ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားပြီး မြွေပါကတိုးဖြူသားမွေးဖြင့် ရက်လုပ်ထားသည် ရှည်လျားသော ဝတ်ရုံကို ဆင်မြန်းထား၏။ သူ၏ခါးတွင်ကား နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသည့် ဓားတချောင်းကို ထိုးထား၏။ ထိုသူ၏ ရုပ်ရည်မှာကား အလွန် ယောကျာ်းပီသလှပြီး သူရဲကောင်းဆန်လှသည်။
ထိုသူ၏ ဘေးနားတွင် နောက်ထပ်လူနှစ်ယောက် ရှိနေ၏။ တယောက်မှာ အဖိုးထိုက်တန်လှသော အမွေးရှည်မြွေပါအမွေးဖြင့် ယက်လုပ်ထားသည့် အပေါ်အကျီ ၤကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောသော လူငယ်တယောက် ဖြစ်သည်။ ဒုတိယတယောက်မှာကား မိန်းမပျိုလေးတယောက်ဖြစ်ပြီး စုချန်း၏ သူငယ်ချင်း ကုချိန်းလွှာ ဖြစ်နေ၏။
ကုချိန်းလွှာကို ဤနေရာမျိုးတွင် တွေ့လိုက်ရသည့်အတွက် စုချန်း အတော်လေး အံ့သြသွားသည်။ သို့သော် သူက အံ့သြသင့်ခြင်းကို အခြားသူများ မမြင်သာအောင် ဖုံးကွယ်ထားလေသည်။
သို့သော် မင်ချူးမှာ မင်ချူးပင် ဖြစ်လေ၏။ သူသည် ဆေးအမယ်များ ရေးသားထားသည့်စာရွက်ကို ထိုသူ ယူငင်သွားသည်ကို တွေ့မြင်လိုက်သည်နှင့် အားမနာ လျှာမကျိုး ပြောဆိုလိုက်တော့သည်။
"ဟေ့ ခင်ဗျား ဘယ်သူလဲ တခြားသူပိုင်တဲ့ပစ္စည်းကို ဒီလိုပဲ ခွင့်မတောင်းပဲ ယူရသလားဗျ"
ထိုအခါ အမွေးရှည်မြွေပါအကျီ ၤကို ဝတ်ဆင်ထားသော လူငယ်သည် မင်ချူးကို တလှည့် စုချန်းကို တလှည့်ကြည့်ကာ ဟင့်ခနဲ အသံပြုလိုက်၏။ ထို့နောက် သူက ရယ်မောက ပြောလိုက်သည်။
"ဒီတယောက်က စုမျိုးနွယ်ရဲ့ မျက်ကန်းသခင်လေးမလား မျက်ကန်းသခင်လေးက ဘယ်တုန်းကများ ဆေးညွှန်းတခုကို ရေးသားနိုင်သွားတာတုန်း"
ထိုလူငယ်ဘေးရှိ ပထမလူငယ်က ရယ်ကာမောကာနှင့် ရယ်သွမ်းသွေးလိုက်သည်။
"သူ့ရဲ နာတာရှည်ရောဂါက သူ့ကို သမားတော်တယောက် ဖြစ်လာစေခဲ့တာ နေမှာပေါ့ ဟဲ ဟဲ ဟဲ "
ထို့နောက် လူငယ်နှစ်ယောက်သည် မည်သည့် အကြောင်းပြချက်မှမရှိပဲ တယောက်မျက်နှာ တယောက်ကြည့်ကာ စုချန်းကို အကြောင်းမဲ့သက်သက် လှောင်ပြောင်ရယ်မောနေကြလေသည်။ ထိုအချိန်တွင် ကုချိန်းလွှာကား မျက်မှောင်ကုတ်နေ၏။ သူမသည် မြောက်ပိုင်းမြို့တော်တွင် နေထိုင်ခဲ့သည်မှာ အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ မျိုးနွယ်စုလေးစု မတည့်ကြမှန်း ကောင်းကောင်း သိရှိနေ၏။ သို့သော် ထိုမျိုးနွယ်စုလေးစုသည် ကိစ္စကြီးငယ်မရှိပဲ အချင်းချင်း ခိုက်ရန်ဖြစ်ပွားလေ့မရှိမှန်း ထပ်မံ သိရှိနေပြန်သည်။ ထို့ကြောင့် စုချန်းကို အကြောင်းမဲ့သက်သက် ရန်စနေသော လူငယ်နှစ်ယောက်သည် သူမရှေ့တွင် မျက်နှာသာရစေရန် ပြဇာတ်တပုဒ် ခင်းပြနေခြင်းသာ ဖြစ်ဖို့များနေ၏။
အသိညဏ်နည်းပါးလှသော လူငယ်နှစ်ဦးသည် သူတို့အနေနှင့် အခြားတယောက်ကို ဤကဲ့သို့ အမဲဖျက်လိုက်ပါက မိန်းကလေး၏ အထင်ကြီးလေးစားမှုကို ရနိုင်မည်ဟု ထင်မြင်နေရှာသည်။ သူတို့ လုံးဝမသိရှိခဲ့သည်မှာ ကုချိန်းလွှာဟူသော မိန်းကလေးသည် စုချန်းနှင့် သူငယ်ချင်း မဟုတ်ခဲ့လျင်ပင် ခိုက်ရန်ဖြစ်ပွားခြင်းကို နှစ်သက်သူမဟုတ်။ ယခုတော့ သူမသည် စုချန်းနှင့် လျှို့ဝှက်သူငယ်ချင်းများ ဖြစ်နေသောအခါ သူတို့၏ အပြုအမူမှာ မျက်နှာမရ ခြေထောက်ရဆိုသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်တွင် မင်ချူး၏ မျက်နှာသည် ရဲရဲနီနေ၏။ သခင်ကို သစ္စာရှိလှသော အစေခံလူငယ်သည် အပြင်းအထန် ဒေါသထွက်နေခဲ့လေပြီ။ နောက်ဆုံးတွင် သူက မနေနိုင်တော့ပဲ ကျိန်ဆဲလိုက်တော့သည်။
"ဘယ်ကရောက်လာတဲ့ အရိုင်းအစိုင်းခွေးမျိုးတွေပါလိမ့် ရာရာစစ ငါ့သခင်လေးကို ထေ့ရဲငေါ့ရဲသတဲ့လား"
မင်ချူး၏ကျိန်ဆဲသံကိုကြားသည်နှင့် အမွေးရှည်မြွေပါအကျီ ၤဝတ်ဆင်ထားသည့် လူငယ်၏မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။
"သေပေတော့"
အော်ဟစ်သံနှင့်အတူ လူငယ်က လက်တဖက်ကို မြောကိုက်ရာ သူ့လက်ချောင်းများဆီမှ လေတိုးသံတချက်သည် မင်ချူးဆီသို့ ပျံ့လွင့်လာ၏။ မိမိ၏ ဘက်တော်သား တိုက်ခိုက်ခံလိုက်ရသည်နှင့် စုချန်းသည် မင်ချူးကို ဖြတ်ခနဲ ဆွဲယူပြီး လူငယ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပေးလိုက်၏။ လူငယ်၏ တိုက်ခိုက်မှုသည် အနီးအနားရှိ တိုင်တတိုင်ကို ထိမှန်သွားပြီး အပေါက်တပေါက် ဖြစ်ပေါ်လာ၏။ ထို့နောက် စုချန်းက အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။
"ကြည့်ရတာ လင်မျိုးနွယ်စုက စုမျိုးနွယ်စုနဲ့ တိုက်ပွဲဖြစ်ချင်နေတဲ့ သဘောပဲ"
စုချန်း၏စကားကြောင့် လူငယ်နှစ်ယောက် အတော်လေး အံ့သြသွား၏။ ထိုအခါ ရုပ်ရည်ခန့်ညားပြီး သူရဲကောင်းဟန်ပန်ရှိသူ လူငယ်က မေးလိုက်သည်။
"ငါတို့ဟာ လင်မျိုးနွယ်စုကမှန်း မင်း ဘယ်လိုလုပ် သိနေတာလဲ"
စုချန်းက ရယ်မောလိုက်၏။
"လင်မျိုးနွယ်စုဝင်တွေရဲ့အနံ့ဟာ အလွန်ဆိုးဝါးတယ်ဗျ တခါတလေကျရင် သူတို့အနံ့ကို မရှုချင်ပါဘူးဆိုရင်တောင် ရှောင်တိမ်းဖို့ခက်တယ်"
လင်မျိုးနွယ်စုဟူသည် သားရဲသတ္တဝါဆိုးများကို အဆက်မပြတ် မွေးမြူလေ့ကျင့်နေရသဖြင့် ထိုသားရဲများ၏ အနံ့ဆိုးများ စွဲကပ်နေလေ့ရှိသည်။ သို့သော် ၎င်းမှာ လက်အောက်ငယ်သားများအတွက်သာ ဖြစ်သည်။ လူငယ်သခင်လေးများအတွက်မူ ထိုအနံ့အသက်များ ကပ်ညိနေစရာ အကြောင်းမရှိ။ သို့သော် မိမိ၏မျက်မမြင်ဘဝကို အတိုင်အဖောက်ညီညီ လှောင်ပြောင်ခဲ့ကြသော လူငယ်နှစ်ယောက်ကို စုချန်းက တမင်သက်သက် ပြန်လည်လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
စုချန်း၏ စကားကိုကြားသည်နှင့် အမွေးရှည်မြွေပါအကျီ ၤဝတ်ဆင်ထားသူလူငယ်၏ မျက်နှာ တင်းမာသွား၏။ ထို့နောက် သူက စုချန်းကို ကျိန်းမောင်းလိုက်လေသည်။
"ဟေ့ မျက်မမြင်ကောင် မင်းကိုမင်း စုမျိုးနွယ်စုမှာ ထိပ်ဆုံးနေရာ ရထားတယ်ဆိုပြီး မာန်တက်နေသလားကွ အနူတောမှာ လူချောဖြစ်နေတဲ့အကောင်"
စကားဆုံးသည်နှင့် လူငယ်က ညာဖက်လက်ကို လှုပ်ယမ်းလိုက်ရာ နောက်ထပ် ဝဲကတော့ငယ်တခု ပေါ်လာ၏။ အဆိုပါ ဝဲကတော့ငယ်သည် တဖြည်းဖြည်းနှင့် မြားတစင်းအဖြစ် ပုံစံပြောင်းလဲသွားတော့သည်။ ထို့နောက် လူငယ်သည် လေလှိုင်းမြားကို စုချန်း၏ လက်မောင်းသို့ ချိန်ရွယ်ပစ်လွှတ်လိုက်၏။ လူငယ်၏ တိုက်ခိုက်မှုမှာ စုချန်း၏ အသက်အန္တရာယ်ကို မထိခိုက်စေပဲ ဒဏ်ရာရစေရုံမျှသာ ရည်ရွယ်ပုံရသည်။
မြားသည် ကြောက်မက်ဖွယ်ရာ အသံပြု၍ တဟုန်ထိုး ပျံသန်းလာ၏။ လူငယ်၏ တိုက်ခိုက်မှုသည် သူ့ကို ဒဏ်ရာရစေရုံမျှသာ ရည်ရွယ်သော်လည်း စုချန်းအနေနှင့် ထိုကဲ့သို့ အဖြစ်မခံနိုင်။ ထိုအခါ သူက လက်ဖဝါးကို ဓားသဖွယ်ပြုလုပ်ကာ လေပေါ်တွင် ပျံသန်းလာသော မြားကို ရိုက်ချလိုက်သည်။ စုချန်း၏ လက်ချက်ကြောင့် လေလှိုင်းမြားသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။ သို့ရာတွင် အံ့သြစရာကောင်းသည်မှာ ပြိုကွဲသွားသော အပိုင်းအစလေးများသည် မြားငယ်လေးများအဖြစ် ပုံစံပြောင်းလဲသွားကာ စုချန်းဆီသို့ အရှိန်အဟုန်မပျက် ဆက်လက် ပျံ့လွင့်လာခြင်းဖြစ်သည်။
၎င်းကိုကြည့်ရင်း လူငယ်က ရယ်မောလိုက်သည်။
"လေဆိုတာ ပုံသဏ္ဍန်မှ မရှိတာ ဘယ်လိုလုပ် အလွယ်တကူ ဖျက်ဆီးလို့ရပါ့မလဲ"
သို့သော် စုချန်းသည် ခေသူမဟုတ်။ သူက လက်ဖဝါးကို လေထဲတွင် ထူးဆန်းသော ပုံစံပြုလုပ်လိုက်၏။ ထိုအခိုက်မှာပင် မလွန်တိုးညှင်းသည့် မိုးခြိမ်းသံကို လူတိုင်း ကြားလိုက်ရသည်။ မိုးခြိမ်းသံသည် မိုးခြိမ်းသံနှင့်ပင်မတူ။ အလွန် တိုးညှင်းလှ၏။ ထို့ကြောင့် ထိုအသံကို မည်သည့်အသံမှန်းပင် မည်သူမျှ ကွဲကွဲပြားပြား မသိလိုက်။ တချို့ဆိုလျင် မိမိ၏ နှလုံးခုန်သံကို ပြန်ကြားလိုက်ရသည်ဟုသာ ယူဆလိုက်ကြ၏။ သို့သော် အဆိုပါ မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် လေလှိုင်းမြားတံများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ထိုအခါ စုချန်းက လက်ကိုပြန်ရုတ်ရင်း ညင်သာစွာ ပြုံးလိုက်သည်။
"ဒီလိုအသံမထွက်တဲ့ အသံမျိုးကို လူတိုင်း ကြားနိုင်ဖို့ဆိုတာ ခဲယဉ်းသားပဲ"
စုချန်းက တဖက်လူ၏ လေလှိုင်းမြားတံကို တုံ့ပြန်ရန် မိုးကြိုးဓားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ လူငယ်သည် အတော်လေး အံ့သြသွား၏။ သူ့အနေနှင့် စုချန်း၏ တုံ့ပြန်မှုသည် ဤမျှ မြန်ဆန်တိကျမည်ဟု လုံးဝမျှော်လင့်မထား။ ထို့ပြင် စုချန်း၏ အင်အားမှာလည်း သူ ကြိုတင်တွက်ဆထားသည်ထက် အများကြီးပိုနေ၏။
သို့သော် လူငယ်က ရိုင်းစိုင်းကြမ်းတမ်းသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"အထင်ကြီးစရာပဲ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးကွ ဒီတခုကို ရှောင်ကြည့်အုံး"
ပြောပြောဆိုဆို သူက ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်ရာ ကုချိန်းလွှာက ကြားဝင်ဟန့်တားလိုက်၏။
"လင်ယဲ့မွှား လင်ကျင်းချွင်း ရှင်တို့နှစ်ယောက် မပြီးသေးဘူးလား ကျွန်မ ဒီကိုလာတာ အပြာရောင်ညအတွက် ဆေးလာဝယ်တာရှင့် ရှင်တို့ရန်ဖြစ်တာကို ကြည့်ဖို့လိုက်လာတာ မဟုတ်ဘူး"
ကုချိန်းလွှာ၏ စကားသံကိုကြားလိုက်သည်နှင့် တိုက်ခိုက်ရန်ဟန်ပြင်နေသော လူငယ်၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ကုချိန်းလွှာကို မျက်နှာချိုသွေးရင်း ပြုံးပြလိုက်၏။ သို့သော် ကုချိန်းလွှာက လူငယ်ကို ဂရုမစိုက်။ သူမက ချက်ချင်းပင် နောက်သို့လှည့်ထွက်လိုက်ပြီး ပြောလိုက်သည်။
"ရှင်တို့ လင်မျိုးနွယ်နဲ့ စုမျိုးနွယ်ကြားရန်ပွဲက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးရှင့် ဒီတော့ ဆေးမြန်မြန်ဝယ်ပြီး ပြန်တော့မယ် ဒီကိစ္စနဲ့ ကျွန်မ အချိန်ကုန်မခံနိုင်ဘူးရှင့်"
လူငယ်မှာ ကုချိန်းလွှာ၏စကားကို လွန်ဆန်နိုင်ဟန်မတူ။ ခေါင်းတညိတ်ညိတ်နှင့် နာခံနေရှာ၏။ တဆက်တည်းမှာပင် သူက စုချန်းကို လှမ်းပြောလိုက်သည်။
"ဟေ့ မျက်မမြင်ကောင် ငါ့နာမည် လင်ယဲ့မွှားလို့ခေါ်တယ် ဒီကနေ့တော့ ရှိစေတော့ နဂါးကျောင်းတော်ပြိုင်ပွဲကျမှပဲ မင်းကိုငါ ကောင်းကောင်းဆုံးမတော့မယ်"
နောက်ထပ် လူငယ်တယောက်ကလည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
"ငါ့နာမည် လင်ကျင်းချွင်းလို့ခေါ်တယ် ငါတို့ ပြန်တွေကြသေးတာပေါ့ကွာ"
ထို့နောက် သူတို့သုံးယောက်သည် ဆိုင်အတွင်းသို့ လှမ်းဝင်သွားကြလေသည်။
"လင်ယဲ့မွှား..လင်ကျင်းချွင်း..."
စုချန်းသည် ထိုနာမည်နှစ်လုံးကို တိုးညှင်းသော အသံနှင့် ထပ်ခါထပ်ခါ ရေရွတ်နေမိတော့သည်။ စုချန်းသာ အမှတ်မမှားလျင် ထိုနာမည်နှစ်လုံးကို ယခင်ကတည်းက ကုချိန်းလွှာ ပြောပြဖူး၏။ ကြည့်ရသည်မှာ ကုမျိုးနွယ်စုထံ စခန်းသွင်းလေ့ကျင့်ရန် ပို့ဆောင်ထားသည့် လင်မျိုးနွယ်စု၏ မျိုးဆက်သစ်လူငယ်လေးဦးမှာ မိသားစုထံ ပြန်လည်ရောက်ရှိနေပုံရသည်။ ပုန်းအောင်းနေသော နဂါးကျောင်းတော်ဝင်ခွင့်ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ လင်မျိုးနွယ်စုသည် ၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်လျှို့ဝှက်လိုစိတ်ရှိတော့ပုံမရ။ ကုမျိုးနွယ်စုထံတွင် သွားရောက်လေ့ကျင့်ပြီးနောက် လူငယ်များ၏ ခွန်အား မည်မျှ တိုးတက်လာကြောင်း မည်သူမျှ မသိရှိသေး။ စောင့်ကြည့်ချင်စရာ ကောင်းနေသည်မှာတော့ အမှန်ပင်။
စုချန်းကား သူတို့ကို ဂရုမစိုက်တော့။ လိုအပ်သောပစ္စည်းများကို မြန်မြန်ဆန်ဆန်ပင် ဝယ်ယူရင်း စုအိမ်တော်သို့ ပြန်လာခဲ့လေသည်။ ခရီးရောက်မဆိုက်ပင် အစေခံတဦး အမောတကောနှင့် ပေါက်ချလာ၏။
"သခင်လေး...သခင်လေး...နောက်ဆုံးတော့ သခင်လေး ပြန်ရောက်လာပြီ"
စုချန်းက မေးလိုက်သည်။
"ဟေ့ ဘာဖြစ်လာတာလဲ မင်းကိုကြည့်ရတာ မောကြီးပန်းကြီးနဲ့"
"သခင်မကြီး....သခင်မကြီး...သူ....သူ...."
အစေခံ၏ အသံသည် ရုတ်တရက် တိမ်ဝင်သွား၏။ စုချန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ သူက မေးလိုက်သည်။
"ဘာဖြစ်တာလဲ ငါ့အမေ ဘာဖြစ်တာလဲ"
"သခင်မကြီး...သွေးတွေအန်ပြီး....လဲကျသွားလို့ပါခင်ဗျာ"
လောကကြီးတခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။
_____________×××_____________×××_____________
မျှော်လင့်ခြင်းအလင်းရောင်ခန်းဆောင်အတွင်း၌ ဖြစ်သည်။ တန်ဟွားယွီတယောက် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူမ၏ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူရော်လျက်ရှိသည်။ မျက်လုံးများမှိတ်ကာ အိပ်ပျော်ရန် ကြိုးစားနေသော်လည်း သူမခမျာ အိပ်မပျော်နိုင်ရှာ။ သမားတော်တယောက်ကလည်း သူမ၏ သွေးကြောများအား ကိုင်တွယ်စမ်းသပ်လျက်ရှိ၏။ အားရကျေနပ်အောင် စမ်းသပ်ပြီးနောက် သမားတော်က တန်ဟွားယွီ၏ အခြေအနေကို မှတ်ချက်ချလိုက်သည်။
"ဝုန်းခနဲတောက်လောင်လာတဲ့ ဒေါသမီးလျံတွေက သခင်မကြီးရဲ့ နှလုံးသားကို နာမကျန်းဖြစ်စေခဲ့တာပဲ စိတ်နှလုံးကို အေးချမ်းအောင်ထားမှ သခင်မကြီးအနေနဲ့ မြန်မြန်နလန်ထလာလိမ့်မယ် ကျွန်တော်ပြန်ခါနီးကျရင် ဆေးတချို့ ပေးခဲ့ပါမယ် ဒီဆေးကို သောက်လိုက်တာနဲ့ မြန်မြန်ဆန်ဆန် သက်သာလာလိမ့်မယ် ဒါပေမဲ့ တခုတော့ သတိထားကြပါ သခင်မကြီးရဲ့ရောဂါက စိတ်နဲ့ဆိုင်တာဆိုတော့ သူ့ကို စိတ်အနှောင့်အယှက် မပေးကြပါနဲ့"
"ကျေးဇူးပါပဲ ဆရာဆန်း"
စုချန်းက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်၏။ ဆရာဆန်းသည် လေဆန်နန်းတော်တွင် အတော်ဆုံး သမားတော်တယောက် ဖြစ်၏။ ဆရာဆန်း၏ စကားကို ကြားလိုက်ရသည်နှင့် စုချန်းတယောက် အတော်လေး စိတ်သက်သာရသွားလေပြီ။ ဆရာဆန်းကို ခြံဝင်းအပြင်ထိရောက်အောင် လိုက်ပို့ပြီးနောက် စုချန်းတယောက် မျှော်လင့်ခြင်းအလင်းရောင်ခန်းမဆောင်အတွင်း ပြန်ဝင်လာခဲ့၏။
မိခင်ဘေးနားရှိ ထိုင်ခုံတွင်ဝင်ထိုင်ရင်း စုချန်းက အသံတိုးတိုးနှင့် မေးလိုက်သည်။
"ကဲ ရှန်းရှု ပြောစမ်းပါအုံး ကျုပ်မိခင် ခုလောက်ထိ ဒေါသကြီးရလောက်အောင် ဘာများ ဖြစ်ခဲ့လို့လဲ"
"ဒါက..."
ရှန်းရှုကား ချက်ချင်းမပြောသေးပဲ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေ၏။
"ကျုပ်ကို ပြောပြစမ်း"
စုချန်း၏အသံသည် ပို၍ ကြည်လင်ပြတ်သားလာပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်လာ၏။ ရှန်းရှုဟု အမည်ရသော အစေခံမလေး ကြောက်လန့်သွား၏။ သူမက မတတ်သာပဲ ပြောပြလိုက်ရတော့သည်။
"သခင်မကြီးဟာ ကောလဟလတချို့ ကြားလိုက်ရလို့ သတိလစ်သွားတာပါ သခင်လေး"
"ဘယ်လို ကောလဟလမျိုးလဲ"
အစေခံမလေးက တုန်ယင်သောအသံနှင့် ရှင်းပြလိုက်လေသည်။
"ပြီးခဲ့တဲ့ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲမှာ လူတိုင်းလိုလိုက ဒုတိယသခင်လေး နိုင်မယ်လို့ပဲ ထင်မြင်ခဲ့ကြတယ် သခင်လေးကို ဘယ်သူမှ နိုင်မယ်မထင်သလို သခင်လေးကို ထောက်ခံတဲ့လူလည်း တယောက်မှမရှိခဲ့ဘူးလေ ဒါပေမဲ့ တတိယဦးရီးတော်ကတော့ သခင်လေးကို ယုံကြည်တဲ့အပြင် ဒုတိယဦးရီးတော်နဲ့ပါ ရွှေစင်ငါးထောင်ကြေးလောင်းလိုက်သေးတယ် လောင်းကြေးမှာ သခင်လေးရှုံးသွားရင် တတိယဦးရီးတော်က ဒုတိယဦးရီးတော်ကို ရွှေစင်ငါးထောင်ပေးရမယ် သခင်လေးနိုင်သွားရင်တော့ ဒုတိယဦးရီးတော်အနေနဲ့ ရွှေစင်ငါးထောင် ပြန်ပေးစရာမလိုဘူး စင်မြင်ကို ပတ်ပြီး လေးဘက်ထောက်သွားပြရုံပဲလေ"
မလိုအပ်ပဲ စကားရှည်နေသော အစေခံမလေးကြောင့် စုချန်း စိတ်မရှည်တော့။ သူက ဖြတ်မေးလိုက်သည်။
"ဒါတွေ ကျုပ်သိပြီးသားပါ ဒါနဲ့ ခုကောလဟလနဲ့ ဘယ်လိုများ သက်ဆိုင်နေလို့တုန်း"
"တတိယဦးရီးတော်ဟာ သခင်လေးကို အစဉ်တစိုက် ဂရုစိုက်ခဲ့တယ် ဒါကြောင့်...အတင်းအဖျင်းတွေက..."
ဤနေရာအရောက်တွင် သူမက မဝံ့မရဲဟန်ပန်ဖြင့် စုချန်းကို ဖြတ်ခနဲ စိုက်ကြည့်လိုက်သည်။ အတန်ကြာမှ တုန်ယင်သောလေသံဖြင့် စကားဆက်၏။
"သူတို့က...သခင်လေး...သခင်လေးဟာ...သခင်ကြီးရဲ့ သားအရင်းမဟုတ်ဘူးတဲ့...တတိယဦးရီးတော်နဲ့ သခင်မကြီးတို့ရဲ့ သားပဲဖြစ်ရမယ်ဆိုပြီး သွားပုတ်လေလွင့် ပြောနေကြတယ်ရှင့်"
စုချန်း ဒေါသအိုးပေါက်ကွဲသွားလေပြီ။ သူ့လက်ချက်ကြောင့် ဘေးနားရှိ အမွှေးနံသာများ ထွန်းညှိသော စင်ငယ်သည် ရစရာမရှိအောင် ကျိုးပဲ့ပျက်စီးသွားလေသည်။ သူသည် သာမာန်အချိန်တွင် သည်းခံတတ်သော စိတ်သဘောထားရှိသော်လည်း ယုတ်မာလှသော အတင်းအဖျင်းကြောင့် ဤတကြိမ်တွင်တော့ အကြီးအကျယ် ဒေါသထွက်သွား၏။ သူက တောက်တချက် ပြင်းပြင်းထန်ထန် ခေါက်လိုက်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထား၏။ အချိန်အတန်ကြာသောအခါ သူသည် ဒေါသကို ထိန်းချုပ်နိုင်လာလေသည်။ ထို့နောက် သူက မေးမြန်းလိုက်သည်။
"စုအိမ်တော် ဒီလိုအတင်းအဖျင်း ပျံ့နှံ့နေတာ ဘယ်လောက်ကြာပြီလဲ"
ရှန်းရှုက မြေကြီးနှင့် နဖူးထိသည်အထိ ပြားပြားဝယ်ရင်း တုန်ယင်သောလေသံနှင့် ဖြေလိုက်သည်။
"ခုနှစ်ရက် ရှစ်ရက်လောက် ရှိနေပါပြီ သခင်လေး"
"ခုနှစ်ရက် ရှစ်ရက် ဟုတ်လား...ဒါဆို ဒီအိမ်တော်က အစေခံ အတော်များများဟာ ဒီအကြောင်းကို သိနေတာ အချိန်အတော်လေးကြာပြီဆိုတဲ့ သဘောပေါ့ ဟုတ်ရဲ့လား"
စုချန်းက ထပ်မံမေးမြန်းလိုက်၏။
ရှန်းရှုက
"ဟုတ်ပါတယ် သခင်လေး"
"ကျုပ်ရဲ့မိခင်ကို ဒီအကြောင်းတွေ သွားပြောတာက ဘယ်သူလဲ မင်းလား"
"မ...မဟုတ်ပါဘူး သခင်လေး ကျွန်မလို အဆင့်မျိုးက ဒီလိုအကြောင်းအရာကို သခင်မကြီး နားထဲပေါက်အောင် ဘယ်ပြောရဲပါ့မလဲရှင်"
စုချန်း၏ မေးခွန်းကို ရှန်းရှုက ကြောက်လန့်တကြားနှင့် ငြင်းဆန်လိုက်၏။ စုချန်းက ထပ်ဆင့်မေးခွန်းထုတ်လိုက်ပြန်သည်။
""ဒါဆိုရင် ဒီအကြောင်းအရာတွေကို သူ ဘယ်လိုလုပ်သိသွားတာလဲ"
"ဒါ လန်ချိကြောင့်ပါသခင်လေး သူက ဒီအကြောင်းတွေ တခြားလူတွေကို ပြောပြနေတုန်း သခင်မကြီးက အမှတ်မထင် ကြားသွားတာပါ"
ရှန်းရှုက ကမန်းကတန်းရှင်းပြလိုက်သည်။ စုချန်း သဘောပေါက်သွားလေပြီ။ ထိုအခါ သူက အမိန့်ပေးလိုက်၏။
"လန်ချိကို ခေါ်လိုက်စမ်း"
သိပ်မကြာပါ။ လန်ချိတယောက် စုချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။ စုချန်းမှလွဲ၍ ကြီးမားကျယ်ဝန်းလှသော ခန်းမဆောင်ကြီးအတွင်း လူသူလေးပါး ကင်းရှင်းလျက်ရှိလေသည်။ စုချန်းသည် ထိုင်ခုံတလုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။ သူ့လက်ထဲတွင်လည်း လဖက်ရည်ခွက်ကို ကိုင်ထား၏။ သို့သော် လဖက်ရည်ကို သူမသောက်။ အဝေးတနေရာကိုသာ ငေးမောလျက်ရှိ၏။ စုချန်းတယောက် မည်သည့်အကြောင်းအရာများကို စဉ်းစားနေကြောင်း ဘုရားသခင်သာလျင် သိရှိနိုင်ပေလိမ့်မည်။
လန်ချိသည် ကြမ်းပြင်တွင် ဒူးထောက်ထိုင်နေ၏။ သို့သော် စုချန်းကား သူမ ရှိမှန်းပင် သတိမထားမိသည့်ဟန်ဖြင့် အဝေးကိုသာ ငေးလျက်ရှိလေသည်။ အချိန်အတော်လေး ကြာသွားမှ စုချန်းက စကားစသည်။
"ဒီကောဟဟလတွေကို ကျုပ်မိခင်နားထဲ ပေါက်သွားအောင် မင်း ဘာကြောင့်လုပ်ရတာလဲ"
မထင်မှတ်သောမေးခွန်းကြောင့် လန်ချိ အလွန်တုန်လှုပ်သွား၏။
"အို သခင်လေး ဘယ်လိုများ မေးလိုက်တာလဲ ဒါ...မတော်တဆ ဖြစ်သွားတာပါရှင်"
စုချန်းက အလွန်အေးဆေးသော အမူအရာနှင့် တခွန်းချင်း ပြောလိုက်သည်။
"မင်း မရောက်ခင်ကတည်းက ကျုပ်အနေနဲ့ အခြေအနေတချို့ကို သိသင့်သလောက် သိထားပြီးပြီဆိုတာ မင်းသဘောပေါက်ထားဖို့ကောင်းတယ် ဒီပြသနာဟာ ပြန်လည်လန်းဆန်းခြင်းခန်းဆောင်မှာ မင်း ပန်းခူးနေတုန်း ဖြစ်ပျက်ခဲ့တယ်လို့ မင်း ပြောခဲ့တယ် အဲဒီနေရာဟာ အတော်လးကျယ်ဝန်းပြီး မြင်ကွင်းကန့်သတ်ချက်မရှိလို့ တယောက်ယောက် ဝင်လာတာနဲ့ မင်းအနေနဲ့ ချက်ချင်းမြင်တွေ့နိုင်တယ် ဒီတော့ ကျုပ်မိခင် ဝင်လာတာကို မင်းအနေနဲ့ မမြင်စရာ အကြောင်းမရှိဘူး ထပ်ပြောရရင် ကျုပ်မိခင်ဟာ အမြဲတမ်းလိုလို ဘိုးဘွားဘီဘင်တွေကို အမွှေးနံသာတွေ မီးရှို့ပြီး ကန်တော့လေ့ရှိတာကို ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ မင်းအနေနဲ့ မသိစရာ အကြောင်းမရှိဘူး ကျုပ် ဆွေ့စင်း ယန်ယန် နဲ့ ချွီတန်းတို့ကို မေးပြီးပြီ အဲဒီအချိန်တုန်းက သူတို့ဟာ တခြားအလာပ သလာပတွေ ပြောနေခဲ့တာလို့ ဆိုထားတယ် အဲဒီအချိန်မှာ တယောက်ယောက်က ဒီကောလဟလနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရုတ်တရက် ပြောဆိုလာတာလို့ သူတို့ ဝန်ခံတယ် အဲဒီလူဟာ မင်းပဲ မပြောသင့်တဲ့စကားကို မပြောသင့်တဲ့အချိန်မှာ ချိန်သားကိုက် ပြောဆိုခဲ့တာတောင် မင်းက အပြစ်မရှိဘူးလို့ ငြင်းချင်သေးတာလား"
ထိုအခါ လန်ချိက သွေးရူးသွေးတန်းနှင့် အော်ဟစ်ငြင်းဆန်တော့သည်။
"ဒါကတော့ သခင်လေးက ကျွန်မကို တမင်သက်သက် ခေါင်းစဉ်ရှာ အပြစ်တင်လိုက်တာပါပဲရှင် ကျွန်မဟာ ဒီစကားကို ပြောခဲ့တာမှန်ပေမဲ့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး နောက်ပြီး ဒီကောလဟလဟာ ဒီအိမ်တော်မှာ ပျံ့နှံ့နေတာ ကြာပါပြီ သခင်မကြီးအနေနဲ့ အနှေးနဲ့အမြန်ဆိုသလို သိသွားမှာပါပဲ ဒါကို သခင်လေးက ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ အပြစ်တင်နေရတာလဲရှင့်"
စုချန်းက လဖက်ရည်အနည်းငယ်ကို မော့သောက်လိုက်ပြီး ပြောလိုက်ပြန်သည်။
"ဒီကောလဟလ အတင်းအဖျင်းတွေကို တနေ့မဟုတ် တနေ့ သူသိသွားမယ်လို့ ဘာကြောင့် မင်းက တပ်အပ်သေချာ ပြောနိုင်ရတာတုန်း အိမ်တော်မှာ သတင်းပျံ့နေတာ တပတ်တောင်ကျော်ပြီလို့ ကျုပ်သိထားတယ် ဒါတောင် ဒီသတင်းတွေ သူဆီရောက်လာလို့လား ဒီအိမ်တော်က အစေခံတွေဟာ အရူးမဟုတ်ဘူးကွ ဘယ်သတင်းက နားထောင်သင့်တယ် ဘယ်သတင်းက နားမထောင်သင့်ဘူး ဘယ်သတင်းက ပြောသင့်တယ် မပြောသင့်ဘူး သူတို့အကုန်သိတယ် တနေရာရာမှာ ကိုယ့်သခင် မကြိုက်တဲ့ ကိစ္စတခု ဖြစ်ပေါ်နေရင် လိမ္မာတဲ့ အစေခံဟာ ဒီသတင်းကို ကိုယ့်သခင်နား မပေါက်အောင် ဖုံးထားမှာပဲ ဒီလိုသာဆိုရင် သတင်းစဖြန့်တဲ့လူအတွက် ဘာအကျိုးမှ မရှိတော့ဘူးလေ အတိုချုံးပြောရရင် တဖက်လူနားပေါက်အောင် မဖြန့်နိုင်တဲ့ အတင်းအဖျင်းဟာ ဘာအကျိုးမှ မရှိဘူးကွ"
စုချန်း၏စကားကို ကြားလိုက်ရသောအခါ လန်ချိ၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သို့သော် သူမက ငြင်းဆန်လိုက်၏။
"ဒီလိုဆိုရင်တောင် သခင်လေးအနေနဲ့ ကျွန်မကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ မစွပ်စွဲအပ်ပါဘူးရှင် ကျွန်မမှားတာမှန်ပေမဲ့ ဘာပူးပေါင်းကြံစည်မှုမှ မရှိတာ ဘုရားသိပါတယ်"
စုချန်း မသိမသာ ပြုံးလိုက်သည်။
"ခုချိန်ထိ မင်းက ငြင်းဆန်ဖို့ ကြိုးစားနေတုန်းပဲကိုး"
လန်ချိသည် တချိန်လုံး ငြင်းဆန်နေသော်လည်း စုချန်းအပေါ် လူတိုင်းလိုလို ကျူးလွန်ခဲ့သည် အမှားမျိုးကို ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ သူမသည် စုချန်းအား မျက်မမြင်တယောက်အဖြစ် သဘောထားနေခြင်း ဖြစ်သည်။ စစ်မှန်သော ကျောက်စိမ်းနန်းတော်တွင် ဖြစ်ပွားခဲ့သည့် လိမ်လည်မှုကဲ့သို့ ဤယနေ့တွင်လည်း လန်ချိသည် တထပ်တည်းသော အမှားမျိုးကို ကျူးလွန်နေ၏။ သူမသည် စုချန်းကို မျက်မမြင်ဟုသာ သဘောထားလေရာ အမူအရာပိုင်းကို ဟန်ဆောင်ရန် သတိထားပုံမရ။ စုချန်းအပေါ် အထင်အမြင်သေးသော၊ ဂရုမစိုက်သော၊ အကြောက်အလန့်မရှိသော အမူအရာများမှာ သူမမျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်လျက်ရှိ၏။
ထိုအနေအထားမျိုးကို လိုချင်၍လည်း စုချန်းအနေနှင့် သူမနှင့် နှစ်ယောက်တည်း စကားပြောရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် စုချန်းသည် ညဏ်နည်းရှာသော အစေခံမလန်ချိ၏ ပမာမခန့် အမူအရာများကို အတိုင်းသား မြင်တွေ့နေရလေသည်။ ယခုအချိန်ထိ လန်ချိသည် သူမ မတရားစွပ်စွဲခံရသည်ဟု အကြောက်အကန် ငြင်းဆန်လျက်ရှိ၏။ သို့သော် စုချန်းအနေနှင့် အချီအချ စကားပြောဆိုရန် စိတ်မဝင်စားတော့။ ထို့ကြောင့် သူက တည့်တည့်ပင် မေးမြန်းလိုက်သည်။
"မင်းကို ခိုင်းစေတဲ့လူဟာ ယန့်ဝူရွှန်းပဲ ဖြစ်ရမယ် ဟုတ်ရဲ့လား"
လန်ချိ၏ အမူအရာ ချက်ချင်းပြောင်းလဲသွား၏။ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ဟန်များ အတိုင်းသား ပေါ်လွင်လာသည်။ သို့တိုင်အောင် သူမက ဝန်ခံခြင်းမပြုပဲ မှားယွင်းစွပ်စွဲခံရသည်ဟု ပြောဆိုကာ စတင်ငိုကြွေးတော့သည်။
စုချန်းက အေးစက်သောလေသံနှင့် ထပ်မံမေးမြန်းလိုက်၏။
"ကျုပ်မှာ ဘာသက်သေမှ မရှိဘူး ဒါကြောင့် မင်းကို ဘာမှလုပ်လို့မရဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား"
ထိုအခါ လန်ချိက ခံပြင်းဒေါသထွက်ဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"သခင်လေးက ဒီလိုပြောပေမဲ့ ကျွန်မကတော့ ဒီအပြစ်ကို ဝန်ခံမှာမဟုတ်ဘူးရှင့် လောကကြီးမှာ ဘာအကြောင်းပြချက်မှမရှိပဲ တရားလက်လွတ်လုပ်နေကြလို့ရှိရင် ခက်ကုန်မှာပေါ့ သခင်လေးရဲ့ လက်တွေနဲ့ မိုးကောင်းကင်ကြီးတခုလုံးကို ကာဆီးထားလို့မရပါဘူး သခင်လေး"
လန်ချိကား စကားပရိယာယ်ကြွယ်လှသည်။ သို့သော် စုချန်းကား ဂရုမစိုက်။ သူက အေးစက်သောလေသံနှင့်ပြောလိုက်၏။
"မင်းပြောတာ သိပ်မှန်တာပဲ ကျုပ်လက်နဲ့ ကောင်းကင်ကြီးတခုလုံးကို ကာဆီးထားလို့မရဘူး အဲလိုပဲ ခုလည်း ကျုပ်မှာ ဘာသက်သေမှမရှိဘူး ဒါပေမဲ့ မင်းလိုအဆင့်အန်းမျိုးကို လုပ်ချင်ရာလုပ်ဖို့ ကျုပ်အတွက် သက်သေ လိုမလိုကော မင်းတွေးမိရဲ့လား မိုဒါယန်တုန်းကကော ကျုပ် သက်သေလိုခဲ့သလား ကျုပ် ဘာပဲလုပ်လုပ် နောက်ဆုံးမှာ အနီရောင်ပြစ်ဒဏ်ထက်အပြင် မရှိဘူးကွဲ့"
အနီရောင်ပြစ်ဒဏ်နှင့် မိုဒါယန်ဟူသော နာမည်ကိုကြားလိုက်သည်နှင့် လန်ချိ၏ အမူအရာသည် တဖြည်းဖြည်း ပြောင်းလဲလာ၏။ သို့သော် ထိုအချိန်တွင် စုချန်းက တပည့်ကျော် သံမဏိအား လှမ်းခေါ်လိုက်လေပြီ။ သံမဏိသည် ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာရင်း စုချန်း၏ ရှေ့တွင် မတ်တပ်ရပ်ကာ အမိန့်နာခံလိုက်သည်။
"အမိန့်ရှိပါ သခင်"
စုချန်းက အေးစက်သောလေသံနှင့် အမိန့်ပေးလိုက်သည်။
"ဒီမိန်းမကို အပြင်ဆွဲထုတ်သွားပြီး သေတဲ့အထိ ရိုက်နှက်စမ်းကွာ"