သံယောဇဉ်လက်ကျန်ရှင်းတမ်း ၁
Vol. 10 Ch. 94
လန်ချိတယောက်ကား ခေါင်းမမာနိုင်တော့။ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသောအခါ အော်ဟစ်တောင်းပန်ကာ ဝန်ခံရတော့သည်။ သို့သော် ရိုက်နှက်ခြင်းတို့မှာ ရပ်တန့်သွားရမည့်အစား ပို၍သာ ပြင်းထန်လာ၏။ စုချန်းအနေနှင့် လန်ချိ၏ ဝန်ခံမှုကို မလိုအပ်။ လတ်တလော သူလိုအပ်သည်မှာ အစေခံမ၏ပါးစပ်မှ သွေးများ ပွက်ပွက်အန်ထွက်လာစေရန်သာ ဖြစ်သည်။ သို့မှသာ သူ၏ လက်စားချေလိုသော ဆန္ဒတို့ အတော်အသင့် ပြေပျောက်သွားမည် မဟုတ်ပါလား။
ရိုက်ချက်တိုင်းသည် လန်ချိ၏ကိုယ်ခန္ဓာပေါ်သို့ ပြင်းထန်စွာ ကျရောက်နေ၏။ သူမ၏ ပါးစပ်မှ သွေးများ ယိုစီးကျလျက်ရှိသလို အသားနီများလန်လျက်ရှိလေသည်။ အစေခံမသည် သနားစဖွယ် ငိုယိုတောင်းပန်လျက်ရှိသည်။ သို့တိုင်အောင် သူမအနေနှင့် ဤမျှလောက်သာ ဒဏ်ရာရခြင်းမှာ သံမဏိက သူ့ခွန်အားကို ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။ စုချန်းသည် သူ့အား ဤအမျိုးသမီးကို အသက်သေဆုံးသည်အထိ ရိုက်နှက်ရန် အမိန့်ပေးထားသော်လည်း တချက်တည်းနှင့် အသက်ထွက်သည်ကိုကား လိုလားမည်မဟုတ်မှန်း သံမဏိက သဘောပေါက်၏။ ထို့ကြောင့် သံမဏိသည် အင်အားကို ချွေတာကာ ရိုက်နှက်နေခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ လန်ချိ၏ ငိုကြွေးသံများသာ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ သို့သော် စုချန်းအနေနှင့် ထိုအသံများကို နားထောင်လိုစိတ် မရှိတော့။ သူသည် မျှော်လင့်ခြင်းအလင်းရောင်ခန်းမဆောင်အတွင်းမှ ထွက်ခွာကာ ဖြောင့်ဖြူးနေသော လမ်းမအတိုင်း လျှောက်လာခဲ့၏။ သူ့လက်နှစ်ဖက်မှာကား နောက်သို့ပစ်ထားပြီး ဦးခေါင်းမှာကား အောက်သို့ငုံ့လျက် တစုံတရာကိုအလေးအနက် စဉ်းစားနေဟန် ရှိသည်။ သူသည် တလမ်းလုံး ထိုပုံစံအတိုင်း လမ်းလျှောက်လာခဲ့၏။
အပြာရောင်သင်းပျံ့မွှေးကြိုင်အဆောင်တော် အဝင်ပေါက်သို့ ရောက်သောအခါ စုချန်းက လမ်းလျှောက်ခြင်းကို မရပ်တန့်ပဲ အဆောင်တွင်းသို့ ဝင်ချသွားလေ၏။ အဆောင်တွင်းရှိ အစေခံမိန်းကလေးတယောက်သည် စုချန်း ဝင်လာသည်ကို မြင်သည်နှင့် မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ဟန်များ ပေါ်လာ၏။ ထို့နောက် နောက်သို့အနည်းငယ်ဆုတ်ကာ အဆောင်တွင်းသို့ ကသောကမြောနှင့် ပြေးဝင်သွားတော့သည်။
စုချန်းက သူမကို ဟန့်တားခြင်းမရှိပဲ အလွန်အေးဆေးတည်ငြိမ်သော အမူအရာနှင့် လမ်းဆက်လျှောက်နေ၏။ သူသည် ပင်မခန်းမဆောင်သို့မရောက်မီ စြင်္ကန်လမ်းနှင့် အုတ်နံရံအနီးကြီး တခုအနီးရှိ ဝရန်တာတို့ကို ဖြတ်သန်းလာခဲ့လေသည်။
ထိုအချိန်တွင် ယန့်ဝူရွှန်းသည် သူမ၏အခန်းတွင်း၌ပင် ထိုင်လျက်ရှိ၏။ သူမသည် ကြီးမားသော မိုးပြာရောင် သားမွေးဝတ်ရုံကို ဆင်မြန်းထားပြီး မဲနက်သန်စွန်းသော ဆံပင်ပေါ်တွင် စုချန်းအန်ကိုယ်တိုင် လက်ဆောင်ပေးထားသည့် ကျောက်စိမ်းမီးလျံငှက်ဆံထိုးကို ထိုးထား၏။ သူမသည် မှန်တင်ခုံရှေ့တွင် ထိုင်လျက် နဖူးပေါ်သို့ ဝဲကျလျက်ရှိသော ဆံစများအား ခေါင်းဖြီးနှင့် လှပအောင် ပြုပြင်နေလေသည်။ သူမ၏ရှေ့တွင်ကား ကနဦး ထွက်ပြေးသွားသော အစေခံအမျိုးသမီးငယ်သည် ပုဆစ်ဒူးတုပ်ထိုင်လျက်ရှိ၏။
စုချန်း လမ်းလျှောက်ဝင်လာသည်ကို မှန်ထဲတွင် မြင်လိုက်ရသည်နှင့် ယန့်ဝူရွှန်း၏ အမူအရာက တင်းခနဲ ဖြစ်သွားသည်။ သို့သော် သူမက မည်သည့်အရာကိုမျှ မသိရှိသယောင်ပြုကာ ခေါင်းဖြီးကို မှန်တင်ခုံပေါ်တွင် နေသားတကျ ပြန်ထားရင်း ငြင်သာသော လေသံနှင့် ပြောလိုက်၏။
"အော်...မင်းတကယ်ရောက်လာတာကိုး"
ယန့်ဝူရွှန်း၏ အမူအရာကြောင့် စုချန်း မသိမသာ ပြုံးလိုက်မိ၏။
"အမျိုးသမီးယန့် ဆိုလိုတာက ခင်ဗျားဟာ ကျုပ်လာမှာကို ကြိုသိနေပြီး စောင့်နေတဲ့ သဘောလားဗျ"
သူ့အနေနှင့် ယန့်ဝူရွှန်းကို စတုတ္ထမယ်တော်ဟု မသုံးနှုံးပါ။ ထိုကဲ့သို့ သုံးနှုံးနေစရာလည်း မလိုတော့။ အကြောင်းမှာ ယန့်ဝူရွှန်းသည် စတုတ္ထမယ်တော် မဟုတ်တော့။ အစေခံတယောက် ဖြစ်နေခဲ့လေပြီ။ သို့သော် အဖြစ်မှန်မှာကား သူမသည် အပြာရောင်သင်းပျံ့မွှေးကြိုင်အဆောင်၏ ပိုင်ရှင်ဖြစ်နေဆဲပင်။ အစေခံဟူသော ခေါင်းစဉ်အောက်ဝယ် သခင်တဦး၏ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရထားသော ယန့်ဝူရွှန်းပေတကား။ သူမ၏ နေထိုင်မှုပုံစံများကို ကြည့်လျင် စုချန်းအန်သည် သူမအပေါ် အလွန်ကောင်းမွန်လှကြောင်း မြင်သာစေ၏။
မည်သို့ဆိုစေ စုချန်း၏ "အမျိုးသမီးယန့်"ဟူသော အသုံးအနှုံးသည် ယန့်ဝူရွှန်းကို ဒေါသအိုးပေါက်ကွဲသွားစေ၏။ သို့သော် လက်ရှိအခြေအနေတွင် သူမအတွက် မည်သည့် လုပ်ပိုင်ခွင့်မျှ မရှိလေရာ ယန့်ဝူရွှန်းခမျာ ဒေါသများကို ကြိတ်မှိတ်မြိုချရင်း လက်နှစ်ဖက်ကိုသာ ခပ်တင်းတင်း ဆုပ်ထားမိလေသည်။ ထို့နောက် သူမက တင်းမာသော မျက်နှာထားနှင့် စုချန်း၏စကားကို တုံ့ပြန်လိုက်သည်။
"ငါက ငါ့ယောကျာ်းကို စောင့်နေတာကွဲ့"
"ခင်ဗျားယောကျာ်း ဟုတ်လား"
စုချန်း အနည်းငယ် တွေဝေသွား၏။ ထို့နောက် သူက အေးဆေးသောလေသံနှင့် ပြောလိုက်သည်။
"ပုံမှန်ဆိုရင် ကျုပ်အဖေက ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေရမှာ သူဘာကြောင့် ပြန်လာရမှာတုန်း တယောက်ယောက်က သူ့ကိုအကြောင်းကြားလိုက်တာပဲ ဖြစ်မှာပေါ့ ကျုပ် အိမ်တော်ကို ပြန်ရောက်တာနဲ့ ပြသနာဖြစ်တာကို သိလိုက်တယ် ဒီတော့ ကျုပ်မိခင်ကို သွားကြည့်တယ် ပြီးတာနဲ့ ဒီကိုလာ...."
စုချန်းက စကားကို ဆုံးအောင်မပြောပဲ ယန့်ဝူရွှန်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ခင်ဗျားဟာ ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားပုံတော့ပေါ်တယ် ဒါပေမဲ့ ခင်ဗျားရဲ့ ခြေလှမ်းတွေက မဆိုစလောက် နှေးကွေးနေတယ်ဗျ"
ယန့်ဝူရွှန်း၏မျက်နှာသည် သွေးမရှိသကဲ့သို့ ဖွေးဖွေးဖြူသွား၏။ စုချန်း၏ ထင်မြင်ယူဆချက်အတိုင်း သူမသည် စုချန်းအန်ကို တိတ်တဆိတ် အကြောင်းကြားထား၏။ သို့သော် စုချန်းတယောက် ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာမည်ဟု သူမ မျှောလင့်မထား။ ယခုတော့ စုချန်းသည် စုချန်းအန်ထက်အလျင် သူမရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။ စုချန်းသည် သူမထင်သလို လန်ချိအား အသေးစိတ် မမေးမြန်းခဲ့။ သက်သေအထောက်အထားလည်း ရှာခဲ့ပုံမရ။ မှန်းချက်နှင့် နှမ်းထွက် မကိုက်လေရာ ယန့်ဝူရွှန်းတယောက် သွေးပျက်စပြုလာတော့သည်။ ကနဦး အေးဆေးတည်ငြိမ်သယောင် ဟန်ဆောင်မှုများအားလုံးသည် ကွာကျကုန်၏။ ယန့်ဝူရွှန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်ဟန်များ အတိုင်းသား ပေါ်လွင်နေတော့သည်။
ထိုအခါ စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်၏။
"ကိစ္စတွေအများကြီး ဖြစ်ပျက်သွားပြီးတဲ့နောက်မှာ ခင်ဗျားအနေနဲ့ ကိုယ့်ဒုက္ခကိုယ် မရှာလောက်တော့ဘူး ရှေ့လျှောက် ဆင်ခြင်ပြီးသွားလိမ့်မယ်လို့ ကျုပ် ထင်ခဲ့မိတယ် ဒါပေမဲ့ ကျုပ်ရဲ့ ထင်မြင်ယူဆချက်ဟာ မှားယွင်းနေမှန်း အခု ကျုပ်သဘောပေါက်သွားပြီ ဒီကနေ့မှာ ခင်ဗျားဟာ ပြသနာတရပ်ကို ဖန်တီးခဲ့တယ် အတွေအကြုံ အတော်အသင့်ရပြီးတာတောင် ခင်ဗျား ကျုပ်ကို ဘာကြောင့်လျှော့တွက်နေသလဲ စဉ်းစားစရာပဲ ဒီအချိန်မှာ ကျုပ်ဘယ်လိုလူစားမျိုးလဲဆိုတာ ခင်ဗျား ကောင်းကောင်း သဘောပေါက်သင့်နေပြီဗျ ခုတော့ အစေခံဘဝရောက်သွားတာတောင် မမှတ်သေးဘူးကိုး ဘာကြောင့်များ ကျုပ်ကို ရန်လာစရသလဲ ဘာကြောင့်များ ကျုပ်မိခင်ကို ဒုက္ခပေးချင်နေရသလဲ"
"ဘာကြောင့်လဲ ဟုတ်လား"
ယန့်ဝူရွှန်း၏ ခံစားချက်များကား ပွင့်အန်ထွက်လာပေပြီ။
"ဘာကြောင့်လဲဆိုတော့ ငါက မင်းကို သိပ်မုန်းလို့ပေါ့ မင်းကြောင့်သာမဟုတ်ရင် ငါလဲ စတုတ္ထမယ်တော် အရိုက်အရာကနေ အစေခံဘဝကို ရောက်မှာမဟုတ်ဘူး မင်းကြောင့်သာမဟုတ်ရင် ငါ့ခင်ပွန်းဟာလည်း ထပ်ခါထပ်ခါ မျကနှာပျက်ရမှာ မဟုတ်ဘူး သူ့လုပ်ပိုင်ခွင့်တွေကိုလည်း လက်လွှတ်ရမှာ မဟုတ်ဘူး မင်းကြောင့်သာမဟုတ်ရင် ငါဟာ ခုချိန်မှာ စုမျိုးနွယ်ခေါင်းဆောင်ကြီးရဲ့ ကတော်ဖြစ်နေပြီး အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်နေလောက်ပြီ ခုတော့ငါ့မှာ သာမာန်အဆောင်လေးတခုမှာပဲ နေထိုင်ရင်း သေမဲ့နေ့ကို စောင့်မျှော်နေရတဲ့ဘဝ မင်းပြောကြည့်လေ ငါ့အနေနဲ့ မင်းကို မမုန်းသင့်ဘူးလား"
စုချန်းက မေးလိုက်သည်။
"ခင်ဗျားက သာမာန်အဆောင်လေးတခုမှာ နေထိုင်ရင်း သေမဲ့နေ့ကို စောင့်မျှော်နေရတဲ့ ဘဝလို့ ပြောလိုက်တယ် ဒါပမဲ့ ခင်ဗျားရဲ့ နေထိုင်မှုပုံစံဟာ လူတကာ မနာလိုဖြစ်ရတဲ့ အနေအထားမျိုးကို ပိုင်ဆိုင်နေတုန်းပဲ ဒါကို ခင်ဗျားက ဒီနေရာမှာ ဒုက္ခခံနရတယ်လို့ ဆိုချင်သေးတာလား"
"မင်း ဘာနားလည်လို့လဲ"
ယန့်ဝူရွှန်းက နာကျည်းစွာ အော်ဟစ်လိုက်၏။ ထို့နောက် သူမက စကားဆက်သည်။
"ဟုတ်တယ် ငါဟာ စတုတ္ထမယ်တော် မဟုတ်တော့ပေမဲ့ အရင်လို ဘဝမျိုးမှာ နေလို့ရနေတုန်းပဲ အရင်စည်းစိမ်မျိုးကို ပိုင်ဆိုင်ထားတုန်းပဲ ငါ့ခင်ပွန်းဟာလည်း ငါ့အပေါ် အင်မတန် ကောင်းတာအမှန်ပဲ ဒါပေမဲ့ ဒါဟာ ဘယ်အချိန်ထိလဲ ခုချိန်မှာ ငါဟာ နုတုန်းပျိုတုန်းလှနေတုန်းပဲ တကယ်လို့ ငါ အိုမင်းမစွန်းဖြစ်လာတဲ့အချိန်ကျရင် သူ ငါ့အပေါ် အရင်လိုပဲကောင်းအုံးမှာလို့ မင်း အာမခံနိုင်လို့လား အဲဒီအချိန်ကျရင် ငါ့ရဲ့အခြေအနေဟာ ခုလိုအနေအထားမျိုး ရှိနိုင်ပါအုံးမလား"
နောက်ဆုံးတော့ စုချန်း နားလည်သဘောပေါက်သွားလေပြီ။ ပြသနာသည် မိန်းမတဦး၏ ဘဝအာမခံချက်အပေါ် တောင်းဆိုသော စိတ်ဆန္ဒမှ မြစ်ဖျားခံလာ၏။ အကယ်၍ ခင်ပွန်းသည်၏ ချစ်ခြင်းမေတ္တာတရားနှင့် ကြင်နာမှုများ ပျောက်ဆုံးသွားခဲ့လျင်ပင် ထိုမိန်းမ၏ ပိုင်ဆိုင်မှုနှင့် မူလနေရာကို မထိပါးလာသရွေ့ အနှီမိန်းမသည် ပြသနာမရှာပဲ သည်းခံနေလိမ့်မည်သာ။ အကယ်၍ အာမခံချက် မရှိသေးလျင်ကား အာမခံချက်ရှိလာအောင် ထိုမိန်းမသည် ရေကုန်ရေခန်း ကြိုးစားပေလိမ့်မည်။
ယန့်ဝူရွှန်းတယောက် တန်ဟွားယွီ၏ နေရာကို ဝင်ယူနိုင်ရန် အသည်းအသန် ကြိုးစားနေရခြင်းမှာ ဘဝအာမခံချက်ကြောင့်ပေတကား။ အခြားသူများက သူ့ကို စတုတ္ထမယ်တော်အဖြစ် မသတ်မှတ်တော့သော အနေအထားသည် ယန့်ဝူရွှန်းကို ငရဲကျတမျှ ပူလောင်စေခြင်းမှာလည်း ဘဝအာမခံချက်ကြောင့်ပေတကား။ ဟုတ်တော့လည်းဟုတ်သည်။ စတုတ္ထမယ်တော်အရာမှ လျှောကျသွားခြင်းသည် သူမ၏ ဘဝအနာဂါတ်ကို အကြီးအကျယ် ထိခိုက်လာနိုင်စေသည် မဟုတ်ပါလား။
ပုံမှန်အားဖြင့် ယန့်ဝူရွှန်းသည် စုချန်းအန်အပေါ် လွှမ်းမိုးနိုင်သရွေ့ သူမ၏ မူလနေရာကို အနှေးနှင့်အမြန် ပြန်လည်ရရှိလာနိုင်ဖွယ်ရာ ရှိ၏။ သို့သော် စုမျိုးနွယ်အတွင်း ပေါ်ပေါက်လာခဲ့သာ ပြောင်းလဲမှုများသည်ကား သူမကြိုတင်မှန်းဆထားခဲ့သည်ထက် ပိုနေ၏။
နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတွင် စုချန်းသည် သူ၏ စွမ်းရည်ကိ ထပ်မံပြသခဲ့ပြီး စုချိန်းကို အလွယ်တကူ အနိုင်ယူခဲ့၏။ သို့သော် ထိုကိစ္စအတွက် မဆီမဆိုင် စုချန်းအန်သာ အပြစ်ပေးခံလိုက်ရပြီး စီးပွားရေးလုပ်ငန်းတချို့ကို စုဖေးဟူလက်ထဲသို့ ထည့်ပေးလိုက်ရသည်။ အကျိုးဆက်မှာ စုချန်းအန်နှင့် ယန့်ဝူရွှန်းအကြားတွင် အငြင်းပွားမှုတချို့ စတင်ပေါ်ပေါက်လာခဲ့ပြီး သူတို့၏ဆက်ဆံရေးမှာလည်း အနည်းငယ် အေးခဲစပြုလာ၏။
ထိုအချိန်တွင် ယန့်ဝူရွှန်း၏ ကြောက်လန့်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။ အရာရာသည် သူမမျှော်လင့်သကဲ့သို့ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်တော့မှန်း သူမ သဘောပေါက်စ ပြုလာသည်။ သူမ၏ အနေအထားသည် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျရန် ခြေတလှမ်းစာမျှသာ လိုတော့သည်။ ထိုအခါ သူမ ပို၍ ထိတ်လန့့်လာ၏။ ပို၍ ကြောက်လန့်လာ၏။ ပို၍ဆိုးသည်က သိပ်မကြားသေးမီက ကြားသိလိုက်ရသော သတင်းတပုဒ်ကြောင့် ဖြစ်သည်။ ထိုသတင်းမှာ စုချန်းအန်သည် နောက်ထပ် အမျိုးသမီးတယောက်နှင့် ထပ်မံ တွေ့ရှိနေသည်ဟူ၏။ ထိုအမျိုးသမီးသည် ပဉ္စမယ်တော် ဖြစ်လာလိမ့်မည်ဟု ပြောဆိုနေကြလေသည်။
ယန့်ဝူရွှန်းတယောက် စိတ်အားငယ်လိုက်သည်မှာကား ပြောဖွယ်ရာပင် မရှိတော့။ သေချာသည်ကတော့ သူမ၏ အနာဂတ်မှာ တဖြည်းဖြည်း ပို၍ ခက်ခဲလာခဲ့လေပြီ။ တနည်းအားဖြင့် သူမ၏ အခြေအနေသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ လူတယောက်သည် ထွက်ပေါက်ရှာ၍ ပို၍ မြင့်မားသော နေရာတခုသို့ တက်လှမ်းသွားနိုင်တတ်၏။ သို့မဟုတ်လျင်လည်း ထိုလူသည် ရစရာမရှိအောင် ဘဝပျက်သွားတတ်လေသည်။
ယန့်ဝူရွှန်းသည် စုချန်းမဟုတ်။ လက်ရှိအနေအထားသည် သိပ်မကောင်းလှကြောင်း သူမ ကောင်းကောင်းသဘောပေါက်၏။ ထိုအခါ သူမသည် စုချန်းကို ပို၍ မုန်းတီးလာတော့သည်။ လက်ရှိအခြေအနေဆိုးများသည် စုချန်းကြောင့်သာ ဖြစ်ပေါ်လာရခြင်းဟု သူမ ယူဆ၏။ ထို့ကြောင့် သူမသည် စုချန်းကို လက်စားချေချင်လှသည်။ နောက်ဆုံးတွင်ကား သူမသည် မိုက်မဲလှသော ဆုံးဖြတ်ချက်တခုကို ချမှတ်လိုက်တော့သည်။
လက်ရှိလုပ်ရပ်၏ အကျိုးဆက်ကိုလည်း သူမ မသိမဟုတ်။ ကောင်းကောင်းသိ၏။ ထို့ပြင် စုချန်းသည်လည်း လူအ မဟုတ်သလို လန်ချိ၏ ပါးစပ်သည်လည်း ကြာကြာပိတ်ထားနိုင်မည်မဟုတ်သည်မှာ သေချာလှသည်။ လန်ချိသည် သူမ၏နာမည်ကို သေချာပေါက် ထုတ်ဖော်လိမ့်မည်သာ။ တဖက်တွင်လည်း သူမက "ဤတချီတွင်တော့ ကံကောင်းထောက်မနိုင်ကောင်းလေရဲ့"ဟု မဝံ့မရဲ မျှော်လင့်နေရှာသည်။ အခြားတဖက်တွင်လည်း "ကံမကောင်းလဲ သေပါစေတော့"ဟု ဆုံးဖြတ်ထားပြန်သည်။ အကြောင်းမှာ စုချန်းကို လက်စားချေလိုလွန်း၍ပင်။ ဤသည်မှာ မိန်းမတယောက်၏ ဗီဇစိတ်ပင် ဖြစ်သည်။ နောက်ဆုံးတွင် ယန့်ဝူရွှန်းသည်လည်း မိန်းမတယောက်သာ ဖြစ်၏။
အကျဉ်းချုပ်ဆိုရလျင် ယန့်ဝူရွှန်းသည် သွက်လက်ချက်ချာပြီး အတန်အသင့် ပါးနပ်သော်လည်း ညဏ်ပညာမရှိသလို သည်းခံနိုင်စွမ်းကလည်း နည်းပါးလှသည်။ သူမသည် ကံတံရားအပေါ်တွင်သာ များစွာ မှီခိုနေရသူတဦး ဖြစ်၏။ သို့သော် စုချန်းကို မြင်တွေ့လိုက်ရသည့်အချိန်တွင်ကား သူမ၏ယုံကြည်မှုသည် တစစီ ပြိုကွဲပျက်စီးသွားလေသည်။ ထိုအခါ သူမသည် နောင်တရလာ၏။ အမှားကြီးတခုကို ပြုလုပ်မိကြောင်း သဘောပေါက်လာ၏။ သို့သော် အရာအားလုံးသည် နောက်ကျသွားခဲ့လေပြီ။
စုချန်း သက်ပြင်းချလိုက်၏။ ထို့နောက် အလွန်အေးစက်သော အကြည့်နှင့် ယန့်ဝူရွှန်းကိုကြည့်ရင်း ပြောလိုက်သည်။
"ယန့်ဝူရွှန်း ခင်ဗျားကို ကျုပ် နောက်ထပ် အခွင့်အရေးတခု ပေးလိုက်ရင် ဒါမျိုး ထပ်လုပ်အုံးမှာပဲလား"
ယန့်ဝူရွှန်းကား ခေါင်းမာလှသည်။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒါမျိုး ထပ်လုပ်အုံးမှာတဲ့လား...ဘာဖြစ်လို့ငါက ဒါမျိုး ထပ်မလုပ်ရမှာလဲ သိပ်ကိုလုပ်တာပေါ့ ဒါတွေအားလုံးဟာ မင်းကြောင့်ပဲလေ... မင်းနဲ့မင်းအမေက ငါ့ကို ရွေးချယ်စရာလမ်းမရှိအောင် လုပ်ခဲ့ကြတာပဲ ငါ့မှာကော လက်စားချေပိုင်ခွင့် မရှိဘူးလား ...မင်းအဖေက မင်းကို မလိုချင်ဘူး ဒါပေမဲ့ မင်းရဲ့ တတိယဦးရီးတော်ကျတော့ မင်းအပေါ်မှာ သိပ်ကောင်းတယ် ဓမ္မဒိဌာန်ကျကျစဉ်းစားရင် ဒါက ဘာဖြစ်မလဲ ကလေးတွေတောင် တွေးတတ်တယ် မင်းရဲ့တတိယဦးရီးတော်နဲ့ မင်းအမေကြားမှာ လူမသိသူမသိ ဆက်ဆံရေးတခု ရှိနေလို့ပဲပေါ့ ဒါဟာ အတင်းအဖျင်းမဟုတ်ဘူး တကဲ့ အဖြစ်မှန်ပဲဟဲ့"
စုချန်း၏ သည်းခံနိုင်စွမ်းကား ကုန်ဆုံးသွားလေပြီ။ သူက ယန့်ဝူရွှန်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အမျိုးသမီး၏ ကိုယ်ခန္ဓာသည် လေထဲသို့ လွင့်စင်သွား၏။ ထိုအခါ စုချန်းသည် ခြေလှမ်းကျဲကျဲနှင့် လျှောက်လာပြီး သူမ၏ လည်မျိုကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ သူ့လေသံမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အေးစက်နေ၏။
"ဒီကနေ့မှာ ကျုပ်ဟာ ဦးနှောက်မရှိတဲ့ လူတချို့ရဲ့ ရူးသွပ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီ တကယ်တော့ ခင်ဗျားဟာ မဲမဲမြင်ရာ လိုက်ဟပ်နေတဲ့ ခွေးတကောင်သာသာပဲ ဒါပေမဲ့ ခင်ဗျားကို ကျုပ် မသတ်ဘူး ခုချိန်မှာ ခင်ဗျား အကြောက်ဆုံးအရာဟာ ကျုပ်အဖေရဲ့ အချစ်ကို လက်လွတ်ဆုံးရှုံးရမှာကိုမလား ဒီတော့ ခင်ဗျားကို ကျုပ် နည်းနည်းပါးပါး အကူအညီပေးလိုက်မယ်"
ပြောပြောဆိုဆို သူက လက်တဖက်ကို ယန့်ဝူရွှန်း၏ မျက်နှာပေါ်တွင် တင်လိုက်၏။ သူ့လက်သည်းများသည် သူမ၏ အရေပြားများကို နက်ရှိုင်းစွာ ဖောက်ဝင်သွားလေသည်။
"မလုပ်ပါနဲ့..မလုပ်ပါနဲ့"
ယန့်ဝူရွှန်းက ကြောက်လန့်တကြားနှင့် ငယ်သံပါအောင် အော်ဟစ်လိုက်၏။ သို့သော် နောက်ကျသွားခဲ့လေပြီ။ စုချန်းသည် ယန့်ဝူရွှန်း၏ မျက်နှာကို လက်သည်းများဖြင့် ဆွဲကုပ်ချလိုက်ရာ လက်သည်းများအကြားဝယ် ယန့်ဝူရွှန်း၏ အရေပြားများ အဖတ်လိုက် ပါလာ၏။ စုချန်း၏ အပြစ်ပေးမှုမှာ ထိုမျှနှင့် မပြီးသေး။ သူက အိပ်ကပ်အတွင်းမှာ ဆေးပုလင်းငယ်ကို ဆွဲထုတ်လိုက်သည်။ ဆေးပုလင်းအတွင်း၌ အရည်အသွေးနိမ့် အနာကျက်ဆေး ပါဝင်လေသည်။ ထိုဆေးသည် ဒဏ်ရာများကို အလွန်လျင်မြန်စွာ ပျောက်ကင်းစေနိုင်သော်လည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနေ၏။ ထိုဘေးထွက်ဆိုးကျိုးမှာ အသုံးပြု၏ ဒဏ်ရာ ပျောက်ကင်းချိန်ဝယ် သေရာပါ အမာရွတ်တချို့ ထင်ကျန်စေခဲ့ခြင်းပင် ဖြစ်သည်။
စုချန်းသည် ဆေးရည်များကို ယန့်ဝူရွှန်း၏ မျက်နှာပေါ်သို့ လောင်းချရန် ဟန်ပြင်လိုက်သည်။ ယန့်ဝူရွှန်းသည် ငယ်သံပါအောင် အော်ဟစ်ကာ ကြောက်အားလန့်အားနှင့် ရုန်းကန်နေသော်လည်း စုချန်း၏ ချုပ်ကိုင်မှုမှာ ခိုင်မြဲလှပေရာ အဘယ်မှာ ရုန်းကန်နိုင်အံ့နည်း။
"မင်းလက်ကို ဖယ်လိုက်စမ်း"
ထိုအခိုက်မှာပင် ကျယ်လောင်သော အော်ဟစ်တားမြစ်သံ ထွက်ပေါ်လာသည်။ စုချန်းက ခေါင်းကိုငဲ့စောင်းကြည့်လိုက်ရာ လူတယောက် ခြေလှမ်းကျဲကျဲနှင့် လှမ်းဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူမှာ စုချန်းအန်ပင် ဖြစ်သည်။ စုချန်းအန်က ထပ်မံ အမိန့်ပေးလိုက်၏။
"သူ့ကို အရင်လွှတ်ပေးလိုက်စမ်း"
စုချန်းကား မလွှတ်ပါ။ မလွှတ်သည့်အပြင် သူကပင် ပြန်မေးလိုက်သေးသည်။
"ကျွန်တော် ဘာလို့ ဒီလိုလုပ်နေရသလဲလို့ အဖေ မမေးသေးဘူး"
စုချန်းအန်က ပြောလိုက်သည်။
"ဒီမှာ ဘာတွေဖြစ်နေသလဲ ငါသိပြီးသား ငါ ကြည့်လုပ်လိုက်မယ်"
"အိုး ပြောစမ်းပါအုံးဗျ အဖေ့ရဲ့ အစီအစဉ်လေး"
ထိုစဉ် စုချန်းအန်က ယန့်ဝူရွှန်းကို လှမ်းကြည့်လိုက်ရာ ယန့်ဝူရွှန်းက လွန်စွာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းသောအသံနှင့် လှမ်းခေါ်လိုက်လေသည်။
"ယောကျာ်းရေ..."
ချစ်ဇနီး၏ ခေါ်သံကြောင့် စုချန်းအန်၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်သွား၏။ ဤသည်မှာပင် ယန့်ဝူရွှန်း၏ စွမ်းအားဖြစ်သည်။ သူမသည် စုချန်းအန်ကဲ့သို့ လူစားမျိုးများအား မည်ကဲ့သို့ ကိုင်တွယ်ရမည်မှန်း ကောင်းစွာ နားလည်ထား၏။
စုချန်းအန်သည် စုချန်းအား အဘယ်ကြောင့် စိတ်ကုန်လာသနည်း။ ၎င်းမှာ စုချန်းသည် မျက်မမြင်ဖြစ်နေသောကြောင့် မဟုတ်သလို စုချန်းအန်တွင် တခြား သားသမီးများ ရှိနေ၍လည်း မဟုတ်။ စုချန်း၏ အမိန့်မနာခံမှုကြောင့်ပင် ဖြစ်လေသည်။ စုချန်း၏ အမိန့်မနာခံမှု၊ ခေါင်းမာမှုတို့သည် မျက်လုံးကန်းခြင်းကဲ့သို့ပင် စုချန်းအန်ကို စိတ်ပျက်စေခဲ့၏။ ထို့ကြောင့် စုချန်းအန်တယောက် သားဖြစ်သူအပါ် စိတ်ကုန်စေသော အဓိက အကြောင်းတရားတို့ကို ပြပါဆိုလျင် စုချန်း၏ အမိန့်မနာခံမှုနှင့် ခေါင်းမာတတ်သောစိတ်ကိုပင် လက်ညိုးထိုးပြရပေလိမ့်မည်။
စုချန်းလိုလူစားမျိုးအတွက် ထိုခေါင်းမာမှုမျိုး မရှိမဖြစ် လိုအပ်သည်ဟူသော အချက်ကို စုချန်းအန် လက်မခံနိုင်ခဲ့သလို သူ့အမိန့်ကို အဘယ်ကြောင့် စုချန်း မနာခံရသနည်းဟူသော မေးခွန်း၏ အဖြေကိုလည်း စုချန်းအန် မရှာဖွေနိုင်ခဲ့။ သားဖြစ်သူ၏လုပ်ရပ်သည် သူ့ဂုဏ်သိက္ခာကို ထိပါးစေသည်ဟူသော ယူဆချက်နှင့် စုချန်းအန်သည် စုချန်းအပေါ် အမြဲတစေ ဒေါသရှေ့ထား၍သာ ဆက်ဆံခဲ့မိ၏။ အနာဂတ်မရှိသော မျက်မမြင်သားတယောက်က သူ့မျက်နှာကို အကြိမ်ကြိမ် ပျက်စေသော အဖြစ်မျိုးကို စုချန်းအန် အဘယ်မှာ လက်ခံနိုင်မည်နည်း။
ယန့်ဝူရွှန်းသည် စုချန်းအန်၏ စိတ်ခံစားချက်ကို ကောင်းစွာနားလည်၏။ ထို့ကြောင့် သူမသည် ရှင်းပြခြင်းမပြုသလို အသနားခံခြင်းလည်း မရှိ။ ခင်ပွန်းဖြစ်သူ၏ မျက်နှာကိုသာ ချစ်ခင်နှစ်လိုစွာနှင့် စိုက်ကြည့်နေ၏။ စုချန်းအန်ကလည်း ယန့်ဝူရွှန်းကို ငေးကြည့်လိုက်ရာ သူမ၏ နွေးထွေးကြင်နာမှုများအား အမှတ်ရလာ၏။ ရှုချင့်စဖွယ် မျက်နှာ၊ သူ့အပေါ် သူမ၏ နားလည်မှု၊ ကြင်နာယုယမှု၊ ချစ်ခင်စုံမက်မှုတို့မှာ ပြော၍ပင် ကုန်နိင်ဖွယ်မရှိ။ သူ့အပေါ် အကြိမ်ကြိမ် ဒုက္ခပေးခဲ့သော ယန့်ဝူရွှန်း၏ မလိုမုန်းထားမှုကို ကနဦးက အပြစ်တင်လိုစိတ်ရှိခဲ့သော်လည်း ယခုတွင်ကား ထိုစိတ်တို့သည် ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်၏။ ချစ်စရာ ဇနီးချောလေးကို စုချန်း၏ လက်ထဲတွင်တော့ ရုပ်ပျက်ဆင်းပျက် အဖြစ်မခံနိုင်။
အတွေးနှင့်အတူ စုချန်းအန်က ချောင်းတချက်ဟန့်ရင်း စကားစသည်။
"ငါ့အနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဆုံးဖြတ်ထားတယ် ဒီတော့ ဒီကိစ္စကို မင်းဘာမှ ပူနေစရာမလိုဘူး"
"အပြစ်ဟုတ်လား အဖေ...သူလုပ်ခဲ့တဲ့လုပ်ရပ်အရ ပေးရမဲ့ပြစ်ဒဏ်က သတ်ပစ်ဖို့နဲ့ နှင်ထုတ်ဖို့ပဲရှိတယ် ဒါကို ကျွန်တော်က သာမာန်ပြစ်ဒဏ်လောက်နဲ့ ကျေနပ်ရမှာတဲ့လား"
ဤတကြိမ်တွင်ကား စုချန်းသည် ဒေါသအိုးပေါက်ကွဲနေခဲ့ပြီ ဖြစ်လေရာ မျက်မမြင်အဖြစ်ပင် ဟန်မဆောင်နိုင်တော့။ သူ့မျက်လုံးအစုံသည် ရဲရဲနီလျက်ရှိရာ မီးတောက်မီးလျံများ တောက်လောင်နေသကဲ့သို့ ထင်ရလေသည်။
စုချန်း၏ အမူအရာကြောင့် စုချန်းအန်တယောက် မလုံမလဲ ဖြစ်သွား၏။ ထိုအခါ သူက ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ဟေ့ ငါတခုခုလုပ်တိုင်း မင်းကိုငါ သတင်းပို့နေရမှာလားကွ ဆေးပုလင်းကို မြန်မြန် ချထားလိုက်စမ်း ဒီလိုမှမဟုတ်ရင်တော့"
စုချန်းက ချက်ချင်း ပြန်မေးလိုက်သည်။
"ဒီလိုမဟုတ်ရင် ဘာဖြစ်မလဲ အဖေ"
"ဒီလိုမှမဟုတ်ရင်..."
စုချန်းအန်သည် စကားကို ဆက်မပြောသေးပဲ ရပ်တန့်ထား၏။ အတန်ကြာသော် သူက ဆက်ပြောလိုက်သည်။
"ဒီလိုမှမဟုတ်ရင် မင်းကို ငါ့သားလို့ မသတ်မှတ်တော့ဘူး"
စုချန်းကား စကားမပြောတော့ပဲ စုချန်းအန်ကို စိုက်ကြည့်နေတော့သည်။ အချိန်အကြာကြီး စိုက်ကြည့်နေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"ကောင်းပါပြီ ဦးရီးတော်"
ထို့နောက် သူသည် ဆေးရည်များကို ယန့်ဝူရွှန်း၏ မျက်နှာပေါ်သို့ လောင်းချလိုက်လေသည်။