← Chapters

သံယောဇဉ်လက်ကျန်ရှင်းတမ်း ၂

Vol. 10 Ch. 95

သံယောဇဉ်လက်ကျန်ရှင်းတမ်း ၂

Vol. 10 Ch. 95

အစိမ်းရောင်ကျောက်စိမ်းဆေးရည်သည် ယန့်ဝူရွှန်း၏ မျက်နှာကို ထိမိသည့်နောက် ချက်ချင်းပင် ပျံ့နှံ့သွား၏။ သူမမျက်နှာပေါ်ရှိ ဒဏ်ရာများမှာလည်း မျက်စေ့တမှိတ်အတွင်းပင် ပျောက်ကွယ်သွားတော့သည်။ သို့သော် ထိုဒဏ်ရာများ၏ နေရာတွင် ထိတ်လန့်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာ အမာရွတ်များ အစားဝင်လာလေရာ သူမ၏မျက်နှာမှာ တချိန်က အလွန်လှပဖူးသည်ဟုဆိုလျင် ယုံတမ်းစကားဟုသာ ထင်မှတ်ရပေတော့မည်။

"မဟုတ်ဘူး မဟုတ်ဘူး"

ယန့်ဝူရွှန်းခမျာကား သွေးရူးသွေးတန်းနှင့် အော်ဟစ်ရင်း ရုန်းကန်နေရှာ၏။ သို့သော် သူမ မည်သို့ပင် ရုန်းကန်နေစေကာမူ စုချန်း၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် လမ်းမရှိ။

တဖက်တွင်လည်း စုချန်အန်သည် စုချန်း၏လုပ်ရပ်ကြောင့် အလွန်ထိတ်လန့်သွား၏။ စုချန်းအနေနှင့် သူ့ကို ဤမျှထိ မထီမဲ့မြင်လုပ်လိမ့်မည်ဟု စုချန်းအန် လုံးဝမျှော်လင့်မထား။ ဘယ်လောက်တောင် အမိန့်မနာခံလိုက်သနည်း။ ဘယ်လိုစိတ်မျိုးနှင့် ဤမျှထိ လုပ်ရက်လေသနည်း။ သားအရင်းဖြစ်ပါလျက်နှင့် ဤမျှထိ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲသည်။

ဦးရီးတော်...ဦးရီးတော်တဲ့လား...တယ်မိုက်ရိုင်းလိုက်သည့် သားပါကလား...

စုချန်းအန်ခမျာကား အရူးတယောက်ကဲ့သို့ ခံစားနေရလေသည်။ သို့သော် စုချန်းကား စုချန်းအန်ကို အနည်းငယ်မျှပင် ဂရုမစိုက်။ ဆေးပုလင်းကို ဘေးသို့ပစ်ချပြီး လမ်းလျှောက်ထွက်သွားလေသည်။ စုချန်း၏ ပမာမခန့်နိုင်လှသော အမူအရာကို မြင်တွေ့ရသောအခါ စုချန်းအန်တယောက် ဒေါသအမျက်ချောင်းချောင်းထွက်လာတော့သည်။

"ခွေးမသား"

ဒေါသကို မထိန်းနိုင်တော့သော စုချန်းအန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စုချန်း၏ကျောပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။ စုချန်းအန်သည် သွေးဆူပွက်ခြင်းနယ်ပယ် ကျွမ်းကျင်အဆင့်ပညာရှင်တဦး ဖြစ်လေရာ သူ၏ လက်ဝါးရိုက်ချက်မှာ ပြင်းထန်လှသည်။ စုချန်း၏ ကိုယ်ခန္ဓာသည် လေထဲသို့ အရုပ်ကြိုးပြတ် လွင့်စင်သွားပြီး အဆောင်နံရံနှင့် တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာ၏။ သူ့ပါးစပ်မှလည်း သွေးတို့ကို ပွက်ခနဲ အန်ထုတ်လိုက်တော့သည်။ စုချန်း ဝင်တိုက်မိသော နံရံမှာကား တစစီ ပြိုကျသွား၏။

"မင်းဟာ သင်ကြားလို့မရတဲ့သားပဲ ဖအေရဲ့ တိုက်ရိုက်အမိန့်ကိုတောင် မနာခံတဲ့ မင်းလိုသားမျိုးကို ဆက်ပြီးကျွေးမွေးထားတော့ ဘာထူးမှာလဲ"

စုချန်းအန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။ ထို့နောက် သူသည် လက်ဝါးကို မြောက်ရင်း စုချန်းကို ရိုက်ချလိုက်တော့သည်။ သူသည် စုချန်းကို အပြီးသတ် သုတ်သင်ရန် ရည်ရွယ်ထားလေရာ ခွန်အားကို အနည်းငယ်မျှပင် ထိန်းချုပ်ထားခြင်း မရှိ။ ထိုအခါ ရက်စက်ကြမ်းကြုတ်သော ကျားတကောင်၏ ဝိညာဉ်ပေါ်ပေါက်လာပြီး ဒေါသတကြီးနှင့် စုချန်းထံသို့ ခုန်အုပ်လာတော့သည်။ ဤတကြိမ်တွင်လည်း စုချန်းက ခုခံခြင်း မပြုသေး။ ကျားလက်သည်းသည် စုချန်း၏ ရင်ဘတ်ကို ကုတ်မိပြီး သူ့ကိုယ်ခန္ဓာသည်လည်း ကြိုးပြတ်သွားသော စက္ကူစွန်ပမာ လေထဲသို့ လွင့်ထွက်သွားတော့သည်။ နံရံသုံးခုတိတိကို တိုက်မိပြီးမှ စုချန်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာ၏။

ထိုအခါ စုချန်းက ခေါင်းကိုငုံ့ရင်း သူ့ရင်ဘတ်ကို သူငုံ့ကြည့်လိုက်သည်။ သူ့အကျီ ၤတထည်လုံးသည် ကျားလက်သည်းချက်ကြောင့် စုတ်ပြဲနေရုံမက သူ၏ နှလုံးသားကာကွယ်ရေးကြေးမုံသည်ပင် ချိုင့်ဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။ အကယ်၍ နှလုံးသားကာကွယ်ရေးကြေးမုံသာမရှိလျင် စုချန်းအန်၏ ဒုတိယလက်ဝါးရိုက်ချက်သည် သူ့အသက်ကို နှုတ်ယူသွားပေလိမ့်မည်။

ယခုအချိန်ထိ စုချန်းသည် မည်သည့် တုံ့ပြန်မှုမျိုးမှ မပြုသေး။ သူသည် ဖခင်ဖြစ်သူကို အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေ၏။ ပြင်းထန်သော လက်ဝါးရိုက်ချက် နှစ်ချက်သည် သားအဖနှစ်ယောက်ကြားရှိ အကြွင်းအကျန် သံယောဇဉ်ကြိုးကို အပြီးတိုင် ပြတ်တောက်စေခဲ့လေပြီ။

စုချန်းအန်သည် လက်ဝါးရိုက်ချက်တချက်တည်းနှင့် သားဖြစ်သူကို မသတ်နိုင်သောအခါ အတော်လေး အံ့သြသွား၏။ သူ၏ သတ်ဖြတ်လိုသော စိတ်မှာလည်း လျော့ပါးသွားလေသည်။ သို့သော် စုချန်း၏ အေးစက်သော အကြည့်ကို မြင်တွေ့ရသောအခါ ဒေါသမီးများ တဟုန်းဟုန်း တာက်လောင်လာပြန်၏။

"မင်းကငါ့ကို ဒီလိုကြည့်ရဲသလား မင်းလို မျက်မမြင်တယောက်က ငါ့ကို ဒီလို ကြည့်ရဲသလားကွ ခွေးမသား မင်းကို သတ်မယ်"

စုချန်းအန်၏ နောက်ထပ် လက်ဝါးရိုက်ချက် ထွက်ပေါ်လာပြန်သည်။ ကျားရဲဝိညာဉ်ကို ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ကောင်းကင်သို့ ပျံတက်သွား၏။ တဖန် ကောင်းကင်မှ ခုန်ဆင်းလာပြန်ရာ မီးတောက်မီးလျံများကိုပါ တပါတည်း ယူဆောင်လာတော့သည်။ စုချန်းအန်၏ ဤတကွက်သည် စုချန်းကို တခါတည်း အသက်ပျောက်သွားစေသည်အထိ ပြင်းထန်လှသည်။ သို့သော် ဤတကြိမ်တွင်ကား စုချန်းသည် ဖခင်ပြုသမျှနုမခံတော့။ သူက ချက်ချင်းပင် မက်အကာအကွယ်ကို နှိုးဆွလိုက်ရာ စုချန်း၏ ပတ်ပတ်လည်တွင် စွမ်းအင်အကာအကွယ် အလွှာသုံးလွှာ ပေါ်ပေါက်လာတော့သည်။

စုချန်းအန်၏ မီးလျံကျားရဲဝိညာဉ်သည် စုချန်း၏ အကာအကွယ်များကို ချိုးဖဲ့ဖျက်ဆီးလိုက်လေသည်။ သို့သော် ၎င်းသည် စုချန်းကို ဒဏ်ရာရရှိအောင်ကား မစွမ်းဆောင်နိုင်ခဲ့။ စုချန်းကား ဖခင်၏ ခွန်အားကို ခန့်မှန်းတွက်ချက်နိုင်ခဲ့လေပြီ။

စုချန်းအန်က ဒေါသတကြီးနှင့် ဆဲဆိုလိုက်ပြန်သည်။

"မင်းကများ ငါ့ကို တားဆီးရဲသလား ခွေးမသား ဒီကနေ့တော့ မင်းကို သတ်မှကိုဖြစ်တော့မယ်"

ပြောပြောဆိုဆို စုချန်းအန်က သူ၏ ကျားရဲဝိညာဉ်ကို ထပ်မံဖော်ထုတ်လိုက်ပြန်သည်။ သို့သော် ဤတကြိမ် ပေါ်ပေါက်လာသည် ကျားရဲဝိညာဉ်သည်ကား အပြာရောင်သင်းပျံ့မွှေးကြိုင်အဆောင်တော်၏ တဝက်ခန့်ပင် အရွယ်အစား ကြီးမားလှသည်။ စုချန်းအန်သည် သွေးဆူပွက်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တယောက်၏ အင်အားကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

ကျားရဲဝိညာဉ်သည် သူ့အစွမ်းကို မထုတ်ဖော်နိုင်ခင်မှာပင် အလွန်တရာ သြဇာပြည့်ဝလှသော အသံတသံ ထွက်ပေါ်လာ၏။

"တော်လောက်ပြီဟေ့"

အသံရှင်မှာ စုမျိုးနွယ်စု၏ အကြီးအကဲ စုချန်းချဲ့ပင် ဖြစ်လေသည်။ စုချန်းအန်သည် ဖခင်၏ တားမြစ်သံကို ကြားသည်နှင့် လက်ဝါးရိုက်ချက်ကို ဆက်မထုတ်တော့ပဲ ရုတ်သိမ်းလိုက်သည်။ စုချန်းချဲ့သည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း တလှမ်းချင်း လျှောက်လာ၏။ သူ့နောက်မှ စုမျိုးနွယ် ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးလိုလိုပင် လိုက်ပါလာ၏။ သားအဖနှစ်ယောက်၏ ရန်ပွဲမှာ ကမ္ဘာပျက်တမျှ ဆူညံနေလေရာ သူတို့လိုက်ပါလာသည်မှာလည်း အံ့သြစရာတော့ မရှိ။ သူတို့အားလုံးသည် စုချန်းကိုတလှည့်၊ စုချန်းအန်ကိုတလှည့် စိုက်ကြည့်နေကြ၏။ သူ့တို့၏ စိတ်ထဲတွင်ကား မည်သို့သော ပြသနာသည် သားအဖနှစ်ယောက်ကို ဤအခြေအနေထိ ရောက်စေခဲ့သနည်းဟု မေးခွန်းထုတ်နေကြလေသည်။

"အဖေ"

စုချန်းချဲ့ကို ကြည့်ရင်း စုချန်းအန်၏ နှုတ်ဖျားမှ လွှတ်ခနဲ ခေါ်သံထွက်လာ၏။ စုချန်းချဲ့၏ မျက်နှာတွင်ကား အလွန်လေးနက်သော အမူအရာများ ပေါ်ပေါက်နေလေသည်။ ထို့နောက် သူက မေးလိုက်၏။

"ဘယ်လိုဖြစ်တာလဲကွ ငါသာ ရောက်မလာရင် မင်းက ကိုယ့်သားအရင်းကို သေတဲ့အထိ ရိုက်နှက်တော့မှာလား"

"အဖေ"

စုချန်းအန်က ကမန်းကတန်း ရှင်းပြလိုက်သည်။

"ဒီကောင်ဟာ မိဘတွေကို မလေးစားဘူး မိဘစကားကို နားမထောင်ဘူး အကြင်နာကင်းမဲ့ပြီး ရက်စက်လွန်းအားကြီးတယ် ကိုယ့်အကြီးအကဲတွေကို လေးစားရကောင်းမှန်း မသိဘူး သူ့မျက်လုံးထဲမှာ ဘယ်သူ့ကိုမှ လူမထင်တော့ဘူး"

ထိုစဉ် စုချန်းက သိပ်မထူးဆန်းသော လေသံနှင့် ဝင်ပြောလိုက်သည်။

"မျက်မမြင်တယောက်ဟာ သူ့မျက်လုံးထဲမှာ ဘယ်သူ့ကိုမှ မမြင်တာ ဘာဆန်းသလဲဗျ"

စုချန်း၏စကားကြောင့် စုချန်းအန်သည် တကိုယ်လုံး တဆတ်ဆတ် တုန်ခါလာသည်အထိ ဒေါသထွက်သွား၏။

"ခုပဲကြည့်လေ ဒီကောင် ခုချိန်ထိ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေတုန်းပဲ"

"တိတ်စမ်း မင်း ရုတ်ရုတ်သဲသဲ လုပ်လို့ပြီးပြီလား"

စုချန်းချဲ့က ဒေါသတကြီးနှင့် အော်ငေါက်လိုက်၏။ မထင်မှတ်ပဲ ဖခင်ဖြစ်သူ၏ အငေါက်ခံလိုက်ရ၍ စုချန်းအန် ထိတ်လန့်သွား၏။ သူ့အနေနှင့် ဖခင်ဖြစ်သူ သူ့အပေါ် ဒေါသထွက်လိမ့်မည်ဟု မျှော်လင့်မထားပေ။ သူ ခေတ္တမျှ ကြက်သေသေသွား၏။ အတန်ကြာမှ သူက ရှင်းပြလိုက်သည်။

"အဖေ...ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်တာက ကျွန်တော်မဟုတ်ပါဘူးခင်ဗျာ ဒီကောင်ပါ...သူဟာ မျိုးနွယ်စုဥပဒေကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်မရှိပဲနဲ့ လန်ချိကို သေအောင်ရိုက်တယ် ပြီးတော့ ယန့်ဝူရွှန်းရဲ့ မျက်နှာကိုလည်း..."

"ဒီတော့ အစေခံနှစ်ယောက်အတွက် ခုလောက်ထိ ဒေါသထွက်တာ တန်ရဲ့လား"

စုချန်းချဲ့က အေးဆေးသော လေသံနှင့် မေးမြန်းလိုက်သည်။

အစေခံနှစ်ယောက် ဟူသော စကားကို ကြားမှ စုချန်းအန်သည် ဖြတ်ခနဲ သတိရလာ၏။ ယန့်ဝူရွှန်းသည် စတုတ္ထမယ်တော် မဟုတ်တော့။ အစေခံတယောက် ဖြစ်နေခဲ့လေပြီ။ ထိုအချိန်တွင် စုချန်းချဲ့က စကားဆက်သည်။

"စုချန်းဟာ အစေခံနှစ်ယောက်ကို ခုလိုအနေအထားထိ အပြစ်ပေးခွင့် မရှိဘူး မှန်တယ် ဒီတော့ မင်းမှာရော မင်း အလိုရှိတဲ့အချိန်မှာ စုချန်းကို သတ်ပိုင်ခွင့် ရှိသလား"

စုချန်းအန် ပါးစပ်ပိတ်သွားလေပြီ။ တခွန်းတပါဒမျှပင် မပြောနိုင်ရှာတော့။ စုချန်းချဲ့က စကားဆက်၏။

"မင်းအနေနဲ့ သူ့ကို သားအဖြစ် မသတ်မှတ်နိုင်ဘူး ဆိုရင်တောင် ငါ့အနေနဲ့ သူကို မြေးအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ငါတခါမှ မပြောခဲ့သေးဘူး"

စုချန်းအန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူသည် စုချန်းချဲ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေရှာသည်။ ဤနေရာတွင် စာဖတ်သူတို့ ကြိုတင်သိရှိထားသင့်သည့် တချက်ရှိ၏။ ၎င်းမှာ စုချန်းကို သားအဖြစ်မှ စွန့်လွှတ်ရန် စိတ်ကူးနေသည်မှာ စုချန်းအန် တယောက်သာမဟုတ်။ စုချန်းချဲ့တွင်လည်း အလားတူ ရည်ရွယ်ချက်မျိုး ရှိ၏။ မျက်မမြင်တယောက်၏ အနာဂတ်ကို မည်သူကများ ရည်မှန်းချက် ကြီးကြီးမားမား ထားနေမည်နည်း။ စုချန်းချဲ့၏ ခွင့်ပြုချက်နှင့် လျှို့ဝှက်အားပေးမှုသာ မပါလျင် စုချန်းအန်အနေနှင့် စုချန်းကို ဤမျှလောက်ထိ ပစ်ပစ်ခါခါ လုပ်ဝံ့မည်မဟုတ်။

တစုံတယောက်ကို လက်လျော့လိုက်ခြင်းနှင့် တစုံတယောက်ကို ထွက်ပေါက်မရှိအောင် ဘောင်ခတ်ခြင်းဟူသည်မှာ အလွန် ကွဲပြားသော ကိစ္စနှစ်ရပ်သာ ဖြစ်သည်။ အမှန်တော့ စုချန်းချဲ့သာမက စုချန်းအန်သည်လည်း စုချန်းကို ဒုက္ခပေးရန်၊ ဘောင်ခတ်ရန် ရည်ရွယ်ခဲ့သည်တော့မဟုတ်။ သူတို့သည် စုချန်းအပေါ် ထားရှိသော မျှော်လင့်ချက်တို့ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းသာ ဖြစ်သည်။ သို့သော် စုချန်း၏ နောက်မှ ဒုတိယလူဖြစ်သော စုချိန်းသည် ပါရမီမပါသလို နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတွင်လည်း စုချန်းကို မကျော်ဖြတ်နိုင်ခဲ့။ ထိုအထဲတွင်မှ စုခေါ့ကျိ၏ ကလိန်ကကျစ်လုပ်ရပ်များသည် စုချန်း ဒေါသကို နိုးထစေခဲ့၏။ တဖန် အလိုရမ္မက်ကြီးမားလှသော ယန့်ဝူရွှန်းသည် သူ့မ၏ ဒေါသကို မထိန်းချုပ်နိုင်ပဲ စုချန်းကို ထပ်ခါထပ်ခါ ရန်စခဲ့ပြန်၏။ ဤသို့နှင့် အခြေအနေသည် ဆိုးရွားလှသော လမ်းကြောင်းသို့ ဦးတည်စေခဲ့ခြင်း ဖြစ်သည်။

ဤအခြေအနေသည် စုချန်းချဲ့နှင့် စုချန်းအန်တို့ မျှော်မှန်းထားသော အခြေအနေမျိုး မဟုတ်။ သို့သော် စုချန်းအပေါ် သူတို့လက်လျှော့လိုက်သောကြောင့် တခြားသူများ၏ စုချန်းအပေါ် ဒုက္ခပေးချင်စိတ်ကိုမူကား တဖက်တလမ်းမှ နိုးထလာစေရန် အကူအညီပြုခဲ့သည်ဟု ဆိုသော်ရ၏။ တနည်းအားဖြင့် သူတို့နှစ်ယောက်သည် မီးပုံကြီးကို လောင်စာများ ထည့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤပြသနာကြီး၏ တရားခံများစာရင်းတွင် သူတို့နှစ်ယောက်ကိုလည်း မဖြစ်မနေ ထည့်တွက်ရပေလိမ့်မည်။

ယခုကျမှ စုချန်းချဲ့က

"မင်းအနေနဲ့ သူ့ကို သားအဖြစ် မသတ်မှတ်နိုင်ဘူး ဆိုရင်တောင် ငါ့အနေနဲ့ သူကို မြေးအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ငါတခါမှ မပြောခဲ့သေးဘူး"

ဟု ဆိုလာပြန်၏။ ထို့ကြောင့် စုချန်းချဲ့၏ သဘောထားသည် စုချန်းအန် မျှော်လင့်ထားသည်နှင့် ဖြောင့်ဖြောင့်ကြီး ဆန်ကျင်သွားခဲ့လေပြီ။ အတွေးနှင့်အတူ စုချန်းအန်သည် ဖခင်ဖြစ်သူကို ငေးမောကြည့်ရှုနေလေသည်။ သို့သော် စုချန်းချဲ့က စုချန်းအန်၏ အမူအရာကို ဂရုမစိုက်ပဲ စုချန်းဖက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကြည့်ရတာ မင်းဟာ အနီရောင်တောင်ကြောကို နောက်တခေါက်သွားဖို့ ပြင်ဆင်နေပြန်ပြီထင်တယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ ထိုစဉ် စုချန်းချိန်းက ဝင်ရောက်ဟန့်တားလိုက်သည်။

"သူ့ကို အဲဒီနေရာ နောက်တခေါက် ပြန်မလွှတ်သင့်တော့ဘူး"

"သိပ်မှန်တာပေါ့ သူဟာ အခွင့်အရေးကို ကျော်လွန်ပြီး အစေခံတယောက်ကို သေတဲ့အထိ ရိုက်နှက်ခဲ့တယ် အစေခံပဲ ဆိုရင်တောင် ဒါဟာ အတော်လေး လွန်နေပြီ ဒီတခါတော့ သူ့ကို အလွယ်တကူနဲ့ ခွင့်မလွှတ်သင့်တော့ဘူး"

ဟိုမှသည်မှ ကန့်ကွက်သံများ ပေါ်ပေါက်လာ၏။ လူတချို့ကလည်း စတင် ငိုကြွေးကြလေသည်။ စုချန်းကား ထိုအသံများကို အနည်းငယ်မျှပင် ဂရုမစိုက်။ သူက သိမ်မွေ့စွာပြုံးရင်း ပြောလိုက်သည်။

"စုအိမ်တော် ဥပဒေအရ တစုံတယောက်ဟာ အနီရောင်ပြစ်ဒဏ်ကို အရမ်းခံယူချင်စိတ် ရှိနေရင်တောင် အခြားပြစ်ဒဏ်တမျိုးမျိုးကို အစားထိုး အပြစ်ပေးနိုင်သေးတယ်လို့ ဆိုထားတယ် ဒီတော့ ဒီဥပဒေကို ပြောင်းလဲရတာ ဘာမှပြသနာရှိမယ်မထင်ဘူး ကျွန်တော်ကလည်း ကျွန်တော်နဲ့ပတ်သက်ပြီး စုအိမ်တော်ရဲ့ ဥပဒေ ဘယ်နှစ်ခါလောက် ပြောင်းလဲနိုင်မလဲ ကြည့်ချင်သေးတယ်"

စုချန်းက အရွဲ့တိုက်လိုက်ခြင်း ဖြစ်သည်။ သူပြောသည်မှာ မှားတော့မမှား။ စုမျိုးနွယ်စုကဲ့သို့ ကြီးမားလှသော မျိုးနွယ်စုကြီးသည်ပင် စုချန်းတယောက်တည်းနှင့် ပတ်သက်၍ ဥပဒေကို နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့သည် အနီရောင်ပြစ်ဒဏ်ကိုပါ ထပ်မံပြောင်းလဲခဲ့လျင် အလွန်တရာ ဟာသမြောက်သွားပေလိမ့်မည်။ သို့သော် စုချန်းချဲ့တွင်ကား ထိုစိတ်ကူးမျိုး ရှိဟန်မတူ။ ထိုအခါ သူက မေးလိုက်၏။

"င်း သွားချင်တယ်ဆိုရင် သွားပေါ့ ဘယ်နှစ်ရက်လောက် ပြစ်ဒဏ်ခံယူချင်သလဲ"

စုချန်းက ခေတ္တ စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် သူက

"ရက်ပေါင်း ၁၅၀ လောက်ပေါ့ ခင်ဗျာ"

"ကောင်းပြီ ဒါဆိုလဲ ရက်ပေါင်း ၁၅၀ပေါ့"

စုချန်းချဲ့က ပြောလိုက်၏။ ထိုအခါ လူအားလုံးသည် စကားမပြောနိုင်တော့ပဲ တယောက်မျက်နှာကို တယောက် ကြည့်မိကြလေသည်။ ကြည့်ရသည်မှာ ထိုလူများ၏ စိတ်ထဲဝယ် အနီရောင်ပြစ်ဒဏ်ကို အနီရောင်အားလပ်ရက်ခရီးဟု ယူဆနေပုံရသည်။ ထိုစဉ် စုချန်းအန်က အလွန် ခါးသီးနာကျင်နေသော အမူအရာနှင့် ပြောလိုက်သည်။

"အဖေ သူဟာ ယန့်ဝူရွှန်းရဲ့မျက်နှာကို ရစရာမရှိအောင် ဖျက်ဆီးလိုက်ပြီ ဘာပဲပြောပြော သူဟာ ဟွာအယ်ရဲ့ အမေပဲ ဒီလိုမျက်နှာနဲ့ သူ့သားကို နောင်တချိန်မှာ ဘယ်လိုမျက်နှာပြမလဲ"

စုချန်းချဲ့က အေးစက်သောလေသံနှင့် ပြောလိုက်သည်။

"သူဟာ နွေဦးလဂေဟာက ပြည့်တန်ဆာတယောက်ပဲ မျက်နှာပျက်စီးသွားတော့ကော သူ့မှာ ဘာဆုံးရှုံးစရာ ရှိလို့လဲ"

ထိုစကားကိုကြားလိုက်သည်နှင့် ယန့်ဝူရွှန်းနှင့် စုချန်းအန်တို့၏ မျက်နှာမှာ မြင်မကောင်းလောက်အောင် ပျက်ယွင်းသွားတော့သည်။ စုချန်းချဲ့က စကားဆက်၏။

"ဘာတန်ဖိုးမှမရှိတဲ့ မယားငယ်တယောက်ဟာ မျိုးနွယ်စုကို ထိခိုက်စေတဲ့ အတင်းအဖျင်းတွေကို ပျံ့နှံ့စေခဲ့တယ် ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲလို့...ဒီနှစ်ပိုင်းအတွင်းမှာ မင်းဟာ အလှအပအတွက်နဲ့ ရူးမိုက်တဲ့ကိစ္စတော်များများကို ပြုလုပ်ခဲ့တယ် ဒီလိုပြသနာတွေ ရှုပ်ထွေးလာရတာဟာလည်း ဒီမိန်းမကြောင့်ပဲ ခုတော့ စုချန်းက သူ့မျက်နှာကို ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ပြီ ဒါဟာ သိပ်မှန်တယ် တကယ်လို့ သူသာမလုပ်ရင် ငါကိုယ်တိုင် ဒီမိန်းမကို အပြစ်ပေးတော့မလို့ပဲ"

စုချန်းချဲ့၏ တင်းမာပြတ်သားလှသောစကားကို ကြားလိုက်ရသောအခါ ယန့်ဝူရွှန်းခမျာ မတ်မတ်ပင် မရပ်နိုင်တော့ပဲ စိတ်ပျက်အားငယ်စွာ မြေကြီးပေါ်သို့ ထိုင်ချလိုက်တော့သည်။ စုချန်းချဲ့၏စကားသည် စုမျိုးနွယ်အတွင်းရှိ သူမ၏ ကံကြမ္မာကို ပြတ်ပြတ်သားသားပင် ထင်ဟပ်စေခဲ့လေပြီ။

ပြောစရာရှိသည်တို့ကို ပြတ်ပြတ်သားသား ပြောဆိုပြီးသည်နှင့် စုချန်းချဲ့သည် စုချန်းအန်ကို လုံးဝလစ်လျှူရှုလိုက်၏။ ထို့နောက် သူက စုချန်းကို ပြောလိုက်သည်။

"မင်းက ငါ့နောက်လိုက်ခဲ့"

ပြောပြောဆိုဆို စုချန်းချဲ့သည် ပြသနာဖြစ်ပွားရာနေရာကို ကျောခိုင်းထွက်ခွာလာခဲ့၏။ စုချန်းလည်း သူ့နောက်မှ လိုက်ပါသွားတော့သည်။ ထိုနေရာရှိလူများမှာကား တယောက်မျက်နှာ တယောက်ကြည့်ကာ ယောင်တောင်ပေါင်တောင် ဖြစ်နေကြ၏။ အတန်ကြာမှာ ထိုလူတို့သည် မိမိတို့ နေထိုင်ရာ အိမ်တော်အသီးသီးဆီသို့ ပြန်လည်ထွက်ခွာသွားကြ၏။

"ယောကျာ်းရေ"

ယန့်ဝူရွှန်းကား ခင်ပွန်းဖြစ်သူကို အလွန်တရာ ဝမ်းနည်းကြေကွဲနေသော အသံဖြင့် လှမ်းခေါ်လိုက်ရှာသည်။ စုချန်းအန်က သူမကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူမမျက်နှာပေါ်ရှိ အမာရွတ်များကို မြင်တွေ့လိုက်သောအခါ သူ့စိတ်ထဲတွင် စက်ဆုပ်ရွံရှာသောစိတ်များ ပေါ်ပေါက်လာ၏။ ထိုအခါ သူက အကျီ ၤလက်များကို ဝေ့ယမ်းလိုက်ရာ ယန့်ဝူရွှန်းခမျာ မြေကြီးပေါ်တွင် ပုံလျက်သား လဲကျကျန်ခဲ့ရှာလေသည်။

All Chapters