သံယောဇဉ်လက်ကျန်ရှင်းတမ်း ၃
Vol. 10 Ch. 96
စုအိမ်တော်၏ ပင်မခန်းဆောင်ကို ကျော်ဖြတ်ပြီးနောက် သူတို့သည် ရေကန်အတွင်းရှိ အဆောင်ငယ်တခုဆီသို့ ဦးတည်ခဲ့ကြလေသည်။ စုချန်းသည် စုချန်းချဲ့၏ နောက်တွင် မတ်တပ်ရပ်နေ၏။ သူသည် ဦးခေါင်းကို တရိုတသေညွတ်ရင်း စုချန်းချဲ့ကို အသံပြုလိုက်သည်။
"အကြီးအကဲခင်ဗျာ"
စုချန်း၏ စိမ်းကားလှသော ခေါ်သံကြောင့် စုချန်းချဲ့၏ရင်ထဲတွင် ကျင်ခနဲဖြစ်သွား၏။ သို့သော် သူက နောက်ကို လှည့်မကြည့်ပဲ မေးလိုက်သည်။
"ဘာလဲကွဲ့ မင်းက ငါ့ကို ဖိုးဖိုးလို့တောင် မခေါ်ချင်တော့ဘူးလား"
စုချန်းကား တခွန်းမှပင် ပြန်မပြော။ နှုတ်ဆိတ်လျက်သာ ရှိလေ၏။ ထိုအခါ စုချန်းချဲ့က နောက်ကိုလှည့်ကြည့်ရင်း စုချန်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချရင်း ပြောလိုက်လေသည်။
"နောက်ဆုံးတော့ ငါကော စုမျိုးနွယ်တစုလုံးကော မင်းကို လျှော့တွက်မိသလို ဖြစ်သွားခဲ့ရပြီ...အင်းလေ...မင်းရဲ့ မျက်လုံးတွေ ဟိုးအရင်ကတည်းက ပြန်ကောင်းနေခဲ့ပြီမှန်း ဘယ်သူက ကြိုတွေးမိပါ့မလဲလေ"
ယခုအချိန်ထိလည်း စုချန်းကား ရေငုံနှုတ်ပိတ်သာ ရှိလေသည်။ စုချန်းချဲ့၏ အပြုအမူအရ သူ သေချာပေါက်ပြောနိုင်သည်မှာ အတွေ့အကြုံရင့်ကျက်လှသော သူ့အဖိုးသည် သူ၏ လျှို့ဝှက်ချက်ကို သေချာပေါက် သိရှိသွားခဲ့လေပြီ။ အမှန်တော့ စုချန်းအနေနှင့် မည်မျှပင် ဟန်ဆောင်ရန် ကြိုးစားစေကာမူ မျက်မမြင်တယောက်နှင့် သာမာန်လူတယောက်၏ လှုပ်ရှားမှုမှာ မည်သို့မျှ မတူနိုင်။ အရာဝတ္တုတခုကို မြင်နိုင်သောလူနှင့် မမြင်နိုင်သောလူမှာ ကွဲပြားခြားနားချက် အနည်းငယ်တော့ ရှိ၏။ ၎င်းကို အချိန်တိုအတွင်း ဖော်ထုတ်ရန် မလွယ်ကူသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တခုခုတော့ မှားယွင်းနေကြောင်း သိရှိသွားကြမည်သာ ဖြစ်သည်။
စချန်းချဲ့မှာ အတွေ့အကြုံ အလွန်ရင့်ကျက်သူတယောက် ဖြစ်သည်။ စုမျိုးနွယ်စုကို တည်ထောင်လာခဲ့သူတယောက်ပီပီ သူသည် ကျန်လူများအားလုံးထက် အမြင်အာရုံနှင့် အတွေ့အကြုံမှာ များစွာသာလွန်နေ၏။ ထို့ကြောင့် စုချန်း၏ လျှို့ဝှက်ချက်ကို ပထမဦးဆုံး ရှာဖွေတွေ့ရှိသူမှာ စုချန်းချဲ့ ဖြစ်နေခြင်းပင်။ ဤကိစ္စမှာ အံ့သြစရာမဟုတ်။ အမှန်တော့ အချိန်အတော်ကြာကြာကတည်းက စုချန်းချဲ့သည် စုချန်းအပေါ် သံသယဖြစ်နေခဲ့ပြီးဖြစ်သည်။ သို့သော် သူ့သံသယကို အတည်ပြုနိုင်ရန် နည်းလမ်းရှာမတွေ့ခဲ့။
သို့သော် ဤယနေ့တွင်ကား စုချန်းအန်အပေါ် ကြည့်ရှုနေသော စုချန်း၏ မျက်လုံးများသာမက တိုက်ခိုက်မှုကို တိကျစွာ ကာကွယ်လိုက်သော လုပ်ရပ်သည် တိုက်ဆိုင်မှုသက်သက်မဟုတ်မှန်း စုချန်းချဲ့က သိရှိပြီးဖြစ်သည်။ စုချန်း၏ မျက်လုံးများ ပြန်လည်ကောင်းမွန်နေခဲ့လေပြီ။
မိမိ၏ စကားကို စုချန်းက ခွန်းတုံ့မပြန်သောအခါ စုချန်းချဲ့က ငြင်သာစွာ မေးလိုက်သည်။
"ဘယ်အချိန်ကများ ပြန်ကောင်းလာသလဲ ငါ့ကို ပြောပြပါလားကွဲ့"
စုချန်းက ဖြေလိုက်သည်။
"သိပ်မကြာသေးခင်ကပါ"
"ဘာကြောင့်များ ဒီအကြောင်းကို ဖွင့်မပြောခဲ့တာလဲ"
စုချန်းချဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ စုချန်းက အတန်ကြာအောင် စဉ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ပထမဆုံး မျက်လုံးပြန်မြင်ခဲ့တဲ့နေ့မှာပဲ စိတ်ပျက်စရာ အခြေအနေ အတော်များများကို ကျွန်တော် ကြုံတွေ့ခဲ့ရတယ်... ကျွန်တော့ရဲ့ ညီအစ်ကိုတွေထဲက တယောက်က ကျွန်တော်စီးမဲ့ မြင်းရထားထဲမှာ သံဆူးချွန်တွေကို တိတ်တဆိတ်ထားဖို့ ကြံစည်တယ် လူလိမ်တချို့က ကျွန်တော် စီမံခန့်ခွဲနေတဲ့ ကျောက်စိမ်းနန်းတော်က ငွေခိုးဖို့ ကြံစည်တယ် ယုတ်မာစုတ်ပဲ့တဲ့ အစေခံတယောက်က သူ့အကျိုးအတွက် သခင်ကို ရောင်းစားဖို့ ကြံစည်တယ်...သူတောင်းစားအဖိုးကြီးရဲ့ စကားက သိပ်မှန်တာပဲ ကျွန်တော် မျက်လုံးတွေ ပြန်ကောင်းလာတဲ့အချိန်မှာ လူတွေ သာမာန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အရာတချို့ကို မြင်တွေ့လာနိုင်ခဲ့တယ် လူတိုင်းလိုလိုက ကျွန်တော့ကို မျက်မမြင်လို့ ယုံကြည်ကြတဲ့အတွက် သူတို့ရဲ့ ဆိုးညစ်ယုတ်မာမှုတွေကို ကျွန်တော့ရှေ့မှာပဲ ပေါ်တင်ပြုလုပ်ကြတယ် ဒါဟာ ကျွန်တော့ကို စိတ်ပျက်စေပေမဲ့ လူတွေရဲ့ နှလုံးသားကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မဲ့ နည်းလမ်းကို ပေးခဲ့သလိုပါပဲ"
စုချန်းချဲ့က ခေါင်းညိတ်လိုက်သည်။
"ဒီတော့ ဒီလျှို့ဝှက်ချက်ကို ဆက်ပြီးထိန်းသိမ်းထားဖို့ မင်းက ဆုံးဖြတ်ခဲ့တယ် ဆိုပါတော့ ဒီလုပ်ရပ်က မင်းအတွက် ပိုပြီး အကျိုးပြုလိမ့်မယ်လို့ ထင်ခဲ့တာပေါ့ ဟုတ်လား ဒါနဲ့ တခါတလေများ စဉ်းစားကြည့်ဖူးသလားကွဲ့ ခုဖြစ်နေတဲ့ ပြသနာတွေအားလုံးဟာ မင်း ပွင့်ပွင့်လင်းလင်း မရှိခဲ့လို့သာ ပေါ်ပေါက်လာခဲ့ရတယ် ဆိုတာလေ"
စုချန်းက အေးစက်သောလေသံဖြင့် ရယ်မောလိုက်သည်။
"အကြီးအကဲက ခုဖြစ်နေတဲ့ စုမျိုးနွယ်စုအတွင်းက စိတ်ပျက်စရာ အဖြစ်အပျက်တွေကို ဆိုလိုတာလား ခင်ဗျာ ဒါတွေကို ကျွန်တော် အစောကြီးကတည်းက ကြိုတွေးထားပြီးသားပါ"
"ဘာ...ဘာ...ဘယ်လို"
စုချန်းချဲ့ကား စကားပင် မပြောနိုင်တော့ပဲ ဖြစ်သွား၏။ ထိုအခိုက်မှာပင် စုချန်းက လက်တဖက်ကို ဖြေးညှင်းစွာ မြှောက်လိုက်ရာ လေလှိုင်းရေဘဝဲလက်တံများ ပေါ်ပေါက်လာတော့သည်။ သူက လက်ကို ပုံစံပြောင်းလိုက်ရာ သူ့ကိုယ်ခန္ဓာပတ်ပတ်လည်တွင် အကာအကွယ်များ ပေါ်ပေါက်လာ၏။ ထို့နောက် စုချန်းက လေထဲသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
စုချန်းချဲ့၏ အမူအရာက တင်းခနဲ ဖြစ်သွား၏။ နှုတ်ဖျားမှလည်း တီးတိုးရေရွတ်လိုက်သည်။
"မူလစွမ်းရည်တွေပါလား"
စုချန်းတယောက် ကောက်ကာငင်ကာနှင့် မူလစွမ်းရည်များအား ပြသနေခြင်းကို စုချန်းချဲ့ နားမလည်နိုင် ဖြစ်နေရှာ၏။ ထိုအခိုက်မှာပင် စုချန်းက စကားစလာတော့သည်။
"တချို့လူတွေက ကျွန်တော်ဟာ စုမျိုးနွယ်ဆီက မူလစွမ်းရည်တွေကို ဘာကြောင့် မတောင်းယူသလဲလို့ သိပ်ပြီး သိချင်နေကြရှာတယ် ဒါဟာ အဖြေပါပဲခင်ဗျာ ကျွန်တော့မှာ မူလစွမ်းရည် ရှိပြီးသားပါ ကျွန်တော့အတွက် စုမျိုးနွယ်စုကို မလိုအပ်တော့ပါဘူး"
နောက်ဆုံးတော့ စုချန်းချဲ့တယောက် နားလည်သဘောပေါက်သွားခဲ့လေပြီ။
"မင်း ဘာမှပြောမှမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ မင်းအနေနဲ့ စုမျိုးနွယ်စုကို နောက်ထပ် မလိုအပ်တော့ဘူး မင်းဆိုလိုတာ အဲဒီလိုလား"
စုချန်းက ငြင်သာသောအသံနှင့် ရယ်မောလိုက်သည်။
"လူအတော်များများက ကြီးကျယ်ခမ်းနားတဲ့ မိသားစုထဲမှာ မွေးဖွားလာခဲ့ရင်ကို သိပ်ကိုကောင်းလှပြီလို့ ထင်ကြတယ် ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ငယ်စဉ်ကတည်းက အခွင့်အရေးတွေ ဆုတံဆိပ်တွေ အကျိုးအမြတ်တွေ အများကြီးရကြတာကိုး ဒီကိစ္စက ကျွန်တော့အတွက်တော့ အင်မတန် ရှင်းပါတယ် လောကပေါ်မှာ ဘယ်အရာမှ အလကားမရဘူးလေ တခုခုလိုချင်ရင် တခုခုတော့ ပြန်ပေးရမှာပဲဗျ စုချန်းအန် ကျွန်တော့ကို ဘာကြောင့် လက်လျှော့လိုက်သလဲ ရှင်းပါတယ် ကျွန်တော်ဟာ မျက်မမြင်ဘဝကို ရောက်သွားလို့ပေါ့ ကျွန်တော်ဟာ စုမျိုးနွယ်အပေါ် ဘာမှအကျိုး မပြုနိုင်တော့လို့ပေါ့ ဒီတော့ သူ့အတွက် သားသမီးတယောက်ကို ချစ်ခင်မြတ်နိုးတယ်ဆိုတာ ဘာအတွက်လဲ အကျိုးလိုလို့ ညောင်ရေလောင်းတာ မဟုတ်ဘူးလား အကြီးအကဲကော သူနဲ့အတူတူပဲ မဟုတ်ဘူးလား ခင်ဗျာ"
စုချန်းချဲ့ကား လုံးဝကြက်သေသေသွား၏။ အတန်ကြာသည်အထိ သူသည် နှုတ်ဆိတ်နေတော့သည်။ စုချန်း၏ စကားသည် ငြင်းဆန်နိုင်စွမ်း မရှိလောက်အောင် မှန်ကန်နေ၏။ စုချန်းအန်သည် ပါရမီရှင်သားဖြစ်သူကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သဘောထားခဲ့သလို သူကိုယ်တိုင်သည်လည်း ထိုအတိုင်းပင် သဘောထားခဲ့၏။
စုချန်း၏စကားမှာ မဆုံးသေး။ သူက စကားဆက်ပြန်သည်။
"အကြီးအကဲရဲ့ မျက်လုံးထဲမှာလည်း ကျွန်တော်ဟာ မျက်မမြင်တယောက်၊ ဘာမှ အောင်မြင်မှုမရနိုင်တော့တဲ့ လူတယောက်လို့ ထင်မြင်ခဲ့တယ်မလား တနည်းအားဖြင့် အကြီးအကဲဟာ မိသားစုသံယောဇဉ်ကို အသုံးဝင်မဝင်ဆိုတဲ့ အချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တယ် ကျွန်တော်ကိုယ်တိုင်ဟာ ကျွန်တော့ရဲ့တန်ဖိုးကို ဘယ်တော့မှ နိမ့်ချပြီး မတွက်ခဲ့ပေမဲ့ အကြီးအကဲအပါအဝင် လူတိုင်းလိုလိုကတော့ ကျွန်တော့ကို လျှော့တွက်ပြီး ဆက်ဆံခဲ့ကြတယ် ကျွန်တော်ဟာ မျက်မမြင်ဘဝကတောင် အကြီးအကဲရဲ့ ထောက်ပံ့မှုမရပဲ ရှင်သန်နိုင်ခဲ့ရင် ခုလို မျက်လုံးပြန်မြင်လာမှ အကြီးအကဲအပေါ်မှာ ဘာများ အမှီသဟဲ လုပ်နေစရာလိုသလဲ ခုအချိန်ကျမှ ဘာကြောင့်များ အကြီးအကဲရဲ့ ချီးမွမ်းထောက်ခံမှု၊ ဂရုစိုက်မှုတွေကို တောင်းခံနေရမှာလဲ ကျွန်တော့အနေနဲ့ ခုချိန်မှာ ဒါတွေ မလိုအပ်တော့ပါဘူးဗျာ"
စုချန်း၏ စကားလုံးများသည် စုချန်းချဲ့၏ ဦးနှောက်အတွင်းဝယ် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြားနေရလေသည်။
စုချန်း၏လုပ်ရပ်မှာ မှန်ကန်၏။ စုချန်း၏ အတွေးအခေါ်မှာ ရှင်းလင်းပြတ်သားလှ၏။ ထိုအတွေးအခေါ်ကြောင့်ပင် စုချန်းသည် သူ့အခြေအနေကို အမှန်တိုင်း ထုတ်ဖော်မပြခဲ့ခြင်းပင်။ သူ့အနနှင့် ထိုကဲ့သို့ ချီးကျူးမှု၊ ဂရုစိုက်မှုတို့ကို နောက်ထပ်မလိုအပ်တော့။ အကယ်၍ စုချန်းသည် စုမျိုးနွယ်စုထံမှ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကို ပြန်လည်ရရှိလာစေရန် သူသည် မျက်မမြင်မဟုတ်ကြောင်း ထုတ်ဖော်ပြသခဲ့လျင် မည်သည့် အဓိပ္ပါယ်မျိုး သက်ရောက်သွားမည်နည်း။ ၎င်းသည် ချစ်ခြင်းမေတ္တာမဟုတ်။ အပေးအယူသာ ဖြစ်သည်။ အပေးအယူဆိုင်ရာ ကိစ္စရပ်များတွင် ငွေစာရင်းများကို အမြဲတစေ ရှင်းလင်းအောင် ပြုလုပ်ထားသင့်၏။
စုမျိုးနွယ်သည် ၎င်းတို့၏ သားသမီးများကို ရင်းနှီမြှုပ်နှံမှုသဖွယ် သဘောထားမှန်း သိရှိလာသည့်နေ့မှစ၍ စုချန်းအနေနှင့် လက်ရှိ ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြသနာများ အဖြစ်သာ ရှုမြင်တော့သည်။ ထိုအခါ စုချန်းသည် သူနှင့် စုမျိုးနွယ်စုအကြား တည်ရှိနေသည့် ရှုပ်ထွေးသော ကျေးဇူးတရားများကို ရှင်းလင်းရန် အချိန်ရောက်ရှိလာပြီမှန်း သဘောပေါက်လာ၏။ ခုရှုပ်နောင်ရှင်းဆိုသလို ပြတ်ပြတ်သားသား ဖြစ်သွားစေရန် သူ့အပေါ်တင်နေသည့် စုမျိုးနွယ်စု၏ ကျေးဇူးကြွေးများကို အမြန်ဆုံး ပေးဆပ်ရပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်မှ စုမျိုးနွယ်၏ ရင်းနှီးမြှုပ်နှံမှုကို သူ့အနေနှင့် မည်သည့်အတွက်ကြောင့် လက်ခံရမည်နည်း။ စုချန်းသည် ထိုမျှလောက်အထိ ဈေးပေါသူမဟုတ်။ ထိုအတွေးကြောင့် သူသည် စုမျိုးနွယ်စုထံမှ မည်သည့်အရာကိမျှ တောင်းဆိုခြင်းမရှိတော့ပဲ ခပ်ကင်းကင်းသာ နေခဲ့ခြင်း ဖြစ်သည်။ သူသည် မိခင်၏စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့လာအောင် ကြိုးစားခဲ့၏။ ကိုယ်ပိုင်ငွေကြေးများ ရရှိလာအောင် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့၏။ ယုတ်စွအဆုံး နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ၏ ဆုလာဘ်တို့ကိုပင် ကိုယ်တိုင်မသုံးစွဲတော့ပဲ တပည့်ကျော်သံမဏိအား ပေးကမ်းစွန့်ကြဲလိုက်တော့သည်။ အကယ်၍ ရုပ်ပျက်ဆင်းပျက်ဖြစ်မည်ကိုသာ အားနာမနေခဲ့လျင် စုချန်းအနေနှင့် စုမျိုးနွယ်စုကို ရှေးယခင်ကတည်းက စွန့်လွှတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
အမှန်တော့ စုချန်းအနေနှင့် သူ့ကိုယ်သူ စုမျိုးနွယ်စု၏ မိသားစုဝင်တဦးဟုပင် ယူဆခြင်းမရှိတော့။
စုချန်းချဲ့တယောက်ကား ခါးသီးစွာ ရယ်မောလိုက်တော့သည်။
"အဲဒီလိုလား...နောက်ဆုံးတော့ ငါဟာ မင်းအပေါ် လျှော့တွက်နေမိတုန်းပါလားကွာ မင်းက စုမျိုးနွယ်စုဆီက ဘာအထောက်အပံ့မှ မယူဘူးဆိုတာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ မင်းဟာ စုအိမ်တော်ရဲ့ အရိပ်အာဝါသအောက်မှာ ကြီးပြင်းလာခဲ့တာကိုတော့ မေ့မသွားနဲ့လေ"
စုချန်းချဲ့၏စကားကို ကြားလိုက်ရသည်နှင့် စုချန်းက ရုတ်တရက ရေရွတ်လိုက်သည်။
"အဆင့်နိမ့်မူလကျောက်တုံး ငါးထောင်ခုနှစ်ရာခြောက်ဆယ်လုံး"
စုချန်း၏စကားကို စုချန်းချဲ့ နားမလည်။ သူ့ခမျာ နဝေတိမ်တောင် ဖြစ်နေရှာသည်။ စုချန်းက ရှင်းပြလိုက်သည်။
"ကျွန်တော်ဟာ စုအိမ်တော်မှာ ၁၆နှစ်တိတိ နေထိုင်ခဲ့တယ် အဝတ်အထည်နဲ့ အစားအသောက်အတွက် ကုန်ကျစရိတ်ဟာ တလကို အများဆုံး ရွှေစင်၁၀စအထိ ကုန်ကျခဲ့တာ တွေ့ရတယ် ၁၆နှစ်ဆိုတော့ ရွှေစင် ၁၉၂၀စ ကုန်ကျမယ် ဆိုလိုတာက ဒီ၁၆နှစ်တာကာလမှာ ကျွန်တော့အတွက် စုအိမ်တော်ရဲ့ ကုန်ကျစရိတ်ဟာ ဒီပမာဏထက် ပိုစရာမရှိဘူးလို့ ဆိုလိုတာပဲ ဒါပေမဲ့ ဒါဟာ မူလကုန်ကျငွေပဲရှိသေးတယ် ဒါကြောင့်မို့ ကျွန်တော်ကတော့ အတိုးနှုန်းကိုပါ ထည့်သွင်းတွက်ချက်ခဲ့တယ် ရရှိလာတဲ့ ရွှေစင်ပမာဏကို မူလကျောက်တုံးနဲ့ ဖလှယ်လိုက်တဲ့အခါ ခုနက ကျွန်တော်ပြောတဲ့ အဆင့်နိမ့်မူလကျောက်တုံး ၅၇၆၀လုံးဆိုတဲ့ အရေအတွက်ကို ရရှိလာတာပဲ နောက်ပြီးတော့ ကျွန်တော်ဟာ ကိုယ်ခန္ဓာစွမ်းအားမွေးမြူဖို့အတွက် အသုံးပြုခဲ့တဲ့ အရင်းအမြစ်တွေကို ထပ်ပြီးတော့ တွက်ချက်ကြည့်ခဲ့တယ် ဒီနှစ်တွေအတွင်းမှာ အကဲဖြတ်ပြိုင်ပွဲကနေ စိန်းလန်းစိုပြေ ပန်းမြတ်မာလာအဆီ၅ဘူးတိတိ ရရှိခဲ့တယ် တဘူးစီရဲ့တန်ဖိုးကို အကြမ်းဖျင်းတွက်ရင် အဆင့်နိမ့်မူလကျောက်တုံး ၁၂၀၀ဆိုပေမဲ့ ကျွန်တော်ကတော့ ၂၀၀၀လို့ သတ်မှတ်လိုက်တယ် ဒီတော့ စုစုပေါင်း ၁၀၀၀၀ပေါ့ဗျာ ကျွန်တော်အသုံးပြုခဲ့တဲ့ တခြားအရင်းအမြစ်တွေရဲ့ တန်ဖိုးကိုလဲ မူလကျောက်တုံး ၁၀၀၀၀ပဲ ထားတော့ ဒီတော့ စုစုပေါင်းတန်ဖိုးဟာ အဆင့်နိမ့်မူလကျောက်တုံး ၂၅၇၆၀လုံး ဖြစ်လာတာကို အကြီးအကဲ တွေ့ရလိမ့်မယ် သဘောကတော့ ၁၆နှစ်တိတိ စုအိမ်တော်ရဲ့ အရိပ်အာဝါသအောက်မှာ နေထိုင်ခဲ့တဲ့အတွက် ကျွန်တော်ဟာ စုမျိုးနွယ်စုကို အဆင့်နိမ့်မူလကျောက်တုံး ၂၅၇၆၀တိတိ အကြွေးတင်နေခဲ့တယ်ဆိုတဲ့ သဘောပဲ"
စကားဆုံးသည်နှင့် စုချန်းသည် သူ့အိပ်ကပ်အတွင်းမှ အလယ်အလတ်အဆင့် မူလကျောက်တုံး အလုံး၃၀၀တိတိကို ဆွဲထုတ်လိုက်ပြီး ကျောက်သားစားပွဲခုံပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် သူက ပြောလိုက်လေသည်။
"ဒါတွေနဲ့ အဆင့်နိမ့်မူလကျောက်တုံးတွေကို ပြန်ပြီး ဖလှယ်လိုက်ပါဗျာ"