အနီရောင်တောင်ကြောသို့အပြန်
Vol. 10 Ch. 97
ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်သော မူလကျောက်တုံးများကို မြင်သောအခါ စုမျိုးနွယ်ခေါင်းဆောင်ကြီး စုချန်းချဲ့သည် စကားတခွန်းမှ မပြောနိုင်တော့ပဲ ဆွံ့အနှုတ်ဆိတ်သွားလေသည်။ အချိန်မည်မျှကြာအောင် ဆွံ့အနေသည်မသိ။ နောက်ဆုံးတွင် စုချန်းချဲ့က စကားစလာ၏။
"ဒါမျိုးလုပ်ဖို့ မင်းကြံစည်နေတာ တရက်နှစ်ရက်တော့ မကလောက်တော့ဘူးထင်တယ် မူလကျောက်တုံး ၃၀၀၀၀လောက်ကို အလွယ်တကူ ပေးချေနိုင်ဖို့ဆိုတာ တော်ရုံကိစ္စမှမဟုတ်ပဲ မင်းဟာ မကြာသေးခင်ကမှ ငွေများများစားစား ရခဲ့ပုံပေါ်တယ်"
မူလကျောက်တုံး ၃၀၀၀၀ဟူသော ပမာဏမှာ တန်ဖိုးနည်းလှသည် မဟုတ်။ စုချန်းအန်၊ စုခေါ့ကျိနှင့် စုဖေးဟူတို့သုံးယောက်ပေါင်းလိုက်လျင်ပင် ထိုပမာဏမျိုးရရှိရန် နှစ်အတန်ကြာ ကြိုးစားလုပ်ကိုင်ရပေလိမ့်မည်။ သို့သော် ဤကလေးသည်ကား ဤမျှများပြားသော မူလကျောက်တုံး အရေအတွက်ကို အလွယ်တကူပင် ဆွဲထုတ်နိုင်ခဲ့သည်။
အမူအရာအားဖြင့်သာ တည်ငြိမ်နေဟန်ရှိသော်လည်း အထက်ပါအတိုင်း စဉ်းစားရင်း စုချန်းချဲ့တယောက် ယူကျုံးမရ ဖြစ်နေရှာသည်။
ထိုစဉ် စုချန်းက ပြောလိုက်၏။
"အနီရောင်ပြစ်ဒဏ်ဟာ အင်မတန် အန္တရာယ်များပေမဲ့ အခွင့်အရေးတွေလည်း အများကြီးပါဗျာ"
စုချန်းချဲ့က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"ပြစ်ဒဏ်နှစ်ခါ ခံယူအပြီးမှာ မင်းဟာ မူလကျောက်တုံး သုံးသောင်းစုဆောင်းနိုင်ခဲ့တဲ့အပြင် မူလစွမ်းရည် အတော်များများကိုလည်း လေ့ကျင့်နိုင်ခဲ့တယ် အဲဒီလိုပဲ မျိုးနွယ်စုရဲ့ ဘာအထောက်အပံ့မှမပါပဲ တတိယမျိုးဆက် ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တယ် မင်းကို ငါတို့တတွေ မှားယွင်းပြီး ဆုံးဖြတ်ခဲ့မိတယ်...မှားသွားပြီ ...ငါတို့အားလုံး သိပ်ကို မှားသွားခဲ့ပြီ"
စုချန်းချဲ့၏ ညီးတွားသံကို ကြားလိုက်ရသောအခါ စုချန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်ပြက်ရယ်ပြုလိုသော အမူအရာများ ပေါ်ပေါက်လာ၏။
"ဒီတော့ အကြီးအကဲက နောင်တရနေတဲ့ သဘောလားဗျ"
စုချန်း၏ ရိသဲ့သဲ့စကားကြောင့် စုချန်းချဲ့က စိတ်ဆိုးရမည့်အစား ရယ်မောလိုက်သည်။
"သိပ်မှန်တာပေါ့ ငါဟာ မင်းအပေါ် အမြင်မှားခဲ့တဲ့အတွက် သိပ်ကို နောင်တရမိတယ်...ခုနက မင်းပြောခဲ့တဲ့အတိုင်း ငါဟာ စုမျိုးနွယ်စုရဲ့ နောင်လာနောက်သားမျိုးဆက်တွေအပေါ် တန်ဖိုးဖြတ်ခဲ့မိတယ် ဒီအတွက် မင်းအနေနဲ့ ငါ့ကို သွေးအေးလှချည်ရဲ့ဆိုပြီး ကဲ့ရဲ့ခွင့်ရှိတယ် မုန်းခွင့်ရှိတယ် ဒါပေမဲ့ မျိုးနွယ်စုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ငါဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပဲကွ လူအများကြီးကို ဦးဆောင်နေတဲ့ လူတယောက်အနေနဲ့ ငါဟာ အရာရာကို ချစ်ခြင်းမေတ္တာနဲ့ပဲ ဆုံးဖြတ်လို့မရဘူး တကယ်လို့ ငါချစ်ခင်နှစ်သက်တဲ့လူတယောက်ကို မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေအကုန်လုံးကို ပုံအောပြီးပေးလိုက်မိလို့ ဒီလူဟာ ဒီအရင်းအမြစ်တွေ့နဲ့ မထိုက်တန်သူဆိုရင် ဘာဖြစ်သွားမလဲ မင်းတွေးကြည့်စမ်း စုမျိုးနွယ်စုကြီး ပြိုကွဲပျက်စီးသွားမှာပေါ့ ငါ ဒီလောက်ပြောရင် မင်းနားလည်မှာပါ"
"သိပ်နားလည်တာပေါ့ဗျာ ဒါပေမဲ့ တခုတော့ရှိတယ်ဗျ မျိုးနွယ်စုရဲ့ ပိုလျှံနေတဲ့ အရင်းအမြစ်တွေကို မပေးရုံလောက်နဲ့တော့ ကျွန်တော်ဟာ စိတ်ပျက်စရာမရှိဘူး မုန်းတီးစရာမရှိဘူး ဒေါသထွက်စရာ မရှိဘူးဆိုတာကို အကြီးအကဲအနေနဲ့ သဘောပေါက်ထားသင့်တယ် ဒါပေမဲ့ ကျွန်တော် ရသင့်ရထိုက်တဲ့ အရင်းအမြစ်တွေကို မပေးပဲ ထိန်ချန်ထားတယ် လျို့ဝှက်ထားတယ် တခြားလူကို ပေးလိုက်တယ် ဆိုရင်တော့ ဒါဟာ ကျွန်တော့ရဲ့ ပိုင်ဆိုင်မှုကို အတင်းလုယူတာ မတရားလုပ်တာ ကျွန်တော့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲဗျ"
ဤတကြိမ်တွင်တော့ စုချန်း၏ လေသံမှာ မာထန်နေ၏။ ဒေါသထွက်နေကြောင်း သိသာနေလေသည်။
စုချန်း၏စကားမှာ မှားတော့မမှား။ ဤပြသနာသည် အရင်းအမြစ်များကို မပေးလိုသော ပြသနာမျှသာဆိုလျင် စုချန်းအနေနှင့် အလွယ်တကူ ခွင့်လွှတ်ပေးနိုင်၏။ သို့သော် ပြသနာ၏ အတိမ်အနက်မှာ ထိုမျှလောက်မဟုတ်။
စုချန်းသည် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ၏ ဆုလာဘ်များကို မည်သည့်အခါကမျှ အလကားမရစဖူး။ သူသည် ထိုဆုလာဘ်များကို ရရှိရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသည်။ သို့သော် ထိုအနည်းငယ်မျှသော ဆုလာဘ်တို့ကိုပင် စုခေါ့ကျိက ကောက်ကျစ်ယုတ်မာသော နည်းလမ်းမျိုးစုံကို သုံး၍ လုယူရန် ကြံစည်ခဲ့၏။ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော စုချန်းချဲ့သည် စုခေါ့ကျိ၏ လုပ်ရပ်တို့ကို သိသော်လည်း မသိချင်ယောင်ဆောင်ကာ လျှို့ဝှက်စွာ ခွင့်ပြုပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စုချန်းအား ပြိုင်ပွဲ၏ ဆုလာဘ်ဖြစ်သော စိန်းလန်းစိုပြေပန်းမြတ်မာလာအဆီတဘူးခန့် ပေးလိုက်ရသည်ကိုပင် စုချန်းချဲ့၏ စိတ်ထဲတွင် ဖြုန်းတီးသည်ဟု ယူဆသောကြောင့်ပင် ဖြစ်သည်။ ထိုအတွေးနှင့် စုချန်းချဲ့သည် သူ့လက်အောက်ရှိလူများ၏ လုပ်ရပ်ကို မသိကျိုးကျွန်ပြုပေးခဲ့၏။ ဖြစ်စဉ်တခုလုံးကို ခြုံငုံသုံးသပ်ကြည့်လျင် စုချန်းချဲ့သည် အရင်းအမြစ်၏ တန်ဖိုးကိုသာ ဦးတည်စဉ်းစားခဲ့ပြီး တရားမျှတမှုနှင့် စုချန်း၏ ခံစားချက်တို့ကို လျစ်လျူရှုခဲ့လေသည်။ အတိုချုပ်ဆိုရလျင် သူသည် ကိုယ်ကျိုးစီးပွားတခုတည်းကိုသာ ကြည့်ခဲ့သူ ဖြစ်၏။
စုမျိုးနွယ်၏ ခေါင်းဆောင်ကြီးကိုယ်တိုင် တရားမျှတမှုကင်းမဲ့ခဲ့လေရာ စုခေါ့ကျိနှင့် ယန့်ဝူရွှန်းတို့၏ လုပ်ရပ်ကိုကား ထည့်သွင်းစဉ်းစားနေရန်ပင် မလိုတော့။
နောက်ဆုံးတွင် ခေါင်းဆောင်ကြီး စုချန်းချဲ့မှာ သက်ပြင်းချရင်း စုချန်းကို တောင်းပန်ရတော့သည်။
"မင်းပြောတာတွေ အကုန်လုံး မှန်ပါတယ် စုမျိုးနွယ်စုဟာ မင်းကို စိတ်ပျက်မိစေခဲ့ပြီ ဒီအတွက် ငါက ဝန်ချတောင်းပန်မယ်ဆိုရင် မင်းလက်ခံနိုင်မလား"
စုချန်းကား တခွန်းမျှပင် ပြန်မပြော။ သို့သော် သူ့ပုံစံမှာ စုချန်းချဲ့၏ တောင်းပန်ခြင်းကို လက်ခံရန် အစီအစဉ်မရှိကြောင်း မြင်သာနေ၏။ ထိုအခါ စုချန်းချဲ့က မျက်ခုံးကိုပင့်ရင်း မေးလိုက်သည်။
"စုချန်း မိသားစုဝင်အချင်းချင်းဆိုတာ တယောက်နဲ့တယောက် အပြန်အလှန် ခွင့်လွှတ်ပေးနိုင်ရင် ပိုမကောင်းဘူးလား မိသားစုဝင်တယောက်ထက် ဘယ်အရာကများ ပိုတန်ဖိုးရှိနေလို့လဲကွာ ဒီမိသားစုရဲ့ အကြီးအကဲတချို့ဟာ အမှားလုပ်မိခဲ့တယ် ဒီအတွက် ပြန်တောင်းပန်တယ်ဆိုရင် လုံလောက်ရော့ပေါ့ကွာ ဘာကြောင့်များ ဒီလောက်ထိ မာနထားနေတာလဲ မင်းအနေနဲ့ သူတို့ကို ခွင့်မလွှတ်နိုင်တော့ဘူးလား"
စုချန်းက ပြောလိုက်သည်။
"အကြီးအကဲအနေနဲ့ ဒီစကားကို ကျွန်တော် မျက်လုံးပြန်ကောင်းနေမှန်း မသိသေးခင်ကသာ ပြောခဲ့မယ်ဆိုရင် ကျွန်တော့အနေနဲ့ အရာရာကို သင်ပုန်းချေပစ်နိုင်လိမ့်မယ်ထင်တယ် ဒါပေမဲ့ ခုချိန်မှာတော့..."
သူက စကားကိုဆုံးအောင် ဆက်မပြောတော့ပဲ အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် ခေါင်းတချက်ခါရင်း စကားဆက်သည်။
"အကြီးအကဲတို့အနေနဲ့ တကယ်လိုအပ်တာ မျက်လုံးမြင်တဲ့ စုချန်းပါ ကျွန်တော် မဟုတ်ပါဘူး ကျွန်တော်ကတော့ အရင်လို မျက်မမြင်တယောက် ဖြစ်နေဆဲပါပဲဗျာ"
စကားဆုံးသည်နှင့် စုချန်းသည် ထိုနေရာမှ ကျောခိုင်းထွက်ခွာသွားလေတော့သည်။
______________×××_______________×××__________
နောက်ဆုံးတွင်ကား လန်ချိအား အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သော စုချန်း၏လုပ်ရပ်သည် တောမီးပမာ ပျံ့နှံ့သွားခဲ့တော့သည်။ ထိုဖြစ်ရပ်သည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေ၏။
စုချန်းသည် သူ့လုပ်ပိုင်ခွင့်အား ကျော်လွန်၍ လန်ချိအား အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သလို ယန့်ဝူရွှန်း၏ မျက်နှာကိုလည်း ရစရာမရှိအောင် ဖျက်ဆီးခဲ့၏။ ထို့နောက် သူသည် အနီရောင်ပြစ်ဒဏ် ရက်ပေါင်း ၁၅၀တိတိကို ကိုယ့်သဘောနှင့်ကိုယ် ခံယူခဲ့၏။ ယန့်ဝူရွှန်းသည် တန်ဟွားယွီကို ပြင်းထန်စွာ ထိခိုက်နာကျင်စေခဲ့သော အတင်းအဖျင်းကို ပျံ့နှံ့စေခဲ့လေရာ ဥပဒေအရဆိုလျင် ကွပ်မျက်ခံရမည်ဖြစ်သော်လည်း သားတယောက်ရှိသည်ကို ထောက်ထားသောအားဖြင့် ကြိမ်ဒဏ်အချက်သုံးဆယ်သာ အပြစ်ပေးခံခဲ့ရ၏။ ထို့နောက် သူမသည် အစားအသောက်ချက်ပြုတ်သောနေရာသို့ ထပ်မံရာထူးအချခံခဲ့ရလေသည်။
စုချန်းအန်မှာကား အလှတရားကြောင့် မျက်လုံးကွယ်ခဲ့ရသူကဲ့သို့ ဖြစ်သွားလေ၏။ သူသည် အိမ်သူအိမ်သားများနှင့် ပတ်သက်၍ စည်းကမ်းတင်းကျပ်ခြင်း မရှိတော့သလို ကောင်းသည်ဆိုးသည်လည်း မပြောတော့။ သူ၏ စီးပွားရေးလုပ်ငန်း သုံးဆယ်နှစ်ခုအနက် ကိုးခုမှာ ပြန်လည်သိမ်းဆည်းခံခဲ့ရသလို သူသည်လည်း နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတချို့ကိုသာ ဦးစီးလုပ်ကိုင်ခွင့် ရှိတော့သည်။ ထို့နောက် သူသည် မိသားစုစည်းဝိုင်း၏ ပြင်ပကို တဖြည်းဖြည်း ရောက်ရှိသွားတော့သည်။ ထို့ကြောင့် စုချန်းအန်၏ ပြင်ဒဏ်မှာ လူများ မျှော်လင့်သည်ထက် ပို၍ ဆိုးဝါးသွားသည်ဟုသာ ဆိုရပေတော့မည်။
စုချန်းချဲ့၏ အပြစ်ပေးခြင်းသည် ဤနေရာတွင် ရပ်မသွားသေး။ စုချန်းအန်သာမက စုချန်းချိန်း၊ စုခေါ့ကျိနှင့် တခြားလူများသည်လည်း စုချန်းချဲ့၏ ဆုံးမပဲ့ပြင်မှုနှင့် ဒဏ်ခတ်ခြင်းကို ခံကြရ၏။ စုချန်းအား မြင်းရထားထဲတွင် သံဆူးချွန်များထည့်ကာ လုပ်ကြံရန် ကြံစည်ခဲ့သော စုယွဲ့သည်ပင်လျင် ကြိမ်ဒဏ်အချက် ကိုးဆယ်တိတိ ချမှတ်ခံရကာ သတ္တုတူးဖော်ရေးလုပ်ငန်းတွင် အလုပ်ကြမ်းလု်ကိုင်ရန် တနှစ်တိတိ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
ကသောင်းကနင်းဖြစ်ရပ်များအကြား တဦးတည်းသော အကျိုးရှိသူမှာ စုဖေးဟူပင် ဖြစ်သည်။ သူသည် စုချန်းအန်၏ စီးပွားရေးလုပ်ငန်းများကို လက်လွှဲယူလိုက်ရသလို နောင်တချိန်တွင် စုမျိုးနွယ်စုကို ဆက်ခံမည့်သူဟု တဖြည်းဖြည်း လူသိများလာတော့သည်။ ထို့နောက် စုချန်းချဲ့သည် တန်ဟွားယွီ၏ ရောဂါကို ကုသပေးရန် သမားတော်များကို ငွေကြေး အမြောက်အများ အသုံးပြုကာ ဖိတ်ခေါ်ခဲ့၏။
လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် စုချန်းချဲ့က သူ့အား ပြန်လည်ပေးဆပ်နေခြင်းမှန်း စုချန်း ကောင်းကောင်းသိ၏။ စုမျိုးနွယ်စုသည် စုချန်းအား အကြီးအကျယ် စိတ်ပျက်စေခဲ့သည် မဟုတ်ပါလား။ မည်သို့ဆိုစေ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သော လူတချို့တော့ ရှိနေသေးသည်သာ။ မကောင်းသော လူများကို ဖယ်ထုတ်ပြီး မျိုးနွယ်စုကို လူကောင်းများလက်ထဲသို့ ထည့်ပေးလိုက်လျင် ထိုကိစ္စနှင့်ပတ်သက်၍ အထူးအထွေ ပြောနေစရာ မလိုတော့။
ဘိုးဘေးများဟူသည် ဘိုးဘေးများသာ ဖြစ်သည်။။ တခါတရံတွင် သူတို့၏ အမြင်သည် မှားယွင်းနေပြီး သူတို့၏ လုပ်ရပ်များသည် ရက်စက်ကြမ်းကြုတ်ကာ အဖြစ်အပျက်များအပေါ် လွန်ကဲစွာ ဆုံးဖြတ်မိကြ၏။ သို့သော် ၎င်းတို့ကိုကြည့်ရင်း စုချန်းသည် အခြေအနေတခုလုံးကို ပို၍ ရှင်းလင်းပီသစွာ မြင်နိုင်လာလေသည်။
အမှန်တော့ ကြီးမားသော မိသားစုကြီးဝယ် မိသားစုဝင်အချင်းချင်း ချစ်ခင်တွယ်တာမှုသာ အရေးအကြီးဆုံး ဖြစ်သည်။ သို့သော် လူတိုင်းလိုလိုသည် တန်ဖိုးရှိမရှိဟူသော အချက်ပေါ်တွင် မူတည်ပြီး စဉ်းစားနေကြလေရာ ကသောင်းကနင်း ဖြစ်ရပ်များ ပေါ်ပေါက်လာတော့သည်။
စုချန်း ပြောဆိုခဲ့သော စကားများသည် ရာနှုန်းပြည့် မှန်ကန်၏။ စုချန်းချဲ့သည် အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာသော စုချန်းကိုသာ တန်ဖိုးထားခြင်း ဖြစ်သည်။ စုချန်း၏ မျက်လုံးများသာ ပြန်လည်ကောင်းမွန်လာကြောင်း မသိခဲ့လျင် စုချန်းချဲ့သည် စုချန်းကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ယူဆလိမ့်မည် မဟုတ်။ အကယ်၍ စုချန်းသာ မူလကျောက်တုံး သုံးသောင်းကို ထုတ်ပြပြီး ထူးခြားသော အရည်အသွေးများ မပြသခဲ့လျင် အရာအားလုံးသည် ယခင်အတိုင်းသာ ဆက်လက်လည်ပတ်နေမည်ဖြစ်သည်။ စုချန်းအန်သည်လည်း ရာထူးအချမခံရသလို စုဖးဟူသည်လည်း ရာထူးတိုးလာလိမ့်မည် မဟုတ်။
စုချန်းအနေနှင့် စုချန်းချဲ့၏ သဘောထားကို ရှင်းလင်းပီသစွာ သဘောပေါက်ထားသော်လည်း လက်ရှိအချိန်တွင် စုအိမ်တော်မှစွန့်ခွာ၍ လောကကြီးအတွင်းသို့ ခြေဆန့်ရန်မှာ မဖြစ်နိုင်သေး။ အကြောင်းမှာ ဤကမ္ဘာလောကကြီးဝယ် သူ့အပေါ် အကောင်းမွန်ဆုံး လူနှစ်ယောက်ဖြစ်သော မိခင်ဖြစ်သူ တန်ဟွားယွီနှင့် ဦးရီးတော် စုဖေးဟူတို့နှစ်ယောက် ရှိနေသေးသောကြောင့်ပင်။
နောက်တရက်တွင်ကား စုချန်းချဲ့သည် မူလကျောက်တုံးသုံးသောင်းကို တစုံတယောက်နှင့် ပြန်ပို့ခိုင်းလိုက်၏။ သို့သော် စုချန်းကား လက်မခံ။ ထိုအထဲမှ နှစ်တုံးကိုသာ ပြန်ယူထားလိုက်ပြီး ကျန်မူလကျောက်တုံးများကို စုချန်းချဲ့အား ပြန်ပေးလိုက်လေသည်။ ထို့နောက်တွင်ကား စုချန်းချဲ့သည် စုချန်း၏ သဘောထားကို ကောင်းစွာနားလည်လိုတော့သည်။ စုချန်းချဲ့အနေနှင့် စုမျိုနွယ်အတွင်း မည်မျှပင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်စေကာမူ စုချန်းကတော့ စုမျိုးနွယ်စုအပေါ် စိတ်ပြန်လည်လာမည်မဟုတ်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။ စုချန်းနှင့် စုမျိုးနွယ်စုအကြား သံယောဇဉ်သည် ထာဝရ ပျောက်ဆုံးသွားခဲ့လေပြီ။ သို့သော် တန်ဟွားယွီနှင့် စုဖေးဟူ ရှိနေသမျှ စုချန်းသည် ဤနေရာကို စွန့်ခွာသွားအုံးမည်မဟုတ်။
စုချန်း၏ တုံ့ပြန်မှုသည် စုချန်းချဲ့ လိုချင်သော အဖြေမဟုတ်သော်လည်း စုချန်းတယောက် ဤအိမ်တော်တွင် ဆက်လက်နေထိုင်အုံးမည်ဟု သိလိုက်ရ၍ အကြီးအကဲခမျာ အတော်အသင့်တော့ စိတ်သက်သာရသွားရှာ၏။ စုချန်း စိတ်ပြေလာအောင် တဖြည်းဖြည်း ပြန်လည်ကြိုးစားမည်ဟု သူဆုံးဖြတ်ထားလေသည်။
နောက်နှစ်ရက်ခန့်အကြာတွင်ကား စုချန်းသည် အနီရောင်တောင်ကြောသို့ တတိယအကြိမ်မြောက် ဝင်ရောက်သွားတော့သည်။ မျက်မမြင်ဟုသိသာစေရန် သူက သံမဏိကိုပါ ခေါ်ဆောင်သွား၏။ ယခုအချိန်ထိ စုချန်း၏ မျက်လုံးများ ပြန်လည်ကောင်းမွန်လာကြောင်း မည်သူမျှ မသိရှိသေး။ တဦးတည်းသော သိရှိသူ စုချန်းချဲ့မှာလည်း စူချန်းစိတ်ပြေစေရန် အပြင်းအထန် ကြိုးပမ်းနေရလေရာ ဤအကြောင်းကို ဖော်ထုတ်ရန် အချိန်မရသေး။ မည်သို့ဆိုစေ စုချန်းအတွက် စိုးရိမ်ပူပန်ပေးသူ များများစားစား မရှိသည်ကတော့ သေချာနေ၏။
စုချန်းကိုယ်တိုင်လည်း အထူးတလည် စိတ်မပူလှ။ သူသည် မူလချီစွမ်းအားပညာရှင်ဘဝသို့ မရောက်ခင်ကပင် အနီရောင်တောင်ကြောအတွင်း နှစ်ကြိမ်တိုင်တိုင် ဝင်ထွက်သွားလာနိုင်ခဲ့၏။ ယခုတွင်ကား သူသည် မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်နေခဲ့ရုံမက သံမဏိလည်း အဖော်ပါသေး၏။ ထို့ကြောင့် မည်သည့်အရာကို တွေး၍ကြောက်နေမည်နည်း။ တခြားလူများအတွက် အင်မတန် အန္တရာယ်ကြီးမားလှသော အနီရောင်နယ်မြေသည် သူ့အတွက် အောင်မြေဟုပင် စုချန်းက တစိုက်မတ်မတ် ယုံကြည်ထားလေသည်။
တဖန် စုချန်းသည် အနီရောင်တောင်ကြောသို့ မသွားမီ ညတစ္ဆေနှင့် တွေ့ဆုံကာ စုပ်ယူခြင်းနည်းလမ်းတမျိုးကို ဝယ်ယူခဲ့၏။ သို့မှသာ မင်ချူးနှင့် ကျူးဟုန်တို့သည် စုချန်း မရှိသည့်အချိန်တွင် ဆက်လက်လေ့ကျင့်နိုင်ပေလိမ့်မည်။